သုခကမ္ဘာက ရှီဟောင် - Chapter - 880 ဒုတိယမြောက် ရွှေရောင်စာရွက်
ရှီဟောင်က သူ၏တစ်ကိုယ်လုံးတွင်ရှိသည့် စွမ်းအားကို အသုံးပြုလိုက်သော်လည်း ဆုတောင်းဖျာမှာ ရွေ့မလာသေးပေ။
“အဲဒီအောက်မှာ တစ်ခုခုရှိနေတာလား” ယုန်ဖြူလေး ပြေးဝင်လာကာ သူ၏ယုန်နားရွက်လည်း ထောင်လာကာ မျက်လုံးများလည်းပြူးကျယ်လာသည်။ ထို့နောက်တွင် “ကျွန်မရှင့်ကို ကူပေးမယ် .. ကျွန်မကိုခွဲပေး”
ဝုန်း..
ထိုအချိန်တွင် ကြီးမားလှသည့် အနက်ရောင်တံဆိပ်တစ်ခု ကျဆင်းလာပြီး ရှီဟောင်၏ နောက်ကျောအား တိုက်ခိုက်လေသည်။ ယခုအချိန်တွင် သူသည် တစ်ကိုယ်လုံးချွေးများစိုရွှဲနေပြီး အားအင်ကုန်ခမ်းလုနီးပါး မောပန်းနေသော်လည်း ဆုတောင်းဖျာကို မရွေ့နိုင်သေးပေ။
“ရှင် သဘောတူလား..” ယုန်လေးသည် အနက်ရောင်တံဆိပ်ကို လျစ်လျူရှုကာ ပြောလိုက်၏။
ရှီဟောင် စိတ်ရှုပ်သွားရ၏။ ယုန်လေးသည် သူ့ကို ကူညီနိုင်သော်လည်း မကူညီပေ။ ထို့ကြောင့် သူသည် တစ်ဖက်သို့လှည့်ကာ အနက်ရောင်တံဆိပ်ကြီး လွင့်ထွက်သွားအောင် လက်သီးဖြင့် ထိုးလိုက်သည်။
အဖိုး ၁၅သည် အားလုံးကို ရပ်တန့်ရန်အတွက် တရှိန်ထိုးရောက်လာကာ ရှီဟောင်ကို မြန်မြန်လုပ်ရန် ပြောလိုက်သည်။
ဝိဉာဉ်အာရုံစူးရှသူများမှာ ရှီဟောင်တစ်ယောက်တည်းရှိသည် မဟုတ်။ အခြားသူများသည်လည်း ဆုတောင်းဖျာအောက်တွင်ရှိနေသည့် တစ်စုံတစ်ခုကို သတိပြုမိသည်။ ထို့အပြင် သူတို့ သတိမပြုမိလျှင်ပင် ရှီဟောင်ကြိုးစားနေပုံကို ကြည့်သည်နှင့် ထိုဖျာအောက်တွင် တစ်ခုခုရှိနေသည်ကို သိနိုင်သည်။
“သဘောတူလား မတူဘူးလား” လကျောက်စိမ်းယုန်ဖြူလေးမှ မေးလိုက်သည်။
“ရတယ် .. မင်းရွှေ့နိုင်ရင် ရွှေ့လိုက်” ရှီဟောင် ပြောလိုက်၏။
“ဖက်တီးလေး ဒီကိုလာခဲ့” ယုန်လေးသည် ချောင်ယုရှင်းအား ခေါ်လိုက်လေသည်။ တစ်ချိန်တည်းတွင် အဖိုး၁၅ လည်းရောက်လာကာ သူတို့လေးယောက်တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြ၏။
ကံမကောင်းစွာဖြင့်ပင် သူတို့ ချွေးများစီးကျလာသော်လည်း ဤသည်မှာ အရာပင်မယွင်းသေးပေ။
“ဆေးလုံးမီးဖိုကိုပဲ အားကိုးရတော့မယ်ထင်တယ်” ရှီဟောင်သူ့ကိုယ်သူ ပြောလိုက်၏။
ရွှီး..
