သုခကမ္ဘာက ရှီဟောင် - Chapter - 872 နောက်ဆုံးတိုက်ပွဲ
ကျွမ်းကျင်သူလူငယ် နှစ်ယောက်လုံးမှာ တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြပြီး မည်သူမှ အလျော့ပေးမည့်ပုံမပေါ်ပေ။
ပထမတစ်ယောက်မှာ အဆင့်မြင့်နယ်မြေတွင်ရှိသည့် သူနှင့်သက်တူရွယ်တူများအားလုံးကို ဖိနှိပ်နိုင်သည်ဟု နာမည်ကြီးသည့် ထာဝရနန်းတော်မှ သခင်လေးဖြစ်ပြီး အခြားတစ်ယောက်မှာ ထူးခြားပါရမီရှိသူများကို ဆက်တိုက်သတ်လာသည့် ယခုမှ ထွက်ပေါ်လာသည့် နတ်ဆိုးလူငယ်လေးပင်။
ထာဝရနန်းတော်မှ သခင်လေးသည် သူ၏လက်ထဲတွင် ရဲဒင်းကို ကိုင်ထားလေသည်။ နှင်းကဲ့သို့ ဖြူဆွတ်နေသည့် ရဲဒင်းအသွားသည် မျက်စိကျိန်းစေလောက်သည့် အလင်းတန်းများထုတ်လွှတ်နေပြီး ရေခဲတမျှ အေးစက်နေလေသည်။
ရှီဟောင်သည် ရွှေရောင်တာအိုစင်္ကြံတွင် တည်ငြိမ်စွာပင် ရပ်နေ၏။ သူ၏ဘယ်လက်တွင် ဆေးလုံးမီးဖိုကို ကိုင်ထားပြီး အနိုင်ယူရန် မဖြစ်နိုင်ဘူးဟုဆိုသည့် အဆင့်လွန်လူငယ်အား စိုက်ကြည့်နေလေ၏။
“ငါ့ကို အဲဒီလိုမျိုးပြောတဲ့သူတွေ အကုန်လုံး သေသွားရတာပဲ” ထာဝရနန်းတော်သခင်လေးမှ ပြောလိုက်၏။ သူဒေါသထွက်နေသည်ကို မပြပဲ အေးစက်မှုတစ်မျိုးသာ ပြသနေသည်။ သူ့ထံမှ ဖိအားတစ်မျိုးလည်း ထုတ်လွှတ်နေလေ၏။
“မင်းက လူငယ်မျိုးဆက်ရဲ့ အဆင့်လွန်လူသားလို့ မင်း တကယ်ထင်နေတာလား .. နောက်တစ်ခဏကြာရင် ငါမင်းရဲ့ခေါင်းကို ဖြတ်ပြီး မင်းရဲ့မျက်နှာကို တစ်စစီဖြစ်အောင် လုပ်ပစ်မှာ” ရှီဟောင် ပြောလိုက်၏။
သူ၏ရန်သူမှာ အလွန်စွမ်းအားကြီးပြီး အဆင့်မြင့်နယ်မြေတစ်ခုလုံးကို ကိုင်လှုပ်နိုင်သောသူဖြစ်သည်ကို သူ သိသည်။ သို့သော်လည်း သူ့ထံတွင် အခြားနည်းလမ်း မရှိပေ။ သူ ထိုရွှေရောင်စာရွက်ကို လိုအပ်သည်။ သူ ဤအခွင့်အရေးကို လက်လွတ်၍မရပေ။
ထိုရွှေရောင်စာရွက်၏ အကျိုးသက်ရောက်မှုမှာ အလွန်ပင်ကြီးမားလိမ့်မည်ဟု သူ ခံစားနေရသည်။
ဝုန်း..
ထာဝရနန်းတော်သခင်လေးသည် သူ၏ရဲဒင်းဖြင့် အောက်ဘက်သို့ လွှဲရမ်းလိုက်သည်မှာ လျှပ်စီးဖြူတစ်ခု ပစ်ချလိုက်သကဲ့သို့ပင်။
ရှီဟောင်သည် သူ၏တာအိုနှင့် ခန္ဓာကိုယ်ကို တစ်သားတည်းဖြစ်အောင် လုပ်လိုက်ပြီး အကောင်းဆုံးအခြေအနေသို့ရောက်အောင် ပြုလုပ်လိုက်၏။
ဒုန်း..
