သုခကမ္ဘာက ရှီဟောင် - Chapter - 877 ထူးခြားသောပန်း
အားလုံးဆွံ့အသွားကြ၏။ ဤတစ်ယောက်မှာ ထာဝရနန်းတော်သခင်လေးအား သတ်လိုက်ပြီး သူ့ကို လျှို့ဝှက်နယ်မြေမှ ကန်ထုတ်လိုက်သည့်တစ်ယောက်လား … သူက ထာဝရနန်းတော်သခင်လေးနောက်ကိုတောင်လိုက်လာသေးတယ် .. ဒါက ဘယ်လိုတောင်စိတ်ကြီးဝင်နေတာလဲ..
ထာဝရနန်းတော်သခင်လေးသည် တစ်စုံတစ်ယောက်ကြောင့် လျှို့ဝှက်နယ်မြေမှ အထုတ်ခံရသည်ဟူသော သတင်းသည် သေချာပေါက်ပင် အဆင့်မြင့်နယ်မြေတွင် ပျံ့နှံ့ကာ အုတ်အော်သောင်းတင်းဖြစ်သွားမည်သာ။ ထိုအချိန်ကျလျှင် အားလုံးမှာ ထိုသူသည် မည်သူဖြစ်သနည်းဆိုသည်ကို ခန့်မှန်းကြလိမ့်မည်။ သို့သော် သူကိုယ်တိုင် ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု သူတို့မထင်ခဲ့ပေ။
ရှီဟောင်သည် ထာဝရနန်းတော်သခင်လေး၏ အစေခံကို သတ်လိုက်ရုံသာမက သူတို့သခင်ကိုပါ ယဇ်ပုလ္လင်ထက်မှ ကန်ထုတ်လိုက်လေသည်။
“အရမ်းကို စိတ်ကြီးဝင်နေတာပဲ .. သူက ခွန်အားကြီးချင်ယောင်ဆောင်နေတာလား ဒါမှမဟုတ် သူ့မှာ တကယ်ပဲ ကြောက်ဖို့ကောင်းတဲ့နောက်ခံအင်အား ရှိနေတာလား”
“သူက ထာဝရနန်းတော်ထက် မနိမ့်တဲ့ ရှေးဟောင်းဂိုဏ်းတစ်ခုက လာတာဖြစ်လောက်တယ်”
အားလုံး၏စိတ်ထဲတွင် အလွန်ပင်တုန်လှုပ်သွားရ၏။ ဤလူ၏ ယနေ့အောင်မြင်မှုမှာ သေချာပေါက်ပင် အဆင့်မြင့်နယ်မြေအား ကိုင်လှုပ်နိုင်လိမ့်မည်။
အခြားသူများမပြောနှင့် … ဂိုဏ်းခေါင်းဆောင်များပင်လျှင် အံ့အားသင့်နေကြလေ၏။
ဒီလိုမျိုးလုပ်နိုင်ဖို့အတွက် သူဘယ်လောက်တောင်ရူးမိုက်နေတာလဲ .. ထာဝရနန်းတော်သခင်လေးကို တိုက်ဖို့အတွက်နဲ့ အသေခံပြီးတော့ ယဇ်ပုလ္လင်ကို ပြန်လာတာလား .. ဤသည်မှာ ထူးဆန်းလှ၏။
“ဟမ် သူဘယ်ရောက်သွားတာလဲ”
ထိတ်လန့်စရာကောင်းသည်မှာ ထိုပုံရိပ်သည် ထာဝရနန်းတော်သခင်လေးကို တိုက်ခိုက်လိုက်သည့်တွန်းကန်အားကို အသုံးချကာ လျှို့ဝှက်နယ်မြေထဲသို့ ပြန်ဝင်သွားခြင်းပင်။
သို့သော် သူနောက်တစ်ကြိမ်ပြန်မထွက်လာတော့ပဲ တစ်ခဏအတွင်းတွင် ဤနေရာမှ ပျောက်ကွယ်သွားလေသည်။
လူများစွာမှာ ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။
ရွှီး..