ကောင်းကင်ကင်းမြှီးကောက် လှုပ်ရှားလိုက်သည်။သူ၏ အမြှီးမှာ အပြာရောင်ဖြစ်ပြီးကြည့်လိုက်ယုံဖြင့်ပင် ဤသည်မှာ အဆိပ်ရှိနေမှန်း သိသာသည်။
ရှီဟောင်တို့ လေးယောက် နောက်ဆုတ်ကာ ကင်းမြှီးကောက်အမြှီးကို ရှောင်လိုက်၏။ ထိုအချိန်တွင် အားလုံးသည် တရှိန်ထိုး အပြေးလေးရောက်လာကြကာ ကြိုးစားကြည့်ကြလေ၏။ ထိုအချိန်တွင် သူတို့လေးယောက်သည် ဘေးဘက်သို့ရွှေ့လိုက်ပြီး သူတို့၏ စွမ်းအင်များကို ပြန်ဖြည့်လိုက်သည်။
ရွှေရောင်တာအိုစင်္ကြံထက်တွင် အဓိကရုဏ်းများ ဖြစ်နေ၏။ အားလုံးမှာ ခရမ်းရောင်အရိုးစာအုပ်ကို လိုချင်နေကြသည်။ အပြင်းထန်ဆုံးတိုက်ပွဲမှာ ရွှေရောင်မီးအိမ်ယောက်ျားလေးနှင့် ထာဝရနန်းတော်မှ သခင်လေးပင်။ သူတို့သည် အသက်လုပွဲကို ကျင်းပနေကြ၏။ နတ်ဘုရားများစွာလည်း ခရမ်းရောင်အရိုးစာအုပ်အတွက် တိုက်ခိုက်နေကြလေသည်။
ဖူး..
ကျောက်စိမ်းရှိခိုးကောင်၏ ဓားသွားများလည်း ထက်ရှလှသည်။ သူသည် ဆက်တိုက်ပင် ဓားသွားများကို ထုတ်လွှတ်ကာ ပြောင်းရွှေ့သင်္ကေတ၏ အလင်းတန်းအားနည်းသွားအောင် လုပ်နေ၏။
ဤနေရာတွင်ရှိနေသည့် ထူးချွန်ပါရမီရှိသူများလည်း သာမန်မဟုတ်ကြပေ။ သူတို့ထံတွင် သူတို့၏ ခန္ဓာကိုယ်များကို ကာကွယ်ပေးနေသည့် လျှို့ဝှက်ရတနာများရှိနေ၏။ မဟုတ်ပါက သူတို့သည် အစောကြီးကတည်းက နတ်ဘုရားများကြောင့် သေဆုံးသွားလောက်ပြီ။
ဒန်း..
လေဟာနယ်ရဲဒင်းနှင့် ရွှေရောင်မီးအိမ်တို့ ထိပ်တိုက်တွေ့ဆုံသွားသည်။ အနီရောင်အလင်းထွက်ပေါ်လာကာ မြင့်မြတ်သည့်မီးတောက်များလည်း တောက်လောင်လာကာ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။ ဤသည်မှာ နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူများကို ထိတ်လန့်သွားစေ၏။ ကြောက်စရာအကောင်းဆုံးအချက်မှာ နတ်ဘုရားများပင်လျှင် ထိုအထဲသို့ ဝင်သွားသည်နှင့် သူတို့အန္တရာယ်ရှိလောက်ခြင်းပင်။
“ဒီသောက်ကောင်းကင်ကင်းမြှီးကောက်က ခရမ်းရောင်အရိုးစာအုပ်နောက်မလိုက်ပဲနဲ့ ငါတို့ကို လာစောင့်ကြည့်နေတာလား” ရှီဟောင် အံကြိတ်လိုက်၏။ သူသည် တစ်ချိန်လုံး ဤအခွင့်အရေးကို စောင့်နေခြင်းဖြစ်သော်လည်း ယခုအချိန်တွင် နတ်ဘုရားတစ်ပါးမှာ သူ့အား စောင့်ကြည့်နေလေသည်။
ရုတ်တရက်ပင် မြင့်မြတ်သည့်အလင်းတန်းများ တောက်ပလာကာ ကောင်းကင်ထက်တွင် စာလိပ်တစ်ခု လွှမ်းခြုံသွားကာ ဤနေရာကို ပေါက်ကွဲသွားစေ၏။ ထိုအချိန်တွင် ပြောင်းရွှေ့သင်္ကေတ အများအပြားပျက်စီးသွားကာ ခရမ်းရောင်အရိုးစာအုပ် ပြုတ်ကျလာလေ၏။