ဤကောင်းကင်နှင့်ကမ္ဘာမြေကြီးတွင် ထာဝရမိုးခြိမ်းသံများ ထက်ပေါ်လာသကဲ့သို့ပင် ရှေးနန်းတော်ကြီးပင် တုန်ခါသွားရသည်။ ရွှေရောင်တာအိုစင်္ကြံမှ တဝူဝူး အသံများထွက်ပေါ်နေလေ၏။
သူတို့နှစ်ယောက် စတင်တိုက်ခိုက်ကြလေပြီ။
သူတို့နေရာကျယ်သွားအောင် အခြားသူများ နောက်ဆုတ်လိုက်ကြလေသည်။
နတ်သမီးယွဲ့ချန်သည် နတ်အလင်းရောင်များတောက်ပနေသည့် လှပသောမျက်လုံးများဖြင့် ထိုလူနှစ်ယောက်တိုက်ခိုက်သည်ကို ကြည့်နေလေသည်။ သူမ၏ မျက်ခုံးကြားတွင်လည်း တောက်ပစွာ လင်းလက်နေလေ၏။
အခြားတစ်ဖက်တွင် ကျန်းဂု၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရာင်တောက်ပနေပြီး မာကျောသည့်အလွှာတစ်လွှာဖြစ်ပေါ်နေလေ၏။ သူအနောက်တွင် ရွှေရောင်အတောင်ပံတစ်စုံ ရှိနေပြီး သူ၏လက်ထဲတွင် သွေးနီလှံတံကို ကိုင်ထားလေသည်။
အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကျားများကဲ့သို့ပင် စိုက်ကြည့်နေကြသည်မှာ သူတို့မျက်လုံးများမှ မီးတောက်များ ထွက်လာတော့မတတ်ပင်။ ဆုတောင်းဖျာပေါ်တွင်ရှိနေသည့် အစိမ်းရောင်အရိုးစာအုပ်အတွက် တိုက်ခိုက်ရန် အသင့်ပင်။
နောက်ဆုံးတွင် ရွှေရောင်မီးအိမ်ကိုင်ထားသည့်လူငယ်မှ စတင်လှုပ်ရှားလာသည်။ ကျွမ်းကျင်သူနှစ်ယောက် တိုက်ခိုက်နေတဲ့အချိန်မှာ သူက အခွင့်အရေးကို လက်လွတ်ခံရမှာလား …
စုန်မသည် အမှောင်ထုထဲမှ ထွက်လာသည့်နတ်သမီးတစ်ပါးကဲ့သို့ပင်။ သူမသည် ရွှေရောင်မီးအိမ်လူငယ်နှင့် ပူးပေါင်းလိုက်ကာ ဆုတောင်းဖျာထံသို့ သွားလိုက်သည်။
“တိုက်မယ်..”
နတ်သမီးယွဲ့ချန်နှင့် အခြားသူများ အော်ဟစ်လိုက်ကြ၏။ မထင်မှတ်စွာပင် သူတို့အားလုံးပေါင်းတိုက်ကြလေသည်။ ကျန်းဂုသည် အရင်ဆုံး သူတို့အား တားဆီးလိုက်၏။ သူ၏လက်ထဲတွင်ရှိသည့် သွေးလှံတံသည် အလင်းတန်းများထုတ်လွှတ်ကာ ရွှေရောင်မီးအိမ်လူငယ်ကို ဖြတ်သွားလေ၏။
ဝုန်း..