ဂိုဏ်းခေါင်းဆောင်တစ်ယောက်၏လက်တစ်ဖက်သည် လျင်မြန်စွာပင် ကောင်းကင်ကြားတွင် ပုန်းခိုလိုက်ကာ ကမ္ဘာမြေကြီးကို ဖုန်းကွယ်လိုက်ကာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လိုက်၏။ ထို့နောက်တွင “လူငယလေး .. မင်းဒဏ်ရာရထားတယ် .. ဒီလူအိုကြီး မင်းကို ကုပေးပါရစေ .. အရင်ဆုံးအပြင်ထွက်လာခဲ့လိုက်ပါ”
“မလိုဘူး .. ငါက ထာဝရနန်းတော်သခင်လေးလက်အောက်က တစ်ယောက်ကိုပဲ အနိုင်ယူဖို့လာတာ” ရှီဟောင် ပြောလိုက်၏။ သူ၏လှုပ်ရှားသည့်ပညာရပ်မှာ အလွန်ပင်လျင်မြန်လှပြီး တစ်ခဏအတွင်းမှာပင် မြူများရစ်ဆိုင်းနေသည့် တောင်အတွင်းဘက်သို့ ရောက်သွားလေသည်။
ထိုလက်ကြီးသည် လျှို့ဝှက်နယ်မြေထဲသို့ ရောက်လာသော်လည်းကန့်သတ်ခံလိုက်ရကာ သူ၏စွမ်းအား အားနည်းသွားပြီး သူ၏ကျင့်ကြံနယ်ပယ်လည်း အဆင့်ကျသွားသည်။
ထိုဂိုဏ်းခေါင်းဆောင် မျက်မှောင်ကြုတ်သွားသော်လည်း အဆုံးသတ်တွင် သူအရမ်းနောက်ကျသွားလေပြီ။ သူ၏လက်ကို ပြန်ရုတ်လိုက်ကာ အထဲဘက်ကို ဆက်မလိုက်တော့ပေ။
အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှ၏။ ရှီဟောင် ပေါ်လာပြီးထာဝရနန်းတော်သခင်လေး၏ မိန်းကလေးအစေခံကိုရိုက်ချလိုက်ပြီးနောက် ထာဝရနန်းတော်သခင်လေးအား အားအပြည့်ကန်ထည့်လိုက်ကာ သူတွန်းကာအားကိုသုံးပြီး လျှို့ဝှက်နယ်မြေထဲသို့ ပြန်ဝင်သွားသည်မှာ အချိန်တစ်ခဏသာ ကြာမြင့်လေသည်။
အခြားသူများအားလုံးကို မဆိုထားနှင့်။ ဂိုဏ်းခေါင်းဆောင်အိုကြီးများပင်လျှင် ချက်ချင်းဆွံ့အသွားကြ၏။ သူတို့ထိတ်လန့်ကာ စိတ်ရှုပ်ထွေးနေသည့်အချိန်တွင် သူတို့ဘာကိုမှ အလောတကြီး မလုပ်ကြပေ။
ထို့ကြောင့်ပင် ရှီဟောင်သည် လျင်မြန်စွာပင် လျှို့ဝှက်နယ်မြေထဲသို့ ပြန်ရောက်လာနိုင်ခြင်းပင်။
အပြင်ဘက်တွင်ရှိနေသည့် သူများမှာ ရှီဟောင်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားပြီး မြူထဲတွင်ရပ်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်သည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
“မင်းအသက်ကို လက်လွှတ်လိုက်တော့” ထာဝရနန်းတော်သခင်လေးသည် ပါးစပ်အပြည့်သွေးအန်ကာ ပြောလိုက်၏။ သွေးတစ်ဝက်ခန့်မှာ ခြုံခိုတိုက်ခိုက်ခံရသောကြောင့်ဖြစ်ပြီး အခြားတစ်ဝက်မှာ ဒေါသထွက်နေရသောကြောင့်ပင်။ ဤရန်သူမှာ အရှက်မရှိလွန်းလှသည်။
