သုခကမ္ဘာက ရှီဟောင် - Chapter - 890 မှော်စွမ်းအားကို ခုခံနိုင်ခြင်း
လူဝံနတ်ဆိုးကိုးကောင်တွင် စွမ်းအားကြီးသည့် အသွေးအသားများ ရှိနေ၏။ ယခုအချိန်တွင် သူတို့အားလုံးထံမှ အနက်ရောင်အလင်းများ ထွက်နေပြီး ခန္ဓာကိုယ်များလည်း တောက်ပလာလေသည်။
ယခုအချိန်တွင် သူတို့အားလုံးသည် ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာကြလေ၏။
ရှီဟောင်သည် ချက်ချင်းပင် ယွမ်ရှီးကို တောက်ပနေသည့် အရိုးအိုးထဲသို့ထည့်လိုက်ပြီး ထိုရန်သူများနှင့် ရင်ဆိုင်ရန် သူ၏စွမ်းအားများကို ထုတ်လိုက်သည်။
ဖုန်း..
ပြင်းထန်သည့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့လေသည်။ သူ၏လက်သီးနှင့် လူဝံနတ်ဆိုး၏ လက်ဝါးတို့ ထိပ်တိုက်တွေ့ဆုံသွားလေသည်။ စွမ်းအင်များ ကောင်းကင်ထက်သို့ပျံ့လွင့်သွားကာ ဤရှေးဟောင်းစစ်မြေပြင်တစ်ခုလုံး တုန်ခါသွားလေ၏။
ဤသည်မှာ နတ်မီးတောက်နယ်ပယ်သို့ ရောက်နေသည့် လူဝံနတ်ဆိုးကြီးပင်။
သို့သော် ရှီဟောင်သည် မထိခိုက်သွားယုံသာမက သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးစွမ်းအင်များပင် ထကြွလာသည်။
“စွမ်းအားကြီးလိုက်တာ” လူဝံနတ်ဆိုးမှ ဟစ်ကြွေးလိုက်သည်။
ကောင်းကင်ထက်တွင် နတ်ဆိုးစွမ်းအင်များ လျှံတက်လာပြီး ကျန်သည့် လူဝံနတ်ဆိုးရှစ်ကောင်လည်း ချက်ချင်းပင် ရောက်လာလေသည်။ သူတို့သည် ရှီဟောင်ကို သတ်နိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားနေကြလေသည်။
သက်ရှိကိုးဦး၏ ခန္ဓာကိုယ်များမှာ ကြောက်စရာကောင်းလွန်းလှ၏။ ရှီဟောင်သည်လည်း အန္တရာယ်များနေလေ၏။
ရိုက်ချက်တစ်ချက်တည်းဖြင့်ပင် သူသည် သွေးထွက်လာသည်အထိ လွင့်ထွက်သွားလေသည်။ လူဝံနတ်ဆိုးကိုးကောင်သည် တစ်ချိန်တည်းတိုက်ခိုက်လိုက်သောကြောင့်ပင်။ သူမည်မျှပင် မြန်ဆန်နေပါစေ သူတို့အားလုံးကို ခုခံရန်မှာ မဖြစ်နိုင်ပေ။
ဤသည်မှာ မှော်စွမ်းအားဖြင့် တိုက်ခိုက်ခြင်းနှင့် မတူညီပေ။ သူ၏နိမ့်လှသည့်ကျင့်ကြံဆင့်ဖြင့် ဤရိုက်ချက်ကို တားဆီးနိုင်သည်မှာပင် အံ့အားသင့်စရာကောင်းနေလေပြီ။
“သတ်..”