ဤရိုက်ချက်ကြောင့် မျက်စိကျိန်းစေလောက်သည့် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာစေသည်။ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဤနေရာတစ်ခုလုံးကို လှုပ်ခါသွားစေကာ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေမှ စွမ်းအားကြီးသည့်သက်ရှိများလည်း လှုပ်ရှားကြလေသည်။ အပြာရောင်ကင်းမြှီးကောက်၏ အမြှီးမှာ ထောင်မတ်နေပြီး ချွန်ထက်နေလေ၏။ သူသည် လေဟာနယ်နှင့် ချိတ်ဆက်ကာအရှေ့ဘက်သို့ ရောက်လာလေသည်။
“သတ်…”
လျှပ်စီးသားတော်သည်လည်း သူတို့ အမွေအနှစ်ကို မရရှိနိုင်ရန် တားမြစ်လေ၏။
ချင်းရှန်း၊ တိုတိုင်း၊ သစ်ခွနက်၊ တန်ယိနှင့်အခြားသူများ၏ ခန္ဓာကိုယ်များတွင် သင်္ကေတများ လွှမ်းခြုံထားကာ အလင်းတန်းများ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးသည် အရိုးစာအုပ်အတွက် ချက်ချင်းပင် စတင်တိုက်ခိုက်ကြလေ၏။
ထူးခြားပါရမီရှိသူများနှင့် နတ်ဘုရားများမှာ တစ်ဦးနှင့်တစ်ဦး ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေ၏။
သို့သော် ဤနေရာတွင် အပြင်းထန်ဆုံးတိုက်ပွဲမှာ ရှီဟောင်နှင့် ထာဝရနန်းတော်သခင်လေးတို့၏ တိုက်ပွဲပင်။ သူတို့နှစ်ဦးမှာ သူသေကိုယ်သေ တိုက်နေကြသည်။ အားလုံးတိုက်ခိုက်နေကြသော်လည်း အခြားသူများမှာ သူတို့နှစ်ယောက်အတွက် နေရာပေးထားကြလေ၏။
လူအများစုမှာ သူတို့နှစ်ဦးလုံး မည်သူမှ မနိုင်ပဲ အဆုံးသတ်သွားရန် မျှော်လင့်နေကြလေသည်။
သူတို့နှစ်ဦးကြားတွင် အေးစက်သည့်အလင်းများ တောက်ပလာပြီး တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲပင်။
ထိုအချိန်တွင် ကျန်သည့်သူအားလုံးသည် ဤအခြေအနေကို အခွင့်ကောင်းယူကာ အမွေအနှစ်ကို ရယူနိုင်ရန် ကြိုးစားကြလေ၏။
ဝုန်း..
ရွှေရောင်မီးအိမ်ကိုင်ထားသည့်လူငယ်လေးသည်လည်း ကြောက်ဖို့ကောင်းသည်ဟု ပြောရမည်။ သူ၏ပါးစပ်ကိုဟကာ လေမှုတ်လိုက်သည်နှင့် မီးအိမ်အလယ်မှ သင်္ကေတများစွာ ပျံထွက်လာ၏။ ထိုသင်္ကေတများမှာ မီးတောက်များထက်ပင် လောင်ကျွမ်းနေပြီး လျှပ်စီးများထက်ပင် တောက်ပနေသည်။
သူနှင့်စုန်းမတို့က ပူးပေါင်းထား၏။ သူတို့နှစ်ဦးသည် ကြောက်စရာအကောင်းဆုံးအလင်းသင်္ကေတများကို ထုတ်လွှတ်ကာ တာအိုစင်္ကြံ၏ဖိအားများကို တွန်းလှန်နေ၏။ သူတို့၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် သူတို့သည် ဆုတောင်းဖျာ၊ အရိုးစာအုပ်နှင့် နီးကပ်နေလေပြီ။
ရွှီး..
