သုခကမ္ဘာက ရှီဟောင် - Chapter - 895 အချိန်ဖြုန်းခြင်း
ရှီဟောင်ဆွံ့အနေရသည်။ ရှေးဟောင်းနတ်တောင်များမှာ သူတို့၏ နတ်ဘုရားမအဖြစ် သတ်မှတ်ထားသည့် မိန်းမလှလေးမှသူ၏နားရွက်ကိုအရင်လာကိုင်နေတာလား..
ယွမ်ရှီး၏ မျက်တောင်ရှည်များအနည်းငယ် လှုပ်ခတ်သွားကာ မျက်ဆံများလည်း ရွေ့လျားနေလေသည်။ သူမ၏ လှပသည့်မျက်နှာထက်တွင်လည်း အနည်းငယ်ရှက်သွေးကြွယ်နေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤအပြုအမူမှာ အနည်းငယ် ရဲတင်းလွန်းသွားသောကြောင့်ပင်။
ရှီဟောင်သည် သဘာဝဆန်ဆန်ပင် ပြန်လည်တုံ့ပြန်လိုက်၏။ သူသည် ယွမ်ရှီး၏ ခါးသွယ်သွယ်လေးကို ဖမ်းဆုတ်လိုက်ပြီး သူ့ဘက်သို့ ဆွဲလိုက်သည်။
သူ၏လှုပ်ရှားမှုများမှာ အတွေ့အကြုံရှိနေသည့် သူတစ်ယောက်ကဲ့သို့ပင် ချောမွေ့နေလေ၏။ ထိုအလှလေးကို သူ၏လက်မောင်းထဲတွင် ပွေ့ဖက်ထားလိုက်ပြီး သူမ၏ မေးစေ့ကိုမော့စေကာ သူမ၏မျက်လုံးထဲသို့ စိုက်ကြည့်လိုက်သည်။
ယွမ်ရှီး၏မျက်နှာမှာ ချက်ချင်းပင် နီရဲသွားလေ၏။ သူမ၏ ပြိုင်ဘက်ကင်းလှပသည့်မျက်နှာထက်တွင် ဒေါသတရားတို့ ဖြစ်ပေါ်လာလေ၏။ မည်သို့ပင်ကြည့်ကြည့် ဤလူသည် သူမကို အခွင့်အရေးယူမည်သူနှင့် တူနေလေသည်။
သို့သော် ဤသည်မှာ သူမအပြစ်မကင်းသည်ကို သူမသိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ လှုပ်ရှားမှုမှာ တစ်ဖက်လူကို အချက်ပြသကဲ့သို့ ဖြစ်သွားခြင်းပင်။
ရှီဟောင်သည် သူမမေးစေ့ကိုကိုင်ထားလျက်ပင် အလွန်လေးနက်စွာ စဉ်းစားနေသည့်ပုံဖြင့်ပင် “ငါတို့တွေ့ဆုံမှုအတွက် ကောင်းကင်ကို ကျေးဇူးတင်ရမယ် … ဒါက ကောင်းကင်ကချမှတ်ပေးထားတဲ့ ကံကြမ္မာပဲ”
သူမသည် ချက်ချင်းပင် စိတ်အေးသွားသကဲ့သို့ ခံစားလိုက်ရ၏။ လောကကြီးက ဘာတွေဖြစ်နေတာလဲ…
သူတို့နားလည်မှုလွဲနေသည်ဟု သူမခံစားလိုက်ရသည်။ ဤလူသည် အဆင့်နိမ့်နယ်မြေမှလူမဟုတ်ပေ။
သူသည် သူမအားစနောက်နေခြင်းပင်။ သူ၏လှုပ်ရှားမှုများမှာ ကျွမ်းကျင်ဆင့်သို့ရောက်နေသောကြောင့် ဤသည်မှာ ကောင်းသည့်အချက်မဟုတ်ပေ။ ဤသည်မှာ သူမအားရှက်စိတ်၊ ဒေါသစိတ်နှင့် နောင်တတရားတို့ကို ဖြစ်စေသည်။
