သုခကမ္ဘာက ရှီဟောင် - Chapter - 881 အမွေအနှစ်နေရာ အဆုံးသတ်ခြင်း
ရှီဟောင် ဆုတောင်းဖျာအနားတွင် ထိုင်ချလိုက်သည်။
ဆေးလုံးမီးဖိုထဲတွင် ငွေရောင်လျှပ်စစ်စက်ဝန်းများ၊ အနီရောင် မိုးကြိုး၊ ရွှေရောင်လျှပ်စီးနှင့် အနက်ရောင်လျှပ်စီးတို့ ရောယှက်နေကာ ထာဝရတာအိုစွမ်းအင်များ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ရွှေရောင်စာရွက်သည် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး ကောင်းကင်မြစ်ရေမှ လျှပ်စီးများကို စုတ်ယူနေလေသည်။ ထိုစာရွက်သည် ပို၍ပင်ကြည်လင်တောက်ပလေသည်။
လျှပ်စီးအလင်းတန်းများကြားတွင် ပျက်စီးနေသည့်ပုံရိပ်များကို တွေ့လိုက်ရသောကြောင့် သူများ အမြင်မှားသလားဟု ရှီဟောင်ထိတ်လန့်သွားရသည်။
ထိုနေရာတွင် စွမ်းအားကြီးသည့် အနက်ရောင်တောင်များစွာ ရှိနေ၏။ သို့သော် ထိုတောင်များအားလုံးမှာ ပျက်စီးနေလေသည်။ ဤနေရာတွင် ကြီးမားလှသည့် ရွှေရောင်နန်းတော်အများအပြားရှိနေသော်လည်း အများစုမှာ ပျက်စီးနေလေသည်။ ခမ်းခြောက်လုနီးပါးဖြစ်နေသည့် ငွေရောင်မြစ်တစ်စင်းပင် ရှိနေလေသည်။
ဤနေရာမှာပျက်စီးနေသည့်နေရာဖြစ်ပြီး လျှပ်စီးများ ရစ်ပတ်နေသောကြောင့် သာမန်လူများအနားပင် သွား၍ရမည်မဟုတ်ပေ။
“လျှပ်စီးဧကရာဇ်ရဲ့ နန်းတော်”
အပျက်အစီးများကြားတွင် ထိုစာလုံးများကို ရေးထိုးထားသည့် သစ်သားပြားကို သူတွေ့လိုက်ရ၏။ သို့သော် ထိုသစ်သားပြားမှာ ဖုန်တက်နေလေပြီ။
“ဒါက စွန့်ပစ်နယ်မြေရဲ့ အတွင်းပိုင်းလား” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဒဏ္ဍာရီများအရ လျှပ်စီးဧကရာဇ်သည် စီရင်စုသုံးထောင်မှ လာခြင်းမဟုတ်ပဲ ကျယ်ပြောလှသည့် ထူးဆန်းသော စွန့်ပစ်နယ်မြေမှ လာခြင်းပင်။
ရုတ်တရက်ပင် ရှီဟောင်အနားတွင်ရှိနေသည့် ဆုတောင်းဖျာ လှုပ်ရှားသွားသည့်အပြင် သူ၏ခန္ဓာကိုယ်ထက်တွင် ဝတ်ဆင်ထားသော စုတ်ပြဲနေသည့် ချပ်ဝတ်တန်ဆာလည်း တောက်ပလာကာ ရွှေရောင်စာရွက်ကို တုံ့ပြန်နေလေသည်။
“ဟမ်..” ရှီဟောင် အံ့အားသင့်သွားရသည်။ မှုန်ဝါးနေသည့် မြင်ကွင်းမှာ ပြောင်းလဲသွားပြီး သက်ရှိတစ်ကောင် ပေါ်လာသည်ကို သူတွေ့လိုက်ရသည်။
ထိုအချိန်တွင် စွမ်းအားလှိုင်းတစ်ခု သူ၏ မျက်နှာထက်သို့ ရိုက်ခတ်လာသည်ကို ရှီဟောင် ခံစားလိုက်ရသည်။ သူ ထိုဖိအားကို ခုခံနိုင်ရန် နည်းလမ်းမရှိပေ။
ဤသည်မှာ လူသားပုံစံသက်ရှိတစ်ယောက်ပင်။ သူသည် အပျက်အစီးများကြားတွင် ရပ်နေပြီး သူ၏တစ်ကိုယ်လုံးတွင် မြူများ ဝန်းရံနေသော်လည်း သူထုတ်လွှတ်သည့်အော်ရာမှာမူ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ ဝေးကွာနေပြီး မတူညီသည့်နေရာများတွင် ရောက်နေသော်လည်း ရှီဟောင်သည် အလွန်ပင် တုန်လှုပ်နေမိသည်။ သူသည် နဂါးကြီးကို မော့ကြည့်နေသည့် ပုရွက်ဆိတ်လေးကဲ့သို့ပင်။