ကောင်းကင်ထက်တွင် ဓားအလင်းတန်းများ ပြည့်နှက်သွားလေ၏။ ဖက်တီးလေးချောင်ယုရှင်းမှ လှုပ်ရှားလိုက်ခြင်းပင်။
ဓားစွမ်းအင်နှင့် ရွှေရောင်မီးအိမ်တို့ ထိခတ်သွားသည့်အချိန်တွင် မီးပွားများနေရာအနှံ့သို့ လွင့်စင်သွားလေ၏။
“ဒီလောက်လေးပဲ အစွမ်းရှိတာလား .. မင်းအသက်ကို ပေးလိုက်တော့”
ထာဝရနန်းတော်သခင်လေးမှ ဟစ်ကြွေးလိုက်သည်။ ဤရွှေရောင်တာအိုစင်္ကြံတွင်ရှိနေသည့် ဖိအားမှာ အလွန်ပင် ကြီးမားလှသော်လည်း သူသည် အပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏လက်ထဲတွင်ရှိနေသည့် ရဲဒင်းဖြင့် လွှဲရမ်းလိုက်သည်။
ရဲဒင်းအသွားမှာ တောက်ပသည့်အလင်းတန်းထွက်ပေါ်လာပြီး ရှီဟောင်၏ ဆံပင်အနည်းငယ် ပြတ်သွားလေ၏။ ဤသည်မှာ သူ၏ခန္ဓာကိုယ်ကို အလွန်ပင် နာကျင်စေသည်။ ဤသည်မှာ ပုံစံအတိအကျမရှိသည့် သတ်ဖြတ်လိုက်သည့် အငွေ့အသက်ပင်။
ရှီဟောင်သည် တည်ငြိမ်စွာဖြင့်ပင် ထိုရိုက်ချက်ကို ရှောင်ရှားလိုက်၏။ လေဟာနယ်ရဲဒင်းသည် သူ၏ခန္ဓာကိုယ်ကို ပွတ်တိုက်သွားကာ စင်္ကြံပေါ်သို့ ကျသွားလေသည်။ ဝုန်း ဟူသော အသံနှင့်အတူ ဤနေရာမှာ စတင်တုန်ခါလာ၏။
လူအချို့မှာ ငြိမ်ငြိမ်မရပ်နိုင်တော့ပဲ မြင့်မားသည့် စင်္ကြံပေါ်မှ ပြုတ်ကျလုမတတ်ပင်။
ရှီဟောင်သည် သူ၏ကောင်းကင်လမ်းကြောင်းကို ဖွင့်ကာ သူ့ထံသို့ရောက်လာတော့မည့်အလင်းတန်းကို တားဆီးလိုက်သည်။ သူသည် ရဲဒင်းကို ရှောင်နေရင်းဖြင့်ပင် ထာဝရနန်းတော်သခင်လေး၏မျက်နှာထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ထာဝရနန်းတော်သခင်လေးသည် ဝါးပင်ကဲ့သို့ပင် အနောက်ဘက်သို့ယိမ်းကာ ထိုလက်သီးချက်ကို ရှောင်လိုက်သည်။
ထို့နောက်တွင် ရုတ်တရက်ပင် သူ၏ပုခုံးလှုပ်ရှားသွားကာ ညာဘက်လက်မောင်းမှာ အလွန်ပင်ကြီးမားလာ၏။ သင်္ကေတအလင်းတန်းများ ထွက်ပေါ်လာလေ၏။ အဖြူရောင်အလင်းများမှာ ကောင်းကင်ထက်သို့ တက်သွားပြီး ရှီဟောင်ခန္ဓာကိုယ်အား တိုက်ခိုက်လေသည်။ ထိုအလင်းတန်းတွင် ဖရိုဖရဲစွမ်းအင်လှိုင်း ပါရှိလေသည်။
ထိုအချိန်တွင် အားလုံးမှာထိတ်လန့်သွားရပြီး အားလုံး လှည့်ကြည့်လိုက်ကြသည်။ ဤသည်မှာ အလွန်ပင်ကြောက်စရာကောင်းသည့် အဖိုးတန်ပညာပင်။
ကျားဖြူလက်မောင်း..
