သုခကမ္ဘာက ရှီဟောင် - Chapter - 870 ပြီးပြည်စုံမှု
လျှို့ဝှက်နယ်မြေဝင်ပေါက်တွင်ရှိနေသည့်သူအားလုံးသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။ ချင်းချန်ရှန်းသည် လုံးဝပင် အမူအရာကင်းမဲ့နေ၏။ သူသည် လေဟာနယ်ထဲတွင် ထိုင်နေပြီး သူ၏မျက်လုံးများလည်း လေးနက်နေလေသည်။
သို့သော် အားလုံးမှာ အေးစက်မှုတစ်ခုကို ခံစားလိုက်ရပြီး ကြက်သီးများပင် ထလာသည်။
အခြားဂိုဏ်းခေါင်းဆောင်များလည်း ထိတ်လန့်သည့်အမူအရာများ ဖြစ်နေကြ၏။
“သူက ဘယ်ရှေးဟောင်းဂိုဏ်းက တပည့်လဲ .. ဒါက နည်းနည်းလောက်တော့ ထိန်းမနိုင်သိမ်းမရဖြစ်နေတာပဲ”
ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းမအိုကြီးမှ ပြောလိုက်သည်။ သူမသည် ရွှေရောင်လုအန်ဖြစ်ပြီး သူမ၏ မျက်လုံးများလည်း ရွှေရောင် ပြောင်းလဲလာသည်။
တာဝန်ရှိ ပုဂ္ဂိုလ်များပင်လျှင် သူတို့၏စိတ်ထဲတွင် မုန်တိုင်းတိုက်ခတ်နေကြ၏။ သို့သော် သူတို့သည် ကျောက်တုံးကြီးများကဲ့သို့ပင် တည်ငြိမ်နေလေသည်။ သူတို့၏ခန္ဓာကိုယ်ပတ်လည်တွင် ဖရိုဖရဲစွမ်းအားများ လည်ပတ်နေသည်ကို တွေ့မြင်နိုင်သည်။ အခြေအနေမှာ သိပ်မကောင်းတော့ပေ။
သူက လျှို့ဝှက်ရှေးဟောင်းဂိုဏ်းရဲ့ တပည့်လား .. ဒါပေမဲ့ သူသာ သူတို့ရဲ့တပည့်ဆိုရင် သူတို့ သတင်းနည်းနည်းတော့ ရမှာပဲ .. ပြီးတော့ သူတို့တွေက ဘာလို့ ဒီမှာရှိနေတဲ့ ဂိုဏ်းခေါင်းဆောင်တွေကို လာပြီးတော့ မနှုတ်ဆက်တာလဲ..
” သူ ဘယ်သူပဲဖြစ်ဖြစ် သူ နောက်ဆုံးတော့ ထွက်လာရမှာပဲ မလား.. ”
ကျီမင်ပြောလိုက်၏။ သူသည် ပိန်ပါးရှုံ့တွနေပြီး လေဟာနယ်ထဲတွင် တိတ်ဆိတ်နေလေ၏။ သူသည် ဟုန်လူမျိုးစု၏ အကြီးအကဲဟောင်းပင်။
သူ၏အသံမှာ အလွန်ပင် တည်ငြိမ်နေသော်လည်း အခြားသူများကို ကျိုးနွံသည့်ခံစားချက်များ ပေးနေလေသည်။ လျှို့ဝှက်နယ်မြေမှလူများ ထွက်လာသည်နှင့် သူတို့သည် မေးခွန်းထုတ်ခံရမည်မှာ မလွဲပေ။ မည်သူမှ လွတ်နိုင်မည် မဟုတ်ပေ။
သူသည် ရှေးခေတ်ကတည်းက နေထိုင်ရှင်သန်လာခဲ့သော သက်ရှိဖြစ်သောကြောင့် သူသာ တကယ်လှုပ်ရှားလိုက်လျှင် မည်သူပင်ဖြစ်နေပါစေ သူတို့ ထိတ်လန့်သွားလိမ့်မည်။
သူ၏ပါးစပ်နှင့်နှာခေါင်းမှ မွေးရာပါဝိဉာဉ်စွမ်းအားများ ထွက်လာပြီး သူ၏မျက်လုံးများမှာလည်း အလွန်ပင် အေးစက်နေသည်။ ဤသည်မှာ သူ၏သိက္ခာကို စိန်ခေါ်နေသည်ဟု သူခံစားနေရ၏။
ချင်းကလန်မှ နတ်ဘုရားများ အသတ်ခံလိုက်ရသောကြောင့် ဤသည်မှာ ထာဝရတောင်မှ လူအားလုံး၏ ပါးကို ဖြတ်ရိုက်လိုက်ခြင်းပင်။