တစ်ချိန်တည်းမှာပင် ကျက်သရေရှိကာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသည့် အမျိုးသမီးတစ်ယောက် ပေါ်လာလေသည်။ သူမလက်ကို မြှောက်လိုက်သည်နှင့် ဓားအလင်းရောင်ထွက်ပေါ်လာကာ ထူးခြားပါရမီရှိသူတစ်ယောက်ကို နောက်ဆုတ်သွားအောင် လုပ်လိုက်၏။ ထို့နောက်တွင် သူမသည် ခရမ်းရောင်အရိုးစာအုပ်အား ကောက်ယူရန် အရှေ့တိုးသွားလိုက်သည်။
အားလုံးထိတ်လန့်သွားကြ၏။ ပြောင်းရွှေ့ခြင်းသင်္ကေတကို အလွယ်တကူပင် ဖျက်ဆီးနိုင်သည့် ထိုစာလိပ်မှာ သေချာပေါက်ပင် အဆင့်မြင့်နယ်မြေရှိ စွမ်းအားရှင်ကိုယ်တိုင် ပြုလုပ်ထားသော အရေးကြီးသည့် ရတနာတစ်ခုပင်ဖြစ်လိမ့်မည်။
ထိုသူမှာ ရွှေသင်တန်းကျောင်းမှ ဖုန်းဝူပင်။ သူမသည် နတ်ဘုရားမစီရင်စုမှ ထူးခြားပါရမီရှိသူပင်။
သူမသည် ဘယ်ေသာခါမှ မပေါ်လာခဲ့ပေ။ နောက်ဆုံးအရေးကြီးသည့်အချိန်တွင်မှ ပေါ်လာကာ အမွေအနှစ်အား ယူလိုက်ခြင်းပင်။
ဤနေရာတွင် ဆူညံလာ၏။ ခရမ်းရောင်အရိုးစာအုပ်သည် ကန့်သတ်ထားသည့်သင်္ကေတမှ လွတ်မြောက်သွားပြီး ယခုအချိန်တွင် ပိုင်ရှင်မရှိသည့် ပစ္စည်းဖြစ်နေလေပြီ။ အားလုံးမှာ ရူးသွပ်စွာပင် ထိုနေရာသို့ ပြေးသွားကြလေ၏။
ဖုန်းဝူသည် အထင်ကြီးစရာကောင်းသော်လည်း ကင်းမြှီးကောက်အမြှီးဖြင့် ရပ်တန့်ခြင်းခံလိုက်ရကာ စာအုပ်ကို ချက်ချင်းမယူနိုင်တော့ပေ။ သူမသည် နောက်ဆုံးခြေလှမ်းတွင် ရှုံးနိမ့်သွားပြီး တိုက်ပွဲထဲသို့ ရောက်သွားလေပြီ။
ထိုအချိန်တွင် ရှီဟောင် လှုပ်ရှားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ကင်းမြှီးကောက်နှင့်အခြားသူများမှာ ခရမ်းရောင်အရိုးစာအုပ်နောက်သို့ လိုက်သွားကြလေပြီ။
ဝုန်း..
သူသည် ချက်ချင်းပင် ဆေးလုံးမီးဖိုကို ဖွင့်လိုက်ပြီး ဆုတောင်းဖျာထံသို့ ကောင်းကင်မြစ်ရေများကို သွန်လိုက်သည်။ ဤနေရာတွင် လျှပ်စီးများ ထွက်ပေါ်လာပြီး ထာဝရတာအိုအော်ရာလည်း လေထဲတွင် ပျံ့လွင့်လာလေသည်။ ကျိန်စာစွမ်းအားများလည်းအပြင်ဘက်သို့ လွင့်သွားလေသည်။
ရန်သူများမပြောနှင့် အဖိုး ၁၅၊ လကျောက်စိမ်းယုန်နှင့် အခြားသူများအားလုံး အနောက်ဆုတ်သွားကာ မည်သူမှ အနားမကပ်ရဲပေ။
ရွှေရောင်စာရွက် တောက်ပလာပြီး ထာဝရတာအိုအော်ရာကို စုတ်ယူလိုက်လေ၏။ ထို့နောက်တွင် သူသည် ပို၍ကြည်လင်တောက်ပလာပြီးသင်္ကေတပေါင်းစုံလည်း သူ၏မျက်နှာပြင်ထက်တွင် ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ ဆုတောင်းဖျာလည်းအဝေးသို့ လွင့်ထွက်သွားလေ၏။
