သုခကမ္ဘာက ရှီဟောင် - Chapter - 884 ပြောင်းလဲမှုကြီး
နတ်ဆိုးစီရင်စုမှ မီးတောက် ကုန်းပြင်မြင့်တွင် …
ရှေးဟောင်းစွမ်းအားရှင်ကြီးတစ်ယောက်သည် ပါးစပ်အပြည့်မီးတောက်များမှုတ်ထုတ်လိုက်သည်နှင့် လီပေါင်းများစွာမှာ ကျတ်တီးမြေအဖြစ်သို့ ပြောင်းလဲသွားလေ၏။
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့သော်လည်း ဤနေရာတွင် သက်ရှိများရှားပါးနေဆဲဖြစ်သည်။
အထီးကျန်ကာ တိတ်ဆိတ်နေသောနေရာတွင် လူတစ်ယောက်လမ်းလျှောက်ထွက်လာသည်။ သူ၏ခြေတစ်လှမ်းမှာ ကျန်းပေါင်းများစွာသို့ ရောက်သွားလေသည်။ ဤသည်မှာ ကမ္ဘာမြေကြီးကိုလက်မအရွယ်အစားအဖြစ်ကျုံ့ခြင်းပညာပင်။ အလင်းတန်းတစ်ခု ဖြတ်သွားသကဲ့သို့ပင် မြန်ဆန်လှပေ၏။ ထိုသူမှာ သေချာပေါက် ရှီဟောင်ပင်။
သူ၏အဖိုးကို ချန်ထားခဲ့ကာ သူသည် ကမ္ဘာကြီးထဲသို့ဝင်ရောက်ကာ သူ၏မျိုးဆက်မှ အခြားဂျီးနီးယပ်စ်များကို တိုက်ခိုက်မည်။
သူသည် လမ်းလျောက်နေရင်းဖြင့်ပင် ‘ကမ္ဘာမြေကြီးကိုလက်မအရွယ်အစားအဖြစ်ကျုံ့ခြင်း’ လူသားမျိုးနွယ်စုနတ်စွမ်းရည်ကို လေ့လာနေလေ၏။ ဤသည်မှာ မူလကောင်းကင်လျှို့ဝှက်နယ်မြေမှ ရခဲ့သည့် အဖိုးတန်ပညာပင်။ ဤနည်းလမ်းကို လေ့လာပြီးသည့်နောက်တွင် သူ၏နားလည်မှုများမှာ ပို၍ လေးနက်လာရသည်။
ကောင်းကင်ထက်တွင် အဝါရောင်သဲများ ပြည့်နေပြီး လေများလည်းတိုက်ခတ်နေလေ၏။
အဝေးမှ ကြည့်မည်ဆိုလျှင် အဝါရောင်နဂါးများစွာ ဟစ်ကြွေးနေသကဲ့သို့ပင်။ ရှီဟောင်ရွှေ့လျားလိုက်သည်နှင့် သဲများ ရွေ့လျားသွားလေသည်။ သူသည်လီပေါင်း ထောင်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဤနေရာမှ ထွက်ခွာသွားတော့မည်ပင်။
“နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနဲ့ ဧကရာဇ်လိပ်ပြာကို ဘယ်တောမှ ပြန်တွေ့ရမှာလဲ” ရှီဟောင်သူ့ကိုယ်သူ ပြောလိုက်သည်။
ဤနေရာမှ အရင်ထွက်သွားပြီး ဂျီးနီးယပ်စ်များ စုဝေးမည့်အချိန်ကို စုံစမ်းရမည်။ သို့သော် သူသည် ရွေးချယ်ပွဲတွင် မပြိုင်ခဲ့သောကြောင့် နောက်ဆုံးပြိုင်ပွဲတွင် ပါဝင်နိုင်ပါ့မလား..
