သုခကမ္ဘာက ရှီဟောင် - Chapter - 871 အမြင့်ဆုံးနန်းတော်
“လျှပ်စီးရဲ့ လျှို့ဝှက်ချက်စာအုပ်က ဒီနေရာရဲ့အတွင်းပိုင်းမှာ ရှိနေတာပဲ … ”
ရှီဟောင်သည် လုံးဝပင် တည်ငြိမ်အောင်လုပ်ပြီး သူ၏စိတ်ထဲမှ ခံစားချက်များကို ထိန်းချုပ်လိုက်သည်။
ရှေးဟောင်နန်းတော်မှာ အလွန်ပင် ကျယ်ပြန့်လှ၏။ ဖရိုဖရဲစွမ်းအင်များမှာ လေထဲတွင် ပျံ့လွင့်နေသည်မှာ သူသည် ကမ္ဘာကြီး၏အဆုံးသတ်သို့ ရောက်နေသကဲ့သို့ပင်။
သူသည် အချိန်များနောက်ပြန်သွားနေသကဲ့သို့ အချိန်စီးဆင်းသည့်အော်ရာကို ခံစားနေရသည်။ သူသည် ရှေးခေတ်မှ ပြောင်းလဲမှုများ၊ လူမျိုးစုပေါင်းတစ်သောင်း၏ ကျဆုံးမှုများကို မြင်လိုက်ရပြီးနောက်အရာအားလုံးမှာ ပြန်၍တည်ငြိမ်သွားလေသည်။
သိပ်ကြာကြာမလျှောက်ရသေးခင်မှာပင် လေဟာနယ်ထဲတွင် ငွေရောင် ရှေးဟောင်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ပေါ်လာလေသည်။ ထိုကျောက်တိုင်မှာ တောက်ပနေပြီး စာလုံးနှစ်လုံးကို ထွင်းထုထားလေ၏။
စစ်သားတောင်ပို့ …
စစ်သားတောင်ပို့ဆိုသည်မှာ ကျောက်သလင်းကဲ့သို့တောက်ပနေသည့် ရှေးဟောင်းအုတ်ဂူတစ်ခုပင်။ ထိုအုတ်ဂူထဲတွင် မှော်ပစ္စည်းတစ်ခုကို မြှုပ်နှံထားပြီး ချပ်ဝတ်တန်ဆာတစ်စုံလည်း ရှိနေလေ၏။ ထိုအုတ်ဂူထံတွင် ခရမ်းရောင်ဖျော့လေးရှိနေပြီး အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေလေသည်။
“အဲဒါက ဘယ်လိုအဖိုးတန်ဝတ်စုံမျိုးလဲ” ရှီဟောင် ထိတ်လန့်သွားရသည်။ သူသည် ထိုဝတ်စုံထံမှ စွမ်းအားများစွာကို မခံစားရသော်လည်း သူ၏အမြင်အရ ထိုဝတ်စုံမှာ သာမန်မဟုတ်သည်ကို သူ သိသည်။
“ဒါက ကောင်းကင်အပြစ်ဒဏ်ကျောက်တုံးကို မှော်ဝတ်စုံအဖြစ် ဖန်တီးထားတာ .. ဒီလိုမျိုး နတ်ပစ္စည်းက အရမ်းရှားပါးတဲ့ရတနာတစ်ခုပဲ”
အဖိုး ၁၅ ၏ မျက်လုံးထဲတွင် လောဘအရိပ်အယောင်များ ပြည့်နှက်နေလေ၏။ ဤစစ်ဝတ်စုံ၏ ပစ္စည်းများကို သူ မှတ်မိသည်။
“ကောင်းကင်အပြစ်ဒဏ်ကျောက်တုံးဆိုတာက ကောင်းကင်ကြီးကို ပြန်ပြုပြင်နိုင်တဲ့ ပြိုင်ဘက်မရှိတဲ့ ထာဝရပစ္စည်းလား” ယုန်လေး၏ မျက်လုံးများမှာ ပြူးကျယ်လာသည်။
ရှီဟောင်သည် အနည်းငယ် စိုးရိမ်နေမိသည်။ ဤကဲ့သို့သော ပစ္စည်းမှာ အလွန်ရှားပါးလှ၏။ သူ့ကို ကျောက်တုံးတစ်တုံးဟုခေါ်သော်လည်း အမှန်တကယ်တွင်မူ သူသည် ခရမ်းရောင်သတ္တုနှင့် ပိုတူလေသည်။ ဤသည်မှာ အဖိုးတန်ပစ္စည်းများကို ဖန်တီးရန်အတွက်အကောင်းဆုံး ပစ္စည်းတစ်ခုပင်။