လျှို့ဝှက်နယ်မြေမှ ထွက်လာသော လူတိုင်း သေချာစစ်မေးခံရတော့မည်။ နတ်ဆိုးဘုရင်လူငယ်ဟုခေါ်သော သူသည်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
လေထဲတွင် အေးစက်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာလေ၏။ အားလုံးမှာ ချွေးစေးထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးလည်း ပို၍အေးစက်လာသလိုပင်။ ဤသည်မှာ ထာဝရကောင်းကင်နတ်ဘုရား၏ စိတ်အခြေအနေ ပြောင်းလဲသွားသောကြောင့်ပင်။
သူစိတ်ထဲတွင် ဒေါသထွက်နေရ၏။ ဤသည်မှာ သူ့ကို တိုက်ရိုက်ရန်လာစနေခြင်းပင်။
…
လျှို့ဝှက်နယ်မြေအတွင်းပိုင်းရှိ တောင်ကိုးလုံးတွင်…
တိုက်ပွဲပြီးဆုံးသွားပြီး အရာအားလုံး ပြန်လည်ငြိမ်သက်သွားသည်။ အားလုံးသည် သူတို့၏ ကြီးမားလှသည့်နန်းတော်ထဲသို့ ဝင်ရောက်သွားကာ မူလကောင်းကင်အဆင့်လွန်လူသားမှ ချန်ရစ်ထားခဲ့သည့် သူ၏အတွေ့အကြုံများကို နားလည်အောင် ကြိုးစားကြလေသည်။
ရှီဟောင်သည် ထိုအတွေ့အကြုံများနှင့် အမြင်များကို နားလည်ပြီးသားဖြစ်သောကြောင့် သူ ဆက်၍ကျင့်ကြံစရာမလိုတော့ပေ။
သူ နန်းတော်ထဲမှ လမ်းလျှောက်ထွက်လာပြီးသည့်နောက်တွင် ဝိဉာဉ်စွမ်းအားများ ပေါကြွယ်ဝသည့် ကြည်လင်နေသော ရေကန်တစ်ခုကို တွေ့လိုက်ရသောကြောင့် အစားအစာများကို စတင်ပြင်ဆင်လိုက်၏။
သူ၏လက်ထဲတွင် နတ်အဆင့်ဝင် မှော်ဓားဖြစ်သည့် အရိုးဓားကို ကိုင်ထားကာ ကျွမ်းကျင်စွာပင် ခရမ်းရောင်ဟုန်အစစ်ကို အရေခွံခွာလိုက်ကာ သွေးများ ခန်းခြောက်သွားအောင် လုပ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူအချို့မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်သွားရသည်။ သူဘာလုပ်နေတာလဲ..
“ဘုရားရေ … အဲဒါက ခရမ်းရောင်ဟုန်အစစ်လူမျိုးစုက လူငယ်လေးပဲ .. သူက ဒီလိုမျိုးပဲ အသတ်ခံလိုက်ရတာလား .. ကြည့်ရတာ သူက သားရဲတိရစ္ဆာန်လိုမျိုး သတ်မှတ်ခံထားရတာပဲ .. သူ့ကို စားတော့မယ်ထင်တယ်”
ရှီဟောင်၏ လှုပ်ရှားမှုများမှာ မြန်ဆန်လှသည်။ သူသည် အရေခွံခွာလိုက်ကာ အသားများကို ဆေးကြောလိုက်၏။ ထိုအသားများမှာ ခရမ်းရောင်အလင်းတောက်ပနေပြီး ထူးဆန်းသည့်စွမ်းအင်များလည်း ထွက်ပေါ်နေလေ၏။ ဤသည်မှာ ဟုန်လူမျိုးစုသွေးမျိုးဆက်၏ အသန့်စင်ဆုံးတိုက်ရိုက်မျိုးဆက်ပင်။
“ဒီအသားရဲ့ အရည်အသွေးက တကယ်ကိုပဲ ဆွံ့အသွားစေတယ်”
ရှီဟောင်သည် သားသတ်သမားကဲ့သို့ ကျွမ်းကျင်စွာပင် ဟုန် အသားအား ခုတ်ထစ်လိုက်သည်။ ထို့နောက်တွင် အသားများကို အတုံးတုံးလိုက်ကာ ခရမ်းရောင်အရိုးအိုးထဲသို့ ထည့်လိုက်ပြီး ဝိဉာဉ်ရေကန်မှ ရေအနည်းငယ်ထည့်ပြီး ချက်လိုက်သည်။