ဤသက်ရှိမှာ အလွန်စွမ်းအားကြီးလွန်းလှသည်။
” မူလကောင်းကင် အဆင့်လွန် လူသားလား… ”
ရှီဟောင် နူးညံ့စွာ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူခန္ဓာကိုယ်တွင်ရှိနေသည့် ချပ်ဝတ်တန်ဆာကို သူမှတ်မိလိုက်သောကြောင့်ပင်။ ဤသည်မှာ ကောင်းကင်ပြစ်ချက်ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး စိမ်းပြာရောင်ထွက်နေသည်။ ဤကျောက်တုံးသည် ကောင်းကင်ကြီးကို ပြုပြင်နိုင်ပြီး အပြာရောင်ကောင်းကင်ကြီးကိုပင် ပြောင်းလဲနိုင်သည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့် ထာဝရပစ္စည်းပင်။
သူဤချပ်ဝတ်တန်ဆာကို သူစစ်သားတောင်ပို့တွင်တွေ့ခဲ့သေးသည်။ ထိုဝတ်စုံသည် အက်ကွဲကြောင်းများရှိနေပြီး ရှေးဟောင်းအဆင့်လွန်လူသားနှင့်အတူ သလင်းကျောက်အုတ်ဂူအတွင်းတွင် မြှုပ်နှံထားခြင်းပင်။
ထို့နောက်တွင် အခြားပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူသည် စွန့်ပစ်နယ်မြေ၏ အတွင်းပိုင်းမှ ထွက်လာပြီး လျှပ်စီးဧကရာဇ်နန်းတော်အပျက်အစီးရှေ့သို့ လျှောက်လာကာ မူလကောင်းကင်အဆင့်လွန်လူသားနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
သူတို့နှစ်ဦးကြားတွင် အငြင်းပွားမှုများဖြစ်လာပြီးသည့်နောက်တွင် ကြီးမားသည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေသည်။
မြင်ကွင်းမှာ မှုန်ဝါးလာသည်။ သို့သော်စစ်ပွဲမှထွက်လာသည့် အော်ရာများပင်လျှင် နတ်ဘုရားများကို တုန်လှုပ်စေနိုင်၏။ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးကို ရှင်းလင်းပစ်တော့မလိုပင်။
ရှီဟောင်၏မျက်နှာ ဖြူဖျော့လာကာ သူ၏စိတ်ကို ကာကွယ်ရန်အတွက် လျင်မြန်စွာပင် မူလရှေးဟောင်းမှတ်တမ်းကို အသက်သွင်းလိုက်သည်။
ဒါက ရွှေရောင်စာရွက်မှာ မှတ်ထားတဲ့ ပုံရိပ်ယောင်တွေလား..
ထို့နောက်တွင် ဆုတောင်းဖျာ တောက်ပလာ၏။ ထို့နောက်တွင် အရိုးစာသားများ ထွက်ပေါ်လာပြီးလျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသလာသည်။
မူလကောင်းကင်အဆင့်လွန်လူသားသည် စွန့်ပစ်နယ်မြေမှ ထွက်လာနိုင်သည့်အချိန်တွင် သေဆုံးနေလေပြီ။ သူသည် လျှပ်စီးဧကရာဇ်၏ အမွေအနှစ်ဖြစ်သည့် ရွှေရောင်စာရွက်နှစ်ရွက်ကို ယူဆောင်လာလေ၏။ ထို့နောက်တွင် သူသီးသန့်နေထိုင်ခဲ့လေသည်။
“လျှပ်စီးဧကရာဇ်က ထာဝရလူသားလို့ သတင်းထွက်ခဲ့တာ … မူလကောင်းကင်အဆင့်လွန်လူသားတောင်မှ သူ့ရဲ့ပညာတွေကို လေ့လာချင်နေခဲ့တာပဲ” ရှီဟောင် ထိတ်လန့်သွားရသည်။ သူသည် မထင်မှတ်ပဲ အဖိုးတန်သည့် သတင်းကို သိလိုက်ရသည်။
ကံမကောင်းစွာဖြင့်ပင် မူလကောင်းကင်အဆင့်လွန်လူသား၏ ပြန်လည်မွေးဖွားခြင်းရှုံးနိမ့်သွားခဲ့သည်။ သူ၏ပြင်းထန်လှသည့် ဒဏ်ရာများမှာ မပျောက်ကင်းနိုင်ခဲ့ပဲ သူ၏ခန္ဓာကိုယ်နှင့်တာအို သေဆုံးခြင်းကို ဖြစ်စေခဲ့သည်။