ရှီဟောင်၏ အရှိန်မှာ လျင်မြန်လွန်းလှ၏။ သူသည် ကမ္ဘာမြေရုတ်သိမ်းခြင်းစွမ်းရည်ကို အသုံးပြုလိုက်ခြင်းပင်။ သင်္ကေတများမှာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် အကျိုးသက်ရောက်မှုမရှိသော်လည်း သူ၏အရှိန်ကို မြှင့်တင်ရန်အတွက် အသုံးပြု၍ရသေးသည်။
ဤသေပွဲရှင်ပွဲ တိုက်ပွဲတွင် သူသည် ဘာကိုမှ ထိန်းချုပ်မနေတော့ပဲ သူ၏သတ်ဖြတ်လိုသည့် အငွေ့အသက်ကိုလည်း ထုတ်လွှတ်လိုက်သည်။
အချက်တစ်ရာကျော်ခန့် တိုက်ခိုက်ပြီးသွားသည့်အချိန်တွင် ရှီဟောင်၏ လက်သီးချက်သည် လူဝံနတ်ဆိုးအိုကြီးနောက်သို့ လိုက်သွားပြီး သူ့အားတစ်စစီဖြစ်အောင် လုပ်လိုက်လေသည်။
ရွှေရောင်ကျီးကန်း၊ တိမ်မီးတောက်စာကလေးနှင့် အခြားသားရဲငှက်များကို တိုက်ခိုက်သည့်အချိန်တွင် ထိုလူဝံနတ်ဆိုးအိုကြီးမှာ ဒဏ်ရာအများဆုံး ရထားခြင်းဖြစ်ပြီး သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အတော်လေးပင် လျော့ကျနေလေပြီ။ သူသည် ယခုအချိန်တွင် ရှီဟောင်၏ ပစ်မှတ်ဖြစ်လာလေသည်။
ဖုန်း..
ရှီဟောင်သည် လက်ဝါးတစ်ချက်၊ လက်သီးနှစ်ချက်နှင့် လက်သည်းသုံးချက်စာမိသွားလေသည်။ သူ၏ခန္ဓာကိုယ်မှ သွေးထွက်လာသော်လည်း သူသည် ယခင်ကကဲ့သို့ပင် လူဝံနတ်ဆိုးအိုကြီးနောက်သို့ လိုက်နေဆဲပင်။
သူ၏လက်သီးတောက်ပလာကာ ရွှေရောင်အလင်းတန်းထွက်ပေါ်လာလေ၏။ သူ၏စွမ်းအားမှာလည်း အဆုံးစွန်ထိ မြှင့်တက်သွားလေသည်။
လူဝံနတ်ဆိုးအိုကြီးမှာ သူ၏လက်သီးချက်ကို ခံလိုက်ရသည့်အချိန်တွင် သူ၏လက်မောင်းရိုးကျိုးသွားပြီး လွင့်ထွက်သွားလေသည်။
ရှီဟောင်သည် ခုန်တက်ပြီး ထိုအကောင်နောက်သို့ လိုက်သွားလေသည်။ သူ၏လက်မှာ ချွန်ထက်နေသည့် ဓားတစ်လက်ကဲ့သို့ပင် လူဝံနတ်ဆိုးအိုကြီး၏ ဦးခေါင်းကို ဖြတ်သွားလေ၏။ လေထဲတွင် အနက်ရောင်သွေးစီးကြောင်းတစ်ခု လွင့်စင်လာလေသည်။
အူး..