ထို့နောက်တွင် သူသည် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ ထိုနေရာမှ လွတ်ထွက်ရန် ကြိုးစားပြီး ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားလေ၏။ ထိုစာရွက်သည် နေလုံးတစ်လုံးကဲ့သို့ပင် တောက်ပနေလေသည်။
“မကောင်းတော့ဘူးပဲ” ရှီဟောင် ထိတ်လန့်သွား၏။ သူထိုအရာကို ဖမ်းဆွဲရန် ကြိုးစားသော်လည်း မအောင်မြင်လိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုစာရွက်၏ အရှိန်မှာ လျင်မြန်လှ၏။ ရှီဟောင်သည် လေထဲသို့ ခုန်တက်လိုက်ပြီး ထိုစာရွက်ကို ရရန်အတွက် အစွမ်းကုန်ကြိုးစားလိုက်သည်။
အားလုံးထိတ်လန့်သွားကြ၏။ ထူးဆန်းသည့် ဆုတောင်းဖျာမှာ နတ်ဆိုးဘုရင်လူငယ်လေးကြောင့် လှန်သွားလေပြီ။ သူတို့အားလုံး၏ မျက်လုံးများ နီရဲလာကာ ထိုစာရွက်နောက်သို့ ပြေးသွားကြလေ၏။
“ငါ့လမ်းမှာ ပိတ်နေတဲ့သူတွေအားလုံး အသတ်ခံရမယ်” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ဤအဖိုးတန်စာရွက် ပျောက်သွား၍မရ။
ရွှီး..
နတ်မြှားတစ်ခု ရောက်လာလေ၏။ ရှီဟောင်သည် ထိုမြှားကို တစ်စစီဖြစ်အောင် လုပ်လိုက်သည်။
အာဝူး…
သားရဲများ ဟစ်ကြွေးကြလေ၏။ သူတို့အားလုံးသည် လျှို့ဝှက်နယ်မြေမှ သက်ရှိများဖြစ်ကြပြီး တစ်ချိန်လုံးပုန်းနေခဲ့ကြခြင်းပင်။ ယခုအချိန်မှသာ ပေါ်လာကြခြင်းပင်။
“ထွက်သွားကြ”
ရှီဟောင်သည် အားကုန်သုံးပြီးမှသာ ထိုရွှေရောင်စာရွက်ကို ရရှိခဲ့လေသည်။ သူက ဘယ်လိုလုပ် ဒီစာရွက်ကို တစ်ခြားသူကို ပေးရမှာလဲ..
ယခုအချိန်တွင် သူသည် ဘာကိုမှ မဖုံးကွယ်ထားတော့ပေ။ ခွန်ပန်ပညာပေါ်လာကာ ပေါက်ကွဲစေသည့်ရိုက်ချက်များဖြင့် ကျွမ်းကျင်သူလေးယောက်ကို ဆက်တိုက်ပင် သတ်လိုက်သည်။
ရွှီး..
အလွန်ပင် ထက်ရှလှသည့်ဓားစွမ်းအင်တစ်ခုသည် ရှီဟောင်၏ ဦးခေါင်းကို ချိန်ရွယ်လာလေသည်။
ရှီဟောင် ရုတ်တရက် အနောက်လှည့်လိုက်သည့်အချိန်တွင် ထိုသူမှာ နတ်သမီးယွဲ့ချန်ဖြစ်မှန်း တွေ့လိုက်ရ၏။ သူမ၏ ဦးခေါင်းထက်တွင် သူမကို ကာကွယ်ပေးထားသည့် ရွှေရောင်အိုးတစ်လုံးရှိနေပြီး သူမ၏ လက်ထဲတွင် ထာဝရဓားတစ်ချောင်း ရှိနေသည်။ ထိုဓားသည် သူ၏အဓိကနေရာကို ချိန်ရွယ်ထားလေသည်။
ရှီဟောင်သည် ဟစ်ကြွေးပြီး အားကုန်သုံးကာ တိုက်ခိုက်လိုက်သည်။
“ရှင်က တော်တော်အသက်ပြင်းတာပဲ .. အခုထိအသက်ရှင်ပြီးတော့ အဆင့်မြင့်နယ်မြေကို ဝင်လာနိုင်တယ်” နတ်သမီးယွဲ့ချန်သည် တိတ်တဆိတ်ပင် အသံပို့လွှတ်လိုက်လေသည်။ သူမသည် ထိတ်လန့်သည့်အမူအရာဖြစ်နေလေသည်။