ထို့နောက်တွင် သူသည် စီရင်စုပေါင်းများစွာကိုဖြတ်ကာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် ဧကရာဇ်ကျောက်တုံးကို သွားရှာလိုက်သည်။
“အဲဒီငွေရောင်ဖီးနှစ်လည်း အခုလောက်ဆို နိုးနေလောက်ပြီမလား” ရှီဟောင်သည် အနည်းငယ် စိတ်လှုပ်ရှားနေလေ၏။ ထိုငှက်သည် ငွေရောင်ဆံပင်နှင့်မိန်းကလေးဖြစ်နိုင်ပြီးသူမထံတွင် ကြီးမားသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေလေသည်။
သူဤစွန့်ပစ်နယ်မြေမှ ထွက်ပြီး တောင်တန်းများကြားသို့ ရောက်သွားသည်နှင့် သတ်ဖြတ်မှုများကို ကြုံလိုက်ရသည်။ နတ်ဆိုးငှက်များ များစွာရှိနေပြီး အော်ဟစ်နေကြလေ၏။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူအချို့အရာများကို နားလည်လိုက်သည်။ သူသည် အပင်များ ပေါများသည့်နေရာသို့ရောက်လာသော်လည်း မကောင်းဆိုးဝါးနှင့် သူခိုးဓားပြများကို ခဏခဏတွေ့နေရလေသည်။
“အားဟိုး .. လူငယ်လေး .. မင်းမှာ ဝိဉာဉ်ဆေးပင် ဒါမှမဟုတ် ရတနာတွေရှိရင် ထုတ်လိုက် .. အဲဒါဆို ငါတို့မင်းကို သွားခွင့်ပေးမယ်” အော်ဟစ်သံထွက်လာပြီး အနက်ရောင်ကျားတစ်ကောင် သူ၏လမ်းကြောင်းတွင် ပေါ်လာလေသည်။
“အား…” သနားစဖွယ်အော်သံထွက်ပေါ်လာ၏။ ကျား၏ ဟစ်ကြွေးသံမှာ ကောင်းကင်ထိသို့ပင် ရိုက်ခတ်သွားလေသည်။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် မြစ်ကမ်းဘေး၌ အသားနံ့ထွက်ပေါ်လာလေ၏။ ရှီဟောင်သည် အမိန့်အာဏာတည်ထောင်ခြင်းနယ်ပယ်အဆင့်ရှိသည့် ကျားနက်ကို မီးဖိုပေါ်တွင် တင်လိုက်ကာ အသား ရွှေရောင်သန်းလာကာ အဆီများစီးကျလာသည်အထိ ကင်လိုက်လေ၏။ ထို့နောက်တွင်သူ မြိန်ရေယှက်ရေစားသောက်တော့သည်။
“ဒီ ဂျီးနီးယပ်စ်တွေစုတာက ငါထင်ထားတာထက်ကိုပိုပြီးတော့ အရေးကြီးနေတာပဲ .. တကယ်ကိုပဲ ရှေးဟောင်းထာဝရနဲ့ ဆက်စပ်နေတာပဲ” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။
မြေပြင်ပေါ်တွင် ပြာပုံများစွာ ရှိနေလေ၏။ သူသည် ကျားအသားတစ်ဝက်ကို စားလိုက်ကာ ကျားအရိုးနှင့် စွပ်ပြုတ်လုပ်လိုက်ကာ အရသာခံသောက်ရင်း သူရခဲ့သည့်သတင်းများကို စီစစ်နေလေသည်။
ရှေးဟောင်းထာဝရမှာ ခေတ်တစ်ခေတ်ပင်။
ရှေးဟောင်းထာဝရခေတ်ဖြစ်စေ ဤခေတ်ဖြစ်စေ ခေတ်များကို သမိုင်းဦးကာလ၊ သမိုင်းဝင်ကာလ၊ အလွန်ဝေးသောရှေးဟောင်း၊ ရှေးဟောင်း၊ ခေတ်သစ်နှင့် အခြားအချိန်များ အဖြစ် ခွဲထားလေသည်။ ကာလတစ်ခုတွင် အချိန်မည်မျှကြာသနည်း…
“ဒါက ဘယ်လိုကံကောင်းခြင်းမျိုးမို့လို့ ဂျီးနီးယပ်စ်တွေအားလုံးက ဒါကို ရူးသွပ်နေကြပြီး ဂိုဏ်းကြီးတွေကလည်း လိုချင်နေတာလဲ”
ရှီဟောင်သည် နားလည်လေ ပို၍ထိတ်လန့်လေပင်။ အဘယ်ကြောင့်ဆိုသော် လူများစွာမှာ နတ်မီးတောက်ကိုရရှိနိုင်နေပြီဖြစ်သော်လည်း သူတို့သည် ဤဖြစ်ရပ်တွင်ပါဝင်နိုင်ရန်အတွက် အတင်းပင် ဖိနှိပ်ထားကြလေသည်။
အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်မှ သူများသာ ထိုနေရာသို့ ဝင်နိုင်ပြီး အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟူသော ကောလဟာလရှိလေသည်။
“သူတို့ ရွေးချယ်ပွဲတွေ မလုပ်လို့ တော်သေးတယ် .. စွမ်းအားကြီးတာနဲ့ ရှေးဟောင်းထာဝရရဲ့ အခွင့်အရေးကို ရဖို့အတွက် သွားလို့ရတယ်”
“ဟမ် .. ဘာဖြစ်တာလဲ”
ရှီဟောင်၏စူးရှသည့်အာရုံများသည် ပုံမှန်မဟုတ်သည့်အချို့အရာများကို သတိထားမိသွားသည်။ အန္တရာယ်အနည်းငယ်သည် သူရွှေ့ပြောင်းခြင်းအစီအရင်အနားသို့ မသွားနိုင်အောင် တားဆီးနေလေသည်။
နတ်ဆိုးစီရင်စုမှာ အတော်လေးပင် ဖရိုဖရဲဖြစ်နေ၏။ နတ်ဆိုးများမှာ ရှေးအချိန်ကတည်းက သတ်ဖြတ်နေကြလေသည်။
သို့သော် ဤမျှထိ ဖရိုဖရဲဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူသည် မြို့ကြီးနှစ်မြို့သို့ လမ်းလျှောက်သွားခဲ့၏။ ထိုနေရာတွင် အခြားစီရင်စုသို့သွားနိုင်သည့် အဆင့်မြင့်ရွှေ့ပြောင်းအစီအရင်ရှိသော်လည်း လူများသည် သူ့ကို သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် စောင့်ကြည့်နေသည်ကို သူသတိထားမိလိုက်သည်။
“တစ်ခုခုတော့ မသင်္ကာစရာကောင်းနေပြီ”
သူ နတ်ဆိုးစီရင်စုမှ ထွက်ကတည်းက ထူးဆန်းသည့်ခံစားမှုကို ခံစားနေရခြင်းပင်။ လေထုမှာ ပုံမှန်မဟုတ်ပေ။
အဆင့်မြင့်သည့်ရွှေ့ပြောင်းအစီအရင်မှာ ၄ ခု ၅ ခုထက်မပိုသော်လည်း ထိုနေရာများအားလုံးကို ကျွမ်းကျင်သူများ စောင့်ရှောက်နေကာ တိတ်တဆိတ်ပင် စောင့်ကြည့်နေလေ၏။ ရှီဟောင်သာ နှစ်ထပ်မျက်လုံးကို အသုံးမပြုပဲ လက်လွတ်စပယ်ဝင်သွားပါက သူသည် စစ်ဆေးမေးမြန်းခံနေရလောက်ပြီ။
သူနတ်ဆိုးစီရင်စုထဲကို ဝင်သွားတော့ သူ့အကြောင်းသတင်းတစ်ခုခု ပေါက်ကြားသွားပြီးတော့ သူ့ကို ထောင်ချောက်ဆင်ဖမ်းချင်နေတာများလား..
သူသာ ထိုအဆင့်မြင့်ရွှေ့ပြောင်းအစီအရင်များကို အသုံးမပြုပါက သူစီရင်စုပေါင်းတစ်ရာကျော်ကို ဖြတ်သွားရန်မှာ မဖြစ်နိုင်မှန်း သူသတိထားမိလိုက်သည်။ သူနှစ်ပေါင်း ရာပေါင်းများစွာ ပျံသန်းလျှင်ပင် သူသွားချင်နေသည့် နေရာကို ရောက်မည်မဟုတ်ပေ။
“ငါ အခုတော့ ဒီနားက ကောင်းကင်စီရင်စုကို သွားသင့်တယ်”
ကောင်းကင်စီရင်စုမှာ အဆင့်မြင့်နယ်မြေရှိ အကြီးကျယ်ဆုံးစီရင်စုများထဲမှ တစ်ခုဖြစ်သည့် အာကာသလူမျိုးစုရှိနေသည့် နေရာပင်။ ထိုနေရာတွင် အလွန်ချမ်းသာကာ နာမည်ကြီးသည့် ရှေးဟောင်းဂိုဏ်းအနည်းငယ်ရှိလေသ်ည။
“ဒါလည်းကောင်းပါတယ် .. နတ်ဆိုးစီရင်စုက အရမ်းကို ဆူပူလွန်းတယ် .. ပြီးတော့ နတ်ဆိုးနေကြာဥယျာဉ်လည်း ငါနဲ့မတည့်ဘူးဆိုတော့ ငါဒီမှာ လျှောက်သွားနေရင် မလုံခြုံလောက်ဘူး”
စီရင်စုကို ဖြတ်သန်းရန် ရှီဟောင် ပြင်ဆင်လိုက်သည်။ ဘာပဲဖြစ်ဖြစ်သိပ်မဝေးပေ။ ထိုရွှေ့ပြောင်းအစီအရင်အနားတွင်ရှိနေသည့် နတ်ဘုရားများမှာ တကယ်ပဲ သူ့အတွက်ထားထားတာလား ..
