သုခကမ္ဘာက ရှီဟောင် - Chapter - 882 လျှို့ဝှက်နယ်မြေမှ ထွက်ခွာခြင်း
ရှီဟောင်သည် သတိဖြင့်သာ ကြည့်နေနေ၏။ သူစိတ်ဝင်စားသွားသော်လည်း သတိလက်လွတ်မနေရဲပေ။
သစ်ပင်အိုကြီးမှာ တစ်ပင်လုံးမည်းတူးနေပြီး ခြောက်သွေ့နေကာ အသက်ကြီးသည့်အော်ရာထွက်ပေါ်နေသည်။ ဤသစ်ပင်သည် သက်တမ်းမည်မျှရှိနေမှန်း မသိပေ။ သို့သော် သူသည် အမှန်တကယ်ပင် မည်သည့်ရန်လိုမှုမှ မရှိပဲ ရှီဟောင်နှင့်ဆွေးနွေးနေလေသည်။
“စကားပြောလို့ပြီးပြီလား” ဘေးဘက်တွင်ရှိနေသည့် ကျောက်စိမ်းရေနဂါးမှ ခနဲ့လိုက်သည်။ ထို့နောက်တွင် သူသည် ရှီဟောင်အား စိုက်ကြည့်နေလေသည်။
“လူကြီးတွေစကားပြောနေရင် မင်းတို့လိုမျိုး ကလေးတွေ ဝင်မပါနဲ့” နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှ လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
“ခင်ဗျား ကျုပ်ကို ပြောနေတာလား” ကျောက်စိမ်းရေနဂါး၏ ခန္ဓာကိုယ်တစ်ခုလုံးတောက်ပလာ၏။ သူ၏အကြေးခွံများမှာ သတ္တုများဖြင့် ပြုလုပ်ထားသကဲ့သို့ပင် တောက်ပနေပြီး အေးစက်နေလေ၏။ သူ၏မျက်လုံးများလည်း ပြူးကျယ်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
သူသည် နတ်မီးတောက်နယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သောကြောင့် သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။ သူသည် လျှို့ဝှက်နယ်မြေထဲတွင် စွမ်းအားအကြီးဆုံးနတ်ဘုရားတစ်ပါးပင်။
နတ်ဆိုးသွေးတစ္ဆေသစ်ပင်၏ အော်ရာထွက်ပေါ်လာ၏။ သူသည်လည်း သာမန်မဟုတ်ပေ။ သူသည် ကြီးမားလှသည့်အစီအရင်ထဲတွင် ပိတ်မိနေပြီး အပြင်ကမ္ဘာမှ ကိစ္စများတွင် ဝင်မပါသောကြောင့်သာ နာမည်မကြီးခြင်းပင်။
အနက်ရောင်သစ်ကိုင်းတစ်ခုသည် နတ်ကြာပွတ်တစ်ခုကဲ့သို့ ထွက်ပေါ်လာ၏။ ထိုသစ်ကိုင်းတွင် လျှပ်စီးများရှိနေပြီး လေထဲတွင်လည်း နားစည်ကွဲလောက်သည့် မိုးခြိမ်းသံထွက်ပေါ်လာ၏။
ကျောက်စိမ်းရေနဂါး၏ အမူအရာပြောင်းလဲသွား၏။ သူဤသစ်ပင်ကို တစ်ခါမှ မမြင်ဖူးပေ။ သို့သော် သူသည် ဤနယ်မြေတွင် စွမ်းအားအကြီးဆုံးသက်ရှိတစ်ကောင်ဖြစ်ပြီး အပြင်ဘက်မှ ဝင်လာသောသူများမှာ ကျင့်ကြံဆင့်များ ကန့်သတ်ခံရသောကြောင့် ဤသစ်ပင်၏ ကျင့်ကြံဆင့်မှာ နတ်မီးတောက်နယ်ပယ်ထက် မကျော်နိုင်။
“ဂါး…” နဂါးကြီးသည် ဟစ်ကြွေးလိုက်ကာ စတင်တိုက်ခိုက်လိုက်သည်။ အစိမ်းရင့်ရောင်သင်္ကေတများထွက်ပေါ်လာလေ၏။ ရေနဂါးကြီးသည် ကောင်းကင်ကြီးကိုစုတ်ဖြဲကာ ထိုသစ်ကိုင်းကို ရင်ဆိုင်လိုက်လေသည်။
ဖူး..
ထို့နောက်တွင် ရေနဂါး၏လက်မှာ ပေါက်ကွဲသွားပြီး ပြင်းထန်စွာပင် ဒဏ်ရာရသွား၏။ သွေးများလည်း အဆက်မပြတ်စီးကျလာလေသည်။
နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှာ အမှုမှတ်အမှတ်မဲ့သာ တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ရေနဂါးတစ်ကောင်၏ လက်များကို ဖြတ်ပစ်နိုင်သောကြောင့် ကျောက်စိမ်းရေနဂါး ထိတ်လန့်သွားရ၏။ ဒီနတ်ဘုရားက ဘယ်ကလာတာလဲ .. သူကဘယ်လိုဝင်လာတာလဲ .. ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်က ဘာလို့ ခွင့်ပြုထားတာထက် မြင့်နေတာလဲ ..