“မင်း ဘာတွေပြောနေတာလဲ” ရှီဟောင်သည် သူမအား လျစ်လျူရှုနေလေ၏။
“ရှီဟောင် … ရှင် ဖုန်မှုန့်အဖြစ် ပြောင်းသွားရင်တောင်မှ ကျွန်မရှင့်ကို မှတ်မိတယ် .. ဖုံးကွယ်ဖို့ ကြိုးစားမနေနဲ့” နတ်သမီးယွဲ့ချန်သည် အေးစက်စွာပင် ရယ်မောလိုက်သည်။ သူမသည် နတ်စွမ်းအင်မှတစ်ဆင့် စကားပြောနေခြင်းပင်။
” အားရိုး .. ငါတို့က လင်မယားတွေဆိုတော့လည်း မင်းက ငါ့ကို ချက်ချင်းမှတ်မိနိုင်တာပေါ့” ရှီဟောင် ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ” သူမ၏ မျက်လုံးများ ပြူးကျယ်လာကာ သူမသည် ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်နှင့် လေထဲတွင် သတ်ဖြတ်လိုသည့်စွမ်းအင်များ ပြည့်နှက်လာလေသည်။
“မင်းရဲ့ကိုယ်ပွားတောင်မှ ငါနဲ့ မင်္ဂလာဦးခန်းဝင်ပြီးတော့ အခု ရှီရှောင်းချန်လို့ခေါ်တဲ့ကလေးတောင် မွေးပြီးသွားပြီ .. မင်းတို့နှစ်ယောက်တွေ့တဲ့အချိန်ကျရင် သူ မင်းကို အမေလို့ခေါ်လိမ့်မယ်” ရှီဟောင် ပြောလိုက်၏။
“ပေါက်ကရတွေ လာမပြောနဲ့” နတ်သမီးယွဲ့ချန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် ရှီဟောင်ထံမှ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းကိုခံလိုက်ရ၏။ သူမသည် ရှီဟောင်၏ လက်သီးချက်ဖြင့် ထိမိတော့မလို့ပင်။
“မင်းငါ့ကို မယုံရင်လည်း မင်းစိတ်ပြောင်းသွားအောင် ငါဘာမှမလုပ်ပေးနိုင်ဘူး .. ငါနဲ့ မင်းရဲ့မင်းကိုယ်ပွားက ကလေးကို မြေတောင်မြောက်ပေးမှာဆိုတော့ မင်းစိတ်ပူစရာမလိုဘူး” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်၏။
“အား..” ယွဲ့ချန်၏ မူလခန္ဓာကိုယ်မှာ ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူမ၏ပုံပန်းသွင်ပြင်ကိုပင် သူမ မထိန်းချုပ်နိုင်တော့ပေ။ သူမ မယုံသော်လည်း ဤကဲ့သို့ဖြစ်နေမည်ကို ကြောက်နေမိသည်။ ဤသည်မှာ အိပ်မက်ဆိုးကြီးတစ်ခုပင်။
“ဒါက မင်းရဲ့ကလေးလည်း ဟုတ်တယ်လေ .. ငါနဲ့လိုက်ခဲ့ပြီးတော့ သူနဲ့လိုက်လည်လေ .. ထာဝရနန်းတော်က သခင်လေးက သိပ်ပြီးတော့လည်း အရေးမပါပါဘူး .. ငါ့လက်အောက်မှာ ရှုံးနိမ့်သွားတဲ့လူတစ်ယောက်ပဲ .. မင်းသူ့ကို လက်ထပ်ဖို့မလိုဘူး…”
ရှီဟောင်သည် မရပ်မနားပင် ပြောနေပြီး အဆက်မပြတ်ပင် လှောင်ပြောင်နေလေ၏။
“ကျွန်မ ရှင့်ကိုသတ်မယ်” ယွဲ့ချန်၏ မျက်လုံးများ အေးစက်နေသည်။ သူမသည် ကြောက်ရွံ့ကာ ဒေါသထွက်နေသော်လည်း သူမခေါင်းအေးအေးထားနိုင်နေဆဲပင်။