အဆင့်လွန်လူသားသည် သူ၏လျှပ်စီးဦးချိုကို ကိုင်မြှောက်လိုက်ပြီးနောက် လျှပ်စီးဧကရာဇ်၏အမွေအနှစ်ကို အသာစီးရသွားလေသည်။ သူသည် ချက်ချင်းပင် နဂါးအမဲလိုက်ခွေ်းထဲသို့ထည့်သွင်းလိုက်၏။ ထိုသို့သာဆိုလျှင် ဤအဖိုးတန်ပညာကို မည်သူမှ သတိထားမိတော့မည်မဟုတ်ပေ။
“အမ် …ငါ့ကိုယ်ပေါ်မှာရှိတဲ့ ဒီစုတ်ပြဲနေတဲ့ဝတ်စုံလည်း စွန့်ပစ်နယ်မြေက ယူလာတာလား” ဆုတောင်းဖျာထံမှ သက်သေများကို တွေ့ရှိပြီးသည့်နောက်တွင် ရှီဟောင် အံ့အားသင့်သွားရသည်။
ကံမကောင်းစွာဖြင့်ပင် ဆုတောင်းဖျာထက်၌ အကျဉ်းချုံးသာ ရေးထားပြီး အသေးစိတ်မရှင်းပြထားပေ။
“ဘာ .. လျှပ်စီးဧကရာဇ်က အရက်စက်ဆုံး ၁၀ ယောက်ထဲက တစ်ယောက်ဟုတ်လား” ဤအရိုးစာသားကို တွေ့လိုက်ရသည့်အချိန်တွင် ရှီဟောင်သည် လုံးဝပင် အံ့အားသင့်သွားရသည်။
ရှေးဟောင်းအရက်စက်ဆုံးသူဆိုသည်မှာ နောက်ပိုင်းမျိုးဆက်များ သတ်မှတ်ထားသည့်အရာတစ်ခုပင်။
အမှန်တကယ်တွင် ရှေးဟောင်းဆိုသည်မှာ ခေတ်တစ်ခေတ်၏ နောက်ဆုံး အပိုင်းအခြားပင်။ အရက်စက်ဆုံးသားရဲ ၁၀ ယောက်မှာ အလွန်ပင် ရှေးကျလှပြီး သူတို့ဘယ်ခေတ်က အစပြုခဲ့သည်ကိုပင် မသိနိုင်ကြပေ။
ထို ၁၀ ယောက်ထဲမှ အချို့မှာ ယခုအချိန်ထိ အသက်ရှင်နေဆဲဖြစ်ပြီး ဘယ်သောအခါမှ သေဆုံးသွားခြင်းမရှိဘူးဟုလည်း ပြောကြလေသည်။
“နတ်တာအို၊ ထာဝရတာအို .. ဒီဟာတွေထဲမှာ လျှို့ဝှက်ချက် ကြီးကြီးမားမားတစ်ခု ရှိနေတယ်လို့ ငါဘာလို့ ထင်နေရတာလဲ” ရှီဟောင် သူ့ကိုယ်သူပြောလိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ် ယခုအချိန်တွင်တော့ သူသည် ရွှေရောင်စာရွက်၏ မူလဇစ်မြစ်ကို သိခဲ့ရလေပြီ။ မူလကောင်းကင်အဆင့်လွန်လူသားပင်လျှင် သူပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင်ပင်လျှင် ဤနည်းလမ်းကို ကျင့်ကြံချင်ခဲ့သည်။
ရှီဟောင်သည် အချိန်ဖြုန်းမနေတော့ပဲ ရွှေရောင်စာရွက်ပေါ်တွင်ရှိနေသည့် အရိုးစာသားများကို လေ့လာလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုစာသားများသည် ရွှေရောင်စာရွက်မှ ထာဝရတာအိုအော်ရာများကို စုတ်ယူပြီးသွားသည့်အချိန်မှသာ ပေါ်လာခြင်းပင်။
ရွှေရောင်တာအိုစင်္ကြံပေါ်တွင် ခရမ်းရောင်အရိုးစာအုပ်အတွက် လူများမှာ နေရာပေါင်းစုံ၌ ရက်စက်စွာပင် တိုက်ခိုက်နေကြ၏။ လူအချို့မှာ သူ့အား အာရုံစိုက်ကာ စောင့်ကြည့်နေပြီး လျှပ်စီးစွမ်းအားများ ပျောက်ကွယ်သွားမည့်အချိန်ကို စိတ်ရှည်ရှည်ဖြင့်စောင့်နေကြလေသည်။
ဤနေရာသည် သွေးကန်ကြီး ဖြစ်သွားပြီး တာအိုစင်္ကြံမှာလည်း သွေးရောင်လွှမ်းနေလေပြီ။
“မကောင်းတော့ဘူး” ရှီဟောင် ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်စာရွက်နှစ်ရွက်မှာ နောက်ဆုံးတွင် ငြိမ်သက်သွားသောကြောင့်ပင်။ ကောင်းကင်ကင်းမြှီးကောက်၊ ကျောက်စိမ်းရှိခိုးကောင်နှင့် ထူးခြားပါရမီရှိသူများမှာ သားကောင်ကို စောင့်ကြည့်နေသည့် ကျားများကဲ့သို့ပင်။ သူတို့သည် ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်ကြလေ၏။
