သုခကမ္ဘာက ရှီဟောင် - Chapter - 878 အဖိုးတန်အမွေအနှစ်ပညာ
နတ်ဆိုးလူငယ်ဘုရင် ဟွမ် ပြန်ရောက်လာပြီ…
အားလုံးထိတ်လန့်သွားရ၏။ ဤသည်မှာ မြန်လွန်းလှသည်။ သူသည် လေးနာရီကြာပြီးသည့်နောက်တွင် ပြန်ရောက်လာခြင်းပင်။ သူ့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့်သူများအားလုံး စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ သူတို့အဆုံးသတ်မကောင်းတော့မည်ကို သူတို့ခံစားနေရသည်။
လျှပ်စီးသားတော်၊ သစ်ခွနက်၊ ကောင်းကင်ကင်းမြှီးကောက်နှင့်အခြားသူများ၏ မျက်လုံးများ အရောင်တောက်သွား၏။ သူတို့သည် နတ်အလင်းတန်းများထုတ်လွှတ်လိုက်ကာ လေထုမှာလည်း ပို၍ တင်းကျပ်လာသည်။
“မင်း ဒီကိုလာပြီးတော့ မင်းရဲ့သေခြင်းတရားကို လာလက်ခံလိုက်” ရှီဟောင်သည် သူ၏အရှေ့တွင် ရှိနေသည့် ထူးခြားပါရမီရှိသူကို လက်ညှိုးထိုးလိုက်ပြီး သူ၏အဖိုးကိုလည်းရှာလိုက်သည်။ သူ့အဖိုးကို သူအလွန် စိတ်ပူနေလေပြီ။
သို့သော် တစ်ပတ်ရှာပြီးသွားသော်လည်း သူ့အဖိုးကို မတွေ့ရသောကြောင့် သူအလွန်ပင် စိတ်ပျက်သွားရသည်။
“သူ့ကိုသတ် .. သူက တစ်ယောက်တည်းပဲ သူကဘယ်လောက်စွမ်းအားကြီးနိုင်မှာ မို့လို့လဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။ အားလုံးပူးပေါင်းကာ ရှီဟောင်အား သတ်ရန် အကြံပေးလိုက်ခြင်းပင်။
ရှီဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံ တောက်ပလာကာ သူ၏မျက်လုံးများလည်း အေးစက်နေ၏။
“ဟောင်အာ မင်းပြန်လာပြီလား” ထိုအချိန်တွင် အဖိုး ၁၅ သည် လျှို့ဝှက်စွာပင် အသံပို့လွှတ်လာ၏။ သူ၏အသံမှာ ပျော်ရွှင်မှုများ ဖုံးလွှမ်းနေလေသည်။
ရှီဟောင်လှည့်ကြည့်လိုက်သည့်အချိန်တွင် အဖိုး ၁၅ သည် တာအိုစင်္ကြံတစ်ဖက်ခြမ်းမှ တွားသွားတက်လာသည်ကို တွေ့လိုက်ရ၏။ သူ၏တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းနေပြီး သူ၏ဒဏ်ရာများလည်း ပြင်းထန်လှသည်။ လျှပ်စီးကြောင့်ဖြစ်လာသည့် မီးလောင်ရာများပင် ရှိနေသေးသည်။ သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်နေသည့် သစ်ကိုင်းတစ်ကိုင်းလည်း ရှိနေကာ ထိုနေရာမှ သွေးများ စီးကျနေလေသည်။
ထိုဒဏ်ရာများအပြင် အခြားဒဏ်ရာများလည်း ရှိနေသေး၏။ သူ၏အခြေအနေမှာ တကယ်ကို မကောင်းပေ။
ရှီဟောင်၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲလာ၏။ သူထွက်သွားပြီးသည့်နောက်တွင် အဖိုး ၁၅ သည် ဆိုးရွားသည့်တိုက်ပွဲကို ကြုံခဲ့ရခြင်းပင်။
သူ၏တစ်ကိုယ်လုံး မည်းနက်နေပြီး ဤသည်မှာ လျှပ်စီးသားတော်လက်ချက်ပင်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည့် နွယ်ပင်မှာလည်း သစ်ခွနက်လုပ်ထားသည်မှာ သိသာလှ၏။
ရှီဟောင်၏ မျက်ခုံးများ စုကျုံ့သွား၏။
“သတ်…”
ရှီဟောင်အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။ သူသည် ထူးခြားပါရမီရှိသူတစ်ယောက်ကို ပစ်မှတ်ထားလိုက်ကာ အားလုံးကို သတိပေးရန်အတွက် တစ်ခါတည်းသတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
“မကောင်းတော့ဘူး..” သစ်ခွနက်သည် ကြောက်လန့်တကြားဖြင့်ပင် လျင်မြန်စွာ အနောက်ပြန်ဆုတ်လိုက်သည်။
ရှီဟောင်သည် ဝတ်စုံနက်ဝတ်ထားသည့် သူမအား စိုက်ကြည့်လိုက်၏။ သူအန္တရာယ်အရှိဆုံး အချိန်တွင် သူ့ကို တိုက်ခိုက်ခဲ့သည့်သူမှာ ဤအမျိုးသမီးပင်။ ယခုသူပြန်ရောက်လာပြီဖြစ်သောကြောင့် တိုက်ပွဲဖြစ်မည်မှာ မလွဲပေ။
ရွှီး..