ရှီဟောင်သည်လည်း အားအပြည့်ဖြင့် တိုက်ခိုက်လိုက်လေ၏။ သူယခင်က သေဆုံးပြီး ယဇ်ပုလ္လင်ထက်တွင် ပြန်ရှင်လာခြင်းမှာ နတ်သမီးယွဲ့ချန်၏ ဓားချက်ကို ခံလိုက်ရသောကြောင့်ပင်။
“ကလေးကို မင်းပြုစုပျိုးထောင်ဖို့ မလိုပါဘူး .. ငါ့ဘာသာကိုယ် ပြုစုစောင့်ရှောက်မှာပါ” ရှီဟောင်၏ အရေပြားမှာ ရဲတိုက်နံရံထက်ပင် ထူသေးသည်။
သို့သော် သူ မည်သည့်သနားညှာတာမှုမှ မပြပေ။ တစ်ဖက်လူမှာ သူမည်သူဖြစ်သည်ကို သိနေပြီဖြစ်သည့်အတွက် သူဘာမှ ဖုံးကွယ်စရာမလိုတော့ပေ။ သူ၏လက်ဝါးထဲတွင် ပြန်လည်မွေးဖွားခြင်းသင်္ကေတများ ထွက်ပေါ်လာပြီး သူထိုသင်္ကေတများကို အရှေ့ဘက်သို့ ရိုက်ချလိုက်သည်။
“နတ်နန်းပညာ” ယွဲ့ချန်၏ အမူအရာလည်း ပြောင်းလဲသွားသည်။ သူမသည် စွမ်းအားအကြီးဆုံး လျှို့ဝှက်ပညာကို ချက်ချင်းအသုံးပြုလိုက်ကာ နောက်ပြန်ဆုတ်လိုက်လေသည်။
ကောင်းကင်ကင်းမြှီးကောက်၊ ခရမ်းရောင်ကောင်းကင်ပိုးကောင်နှင့် အခြားသူများအားလုံး ရွှေရောင်စာရွက်ကို ယူရန်အတွက် ရောက်လာကြလေ၏။
ရှီဟောင်၏ အကြည့်များမှာ လေးနက်လာသည်။ သူသည် ဆေးလုံးမီးဖိုကို အသက်သွင်းလိုက်ကာ ထိုလူများကို ရပ်တန့်ရန်အတွက် ကောင်းကင်မြစ်ရေကို လောင်းချလိုက်ပြီး ထာဝရအုတ်ဂူမှ မြေကြီးအနည်းငယ်ကိုပင် ကြဲချလိုက်သည်။
“အားယား… မကောင်းတော့ဘူး”
အခြားတစ်ဖက်တွင်ရှိနေသည့် တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာအော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်အရိုးစာအုပ်ကို တစ်ယောက်ယောက်မှ ယူသွားလေပြီ။ ချောင်ယုရှင်းသည် ထိုစာအုပ်ကို သူ၏အင်္ကျီရင်ဘတ်အတွင်းသို့ ထည့်လိုက်ကာ ထွက်ပြေးသွားလေ၏။
ဝုန်း…
အားလုံးသည် သူ့ကိုဖြတ်လုနိုင်ရန်အတွက် တစ်ချိန်တည်း လှုပ်ရှားကြလေသည်။ ထာဝရနန်းတော်သခင်လေးပင်လျှင် နောက်ပြန်လှည့်လာပြီး ဖက်တီးလေးကို ဖိနှိပ်ရန်အတွက် သူ၏ရဲဒင်းကို လွှဲရမ်းလိုက်လေသည်။
“သောက်ခွေး..” သူကျိန်ဆဲလိုက်သည်။ သူအဖိုးတန်စာအုပ်ကို ယူလိုက်ပြီး သေချာနားလည်အောင် လုပ်လိုက်၏။ နောက်ဆုံးတွင် သူဖိအားများကို မခံနိုင်တော့ပဲ စာအုပ်ကို လကျောက်စိမ်းယုန်ထံသို့ပစ်ပေးလိုက်သည်။ “အားလုံး ဒီအရိုးစာအုပ်ကို တစ်ယောက်တစ်လှည့် နားလည်အောင်လုပ်သင့်တယ်”
ရှီဟောင်သည် ရွှေရောင်စာရွက်ကို ဆေးလုံးမီးဖိုထဲသို့ပစ်ထည့်လိုက်၏။ ထို့နောက် မီးဖိုကို အသက်သွင်းလိုက်ကာ ရွှေရောင်စာရွက်ကို လျှပ်စီးများကို စုတ်ယူစေလိုက်ကာ လေထဲတွင်ရှိနေသည့် ရွှေရောင်အလင်းများကို တုံ့ပြန်စေလိုက်၏။