ကံမကောင်းစွာဖြင့်ပင် ဤပစ္စည်းမှာ ရှားပါးလွန်းလှသည်။ ရှေးခေတ်ကတည်းက အနည်းငယ်သာ ရှိသေး၏။
ဤဝတ်စုံသည် ထိုပစ္စည်းဖြင့်ပြုလုပ်ထားသည့် မှော်ဝတ်စုံပင်။
“ဒါကိုယူသွားလို့ရလား” ယုန်ဖြူလေးသည် သလင်းကျောက်အုတ်ဂူအနားတွင် ခုန်ဆွခုန်ဆွလုပ်နေလေသည်။
ရှီဟောင်နှင့် အဖိုး ၁၅ တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လှုပ်ရှားရန် ပြင်ဆင်လိုက်ကြ၏။
ယုန်ဖြူလေးမှာ အတော်ပင် ထက်မြက်လှ၏။ သူသည် အဖြူရောင်အလင်းတန်းလေးကို ထုတ်လွှတ်ကာ ထိုပစ္စည်းကို အရင်ယူရန် ကြိုးစားလိုက်သည်။
ရုတ်တရက်ပင် ကင်းမြှီးကောက်အမြှီးထံမှ အပြာရောင်အလင်းတန်းထွက်လာပြီး အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် တိုက်ခိုက်လေသည်။ ယခင်က ထူးခြားပါရမီရှိသူများကို တိုက်ခိုက်ခဲ့သည့် ကောင်းကင်ကင်းမြှီးကောက်ပေါ်လာကာ လကျောက်စိမ်းယုန်ကို တိုက်ခိုက်လေသည်။
ထိုအချိန်တွင် ရှီဟောင် ထိုသလင်းကျောက်အုတ်ဂူထံသို့ ဦးတည်သွားလိုက်၏။
ချွမ်း …။
ရဲဒင်းကြီးတစ်ခု ကောင်းကင်ထက်တွင်ပြည့်သွားပြီး အေးစက်သည့်အလင်းတန်းများ တောက်ပနေလေသည်။ ထာဝရနန်းတော်မှ သခင်လေးသည် သူ၏လက်ထဲတွင် ရဲဒင်းကို ကိုင်ထားပြီး ရှီဟောင်အား ခုတ်လိုက်၏။
ရှီဟောင်သည် ဆေးလုံးမီးဖိုကို အသက်သွင်းလိုက်သည်။ ထိုပစ္စည်းနှစ်ခု၏ထိခတ်မှုကြောင့် နားစည်ကွဲလောက်သည့်အသံကြီး ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် အခြားသူများလည်း ပေါ်လာကာ စစ်သားတောင်ပို့ထံသို့ တရှိန်ထိုးသွားကြလေသည်။
ထာဝရနန်းတော်မှ သခင်လေးသည် ထာဝရအမွေးအတောင်စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အနားတွင် အလင်းမိုး ဝန်းရံထားလေသည်။ သူ၏လက်ထဲတွင် ရဲဒင်းကိုကိုင်ထားပြီး ဖိအားတစ်ခုကိုလည်း ထုတ်လွှတ်နေလေသည်။
သူ၏ဘေးတွင် နတ်သမီးယွဲ့ချန် ရှိနေ၏။ သူတို့နှစ်ယောက် အတူတူ ရောက်လာခြင်းပင်။
ကျန်းဂု၊ ချင်ရှန်း၊ လျှပ်စီးသားတော်၊ တန်ယိနှင့် အခြားသူများလည်း ပေါ်လာသည်။ ထိုသူများအပြင် ခရမ်းရောင်ကောင်းကင်ပိုးကောင်၊ ရွှေရောင်ဆင်၊ ကျောက်စိမ်းရှိခိုးကောင်နှင့် အခြား နတ်ဘုရားများလည်း ရောက်လာကြလေသည်။
အားလုံးမှာ ယခုမှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း တိုက်ပွဲကြီးတစ်ခုမှာ စတင်နေလေပြီ။
ဝုန်း..