“စားတဲ့အချိန်ကျရင် ပျော်ပျော်ရွှင်ရွှင် စားသင့်တယ် .. ကျန်တဲ့ဟာကိုလည်း မသိမ်းထားတော့ဘူး” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ထို့နောက်တွင် အားလုံး၏ မျက်လုံးများမှာ နတ်ဆိုးတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ပင် နောက်တစ်ကြိမ် ပြူးကျယ်လာ၏။ ရှီဟောင်သည် အမွေးနီကြိုးကြာ၏ အမွေးများကို နှုတ်ပစ်ကာ ဝိဉာဉ်ရေကန်ထဲတွင် ဆေးကြောလိုက်သည်။
“ဘုရားရေ … ဒါက နတ်ဘုရားလေ … သူလည်း ဒီလိုမျိုး ဖြစ်သွားတာလား”
အားလုံးမှာ ဆွံ့အသွားရ၏။ မီးမိစ္ဆာနန်းတော်မှ ကျွမ်းကျင်သူများမှာ အစားအစာကဲ့သို့ သတ်မှတ်ခံနေရပြီး ယခုအချိန်တွင် နတ်ဆိုးဘုရင်လူငယ်လေး၏အစာ ဖြစ်နေလေပြီ။
“ဒါက နတ်မီးတောက်ရှိတဲ့သက်ရှိပဲ .. အဲဒါတောင်မှ လူတစ်ယောက်ရဲ့အစာဖြစ်နေပြီ”
ထိုလူအုပ်၏ အမူအရာများမှာ ထူးဆန်းလာကြသည်။
“ငါ နတ်ဘုရားအသားကို မစားဖူးသေးဘူး … ”
ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။
ရှီဟောင်သည် သူ၏လက်ထဲတွင်ရှိနေသည့် အရိုးဓားကို လှည့်လိုက်ပြီး ကြိုးကြာ၏ အတောင်ပံနှင့်ခြေထောက်ကို ခုတ်ထစ်လိုက်ကာ အခြားအစိတ်အပိုင်းများကို အိုးထဲသို့ ပစ်ထည့်လိုက်၏။ အသားမှာ အရောင်များ တောက်ပနေလေသည်။
” အသားကောင်းပဲ … ”
ထို့နောက်တွင် သူ၏တာအိုမီးတောက်ကို အသက်သွင်းလိုက်ပြီး တောက်ပနေသည့် အသားများနှင့် အရိုးများကို စတင်ချက်ပြုတ်လိုက်လေသည်။
ရှီဟောင်သည် မည်မျှပင် စွမ်းအားကြီးသနည်း .. သူ၏တာအိုမီးတောက်မှာ အလွန်ပင်ပူလောင်ပြီး တစ်ခဏအတွင်းမှာပင် အိုးကြီးမှာ စတင်ဆူပွက်လာသည်။
ဆေးအမွှေးနံ့လည်း လေထဲတွင် ပျံ့လွင့်လာလေသည်။
အိုးထဲတွင်ရှိနေသည့် အသားများမှာ တောက်ပကာ နူးညံ့နေ၏။ ဤသည်မှာ အစားအစာနှင့်မတူပဲ ခမ်းနားထည်ဝါသည့်အလင်းတန်းများ ထုတ်လွှတ်နေသဖြင့် ရှားပါးသည့်ရတနာနှင့် တူနေလေသည်။
“အာ .. မွှေးလိုက်တာ”
ရှီဟောင်သည် မျက်လုံးမှိတ်လိုက်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
သာမန်လူများအတွက်မူ ထာဝရအသား တစ်ကိုက်ကိုစားလိုက်ရလျှင်ပင် အသက်ရှည်နိုင်လေသည်။ သူ့အတွက်မူ ဤသည်မှာ အသွေးအသားဆေးတစ်ခွက်ပင်။ ဤအသားများမှာ ဟုန်အစစ်နှင့် နတ်ဘုရားတစ်ပါး၏ အသားများပင်။
လေထဲတွင် အမွှေးနံ့ပျံလွင့်လာပြီး အားလုံးမှာ တံတွေးမြိုချလိုက်ကြရလေသည်။
