သုခကမ္ဘာက ရှီဟောင် - Chapter - 896 ရွှေရောင်ဗောတိ သစ်သီး
ယွမ်ရှီးသည် အဆင့်မြင့်နယ်မြေတွင် ဤမျှအရေထူသည့်သူကို မတွေ့ဖူးသေးပေ။
“ရှင်ကျွန်မအသက်ကို ကယ်ခဲ့ပေမယ့် ကျွန်မတို့ကြား ဘာမှဖြစ်လာမှာမဟုတ်ဘူး” သူမသည် စကားလုံးကို သေချာရွေးချယ်လိုက်ပြီး သူမပြောချင်သည်ကို ဖော်ပြလိုက်သည်။
“ဒါက တကယ်ဝမ်းနည်းဖို့ကောင်းတာပဲ .. မင်းဒီအခွင့်အရေးနဲ့လွဲချော်သွာရင် ငါတို့နောက်တစ်ခေါက်ပြန်တွေ့ဖို့က နှစ်ပေါင်း အများ အများကြီး ကြာလိမ့်မယ် … အဲဒီအချိန်ကျရင် ပင်လယ်ပြာကြီးက ပိုးစာပင်တွေဖြစ်နေလောက်ပြီ” ရှီဟောင် ခေါင်းခါကာ ပြောလိုက်၏။
“ရှင်ဘာတွေ လျှောက်ပြောနေတာလဲ .. မြန်မြန်သွား .. နောက်ကလိုက်လာတဲ့သူတွေ မှီလာတော့မယ်” ယွမ်ရှီးပြောလိုက်၏။သူမ ဤအကြောင်းကို ဆက်မပြောချင်တော့ပေ။
ရှေးဟောင်းစစ်မြေပြင်မှာ အလွန်ပင် ကျယ်ပြန့်လှပြီး မြူများလည်း ရစ်ဆိုင်းနေသည်။ ဤသည်မှာ ရှေးခေတ်မှ နတ်ဆိုးနတ်ဘုရားများ၏ သေဆုံးခြင်းမှ ဖြစ်ပေါ်လာသည့် သွေးမြူများဖြစ်သည်ဟု ပြောကြလေ၏။
မြေပြင်မှာ မာကျောခြောက်သွေ့နေပြီး အပင်တစ်ပင်မှ မရှိပေ။ ရွှေရောင်၊ အဖြူရောင်နှင့် အမဲရောင်အရိုးစုများကို နေရာတိုင်းတွင်တွေ့နေရသည်။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီဖြစ်သော်လည်း ထိုအရိုးစုများမှာ တောက်ပနေဆဲပင်။
သူတို့နှစ်ဦးသည် အရှေ့ဘက်သို့ ဆက်လျှောက်လာပြီး လမ်းတစ်လျှောက်တွင် အရပ်မျက်နှာများကို ဆက်တိုက်ပင် ပြောင်းလဲခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးနတ်ဘုရားအစစ်အဆင့်ရှိသည့် သက်ရှိများကိုတွေ့ခဲ့ရပြီး ထိုသက်ရှိများမှာ သူတို့၏ နယ်မြေကို လှည့်လည်ကြည့်ရှုနေလေ၏။
“မွှေးလိုက်တာ” ရှီဟောင်၏ နှာခေါင်းလှုပ်ရှားလာသည်။ သူ၏အာရုံငါးပါးမှာ အလွန်ပင် စူးရှလေ၏။ သူသည် ချက်ချင်းပင် သစ်ခွနံ့နှင့်တူသည့် မွှေးရနံ့တစ်ခုကို ရလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် ယွမ်ရှီးလည်းထိုအနံ့ကို ရလိုက်သည်။ ဤသည်မှာ ကောင်းကင်ရတနာတစ်ခုဖြစ်လိမ့်မည်ဟု သူမခံစားနေရသည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏အော်ရာများကို ကန့်သတ်လိုက်ပြီး ဂရုတစိုက် ဆက်သွားလိုက်ကြသည်။ ခဏကြာပြီးသည့်နောက်တွင် သူတို့တောအုပ်တစ်ခုကို တွေ့လိုက်ရလေ၏။
သူတို့နှစ်ဦးလုံး အံ့အားသင့်သည့် အမူအရာဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် တောအုပ်အတွင်းပိုင်းမှ မြူထဲမှနေ၍ရွှေရောင်အလင်းတန်းများ ထွက်နေသောကြောင့်ပင်။ ရွှေရောင်မီးတောက် ကခုန်နေသကဲ့သို့ပင်။