“ဒီလူအိုကြီးက စွမ်းအားမပြသေးတော့ မင်းတို့အားလုံးက ကျားနာကြီးလို ဆက်ဆံနေကြတာပေါ့” ရှီဟောင် အော်ဟစ်ကာ ထရပ်လိုက်သည်။
“ဟောင်အာ အလောတကြီးမလုပ်နဲ့ .. ဒီဘက်လာခဲ့” အဖိုး ၁၅ မှ အသံပို့လွှတ်လိုက်သည်။ သူတို့ရရှိသည့် ဆုလာဒ်များမှာလည်း မနည်းမနောပင်။ ထိုရွှေရောင်စာရွက်ကို ရရှိရန်မှာအရာအားလုံးထက် အရေးကြီးသည်။
ထို့အပြင် သူတို့သည် ခရမ်းရောင်အရိုးစာအုပ်မှ နတ်စွမ်းရည်အနည်းငယ်ကိုလည်း နားလည်ခဲ့ကြ၏။
အထူးသဖြင့် ယုန်လေးနှင့် ဖက်တီးလေးတို့ပင်။ သူတို့သည် လူအုပ်ကြီးထံမှ ရှောင်ပြေးနေရသော်လည်း သူတို့သည် ခရမ်းရောင်အရိုးစာအုပ်ကို အချိန်ကြာကြာကိုင်ရသောကြောင့် သူတို့ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
“မင်းကထွက်သွားချင်တာလား” ရွှေရောင်မီးအိမ်ကိုင်ထားသည့်လူငယ်လေးသည် နောက်ဆုံးတွင် ရှီဟောင်အား တိုက်ခိုက်လာလေ၏။ သူ၏အမူအရာများမှာ အေးစက်နေလေသည်။ ဤတစ်ယောက်သည် စွမ်းအားအကြီးဆုံးထူးခြားပါရမီရှိသူများထဲမှ တစ်ယောက်ပင်။
သူ၏ဦးခေါင်းထက်တွင် ရွှေရောင်မီးအိမ်တောက်ပလာပြီး မီးအိမ်အလယ်မှ အလင်းမိုးရွာသွန်းလာပြီး ထိုအလင်းများမှာ အနီရောင်ကြယ်များအဖြစ်ပြောင်းလဲသွားလေ၏။ ကြယ်တစ်ခုစီတိုင်းတွင် နတ်ဘုရားတစ်ပါးစီ ထိုင်နေကြလေသည်။ ထိုကြယ်များအားလုံးမှာ ရှီဟောင်ထံသို့ ဦးတည်လာနေကြလေသည်။
ရွှီး..
တစ်ချိန်တည်းမှာပင် ကျန်းဂုလည်း တိုက်ခိုက်လာသည်။ သူ၏လက်ထဲတွင်ရှိနေသည့် သွေးလှံတံသည် လေကို ဖြတ်လာကာ သူ့ထံသို့ ရောက်ရှိလာလေသည်။
ထိုသူများအပြင် ကျောက်စိမ်းရှိခိုးကောင်နှင့် အခြားနတ်ဘုရားများလည်း လှုပ်ရှားလာကြကာ သတ်ဖြတ်သည့်စွမ်းအင်များ ထွက်ပေါ်လာလေ၏။
ဤသည်မှာ စစ်ပွဲကြီးပင်။ ရှီဟောင်သည် ဘယ်ညာရှောင်နေသော်လည်း လျင်မြန်စွာဖြင့်ပင် သူ၏ခန္ဓာကိုယ်၌ သွေးများ ဖုံးလွှမ်းသွားလေသည်။ နတ်ဘုရားများအပါအဝင် စွမ်းအားကြီးသည့် ရန်သူများစွာ ဝန်းရံနေသောကြောင့် သူချက်ချင်း မကျသွားသည်မှာပင် အံ့အားသင့်စရာကောင်းနေလေပြီ။
အပြာရောင်ကင်းမြှီးကောက်အမြှီးသည် အသံမပေးပဲ ရောက်လာလေ၏။ ထိုအမြှီးသည် ရှီဟောင်ခန္ဓာကိုယ်အနားတွင် ဝန်းရံထားသည့် အကာအကွယ်သင်္ကေတများကို ချိုးဖောက်လာလေသည်။ ကောင်းကင်လမ်းကြောင်းရှိနေသောကြောင့်သာမဟုတ်ပါက သူသည် သေချာပေါက်ပင် သေသွားလောက်လေပြီ။
ရှီဟောင်သည် ကပ်ဆိုးကြီးအား ရင်ဆိုင်နေရ၏။ သူ၏ကောင်းကင်လမ်းကြောင်းသည် သင်္ကေတများကို အားနည်းစေကာ ကင်းမြှီးကောက်အမြှီးကို နှေးကွေးစေသော်လည်း ထိုအမြှီးသည် သူ၏ပုခုံးကို ဖောက်ထွက်သွားကာ အနက်ရောင်သွေးများချက်ချင်းပင် စီးကျလာလေသည်။
ဝုန်း..