ကျန်နေသည့် လူဝံနတ်ဆိုးများမှာ ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြ၏။ သူတို့သည် ရှီဟောင်အား ယခင်ကထက်ပင် ပို၍ ကြမ်းတမ်းစွာ တိုက်ခိုက်လာလေသည်။
“သတ်…”
အချက်ပေါင်း ၁၅၀ တိုက်ခိုက်ပြီးသွားသည့်အချိန်တွင် သူ၏လက်သီးသည် အခြားလူဝံနတ်ဆိုး၏ ရင်ဘတ်ကို ဖောက်ဝင်သွားကာ ထိုအကောင်မှာ ထိုနေရာတွင်ပင် သေဆုံးသွားလေ၏။ သူသည်လည်း လက်သည်းချက်နှစ်ချက်ကို ခံလိုက်ရပြီးသွေးများစီးကျလာလေသည်။
အချက်ပေါင်း ၃၀၀ မြောက်တွင် ရှီဟောင်၏ခြေထောက်သည် ကြာပွတ်တစ်ခုကဲ့သို့ ထွက်လာပြီး လူဝံနတ်ဆိုး၏ ဦးခေါင်းကို ကြေမွသွားအောင် လုပ်လိုက်လေ၏။ ထိုအကောင်၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေ၏။
ရှီဟောင်၏တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းနေ၏။ စွမ်းအားကြီးသည့်ရန်သူကို သတ်လိုက်တိုင်းတွင် သူသည်လည်း ဒဏ်ရာရသွားသည်သာ။
ပြောရမည်ဆိုလျှင် သူတို့ ဤစစ်မြေပြင်သို့ ဝင်ဝင်ချင်းတွေ့ခဲ့ရသည့်အကောင်မှာအားအနည်းဆုံးပင်။
ထိုအကောင်သည်လည်း ယခုတိုက်ပွဲတွင် သေဆုံးသွားလေပြီ။
ရှီဟောင်သည် ပြင်းထန်သည့်ဒဏ်ရာများ ရရှိထားသော်လည်း လဲကျမသွားသေးပေ။ ဤသည်မှာ အခြားလူဝံနတ်ဆိုးကို တုန်လှုပ်သွားစေလေသည်။
…
အချိန်မည်မျှ ကြာသွားမှန်းမသိလိုက်ပေ။ ယွမ်ရှီးသည် သူမ၏ခန္ဓာကိုယ် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီးနောက် အရိုးအိုးထဲမှ ထွက်လာလေသည်။
အပြင်ဘက်ရှိ မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူမထိတ်လန့်သွားရ၏။ လူဝံနတ်ဆိုးခြောက်ကောင်၏အလောင်းမှာမြေပြင်ပေါ်တွင် လဲကျနေပြီး သွေးမည်းများမှာလည်း နေရာတိုင်းတွင် စီးဆင်းနေလေသည်။ သူတို့အားလုံးမှာ တစ်စုံတစ်ယောက် အသတ်ခံလိုက်ရခြင်းဖြစ်ပြီး ကျန်သည့်အကောင်များကိုမူ မတွေ့ရတော့ပေ။
သိပ်မဝေးသည့်နေရာတွင် လူငယ်တစ်ယောက်လဲနေပြီး သူ၏တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းနေပြီး ပြင်းထန်သည့်ဒဏ်ရာများ ရထားလေသည်။
“ရှင်ဘာဖြစ်တာလဲ” သူမသည် လျှင်မြန်စွာပင် ရှီဟောင်အား ထူပေးလိုက်၏။ ဤရလဒ်မှာ သူမအား ထိတ်လန့်စေသည်။ ဒါတွေအကုန်လုံးကို သူတစ်ယောက်တည်း လုပ်ခဲ့တာလား..