တစ်ဖက်လူသည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံလိုက်ရသောကြောင့် ဤနေရာသို့ ပြန်ရောက်လာရခြင်းဖြစ်မှန်းသူသိသည်။ သို့သော် ထိုကောင်သည် သူ့ကိုသတ်ရန်အတွက် လိုက်လာသည့်ပုံစံလိုမျိုး လုပ်သွားသည်။ ဤသည်မှာ အရှက်မဲ့လွန်းလှသည်။
တစ်ဖက်လူ ဤကဲ့သို့ပြုလုပ်ရခြင်းမှာ အားလုံးကို စိတ်ရှုပ်ထွေးသွားအောင် လုပ်ခြင်းပင်။ အားလုံးထိတ်လန့်နေသည်ကို အခွင့်ကောင်းယူကာ သူလျှို့ဝှက်နယ်မြေထဲသို့ လျင်မြန်စွာ ပြန်သွားခြင်းပင်။ ဒုတိယအကြောင်းပြချက်မှာ အနိုင်ရသည့်သူမှာ မည်သူဖြစ်သည်ကို တစ်ကမ္ဘာလုံးအား ကြေငြာပြီး သူ့အားအရှက်ခွဲခြင်းပင်။
“သတ်..” ထာဝရနန်းတော်သခင်လေးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက်တွင် ရန်သူကို သတ်ရန်အတွက် လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားလိုက်လေ၏။
“မင်း ဒီမြင့်မြတ်တဲ့လူကို တစ်ကြိမ်ရှုံးပြီးသွားပြီကို နောက်ထပ်တစ်ခေါက် ထပ်တိုက်ရဲတယ်ပေါ့ .. ဒီနေ့မင်းကိုသတ်ဖို့အတွက် ငါထွက်လာခဲ့တာ” ရှီဟောင်သည် တစ်ကမ္ဘာလုံးတွင်စွမ်းအားအကြီးဆုံးသူ ဟူသည့်ပုံစံမျိုး လုပ်နေလေသည်။
ထာဝရနန်းတော်သခင်လေးမှာ သွေးအန်တော့မည်။ ဤကောင်သည် အမှန်တကယ်ပင်အရေထူလှသည်။ သူအသတ်ခံရသောကြောင့် ဤနေရာသို့ ရောက်လာရခြင်းဖြစ်သော်လည်း အရှက်မရှိ ဤကဲ့သို့ ပြောရဲသေးသည်။
ဝုန်း..
ထို့နောက်တွင် သူကျားဖြူလက်မောင်းကို အသုံးပြုလိုက်သည့်အချိန်တွင် မြင့်မြတ်သည့်အဖြူရောင်အလင်းများ ထွက်ပေါ်လာ၏။ ကျားဖြူကြီးသည် သတ်ဖြတ်လိုသည့်စွမ်းအင်ဖြင့် ရှီဟောင်ထံသို့ ရောက်လာလေသည်။
“မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်သေးဘူး .. မင်းမှာစီနီယာအစ်မတွေမရှိဘူးလား … သူ့ကို လာတိုက်ခိုင်းလိုက်” ရှီဟောင်သည် လက်နောက်ပစ်ထားလေသည်။
သူ၏ခန္ဓာကိုယ်အရှေ့တွင် လျှပ်စီးဖြင့်ပြုလုပ်ထားသည့် အပြာရောင်ရေကန်တစ်ခု ရှိနေလေ၏။ သူ၏ပြိုင်ဘက်ကို အထင်သေးသည့်ပုံစံဖြင့် ပေါ့ပေါ့ပါးပါးဖြစ်နေသော်လည်း သူ၏တိုက်ခိုက်မှုများမှာ ကြောက်စရာကောင်းလွန်းလှ၏။
အပြင်ဘက်တွင်ရှိနေသည့် သူအားလုံး ဆွံ့အသွား၏။ ဒီလူက တကယ်ပဲ အဲဒီလောက်စွမ်းအားကြီးတာလား..