သူလျင်မြန်စွာဖြင့်ပင် အရိုးစာသားများကို အသက်သွင်းလိုက်၏။ လေထဲတွင် သွေးများ၁၀ မီတာအထက်သို့ လွင့်ထွက်သွားကာ အဆိပ်ရှိသည့်သွေးများကို ချက်ချင်းပင် ထုတ်ပစ်လိုက်၏။ ထိုအချိန်တွင် သူ၏အသားတစ်ပိုင်းမှာ ပေါက်ကွဲသွားကာ သူ၏ခန္ဓာကိုယ်မှ လွင့်ထွက်သွားလေသည်။
ရှီဟောင်သည် မပျက်စီးနိုင်သည့်ခန္ဓာကိုယ်ရှိသော်လည်း ကင်းမြှီးကောက်အမြှီးကြောင့် အပေါက်လေးဖြစ်သွားလေသည်။
“ဒီဝတ်စုံစုတ်ကတော့” သူ့ကိုယ်သူ ပြောလိုက်သည်။ ဤဝတ်စုံ၏ ပုခုံးတွင်ရှိနေသည့် အပေါက်မှ ဖောက်ထွက်သွားခြင်းပင်။
အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားလေသည်။
“ငါတို့သာ ကျင့်ကြံနယ်ပယ်တူတေရင် သူ့ရဲ့အမြှီးက ငါ့ကို ဖောက်ထွက်သွားနိုင်မှာမဟုတ်ဘူး .. ဒါပေမဲ့ သူက အခုနတ်ဘုရားဖြစ်နေတာဆိုတော့ ငါ့အသွေးအသားက သူ့ကိုမတားနိုင်ဘူး” ရှီဟောင်၏မျက်လုံးများ အေးစက်လာသည်။ ထိုရိုက်ချက်ကို ခံစားပြီးသည့်နောက်တွင် သူစတင်လက်တုံ့ပြန်လိုက်၏။
ကင်းမြှီးကောက်အမြှီးသည် တုံ့ဆိုင်းခြင်းမရှိပဲ သူ့ထံသို့ နောက်တစ်ကြိမ်ရောက်လာလေသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်နှင့် ထာဝရနန်းတော်သခင်လေးတို့၏ တိုက်ပွဲကို သူလေ့လာထားသောကြောင့် သူရှီဟောင်ကို ဖိနှိပ်ကာ သတ်နိုင်လိမ့်မည်ဟု သူ ခံစားနေရသည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် နတ်ဘုရားတစ်ပါးသာ..
ဖူး..
နောက်တစ်ခဏအတွင်းတွင် သူ၏အမြှီးသည် ရှီဟောင်၏ ရင်ဘတ်သို့ရောက်သွားပြီး သွေးများပန်းထွက်လာလေ၏။
အချို့သူများမှာ ထိတ်လန့်သွားကာ အားလုံး၏ အမူအရာမှာ ပြောင်းလဲသွားလေ၏။
“နတ်ဆိုးဘုရင်လူငယ်က .. ဒီလိုမျိုးပဲ အဆုံးသတ်သွားပြီလား”
“ကင်းမြှီးကောက်က မထင်မှတ်ပဲ အောင်မြင်သွားပြီပဲ”
သို့သော် သနားစရာကောင်းသည့်အော်သံတစ်ခုမှာ အားလုံး၏အမူအရာကို အေးခဲသွားလေ၏။ ထိုအော်သံမှာ ကောင်းကင်ကင်းမြှီးကောက်ထံမှ လာခြင်းပင်။
ရှီဟောင်၏ရင်ဘတ်တွင် အဝါရောင်ရွှံအနည်းငယ်ရှိနေလေသည်။ ကင်းမြှီးကောက်အမြှီး ထိုရွှံ့ကို ဖြတ်သွားသည်နှင့် အဆိပ်ပြင်းလှသည့် အမြှီးသည် လျင်မြန်စွာပင် အသားအပိုင်းအစအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ထို့အပြင် ထိုအရာသည် လျင်မြန်စွာဖြင့်ပင် အမြှီးပေါ်သို့တက်လာကာ အပြာရောင်အမြှီးသည် လျင်မြန်စွာပင် အဝါရောင်အဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင် သွေးများလွင့်စင်ထွက်လာသည်။
အား…
ကောင်းကင်ကင်းမြှီးကောက်ထံမှ သနားစဖွယ်အော်သံ ထွက်ပေါ်လာလေသည်။ သူ၏နတ်စွမ်းရည်များအားလုံးမှာ သူ၏အမြှီးထဲတွင် စုထားခြင်းပင်။ ယခုအချိန်တွင် သူ၏အမြှီးပျက်စီးသွားလေပြီ။ ဤသည်မှာ လူသားတစ်ယောက် သူ၏အဆင့်လွန်အရိုး အထုတ်ခံလိုက်ရသည်နှင့် အတူတူပင်။ ဤသည်မှာ လုံးဝပျက်စီးသွားခြင်းမဟုတ်သော်လည်း ပျက်စီးလုနီးပါးပင်။
အခြေအနေများမှာ ထိတ်လန့်စရာကောင်းလောက်အောင်ပင် ပြောင်းလဲသွားလေ၏။
ဤမြေကြီးမှာ နေနတ်ဘုရားနွယ်ပင်မှ ယူလာခဲ့ခြင်းပင်။ ဤမြေကြီးမှာ စွန့်ပစ်နယ်မြေမှ ယူလာခဲ့ခြင်းဖြစ်ပြီး ရှီဟောင်မှ ချက်ချင်းသိမ်းယူကာ ဆေးလုံးမီးဖိုထဲသို့ ထည့်ခဲ့ခြင်းပင်။ ယခုအချိန်တွင် မထင်မှတ်ပဲ ပေါ်လာခြင်းပင်။
ဝုန်း..