“ငါအဆင်ပြေပါတယ် .. နည်းနည်းအနားယူဖို့ လိုနေတာ” ရှီဟောင်သည် စိတ်ရောကိုယ်ပါ ပင်ပန်းနေလေပြီ။
“ရှင်တစ်ယောက်တည်းနဲ့ လူဝံနတ်ဆိုးခြောက်ကောင်ကို သတ်လိုက်တာလား” ယွမ်ရှီး ထိတ်လန့်တကြားပြောလိုက်၏။ ဤသတင်းသာ အပြင်ဘက်သို့ ပေါက်ကြားသွားပါက သတင်းကြီးဖြစ်သွားမည်သာ။
“နှမြောစရာကောင်းတာက သုံးကောင် ထွက်ပြေးသွားနိုင်လိုက်တယ် .. ငါက လုံလောက်အောင် မသန်မာသေးဘူးပဲ” ထထိုင်နိုင်သည့်အချိန်တွင် ရှီဟောင်သည် ခေါင်းခါကာ ပြောလိုက်၏။
“ဒါက .. အရမ်းကို လန့်စရာကောင်းတယ် .. ဒီမှာ ထူးခြားပါရမီရှိတဲ့သူတစ်ယောက်ရှိနေရင်တောင်မှ သူတို့ဒီလိုမျိုး လုပ်နိုင်မှာမဟုတ်ဘူး” ယွမ်ရှီးသည် ဘာပြောရမည်မှန်းပင် မသိတော့ပေ။
“ငါလည်း ခန္ဓာကိုယ်ပြုပြင်တဲ့လမ်းကြောင်းကို သွားနေတဲ့သူပဲလေ .. အဲဒီတော့ ငါ့မှာလည်း နည်းလမ်းတစ်ချို့ ရှိတာပေါ့ .. သူတို့က စွမ်းအားကြီးတယ်ဆိုရင်တောင်မှ ငါနဲ့တိုက်ခိုက်ဖို့ မလုံလောက်သေးဘူး” ရှီဟောင်သည် ပေါ့ပါးစွာပင် ပြောနေလေသည်။
သူသည် အချိန်ဖြုန်းမနေတော့ပဲ လျင်မြန်စွာပင် ထိုင်လိုက်ပြီး သူ၏ဒဏ်ရာများကို ကုသလိုက်သည်။ မြင့်မြတ်သည့်သင်္ကေတများမှာ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားလေသည်။
လေးနာရီကြာပြီးသည့်နောက်တွင် ရှီဟောင်၏မျက်လုံးများ ပွင့်လာ၏။ သူ၏ဒဏ်ရာများမှာ ချက်ချင်းပြန်မကောင်းသွားနိုင်သော်လည်း သူ၏ခွန်အားမှာ ပြန်ကောင်းသွားလေပြီ။
ယွမ်ရှီးသည်လည်း ဤအချိန်ကို အသုံးပြုကာ သူမ၏ဒဏ်ရာများကို ကုသနေလေ၏။ သူမသည် အဖိုးတန်ဆေးလုံးကို စားလိုက်သောကြောင့် သူမ၏အခြေအနေများမှာ အနည်းငယ် တိုးတက်လာလေသည်။
“သွားကြစို့ .. လူဝံနတ်ဆိုးတွေ ပြေးနေတုန်း သူတို့အသိုက်ကို မြန်မြန်ရှာလိုက်ရအောင် .. ငါတို့ကောင်းတာတစ်ခုခု တွေ့ရင်တွေ့နိုင်မှာ” ရှီဟောင်သည် အတော်လေးပင် စိတ်လှုပ်ရှားနေလေ၏။
သူတို့သည် ချောက်ကမ်းပါးထိပ်တွင် ထိုင်နေကြလေ၏။ ဤသည်မှာ လူဝံနတ်ဆိုး၏အသိုက်ပင်ဖြစ်ပြီး ချောက်ကမ်းပါးထိပ်တွင် လှိုဏ်ဂူများစွာ ရှိနေလေသည်။
ချောက်ကမ်းပါးအောက်တွင်မူ အနီရောင်ရှိသည့် ဆေးပင်အနည်းငယ်ရှိနေလေသည်။ ထိုအပင်များမှာ တောက်ပနေပြီး မွှေးပျံ့သည့်ရနံ့များလည်း ထုတ်လွှတ်နေလေသည်။