အနက်ရောင်အလင်းတန်းထွက်ပေါ်လာပြီး သူမသည် ကျန်းရာပေါင်းများစွာ နောက်ပြန်ဆုတ်လိုက်ပြီး တာအိုစင်္ကြံ၏ အစွန်းနားသို့ ရောက်လာ၏။ သို့သော် ရှီဟောင်သည် သူမနောက်သို့ လိုက်နေဆဲပင်။ သူသည် သွားနေရင်းဖြင့်ပင် လျှပ်စီးအားအသက်သွင်းလိုက်သည်။ သူ၏အရှိန်မှာ သူမထက်ပင် မြန်နေသေး၏။
ဝုန်း..
ရှီဟောင်၏ လက်သီးချက် အပြင်ဘက်သို့ ရောက်ရှိလာ၏။ ထိုအချိန်တွင် သူ၏စုတ်ပြဲနေသည့် ဝတ်စုံတောက်ပလာသောကြောင့် ဤသည်မှာ ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ပင်။
“မင်း..”
သစ်ခွနက်၏အမူအရာပြောင်းလဲသွားသည်။ သူမသည် မုန်တိုင်းထဲသို့ ရောက်နေသည့် ဝါးပင်လေးကဲ့သို့ပင် လျှပ်စီးကို ရှောင်လိုက်လေ၏။
ထိုအချိန်တွင် ရှီဟောင်သည် စာရွက်တစ်ရွက်ကဲ့သို့ပင် ပိန်ပါးသွားပြီး ကောင်းကင်ထက်တွင် ဓားစွမ်းအင်များ ပျံ့လွင့်လာ၏။ သူ၏သွေးထဲတွင် မရေတွက်နိုင်သည့် ဓားလေးများကို ပြုလုပ်လိုက်သည်။
ယခုအချိန်တွင် သူသည် ထာဝရဓားတစ်ချောင်းကဲ့သို့ပင်။ သူ၏အသွေးအသားပင်လျှင် ပြားကပ်သွားပြီး ဓားအလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားကာ သစ်ခွနက်ထံသို့ တရှိန်ထိုး ပြေးသွားလေ၏။
သစ်ခွနက်မှ အော်ဟစ်လိုက်၏။ သူမသည် မိန်းကလေးဖြစ်သော်လည်း သူမ၏ ခွန်အားမှာ အံ့အားသင့်စရာကောင်းလှသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ‘ခြောက်ကပ်တဲ့လျှိုမြောင်ထဲက မြူဆွယ်တဲ့သစ်ခွ’ ဟူသည့် နဂိုမူရင်းပုံစံ ထွက်ပေါ်လာလေသည်။
သူ၏ဆံပင်များမှာလည်း သစ်ခွကိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင်လှံတံများကဲ့သို့ပင် တစ်ဖြောင့်တန်းသွားနေလေ၏။
ဒန်…
ဓားအဖြစ်ပြောင်းထားသည့် သွေးသားနှင့် အနက်ရောင်လှံတံတို့ တွေ့သွားသည့်အချိန်တွင် တချွမ်ချွမ်အသံများ ထွက်ပေါ်လာကာ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး မီးပွားများလည်း လွင့်စင်ထွက်လာ၏။
အဆုံးသတ်တွင် အနက်ရောင်လှံတံများမှာတစ်ခုပြီးတစ်ခု ပျက်စီးသွားကာ သစ်ခွနက်ကိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင်ရှုပ်ပွသွားလေ၏။ ထို့နောက်တွင် အနက်ရောင်ဝတ်မိန်းကလေးသည် လျင်မြန်စွာပင် နောက်ဆုတ်သွားလေ၏။
သူမ၏အမူအရာသည် ဆက်တိုက်ပင်ပြောင်းလဲနေပြီး အခြားသူများအားကြည့်လိုက်ကာ “ရှင်တို့အားလုံးက ဘာကိုစောင့်နေကြတာလဲ” ဟု ပြောလိုက်လေသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ဆုတောင်းဖျာပေါ်တွင်ရှိနေသည့် ခရမ်းရောင်အရိုးစာအုပ်ကို ယူရန်ကြိုးစားနေပြီး အခြားသူများမှာ ဘေးဖက်မှနေ၍ စောင့်ကြည့်နေလေ၏။ အခြေအနေများမှာအတော်လေးပင် ရှုပ်ထွေးနေလေသည်။
ရွှီး..