ကျားဟိန်းသံကို ကြားနေရပြီး ထိုနေရာတင် ကြီးမားလှသည့် ကျားဖြူတစ်ကောင် ပေါ်လာလေ၏။ သူသည် ဤကမ္ဘာကြီးကို ဖျက်ဆီးတော့မယောင် လေဟာနယ်ထဲတွင် သူ၏လက်သည်းများကို ဆန့်ထုတ်လိုက်လေ၏။
ကျားဖြူသည် တောတောင်များတွင် ရှိတတ်သည့် အမွေးဖြူရှိသော သာမန်ကျားဖြူမဟုတ်ပေ။ သူသည် ကမ္ဘာကြီး၏ သတ်ဖြတ်ခြင်းစွမ်းအင်ကို ဖန်တီးခဲ့သည့် ဇာမဏီငှက်နှင့် နှိုင်းယှဉ်၍ရသည့် ဝိဉာဉ်အစစ်အမှန်တစ်ခုပင်။ ဤသည်မှာ ကြောက်စရာအကောင်းဆုံး သက်ရှိတစ်ခုပင်။
ရှီဟောင်၏ အမူအရာပြောင်းလဲသွား၏။ အခြားတစ်ဖက်၏ အသွေးအသားများမှာ အမြင့်ဆုံးသို့ ရောက်နေလေပြီ။ စူးရှသည့်အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး ထိုလက်မောင်းသည် အရာအားလုံးကို ချိုးဖျက်နိုင်သည့်စွမ်းအားဖြင့် ရောက်ရှိလာလေသည်။
ယခင်တစ်ခေါက်က သူတို့နှစ်ဦးတိုက်ခိုက်သည့်အချိန်တွင် သူ၏လက်မနှင့် လက်ညှိုးကြား အက်ကွဲသွားခဲ့၏။ သူ၏အသွေးအသားသည် ရှီဟောင်အား မဖိနှိပ်နိုင်ခဲ့ပေ။ သို့သော် ယခုတစ်ခေါက်တွင် သူသည် ရှီဟောင်ကို ဖိနှိပ်ရန်အတွက် ကျားဖြူလက်မောင်းကို ထုတ်သုံးလိုက်လေသည်။
သူ၏ပစ်မှတ်ကို ရောက်တော့မည်ဖြစ်သဖြင့် ထိုသူ သေချာပေါက် မရှောင်နိုင်တော့ပေ။
ရှီဟောင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အဆုံးမရှိသည့် လျှပ်စီးသင်္ကေတများ ထုတ်လွှတ်လိုက်ကာ ထိုလက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းတွင်ရှိသည့် ခွန်ပန်စွမ်းအားများ လည်ပတ်လာပြီး သူ၏ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားလေသည်။ အထူးသဖြင့် သူ၏ပုခုံးထက်တွင် ရောယှက်နေသည့် ရွှေရောင်နှင့် အနက်ရောင်သင်္ကေတများပင်။
လျှပ်စီးဖြင့် ဖုံးကွယ်ထားသောကြောင့် ဤသင်္ကေတများကို တွေ့ရှိနိုင်ရန်မှာ အနည်းငယ် ခက်ခဲနေသည်။
ဝုန်း..
ဤရိုက်ချက်ပြီးသည့်နောက်တွင် လေဟာနယ်ပျက်ယွင်းသွားပြီး လေထဲတွင် စစ်ပွဲဗုံသံကဲ့သို့ပင် ထူးဆန်းသည့် အသံတစ်သံထွက်ပေါ်လာ၏။ လူအချို့မှာ မြင့်မားလှသည့် တာအိုစင်္ကြံပေါ်မှ ပြုတ်ကျသွားလေသည်။
ဤရိုက်ချက်မှာ မည်မျှပင် ကြောက်စရာကောင်းသည်ကို တွေ့နိုင်သည်။ သူ၏စွမ်းအားလှိုင်းရိုက်ခတ်မှုပင်လျှင် ပြင်းထန်လွန်းလှပြီး မည်သူမျှ မကာဆီးနိုင်ပေ။
ထိုသူနှစ်ယောက်လုံး နောက်ပြန်ဆုတ်လိုက်ကြပြီး သူတို့ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူတို့သည် ခွန်အားတစ်ခုတည်းကိုသာ အသုံးပြုခြင်းဖြစ်ပြီး နှစ်ဘက်လုံး ဒဏ်ရာရရှိသွားကြလေ၏။