ယွမ်ရှီးသည် သူမမေးစေ့ကိုကိုင်ထားသည့် ရှီဟောင်လက်အား ပုတ်ထုတ်လိုက်၏။
ဤလူသည် သူမအသက်ကို ကယ်ခဲ့သော်လည်း ဤကဲ့သို့ ‘လက်လွတ်စပယ်’ မလုပ်သင့်ပေ။
“အရမ်းမတွေးပါနဲ့ .. ငါတို့ သွေးလွင်ပြင်မှာ တွေ့ရတာက သေချာပေါက်ကို ကောင်းကင်ဘုံက စီစဉ်ပေးထားတာပဲ” ရှီဟောင်သည်သူမ၏ သေးသွယ်သည့်ခါးကို ဖက်ထားပြီး သူမထံမှ နူးညံ့မှုကို ခံစားနေရသည်။
“ကျွန်မက ရှင့်ကို တစ်ခြားတစ်ယောက်လို့ ထင်နေတာ” ယွမ်ရှီးသည် ဒေါသထွက်နေလေ၏။ သူမသည် ရှီဟောင်၏လက်အားရိုက်ချလိုက်ပြီး သူမကို လွတ်ပေးရန်ပြောလိုက်သည်။
ရှီဟောင်သည် သူမကို လွှတ်မပေးပဲ သူ၏လက်တစ်ဖက်သည် သူမ၏ လှပသည့်ဆံပင်များထံသို့ ရောက်လာကာ သူမ၏နားရွက်ကို ငြင်သာစွာ ထိတွေ့လိုက်သည်။
ယွမ်ရှီး သတိကြီးကြီးထားလိုက်၏။ ဤကောင်၏ လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းပြီး ရဲတင်းလှသည်။
သို့သော်လည်း သူမကိုယ်သူမသာ အပြစ်တင်ရလိမ့်မည်။ အဆင့်နိမ့်နယ်မြေမှ လူမသေသေးဘူးဟု သံသယဝင်သောကြောင့် ဤကဲ့သို့ စမ်းသပ်လိုက်ရပြီး ဤကဲ့သို့သော ဆိုးရွားသည့် ရလဒ်ရလာခြင်းပင်။
“ရှင်..” ယွမ်ရှီးနောက်ပြန်ဆုတ်လိုက်သော်လည်း သူမ၏ခန္ဓာကိုယ်မှာ တုန်ယင်နေလေ၏။
အဘယ်ကြောင့်ဆိုသော် ဤကောင်သည် သူမ၏နူးညံ့သည့်နားရွက်ကို လက်မနှင့်လက်ညှိုးဖြင့် ဖိကာ ပွတ်ဆွဲသွားသောကြောင့်ပင်။ သူမခန္ဓာကိုယ်သည်လည်း ဓာတ်လိုက်သွားသကဲ့သို့ပင် ဖြစ်သွားလေသည်။
ဝုန်း..
ယွမ်ရှီး သည်းမခံနိုင်တော့ပေ။ ရှီဟောင်ကို တိုက်ခိုက်ရန်အတွက် သူမတစ်ကိုယ်လုံးတွင် သင်္ကေတများထွက်ပေါ်လာလေ၏။
သို့သော် စွမ်းအားကြီးသည့်အဖိုးတန်ပညာများနှင့် တောက်ပသည့် သင်္ကေတများမှာ ရှီဟောင်၏ခန္ဓာကိုယ်အား မထိခိုက်နိုင်ပေ။ သူတို့အားလုံးမှာ ဘာမှမရှိခဲ့သလိုပင် ပျောက်ကွယ်သွားလေသည်။
ယွမ်ရှီး ထိတ်လန့်သွားပြီးသည့်နောက်တွင်မှ ဘာဖြစ်သည်ကို သူမစဉ်းစားမိသွားသည် … သောက် မှော်စွမ်းအားကိုခုခံနိုင်တဲ့စွမ်းရည်ပဲ ..