“အသားကို ဖြည်းဖြည်းချင်းချက်မှ အကောင်းဆုံးအနေအထားကို ရမှာ …”
ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။
ထို့နောက်တွင် သူသည် ဟုန်၏ခြေထောက်လေးချောင်းနှင့် အမွေးနီကြိုးကြာ၏ အတောင်ပံများကို ဆေးကြောလိုက်ကာ မီးတောက်များဖြင့် ကင်လိုက်သည်။
“ဝိုး .. မွှေးလိုက်တာ”
ရှီဟောင်၏ မျက်လုံးများ တောက်ပလာ၏။ ဟုန်ခြေထောက်နှင့် ကြိုးကြာအတောင်ပံများကို ရွှေရောင်တောက်ပြီး အဆီများရွှဲကျနေသည်အထိ ကင်လိုက်သည်။ မွှေးပျံ့သည့်ဆေးရနံ့များ လေထဲတွင် ထွက်ပေါ်လာသည်။ ဆီများမှာ မီးတောက်များပေါ်သို့ ကျရောက်နေပြီး တရှဲရှဲအသံများ ထွက်ပေါ်လာ၏။
ထို့နောက်တွင် အားလုံးဆွံ့အသွားရ၏။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဤလူသည် တကယ်ပင် သူနှင့်အတူ ပျားရည်ကို သယ်ဆောင်လာလေသည်။ သူသည် ကျွမ်းကျင်စွာပင် ကြိုးကြာအတောင်ပံနှင့် ဟုန်ခြေထောက်ပေါ်သို့ သုတ်လိမ်းလိုက်လေသည်။
သူက တကယ်ပဲ ထူးခြားပါရမီရှိတဲ့သူလား .. သူတို့ဘယ်လိုပဲကြည့်ကြည့် .. ဒါက ဘာမှမကောင်းတဲ့ အစားမက်တဲ့သူပဲမလား ..
“အဖိုး … ရှေးဟောင်းအဆင့်လွန်လူသားချန်ထားခဲ့တဲ့ အတွေ့အကြံနဲ့အမြင်အကြောင်းကို ဆွေးနွေးရင်း စားကြရအောင် … ”
ရှီဟောင် သူ၏အဖိုးကို ခေါ်လိုက်သည်။
” ကောင်းပြီလေ …”
အဖိုး ၁၅ သည် ပျော်ရွှင်စွာပင် စကားပြန်လာလေသည်။ ထို့နောက်တွင် သူသည် အရက်ပြင်းများစွာကို ထုတ်လာလေသည်။ အဖုံးကို ဖွင့်လိုက်သည်နှင့် နှာဖျားထက်သို့ မွှေးပျံ့သည့်ရနံ့ သင်းပျံ့လာသည်။
“ကောင်းလိုက်တာ .. အသားအများကြီးနဲ့ အရက်အများကြီး .. ပျော်စရာကောင်းလိုက်တာ” ရှီဟောင် ရယ်မောလိုက်လေသည်။
အရိုးအိုးမှာ ဆူပွက်နေပြီး အထဲတွင်ရှိနေသည့်အသားမှာလည်း နူးအိနေလေပြီ။
ရှီဟောင်သည် တစ်တုံးကို ကောက်မြည်းလိုက်သည်။
“အရသာမှုန့်တွေ နည်းနည်းလောက် ထပ်ထည့်လိုက်ရင် အရသာက ပိုပြီးတော့ ပြည့်စုံသွားမှာ .. လျှာတောင် အရည်ပျော်သွားမယ်”
ရှီဟောင်သည် ရွှေရောင်အလင်းတောက်ပနေသည့် နတ်နွယ်ပင်တစ်ခုကို ဆွဲယူလိုက်၏။ နွယ်ပင်၏ အစွန်းတစ်ဖက်တွင် မွှေးပျံ့သည့် ရနံ့ရှိသည့် ရွှေရောင်အရည်များ စီးကျနေသည်။ ဤသည်မှာ နေနနတ်ဘုရားနွယ်ပင်ပင်။
“ဒီလူမျိုးစုက ဆေးပင်လူမျိုးစု မဟုတ်ပေမဲ့လည်း သူတို့က ဝိဉာဉ်စွမ်းအားပိုင်ဆိုင်ထားတဲ့ ရှားပါးတဲ့အပင်ပဲ .. သူ့ရဲ့ဆေးအကျိုးကျေးဇူးက မြင့်မြတ်ဆေးပင်တွေထက်တော့ မနည်းလောက်ဘူး”
အဖိုး၁၅ မှ ပြောလိုက်၏။