“ထာဝရနန်းတော်သခင်လေးမှာ ဆရာတူအစ်မတွေရှိလား”
“ထာဝရနန်းတော်သခင်လေးက အရမ်းကို စွမ်းအားကြီးပြီးတော့ သူ့မျိုးဆက်မှာ သူက ပြိုင်ဘက်ကင်းလို့ သူ့ကိုယ်သူသတ်မှတ်ထာတာ … ဒါက ထာဝရနန်းတော်သခင်လေးကို စိန်ခေါ်တာပဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
ဂိုဏ်းခေါင်းဆောင်အချို့သာ အံ့ဩသွားကြသည်။ လျှို့ဝှက်နယ်မြေထဲတွင် ဘာဖြစ်ခဲ့မှန်း သူတို့မသိကြသော်လည်း ဤလူငယ်လေးမှာ စကားကြီးစကားကျယ်ပြောနေသည်ကို သူတို့သိလိုက်ပြီ။
ထာဝရနန်းတော်သခင်လေးနေရာတွင် မည်သူပဲဖြစ်နေပါစေ။ သူတို့ သွေးအန်သွားလိမ့်မည်။
ဝုန်း..
ကျားဖြူနှင့် အပြာရောင်လျှပ်စီးရေကန်တို့ ထိပ်တိုက်တွေ့သွားကြသည်။ အဆုံးမရှိသည့်အလင်းတန်းထွက်ပေါ်လာပြီး အပင်များနှင့် တောင်များအားလုံးကို ပြာမှုန့်အဖြစ်သို့ ပြောင်းလဲလိုက်လေသည်။
ထိုနှစ်ဦးမှာ စတင်တိုက်ခိုက်ကြလေသည်။
ထာဝရနန်းတော်သခင်လေး၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ထာဝရအမွေးအတောင်စစ်ဝတ်စုံတောက်ပနေပြီး သူ့အားတင်းကျပ်စွာ ရစ်နှောင်ထားလေသည်။ ထိုအချိန်တွင် ထိုလူငယ်၏ ချပ်ဝတ်တန်ဆာမှာအပေါက်များစွာနှင့် အလွန်ပင် ရုပ်ဆိုးနေလေသည်။
သူက ဘယ်ရှေးဟောင်းဂိုဏ်းကလာလို့ ဒီလောက်တောင် မွဲတေနေတာလဲ …
အထူးသဖြင့် ရှီဟောင်လှုပ်ရှားလိုက်သည့်အချိန်ပင်။ သူလှုပ်ရှားလိုက်သည်နှင့် သံကြေးမှုန့်များကျလာပြီး မြေပြင်နေရာအနှံ့တွင် သံကြေးမှုန့်များ ရှိနေလေ၏။ အားလုံးမှာ ဆွံ့အသွားရသည်။
“ဟွမ် .. မင်းအသက်ကို လက်လွှတ်လိုက်တော့” ထာဝရနန်းတော်သခင်လေး ရူးတော့မတတ်ပင်ဖြစ်နေ၏။ ထို့နောက်တွင် ထာဝရလူသားတံဆိပ်ပေါ်လာ၏။ သူသည် စွမ်းအားအကြီးဆုံး ပညာကို နောက်တစ်ကြိမ်အသုံးပြုလိုက်ခြင်းပင်။
“ဘာ..” အားလုံးမှာ အံ့အားသင့်သွားပြီး ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။
သူက ဟွမ်လား .. နောက်ထပ်သူပဲလား..