ပြောရမည်ဆိုလျှင် သူတို့ဤမျှလုပ်စရာမလိုပေ။
အဘယ်ကြောင့်ဆိုသော် သူ့သတင်းလည်းပေါက်ကြားမည်မဟုတ်ပေ .. သူမည်သူဖြစ်သည်ကို ဤနေရာတွင် မပေါက်ကြားလောက်ပေ။
သွေးလွင်ပြင်မှာ နတ်ဆိုးစီရင်စုနှင့် ကောင်းကင်စီရင်စုကြားရှိ နယ်စပ်ပင်။ ထိုနေရာသည် လီပေါင်းများစွာ ကျယ်ပြောသော်လည်း စီရင်စုနှစ်ခုနှင့်ယှဉ်လျှင် အသေးအမွှားပင်။
ဤနေရာမှာ ယခင်က လူမျိုးစုပေါင်းများစွာ၏ စစ်မြေပြင်ဖြစ်ခဲ့ပြီး နတ်ဆိုးများလည်း အမြင့်ဆုံးသို့ရောက်ရန်အတွက် ယှဉ်ပြိုင်ကြသည့်နေရာပင်။
“နှစ်ပေါင်းဘယ်လောက်တောင်ကြာပြီးသွားပြီလဲ .. ဒီနေရာမှာဘာလို့ နည်းနည်းလေးတောင်မှ တိုးတက်မလာတာလဲ .. နေရာတိုင်းမှာ မကောင်းဆိုးဝါးတွေ လျှောက်သွားနေတုန်းပဲ..” ရှီဟောင်မှာ ဆွံ့အနေလေ၏။
သူ သွေးလွင်ပြင်ထဲသို့ ဝင်လာကတည်းက သတ်ဖြတ်မှုပေါင်းများစွာကို ကြုံခဲ့ရသည်။ ဤနေရာသည် ရာဇဝတ်ပြုလုပ်သူများအတွက် နိဗ္ဗာန်ဘုံပင်။
လီပေါင်းရာပေါင်းများစွာ ကျယ်ပြောလှသည့် ဤနေရာတစ်ခုလုံးမှာ အနီရောင်ဖြစ်နေလေသည်။ တိုက်ပွဲအတွင်းမှ လူမျိုးစုအားလုံးမှကျွမ်းကျင်သူများ၏ သွေးကြောင့်အနီရောင်ဖြစ်သွားခြင်းဖြစ်သည်ဟူသည့် ကောလဟာလများ ရှိနေလေသည်။
သူလီပေါင်းတစ်သောင်းခန့်လျှောက်လာပြီးသည့်နောက်တွင် တိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့သည်။ ပိုက်ဆံအတွက် အခြားသူများကိုသတ်သည့်သူများကို ရင်ဆိုင်တွေ့ရသည့်အချိန်တွင် သူသည် ထိုသူများကို ချက်ချင်းပင်သတ်ပစ်လိုက်လေသည်။
တစ်ခါတစ်ရံတွင်လည်း သူသည် ခွန်ပန်ပညာကို ကမ္ဘာမြေကြီးဆုတ်ခွာခြင်းပညာနှင့် ပေါင်းသုံးကာ သူ၏အရှိန်ကိုမြှင့်တင်ပြီး ထွက်ပြေးသည်လည်း ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် အလွန်ပင်ကြောက်စရာကောင်းသည့်နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်လိုက်ရသောကြောင့်ပင်။
သူသာအမြန်မပြေးလျှင် ထိုသူ၏လက်ဝါးတစ်ချက်ပင်လျှင် သူ၏အသက်ကို နှုတ်ယူနိုင်လေသည်။
“တကယ်အရမ်းထူးဆန်းနေတယ် .. သွေးလွင်ပြင်လေးပဲကို ဘာလို့ စွမ်းအားကြီးတဲ့သူတွေနဲ့ နတ်ဆိုးတွေအများကြီး ပေါ်လာတာလဲ” ရှီဟောင် စိတ်ရှုပ်နေရသည်။