ရှီဟောင်သည် တွေဝေမနေပဲ ရွှေရောင်နတ်နွယ်ပင်ကို အိုးထဲသို့ ထည့်လိုက်ကာ မွှေလိုက်လေ၏။
အားလုံးမှာ ဆွံ့အသွားကြ၏။
“ကောင်းပြီလေ .. စကြစို့… ”
မြေးအဖိုးနှစ်ယောက်မှာ သူတို့၏ပါးစပ်ကိုဟကာ စတင်စားသုံးကြလေတော့သည်။
သူတို့သည် ရွှေရောင်ဆီများဝေ့ဝဲနေသည့် ကြိုးကြာအတောင်ပံကို ယူလိုက်ကြပြီး သူတို့ပါးစပ်ပြည့်သည်အထိ စားသုံးလိုက်၏။ ထို့နောက်တွင် သူတို့သည် ဝိုင်တစ်ကျိုက်ကို မော့သောက်လိုက်ကာ ဆက်တိုက်ပင် ကျေနပ်သည့် ငြီးတွားသံများ ထွက်နေကြလေ၏။
“အဖိုး … အသားချက်ကို စားကြည့်ရအောင် .. နေနတ်ဘုရားနွယ်ပင်ထည့်လိုက်ပြီးတော့ အရသာက အရမ်းကောင်းမှာ”
ရှီဟောင်သည် မျက်လုံးမှိတ်လိုက်ကာ အရသာကို ခံစားနေလေသည်။ ထို့နောက်တွင် သူသည် ဝိုင်ကိုပါးစပ်အပြည့်သောက်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်မှ ရောင်စုံအလင်းများ ထွက်ပေါ်လာလေသည်။
“ဒီလိုမျိုးစားတာက နည်းနည်းလေး ဖြုန်းတီးသလိုဖြစ်နေတယ် .. ကျွန်တော်တို့ ဝိဉာဉ်ဆေးပင်နည်းနည်းလောက်ထပ်ထည့်လိုက်ရင်ရော … ကျွန်တော်တို့ အဖိုးတန်ဆေးတွေကို လုပ်လို့ရတယ် .. ကျွန်တော်တို့ လျှို့ဝှက်နယ်မြေထဲမှာ ကျင့်ကြံလို့ ရလောက်တယ်”
ရှီဟောင် ပြောလိုက်၏။
အဘယ်ကြောင့်ဆိုသော် ဤအသား၏ ဆေးအကျိုးကျေးဇူးမှာ များပြားလှ၏။ ဆေးပင်နည်းနည်းလေး ထပ်ထည့်လိုက်သည်နှင့် ဤသည်မှာ ရှားပါးသည့်အဖိုးတန်ဆေးအိုး ဖြစ်လာမည်ပင်။
“ကောင်းတယ် … ဒါဖြစ်သင့်တယ်” အဖိုး ၁၅ ခေါင်းညိမ့်လိုက်သည်။
ထို့နောက်တွင် ရှီဟောင်သည် အိုးထဲသို့ ဝိဉာဉ်ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် ပစ်ထည့်လိုက်လေ၏။ ရွှေရောင်ဂျင်ဆင်း၊ ကျောက်စိမ်းကြာပင်နှင့် ခရမ်းရောင်မှိုပွင့်တို့အားလုံးကို အိုးထဲသို့ပစ်ထည့်လိုက်လေသည်။
မြေးအဖိုးမှာ နတ်ဘုရားအသားကို စားရင်း အရက်ပြင်းကို သောက်နေလေသည်။ ထို့နောက်တွင် သူတို့သည် ဆေးစွပ်ပြုတ်ကို ခံစားနေကြလေ၏။
တစ်ချိန်တည်းမှာပင် သူတို့သည် ရှေးဟောင်းအဆင့်လွန်လူသား ချန်ထားခဲ့သည့် အတွေ့အကြုံများနှင့် အမြင်များကို လေ့လာကြလေသည်။
အားလုံးမှာ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။
သူတို့က ဒီလိုမျိုးလုပ်လိုက်လို့ ဖြစ်လာမယ့်အကျိုးဆက်ကို မကြောက်ဘူးလား ..
လူအများစုမှာ မနာလိုဖြစ်နေကြခြင်းပင်။
ဒါက တော်တော်ကို တရားလွန်တယ် .. သာမန်လူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ရဲရတာလဲ..