“သွေးဝိဉာဉ်မြက်ပင်” ယွမ်ရှီးသည် ထိတ်လန့်တကြားပင် အော်ဟစ်လိုက်သည်။ ဤကဲ့သို့သော အဖိုးတန်မြက်ပင်မှာ အလွန်ပင်အဖိုးတန်ပြီး လူတစ်ယောက်၏ ဝိဉာဉ်စွမ်းအားကို တိုးတက်စေလေသည်။ ဤသည်မှာ သွေးလွင်ပြင်တွင်ရှိသည် အထူးအပင်ပင်။
“ဒီဆေးပင်တွေက ဘယ်လိုသုံးရတာလဲ” ရှီဟောင် မေးလိုက်၏။ သူသည် လူဝံနတ်ဆိုး၏ လျှို့ဝှက်ချက်ကို ရှာဖွေရန်အတွက် ဤနေရာသို့ ရောက်လာခြင်းပင်။
“ဒီဆေးပင်ရဲ့အစွမ်းတွေရဖို့က တစ်ခြားဝိဉာဉ်ဆေးပင်တွေအများကြီးနဲ့ ပေါင်းဖို့လိုတယ် .. သူ့အစွမ်းက ဝိဉာဉ်တွေကို အားဖြည့်ပေးနိုင်တာ” ယွမ်ရှီးပြောလိုက်လေသည်။
ရှီဟောင်ခေါင်းညိမ့်လိုက်၏။ သူသည်လေထဲသို့ခုန်လိုက်ပြီး ချောက်ကမ်းပါးထိပ်တွင်ရှိနေသည့် လှိုဏ်ဂူထဲသို့ ဝင်လိုက်ကာ ဂရုတစိုက်ရှာလိုက်၏။ သူသည် ထူးဆန်းသည့်အရာတစ်ချို့တွေ့သော်လည်း ထိုအရာများမှာ သူလိုအပ်သည့်အရာများ မဟုတ်ပေ။
“လူဝံနတ်ဆိုးတွေက မှော်စွမ်းအားတွေကို ဘာလို့ခုခံနိုင်တာလဲ မင်သိလား” ရှီဟောင်မေးလိုက်၏။ ဤသည်မှာ သူစိတ်အဝင်စားဆုံးအရာပင်။
“အဲဒါက သူတို့တွေ သွေးဝိဉာဉ်မြက်ပင်နဲ့ ရွှေရောင်ဗောတိသီးကို အမြဲတမ်းစားနေတာနဲ့ ဆိုင်တယ်” ယွမ်ရှီးသည် သူမသိသမျှ အားလုံးကို ပြောလိုက်သည်။
“အဲဒီမြက်ပဲလား” ရှီဟောင်၏ မျက်လုံးများ တောက်ပလာကာ သူသည် ချောက်ကမ်းပါးအောက်ခြေသို့ လျှောက်သွားလိုက်ပြီး သေချာလှည့်ပတ်ကြည့်လိုက်၏။
စုစုပေါင်း အပင် ၅၀ ကျော်ရှိလေသည်။ အပင်တစ်ပင်တိုင်းမှာ တစ်ပေခန့်ရှည်ပြီး အဖိုးတန်ကျောက်များဖြင့် ထွင်းထုထားသကဲ့သို့ပင် အနီရောင်တောက်ပနေလေ၏။
ယွမ်ရှီးထပ်ရှင်းပြသည်မှာ “ဒီလိုမျိုး အပင်က တစ်ခြားမျိုးနွယ်စုတွေအတွက်တော့ သိပ်ပြီးတော့ အကျိုးမရှိဘူး .. ဘာလို့လဲဆိုတော့ လူဝံနတ်ဆိုးတွေက အဲဒီအပင်ကို ဒီတိုင်းစားလိုက်လို့ရပေမယ့် ငါတို့တွေကကျတော့ သူ့ရဲ့အစွမ်းကို ရအောင်လို့ တစ်ခြားဆေးပင်တွေ သုံးရသေးတာ .. ဆေးပင်ရဲ့ ၈၀ ရာခိုင်နှုန်းက တစ်ခြားလူမျိုးစုတွေနဲ့ မသင့်တော်ဘူး”
“ဒီလိုမျိုးလည်း ရှိသေးတာလား ..” ရှီဟောင်အံ့အားသင့်နေရလေသည်။
“ဒီကန့်သတ်ချက်က .. လူသားတွေက ဒီဆေးပင်ကို စားလို့မရဘူးလား .. ငါမယုံဘူး .. ငါစမ်းကြည့်ဦးမယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူ၏ခွန်အားတိုးတက်လာစေရန်အတွက် သူသည် တိုက်ရိုက်စားသုံး၍မရဘူးဟုဆိုသည့် အဆင့်လွန်ရေ များစွာကိုပင် သောက်ခဲ့သေးသည်။