ဘေးဘက်တွင်ရှိနေသည့် ရွှေရောင်ဖားပြုတ်ကြီးလည်း ထိတ်လန့်သွားရသည်။ ဤရှေးသစ်ပင်ကြီးသည် ကျောက်စိမ်းရေနဂါးကိုပင် အလွယ်တကူဒဏ်ရာရအောင် လုပ်နိုင်သည်။
ကျောက်စိမ်းရေနဂါးနှင့် ရွှေရောင်ဖားပြုတ်တို့နှစ်ဦးလုံးအနောက်ဘက်သို့ ဆုတ်သွားကာ ဤအနီးအနားတွင် မနေလိုကြတော့ပေ။
ရှီဟောင်လည်းစိတ်ထဲတွင် ထိတ်လန့်သွားရ၏။ ဤသစ်ပင်အိုကြီးမှာ စွမ်းအားကြီးလွန်လှသည်။ သူ ကျိန်စာစွမ်းအားကို ခံစားလိုက်ရပြီး ယခုမှ ပြန်နေကောင်းလာခါစမဟုတ်ပါက သူ ရေနဂါးကို သတ်ပစ်နိုင်သည်။
“မကြောက်ပါနဲ့ .. ငါ မင်းကို အန္တရာယ်မပေးပါဘူး .. ငါတို့နှစ်ယောက် ကောင်းကောင်းဆွေးနွေးလို့ရတယ်” နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှ ပြောလိုက်သည်။
အလင်းရောင်ဂိတ်ပေါက်ဝတွင် သူတို့နောက် လိုက်လာသည့် အခြားထူးခြားပါရမီရှိသူများလည်း ဤမြင်ကွင်းကို မြင်သွားကြလေ၏။ သူတို့သည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကြလေသည်။ သို့သော် အချို့လူများမှာ အခြေအနေကို နားမလည်သောကြောင့် တရှိန်ထိုးပြေးလာကာ တိုက်ခိုက်ကြလေ၏။
အဆုံးသတ်တွင် ဖူးဟူသောအသံနှစ်ခုအောက်တွင် ကောင်းကင်ကင်းမြှီးကောက်၏ နတ်မီးတောက်ပျောက်ကွယ်သွားကာ အခြား ထူးခြားပါရမီရှိသူတစ်ယောက်၏ အော်သံကိုလည်း ကြားလိုက်ရသည်။ ထိုသူသည် လျင်မြန်စွာပင် အလင်းမိုးအဖြစ်သို့ ပြောင်းလဲသွားကာ ဝင်ပေါက်သို့ ရောက်သွားလေသည်။
“ငါက အချိန်အကြာကြီးချိတ်ပိတ်ခံထားရပြီးတော့ ငါ့စွမ်းအားတွေက အခုမှ ပြန်ကောင်းလာတာဆိုတော့ ငါ့ရဲ့ခွန်အားတွေကို မထိန်းနိုင်သေးဘူး .. ငါသူတို့ကို သတ်ဖို့မရည်ရွယ်ဘူး” နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှ ရှင်းပြလေသည်။
ထိုလူများမှာ ဆွံ့အသွားရ၏။ ထိုတိုက်ခိုက်မှုများမှာ တမင်သက်သက်တိုက်ခိုက်မှန်းသိသာလှသည်။
“ကျွန်တော်ခင်ဗျားကို ယုံတယ်” ရှီဟောင် ခေါင်းညိမ့်ကာ ပြောလိုက်လေသည်။
ဤကဲ့သို့သော သစ်ပင်မျိုးတွင် နတ်ဆိုးသွေးပါဝင်သောကြောင့် သူသည် သစ်ပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲနိုင်သကဲ့သို့ လူသားပုံစံတစ္ဆေအဖြစ်သို့လည်း ပြောင်းလဲနိုင်လေသည်။ သူတို့သည် ကြောက်စရာအကောင်းဆုံးဖြစ်ပြီး အရေအတွက်လည်း အနည်းငယ်သာရှိသည်။ သူတို့သည် စွန့်ပစ်နယ်မြေ၏ အတွင်းနက်ပိုင်းတွင်သာ နေထိုင်ကြလေသည်။
“ငါတို့ပြောတာ ဘယ်ရောက်သွားပြီလဲ” နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှ မေးလိုက်သည်။
“ကျွန်တော်တို့နှစ်ယောက်လုံးက ကံကြမ္မာကြောင့် တွေ့ကြတဲ့အကြောင်းပြောနေတာ .. ပြီးတော့ ဒီဝတ်စုံက…” ရှီဟောင် သတိပေးလိုက်သည်။
“အရင်တုန်းက ငါက အဲဒီဝတ်စုံရဲ့အက်ကွဲကြောင်းကြားထဲက အစေ့လေးတစ်စေ့ပဲ” နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှ ပြောလိုက်၏။
ဤစကားများမှာ ရှီဟောင်အားဆွံ့အသွားစေ၏။ ဒီသစ်ပင်အိုကြီးက နှစ်ပေါင်းဘယ်လောက်တောင်ရှိနေပြီလဲ..
ဤဝတ်စုံသည် မူလကောင်းကင်အဆင့်လွန်လူသား စွန့်ပစ်နယ်မြေထဲမှ ယူခဲ့သည့် ရှေးခေတ်မှ ပစ္စည်းပင်။ အခု နှစ်ပေါင်းဘယ်လောက်တောင်ကုန်သွားပြီလဲ..