ယခုကဲ့သို့အရေးကြီးသည့်အချိန်မျိုးတွင် ထိုစွမ်းရည်သည် အလိုအလျောက်ပင် အသက်ဝင်လာပြီး သူမ၏ သင်္ကေတများကို ခုခံအာ သူမ၏ မှော်စွမ်းအားများကို ပျက်စီးစေလေသည်။ သူမသည် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သို့သော် တစ်ချိန်တည်းမှာပင် သူမအလွန်ရှက်မိသည်။
“ကျွန်မကိုလွှတ်” သူမမျက်နှာသည် အလွန်ပင် နီရဲနေလေ၏။
ရှီဟောင်သည် သူမ၏သေးသွယ်သည့်ခါးကို ဖက်ထားရင်းဖြင့်ပင် “ဘာလို့လဲ”
ယွမ်ရှီး ရူးတော့မည်။ ဒီလူက ဘာလို့လဲလို့ လာမေးနေတာလား .. ဤသည်မှာ တမင်သက်သက်လုပ်နေခြင်းပင်။ သို့သော် သူမ၏ နမော်နမဲ့အပြုအမူအကြောင်းပြန်စဉ်းစားမိသည့်အချိန်တွင် ဤ ‘ရန်စမှု’ မှာ အနည်းငယ်မှားယွင်းနေသည်ဟု သူမခံစားလိုက်ရသည်။
“ရှင် အထင်လွဲနေပြီ” ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်မှ ရောင်စုံအလင်းများ တောက်ပလာလေသည်။
ရှီဟောင်သည် တောက်ပစွာပြုံးလိုက်ကာ သူမ၏ တောက်ပနေသည့်နားရွက်ကို တောက်လိုက်ပြီးနောက် သူမကို လွတ်ပေးလိုက်သည် “ဟုတ်ပါပြီ .. လှပတဲ့နားလည်မှုလွဲခြင်းပဲ .. နောက်တစ်ခေါက်ကျရင် ဒီထက်ပိုတောက်ပဖို့ မျှော်လင့်တယ်”
ဘာနောက်တစ်ခေါက်လဲ .. ယွမ်ရှီးမှာ သူ့ကို ကိုက်ပစ်ချင်နေလေပြီ..
“ကျွန်မက ရှင့်ကို တစ်ခြားတစ်ယောက်လို့ ထင်နေတာ .. ရှင်က ကျွန်မရဲ့ သူငယ်ချင်းဟောင်းနဲ့ အရမ်းတူတယ်” ယွမ်ရှီး ရှင်းပြလိုက်၏။ သူမသည် ဆံပင်ကို ပြန်ပြင်လိုက်ပြီးနောက် အနောက်ဘက်သို့ ၁၀ လှမ်းကျော်ဆုတ်သွားလေသည်။
“သူက ဘယ်မှာလဲ .. သူက ငါ့ရဲ့ ရည်းစားလုဘက်လား .. သူ့ကို ဒီကိုလာခဲ့ဖို့ပြောလိုက် သူ့ကိုတစ်ချက်တည်းနဲ့ အနိုင်ယူပြမယ်” ရှီဟောင် ပြောလိုက်သည်။
ယွမ်ရှီး ဆွံ့အသွားရသည်။ သူ ဤလူငယ်ကို ပထမဆုံးတွေ့သည့်အချိန်တွင် သူ့ကို အလွန်အကောင်းမြင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤလူသည် အလွန် လွန်နေမှန်း သူမသိလိုက်ရသည်။
“သူက အဆင့်နိမ့်နယ်မြေမှာ သေသွားပြီ”