“ရှင်လျှောက်လုပ်လို့ မရဘူး .. လူဝံနတ်ဆိုးရဲ့ မှော်စွမ်းအားခုခံနိုင်စွမ်းကို လိုချင်တဲ့ တစ်ခြားသူတွေ ရှိခဲ့တယ် .. အဲဒီတော့ သူတို့လည်း သွေးဝိဉာဉ်ဆေးပင်ကို ဒီတိုင်းစားလိုက်ကြတာ .. ဒါပေမဲ့ နောက်ဆုံးမှာ သူတွေရဲ့ခန္ဓာကိုယ်ကွဲထွက်သွားပြီးတော့ သေသွားကြတာ” ယွမ်ရှီး သတိပေးလိုက်၏။
“ရတယ် .. ငါစမ်းပဲစမ်းကြည့်မှာ” ရှီဟောင် ထိုကဲ့သို့သော အရာများကို မယုံကြည်ပေ။
ယွမ်ရှီးသည် စိုးရိမ်လာကာ “မရဘူး .. ရှင့်လိုမျိုး ဒါကို လက်မခံနိုင်တဲ့ဂျီးနီးယပ်စ်တွေအများကြီးရှိခဲ့တယ် … ဒါပေမဲ့ သူတို့တွေလည်း စမ်းသပ်ပြီးတော့ သေသွားကြတာပဲ .. တစ်ယောက်မှ မအောင်မြင်သေးဘူး”
“အဲဒီလူတွေအားလုံး သေသွားတာလား” ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။
“အားလုံးသေသွားတာ .. အဲဒီထဲမှာ ထူးခြားပါရမီရှိတဲ့သူတွေတောင် ပါသေးတယ် .. ရာနဲ့ချီတဲ့ ဆေးပင်တွေ စားပြီးတဲ့အချိန်မှာ သူတို့သေသွားတာ” ယွမ်ရှီးသည် အလေးအနက်ဖြင့်ပင် သတိပေးနေ၏။
“အဲဒါဆိုရင်ကိစ္စမရှိဘူး” ရှီဟောင်ရယ်မောကာ ပြောလိုက်သည်။ ဤနေရာတွင် အနည်းငယ်ခန့်သာရှိသောကြောင့် ကောလဟာလများနှင့်ယှဉ်လျှင် အလွန်နည်းနေသေးသည်။ သူအများကြီးစိတ်ပူစရာမလို။
ဤမြက်ပင်၏ရနံ့မှာ မွှေးပျံ့လွန်းလှပြီး အပင်များမှာ အနီရောင်ပင်။ ရှီဟောင်သည် ထိုနေရာတွင် တင်ပုလ္လင်ခွေထိုင်လိုက်ပြီး အပင်တစ်ပင်ကိုခူးကာ ပါးစပ်ထဲထည့်၍ ဝါးစားလိုက်သည်။
“ရှင်ဒီလိုမျိုးလုပ်လို့မရဘူး” ယွမ်ရှီးသည် စိုးရိမ်သွားရ၏။ သူမသည် ဤလူအားတားဆီးချင်မိသည်။ ဤလူမှာ ခေါင်းမာလွန်းလှ၏။
“ငါစွမ်းအားကို အလောတကြီးလိုနေတာ .. ငါသာ ဒီလိုမျိုးစွမ်းရည်ကိုရနိုင်ရင် ငါ့အတွက် အရမ်းအကျိုးရှိမှာ” ရှီဟောင်ပြောလိုက်၏။ ထို့နောက် သူသည် ရယ်မောကာ “အရသာက အဲဒီလောက်မဆိုးပါဘူး .. ချိုချိုချဉ်ချဉ်လေး”
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ယွမ်ရှီးမှာ သတိလစ်တော့မတတ်ပင်။ သူသည် ဤအပင်ကို ဒီတိုင်းစားလိုက်ရုံသာမက အရသာကိုပင် ခံစားနေသေးသည်။ ဤလူငယ်မှာ ရူးသွပ်သွားပြီလား..