“ငါတို့ နတ်ဆိုးသွေးတစ္ဆေသစ်ပင်အစေ့တွေရဲ့ ကြီးထွားနှုန်းက အရမ်းနှေးတယ် .. အချိန်အကြာကြီးကြာမှ ငါအဖူးပွင့်နိုင်တာ” သစ်ပင်အိုကြီးမှ ရှင်းပြလိုက်သည်။ ထိုအချိန်တွင် သူအသိဉာဏ်ရှိနေပြီဖြစ်သောကြောင့် သူ့ကို တားမြစ်နယ်မြေထဲမှ ထုတ်လာသည်ကို သိသော်လည်း သူမသိသေးသည့်အရာများစွာလည်း ရှိနေသေးသည်။
သူ့ထံတွင် မွေးရာပါ ပါလာသည့် နတ်စွမ်းရည်သာရှိပြီး တားမြစ်နယ်မြေ၏ အခြေအနေများကို မသိပေ။
သူသည် ချပ်ဝတ်တန်ဆာ၏ အက်ကွဲကြောင်းအတွင်းတွင်ရှိနေပြီး မူလကောင်းကင်အဆင့်လွန်လူသားသည် သူ၏ရှားပါးမှုကို သတိပြုမိသွားသောကြောင့် ယူလာခြင်းပင်။
“ဒီလိုကိစ္စမျိုးလည်း ရှိတာလား..” ဘာပြောရမလဲပင် ရှီဟောင်မသိတော့ပေ။
“ဒီဝတ်စုံမှာ အရင်က ငါနေခဲ့ရတာကို မင်းကို ပြောပြချင်တာပါ .. ဒီဝတ်စုံကို သာမန်လူတွေမဝတ်နိုင်ဘူး … အခု မင်းဝတ်နိုင်တယ်ဆိုတော့ ငါမင်းကို ခက်ခဲအောင်မလုပ်တော့ပဲနဲ့ ငါတို့ကိစ္စတွေကို မင်းကိုကျေအေးပေးလိုက်မယ်” နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှ ပြောလိုက်သည်။
ရှီဟောင်သက်ပြင်းချလိုက်၏။ တစ်ဖက်လူသည် သူ့ထက်ကျင့်ကြံဆင့်မြင့်သောကြောင့် ဤသည်မှာ သူ့အတွက် အကောင်းဆုံးအခြေအနေပင်။
“ဒါပေမဲ့ ငါတို့က ကံပါလို့တွေ့ကြတာဆိုတော့ မင်းလည်းငါ့ကို ကူညီပေးသင့်တယ် … မင်းရဲ့ဆေးလုံးမီးဖိုထဲက ကောင်းကင်မြစ်ရေထဲမှာရှိတဲ့ ထာဝရတာအိုစွမ်းအားကို ငါအတော်လေး စိတ်ဝင်စားတယ် .. ငါ့ကျိန်စာဖြည်ဖို့ ကူညီပေးပါဦး”
အဖိုး ၁၅ ၏အမူအရာပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် ဆေးလုံးမီးဖိုထဲတွင် ရွှေရောင်စာရွက်နှစ်ရွက်လည်း ရှိသေးသည်
ဤသည်မှာ ရှီဟောင်အတွက် အနည်းငယ်အခက်တွေ့စေသည်။ သူ့ကိုယ်သူ ရေရွတ်ပြောဆိုသည်ကို တွေ့လိုက်သည့်အချိန်တွင် နတ်ဆိုးသွေးတစ္ဆေသစ်ပင်သည် ရယ်မောလိုက်ကာ “မင်း လျှပ်စစ်ဧကရာဇ်ရဲ့ တစ်ခြားတစ်ရွက်ကိုလည်း ရပြီးသွားတာလား”
ရှီဟောင်သက်ပြင်းချလိုက်၏။ သူအရာမှ မလွတ်မြောက်နိုင်တော့ပေ။
“မင်းငါ့ဆီက တစ်ရွက်ယူသွားတယ် … အဲဒီတော့ ကျန်တဲ့တစ်ရွက်ကိုငါ့ကိုပြလိုက်ရင် ငါတို့ ကျေပြီလို့ ပြောလို့ရတယ်” နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှ ပြောလိုက်သည်။
ထိုစာရွက်သည် ထိုနေရာတွင်ရှိနေမှန်းကို သူသိသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကသူတစ်ခေါက် ဝင်ခဲ့သေးသော်လည်း သူ၏ကျင့်ကြံဆင့် ကန့်သတ်ခံလိုက်ရပြီး ဆုတောင်းဖျာကို မလှုပ်နိုင်ခဲ့ပေ။ ယခုအချိန်တွင် သူ၏မျက်လုံးများတောက်ပလာလေသည်။
သူသည် သရဲသစ်ပင်ဖြစ်သောကြောင့် သူ၏ပင်စည်တွင် မျက်လုံးတစ်လုံး ရှိနေလေ၏။
“ဟုတ်ပြီလေ” ရှီဟောင်သည် တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် သဘောတူလိုက်သည်။ သူသည် နတ်ဆိုးသွေးတစ္ဆေသစ်ပင်နှင့် သူငယ်ချင်းလုပ်၍သာ ရလိမ့်မည်။ ရန်သူလုပ်၍မရနိုင်ပေ။ မဟုတ်ပါက သူအန္တရာယ်များနှင့် ရင်ဆိုင်ရလိမ့်မည်။
“ကျမ်းစာတွေကို ငါအလကားမယူပါဘူး .. အချိန်တန်ရင် ငါမင်းကို ကံကောင်းခြင်းတွေလက်ဆောင်ပြန်ပေးမှာပါ” သစ်ပင်အိုကြီးမှ ပြောလိုက်သည်။
“ဘယ်လိုကံကောင်းခြင်းလဲ” ရှီဟောင် အံ့အားသင့်သွားရသည်။
“ငါ မင်းတို့အားလုံးကို လျှို့ဝှက်နယ်မြေကနေ လုံလုံခြုံခြုံနဲ့ ပြန်ပို့ပေးမယ်” နတ်ဆိုးသွေးတစ္ဆေသစ်ပင်သည် ရယ်မောကာ ပြောလိုက်၏။ သူ၏အရှေ့မှ လူငယ်သည် ပြိုင်ဘက်အနည်းငယ်ကို သတ်ခဲ့ပြီး ဤလျှို့ဝှက်နယ်မြေမှ ထွက်သွားချင်နေမှန်း သူသိသည်။ သူတို့ ဤအတိုင်းထွက်သွားပါက ဝင်ပေါက်တွင် သေချာပေါက် တိုက်ခိုက်ခံရမည်ပင်။
“ငါက မထွက်သွားချင်သေးဘူးလေ ..” ရှီဟောင်ရေရွတ်လိုက်၏။ သူသည် အဖိုး ၁၅ နှင့် အရင်ကတည်းကတိုင်ပင်ပြီးသားပင်။ လျှို့ဝှက်နယ်မြေသည် နေရာတိုင်းတွင် သဘာဝအရင်းအမြစ်များ၊ အဖိုးတန်ဆေးပင်များပြည့်နေသည့်နေရာတစ်ခုပင်။ ဤနယ်မြေသည် ကျင့်ကြံခြင်းအတွက် ကောင်းမွန်သည့်နေရာတစ်ခုပင်။
“မင်းက ဒီမှာနေချင်တာလား” နတ်ဆိုးသွေးတစ္ဆေသစ်ပင် ထိတ်လန့်သွားရ၏။
“ဒီမှာက နေရာတိုင်းမှာ ကောင်းကင်ပစ္စည်းတွေ၊ ရတနာတွေရှိနေတာ .. အပြင်ကမ္ဘာထက်အများကြီးသာတယ် .. အဲဒီတော့ ကျွန်တော်က ဘာလို့ ထွက်သွားရမှာလဲ .. ကျွန်တော့်ရဲ့ကျင့်ကြံဆင့် တက်လာတဲ့အချိန်ကျမှ ထွက်သွားရင် ဘယ်သူက ကျွန်တော့်ကို ခက်ခဲအောင် လုပ်နိုင်တော့မှာလဲ..” ရှီဟောင် ပြောလိုက်၏။
“အဲဒါဆိုမင်း..”