ရှီဟောင်သည် အနည်းငယ်မျှပင် သနားညှာတာခြင်းမရှိပဲ အရှေ့သို့ပြေးသွားလေ၏။ သူ၏လက်သီးနှစ်ဘက် တောက်ပလာကာ တစ်ဘက်တွင် ပြန်လည်မွေးဖွားခြင်းစွမ်းအားရှိပြီး အခြားတစ်ဖက်တွင် ခွန်ပန်ပညာရှိလေသည်။ ထိုလက်သီးများသည် ကောင်းကင်ကင်းမြှီးကောက်ထံသို့ ကျရောက်သွားလေ၏။
တစ်ချိန်တည်းမှာပင် အခြားသူများလည်းထိတ်လန့်သည့်အမူအရာများ ဖြစ်သွားကြသည်။ သူတို့သည်လည်း ကောင်းကင်ကင်းမြှီးကောက်အား ကြောက်ရွံ့ကြသောကြောင့် သူ့ကိုရှင်းပစ်ရန်အတွက် လှုပ်ရှားလိုက်ကြလေ၏။
ဝမ်းနည်းစွာဖြင့်ပင် ကောင်းကင်ကင်းမြှီးကောက်သည် အားလုံး၏ တိုက်ခိုက်မှုအောက်တွင် ပေါက်ကွဲသွားကာ ခန္ဓာကိုယ်နှင့်ဝိဉာဉ်ကင်းကွာသွားလေသည်။
“နှမြောစရာကောင်းလိုက်တာ … ဒီကင်းမြှီးကောက် အခွံထဲက အသားက ဂဏန်းအသားလိုမျိုးပဲ ဖြူဖွေးပြီးတော့ နူးညံ့နေတာ .. အခုတော့ ပျက်စီးသွားပြီ” ရှီဟောင်သည် နောင်တရသည့်ပုံစံဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် အားလုံးမှာ သူ့အား ငေးကြည့်လိုက်ကြ၏။
ရှီဟောင်၏ ဆေးလုံးမီးဖိုထဲတွင် မြေကြီးရောင်ရွှံ့မြေရှိသည်ကို သိသွားသည့်နောက်တွင် မည်သူမှ လက်လွတ်စပယ်မလုပ်ရဲကြတော့ပေ။
“ဖမ်း..”
လကျောက်စိမ်းယုန်လေးမှာ အူယားဖားယားပင် ပြေးနေရလေ၏။ သူသည် ခရမ်းရောင်အရိုးစာအုပ်ကို ရှီဟောင်ထံသို့ ပစ်ပေးလိုက်သည်။ ထို့နောက်တွင် ဝုန်းဟူသည့်အသံနှင့်အတူ ခရမ်းရောင်အရိုးစာအုပ်တောက်ပလာကာ သင်္ကေတတစ်ခုမှာ သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာလေသည်။
“ရွှေရောင်မြွေခြေထောက်”
ရှီဟောင် ဆွံ့အသွားရ၏။ မြွေမှာ ခြေထောက်ရှိလို့လား .. ထို့နောက်တွင် ဤသည်မှာ အဖိုးတန်ပညာတစ်ခုဖြစ်မှန်း သူနားလည်သွားရသည်။ ဤသည်မှာ နဂါးများနှင့် မြွေများကို လေ့လာပြီးသည့်နောက်တွင် လူသားများမှ တီထွင်ထားခဲ့သည့်ပညာပင်။
သို့သော် အဆုံးသတ်တွင် နဂါးနာမည်ကိုမယူပဲ ရွှေရောင်မြွေခြေထောက်ဟုသာ ခေါ်လေသည်။ ဤနာမည်မှ လန့်စရာမကောင်းသော်လည်း သူ၏အကြောင်းကို အနည်းငယ်မျှ ဖတ်လိုက်သည်နှင့် ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်နတ်စွမ်းရည်တစ်ခုဖြစ်မှန်းသိသွားရ၏။
မဟုတ်ပါက အဆင့်လွန်လူသား၏ အဖိုးတန်စာအုပ်တွင် မည်ကဲ့သို့ ပါဝင်နေမည်နည်း…
ထိုအချိန်တွင် တာအိုစင်္ကြံထက်တွင်ရှိနေသည့် သူများအားလုံး လှုပ်ရှားလိုက်ကြ၏။ ရှီဟောင်ထံတွင် ရွှေရောင်စာရွက်အပြင် ခရမ်းရောင်အရိုးစာအုပ်ရှိနေသောကြောင့် အားလုံးသည် ရှီဟောင်အား ဝန်းရံတိုက်ခိုက်ကြလေသည်။
ရှီဟောင် ပျံသန်းသွားလိုက်သည်။ သူထိုအရာကိုနားလည်ချင်သော်လည်း ဤအရိုးစာအုပ်မှာ အတော်လေးထူးဆန်းလေသည်။ လူတစ်ယောက်တည်းမှ အဖိုးတန်ပညာကို ယူလိုက်လျှင် ထိုစာအုပ်သည် တစ်ခဏမျှ တိတ်ဆိတ်သွားကာ အခြားသူများ နတ်စွမ်းရည်ကို မယူနိုင်အောင် တားဆီးထားလေသည်။