သူတို့နှစ်ဦးလုံး၏ အမူအရာများမှာ လေးနက်နေပြီး တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြလေသည်။
ထာဝရနန်းတော်သခင်လေးမှ အရင်လှုပ်ရှားလိုက်၏။ ယခုတစ်ခေါက်တွင် သူသည် နတ်မြှားထက်ပင် ပို၍မြန်ဆန်နေသည်။ သူ့ထံမှ ခရမ်းရောင်သင်္ကေတများထွက်ပေါ်လာကာ သူသည် လေဟာနယ်ထဲသို့ နင်းလျှောက်ကာ ရှီဟောင်ထံသို့ ဦးတည်လာနေလေ၏။
သူ၏နတ်စွမ်းရည် ပြောင်းလဲသွားလေပြီ။ ဤသည်မှာ ကျားဖြူအဖိုးတန်ပညာမဟုတ်တော့ပဲ အခြားစွမ်းအားတစ်မျိုးပင်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ခရမ်းရောင်ပြောင်းလဲသွားလေ၏။ အထူးသဖြင့် သူ၏ခြေထောက်ပင်။ သူ၏ခြေဖဝါးအောက်တွင် လေဟာနယ်မှာ ပြိုလဲကျမတတ်ပင်။
ဒါက ဘာနတ်စွမ်းရည်လဲ .. လူအများစုမှာ အေးခဲသွားလေသည်။
“ချီလင်းခြေထောက် … ” ထူးခြားပါရမီရှိသူတစ်ယောက်မှ နူးညံ့စွာပင် ပြောလိုက်၏။
ထာဝရနန်းတော်သခင်လေး၏ ခြေထောက်များတွင် ခရမ်းရောင်အကြေးခွံများ ပေါ်လာသည်။ ထိုခြေထောက်မှာ အလွန်ပင်ကြီးမားလာပြီး အပေါ်ဘက်မှ ဆင်းသက်လာကာ ရှီဟောင်၏ဦးခေါင်းအား နင်းချလိုက်လေ၏။
ရှီဟောင်၏ မျက်လုံးများ တောက်ပလာကာ သူ၏ကျောဘက်မှ အဆုံးမရှိသည့် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာကာ တောက်ပသည့်အတောင်ပံတစ်စုံ ထွက်ပေါ်လာလေသည်။ ဤသည်မှာ သူ ယွဲ့ချန်၏ ကိုယ်ပွားထံမှ သင်ယူခဲ့သည့် ဖီးနှစ်အစစ်သတ်ဖြတ်ခြင်းနည်းလမ်းပင်။
သို့သော် ဤသည်မှာ ဖီးနှစ်လူမျိုးစုအစစ်၏ စွမ်းအားအကြီးဆုံး ပညာတစ်ခုမဟုတ်ပဲ နည်းလမ်းတစ်ခုသာ။
ရှီဟောင်သည် မူလရှေးဟောင်းမှတ်တမ်းကို အကြိမ်ကြိမ်အခါခါ ဖတ်ရှုထားသောကြောင့် သူ အကျိုးကျေးဇူးများစွာပင် ရရှိခဲ့ပြီး ဆိုးဝါးသောအရာကို နက်နဲသည့် ထူးဆန်းမှုဖြစ်အောင် ပြောင်းလဲနိုင်ခဲ့၏။ ဤနည်းလမ်းကို သူ၏ကိုယ်ပိုင် အသိအမြင်ဖြင့် ပြုလုပ်ထားခြင်းပင်။
သူ၏လက်မောင်းများကို လှုပ်ခတ်လိုက်သည်နှင့် သူ၏အနီရောင်နတ်အတောင်ပံကြားမှ ငှက်မျိုးစုံနှင့် သားရဲမျိုးစုံ ထွက်ပေါ်လာလေသည်။ ကြောက်စရာကောင်းသည့်အော်ရာလည်း ကောင်းကင်တစ်ခုလုံးကို ပြည့်လျှံသွားလေ၏။ ဝုန်းဟူသောအသံနှင့်အတူ ချီလင်းခြေထောက်နှင့် ထိပ်တိုက်တွေ့သွားလေသည်။
ယခုတစ်ကြိမ်တွင် နှစ်ဦးလုံး အနောက်သို့လွင့်ထွက်သွားပြီး သွေးအန်သွားကြသည်။
သူတို့နှစ်ဦးလုံး ထိတ်လန့်သွားကြ၏။