လေထဲတွင်ရွှေရောင်မီးအိမ်တစ်ခု ပေါ်လောပေါ်နေပြီး အဆုံးမရှိသည့် မီးတောက်များကို ထုတ်လွှတ်နေလေသည်။ လူငယ်လေးသည် ကောင်းကင်အပြစ်ဒဏ်စစ်ဝတ်စုံကို ရနိုင်ရန်အတွက် အားလုံးကို ဖုံးလွှမ်းသွားသည့် တိုက်ခိုက်မှုကို လက်လွတ်စပယ်ပင် ပြုလုပ်လိုက်လေ၏။
အားလုံးမှာ သူတို့၏အဖိုးတန်ပညာများကို ထုတ်သုံးလိုက်ကြ၏။ ထိုအချိန်တွင် လျှပ်စီးများ ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်း ထောင်ပေါင်းများစွာလည်း ထွက်ပေါ်လာလေသည်။
ထို့အပြင် အတိတ်မှ လျှို့ဝှက်ထားသည့် အသေးစိတ်အချက်များကို ဖော်ပြသည့်သင်္ကေတအချို့လည်း ပေါ်လာလေသည်။
မူလကောင်းကင်လူသားသည် လူသူမနေသည့်နယ်မြေတွင် ထူးဆန်းသည့်သက်ရှိနှင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ သူသည် ကပ်သီးလေးသာ လွတ်မြောက်ခဲ့ပြီး မတတ်သာပဲ ပြန်လည်မွေးဖွားခြင်းကို ပြုလုပ်ရခြင်းပင်။
ကံမကောင်းစွာဖြင့်ပင် သူသည် မအောင်မြင်ခဲ့ပဲ ထိုင်လျက်ဖြင့်ပင် သေဆုံးသွားလေသည်။
အားလုံး ထိတ်လန့်သွားရ၏။ ယခင်က မူလကောင်းကင်အဆင့်လွန်လူသား၏စွမ်းအားမှာ အဆင့်မြင့်နယ်မြေနှင့် စီရင်စု သုံးထောင်ကို လွှမ်းမိုးနိုင်ခဲ့သည်။ သူရဲ့ ပြန်လည်မွေးဖွားခြင်း ကျရှုံးမှုမှာ ဒီလိုမျိုး လျှို့ဝှက်ချက်မျိုး ရှိနေတာလား..
ရုတ်တရက်ပင် ရောင်စုံအလင်းတန်းများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး မြေမြှုပ်ထားသည့်မြေပြင်လည်း ကြီးမားလာကာ ဝတ်စုံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ဝတ်စုံများမှာ များလည်းမများသလို နည်းလည်းမနည်းပေ။ စုစုပေါင်း ကိုးစုံရှိလေသည်။
မူလကောင်းကင်အဆင့်လွန်လူသား၏ စစ်ဝတ်စုံမှာ ပျက်စီးနေပြီဖြစ်သောကြောင့် သူနှင့်အတူ မြှုပ်နှံလိုက်ပြီး နောင်လာနောက်သားများကို လက်ဆင့်မကမ်းပေးတော့ပေ။ ကျန်ခဲ့သည့် ဝတ်စုံများမှာ သူ၏လူလတ်ပိုင်းအရွယ်တွင် စုဆောင်းထားခဲ့သည့် ဝတ်စုံများပင်။ ဆိုလိုသည်မှာ သူသည် ထိုအချိန်ကတည်းက နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ခြင်းပင်။
အားလုံး၏ မျက်လုံးများနီရဲလာ၏။ ထိုဝတ်စုံများအားလုံးမှာ ရတနာများပင်။ ထို့နောက်တွင် ထိုဝတ်စုံများကို ရရှိနိုင်ရန်အတွက် သူတို့အားလုံးတိုက်ခိုက်ကြလေ၏။
သို့သော် ထိုဝတ်စုံများသည် အလွန်ပင်တောက်ပသည့် နတ်ခွန်အားများကို ထုတ်လွှတ်နေလေသည်။ သူတို့သည် ဝိဉာဉ်စွမ်းအားပိုင်ဆိုင်ထားသောကြောင့် သူတို့အားလုံး စုပေါင်းလိုက်သည့်အချိန်တွင် အခြားသူများ သူတို့ကို ချဉ်းကပ်ရန် ခက်ခဲသွားလေသည်။ သူတို့အားလုံးသည် တောက်ပသည့်နေလုံးများနှင့် တူနေလေသည်။
“ဒါတွေလည်း နတ်ပစ္စည်းတွေပဲ” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်လိုက်ပြီး မှော်ဝတ်စုံကို စွန့်ပစ်ကာ ထိုနတ်ပစ္စည်းများကို ယူရန် တရှိန်ထိုး ပြေးဆင်းသွားလေသည်။
ရှီဟောင်နှင့် အဖိုး ၁၅ တို့ ဆွံ့အသွားရသည်။ ထိုကောင်းကင်နတ်ဘုရားဝတ်စုံများမှာ ဤနေရာမှ မထွက်ခွာချင်သောကြောင့် မည်သူမှ ထိုဝတ်စုံများကို အတင်းအကျပ် ယူနိုင်လိမ့်မည်မဟုတ်ပေ။