“ဝမ်းနည်းဖို့ကောင်းလိုက်တာ .. ဒါပေမဲ့ ငါတို့တွေ တွေ့ကြပြီးတော့ အတူတူ ခရီးသွားတာက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာတယ်လို့ မထင်ဘူးလား” ရှီဟောင် ရယ်မောကာ ပြောလိုက်၏။
ယွမ်ရှီး သူ့ကိုလှည့်ကြည့်လိုက်၏။ ဤလူသည် သူမ၏ အသက်သခင်သာမဟုတ်ပါက သူမ သူ့ကို လုပ်ပစ်လိုက်လေပြီ။
“ငါတို့တွေ ..” ရှီဟောင်တစ်ခုခု ပြောတော့မည့်အချိန်တွင် ယွမ်ရှီး သူ့အားဖြတ်ပြောလိုက်လေ၏။ သူမသည် အံကြိတ်လိုက်ကာ ဒေါသတကြီးဖြင့်ပင် “ကျွန်မတို့ ခရီးကို ဆက်သွားသင့်တယ်”
“ဟူး .. ဒါက တကယ်ကို ဝမ်းနည်းစေတယ်” ရှီဟောင် ခေါင်းခါလိုက်ကာ ရွှေကျီးကန်းအတောင်ပံတစ်ဖက်ကို ယူကာ စားသုံးလိုက်လေ၏။ သူ၏ပါးစပ်တစ်ခုလုံးတွင် ရောင်စုံနတ်အလင်းများ တောက်ပလာပြီး သင်းပျံ့သည့်ရနံ့များ ထွက်ပေါ်လာလေ၏။
သူသည် ယွမ်ရှီးကိုလည်း စားရန် အချက်ပြလိုက်သည်။
“ရှင်က အရမ်းစွမ်းအားကြီးတာကို ရှင်က ဘာလို့ .. အစားကြီးနေတာပဲ” ယွမ်ရှီးသည် မထိန်းနိုင်ပဲ ထိုကဲ့သို့ ပြောလိုက်လေ၏။
သို့သော် သူ၏လက်ထဲတွင်ရှိနေသည့် ရွှေရောင်တောက်ပနေသည့် အတောင်ပံကို မြင်လိုက်ရသည့်အချိန်တွင် သူမလည်းစားချင်လာလေ၏။ ဤသည်မှာ နတ်ဘုရားတစ်ပါး၏ အတောင်ပံပင်။
နောက်ဆုံးတွင် သူမ နည်းနည်းကိုက်ကြည့်လိုက်လေ၏။ နူးညံ့ကာ လတ်ဆတ်သည့် ရွှေကျီးကန်းမှာ သူမပါးစပ်ထဲတွင် အရည်ပျော်သွားလေသည်။
ဤအသားထဲတွင် မွေးရာပါစွမ်းအင်များရှိနေသောကြောင့် ဤသည်မှာ အသားဆေးတစ်မျိုးပင်။
“ဟေး မင်းငါ့ကို ကြည့်နေတာ ကြာလှပြီ .. မင်းငါ့ကို တစ်ခုခု ပြောချင်တာရှိလို့လား” ရှီဟောင်သည် ရွှေကျီးကန်းအတောင်ပံသားကို ဝါးရင်းဖြင့်ပင် စစ်လူမျိုးစုမှ လူငယ်လေးကို ပြောလိုက်လေ၏။
“ငါ..” စစ်လူမျိုးစုမှ လူငယ်လေးသည်ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်ကို မသိပေ။ သူတိတ်ဆိတ်စွာပင် ကျိန်ဆဲလိုက်၏။ ဤကောင်သည် အာကာသလူမျိုးစုမှ အလှလေးနှင့် ဆော့ဖို့ကြိုးစားသည်မှာ ရှုံးနိမ့်သွားသောကြောင့် ယခု သူ့ဘက်သို့ လှည့်လာနေခြင်းပင်။ ဤသည်မှာ ရွံ့မုန်းစရာကောင်းလှသည်။