သေချာပေါက်ပင် တစ်စုံတစ်ယောက်သည် ရှီဟောင်အား ချောင်းတိုက်လိုက်ခြင်းပင်။
“ငါ့ကို တားဆီးတဲ့သူမှန်သမျှ သေရမယ်” ရှီဟောင်ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်၏။ သူ၏ခန္ဓာကိုယ်အစစ်အမှန်ကို ထုတ်ဖော်ပြကာ သူ၏ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်၏။ သူ၏မျက်လုံးများမှာ အေးစက်နေလေသည်။
သူသည် နောက်တစ်ကြိမ် သစ်ခွနက်အားတိုက်ခိုက်လိုက်၏။ ယခုတစ်ကြိမ်တွင် သူ့တစ်ကိုယ်လုံးသည် နတ်မီးဖိုအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်လမ်းကြောင်းနှင့် ပေါင်းလိုက်သောကြောင့် ကြောက်စရာကောင်းသည့်အော်ရာများ ထွက်ပေါ်လာလေသည်။
“မကောင်းတော့ဘူး”
သစ်ခွနက်၏အမူအရာပျက်ယွင်းသွား၏။ သူမ၏ အပင်ခန္ဓာကိုယ်အနားတွင်ရှိနေသည့် မီးအလင်းတန်းများမှာ သူမကို မီးမြှိုက်နေသကဲ့သို့ပင်။
သူမပါးစပ်ကို ဖွင့်လိုက်ကာ အနက်ရောင်သင်္ကေတများကို ထွေးထုတ်လိုက်၏။ ထို့အပြင် လေဟာနယ်ထဲတွင် သစ်ခွပင်သုံးပင် ထွက်ပေါ်လာကာ ရှီဟောင်အားဖိနှိပ်လိုက်၏။ ထိုသစ်ခွပင်များသည် ရှီဟောင်၏ခန္ဓာကိုယ်တွင် အမြစ်တွယ်တော့မည်။
အပင်အမျိုးအစားကျွမ်းကျင်သူများထံတွင် ထူးခြားသည့် တိုက်ခိုက်နည်းများရှိသည်။ နည်းနည်းလေး သတိမထားမိသည်နှင့် သူတို့ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်၏။
သို့သော် ရှီဟောင်သည် ထိုကဲ့သို့သော လူမျိုးမဟုတ်ပေ။ ဝုန်းဟူသောအသံနှင့်အတူ ကောင်းကင်ထက်တွင် သွေးစွမ်းအင်များ ပျံ့လွင့်လာပြီး သင်္ကေတများမှာလည်းပို၍ပင် တောက်ပလာ၏။ သူကိုယ်တိုင်လည်း ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တောက်လောင်စေသည့် ရွှေရောင်မီးဖိုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“အား…” သစ်ခွနက်၏ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
လေထဲတွင်ရှိနေသည့်သစ်ခွနက်များမှာ ခြောက်သွေ့သွားကာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ သူ၏မူလခန္ဓာကိုယ်မှာမထိခိုက်သွားသော်လည်း သူမသည် အန္တရာယ်ရှိသည့်အခြေအနေသို့ ရောက်နေလေသည်။
“သတ်..”