သူတို့သည်လည်း နတ်ပစ္စည်းများကို ရှာရန်အတွက် ထွက်ခဲ့လိုက်ကြ၏။ ရှီဟောင်သည် သံကြေးတက်ကာ စုတ်ပြဲနေသည့် ပျက်စီးသော ချပ်ဝတ်တန်ဆာကို တွေ့ခဲ့သည်။ ထိုဝတ်စုံသည် လေဟာနယ်ထဲတွင် မျောနေ၏။ ဤသည်မှာ ၁၀ စုံမြောက်ဝတ်စုံ ဖြစ်နိုင်သည်။
သူ ထိုဝတ်စုံကို ကောက်ယူရန် ကြိုးစားလိုက်သော်လည်း သံကြေးများ လွင့်ထွက်လာသည်။
အခြားသူများသည် အစပိုင်းတွင် လာရောက်တိုက်ခိုက်ကာ ထိုဝတ်စုံကို လုယူချင်သော်လည်း ထိုအဖြစ်အပျက်ကို မြင်လိုက်ရသည့်အချိန်တွင် ချက်ချင်း ရပ်တန့်သွားကြလေ၏။
“ဒီလိုမျိုး စုတ်ပြဲနေတဲ့ ချပ်ဝတ်တန်ဆာလည်း ဒီမှာ ရှိနေတာလား”
ရှီဟောင်သည် အမှန်တကယ်ပင် ဘာပြောရမည်ကိုပင် မသိတော့ပေ။ သူ ငြင်သာစွာပင် ဘေးဘက်သို့ ရှောင်လိုက်သည်။ ရွှေရောင်ချပ်ဝတ်တန်ဆာမှ သံကြေးများသည် တရှဲရှဲအသံများဖြင့် မြေပြင်ပေါ်သို့ ကျရောက်သွားလေသည်။
ယုန်ဖြူလေးသည် မြေပြင်ပေါ်တွင် ထိုင်ချပြီး ခန္ဓာကိုယ်ယိမ်းထိုးသည်အထိ ရယ်နေလေသည်။
“အဲဒါကို လက်လွတ်လိုက်”
ထာဝရနန်းတော်မှ သခင်လေး နူးညံ့စွာပင် ပြောလိုက်၏။ သူသည် ရဲဒင်းကို လှုပ်ရှားလိုက်ပြီး ရှီဟောင်ကို တိုက်ခိုက်လိုက်သည်။ သူသည် ချပ်ဝတ်တန်ဆာကို စိုက်ကြည့်နေလေ၏။
“ထွက်သွားစမ်း”
ရှီဟောင်သည် ချက်ချင်းပင် ဒေါသထွက်သွားရ၏။
ယုန်လေးမှ သူ့အား လှောင်ရယ်နေသည်က တစ်မျိုး ..
ယခု သူ့ရန်သူ၏ ဖိအားပေးခြင်းကိုလည်း ခံလိုက်ရသည်။ သူသည် ဆေးလုံးမီးဖိုကို အသက်သွင်းလိုက်ပြီး လျှပ်စီးများကို ထုတ်လွှတ်ကာ ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။ ဤနေရာတစ်ခုလုံးမှာ ဖရိုဖရဲဖြစ်သွားလေသည်။
ယခင်က ဤစစ်ဝတ်စုံကို လွင့်ပစ်ရန် စဉ်းစားထားသော်လည်း ယခုအချိန်တွင်မူ ထာဝရနန်းတော်မှ သခင်လေး မရနိုင်ရန်အတွက် သူ ထိုဝတ်စုံကို သိမ်းယူလိုက်၏။
ဝုန်း..
သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ကြလေ၏။ စစ်သားတောင်ပို့တစ်ခုလုံး လွှဲရမ်းသွားလေသည်။
…
အားလုံးမှာ သူတို့၏တိုက်ပွဲများကို ရပ်တန့်ကာ အတွင်းပိုင်းသို့ ပြေးသွားလိုက်ကြလေ၏။ ဤသည်မှာ ကြီးမားခန့်ညားသည့် ရွှေရောင်တာအိုစင်္ကြံပင်။ ထိုစင်္ကြံသည် တောက်ပနေကာ ဖရိုဖရဲစွမ်းအင်များလည်း စီးဆင်းနေလေ၏။
ဤသည်မှာ တောင်တစ်လုံးပင်။
တာအိုစင်္ကြံပတ်လည်တွင် ရာချီသော ဆုတောင်းဖျာများရှိနေ၏။ လူများစွာမှာ ထိုနေရာတွင်ထိုင်ကာ တာအိုအသံကို နားထောင်နိုင်သည်။
အားလုံးမှာ ထိုနေရာသို့ တရှိန်ထိုးသွားလိုက်ကြ၏။ သူတို့ မည်မျှပင် နားထောင်နေစေကာမူ အဓိပ္ပာယ်အစစ်ကို သူတို့မသိနိုင်ဖြစ်နေ၏။ အဆင့်လွန်ရှေးဟောင်းကျမ်းစာရှိနေသည်ကိုသာ သူတို့ ခံစားရသည်။
ယုန်ဖြူလေးလည်း သူ လုပ်ချင်သည့်အရာအားလုံးကို လုပ်နေလေ၏။ သူသည် ဆုတောင်းဖျာပေါ်တွင် ထိုင်လိုက်၏။ အစပိုင်းတွင် သူ၏ပုံစံမှာ သက်တောင့်သက်သာဖြစ်နေသော်လည်း ချက်ချင်းပင် လေးနက်လာလေ၏။ သူ၏ပုံစံမှာ ဤနေရာတွင်ရှိသော တာအိုကို နားလည်နေသလိုပင်။
အားလုံးမှာ ထိတ်လန့်သည့်အမူအရာများ ဖြစ်သွားကြလေ၏။ သူတို့အားလုံးမှာ သာမန်လူများ မဟုတ်ကြပေ။ ဘာဖြစ်သွားသည်ကို သူတို့နားလည်သွားကာ ချက်ချင်းပင် ထိုဖျာပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ထိုင်ချလိုက်ကြလေ၏။
“ဟမ်..”
အားလုံးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ သူတို့သည် အလွန်ပင် နားလည်ရခက်သည့် ရှေးဟောင်းကျမ်းစာကို ကြားလိုက်ရလေသည်။ ဤသည်မှာ လေ့လာရန်အတွက် အလွန်ပင် ခက်ခဲလေ၏။
ထို့နောက်တွင် အားလုံး နားလည်သွားရ၏။ သူတို့သည် မူလကောင်းကင်အဆင့်လွန်လူသား၏ တာအိုကို ရိုသေလေးစားစွာ နားထောင်ကြလေ၏။ သူတို့ဆက်သွားရန်အတွက် ဤကျမ်းစာများကို နားလည်ရန်လိုအပ်သည်။ အောင်မြင်သွားသည့်သူများမှာ ရွှေရောင်တာအိုစင်္ကြံပေါ်သို့တက်ပြီး အမွေအနှစ်အပြည့်အစုံကို ရနိုင်လိမ့်မည်။
ထို့အပြင် သူတို့ ထိပ်ဆုံးသို့ မရောက်နိုင်လျှင်ပင် သူတို့ တက်နိုင်သည့်အဆင့်တိုင်းသည် သူတို့အတွက် အကျိုးကျေးဇူးတစ်ချို့ ရရှိလိမ့်မည်။
ထူးခြားပါရမီရှိသူများနှင့် နတ်ဘုရားများမှာ အလေးအနက်ဖြစ်သွားကြသည်။ သူတို့သည် ကျမ်းစာကိုလေ့လာပြီးသည့်နောက်တွင် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်ကြလေ၏။
ဝုန်း..
လူအချို့မှာ ချက်ချင်းပင် ရွှေရောင်တောင်ထိပ်သို့ ရောက်ရှိသွားကြလေ၏။ ကြီးမားလှသည့် ဖိအားလှိုင်းတစ်ခု ပေါ်လာကာ အားလုံးကို မွန်းကြပ်သွားစေသည်။
အားလုံးမှာ လှုပ်ရှားလာကြ၏။ ရှီဟောင်နှင့် အဖိုး ၁၅ တို့သည် ဖိအားကို ခုခံကာ တာအိုကို နားလည်အောင်ကြိုးစားပြီး ကျမ်းစာများကို နားထောင်နေကြသည်။
ဤနေရာသည် အန္တရာယ်များဖြင့် ပြည့်နေသည့် နေရာပင်။ ကြီးမားလှသည့် ဖိအားရှိနေသည့်အပြင် အခြားသူများ အချင်းချင်းတိုက်ခိုက်နေကြသည့် တိုက်ပွဲလည်း ရှိနေသည်။ ထူးခြားပါရမီရှိသူများနှင့် ဤလျှို့ဝှက်နယ်မြေရှိစွမ်းအားကြီးသည့် သက်ရှိများအားလုံး လှုပ်ရှားကြလေသည်။
ဝုန်း…
ရွှေမီးတောက်လူမျိုးစုမှ တန်ယိသည် သူ၏လက်နှစ်ဘက်ကို ပူးလိုက်သည်နှင့် သူ၏ခေါင်းထက်တွင် တောက်ပသည့် အဖိုးတန်ပန်းအိုး ပေါ်လာပြီး ထိုအိုးသည် မသေဆုံးနိုင်သည့်နတ်ခွန်အားကို ထုတ်လွှတ်နေလေ၏။ ထိုအချိန်တွင် လျှပ်စီးသားတော်သည် သူနှင့် တိုက်ခိုက်နေလေ၏။ သူတို့နှစ်ဦးကြားတွင် တောက်ပသည့်လျှပ်စီးများ ပေါ်လာလေသည်။
“သတ်..”