ရှီဟောင်သည် ဝိုင်တစ်ပုလင်းကို ဖွင့်ကာ ယွမ်ရှီးဘက်သို့ ပေးလိုက်ပြီး သူမကို သောက်ရန် ဖိတ်ခေါ်လိုက်သည်။
“ကျွန်မမသောက်ဘူး” ယွမ်ရှီး ခေါင်းခါလိုက်သည်။
“ဒါက တကယ်ကို ဝမ်းနည်းစေတယ် ..” ရှီဟောင် ပြောလိုက်၏။ ထို့နောက်တွင် သူသည် ဝိုင်တစ်ငုံသောက်လိုက်ပြီး အတောင်ပံကို အကိုက်ကြီးကြီး ကိုက်လိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာလေ၏။
ထို့နောက်တွင် သူထိုင်ချလိုက်ပြီး အစားအစာများကို ပြုပြင်လိုက်ကာ ကျန်နေသေးသည့် ဒဏ်ရာအနည်းငယ်ကို ကုသလိုက်သည်။
“သွားကြစို့..” ရှီဟောင် နောက်တစ်ကြိမ်ထရပ်လိုက်သည်။ သူ၏တည်ငြိမ်သည့်အသွင်အပြင် ပြန်လည်ရောက်ရှိလာကာ ဆက်သွားရန်အတွက် ယွမ်ရှီးကို ခေါ်လိုက်သည်။
“ကျွန်မ တောင်းပန်ပါတယ် .. အရင်က ကျွန်မရှင့်ကို တစ်ခြားလူနဲ့မှားနေတာ..” ယွမ်ရှီး ရှင်းပြလိုက်၏။
“ဒီတွေ့ဆုံမှုက အရမ်းအံ့ဩဖို့ကောင်းတယ်လို့ မင်းမထင်ဘူးလား .. ငါတို့တစ်ယောက်နဲ့တစ်ယောက်တွေ့ကြပေမယ့် ဒီအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ဘူး” ရှီဟောင် အလေးအနက်ပင် ပြောလိုက်သည်။
“ရှင် .. တကယ်ကို နည်းနည်းမှအရှက်မရှိဘူးပဲ” ယွမ်ရှီး စိတ်ရှုပ်စွာပင် ပြောလိုက်၏။
“ဟုတ်ပါပြီ .. ခရီးဆက်ကြစို့” ထို့နောက်တွင် သူသည် အပြင်ဘက်သို့ လက်ညှိုးထိုးလိုက်ပြီး စစ်လူမျိုးစုမှ လူငယ်ကျွမ်းကျင်သူကို သတ်လိုက်ကာ စစ်မြေပြင်၏ အတွင်းပိုင်းသို့ ဝင်ခဲ့လိုက်လေသည်။
ယခုအချိန်တွင် သူ့ထံ၌ ကပျက်ကချော်အမူအရာများ မရှိတော့ပဲ အထင်ကြီးစရာကောင်းသည့် သူရဲကောင်း ပုံရိပ်သာ ရှိနေတော့သည်။
ယွမ်ရှီးသည့် သူ့အား တွေဝေစွာပင် စိုက်ကြည့်နေမိ၏။ ဤလူမှာ အတော်လေးပင် ထူးဆန်းသည်ဟု သူမခံစားရသည်။ နောင်တအနည်းငယ်ပါသည့် သက်ပြင်းချသံကို သူမကြားလိုက်ရသလိုပင်။
ရှီဟောင်သည် ခြေလှမ်းကျယ်ကြီးများဖြင့် အရှေ့ဘက်သို့ လျှောက်သွားလိုက်၏။ သူအများကြီးတွေးမိသော်လည်း နောက်ဆုံးတွင် သူမည်သူဖြစ်သည်ကို မပြောပြတော့ပေ။
အဘယ်ကြောင့်ဆိုသော် ယွမ်ရှီးသည် အလွန်ပင် ကောင်းမွန်သည့်သူတစ်ယောက်ပင်။ သူမသာ ကောင်းကင်အုပ်စိုးခြင်းကျောက်တုံးနှင့် ပေါင်းစပ်ပြီးသွားလျှင် သူမသည် ထိပ်ဆုံးသို့ ရောက်သွားမည်သာ။