လက်ဝါးအရွယ်ရှိသည့် ယုန်လေးတစ်ကောင်သည် တောင်ခြေသို့ ရောက်လာလေ၏။ သူ၏တစ်ကိုယ်လုံးမှာ ဖြူဖွေးနေပြီး သူ၏မျက်လုံးများမှာ ကျောက်စိမ်းတုံးကဲ့သို့ပင် နီရဲနေ၏။ သူသည် ဆေးအမွှေးနံ့ကို အနံ့ခံရင် တောင်များကို တက်လာခဲ့ခြင်းပင်။
အိုးထဲတွင် ရှိနေသည့် အဖိုးတန်ဆေးပင်များကို တွေ့လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားရသည်။
“ပစ္စည်းကောင်းတွေ အများကြီးပဲ .. ရှင် ဘာလို့ မြင့်မြတ်ဆေးပင်ကို ချက်စားပစ်တာလဲ .. ဒါက အစိမ်းစားရမှာကို” သူသည် ဒေါသတကြီးဖြင့် ပြောလိုက်လေ၏။
ထို့နောက်တွင် သူ အိုးထဲမှ အသားကို မြင်လိုက်လေသည်။ သူသည် ချက်ချင်းပင်အနောက်ဆုတ်လိုက်ကာ သူ၏ဗိုက်ကလေးကို ပွတ်လိုက်ပြီး “အရမ်းကြောက်စရာကောင်းတာပဲ .. မကောင်းဆိုးဝါးတွေကို စားနေတယ်”
“ယုန်လေး … မင်းလည်းရောက်လာတာလား .. မင်း နေနတ်ဘုရားနွယ်ပင်ကို မြည်းကြည့်ချင်လား” ရှီဟောင်ပြောလိုက်သည်။
လကျောက်စိမ်းယုန်သည် ဒေါသထွက်နေလေ၏။ ဤရွှေရောင်နတ်နွယ်သည် သူ့အတွက် အလွန်အသုံးဝင်ပြီး သူ အမှန်တကယ်ပင် ရွှေရောင်နတ်နွယ်ကို စားချင်သော်လည်း ဤအပင်ကို အသားများနှင့်ရောချက်ထားသောကြောင့် သူ တွေဝေနေလေ၏။
“လာ .. လာ … မြည်းကြည့်”
” ငါက ဘာလို့ ဒီလိုမျိုးကို စားရမှာလဲ”
“ဒါက ပစ္စည်းကောင်းပဲ .. မင်းက လကျောက်စိမ်းယုန်လေ .. မင်းရဲ့နေစွမ်းအားကို မင်းပြန်ဖြည့်သင့်တယ် .. ဒါက မင်းအတွက် အရမ်းအကျိုးရှိမှာ ” ရှီဟောင်ရယ်မောကာ ပြောလိုက်သည်။
“နည်းနည်းလောက် မြည်းကြည့်လိုက် .. မင်းရဲ့တာအိုကို အကျိုးရှိစေရမယ်လို့ ငါ အာမခံတယ်”
ရှီဟောင်သည် သူမကို စိတ်ရှည်လက်ရှည်ပင် ပြောနေလေသည်။
“ငါက သက်သက်လွတ်သမား”
…
တစ်နာရီကြာပြီးသည့်နောက်တွင် ယုန်ဖြူလေးမှာ သူ၏မျက်လုံးများဖြင့် စိုက်ကြည့်နေပြီးနောက် သူတောင့်မခံထားနိုင်တော့ပေ။ သူမြည်းကြည့်လိုက်သည့်အချိန်တွင် အနည်းငယ် အံ့အားသင့်သွားရသည်။
“ဘယ်လိုလဲ” ရှီဟောင် မေးလိုက်၏။
“အရသာက နည်းနည်းထူးဆန်းနေတယ်”
ယုန်ဖြူလေးမှ ရေရွတ်လိုက်သည်။
“အဲဒီအရသာပဲလေ .. နောက်ထပ်ထပ်စားကြည့်” ရှီဟောင်ရယ်မောကာ ရွှေရောင်နွယ်ပင်အရည်ကို ထပ်ပေးလိုက်သည်။
“ဒီအရသာက မဆိုးဘူး .. ဒါပေမဲ့ နည်းနည်းထူးဆန်းနေတယ်” ထိုစကားပြောပြီးသည့်နောက်တွင် သူ၏မျက်လုံးများပြူးကျယ်သွားရသည်။ ရွှေရောင်သစ်ရွက်ထဲတွင် သွေးစများကို တွေ့လိုက်ရသောကြောင့်ပင်။ သူ ထိုသွေးကို စားမိတော့မလို့ပင်…
“အား .. မင်းငါ့ကို သတ်ချင်နေတာလား” ယုန်ဖြူလေး အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများမှာ လုံးဝပင် နီရဲနေလေသည်။
“ခဏနေပါဦး .. မင်းဘာသာ မင်း စားလိုက်တာလေ .. အခုလေးတင် အရသာကောင်းတယ်လို့ မင်းပြောလိုက်တာ မဟုတ်ဘူးလား” ရှီဟောင်သည် ကျယ်လောင်စွာပင် ရယ်မောလိုက်လေ၏။
“ဘုရားရေ .. ငါ အသားစားလိုက်ပြီ .. ဘုရားရေ .. ငါ အသားစားလိုက်ပြီ..” ထိုသည် ထိုစကားလုံးများကို ထပ်ခါထပ်ခါရေရွတ်ကာ ခုန်ဆွခုန်ဆွ လုပ်နေလေ၏။
..