သူ၏ကောင်းကင်လမ်းကြောင်းကြီးမားလာကာ နတ်မီးဖိုနှင့်အတူ သူမအား ဤနေရာတွင် ချုပ်နှောင်ထားတော့မည်။
သစ်ခွနက်မှာ ခက်ခဲစွာဖြင့်ပင် ရုန်းကန်နေရလေသည်။ သူမသည် အနက်ရောင်နတ်သစ်ခွအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်နှင့်တိုက်ခိုက်ရန်အတွက် အနက်ရောင်မြူနှင့်အတူ ကြောက်စရာကောင်းသည့် အနက်ရောင်အလင်းများ ထွက်ပေါ်လာလေသည်။
“သာမန်မဟုတ်ဘူးပဲ” ရှီဟောင်စိတ်ထဲတွင် ခေါင်းညိမ့်လိုက်သည်။
သို့သော် ဤသည်မှာ သူ၏စွမ်းအားကို ရပ်တန့်စေရန် မလုံလောက်သေးပေ။ သူ၏ကောင်းကင်လမ်းကြောင်းသည် အရာအားလုံးကို ကန့်သတ်လိုက်ကာ သစ်ခွနက်အားဖိနှိပ်လိုက်၏။ သူမသည် တစ်ဖြည်းဖြည်းချင်းဖြင့် မလှုပ်ရှားနိုင်တော့ပေ။
သို့သော် ထိုအချိန်တွင် တောက်ပသည့်အလင်းတန်းတစ်ခု ပျံ့လွင့်လာလေ၏။
ရွှီး…
ထိုဓားအလင်းတန်းမှာ ချွန်ထက်နေပြီး လေဟာနယ်ကိုဖောက်ထွက်ကာ လျင်မြန်သည့်အရှိန်ဖြင့် ချဉ်းကပ်လာနေလေ၏။ ထိုအလင်းတန်းသည် ရှီဟောင်၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားကာ ချက်ချင်းပင် သွေးများ ယိုစီးကျလာလေသည်။
ဤသည်မှာ ဓားအစစ်ပင်။
ဤသည်မှာ သစ်ခွနက်၏ မွေးရာပါအဖိုးတန်ပညာဖြစ်ပြီး သူ၏လျှို့ဝှက်ချက်တစ်ခုပင်။ ထိုပွင့်ချပ်အတွင်းတွင် မွေးရာပါအဖိုးတန်ဓားစွမ်းအင်ရှိနေပြီး အရေးကြီးသည့်အချိန်တွင် ရန်သူအား ချက်ချင်းပင် သတ်ဖြတ်နိုင်၏။
ဤတိုက်ခိုက်မှုကြောင့် ရှီဟောင်ဆုံးရှုံးမှုကို ခံစားလိုက်ရခြင်းပင်။ ကမ္ဘာကြီးတစ်ခုလုံး သူ့အပေါ်သို့ ပြိုကျလာသကဲ့သို့ပင် ခံစားလိုက်ရသည်။
ဤဓားသည် ချွန်ထက်လှ၏။ မဟုတ်ပါက ဘယ်လိုလုပ် မချိုးဖျက်နိုင်သည့်ခန္ဓာကိုယ်အား ဖောက်ထွက်နိုင်မည်နည်း..
သို့သော် ဤသည်မှာထိုဓား၏ အစွမ်းကုန်ပင်။ ရှီဟောင်၏လက်နှစ်ဘက်လုံး တောက်ပလာကာ တစ်ဖက်တွင် ပြန်လည်မွေးဖွားခြင်းရှိနေပြီး အခြားတစ်ဖက်တွင် ခွန်ပန်ရှိနေ၏။ သူတို့သည် ဓားကို နှစ်ဖက်လုံးမှ ဖိချလိုက်သည်။
“ဖျက်ဆီးမယ်”
ဘုန်း ဟူသောအသံနှင့်အတူ ငွေရောင်နတ်ဓားကို လက်ဗလာဖြင့်ပင် ဖျက်ဆီးလိုက်လေ၏။
အားလုံးထိတ်လန့်သွားရသည်။ အဲဒီလက်တွေက ဘယ်လောက်တောင်စွမ်းအားကြီးတာလဲ..
သစ်ခွနက်သည် သနားစဖွယ်ပင် အော်ဟစ်လိုက်၏။ ဤသည်မှာ သူမ၏ ဝှက်ဖဲဖြစ်သကဲ့သို့ သူမ၏ စွမ်းအားအကြီးဆုံး နတ်စွမ်းရည်ပင်။ သို့သော် ဤစွမ်းရည်သည် လက်ဝါးနှစ်ဘက်အောက်တွင် ရှုံးနိမ့်သွားလေပြီ။
သို့သော် ဤသည်မှာ ရှီဟောင်၏ မွေးရာပါအဖိုးတန်ပညာဖြစ်သည့် ခွန်ပန်ကြောင့်ဟုသာ သူမသိသွားပါက သူမဤမျှ စိတ်ပျက်ရလိမ့်မည်။
ဝုန်း..