ထာဝရနန်းတော်မှ သခင်လေးသည် ရွှေရောင်မီးအိမ်ကိုင်ဆောင်ထားသည့် လူငယ်လေးနှင့် တိုက်ခိုက်နေလေ၏။ သူတို့နှစ်ဦးမှာ အထင်ကြီးစရာကောင်းသည့်ပြိုင်ဘက်များဖြစ်ပြီး သူတို့နှစ်ဦးလုံးသည် အော်ဟစ်ကာ ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွှဲနေကြလေ၏။
ဖူး..
တစ်ခဏအတွင်းမှာပင် ထာဝရနန်းတော်သခင်လေး၏ ပုခုံးများမှာ သွေးထွက်လာ၏။ ထာဝရအမွေးတောင်စစ်ချပ်ဝတ်တန်ဆာပင် အသုံးပြုခွင့်မရှိလိုက်သောကြောင့် တစ်ဖက်လူငယ်မှာ မည်မျှပင် မြန်ဆန်သည်ကို သိနိုင်သည်။ သူသည် မီးတောက်ကို ပစ်လွှတ်လိုက်ကာ တစ်ဖက်လူ၏ ကာကွယ်သည့်သင်္ကေတများကို ချိုးဖောက်လိုက်လေသည်။
ရှီဟောင်၏ အနောက်ဘက်တွင် လေတိုက်ခတ်လာ၏။ အပြာရောင်အမြှီးတစ်ခု သူ၏အနောက်မှ တိုက်ခိုက်လာသောကြောင့် သူ ကြက်သီးထသွားရသည်။ စကားတစ်လုံးမှ မပြောတော့ပဲ သူသည် ဆေးလုံးမီးဖိုကို မြှောက်လိုက်ပြီး ထိုအကောင်ကို ဆေးလုံးမီးဖိုအတွင်းသို့ ဖမ်းထည့်လိုက်၏။
အမြှီးရောက်လာသည်နှင့် လျှပ်စီးများထွက်လာသည်။ သို့သော် ဤကောင်းကင်ကင်းမြှီးကောက်မှာ အလွန်ပင် အထင်ကြီးစရာကောင်းလွန်းလှကာ စွမ်းအားကြီးလှသည့် နတ်ဘုရားပင်။ သူသည် လျင်မြန်စွာပင် နောက်ဆုတ်သွားကာ အရှုံးပေးသွားလေ၏။
တာအိုစင်္ကြံမှာ ကျယ်ပြန့်လှသော်လည်း လူများစွာမှာ အပေါ်သို့တက်ရန်ကြိုးစားနေသောကြောင့် အငြင်းပွားမှုများမှာ ရှောင်လွဲ၍မရနိုင်ပေ။ ထို့နောက်တွင် ရွှေရောင်လုအန်နှင့် ရှီဟောင်တို့ တိုက်ခိုက်ကြလေ၏။ မည်သူမှ နောက်မဆုတ်ချင်သောကြောင့် ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့လေသည်။
ရှီဟောင်သည် ထိန်းချုပ်မထားပဲ အားအပြည့်ဖြင့် တိုက်ခိုက်လိုက်၏။ သူသည် ခွန်ပန်ပညာကို လျှပ်စီးအတွင်းတွင် အသုံးပြုပြီး တိုက်ခိုက်လိုက်သည်။
ဖူး..
အဆုံးသတ်တွင် ရွှေရောင်လုအန်ထံမှာ သနားစရာကောင်းသည့်အသံရှည်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သူတို့ အချက်တစ်ရာခန့် ဖလှယ်ပြီးသည့်နောက်တွင် ရှီဟောင်၏လက်ထဲတွင်ရှိသည့် အရိုးဓားဖြင့် သူ၏ခေါင်းဖယ်ရှားခံလိုက်ရလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တာအိုစင်္ကြံပေါ်သို့ လဲကျသွားလေ၏။
ကံကောင်းသွားသည်မှာ သူ့ထံတွင် အသက်ကယ်သင်္ကေတရှိနေခြင်းပင်။
ဖူး..