ဤနေရာကို အုပ်စိုးနေသည့် မသေမျိုး မျိုးဆက်များရှိသော်လည်း စွမ်းအားကြီးသည့်သူများမှာ များပြားလွန်းလှသည်။
နှစ်ရက်ကြာပြီးသည့်နောက်တွင် သွေးနီငရဲ၏ အလယ်ဗဟို၏ ကောင်းကင်ထက်တွင် တဝုန်းဝုန်းအသံများကြားနေရလေသည်။
“ဘုရားရေ ဘာတွေဖြစ်နေတာလဲ .. ဘာဖြစ်နေတာလဲ” လူအချို့မှာထိတ်လန့်သွားလေ၏။
ဤနယ်မြေ၏အလယ်တွင် မြို့ကြီးတစ်မြို့ရှိပြီး ထိုမြို့တွင် မကောင်းဆိုးဝါးများ၊ ရက်စက်သည့်သားရဲများ၊ ငှက်များနှင့် အခြားသက်ရှိများ လှည့်ပတ်သွားလာနေ၏။ ဤနေရာတွင် လူမျိုးစုများစွာလည်း ရှိနေသည်။ ဤမြို့မှာ ရာဇဝတ်မြို့ဟု နာမည်ကျော်ကြားလေ၏။
“လေဟာနယ်ကန့်သတ်ခြင်းအစီအရင်ပွင့်သွားပြီ .. ဘယ်သူမှ လေဟာနယ်ကို ဖြတ်သွားလို့မရတော့ဘူး”
သွေးလွင်ပြင်တွင် ရှေးဟောင်းအစီအရင်ကြီးတစ်ခု ရှိပြီး ယခုအချိန်တွင် တစ်စုံတစ်ယောက်မှ အသက်သွင်းကာ ဤနေရာကို ချိတ်ပိတ်လိုက်ခြင်းပင်။ ဤသည်မှာ ဤနေရာတွင် တစ်ခုခုဖြစ်နေပြီဟု ဆိုလိုခြင်းပင်။
ရှီဟောင်အလွန်ပင် ထိတ်လန့်သွားရ၏။ တကယ်ပဲ သူဘယ်သူဆိုတာ သိသွားတာလား..
“ဒီလိုမျိုး မဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ .. သွေးလွင်ပြင်က နတ်ဆိုးဘုရင် ၁၂ ယောက်လုံးသဘောတူပြီးတော့ ဒီလေဟာနယ်ကန့်သတ်ခြင်းအစီအရင်ကို ဖွင့်ဖို့ဆိုတာက ခက်ခဲလွန်းတယ် .. ဘယ်သူကများ သူတို့ကို ဖိအားပေးနိုင်တာလဲ .. သူတို့ဘာတွေလုပ်နေကြတာလဲ”
သွေးလွင်ပြင်ကို နတ်ဆိုး ၁၂ ယောက်မှ အုပ်စိုးနေခြင်းပင်။
“မင်းတို့အားလုံး နည်းနည်းလေး ပိုပြီးတော့ ဂရုစိုက်သင့်တယ် .. ဒါက ရာဇဝတ်မှုအတွက် ကောင်းကင်ဘုံမဟုတ်တော့ပဲနဲ့ သွေးလွှမ်းတဲ့စစ်မြေပြင်ဖြစ်လာတော့မှာ”
“ကျားသစ်အိုခြောက် မင်းတစ်ခုခု ကြားလာလို့လား .. အားလုံးကို မြန်မြန်ပြောလိုက်”
သွေးလွင်ပြင်တွင် မြို့ ၁၂ မြို့ရှိပြီး ယခုသည် ထိုမြို့ထဲမှ မြို့တစ်ခုရှိ စားသောက်ဆိုင်ထဲသို့ ရောက်နေခြင်းပင်။
“ငါ့ရဲ့သွေးသောက်ညီအစ်ကိုက ငါ့ကို ပြောပြတာ … သူ့အဖိုးရဲ့ညီက ပြန်လည်မွေးဖွားခြင်းကြေးစားရဲ့ အဓိကတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်ပဲ .. ပြောင်းလဲမှုကြီး ဖြစ်မှာမို့လို့ ငါ့ကို လျှောက်မသွားနဲ့လို့ သူပြောထားတာ”
“ဘာပြောင်းလဲမှုလဲ”