ရွှေရောင်အလင်းထွက်ပေါ်လာပြီး ဤစမ်းသပ်မှုမှာ မထင်မှတ်ပဲ အောင်မြင်သွားလေပြီ။ ရွှေရောင်စာရွက်မှာ ဆေးလုံးမီးဖိုထဲသို့ ဝင်ရောက်သွားလေ၏။
ထို့နောက်တွင် မီးတောင်တစ်လုံးပေါက်ကွဲလာသကဲ့သို့ပင် ဤနေရာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ အားလုံးမှာ ထိုစာရွက်ကို လိုချင်သွားကြ၏။ ထိုရွှေရောင်စာရွက်မှာ ခရမ်းရောင်အရိုးစာအုပ်နှင့် ယှဉ်နိုင်သည်ကို သူတို့သတိပြုမိသွားကြ၏။ ထိုစာရွက်မှာ ခရမ်းရောင်အရိုးစာအုပ်ထက်အားမနည်းနိုင်။ ပို၍သာ စွမ်းအားကြီးနိုင်သည်။
“သတ်..”
အားလုံးကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှီဟောင်ထံသို့ ဦးတည်လာကြလေသည်။ သူတို့အားလုံးသည် ရှီဟောင်အား အမှန်တကယ်ပင် သတ်လိုခြင်းပင်။
ဆေးလုံးမီးဖိုထဲတွင် ရွှေရောင်စာရွက်နှစ်ခု တွေ့ဆုံသွားသည့်အချိန်တွင် လျှပ်စီးများ ထွက်ပေါ်လာပြီးမိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။ ကောင်းကင်မြစ်ကြီးလှုပ်ရှားသွားကာ ထာဝရအုတ်ဂူလည်း လှုပ်ခါသွားလေ၏။ နှိုင်းယှဉ်၍မရနိုင်သည့်လျှပ်စီးစွမ်းအား ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် ထိုစာရွက်များသည် လက်လွတ်စပယ်ပင် တိုက်ခိုက်လိုက်လေသည်။ ထာဝရတာအိုစွမ်းအင်ရှိသည့် လျှပ်စီးများလေထဲတွင် ပြည့်နှက်သွားပြီး လျှပ်စီးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားလေ၏။
အခြားသူများမပြောနှင့် ဆေးလုံးမီးဖိုနှင့် ရွှေရောင်စာရွက်နှစ်ခုလုံးရှိသည့် ရှီဟောင်ပင်လျှင် လျှပ်စီးကြောင့်လွင့်ထွက်သွားကာ ဆံပင်များထောင်တက်သွားပြီး တစ်ကိုယ်လုံး မည်းတူးသွားလေသည်။
ကံကောင်းစွာဖြင့်ပင် နေရာအနှံ့သို့ ပျံ့လွင့်နေသည့် ရွှေရောင်စာရွက်မှ ထုတ်လွှတ်လိုက်သည့် လျှပ်စီးများမှာ ရှီဟောင်သည် ထာဝရတာအိုလျှပ်စီးအော်ရာကို ထုတ်လွှတ်နေသည့်သူဟု သိနေသကဲ့သို့ပင် သူ့အား ပစ်မှတ်မထားကြပေ။
ခပ်ဝေးဝေးမှ သနားစဖွယ်အော်သံများ လွင့်ထွက်လာပြီး လျှပ်စီးများမှာ လူအချို့၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားကာ ထိုသူများထံမှ မီးခိုးများထွက်လာပြီး လဲကျသွားကြလေ၏။
အားလုံးမှာ လျင်မြန်စွာပင် ရှောင်တိမ်းလိုက်ကြပြီး အနားမကပ်ရဲကြတော့ပေ။