မည်သူနှင့် တိုက်ခိုက်နေမှန်း မသိသော်လည်း ရွှေရောင်ဆင်ကြီးမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး သွေးများဖုံးလွှမ်းနေလေပြီ။ သူ၏သွေးစွမ်းအင်များ လျင်မြန်စွာ ကျဆင်းလာပြီး ရှီဟောင်ဘေးသို့ လဲကျလာလေ၏။ ထို့နောက်တွင် သူသည် ပြန်ထလာကာ နီရဲနေသော မျက်လုံးများဖြင့် ရှီဟောင်တို့ မြေးအဖိုးအား တိုက်ခိုက်လိုက်လေသည်။
နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေ၏။ ဖူးဟူသောအသံနှင့်အတူ ရှီဟောင်၏ အရိုးဓားသည် ဆင်ကြီး၏မျက်ခုံးကြားသို့ ဖြတ်သွားလေသည်။ ဖုန်း ဟူသောအသံနှင့်အတူ နတ်အဆင့် မှော်ဓား အက်သွားသော်လည်း ဆင်ကြီးသည်လည်း ဒေါသတကြီး အော်ဟစ်နေလေ၏။ သူ၏ဦးခေါင်းကို လေထဲသို့ မြှောက်လျက်ပင် လဲကျသွားလေ၏။ သွေးမိုးရွာသွန်းလာကာ ဆင်ကြီး ပျောက်ကွယ်သွားလေသည်။
ဤအခြေအနေများမှာ ခါးသီးလှ၏။ တာအိုစင်္ကြံတွင် ဓားအလင်းတန်းနှင့် ဓားအရိပ်များ ပြည့်နှက်နေသည်။ သူတို့သည် ပျံသန်းနိုင်ခြင်းမရှိပဲ ကြီးမားသည့်ဖိအားကို ရင်ဆိုင်ရုံမှတစ်ပါး မရှိပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူများမှာ သွေးအိုင်ထဲသို့ ရောက်နေလေပြီ။
ရုတ်တရက်ပင် စူးရှလှသည့် အနီရောင်အလင်းတန်း ထွက်ပေါ်လာလေ၏။ အလင်းရောင်မှာ တောက်ပလွန်းသောကြောင့် ရှီဟောင် မျက်လုံးပင် မဖွင့်နိုင်ပေ။ ကြောက်စရာကောင်းသည့် ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရပြီဖြစ်မှန်း သူ သိလိုက်သည်။
ထိုအလင်းတန်းမှာ လူနှစ်ယောက်ကိုဖြတ်သွားပြီး လေထဲတွင် သွေးများ လွင့်စင်ထွက်လာသည်။
ရှီဟောင် နောက်လှည့်လိုက်သည့်အချိန်တွင် ရွှေရောင်အတောင်ပံရှိသည့် ဝိဉာဉ်လူမျိုးစုကျွမ်းကျင်သူဖြစ်သည့် ကျန်းဂုဖြစ်မှန်း တွေ့လိုက်ရ၏။
သူ၏ဘယ်လက်ထဲတွင် အနီရောင်လှံတံကို ကိုင်ထားလေသည်။ ဤသည်မှာ သူ၏လက်ဝါးကိုဖောက်ထွက်သွားသည့် လှံတံပင်။
ကျန်းဂုသည် သွေးခဲကို ပိုင်ဆိုင်ထားသည့် အထင်ကြီးစရာကောင်းလောက်သော ထူးခြားပါရမီရှိသည့်သူပင်။ သူ၏သွေးခဲမှာ မည်သည့်အရာကိုမဆို ထိုးဖောက်သွားနိုင်သည့် လှံတံအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
“အလကားသက်သက် နာမည်ကြီးလာတာ မဟုတ်ဘူးပဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သူတို့နှစ်ဦးသည် လျင်မြန်စွာပင် အရှေ့သို့ချီတက်ပြီး တိုက်ခိုက်ကြလေသည်။
ဖူး..
ယခုတစ်ကြိမ်တွင် ကျန်းဂူသွေးထွက်သွားခြင်းပင်။ သူ၏ရွှေရောင်အတောင်ပံမှာ ရှီဟောင်ဆွဲဖြဲခြင်းကို ခံလိုက်ရလေသည်။
သူ၏အတောင်ပံများ ဆုတ်ဖြဲခံရပြီးသည့်နောက်တွင် သူ ဆက်မတိုက်တော့ပေ။ သူသည် နောက်ပြန်ဆုတ်ရန်ရွေးချယ်လိုက်ပြီး အခြားနေရာမှ အပေါ်သို့ တက်လိုက်၏။ ရှီဟောင်သည် ရန်မစရန်မလွယ်ကူသည့်သူမှန်း သူ သေချာနားလည်သွားရသည်။ သူ ယခု မသေချင်သေး..
“ဟမ်..”
ရှီဟောင်၏ မျက်လုံးများ အေးစက်သွားရ၏။ သူသည် နတ်ဆိုးနေကြာဥယျာဉ်မှ လူတစ်ယောက်ကို တွေ့လိုက်ရခြင်းပင်။ ထိုသူသည် အရပ်ရှည်ရှည်နှင့် ဆံပင်များဖြန့်ချထားကာ မျက်လုံးနှစ်လုံးမှ အနက်ရောင်အလင်းထုတ်လွှတ်နေသည့် ထူးခြားပါရမီရှိသူပင်။
“သတ်..”