ရှီဟောင်သည် လက်ကိုလှုပ်ရှားလိုက်ကာ ခရမ်းရောင်အရိုးစာအုပ်ကို အပြင်ဘက်သို့ လွင့်ပစ်လိုက်သည်။ သူရွေးချယ်မှုပြုလုပ်မှ ရတော့မည်။ မဟုတ်ပါက အားလုံး သူ့ကို ဝိုင်းတိုက်လိမ့်မည်။ သူ၏ဆေးလုံးမီးဖိုထဲတွင် ကောင်းကင်မြစ်ရေရှိသေးသော်လည်း အားလုံးကို တားဆီးနိုင်မည်မဟုတ်ပေ။
“အဖိုး .. ကျွန်တော်တို့ သွားရအောင်” ရှီဟောင်သည် လျှို့ဝှက်စွာပင် အသံပို့လွှတ်လိုက်၏။ ရှီဟောင်သည် ဤအခွင့်အရေးကို အသုံးချကာ ဆန့်ကျင်ဘက်အရပ်သို့ ပြေးသွားလိုက်သည်။
မြေးအဖိုးနှစ်ယောက်သည် တာအိုစင်္ကြံထက်မှ ခုန်ချလိုက်ကြ၏။ သို့သော် လူတစ်ဝက်နီးပါးမှာ သူတို့နောက်သို့ လိုက်လာလေသည်။ ကျန်သည့်တစ်ဝက်မှာမူ ခရမ်းရောင်အရိုးစာအုပ်အတွက် တိုက်ခိုက်နေကြလေသည်။
“ဖရိုဖရဲစွမ်းအင်တွေနဲ့ ပြည့်နေတဲ့ ဒီရှေးနန်းတော်ကနေ ငါတို့ဘယ်လို ထွက်သွားရမှာလဲ” ရှီဟောင်သူ့ကိုယ်သူ ပြောလိုက်သည်။
မြေးအဖိုးမှာ လျင်မြန်စွာ ပြေးနေကြပြီး သူတို့တစ်ကိုယ်လုံးချွေးများ ဖုံးလွှမ်းနေကာ အနည်းငယ် မောပန်းနေလေပြီ။
“စီနီယာ ကျွန်တော်တို့ ဘယ်လိုထွက်သွားရမှာလဲ” ရှီဟောင်သည် ဤနေရာကို ထိန်းသိမ်းနေသည့် သဘာဝဥပဒေသများ သို့မဟုတ် အမှောင်ထဲတွင်ရှိနေသည့် ဝိဉာဉ်ကို အော်ပြောလိုက်သည်။
“မင်းထွက်သွားချင်တာ သေချာလား .. အဆင့်လွန်လူသားရဲ့အမွေအနှစ်အတွက် မတိုက်ခိုက်တော့ဘူးလား” ခမ်းနားသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် အလွန်ပင် ပျော်ရွှင်သွားရသည်။ “သေချာတယ်”
အားလုံးမှာ ရွေးချယ်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး ကိုယ်ရသည်ကို တင်းတိမ်ရောင့်ရဲရမည်သာ။ ရွှေရောင်စာရွက်ကို ရပြီးသွားပြီဖြစ်သောကြောင့် သူကဘာကို တွန့်ဆုတ်နေရမည်နည်း … လောဘကြီးလွန်းပါက သူတို့ဤနေရာတွင် သေသွားလိမ့်မည်။
အလင်းသင်္ကေတများပေါ်လာကာ ရှီဟောင်နှင့် အဖိုး ၁၅ ကို ဝန်းရံသွားလေ၏။ ထိုအလင်းများသည် သူတို့ကို ချက်ချင်းပင် ဤနေရာမှ ခေါ်ထုတ်သွားလေသည်။
“ငါရောပဲ .. ငါရောပဲ” ယုန်ဖြူလေသည် အော်ဟစ်နေပြီး မကျေမနပ်ဖြင့်ပင် မြေကြီးကို စောင့်ကန်နေလေသည်။
အခြားသူများမှာ အနည်းငယ် တွေဝေသွားကြ၏။ သူတို့သာ ဤအတိုင်း ဆက်လိုက်နေလျှင်သူတို့ ခရမ်းရောင်အရိုးစာအုပ်ကို ပိုင်ဆိုင်နိုင်မည့်အခွင့်အရေးကို လက်လွတ်ရလိမ့်မည်။
လူအုပ်ကြီးမှာ သူတို့နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။ ထို့နောက်တွင် ရောင်စုံအလင်းတန်းပေါ်လာလေသည်။ ခရမ်းရောင်အရိုးစာအုပ်အတွက် သွားတိုက်ခိုက်မည့်သူအချို့လည်း ပြန်လှည့်ထွက်သွားကြလေသည်။
ယခုတစ်ကြိမ်တွင် ရှီဟောင်နှင့်အခြားသူများသည် တောင်ကိုးလုံးကို ဖြတ်သန်းကာအမွေအနှစ်နယ်မြေအပြင်ဘက်သို့ ရောက်သွား၏။ သူတို့သည် ထာဝရကန်၏ တာအိုဂိတ်ဝင်ပေါက်သို့ ရောက်သွားခြင်းပင်။
ဝုန်း..