ရှီဟောင် အောက်ဘက်သို့ ဆင်းလာလိုက်၏။ ဆေးလုံးမီးဖိုမှာ တောက်ပနေဆဲဖြစ်ပြီး လျှပ်စီးများကို အဆက်မပြတ်ပင် ထုတ်လွှတ်နေလေသည်။ သို့သော် သူသည် ဘာမှ လက်လွတ်စပယ်မလုပ်ရဲသောကြောင့် အောက်တွင်သာ ထိုင်ချလိုက်သည်။
ရွှေရောင်စာရွက်နှစ်ခုသည် ကောင်းကင်မြစ်ရေနှင့် ထာဝရအုတ်ဂူတို့၏ လျှပ်စီးနှင့် နတ်ခွန်အားများကို စုတ်ယူလိုက်ကာ သူတို့ကိုယ်သူတို့ အားဖြည့်လိုက်၏။ သူတို့သည် တစ်ဖြည်းဖြည်းချင်း ပို၍ ကြည်လင်တောက်ပလာလေသည်။
“လျှပ်စီးဧကရာဇ်”
ထိုစကားလုံးများကို တွေ့လိုက်ရသည့်အချိန်တွင် ဤပြိုင်ဘက်ကင်းသည့် အဖိုးတန်ပညာ၏ ရင်းမြစ်ကို သူနားလည်သွားရသည်။
ရှီဟောင် တုန်လှုပ်သွားရ၏။
သူသည် ဖိန်းကျွန်းတွင် လျှပ်စီးပညာများကို ကျင့်ကြံခဲ့ပြီး ထိုကျွန်းမှ ထွက်လာပြီးသည့်နောက်တွင် လျှပ်စီးတာအိုသဘာဝဥပဒေသများနှင့် ဒဏ္ဍာရီပေါင်းစုံကို အသေးစိတ်လေ့လာခဲ့သည်။
“လျှပ်စီးဧကရာဇ် .. လျှပ်စီးတာအိုမှာ အမြင့်ဆုံးအောင်မြင်မှုကို ရခဲ့တယ်လို့ ကောလဟာလထွက်နေတဲ့တစ်ယောက်လား”
ဤကဲ့သို့သော စွမ်းအားကြီးသည့်သူမှာ ဒဏ္ဍာရီတွင် ဤစကားလုံးသာ ကျန်ခဲ့လေသည်။
ရှီဟောင် ဤအကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် အနည်းငယ်ထူးဆန်းနေသည်ဟု သူ ခံစားလိုက်ရသေးသည်။ အနည်းငယ်အသေးစိတ်လိုက်ပြီးသည့်နောက်မှသာ မရေရာသည့်သတင်းများကို သူကြားခဲ့ရသည်။
လျှပ်စီးဧကရာဇ်သည် အဆင့်မြင့်နယ်မြေရှိ စီရင်စုသုံးထောင်ထဲမှသူမဟုတ်ပဲ စွန့်ပစ်ထားသည့် အဆုံးအဆမရှိကျယ်ပြန့်သည့် နေရာမှလာသည့် မသေမျိုးဖြစ်သည်ဟု ပြောကြလေသည်။ ရှေးဟောင်းများမှာ သူ၏ဇစ်မြစ်ကို ရှောင်ရှားကြသောကြောင့် ဒဏ္ဍာရီများမှာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
“မူလကောင်းကင်အဆင့်လွန်ကျွမ်းကျင်သူက စွန့်ပစ်နယ်မြေကို လေ့လာပြီးတော့ပြန်လာတဲ့အချိန်မှာ ဒဏ်ရာအပြင်းအထန်ရလာတာ .. ဒီစာရွက်က သူအဲဒီကနေ ယူလာတဲ့စာရွက်လား” ရှီဟောင် စိတ်ထဲတွင် ရေရွတ်လိုက်သည်။
ဝုန်း..
ထိုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်တွင်ရှိနေသည့် စုတ်ပြဲနေသည့် ချပ်ဝတ်တန်ဆာလည်း တောက်ပလာကာ ထူးဆန်းသည့်အော်ရာထွက်ပေါ်လာလေ၏
“ဒီဝတ်စုံလည်း အဲဒီစွန့်ပစ်နယ်မြေက လာတာလား” ရှီဟောင်းသည် ဝတ်စုံတွင်ရှိနေသည့် သံချေးများကို ခါချလိုက်၏။ သူလျှို့ဝှက်နယ်မြေဝင်ပေါက်တွင်ရှိနေသည့်အချိန်တုန်းက ဂိုဏ်းခေါင်းဆောင်များ၏ စကားများကို ကြားခဲ့ရသောကြောင့် သူသံသယဝင်နေခြင်းပင်။
အတွဲ – ၄၄ ပြီး၏။