“ငါအသက်ရှင်နေတာက မူလကောင်းကင်အဆင့်လွန်လူသားက ငါ့ကို ဒီလျှို့ဝှက်နယ်မြေထဲမှာ စိုက်ခဲ့လို့ပဲ .. ပြီးတော့ ငါက အစီအရင်ထဲမှာ ချိတ်ပိတ်ခံရပြီးတော့ လျှပ်စီးအမဲလိုက်ခွေးရဲ့ အကြွင်းအကျန်တွေနဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်လာတာ .. အဲဒါကြောင့်မို့လို့ ငါက ဒီနေရာ သတ်မှတ်ချက်တွေကိုသွေဖယ်နိုင်တာ .. မင်းတို့အားလုံးလည်း ဒီလိုမျိုး လုပ်ချင်တာလား”
အဖိုး ၁၅ နှင့် ရှီဟောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ဒါပေမဲ့ မင်းရဲ့ ပါရမီနဲ့ဆိုရင် မင်း အဲဒီနဂါးအမဲလိုက်ခွေးကိုတောင် လက်ခံနိုင်တယ်ဆိုတော့ မင်းလုပ်နိုင်မှာပါ .. ဒါပေမဲ့ ဒါက တော်တော်လေးကို ခက်ခဲလိမ့်မယ်” သစ်ပင်အိုကြီးသည် ရယ်မောကာ ပြောနေလေသည်။
သူသည် ဤလျှို့ဝှက်နယ်မြေအကြောင်းကို နားလည်ထားသည်မှာ ကြာခဲ့လေပြီ။ သူသည် ရွှေရောင်ဖား၊ ကျောက်စိမ်းရေနဂါးနှင့် အခြားအဆင့်လွန်ကျွမ်းကျင်သူများထက် ကြောက်ဖို့ကောင်းလေသည်။
လျှို့ဝှက်နယ်မြေတွင် မတည်ငြိမ်သည့်နေရာတစ်ခုကိုနတ်ဆိုးသွေးတစ္ဆေသစ်ပင် ရှာတွေ့ထားလေ၏။ သူတို့ ထိုနေရာမှ ထွက်သွား၍ရသည်။ ဤရှေးဟောင်းသစ်ပင်ကြီးအတွက်မူ ဤနေရာမှာ ထောင်တစ်ခုပင်။
“နှမြောစရာပဲ” ရှီဟောင်သည် အတော်လေးပင် နှမြောမိသည်။ သူအမှန်တကယ်ပင် ဤနေရာတွင်နေခဲ့လိုခြင်းပင်။ ဤကဲ့သို့သော အံ့အားသင့်စရာကောင်းသည့်နယ်မြေကို သူမည်သည့်နေရာတွင် သွားရှာရမည်နည်း ..
“ဟေး ဒီလူအိုကြီးကို ရန်စဖို့ လွယ်တယ်လို့ မင်းတို့ထင်နေကြတာလား” နတ်ဆိုးသွေးတစ္ဆေသစ်ပင်သည် ခပ်ဝေးဝေးတွင်ရှိနေသည့် လူအားလုံးကို ကြည့်လိုက်ကာ “ချောင်းမြောင်းတိုက်ခိုက်နေကြတာဆိုတော့ မင်းတို့အားလုံးက ငါ့ကို လေလိုသဘောထားနေတာလား”
ရွှီး..