သူတို့နှစ်ဦးလုံးမှာ အသွေးအသားပိုင်းတွင် ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်သော်လည်း ဤကဲ့သို့သော ရလဒ်မျိုး ရလာသေးသည်။ သူတို့၏ အကြည့်များမှာ ပို၍လေးနက်လာကာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း လေထဲတွင် ပျံ့လွင့်လာ၏။
“ယင်လက်ချောင်း … ”
ထာဝရနန်းတော်သခင်လေး အော်ဟစ်လိုက်ကာ သူ၏ညာဘက်ကို အရှေ့ဘက်သို့ ညွှန်လိုက်သည်။ ယင်စွမ်းအင်များမှာ မင်နက်ကဲ့သို့ပင် လေထဲတွင် သိပ်သည်းလာ၏။ ထို့နောက်တွင် ပေါက်ကွဲသွားကာ ရှီဟောင်ကို ဖိနှိပ်နေလေသည်။
ဤသည်မှာ လက်ချောင်းလေးတစ်ချောင်းသာဖြစ်သော်လည်း နတ်ပစ္စည်းများစွာကို ထိုးဖောက်ကာ အရာအားလုံးကို ဖျက်ဆီးနိုင်လေသည်။ ခပ်ဝေးဝေးတွင် တိုက်ခိုက်နေသည့် လူအုပ်ထံမှ ကျွမ်းကျင်သူတစ်ယောက်၏ မှော်ပစ္စည်းတစ်ခု လွင့်ထွက်လာကာ စစ်မြေပြင်အတွင်းသို့ ဝင်ရောက်လာလေသည်။ သို့သော် ဖုန်း ဟူသောအသံနှင့်အတူ ထိုလက်ညှိုးမှာ လွင့်စင်လာသည့် လျှို့ဝှက်ရတနာကို ဖောက်ဝင်သွားကာ ထိုပစ္စည်းကို ဖောက်ခွဲပစ်လိုက်လေသည်။
“ယန်လက်သီး”
ရှီဟောင်အော်ဟစ်လိုက်၏။ ယခုတစ်ကြိမ်တွင် သူသည် ခွန်ပန်ပညာ၏ ခွန်အားအပိုင်းကို အသုံးပြုလိုက်ခြင်းပင်။ နေနတ်ဘုရားစွမ်းအားထွက်ပေါ်လာကာ သူ၏လက်သီးတစ်ခုလုံး ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဝုန်း..
သူတို့နှစ်ဦးလုံးတိုက်ခိုက်လိုက်ကြ၏။ ယင်နှင့်ယန်စွမ်းအား ထိပ်တိုက်တွေ့ဆုံသွားကာ အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေသည်။ ဖရိုဖရဲစွမ်းအင်ထွက်ပေါ်လာကာ လေဟာနယ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာ၏။
သူတို့နှစ်ဦးလုံး၏ စွမ်းအားများမှာ သာတူညီမျှ ဖြစ်နေမှန်း သိသာလှသည်။
အား..
ရှီဟောင် အရင်ဆုံး ပြန်လည်တိုက်ခိုက်လိုက်၏။ တစ်ခဏအတွင်းမှာပင် သူသည် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ထွက်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း ရွှေရောင်ဖြစ်သွားလေသည်။
ဖုန်း..
လက်သီးနှင့် လက်ချောင်း ထိပ်တိုက်တွေ့ဆုံသွားလေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နတ်အလင်းရောင်တောက်ပလာကာ သူ၏ခန္ဓာကိုယ်သည် အရပ်မျက်နှာပေါင်းစုံကို ဖိနှိပ်ထားသည့် မီးဖိုကြီးတစ်ခု ကဲ့သို့ပင်။
ဖုန်း..
ထာဝရနန်းတော်သခင်လေး၏ ပုခုံးကို ရိုက်မိသွားလေ၏။ သူ၏ကျားဖြူလက်မောင်း ခံနေသောကြောင့်သာ မဟုတ်ပါက သူ၏လက်မောင်းတစ်ခုလုံး ပေါက်ကွဲသွားလောက်ပြီ။