ကောင်းကင်လမ်းကြောင်းသည် ဤနေရာအား နောက်တစ်ကြိမ်ချိတ်ပိတ်လိုက်သည်။ သစ်ခွနက်မှာ သူ၏စွမ်းအားအကြီးဆုံး မွေးရာပါနတ်ဓားကို ဆုံးရှုံးခဲ့သောကြောင့် ဤသည်မှာ အဆင့်လွန်အရိုးကို ဆုံးရှုံးရခြင်းနှင့် အတူတူပင်။ သူမ၏ အခြေခံစွမ်းအင်လည်းဒဏ်ရာရသွားသောကြောင့် သူမပြန်တိုက်နိုင်စွမ်း မရှိတော့ပေ။
ဖူး..
ရှီဟောင်သူမအား သတ်ပစ်လိုက်လေသည်။ သစ်ခွက်နက်နေရာတွင် ဆေးနံ့မွှေးကြိုင်နေသည့် အနက်ရောင်သစ်ခွတစ်ပင် ကျန်ခဲ့လေသည်။
သူမသည် တစ်ကြိမ်သေပြီးသားဖြစ်သောကြောင့် အသက်ကယ်သင်္ကေတမှာ သူမအတွက် အသုံးမဝင်တော့ပေ။ ရှီဟောင်သည် ပျော်ရွှင်စွာဖြင့်ပင် ထိုအပင်အား သိမ်းလိုက်၏။ ဤအပင်၏ ဆေးအစွမ်းမှာ မြင့်မြတ်ဆေးပင်များအောက် မနိမ့်ကျပေ။
အချိန်သိပ်မကြာသေးသော်လည်း အခြားထူးခြားပါရမီရှိသူတစ်ယောက် ကျသွားလေပြီ။
“အမွေအနှစ်ကို အရင်ယူ .. ပြီးမှ တိုက်ခိုက်မယ်” ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ အသံပို့လွှတ်လာ၏။ ဤသည်မှာ ငယ်ရွယ်ကာ ကလေးဆန်သည့်အသံပင်။ ထိုအသံမှာ ယုန်ဖြူလေးထံမှ ရောက်လာခြင်းပင်။ သူသည် ချောင်းယုရှင်းနှင့်ပူးပေါင်းကာ ရှီဟောင်အား လှမ်းခေါ်နေခြင်းပင်။
“ဟောင်အာ .. အဖိုးတန်ပညာကို အရင်ယူ” အဖိုး ၁၅ သည် တိတ်တဆိတ်ပင် ပြောလိုက်၏။ ခရမ်းရောင်အရိုးစာအုပ်မှာ သူတို့အရှေ့တွင်ရှိနေလေပြီ။ လူပေါင်းများစွာမှာ ထိုစာအုပ်အား ဆုတ်ယူကြသော်လည်း မည်သူမှ ထိုစာအုပ်ကို မရွှေ့နိုင်သေးပေ။ သို့သော် သူတို့အယောက်တိုင်းသည်သင်္ကေတအနည်းငယ်ကိုရရှိသွားကြလေသည်။
အရိုးစာအုပ်မှာ တောက်ပနေ၏။ ထိုစာအုပ်မျက်နှာပြင်ကို ထိမိသည့်သူတိုင်း အကျိုးကျေးဇူးအနည်းငယ် ရရှိလေသည်။
လေးနာရီအတွင်းတွင် အကျိုးအမြတ်များဆုံး ရရှိခဲ့သည့်သူများမှာ ရွှေရောင်မီးအိမ်ယောက်ျားလေး၊ စုန်းမ၊ ကောင်းကင်ကင်းမြှီးကောက်နှင့် အခြားသူများပင်။ သူတို့သည် ခရမ်းရောင်အရိုးစာအုပ်ကို အကြိမ်ပေါင်းများစွာ ထိတွေ့ကိုင်တွယ်ပြီးသွားလေပြီ။
ရှီဟောင်သည် ခြေလှမ်းကျယ်ဖြင့် ထိုနေရာသို့ သွားလိုက်၏။ သူ၏လက်ထဲတွင် အဖိုး၁၅ ကမ်းပေးလိုက်သည့် ဆေးလုံးမီးဖိုရှိနေသည်။ သူသည် အရှေ့ဘက်သို့ ဆက်သွားကာ လူပေါင်းများစွာနှင့်တိုက်ခိုက်နေ၏။
ရွှေရောင်မီးအိမ်နှင့်ယောက်ျားလေးသည် ယခုလေးတင် အရိုးစာအုပ်နှင့် ထိတွေ့ခဲ့သောကြောင့် သူရရှိခဲ့သည်များကို ကြေညက်အောင်လုပ်နေလေ၏။ ထို့ကြောင့်သူသည် ဘေးဘက်သို့ နောက်ဆုတ်လိုက်ကာ ရှီဟောင်အား မတားဆီးတော့ပဲ သူရရှိခဲ့သည်များကို နားလည်အောင် လုပ်လိုက်သည်။
သူ၏အရှေ့တွင်အခြားသူများလည်း ရှိနေ၏။ နတ်ဘုရားများမှာ သူတို့၏အနားတွင် နတ်မီးတောက်များ တောက်လောင်နေလေ၏။
“သတ်..” ဖက်တီးလေးမှာ အတော်လေးပင် ရက်စက်ကြမ်းကြုတ်နေ၏။ ထို့နောက်တွင် တတိယသတ်ဖြတ်ခြင်းအစီအရင်ထွက်ပေါ်လာလေ၏။ ထိုအစီအရင်၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပင်ကြောက်စရာကောင်းလှ၏။ နတ်ဘုရားများပင်လျှင် ကြောက်ရွံ့မှုကို ခံစားလိုက်ရကာ ထိုအလင်းတန်းများကို ရှောင်ရှားရန် လိုအပ်လေသည်။
ဝုန်း..