“ငါ့ကို အများကြီးမမေးနဲ့ ငါလည်းမသိဘူး .. ပြန်လည်မွေးဖွားခြင်းကြေးစားလိုမျိုး အဖွဲ့အစည်းတွေကတောင် ပါလာပြီဆိုတော့ ဘယ်လောက်ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာတော့မလဲဆိုတာ မင်းတို့သိသင့်တယ်”
အားလုံး အေးခဲသွားရသည်။ ပြန်လည်မွေးဖွားခြင်းကြေးစားသည် အလွန်ပင်နာမည်ကြီးလှ၏။ သူတို့သည် သွေးလွင်ပြင်တွင် နာမည်ကြီးရုံသာမက နတ်ဆိုးစီရင်စုတွင်လည်း ထိပ်ဆုံးစာရင်းဝင်ပင်။
ဤအဖွဲ့ကဲ့သို့ အဖွဲ့များစွာလည်းရှိနေပြီး ထိုသူများအားလုံးသည် သွေးလွင်ပြင်တွင် လှုပ်ရှားရန် ငှားရမ်းခံထားရသည့်သူများပင်။ ဤနရာတွင် သေချာပေါက်ပင် ကြီးမားသည့်အဖြစ်အပျက်ကြီး ဖြစ်ပျက်တော့မည်။
“အချိန်ကျလာရင် ဒါက ကောင်းကင်နတ်ဘုရားနဲ့ ဂိုဏ်းခေါင်းဆောင်ကြားက အသေအကြေတိုက်ကြတဲ့တိုက်ပွဲဖြစ်လာတော့မှာ .. အားလုံးဂရုစိုက်ကြ”
ဤသည်မှာ သူနှင့်မသက်ဆိုင်မှန်း သူသိသည်။ သူသာ အတွေးလွန်နေခြင်းပင်။
“အမ်..” ရှီဟောင်၏ စိတ်ထဲတုန်လှုပ်သွားရသည်။ သူသည် လမ်းပေါ်တွင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ထိုပုံရိပ်ကို အနည်းငယ်ရင်းနှီးနေသောကြောင့် သူထိတ်လန့်သွားရသည်။
ဤသည်မှာ အမျိုးသမီးတစ်ယောက်ပင်။ သူမထံတွင် လှပသည့်ကောက်ကြောင်းရှိနေပြီး သူမ၏ဆံပင်များလည်း တောက်ပနေလေသည်။ သူမ၏ မျက်လုံးများမှာလည်း တစ်ချက်ကြည့်ရုံဖြင့်ပင် လှပလှသည်။
ဒါက ဘယ်သူလဲ .. ရှီဟောင်တွေဝေနေလေ၏။ သူ၏အမြင်အာရုံကို သူယုံကြည်သည်။ ထို့နောက်တွင် သူသည် နှစ်ထပ်မျက်လုံးကို ထုတ်လိုက်ပြီး သူမကို သေချာကြည့်လိုက်၏။
သူသည် သိုသိုသိပ်သိပ်သာနေပြီး အခြေအနေကို လေ့လာနေခြင်းပင်။ သူ၏နှစ်ထပ်မျက်လုံးတောက်ပလာကာ သူမ၏ ရုပ်သွင်အမှန်ပေါ်လာလေသည်။
“သူမပဲ”
သူချက်ချင်း ထိတ်လန့်သွားရ၏။ ဤနေရာတွင် ဤကဲ့သို့သော အံ့အားသင့်မှုမျိုး တွေ့ကြုံရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူတို့ဝေးကွာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခု နောက်တစ်ကြိမ်ပြန်ဆုံကြလေပြီ။
“ပြောင်းလဲမှုဆိုတာက သူ့ရဲ့ လူမျိုးစုနဲ့ ဆက်စပ်နေတာလား” ရှီဟောင်၏စိတ်ထဲ တုန်လှုပ်သွားရသည်။
ဤမိန်းမလှလေးသည် သူနှင့်အမှတ်တရများရှိခဲ့ဖူးသည်။ သူ သူမဆီကို သွားသင့်လား ..