သစ်ကိုင်း တစ်ကိုင်း ထွက်သွားကာ ကျောက်စိမ်းရေနဂါးသည် ချက်ချင်းပင် သနားစဖွယ်အော်ဟစ်နေလေ၏။ အခြားနဂါးတစ်ကောင်၏ လက်မောင်းလည်းပြုတ်ကျသွားကာ သွေးမိုး ရွာသွားလေ၏။ ထို့အပြင် ရွှေရောင်ဖားပြုတ်၏ ဗိုက်တွင်လည်း အပေါက်တစ်ပေါက်ဖြစ်သွားလေ၏။ ထို့နောက်တွင် ထိုသူများမှာ အစအနရှာမရအောင်ပင် ပျောက်ကွယ်သွားလေသည်။
“နူးညံ့ပြီးတော့ လတ်ဆတ်တဲ့ ရေနဂါးအသားတွေ ..” ရှီဟောင်သည် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးကာ ပြုတ်ကျသွားသည့် ရေနဂါးလက်မောင်းနှစ်ဘက်ကို သွားကောက်လိုက်လေသည်။
“မင်းတို့တွေ ..” နတ်ဆိုးသွေးတစ္ဆေသစ်ပင်သည် အမွေအနှစ်နယ်မြေထဲမှ လိုက်လာသည့် သူများအား ကြည့်လိုက်သည်။
ဖူး ဖူး…
လျှို့ဝှက်နယ်မြေထဲတွင်ရှိနေသည့် သက်ရှိများစွာမှာ ချက်ချင်းပင် အသတ်ခံလိုက်ရလေ၏။ သူတို့အားလုံးသည် အသက်ကယ်သင်္ကေတများကိုအားကိုးကာ ထွက်သွားကြလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤနေရာသည်ရှင်းလင်းသွားလေ၏။
လကျောက်စိမ်းယုန်သည် အလွန်ပင်ကြောက်ရွံ့နေပြီး ခုန်ဆွခုန်ဆွဖြင့်ပင် သူ၏ကလေးအသံဖြင့် “ငါက သူ့ဘက်ကလူ”
“နောက်ဆုံးတော့ ငြိမ်းချမ်းသွားပြီ”
ထို့နောက်တွင် ရှီဟောင်သည် ဆေးလုံးမီးဖိုကို ထုတ်ယူလိုက်ကာ သစ်ပင်အိုကြီးအတွက် ကောင်းကင်မြစ်ရေအနည်းငယ်ကို ပြုပြင်လိုက်၏။ သစ်ပင်ကြီးကဲ့သို့သော ကျင့်ကြံဆင့်မျိုးအတွက် ကျိန်စာစွမ်းအားမှာ သေစေလောက်သည်ပင်။
သစ်ပင်အိုကြီးမှာ သူလိုချင်သည်ကို ရသွားသောကြောင့် အလွန်ပင် ကျေနပ်သွားလေသည်။ ထို့နောက်တွင် သူသည် ဆေးလုံးမီးဖိုထဲမှ အဝါရောင်မြေကြီးကို တွေ့လိုက်ရသည့်အချိန်တွင် ချက်ချင်းပင် ထိတ်လန့်သွားရသည်။
“အဝါရောင်မြေကြီးရဲ့ အော်ရာနည်းနည်းလေးရှိနေတဲ့မြေကြီးပဲကိုး .. အဲဒါ မဟုတ်ဘူးပဲ” ထိုအချိန်မှသာသူသက်မချနိုင်တော့သည်။
ရှီဟောင်၏မျက်လုံးများတောက်ပလာသည်။ ထို့နောက်တွင်သူသည် လျင်မြန်စွာပင် အဝါရောင်မြေကြီးအကြောင်းမေးလိုက်လေသည်။
“ငါလည်းသိပ်တော့မသေချာဘူး … ဒါက ရှေးခေတ်တုန်းက ထာဝရတစ်ယောက်က ချန်ထားခဲ့တဲ့ပစ္စည်းလို့ ပြောကြတယ် … ဒီပစ္စည်းကို ထိလို့မရဘူး” သစ်ပင်အိုကြီးမှ ပြောလိုက်လေသည်။
ရှီဟောင်ထိတ်လန့်သွားရသည်။ “အဲဒီခေတ်က ဘယ်လိုခေတ်မျိုးကြီးလဲ”
“အဲဒါက ခမ်းနားကြီးကျယ်ပြီးတော့ မသေဆုံးနိုင်တဲ့ခေတ်ပဲ” နတ်ဆိုးသွေးတစ္ဆေသစ်ပင်သည် ခေါင်းခါကာ ပြောလိုက်လေ၏။ ထိုအချိန်တုန်းကသူသည် အစေ့သာ ရှိသေသေးကြောင့် သူလည်းသိပ်မသိပေ။ သူပြောသည့်အရာများမှာ မူလကောင်းကင်အဆင့်လွန်လူသားမှ နဂါးအမဲလိုက်ခွေးအား ပြောပြသည်ကို သူကြားခဲ့ရခြင်းပင်။
“နတ်တာအို .. ထာဝရတာအို..”