ယခုအချိန်တွင် ရှီဟောင်သည် တရားမျှတသည့်တိုက်ပွဲတစ်ခုဖြစ်ရန်အတွက်ကို စိတ်ပူနေမည်မဟုတ်ပေ။ သူသည် ဆေးလုံးမီးဖိုကို ဘေးဘက်တွင်ထားလိုက်ကာ ကောင်းကင်မြစ်ရေကို လောင်းချလိုက်ကာ အရှေ့ဘက်တွင်ရှိနေသည့်သူအားလုံးကို တိုက်ခိုက်လို်ကလေသည်။
ထင်ထားသည့်အတိုင်းပင် လူလေးယောက်ပေါင်းစည်းလိုက်သည့်အချိန်တွင် ရလဒ်များမှာ အံ့အားသင့်စရာပင်။ သူတို့သည် အရှေ့ဘက်သို့ ဆက်တိုးသွားလိုက်ပြီး သူတို့အားလုံး ထိုခရမ်းရောင်အရိုးစာအုပ်အား ဆွဲယူလိုက်ကြ၏။
“အမ်…”
ထိုအချိန်တွင် ရှီဟောင်သည် ပျော်ရွှင်ကာ အံ့အားသင့်သည့်ပုံပေါ်နေ၏။ သင်္ကေတအချို့သည် သူ၏လက်မောင်းမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာကာ သူ၏စိတ်ထဲတွင်စွဲထင်သွားစေကာ သူ့အားလျှို့ဝှက်ပညာတစ်မျိုးအား ပေးလေသည်။
ထို့အပြင် ဤသည်မှာ အဖိုးမဖြတ်နိုင်သည့် အဖိုးတန်ပညာဖြစ်သည့် ကမ္ဘာမြေကြီးမှ ဆုတ်ခွာခြင်းပညာပင်။
ဤသည်မှာ အရှိန်မြှင့်တင်ပေးသည့် ပညာဖြစ်ကာ ခွန်ပန်နှင့် နှိုင်းယှဉ်၍ရသည်။ ဤပညာမှာ လူသားမျိုးနွယ်စုမှ ဖန်တီးထားခြင်းဖြစ်သောကြောင့် အချို့ရှုထောင့်မှကြည့်လျှင် ဤသည်မှာရှီဟောင်အတွက် ပို၍သင့်တော်သည်။
ဘာဖြစ်နေသည်ကို သူချက်ချင်းပင် နားလည်သွားရ၏။ အရိုးစာအုပ်မှာ မူလကောင်းကင်အဆင့်လွန်လူသားချန်ထားခဲ့သည့် အမွေအနှစ်ပင်။ ထိုစာအုပ်ထဲတွင် အဖိုးတန်ပညာတစ်ခုမက ပါသည်မှာ သေချာသည်။ မျိုးဆက်တစ်ခု၏ အမြင့်မြတ်ဆုံး ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့် သူ၏တစ်ဘဝလုံးတွင် ဘယ်လိုလုပ် အဖိုးတန်ပညာအနည်းငယ်သာ စုဆောင်းခဲ့မည်နည်း..