ထို့နောက်တွင် ရှီဟောင်၏ခန္ဓာကိုယ်မှ အနီရောင်အလင်းတောက်ပလာလေ၏။ သူသေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့်အားတစ်ခု လည်ပတ်နေသည်ကို သူသတိပြုမိလိုက်သည်။
ထို့နောက်တွင် သူသည် ဒုတိယ၊ တတိယ … ဆက်တိုက်ပင် စားနေလေ၏။
“မြန်မြန်ရပ်တော့ .. အဲဒီထူးခြားပါရမီရှိတဲ့သူတွေ အပင်တစ်ရာကျော်စားတယ်ဆိုတာက သူတို့က ရက်ပေါင်းများစွာ ကြာပြီးမှစားတာ … ရှင်က မြန်မြန်ကြီးစားနေတယ်” ယွမ်ရှီးသည် နှလုံးခုန်နှုန်းရပ်တန့်တော့မတတ်ပင် ခံစားနေရသည်။
ရှီဟောင်သည် တစ်ခါတည်းဖြင့် အပင် ၂၀ စားလိုက်လေ၏။ သူသည် သေချာပေါက်ပင် ထူးဆန်းသည့်ခံစားချက်ကို ခံစားရသည်ပင်။ သူ၏ခန္ဓာကိုယ်အပြင်ဘက်မှ ထူးဆန်းသည့်အားတစ်ခု ဖြစ်ပေါ်နေပြီး သူ့ကိုတစ်စစီဆွဲဖြဲနေသကဲ့သို့ပင်ခံစားနေရသည်။
ထို့အပြင် ဤထူးဆန်းသည့်အားသည် သူ၏အသွေးအသားနှင့် အရိုးများထဲသို့ စိမ့်ဝင်နေပြီး သူပေါက်ကွဲတော့မတတ်ပင် ခံစားနေရသည်။
“ကန့်သတ်မယ်”
ရှီဟောင်သည် ထိုင်ချလိုက်ကာ သူ၏ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ချိတ်ပိတ်လိုက်ကာ သူ၏အသွေးအသားများ ပေါက်ကွဲမသွားအောင် တားဆီးလိုက်သည်။ ထို့နောက်တွင် သူသည် သွေးဝိဉာဉ်မြက်ပင်များကို ထပ်စားလေ၏။
“ဘုရားရေ ရှင်ဘာလုပ်နေတာလဲ .. ရှင်ဒီလောက်အများကြီး စားလို့မရဘူး” ယွမ်ရှီးမှာ ပို၍ပင် စိုးရိမ်လာ၏။ ဤလူမှာ သူမအသက်ကို ကယ်ခဲ့သည့်သူဖြစ်သဖြင့် သူဤအတိုင်းသေဆုံးသွားမည်ကို သူမ ကြည့်မနေနိုင်။
“စိတ်မပူပါနဲ့ .. အကျိုးထူးတယ်လို့ ငါခံစားနေရတယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်ပြီးနောက် နောက်ထပ်ဆေးပင်များကို ထပ်စားလိုက်သည်။ သူသည် တစ်ကြိမ်တည်းဖြင့် ၁၀ ပင်ကျော်စားလိုက်ခြင်းပင်။
“ရှင်..” ယွမ်ရှီးဆွံ့အသွားရသည်။ သူမသည်သူ့ကိုတားဆီးခြင်သော်လည်း ထိုကောင်းကင်လမ်းကြောင်းနှင့်ထိမိသွားသည့်အချိန်တွင် သူမ တားဆီးခံလိုက်ရလေသည်။
ဒါက ဘာကြီးလဲ .. ကောင်းကင်လမ်းကြောင်းလား..
သူမစိတ်ထဲတွင် တုန်လှုပ်သွားရ၏။ သူမသည် အနီးကပ်ကြည့်ကာ ထိုအရာများ အကြိမ်များစွာ ထိကြည့်ပြီးသည့်နောက်တွင် ဤအရာသည် ကောင်းကင်လမ်းကြောင်းဖြစ်လိမ့်မည်ဟု သူမပို၍ပင် သံသယဝင်လာသည်။
သို့သော် ဤသည်မှာ အဘယ်ကြောင့် အလွန်ပင် ထူးဆန်းနေသနည်း..