သို့သော် နောက်နှစ်နာရီကြာပြီးသည့်နောက်တွင် အရက်မူးနေသည့် ယုန်လေးမှာ ဝိုင်ပုလင်းကို ဖက်ကာ ရှီဟောင်တို့မြေးအဖိုးနှင့် အသားလုစားနေသည်ကို တွေ့လိုက်ရသည်။
“အားရား .. အသားတွေက တကယ်ကို အရသာကောင်းတာပဲ .. မွှေးလိုက်တာ” ယုန် အသားစားနေပြီ…
“သွားပြီ .. သန့်စင်တဲ့ယုန်လေးက ဒီလိုမျိုး အကျင့်စာရိတ္တဖောက်ပြားသွားပြီ”
ဘေးတွင်ရှိနေသည့် တစ်စုံတစ်ဦးသည် ခေါင်းခါရမ်းပြီး ပြောလိုက်လေသည်။
“ထားလိုက်တော့ .. သူက ဘယ်သူလဲ .. မင်း သိလား .. အရမ်းကို စွမ်းအားကြီးတဲ့ လကျောက်စိမ်းယုန် … မင်း သူ့ကို လျှောက်သနားမနေနဲ့”
ရှီဟောင်တို့ မြေးအဖိုးပင်လျှင် ဆွံ့အသွားသည်။ သူတို့သည် ယုန်လေးကို အနည်းငယ် စနောက်လိုခြင်းဖြစ်သော်လည်း ဤကောင်သည် အရက်မူးသွားပြီး သူတို့နှင့်ပင် လုစားနေသေးသည်။
ကံကောင်းစွာဖြင့်ပင် ဟုန်အစစ်နှင့်နတ်ဘုရားအသားတို့သည် သူတို့သုံးယောက်စားသုံးရန်အတွက် လုံလောက်လေသည်။
ဤသည်မှာ ထူးဆန်းသည့်မြင်ကွင်းတစ်ခုပင်။ ယုန်လေးမှာ အရက်မူးနေပြီး နေရာတကာ လျှောက်ခုန်ပေါက်နေပြီး တစ်ခါတစ်ရံတွင် အိုးထဲသို့ ပြုတ်ကျတော့မလိုပင်။
နောက်ဆုံးတွင် ရှီဟောင်သည် သူ့အား လျစ်လျူရှုလိုက်သည်။ လုံလောက်အောင် စားသုံးပြီးသွားသည့်နောက်တွင် သူ၏မျက်လုံးများကို မှိတ်လိုက်ကာ သူ၏ အမိန့်အာဏာတည်ထောင်ခြင်းနယ်ပယ်ကို ပြန်လည်တည်ဆောက်လိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာလေသည်။
ထိုအချိန်တွင် အဖိုး ၁၅ သည်လည်း ရှီဟောင်ကဲ့သို့ပင် ဆေးအစွမ်းကိုသုံးပြီး နောက်တစ်ကြိမ်ကျင့်ကြံလိုက်၏။
သူတို့သည် အချိန်မရွေး နိုးထလာနိုင်သောကြောင့် ရန်သူများ တိုက်ခိုက်လာမည်ကို မကြောက်မိပေ။
သူပြန်လည်ရှင်သန်လာပြီးသည့်နောက်တွင် သူသည် အမြဲတမ်းပင်လေ့လာနေခဲ့သောကြောင့် ဤနယ်ပယ်၏ နက်နဲသည့်ထူးဆန်းမှုများအားလုံးကို နားလည်ပြီးသားပင်။
သူ ယခု ပြန်လည်တည်ဆောက်သည့်အချိန်တွင်လည်း အောင်မြင်မှုကို ရရှိခဲ့သည်။
စိတ်အာရုံတံဆိပ်ခတ်ခြင်းနယ်ပယ်တွင် သူသည် မူလရှေးဟောင်းမှတ်တမ်းကို သူ၏အသွေးအသားများတွင် ထွင်းထုလိုက်ပြီး အမိန့်အာဏာတည်ဆောက်ခြင်းနယ်ပယ်တွင် ဝိဉာဉ်တစ်သောင်းသင်္ကေတကို သူ၏ခန္ဓာကိုယ်ထဲသို့ တစ်ခုပြီးတစ်ခု ထွင်းထုလိုက်သည်။
သူ၏ကိုယ်ပိုင်အမြင်နှင့် အခြားအရာများကိုလည်း ဤနေရာတွင် ထွင်းထုလိုက်သည်။