လကျောက်စိမ်းယုန်၊ အဖိုး ၁၅ နှင့် ချောင်ယုရှင်းတို့လည်း အသိအမြင်တစ်ချို့ ရရှိခဲ့ကြ၏။ သူတို့ နတ်စွမ်းရည်များကို ရရှိခဲ့ကြခြင်းပင်။
ထို့နောက်တွင် ရှီဟောင်သည် သူ၏လက်ကို ဖယ်လိုက်ကာ ဆုတောင်းဖျာကို မကာ အောက်တွင်ရှိနေသည့် ရွှေရောင်စာရွက်အား ယူရန်ကြိုးစားကြည့်လိုက်၏။ သို့သော် ထိုဆုတောင်းဖျာမှာ ဤနေရာတွင် အမြစ်တွယ်နေသကဲ့သို့ပင် နည်းနည်းလေးမျှ လှုပ်မလာပေ။
“ဒါမကောင်းဘူး” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။
“မြန်မြန်နားလည်အောင်လုပ်” ယုန်လေးမှ ရေရွတ်လိုက်သည်။ သူမသည် နတ်စွမ်းရည်တစ်ခုကို ရရှိခဲ့သောကြောင့် အလွန်ပင် ပျော်ရွှင်နေလေ၏။
ရှီဟောင်သက်ပြင်းချလိုက်၏။ ထို့နောက်တွင် နောက်တစ်ကြိမ် အရိုးစာအုပ်ပေါ်သို့ လက်တင်လိုက်၏။ ယခုတစ်ခေါက်တွင် ကိစ္စများမှာ မချောမွေ့တော့ပေ။ သူသည်နတ်စွမ်းရည်တစ်ခုကို ရရှိပြီးသွားပြီဖြစ်သောကြောင့် အရိုးစာအုပ်မှ သူ့အား ငြင်းပယ်နေသကဲ့သို့ပင်။
ဝုန်း…
အခြားသူများ တိုက်ခိုက်လာကြ၏။ သူတို့လျှို့ဝှက်နည်းလမ်းများရနေသည်ကို ဘာမှမလုပ်ပဲနေမည်မဟုတ်ပေ။
ရှီဟောင် ရန်သူများကို ပြန်လည်တိုက်ခိုက်လိုက်သည်။ သူသည်လက်တစ်ဖက်ကိုအရိုးစာအုပ်ပေါ်တင်လိုက်ကာ နောက်တစ်ဖက်ဖြင့် ရန်သူများအား တိုက်ခိုက်လိုက်သည်။
“ဟမ် နောက်တစ်ခု ရောက်လာပြီလား” သူပျော်ရွှင်သွားရသည်။ သူ၏စိတ်ထဲတွင် နဂါးအစစ်တံဆိပ်ပေါ်လာလေသည်။ ဤသည်မှာ အလွန်ပင် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည့် ပညာပင်။
နဂါးအစစ်လက်သည်း — ဤသည်မှာ ရှေးယခင်ကတည်းကပင် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည့် ပညာပင်။ ဤသည်မှာ ပျက်စီးနေသည့် နဂါးအစစ်အဖိုးတန်ပညာမဟုတ်ပဲ အလွန်ပင်နာမည်ကြီးသည့် သတ်ဖြတ်သည့်ပညာတစ်ခုပင်။
ထို့နောက်တွင် သင်္ကေတများသည် သူ၏အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာလေ၏။ ရှီဟောင်သည် အလွန်ပင် ပျော်ရွှင်နေလေ၏။ သို့သော် သူဤနေရာတွင် ကြာကြာနေ၍မရပေ။ အဘယ်ကြောင့်ဆိုသော် ရန်သူများ၏ တိုက်ခိုက်မှုများမှာ အလွန်ပင် ပြင်းထန်နေလေပြီ။
သူ၏လက်ကိုပြန်ရုတ်လိုက်ကာ အခြားသူများကို ဆက်လက်သင်ယူခွင့်ပြုလိုက်၏။ ထို့နောက်တွင် သူရန်သူများကို ရင်ဆိုင်လိုက်သည်္။
ဝုန်း..