ဤနေရာသို့ ရောက်လာသည်နှင့် အမွှေးနံ့မှာ ပို၍ပြင်းလာသည်ကို သူတို့တွေ့လိုက်ရသည်။ ထိုအနံ့မှာ သူတို့ကို မူးဝေစေလောက်သည်အထိ မွှေးပျံ့နေလေ၏။
“အဲဒါက ဘာကြီးလဲ” ရှီဟောင်စိတ်ထဲတွင် လှုပ်ရှားသွားရသည်။ ဤကဲ့သို့စွန့်ပစ်နယ်မြေတွင် ဤကဲ့သို့သော မွှေးရနံ့ရှိနေသည်မှာ သာမန်မဟုတ်ပေ။
သူနှင့်ယွမ်ရှီးနှစ်ဦးလုံး သူတို့၏ ချွေးပေါက်များကိုပိတ်လိုက်ပြီး သူတို့၏တည်ရှိမှုကို ဖျောက်ထားလိုက်သည်။ သူတို့သည် တိတ်ဆိတ်စွာဖြင့်ပင် တောအုပ်ထံသို့ ချဉ်းကပ်သွားလိုက်သည်။
“ဒါက .. အရိုးတောင်လား…” ယွမ်ရှီးထိတ်လန့်သွားရပြီး သူမကျောရိုးတစ်လျှောက် ကြက်သီးများ ထလာရသည်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူလည်း စိတ်လှုပ်ရှားသွားရသည်။ ဤတောအုပ်၏အရှေ့တွင် ကျန်းပေါင်းထောင်ပေါင်းများစွာမြင့်သည့် အရိုးပုံကြီးတစ်ခုရှိနေလေသည်။ အပေါ်ဘက်တွင် တိမ်မဲများ ရစ်သိုင်းနေပြီး အန္တရာယ်များသည့်အော်ရာလည်း ထွက်ပေါ်နေလေသည်။
အရိုးတောင်မှာ အေးချမ်းနေလေ၏။ ထိုအရိုးများထဲတွင် ရွှေရောင်ဘီလူးကြီး၊ ရေနဂါးနှင့် လူသားအရိုးများလည်း ပါဝင်နေလေသည်။ ထိုအရိုးများကို ကျစ်လျစ်စွာ စုစည်းထားခြင်းပင်။
ဤနေရာသည် သေချာပေါက်ပင် ကောင်းမွန်သည့်မနေရာတစ်ခုမဟုတ်ပေ။ သူတို့ဤနေရာသို့ရောက်သည်နှင့် ကျောရိုးတစ်လျှောက်အေးခဲသွားရသည်။
ထိုအမွှေးနံ့မှာလည်း ဤအရိုးတောင်ထံမှ လာခြင်းပင်။ ဤနေရာတွင် ရွှေရောင်မီးတောက်တစ်ခု တောက်လောင်နေပြီး မွှေးပျံ့သည့်ရနံ့များမှာ သူတို့၏ ပါးစပ်နှင့် နှာခေါင်းပေါက်မှ ဝင်ရောက်လာလေသည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သူတို့ပို၍ပင် သတိထားလိုက်သည်။ ဤနေရာတွင်သာ နတ်ဘုရားအစစ်ကို တွေ့ပါက သူတို့အလွန်ပင် ဒုက္ခများသွားလိမ့်မည်။
သူတို့သည် တောအုပ်၏ ဘေးတစ်ဖက်မှ ကွေ့ပတ်လာပြီးသည့်နောက်တွင် ဤနေရာသို့ ရောက်ရှိလာလေ၏။ ထိုအချိန်တွင် မြင်လိုက်ရသည့်မြင်ကွင်းတစ်ခုကြောင့် သူတို့ စိတ်လှုပ်ရှားသွားရသည်။
မီတာဝက်ခန့်ရှိသည့် သစ်ပင်လေးတစ်ပင်ကို သူတို့တွေ့လိုက်ရသည်။ ထိုအပင်တွင် ရွှေရောင်သစ်ရွက်များ ရှိနေသည့် သစ်ကိုင်း သုံးခုရှိလေသည်။ သို့သော် ထိုအရွက်များမှာ အနည်းငယ်မှိန်ဖျော့နေပြီး သစ်ပင်လည်း အနည်းငယ် ညှိုးရော်နေ၏။
သစ်ကိုင်းများကြားတွင် အမွှေးနံ့ထုတ်လွတ်နေသည့် လက်သီးအရွယ်အစားခန့်ရှိသော ရွှေရောင်အသီးတစ်လုံး ရှိနေလေ၏။
ကောင်းကင်ရတနာ..