ရှီဟောင် နူးညံ့စွာ ပြောလိုက်သည်။ လက်ရှိကမ္ဘာတွင် နတ်တာအိုအကြောင်းပြောကြသော်လည်း အတိတ်အကြောင်းပြောသည့်အချိန်တွင် ထာဝရတာအိုလည်းပါလာသည်သာ။
ထို့နောက်တွင် နတ်ဆိုးသွေးတစ္ဆေသစ်ပင်၊ အဖိုး ၁၅ နှင့် ရှီဟောင်တို့သည် လျှပ်စီးဧကရာဇ်၏ ကျမ်းစာကို လေ့လာကြလေ၏။ သူတို့သည် ရွှေရောင်စာရွက်ကိုသာ အာရုံစိုက်ထားလိုက်ပြီး ထိုစာရွက်တွင် ပါရှိသည်များကို သူတို့၏ မှတ်ဉာဏ်တွင် စွဲထင်သွားအောင် လုပ်လိုက်သည်။
ဤသည်မှာပြိုင်ဘက်ကင်းသည့် ပညာဖြစ်သောကြောင့် အခြားသူများတွေ့သွားပါက ချက်ချင်းပင် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာလိမ့်မည်။
အချိန်မည်မျှကြာသွားမှန်းမသိလိုက်သည့်အချိန်မှာပ်င နတ်ဆိုးသွေးတစ္ဆေသစ်ပင်သည် သူ၏ခေါင်းကိုမော့လာလေ၏။ ဤအချိန်များတွင် သူသည် ဤသင်္ကေတများကို သူ၏မှတ်ဉာဏ်တွင် စွဲထင်အောင်သာ လုပ်ထားခြင်းပင်။ သူဤသင်္ကေတများကို အချိန်တိုအတွင်း နားလည်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
“ကောင်းပြီစီနီယာ ..ကျွန်တော် ဂတိပေးထားတဲ့ကိစ္စကို ကျွန်တော်လုပ်ပေးပြီးပြီ” ရှီဟောင် ပြောလိုက်၏။
“အဲဒါဆိုရင် ငါမင်းတို့ကို ခေါ်ထုတ်သွားပေးမယ်” နတ်ဆိုးသွေးတစ္ဆေသစ်ပင် ခေါင်းညိမ့်လိုက်လေသည်။
“မလောပါနဲ့ဦး .. ကျွန်တော်တို့ ဒီမှာ ခရမ်းရောင်အရိုးစာအုပ်ကို စောင့်ယူရအောင်” ရှီဟောင်ရယ်မောကာ ပြောလိုက်လေ၏။ သူ၏အတွေးများမှာ အနည်းငယ်ရက်စက်နေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အချိန်ကြာမြင့်စွာပင် ဝိုင်းတိုက်ခံခဲ့ရသောကြောင့်ပင်။ သူဤနေရာတွင်ပင် လက်စားချေရမည်။
“ဘယ်သူမှ အဲဒီစာအုပ်ကို အပြင်ယူလာလို့ မရဘူး .. အဲဒါကို ဒီမှာပဲ နားလည်အောင် လုပ်ရမှာ” နတ်ဆိုးသွေးတစ္ဆေသစ်ပင်ခေါင်းခါကာ ပြောလိုက်သည်။
ရှီဟောင် ထိတ်လန့်သွား၏။ ထိုကဲ့သို့သော ကိစ္စမျိုးလည်း ရှိသေးသလား..
“ထားလိုက်တော့ .. ငါတို့ရထားတာနဲ့ ကျေနပ်သင့်တယ် .. ငါတို့တွေ လျှပ်စီးဧကရာဇ်ရဲ့ အမြင့်ဆုံး လျှို့ဝှက်ပညာကို ရခဲ့ပြီးတော့ အရိုးစာအုပ်က နတ်စွမ်းရည်တစ်ချို့ကိုလည်း နားလည်သွားပြီ .. အဲဒီတော့ ငါတို့သွားသင့်ပြီ” အဖိုး ၁၅ မှ ပြောလိုက်သည်။
နတ်ဆိုးသွေးတစ္ဆေသစ်ပင်သည်လည်း ခေါင်းညိမ့်လိုက်ကာ “ငါတို့အားလုံးသွားသင့်ပြီ .. လေဟာနယ်ထဲက အပေါက်က သိပ်မတည်ငြိမ်ဘူး .. အချိန်မရွေးပျောက်သွားနိုင်တယ် .. အဲဒီတော့ ငါတို့နောက်ထပ် အချိန်ဆွဲလို့ မရတော့ဘူး”
“ငါက မင်းတို့အားလုံးကို လွယ်လွယ်နဲ့ လက်လွတ်ပေးလိုက်ရတာပဲ..” ရှီဟောင်ရေရွတ်လိုက်သည်။
ထို့နောက် သူတို့အရှေ့ဘက်သို့ ဦးတည်ခဲ့လိုက်ကြ၏။ ဤနေရာမှာသိပ်မဝေးသောကြောင့် ရှီဟောင်အနည်းငယ် ထိတ်လန့်သွားရသည်။ သူတို့ကိုရှာတွေ့သွားမှာလား ..
“စိတ်မပူနဲ့ .. မင်းဒီနေရာကနေ ထွက်သွားလိုက်တာနဲ့ ဝင်ပေါက်နဲ့ လီပေါင်း ထောင်ပေါင်းများစွာ ဝေးတဲ့နေရာကို ရောက်သွားမှာ .. စီရင်စုပေါင်းများစွာကိုတောင် ဖြတ်သွားနိုင်တယ် .. လေဟာနယ်ထဲမှာရှိတဲ့လမ်းကြောင်းတွေက မင်းထင်ထားသလောက် မရိုးရှင်းဘူး” နတ်ဆိုးသွေးတစ္ဆေသစ်ပင်မှ ပြောလိုက်သည်။
သူတို့ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို ဖြတ်လာသည့်အချိန်တွင် ရှီဟောင်ရပ်တန့်လိုက်၏။ သူသည် ယဇ်ပုလ္လင်ကို မြင်နေရပြီး အသံအချို့ကိုလည်း ကြားနေရသည်။
“ဘုရားရေ နောက်ထပ်သေပြန်ပြီ .. အမွေအနှစ်နယ်မြေထဲက တိုက်ပွဲက အထွဋ်အထိပ်ကို ရောက်နေတာပဲ”