သူဆေးလုံးမီးဖိုကိုအသက်သွင်းကာ ကောင်းကင်မြစ်ကို သွန်ချလိုက်သည့်အချိန်တွင် ဆုတောင်းဖျာအောက်တွင်ရှိနေသည့် ရွှေရောင်စာရွက် တောက်ပလာသည်ကို ရှီဟောင်သတိပြုမိလိုက်၏။ ကြည့်ရသည်မှာ သူအနည်းငယ် တုံ့ပြန်မှု ပြုလုပ်လိုက်သကဲ့သို့ပင်။
ရှီဟောင်အံ့အားသင့်သွားရ၏။ ဤသည်မှာ နည်းလမ်းရှိသည်ကို သူတွေ့လိုက်ရသည်။ သူသည် ထာဝရတာအိုလျှပ်စီးကို အသက်သွင်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ထူးဆန်းသည့်စာရွက်ကို ဆွဲဆောင်နိုင်လောက်သည်။
သို့သော် ရန်သူများမှာ ပို၍ ဖိအားပေးလာ၏။ ကြောက်စရာကောင်းသည့်သားရဲတစ်ကောင်ပစ်ဝင်လာကာ သူ၏သွေးလွှမ်းနေသည့်ပါးစပ်ကို ဟကာ သင်္ကေတများကို စားသုံးလိုက်ကာ နတ်အလင်းတန်းများကို ထုတ်လွှတ်လိုက်လေ၏။
ဤသည်မှာ တိုတိုင်းပင်။
ရှီဟောင်သည် ချက်ချင်းပင် သူသင်ယူခဲ့သည့် နဂါးအစစ်လက်သည်းကို လက်တွေ့အသုံးချလိုက်၏။ ကောင်းကင်ထက်တွင် နဂါးအော်သံများ ထွက်ပေါ်လာပြီး သူ၏အရှေ့တွင် ကြောက်စရာကောင်းသည့် နဂါးလက်သည်းပေါ်လာကာ တိုတိုင်းအား ကုတ်ခြစ်လိုက်သည်။
ဖုန်း..
တိုတိုင်း တုန်လှုပ်သွားရ၏။ သူ၏ပါးစပ်မှာ ဘာကိုမှ မစားလိုက်ရပေ။
ထို့နောက် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် သူအနည်းငယ် ထိတ်လန့်သွား၏။ တစ်ဖက်လူသည် ဤနည်းလမ်းတစ်ခုတည်းကိုသာအသုံးပြုနေခြင်းဖြစ်သော်လည်း စွမ်းအားများမှာ လျင်မြန်စွာပင် တိုးတက်လာလေသည်။
ဖူး..
တစ်ခဏကြာသည့်အချိန်တွင် နဂါးလက်သည်းသည် တိုတိုင်း၏ အသွေးအသားကို ဖောက်ဝင်သွားကာ သူ၏ပုခုံးကို ဒဏ်ရာပြင်းထန်စွာ ရရှိသွားအောင် လုပ်လိုက်လေသည်။
နောက်ဆုံးတွင် ရှီဟောင်၊ အဖိုး ၁၅၊ လကျောက်စိမ်းယုန်နှင့် ချောင်ယုရှင်းတို့သည့် ပြန်ဆုတ်လာကာ အားလုံးနှင့်တိုက်ခိုက်လိုက်ကြသည်။ ဤနေရာတွင် ရန်သူများစွာ ရှိနေသောကြောင့် သူတို့ ဤနေရာကို အပိုင်စီး၍မရပေ။ ထို့အပြင် မည်သူမှ ဤနေရာအား မစောင့်ရှောက်နိုင်တော့ပေ။
ရှီဟောင်သည် ထိုရွှေရောင်စာရွက်ကို ယူရန်အတွက် မလောပေ။ ထိုအစားသူသည် တိုတိုင်းနောက်သို့ လိုက်နေလေသည်။
နတ်ဆိုးဘုရင်လူငယ်မှာ အလွယ်တကူရန်စသင့်သူမဟုတ်မှန်း အားလုံးတွေ့လိုက်ရသည်။ မဟုတ်ပါက သူသည် ထိုသူများ၏ အုတ်ဂူထိသို့ပင် လိုက်လံသတ်ဖြတ်လိမ့်မည်။
ဖူး..
ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းအတွင်းတွင် ရှိနေသည့် တိုတိုင်းသည် ပြန်လည်မွေးဖွားခြင်းလက်သီးဖြင့် အထိုးခံလိုက်ရပြီးတောက် နဂါးအစစ်လက်သည်းဖြင့် တစ်စစီကုတ်ခံလိုက်ရသောကြောင့် သွေးမိုး ရွာသွန်းလာကြ၏။
“အခု မင်းအလှည့်ပဲ … မင်းလမ်းမင်းသွားတော့” ရှီဟောင်အော်ဟစ်လိုက်ကာ လျှပ်စီးသားတော်အား ချိတ်ပိတ်လိုက်၏။
အားလုံး ထိတ်လန့်သွား၏။ ဤကောင်သည် အပြောသက်သက်မဟုတ်ပေ။ သူ့ကိုတိုက်ခဲ့တဲ့သူတွေ အကုန်လုံးကို သူ တကယ်ရှင်းပစ်မှာလား..