ယခုတစ်ကြိမ်တွင် ရှီဟောင်သည် စုတ်ပြဲနေသည့် ဝတ်စုံကို ဝတ်ဆင်ကာ သူ၏အော်ရာကိုဖုံးကွယ်ထားသောကြောင့် သူတို့မမှတ်မိခြင်းပင်။
“ဘုရားရေ .. သူကတကယ်ပဲ နဆ်ဆိုးဘုရင်လူငယ်ပဲ .. သူ့မှာ ဒီလောက်တောင်တိုက်ခိုက်နိုင်စွမ်းရှိတယ်ပေါ့”
ဤနေရာတွင် အုတ်အော်သောင်းတင်းဖြစ်သွား၏။ သူမည်သူဖြစ်သည်ကို သိသွားသည့်အချိန်တွင် ပို၍ပင် ထိတ်လန့်သွားကြသည်။ အားလုံးမှာ မယုံကြည်နိုင်စွာ ကြည့်လိုက်ကြလေသည်။
“တကယ်သူပဲ .. သူက ထာဝရနန်းတော်သခင်လေးကိုသတ်ပြီးတော့ ဒီထိတောင် လိုက်လာတယ် .. ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ နတ်ဆိုးဘုရင်လဲ .. နတ်ဆိုးဧကရာဇ်ရဲ နတ်အထိမ်းအမှတ်ကျောက်တိုင်မှာ သူ့နာမည်ချန်ထားခဲ့တဲ့ ဟွမ် ဖြစ်ထိုက်ပါတယ်”
ထိုစကားလုံးများကို ကြားလိုက်ရသည့်အချိန်တွင် ထာဝရနန်းတော်သခင်လေး၏ မျက်လုံးများမှာ ပို၍ပင် အေးစက်လာ၏။ သူ၏စိတ်ထဲတွင် ဒေါသမီးများ တောက်လောင်နေလေပြီ။ သူသည် တစ်ကြိမ်အသတ်ခံခဲ့ရသော်လည်း သူသည် ဟွမ်ထက်ပို၍စွမ်းအားကြီးသည်ဟု ယုံကြည်နေဆဲပင်။ ပထမတစ်ခေါက်က သူစိတ်ကြီးဝင်ပြီး သတိလက်လွတ်ဖြစ်ခဲ့သောကြောင့်ပင်။
ဂိုဏ်းခေါင်းဆောင်များအားလုံး ရှီဟောင်အား ကြည့်လိုက်ကြပြီး အချို့မှာသူ့အားဒေါသထွက်နေကြလေ၏။
ကံမကောင်းစွာဖြင့်ပင် သူတို့လျှို့ဝှက်နယ်မြေထဲသို့မဝင်နိုင်ပေ။
“ဘိုးဘေး … အသက်ကယ်သင်္ကေတရှိသေးလား .. ကျွန်တော်အထဲဝင်ပြီး သူ့ကို သွားသတ်မယ်” ချင်းကလန်မှ နတ်ဘုရားတစ်ပါးသည် ချင်းချန်ရှန်းအား လျှို့ဝှက်စွာပင် ပြောလိုက်လေ၏။
ချင်းချန်ရှန်းသည် ထိုနေရာတွင် ကျောက်တောင်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေပြီးဘာမှ ပြန်မပြောပေ။ ကျွမ်းကျင်သူတစ်ယောက်ဝင်သွားလျှင်ပင် သူကန့်သတ်ခံရလိမ့်မည်။ သူ့ထံတွင် အသက်ကယ်သင်္ကေတနှစ်ခု ရှိသေးသည်။ သူသာ ကျွမ်းကျင်သူနှစ်ယောက်ထပ်ပို့လိုက်လျှင်လည်း ဘာမှ သိပ်ပြောင်းလဲမည်မဟုတ်ပေ။
ထို့အပြင် ချင်းကလန်မှ နတ်ဘုရားအနည်းငယ် ပို့ထားသော်လည်း သူတို့အားလုံး အသတ်ခံလိုက်ရလေပြီ။
ဝုန်း..