သူမသည် အဆင့်နိမ့်နယ်မြေမှ ရှီဟောင်အား စဉ်းစားမိသွား၏။ သူ၏ ကောင်းကင်လမ်းကြောင်းများလည်း ထူးဆန်းကာ အလွန်ပင်ကြီးသည်ကို သူမမှတ်မိသည်။ သူ၏ ကောင်းကင်လမ်းကြောင်း ၁၀ ခုသည်လည်း ပေါင်းစည်းနိုင်ပြီး နတ်ကွင်းအဖြစ် ပြုလုပ်နိုင်လေသည်။
ယခု သူမအရှေ့တွင်ရှိနေသည့်သူမှာ ပို၍ပင် ထူးဆန်းနေသည်။
ဤသည်မှာ အစစ်ဟုတ်မဟုတ်ကို သူမစမ်းသပ်ချင်မိသည်။ သူမသည် နည်းလမ်းပေါင်းစုံ၊ လျှို့ဝှက်ရတနာပေါင်းစုံဖြင့် စမ်းသပ်ပြီး သူမ၏ ကောင်းကင်လမ်းကြောင်းဖြင့်ပင် စမ်းသပ်ခဲ့၏။ နောက်ဆုံးတွင် သူမတုန်လှုပ်သွားရသည်။
“ဒါက တကယ် .. ကောင်းကင်လမ်းကြောင်းလား”
သူမ ကောင်းကင်လမ်းကြောင်း နယ်နမိတ်အတွင်းသို့ ဝင်လိုက်သည့်အချိန်တိုင်းတွင် သူမသည် ကန့်သတ်ခံလိုက်ရပြီး သူမ၏ ရုပ်အမှန်ပင် ပေါ်တော့မလိုပင်။
ထိုအချိန်တွင် နူးညံ့နေသည့် ခရမ်းရောင်ဆံပင်များ ဖြာကျကာ တောက်ပနေလေ၏။ ယွမ်ရှီးသည် သူမ၏ ထူးခြားသည့် ထာဝရပုံပန်းသွင်ပြင်ကို ပြသလိုက်ခြင်းပင်။ သူမ၏ နှဖူးမှာ တောက်ပနေပြီး သူမ၏ မျက်တောင်မွေးများလည်း အနည်းငယ် လှုပ်ခတ်နေသည်။ သူမသည် ပန်းချီကားထဲမှ ထွက်လာသကဲ့သို့ပင် သူမ၏ မျက်လုံးများလည်း တောက်ပနေလေ၏။
ယွမ်ရှီးသည် ရှီဟောင်ထံသို့ ပြေးသွားကာ “သွေးဝိဉာဉ်ဆေးပင်ကို မစားနဲ့တော့” သူမသည် ရှီဟောင်ပုခုံးကို လှုပ်ခါလိုက်လေ၏။ ရှီဟောင်သေသွားမည်ကိုသူမ အမှန်တကယ်ပင် စိုးရိမ်နေခြင်းပင်။
သူမ၏ တောက်ပနေသည့်ဆံပင်သည် ရှီဟောင်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီး လေထဲတွင် သင်းပျံ့နေလေ၏။
ရှီဟောင်သည် သူ့အနားတွင် ရှိနေသည့် မိန်းမလှလေးကို ကြည့်လိုက်ပြီး သူ၏အတွေးများမှာ ပျက်စီးခြင်းတောင်တန်းတစ်ရာသို့ ပြန်ရောက်သွားသည်။ ထိုအချိန်တုန်းက သူတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် နပန်းလုံးနေကြပြီး သူမ၏နားကိုပင် သူကိုက်လိုက်သေးသည်။
သူသည် လက်မြှောက်လိုက်ကာ သူအဆင်ပြေကြောင်း ပြလိုက်၏။ သူ၏လက်ဝါးမှာ လှပသည့်ခရမ်းရောင်ဆံပင်ကို ဖြတ်ကျော်ကာ နားသီးကို သွားထိလိုက်သည်။
“ရှင်…” ယွမ်ရှီး ထိတ်လန့်သွားရသည်။ သူမသည် လျင်မြန်စွာပင် အနောက်ဆုတ်လိုက်ပြီး ရှီဟောင်အား စိုက်ကြည့်လိုက်သည်။ သူမ၏ အထိမခံနိုင်သည့် နားသီးကို ထိလိုက်သည့်အချိန်တွင် သူမသည် ချက်ချင်းပင် တုန်လှုပ်သွားရကာ အတိတ်မှ အကြောင်းအရာများလည်း ချက်ချင်းပင် သူမခေါင်းထဲသို့ ဝင်ရောက်လာလေသည်။