“အဲဒီနတ်ဆိုးလူငယ်ဘုရင်က ရွှေရောင်စာရွက်ကိုယူပြီးတော့ ရှေးဟောင်းနန်းတော်ကနေ ထွက်သွားပြီလား .. သူ လျှို့ဝှက်နယ်မြေထဲက ဘယ်လိုထွက်သွားတာလဲ”
အပြင်ဘက်တွင်ရှိနေသည့်လူအုပ်ကြီးမှာ ဆွေးနွေးနေကြလေ၏။
ဂိုဏ်းခေါင်းဆောင်များ၏ အမူအရာများမှာ တည်ငြိမ်နေသော်လည်း သူတို့၏ မျက်လုံးများ တောက်ပနေလေ၏။ ရွှေရောင်စာရွက်ကိုဖြစ်စေ ခရမ်းရောင်အရိုးစာအုပ်ကိုဖြစ်စေ … ထိုပစ္စည်းနှစ်ခုလုံးကို မည်သူပဲ ရရှိပါစေ .. သူတို့ ဤလျှို့ဝှက်နယ်မြေထဲမှ ထွက်မည်ဆိုလျှင် ဤနေရာကို ဖြတ်ရမည်သာ။
ဘာပဲဖြစ်ဖြစ် သူတို့ ထိုပစ္စည်းကို လေ့လာချင်သည်။
“ရိုင်းစိုင်းလိုက်တာ .. သူက သစ်ပင်အိုကြီးနဲ့ ပူးပေါင်းပြီးတော့ ထူးချွန်တဲ့ပါရမီရှိသူတွေကို ဒဏ်ရာရအောင် လုပ်ခဲ့တယ် .. သူဘယ်လိုထွက်သွားမလဲ ကြည့်ကြသေးတာပေါ့ .. ဒီအဖွားအိုကြီးက သူ့ဆီကနေ ရှင်းပြချက်ကို သေချာပေါက် တောင်းမှာ” ရွှေရောင်အမွေးအတောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အဖွားအိုကြီးမှ ပြောလိုက်သည်။
သူမသည် ရွှေရောင်လုအန်လူမျိုးစုမှ စွမ်းအားရှင်ပင်။ သူမဤနေရာသို့ ရောက်လာရခြင်းမှာ သူမလူမျိုးစု၏ ထူးခြားပါရမီရှိသည့် ရွှေရောင်လုအန်ကို ရှီဟောင် သတ်လိုက်သောကြောင့်ပင်။ ဤသည်မှာ သူမကို ဒေါသထွက်စေသည်။
“ဟေး အဘွားအိုကြီး .. မင်း ငါ့အကြောင်းကိုပြောနေတာလား” လျှို့ဝှက်နယ်မြေထဲမှ စုတ်ပြဲနေသည့် ဝတ်စုံကို ဝတ်ထားသည့်ရှီဟောင် လက်လှမ်းပြလိုက်လေ၏။ သူတို့နှစ်ဦးကြားတွင် အတော်လေးပင် ကွာဝေးနေသောကြောင့် သူစိတ်မပူမိပေ။
“အမ်..” အဘွားအိုကြီး၏ မျက်လုံးမှ ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေသည်။
ထိုနေရာတွင် တစ်စုံတစ်ခုရှိနေမှန်း သူမအစောကတည်း အာရုံခံမိနေခြင်းပင်။ သို့သော် လျှို့ဝှက်နယ်မြေမှာအလွန်ထူးဆန်းပြီး အားလုံးကို ဖိနှိပ်နိုင်လေသည်။
“သူပဲ .. နတ်ဆိုးဘုရင်လူငယ် ဟွမ်ပဲ”
“ဘုရားရေ … သူပဲ .. သူက ဒီလိုမျိုး ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုတောင် ရန်စရဲတယ်ပေါ့ .. ဒီကောင်မှာဘယ်လိုနောက်ခံရှိနေလို့လဲ”
..
“လူငယ်လေး မင်းက အရမ်းကို မာနကြီးနေတာပဲ .. မင်းလည်းနောက်ဆုံးမှာ ထွက်လာရမှာဆိုတာ မမေ့နဲ့ဦး” ချင်းချန်ရှန်းမှတည်ငြိမ်စွာပင် ပြောလိုက်သည်။
မီးမိစ္ဆာနန်းတော်မှ လူများမှာ ပို၍ပင် ဒေါသထွက်နေကြလေ၏။ သူတို့သည် နတ်ဆိုးဘုရင်လူငယ်ကြောင့် မျက်နှာပျက်ခဲ့ရခြင်းပင်။ သူတို့သည် ချက်ချင်းပင် အပြေးသွားကာ သူ့အား သွားသတ်ချင်မိသည်။
လူအုပ်ထဲတွင်ရှိနေသည့် ကောင်းကင်နိုင်ငံမှာ အလင်းနတ်သမီး၏ မျက်လုံးများလည်း တောက်ပလာလေသည်။ အထဲဝင်သွားပြီး ထိုလူငယ်ကို ချက်ချင်းသွားသတ်ရမလားဟု သူစဉ်းစားနေမိသည်။
ထိုသူများအပြင် မြေအောက်ကမ္ဘာ၊ နေနတ်ဘုရားနွယ်ပင်၊ သစ်ခွနက်၊ ဟုန်အစစ်၊ မြင့်မြတ်အမွေးအတောင်နှင့် အခြားဂိုဏ်းများမှ ဂိုဏ်းခေါင်းဆောင်များလည်း ဒေါသထွက်နေကြလေ၏။
“အားလုံးက ငါ့ကိုဒီလိုမျိုးကြည့်နေကြတော့ ငါရှက်လာပြီ .. မင်းတို့က ဘာလို့ ဒီလိုမျိုးဖြစ်နေကြတာလဲ .. ငါ့ကို ကြိုဆိုနေကြတာလား .. မင်းတို့အားလုံးက ငါ့ကို လူတွေအာရုံစိုက်လာအောင်လုပ်နေတာပဲ” ရှီဟောင်သည် အရှက်မရှိစွာပင် ပြောလိုက်လေ၏။
လူအုပ်ကြီး၏ မျက်နှာမှာ မှောင်မဲသွားကာ အချို့သူများမှာ အံကြိတ်နေလေ၏။