ထာဝရလူသားပုံရိပ်ထံမှ လှုံ့ဆော်မှုနှင့် ထာဝရအမွေးတောင်စစ်ဝတ်စုံ၏ တားဆီးမှုကို ခံလိုက်ရသည့်အချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် စုတ်ပြဲနေသည့်ဝတ်စုံမှာ တောက်ပလာ၏။ အပေါက်ကြီးများမှ အလင်းရောင်များထွက်လာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေ၏။
ယခုတစ်ကြိမ်တွင် အားလုံး တုန်လှုပ်သွားကြ၏။ ဂိုဏ်းခေါင်းဆောင်များမှာ ပို၍ပင် သတိကြီးကြီးဖြစ်သွားလေ၏။ ထိုပျက်စီးနေသည့် ဝတ်စုံသည်လည်း အလွန်ကြောက်စရာကောင်းမှန်း သူတို့သိသွားကြသည်။
ရှေးခေတ်ကတည်းကရှိခဲ့သည့် ဟုန်ကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်နေသော်လည်း သူ၏မျက်လုံးတွင် ထူးဆန်းသည့်အလင်းတောက်ပနေကာ “ငါအဲဒီနေရာက အော်ရာကို ခံစားလို့ရနေတယ် .. ဒီချပ်ဝတ်တန်ဆာရဲ့ မူလက သေချာပေါက်ကို မနိမ့်ကျဘူး”
ချင်ချန်းရှန်သည် ထိုစကားကိုကြားလိုက်သည့်အချိန်တွင် ခေါင်းညိမ့်လိုက်ကာ “ခင်ဗျားပြောတာမှန်တယ် .. အဲဒီစုတ်ပြဲနေတဲ့ဝတ်စုံက လူမနေတဲ့နေရာက လာကာ .. အဲဒီမှာ ထူးဆန်းတဲ့အော်ရာမျိုးစုံရှိတယ်”
လျို့ဝှက်နယ်မြေထဲတွင် ထိုစွမ်းအားရှင်နှစ်ယောက်သည် အပြန်အလှန်တိုက်ခိုက်နေကြပြီး ကောင်းကင်ထက်တွင် လျှပ်စီးများ ဖုံးလွှမ်းနေလေ၏။
သူတို့သည် မြင်ကွင်းကို သေချာမမြင်ရသော်လည်း ဘာဖြစ်နေသည်ကို ခံစား၍ရသည်။ ဤသည်မှာ အဆင့်လွန်ကျွမ်းကျင်သူနှစ်ယောက်တိုက်ခိုက်သည်နှင့် မတူတော့ပေ။
“ဟွမ်က တကယ်ကိုပဲ မျိုးဆက်တစ်ခုရဲ့ ကျွမ်းကျင်သူပဲ .. သူက အသက်ငယ်ပေမယ့်လည်း ထူးခြားပါရမီရှိတဲ့သူအများကြီးကို သတ်နိုင်တယ် .. ထာဝရနန်းတော်သခင်လေးကိုတောင် တစ်ခါသတ်လိုက်နိုင်တယ်”
“နတ်ဆိုးဘုရင်လူငယ်ကို ပထမဆုံးရန်စတဲ့သူက မီးမိစ္ဆာနန်းတော်ပဲဆိုတာ ငါမှတ်မိသေးတယ် .. သူတို့တွေက သူ့ကို အသုံးမဝင်တဲ့သူလိုမျိုး သူတို့ကလန်က လူတွေနဲ့အတူတူ အထဲဝင်ခိုင်းလိုက်ကာ .. နောက်ဆုံးကျတော့ သူတို့အတွက် ကပ်ဆိုးကြီးဖြစ်သွားတာပဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
မီးမိစ္ဆာနန်းတော်မှ လူများ၏မျက်နှာများမှာ မည်းမှောင်သွားရ၏။ နတ်ဆိုးဘုရင်လူငယ်အကြောင်းပြောသည့်အချိန်တိုင်းတွင် သူတို့အကြောင်းပါလာသည်။ ဤသည်မှာ အလွန်ပင်ဆိုးဝါးလွန်းလှပြီး သူတို့ကို ငိုချင်အောင် ပြုလုပ်နေခြင်းပင်။