ခွန်ပန်ပညာနှင့် ပြန်လည်မွေးဖွားခြင်းသင်္ကေတကိုလည်း ချန်ထားမည် မဟုတ်ပေ။ ထိုအရာများကို တစ်ခုပြီးတစ်ခုပင် သူ၏အသွေးအသားနှင့် အရိုးများထဲသို့ ပေါင်းထည့်လိုက်၏။
နောက်ဆုံးတွင် ရှီဟောင်၏ အားထုတ်မှုများ အောင်မြင်သွားရသည်။
သူ ယခင်က ကျင့်ကြံခဲ့သည့် ကျင့်ကြံခြင်းနယ်ပယ်များအားလုံးကို ပြန်လည်တည်ဆောက်ပြီးသွားလေပြီ။ အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်မှာမူ သူယခုမှ စတင်ခါစဖြစ်သောကြောင့် တစ်ဆင့်ချင်းသာ သွားမည်။
သူ၏တစ်ကိုယ်လုံးတောက်ပနေပြီး သူမျက်လုံးဖွင့်လိုက်ပိတ်လိုက်လုပ်သည့်အချိန်တိုင်းတွင် နတ်အလင်းများ ထွက်ပေါ်နေပြီး စွမ်းအားကြီးသည့်အော်ရာလည်း စိမ့်ထွက်နေလေသည်။
သူသည် မသေမျိုးတစ်ယောက်နှင့်တူသော်လည်း နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် ပို၍ တူနေလေသည်။
အဖိုး ၁၅ လည်း နိုးနေပြီဖြစ်ပြီး မျက်လုံးများ ပွင့်နေလေပြီ။
သူတို့နှစ်ယောက်လုံး ရယ်မောလိုက်ကြသည်။ ယုန်လေးမှာ ကျောခင်းအိပ်နေပြီး သူ့ကို အရက်ပုလင်းမှ ဖိထားလေသည်။
“ဒီယုန်က စွပ်ပြုတ်တစ်ခွက်လုပ်ဖို့ လုံလောက်တယ် .. ”
ရှီဟောင် ရယ်မောကာ ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ယုန်လေးသည် ထူးဆန်းစွာပင် နိုးကြားလာပြီး မြေပြင်တွင် ထထိုင်လိုက်ကာ သူတို့အား စိုက်ကြည့်နေလေသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နှစ်ရက်ကြာပြီးသည့်နောက်တွင် တောင်များတောက်ပလာကာ ကျယ်လောင်သည့်အသံထွက်ပေါ်လာ၏။ ဤနေရာတွင်ရှိနေသော လူများစွာ ပျောက်ကွယ်သွားလေသည်။
“စုစုပေါင်း အချိန်ငါးရက်ပေးထားတာ .. သင့်တော်တဲ့သူတွေက အမြင့်ဆုံးနန်းတော်ကို ပို့ပေးခံရမှာ” တစ်စုံတစ်ဦးမှ ထိတ်လန့်စွာ ပြောလိုက်သည်။
လူအများစုမှာ သူတို့ မူလနေရာတွင်သာ ကျန်ရစ်ခဲ့သည်။ လူအနည်းငယ်သာ စစ်ဆေးမှုကို အောင်မြင်ပြီး အမြင့်ဆုံးနန်းတော်သို့ ရောက်သွားခြင်းပင်။
ရှီဟောင်၊ အဖိုး ၁၅ နှင့် ယုန်လေးတို့ အောင်မြင်သွားပြီး ဖရိုဖရဲစွမ်းအင်များ ပြည့်နှက်နေသည့် ရှေးဟောင်းနန်းတော်တစ်ခုထဲသို့ ရောက်သွားကြလေသည်။
သူတို့ဝင်သွားလိုက်သည်နှင့် ရှီဟောင်တုန်လှုပ်သွားရ၏။ သူ၏ရင်ဘတ်ထဲတွင်ရှိနေသည့် ရွှေရောင်စာရွက်သည် တောက်ပလာပြီး လျှပ်စီးများ ပေါ်လာကာ သူ၏ခန္ဓာကိုယ်ထုံကျဉ်သွားသည်အထိ တုန်ခါနေလေသည်။
“ထင်ထားတဲ့အတိုင်းပဲ .. နောက်တစ်ပိုင်းက ဒီမှာပဲ .. ဒါက သေချာပေါက်ကို တားမြစ်ထားတဲ့ပညာပဲ” သူ ကောက်ချက်ချလိုက်၏။