ရှီဟောင်သည် မြေအောက်ကမ္ဘာ၊ နတ်ဆိုးနေကြာဥယျာဉ်နှင့် ကောင်းကင်နိုင်ငံများကို အမြင်မကြည်ပေ။ ယခုအချိန်တွင် ထိုကလန်မှ လူတစ်ယောက်ကို တွေ့လိုက်သောကြောင့် သူသည် ချက်ချင်းပင် တိုက်ခိုက်လိုက်လေ၏။
ဤလူမှာ အလွန်ပင် အထင်ကြီးစရာကောင်းလွန်းလှ၏။ နတ်ဆိုးနေကြာလူမျိုးစု၏ အနက်ရောင်နေမှာ လေဟာနယ်တွင် ထွက်ပေါ်လာပြီး နေမှာ ပူလောင်လွန်းလှသောကြောင့် ရှီဟောင်ပင် ဒဏ်ရာရတော့မလိုပင်။
ဝုန်း..
သို့သော် ဤလူမှာ သူ၏ပြိုင်ဘက် မဟုတ်သေးပေ။ ထိုသူသည် ရှီဟောင်၏ လက်သီးချက်ကြောင့် ပေါက်ကွဲသွားပြီး သွေးမြူအဖြစ်သို့ ပြောင်းလဲသွားလေ၏။
အဖိုး၁၅နှင့် ယုန်ဖြူလေးတို့လည်း သွေးများပေပွနေ၏။ သူတို့သည် အပေါ်ဘက်သို့ တရှိန်ထိုးတက်သွားပြီး ရှီဟောင်နှင့် တြိဂံပုံစံနေလိုက်ကာ ဆက်တိုက်ပင် အမြင့်ဆုံးနေရာသို့ ချဉ်းကပ်သွားကြသည်။
နောက်ဆုံးတွင် သူတို့ အောင်မြင်စွာ ရောက်ရှိသွား၏။ သို့သော်လည်း ဖိအားမှာ ပို၍ပင်ပြင်းထန်လာသည်။ တာအိုစင်္ကြံတွင် သင်္ကေတများ သိပ်သည်းစွာ ဖုံးလွှမ်းနေသည်ကို သူတို့ ယခုမှပင် သတိထားမိကြတော့သည်။
အလယ်တွင် ဆုတောင်းဖျာတစ်ခုရှိပြီး ထိုပေါ်တွင် အပြာရောင်အလင်းတောက်ပနေသည့် အရိုးစာအုပ်တစ်အုပ်ရှိနေ၏။ ထိုစာအုပ်ကို သင်္ကေတများ သိပ်သည်းစွာ ဖုံးလွှမ်းထားလေသည်။
ဤသည်မှာ မူလကောင်းကင်အဆင့်လွန်လူသား၏ အမွေအနှစ်ပင်။
ရှီဟောင်သည် ဆုတောင်းဖျာကို စိုက်ကြည့်နေ၏။ ဤသည်မှာ သူ လိုအပ်နေသည့်အရာပင်။ ထိုအောက်တွင် ရွှေရောင်စာရွက်ရှိနေသည်ကို သူ ခံစား၍ရသည်။
ယခုတစ်ခေါက်တွင် တစ်ယောက်တည်း ရောက်လာခြင်းမဟုတ်ပေ။ ရှီဟောင်၊ ထာဝရနန်းတော်မှ သခင်လေး၊ ရွှေရောင်မီးအိမ်၊ ဖက်တီးလေးချောင်ယုရှင်း၊ ကျန်းဂုနှင့် အခြား မသေသေးသည့်သူများအားလုံး ရောက်လာခြင်းပင်။
“အားအကြီးဆုံးသူက အဲဒီကျမ်းစာကို ရမယ်” ထာဝရနန်းတော်မှ သခင်လေးမှ အေးစက်စွာ ပြောလိုက်၏။
“အဲဒါဆိုရင် မင်း ဒီကနေ ထွက်သွားလိုက်တော့” ရှီဟောင်သည် သူနှင့်မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။
“မင်း ငါ့ကို ပြောနေတာလား” ထာဝရနန်းတော်မှသခင်လေး၏ မျက်လုံးများမှာ အေးစက်ကာ ခံစားချက်များ ကင်းမဲ့နေလေ၏။ သူသည် ရဲဒင်းကို ရှီဟောင်၏ မျက်ခုံးကြားသို့ ချိန်ထားလေ၏။
“မင်းက အဲဒါနဲ့ မထိုက်တန်ဘူး …. ”
ရှီဟောင်သည် ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်ကာ ထိုသူနှင့် မျက်နှာချင်းဆိုင်လိုက်လေသည်။