“မင်းက အရမ်းအားနည်းလွန်းတယ် .. ငါ့ပြိုင်ဘက်မဟုတ်ဘူး .. ငါနဲ့တိုက်ဖို့ မင်းရဲ့ စီနီယာအစ်မကို သွားခေါ်လာခဲ့လိုက်”
တိုက်ပွဲထဲမှ ရှီဟောင်၏အသံပျံ့လွင့်လာ၏။ ရုတ်တရက်ပင် လျှပ်စီးများထွက်ပေါ်လာပြီ ကောင်းကင်ထက်သို့ သင်္ကေတများ တရှိန်ထိုးတက်သွားလေသည်။
ထာဝရနန်းတော်သခင်လေး၏ မျက်နှာပျက်ယွင်းသွား၏။ အမှန်တကယ်တွင် သူတို့မှာ သူမသာကိုယ်မသာပင်။ ထို့အပြင် တစ်ဖက်လူမှာ ချပ်ဝတ်တန်ဆာထံမှ မှော်စွမ်းအားရနေခြင်းဖြစ်သော်လည်း ဤကဲ့သို့ ပြောရဲနေသေးသည်။
ဤအရူးကောင်သည် အရေထူလွန်းပြီး သူ့ကိုတမင်သက်သက်ရန်စကာ အားလုံးရှေ့တွင် သူ့အား ခနဲ့နေသည်မှာ သိသာလှသည်။
အပြင်ဘက်တွင်ရှိနေသည့်သူအားလုံးထိတ်လန့်သွားရ၏။ တကယ်ပဲ ဒီလိုမျိုးဖြစ်နေတာလား ..
ဝုန်း..
တိုက်ပွဲမှာ တစ်ဖြည်းဖြည်းနှင့် လျှို့ဝှက်နယ်မြေအတွင်းပိုင်းသို့ ရောက်လာလေသည်။ ရှီဟောင်သည် ဤနေရာတွင် သူနှင့်အချိန်ဖြုန်းနေရန် အချိန်မရှိပေ။ သူရွှေရောင်တာအိုစင်္ကြံသို့ ပြန်သွားရဦးမည်။
ပထမအချက်မှာ သူ့အဖိုး၏လုံခြုံရေးကို စိတ်ပူသောကြောင့်ပင်။ ဒုတိယအချက်မှာ သူထိုရွှေရောင်စာရွက်ကို လက်မလွတ်ချင်။
သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုကို မတွေ့ရတော့သဖြင့် စိတ်ပျက်နေကြလေ၏။ သူတို့နှစ်ဦးပျောက်ကွယ်သွားကာ သူတို့၏အော်ရာများကို အာရုံခံ၍မရတော့ပေ။
“သူသေကိုယ်သေ တိုက်ရဲလား” ထာဝရနန်းတော်သခင်လေးမှ အော်ဟစ်လိုက်၏။
“ငါတို့ ခုနကတည်းက သူသေကိုယ်သေတိုက်ပြီးတော့ မင်းကိုငါသတ်လိုက်တာလေ” ရှီဟောင်သည် ထူးမခြားနားစွာပင် ပြန်ပြောလိုက်သည်။ ထို့နောက်တွင် သူသည် ခပ်ဝေးဝေးသို့ သွားလိုက်ကာ “ငါမင်းနဲ့ ဆော့ဖို့အချိန်မရှိတော့ဘူး .. ငါအမွေအနှစ်ကို သွားယူရတော့မယ်”
အမှန်တကယ်တွင် ထာဝရနန်းတော်သခင်လေးသည် ဒေါသထွက်သော်လည်း သူ၏ဒေါသကို ဖိနှိပ်နေရသည်။ ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ အမြင့်ဆုံးနန်းတော်၏ အမွေအနှစ်ကို ရယူရန်ဖြစ်သည်ကို သူသိသည်။
သူတို့နှစ်ဦးသည် အမွေအနှစ်နန်းတော်သို့ သွားနေရင်းဖြင့်ပင် ပြင်းထန်စွာ တိုက်ခိုက်ကြလေ၏။
ရှီဟောင်သည် ရွှေရောင်ရေသစ်ချသီးကို ထုတ်လိုက်ပြီး လျင်မြန်စွာ စားသုံးလိုက်သည်။ ရွှေရောင်အရည်စီးဆင်းသွားကာ သူ၏အသားအရေတွင် တောက်ပသည့်အလင်းများ ထွက်ပေါ်လာလေ၏။