သူမ အာကာသလူမျိုးစုထံသို့ ရောက်သွားသည်နှင့် ကောင်းကင်နတ်ဘုရားမှ သူမအား ကြီးကြပ်မည်သာ။ သူတို့ကလန်ကို ကြီးကျယ်ခန်းနားအောင် လုပ်ပေးခဲ့သည့် ဘိုးဘေးကိုယ်တိုင် သူမကို လျှို့ဝှက်ပညာများကို သင်ကြားပေးနိုင်သည်။
အကယ်၍ ရှီဟောင်သာ သူမည်သူဖြစ်သည်ကို ပြောပြလိုက်လျှင် သူမသေချာပေါက် ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဘိုးဘေးသည် အလွန်စွမ်းအားကြီးသောကြောင့် တစ်ခဏအတွင်းပင် အားလုံးကို သိသွားလိမ့်မည်။
ရှီဟောင် များစွာကို ကြုံတွေ့ခဲ့ဖူးသည်။ သူ့ထံတွင် မကောင်းသည့်ရည်ရွယ်ချက် မရှိသော်လည်း လူသားသဘာဝမှာ အလွန်ပင် ရှုပ်ထွေးလှ၏။ သူသည် ယွမ်ရှီးကို ကယ်ခဲ့သော်လည်း အခြားသူများမှာ သူမည်သူဖြစ်သည်ကို သိသွားပါက မတော်တဆမှုများ ဖြစ်လာနိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ကလန်တိုင်း လောဘတက်နိုင်သည့် ပြိုင်ဘက်ကင်းသည့် အဖိုးတန်ပညာရှိနေသောကြောင့်ပင်။
သူ့ကိုယ်သူအတွက်နှင့် ယွမ်ရှီး ဘေးကျပ်နံကျပ်အခြေအနေသို့ မရောက်စေရန်အတွက် သူစောင့်ရဦးမည်။
“နောက်ဆုံးတော့ ငါ့ရဲ့စွမ်းအားက မလုံလောက်သေးလို့ပဲ .. တကယ်လို့ငါသာ ကောင်းကင်နတ်ဘုရားဖြစ်လာရင် ငါအများကြီး ကြောက်နေစရာမလိုတော့ဘူး .. ငါလောကကြီးမှာ ကြိုက်သလိုသွားလို့ရပြီ .. ဒီလိုကိစ္စမျိုးတွေကို စဉ်းစားဖို့တောင် မလိုတော့ဘူး”
ဤထူးဆန်းသည့် သက်ပြင်းချသံကို ကြားလိုက်ရသည့်အချိန်တွင် ယွမ်ရှီးအနည်းငယ် ရှုပ်ထွေးသွားရသည်။ သူကဘာလို့ရုတ်တရက်ကြီး တစ်ယောက်တည်း စကားတွေ ပြောနေတာလဲ”
“ယွမ်ရှီး အာကာသလူမျိုးစုတွေက လက်ထပ်ဖို့အတွက်ဆိုရင် ဘယ်လိုအခြေအနေမျိုးတွေ လိုအပ်လဲ” ရှီဟောင်သည် သူ၏ရှုပ်ထွေးနေသည့် အမူအရာကို ဘေးချိတ်လိုက်ပြီး နောက်တစ်ကြိမ် ရယ်မောလိုက်သည်။
ယွမ်ရှီး ဆွံံအသွားသည်။ ဒီကောင်က ဘာတွေတွေးနေတာလဲ .. ပြောင်းလဲမှုများမှာ မြန်ဆန်လွန်းနေသာကြောင့် သူမအနည်းငယ် ဆွံ့အသွားရသည်။