“လူငယ်လေး .. ကောင်းကင်ကြီးက ဘယ်လောက်မြင့်ပြီး မြေကြီးက ဘယ်လောက်နက်သလဲဆိုတာ မင်းမသိဘူး .. မင်းဘယ်လိုထွက်သွားမလဲဆိုတာ ငါကြည့်ချင်သေးတယ်” ရွှေရောင်ကြိုးကြာလူမျိုးစုမှ အဘွားအိုကြီးမှ ပြောလိုက်သည်။
“ဟက်..” အချို့ဂိုဏ်းခေါင်းဆောင်များမှာ နှာရှုံ့လိုက်ကြလေ၏။
“ဘယ်သူက ဒီနေရာကနေ ထွက်သွားမယ်ပြောလို့လဲ .. ဒီနေရာက တော်တော်ကောင်းတယ် .. ဒီလူက ထွက်မသွားချင်ပါဘူး” ရှီဟောင် ဆက်ပြောလိုက်သည်။
“ငါသူ့ကိုသွားသတ်မယ်”
“ငါလည်းသွားမယ်”
အချို့သူများမှာ သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ပေ။ ထိုသူများမှာ မီးမိစ္ဆာနန်းတော်၊ မြေအောက်ကမ္ဘာနှင့် ရွှေရောင်လုအန်မှ လူများပင်။ ထာဝရတောင်မှ လူအနည်းငယ်ပင် ပါရှိနေသေးသည်။
“ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ .. မင်းတို့သတ္တိရှိရင် လာခဲ့လေ .. ငါမင်းတို့အားလုံးကို ရှင်းပေးမယ်” ရှီဟောင်သည် အရှက်ကင်းမဲ့စွာပင် ပြောလိုက်လေ၏။
“သူ့ကိုသတ်…”
နောက်ဆုံးတွင် စွမ်းအားကြီးသည့်သက်ရှိများမှာ သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ပေ။ ဂိုဏ်းခေါင်းဆောင်အချို့သည် ပူးပေါင်းလိုက်ကြကာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားကြလေ၏။ သူတို့သည်ကန့်သတ်ခံရသော်လည်း သူတို့၏ ခွန်အားကို အတိုင်းအတာတစ်ခုအထိတော့ ပြ၍ရသေးသည်။
“သူတို့အားလုံးကို ရှင်းလိုက်” ရှီဟောင် ပြောလိုက်သည်။
နတ်ဆိုးသွေးတစ္ဆေသစ်ပင်သည် ထိုသူများနီးလာသည်အထိ စောင့်လိုက်ပြီး ထိုသူများ နီးကပ်လာသည်နှင့် လှုပ်ရှားလိုက်လေ၏။ သူသည် ဤနယ်မြေ၏ ကန့်သတ်ချက်မှ လွန်မြောက်သည့်သူပင်။
ဖူး..
ထိုလူအုပ်ကြီးသည် ရှင်းလင်းခံလိုက်ရကာ အားလုံးသွေးများစီးကျလာလေ၏။ ဤမြင်ကွင်းမှာ အပြင်ဘက်တွင်ရှိနေသည့်သူအားလုံးကို ထိတ်လန့်သွားစေသည်။
ဂိုဏ်းခေါင်းဆောင်များမှာဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် စိတ်လှုပ်ရှားသွားကြသည်။ ဤသည်မှာ ကန့်သတ်ချက်များကို လက်မခံရသည့်သူပင်။ ဤသက်ရှိသည် သေချာပေါက်ပင် မူလကောင်းကင်အဆင့်လွန်လူသားနှင့် ဆက်စပ်နေရမည်။
“အားလုံးလို့ ငါပြောတာလေ .. လာချင်တဲ့သူ ရှိသေးလား .. ဘယ်လောက်လာလာ ကိစ္စမရှိဘူး .. ငါအားလုံးကို ကြိုဆိုမှာ” ရှီဟောင်သည် ရယ်မောကာ ပြောလိုက်လေသည်။
ထို့နောက်တွင် အားလုံး တိတ်ဆိတ်သွားလေ၏။
“ဒီလိုဆိုတော့လည်း ငါသွားပြီး ကျင့်ကြံလိုက်ဦးမယ် .. အားလုံးပဲ နောက် နှစ်ငါးထောင်ကြာပြီးတော့ လျှို့ဝှက်နယ်မြေ နောက်တစ်ခေါက်ပြန်ပွင့်တဲ့အချိန်ကျရင် ပြန်တွေ့ကြတာပေါ့ .. ငါမင်းတို့အားလုံးကို စောင့်နေမယ်” ရှီဟောင်သည် လက်များကို ဝေ့ရမ်းကာ ယုံကြည်ချက်ရှိရှိပင် ထွက်ခွာသွားလေ၏။
“စိတ်ကြီးဝင်နေတဲ့သောက်ကောင်..”
“ငါမင်းကိုသတ်မယ်”
…
အနောက်ဘက်တွင် ကျန်ရစ်ခဲ့သည့်လူအုပ်ကြီးမှာ ကျိန်ဆဲနေလေ၏။
“မင်းတို့ဆက်အော်နေရင် ငါ လျှို့ဝှက်နယ်မြေအတွင်းပိုင်းကိုသွားပြီးတော့ မင်းတို့ရဲ့တပည့်တွေ အကုန်လုံးကို သတ်ပစ်လိုက်မယ်” ရှီဟောင်ခြိမ်းခြောက်လိုက်သည်။
ထိုလူအုပ်ကြီးမှာ ပို၍ပင် ဒေါသထွက်လာကြလေသည်။
သို့သော် ရှီဟောင် အချိန်ဖြုန်းနေ၍ မရတော့ပေ။ သူသည် နတ်ဆိုးသွေးတစ္ဆေသစ်ပင်နောက် လိုက်သွားကာ ထိုလေဟာနယ်သို့သွားလိုက်သည်။ သစ်ပင်အိုကြီးမှ သူ့ကိုမခေါ်တော့မည်ကို စိုးရိမ်သောကြောင့်ပင်။
ထို့နောက်တွင် ဝုန်းဟူသည့်အသံလေးနှင့်အတူ သူတို့သည် လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာသွားကြလေ၏။