ယခုတစ်ကြိမ်တွင် သူ တာအိုစင်္ကြံတွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း သားရဲသွား အသက်ကယ်သင်္ကေတကြောင့် သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာအများအပြား ပျောက်ကင်းသွားသော်လည်း သူ၏ အခြေခံစွမ်းအားများမှာ ပြင်းထန်းစွာ ဒဏ်ရာရနေဆဲပင်။
ထို့ကြောင့်ပင် သူသည် နှမြောမနေတော့ပဲ မြင့်မြတ်ဆေးကို တိုက်ရိုက်စားသုံးလိုက်ကာ အချိန်တစ်ခဏတာအတွင်း ပြန်ကောင်းမွန်လာအောင် လုပ်လိုက်ကာ နောက်ဆုံးတိုက်ပွဲကို တိုက်လိုက်ခြင်းပင်။
ထို့ကြောင့် သွားနေရင်းဖြင့်ပင် သူ၏ဒဏ်ရာများကို ကုသလိုက်ခြင်းပင်။
နှစ်နာရီကြာပြီးသည့်နောက်တွင် သူအမွေအနှစ်နယ်မြေသို့ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာသည်။ ရှီဟောင်သည် အနည်းငယ်စိုးရိမ်နေသောကြောင့် ထိုနေရာတွင် တရားထိုင်လိုက်ပြီး အခြေအနေများကို သိအောင် ကြိုးစားလိုက်သည်။
ထို့နောက်တွင် ကျယ်လောင်သည့်အသံထွက်ပေါ်လာပြီး မမျှော်လင့်စွာဖြင့်ပင် သူ အမြင့်ဆုံးနန်းတော်သို့ ရောက်သွားလေသည်။
“ဟမ်..”
ဤနေရာတွင် တိုက်ပွဲပြင်းထန်နေလေ၏။ အားလုံးသည် ဆုတောင်းဖျာအနားတွင် အပြင်းအထန် တိုက်ခိုက်နေကြလေသည်။
“အား… မင်း..”
ချန်ချင်းကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူမသေးသေပဲ ထောင့်တစ်နေရာတွင် ပုန်းနေခြင်းပင်။ ရှီဟောင်ကို တွေ့လိုက်ရသည့်အချိန်တွင် သူသည် သရဲတွေ့လိုက်ရသကဲ့သို့ပင် သူ၏မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားလေ၏။
“ဒီကြီးကျယ်မြင့်မြတ်တဲ့သူ ပြန်လာပြီ” ရှီဟောင် သူ၏လက်ကိုဝေ့ရမ်းလိုက်ကာ ပိုင်ရှင်မရှိတော့သည့် အရိုးဓားကို ကောက်ယူလိုက်သည်။ ရွှီးဟူသောအသံနှင့်အတူ ဓားအလင်းတန်း ထွက်သွားလေ၏။
ထာဝရနန်းတော်သခင်လေး၏အစေခံ ချန်ချင်းမှာ အစကတည်းကပင် ဒဏ်ရာအပြင်းအထန်ရထားသောကြောင့် သူကဘယ်လိုလုပ် ဤတိုက်ခိုက်မှုကို ခုခံနိုင်မည်နည်း..
ဖူး..
သူ၏ခေါင်းလွင့်ထွက်သွားကာ သွေးများ ပန်းထွက်လာလေ၏။
ရှီဟောင်သည် ခြေလှမ်းကျယ်ဖြင့် လျှောက်သွားလိုက်ကာ သူ့ကို တိုက်ခိုက်ခဲ့သည့်ရန်သူများကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်လေ၏ “မင်းတို့အားလုံးကို မင်းတို့လမ်းပို့ပေးဖို့ ဒီမြင့်မြတ်တဲ့သူ ပြန်လာပြီ”