“ရှင်ဘာပြောချင်တာလဲ” သူမသည် ပြန်မေးလိုက်ပြီး အနောက်နည်းနည်းဆုတ်လိုက်၏။
“တကယ်လို့ ငါသာ မင်းတို့ အာကာသလူမျိုးစုဆီသွားပြီးတော့ လက်ထပ်ဖို့ တောင်းဆိုမယ်ဆိုရင် ငါ့ရဲ့ဇနီးမိသားစုနဲ့ အတူတူ နေရမယ်လို့ မင်းထင်လား .. ငါတကယ် အဲဒီလိုမျိုးမနေချင်ဘူး” ရှီဟောင် ရယ်မောကာ ပြောလိုက်၏။
“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ” ယွမ်ရှီး၏ မျက်နှာ နီရဲသွားပြီး သူ့အား မုန်းတီးစွာပင် စိုက်ကြည့်လိုက်လေ၏။
“ယွမ်ရှီး ကမ္ဘာကြီးကို အတူတူ လည့်ပတ်သွားရအောင် .. ကလန်ကို ပြန်သွားရရင် ဘယ်လောက်တောင် ပျင်းဖို့ ကောင်းလိုက်မလဲ .. တစ်နေရာထဲမှာ ကျင့်ကြံရတာ သေချင်စော်နံလောက်အောင်ကို ပျင်းဖို့ကောင်းတယ်” ရှီဟောင် ပြောလိုက်၏။
ယွမ်ရှီးသည် ချက်ချင်းပင် ခေါင်းခါလိုက်လေသည်။ သူက ငါ့ကို ထပ်ကစားချင်နေတာလား …
“ဟင်း .. နံပါတ် ၁ ကျွမ်းကျင်သူက မင်းအရှေ့မှာနော် .. ဒါပေမဲ့ မင်းက သူ့ရဲ့အကူအညီကို မယူဘူးဆိုတော့ မင်းနောင်တရလိမ့်မယ် သိလား”
ယွမ်ရှီးသည် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ချက်ချင်းပင် ရယ်မောလိုက်ကာ “ရှင်က ကျွန်မရဲ့ အာကာသလူမျိုးစုထဲ ဝင်ချင်လို့လား .. ရှင့်ရဲ့အရည်အချင်းနဲ့ဆိုရင် ရှင် ကောင်းကင်နတ်ဘုရားလက်အောက်မှာ သင်လို့ရတယ် .. ရှင့်ရဲ့အနာဂတ်က တောက်ပနေမှာ”
“ကောင်းကင်နတ်ဘုရားက ဘာကောင်းလို့လဲ” ရှီဟောင်သည် တစ်ခဏခန့် စဉ်းစားပြီးသည့်နောက်တွင် “တကယ်လို့ ငါသာ အာကာသလူမျိုးစုကို သွားရင် သူတို့အားလုံး လန့်သွားပြီးတော့ ငါ့ကို ခက်ခဲအောင် လုပ်မှာကို ကြောက်မိတယ်”
“ရှင်က ကိုယ့်ကိုကိုယ်အထင်ကြီးနေတာပဲ” ယွမ်ရှီး မျက်လုံးလန်ကြည့်ကာ ပြောလိုက်၏။
“အဆင့်မြင့်နယ်မြေက ကြီးမြတ်တဲ့လူမျိုးစု ၁၀ ခုဆိုတာက အရင်က ဖြစ်ခဲ့တာပါ .. မင်းရဲ့အရှေ့မှာ ရှိနေတဲ့ယောက်ျားက သူကိုယ်တိုင် ဧကရာဇ်ကလန်တစ်ခုကို တည်ထောင်ပြီးတော့ သူ့အားသူကိုယ်ပြီးတော့ ကောင်းကင်ဧကရာဇ်ဖြစ်လာမှာ .. မင်းဒီအခွင့်အရေးကို လက်မလွတ်သင့်ဘူး” ရှီဟောင် စနောက်လိုက်သည်။