သူတို့ရောက်သွားသည်နှင့် ချောင်းတိုက်ခံလိုက်ရလေသည်။ ရွှေရောင်ဖားပြုတ်ကြီးသည် သူ၏လျှာကို ထုတ်ကာ ရေတံခွန်ကဲ့သို့ပင် သူတို့ထံသို့ ပစ်လွှတ်လိုက်လေသည်။
“ဒီမှာ”
ရှီဟောင်သည် အဝါရောင်မြေကြီးနှင့် ကောင်းကင်မြစ်ရေအချို့ကို ထုတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ရွှေရောင်ဖားပြုတ်ကြီး၏ ဝိဉာဉ်အာရုံခံနိုင်စွမ်းမှာ ထက်မြက်လှသည်။ သူသည် ထိတ်လန့်သွားကာ ထိုလမ်းကြောင်းမှ လျင်မြန်စွာပင် ရှောင်ဖယ်လိုက်သည်။
အား…
ထို့နောက်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။ ရွှေရောင်ဖားပြုတ်ကြီး၏လျှာသည် ရှီဟောင်နောက်သို့လိုက်လာသည့် နတ်မီးတောက်နယ်ပယ်ရှိ ပိုးကောင်တစ်ကောင်ကို ဝါးမြိုလိုက်လေသည်။
ဖူး..
ထိုအချိန်တွင် ကျောက်စိမ်းရေနဂါးလည်း လှုပ်ရှားလိုက်လေ၏။ သူသည် ကျောက်စိမ်းရှိခိုးကောင်ကို ခါးမှ ဖြတ်ကာ စားသုံးလိုက်လေသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ရွှေရောင်ဖားပြုတ်ကြီးနှင့် ကျောက်စိမ်းရေနဂါးတို့မှာ လျှို့ဝှက်နယ်မြေ၏ စွမ်းအားအကြီးဆုံးသက်ရှိများပင်။ သူတို့၏ ကျင့်ကြံဆင့်သည့် နတ်မီးတောက်နယ်ပယ်ထက်ပင် မြင့်လိမ့်မည်ဟု ရှီဟောင်သံသယဝင်မိသည်။ သူတို့ ဤနေရာတွင် စောင့်နေကြလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့ပေ။
အမွေအနှစ်နယ်မြေတွင် ကန့်သတ်ချက်များရှိသည်။ ထိုသက်ရှိများလည်း ဝင်ရောက်ခဲ့သော်လည်း သူတို့ တောင်ကိုးလုံးသို့ ရောက်သည့်အချိန်တွင် သူတို့၏ ကျင့်ကြံဆင့်များ ကန့်သတ်ခံလိုက်ရသောကြောင့် သူတို့ ပြန်ထွက်လာခဲ့ကြခြင်းပင်။
“လူငယ်လေး .. မလောပါနဲ့ .. ငါတို့ထိုင်ပြီးဆွေးနွေးလို့ရတယ်လေ” ထိုအချိန်တွင် သက်ရှိတစ်ကောင်မှ စကားပြောလိုက်သည်။
သူ့ကိုဘက်ပေါင်းစုံမှ ဝန်းရံထားသည်ဟု ရှီဟောင်ခံစားလိုက်ရသည်။ သို့သော် သူလှည့်ကြည့်လိုက်ပြီး ဤသက်ရှိကို တွေ့လိုက်ရသည့်အချိန်တွင် သူမသေချာတော့ပေ။ သူ့ထံတွင် ဆေးလုံးမီးဖို၊ ကောင်းကင်မြစ်ရေနှင့် အဝါရောင်မြေကြီးတို့ရှိသော်လည်း အနည်းငယ်စိုးရိမ်မိသည်။
ထိုသက်ရှိမှာ တစ်ပင်လုံးမည်းတူးနေသည့် ရှေးဟောင်းသစ်ပင်တစ်ပင်ပင်။ ဤသည်မှာ နတ်ဆိုးသွေးတစ္ဆေသစ်ပင်ပင်။
“စီနီယာက ဘာကိုဆွေးနွေးချင်တာလဲ” ရှီဟောင်သည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ကာ မေးလိုက်သည်။
“ငါတို့နှစ်ယောက်က ကံတရားကြောင့် တွေ့ဆုံကြတဲ့လူတွေ .. ငါမင်းကို ဘာမှအန္တရာယ်ပေးမှာမဟုတ်ဘူး .. အဲဒီတော့ မင်းစိတ်အေးအေးထားလို့ရတယ်” နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှ တည်ငြိမ်စွာပင် ပြောလိုက်၏။
သို့သော် ရှီဟောင်အနည်းငယ်မျှပင် စိတ်မအေးမိပေ။ ဤသစ်ပင်သည် ကောင်းကင်မြစ်ရေ၏ ကျိန်စာကြောင့် တောင်ပြေးမြောက်ပြေး ပြေးခဲ့ရသေးသည်။ သူက ဒါကို လွယ်လွယ်နဲ့ခွင့်လွှတ်မှာလား ..
“စီရင်စုသုံးထောင်အပြင်ဘက်မှာ ရှိနေတဲ့ကမ္ဘာက ငါ့အိမ်ပဲ .. မင်းဝတ်ထားတဲ့စစ်ဝတ်စုံက အဲဒီနေရာကလာတာ .. ဒါက ကံတရားပဲ .. ငါတို့ရန်သူတွေမဟုတ်ဘူး” သစ်ပင်အိုကြီးမှ ပြောလိုက်သည်။
ရှီဟောင်တုန်လှုပ်သွားရသည်။ သူသည် စီရင်စုသုံးထောင်အပြင်ဘက်ကမ္ဘာကို လေ့လာချင်မိသည်။ ထိုကျယ်ပြန့်လှသည့် စွန့်ပစ်နယ်မြေသည် မည်ကဲ့သို့သော နယ်မြေဖြစ်သနည်း ..