တစ်ချက်ကြည့်ရုံဖြင့်ပင် ဤသည်မှာ သေချာပေါက် ထူးခြားသည့်သစ်သီးဖြစ်မှန်း သိနိုင်သည်။
“ဒါက ဘယ်လို အဖိုးတန်ဆေးမျိုးလဲ” ရှီဟောင် ပြောလိုက်၏။
“ဒါဘာအသီးလဲဆိုတာ ကျွန်မသိတယ်ထင်တာပဲ .. ဒါက ဒဏ္ဍာရီလာ ရွှေရောင်ဗောတိသီးဖြစ်မယ်ထင်တယ်” ယွမ်ရှီးပြောလိုက်၏။
အသီးမှာ ရင့်မှည့်နေပြီဖြစ်သော်လည်း သစ်ပင်ငယ်လေးမှာ ညှိုးခြောက်နေလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤအသီးဖြစ်ပေါ်လာစေရန်အတွက် သူ၏ ဝိဉာဉ်စွမ်းအားများအားလုံးကို ထုတ်သုံးလိုက်ရသောကြောင့်ပင်။
“ရွှေရောင်ဗောတိသစ်သီးက သွေးဝိဉာဉ်မြက်ထက် အဆပေါင်းများစွာ ပိုပြီးတော့ အဖိုးတန်တယ်မလား” ရှီဟောင်ထိတ်လန့်သွားရသည်။
“ဟုတ်တယ်” ယွမ်ရှီး ခေါင်းညိမ့်လိုက်လေ၏။
ဤသွေးလွင်ပြင်တွင် အလွန်ပင် အဖိုးတန်သည့် ဆေးပင်အနည်းငယ်ရှိသည်။ သွေးဝိဉာဉ်မြက်ပင်ကို ပြောနေစရာပင်မလိုပေ။ ဤအပင်အနည်းငယ်ကိုသာ အပြင်ထုတ်နိုင်ပါက အလွန်မြင့်သည့်ဈေးနှုန်းဖြင့် ရောင်းနိုင်လိမ့်မည်။
ရွှေရောင်ဗောတိအသီးမှာ အလွန်ပင်ရှားပါးပြီး ခူးယူရန်လည်း ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုအသီးများမှာ အန္တရာယ်အများဆုံးနေရာတွင် ပေါက်ရောက်ပြီး စွမ်းအားကြီးသည့် သက်ရှိများလည်း ထိုအပင်ကိုစောင့်ကြပ်နေလေ၏။
“မင်းအရင်က ပြောခဲ့တာလေ .. လူဝံနတ်ဆိုးတွေက သွေးဝိဉာဉ်မြက်နဲ့ ရွှေရောင်ဗောတိအသီးကိုစားလို့ အဲဒီလိုမျိုးခန္ဓာကိုယ်ကို ရခဲ့တာလို့ … အဲဒီတော့ ဒီအသီးက ဗောတိသီးလား” ရှီဟောင် မေးလိုက်သည်။
“ပုံမှန်အားဖြင့်တော့ လူဝံနတ်ဆိုးတွေက သွေးဝိဉာဉ်မြက်ကိုပဲစားကြတာ .. ဘာလို့လဲဆိုတော့ ရွှေရောင်ဗောတိသီးက သွေးဝိဉာဉ်မြက်ထက် အများကြီးပိုပြီးတော့ အဖိုးတန်တယ်လေ .. သူတို့သာ ရွှေရောင်ဗောတိသီးကိုစားနိုင်ရင် သူတို့တွေက မသေဆုံးနိုင်တဲ့နတ်ဆိုးတွေ ဖြစ်လာမှာ .. သူတို့တွေက တစ်ခြားသက်ရှိတစ်မျိုး ဖြစ်သွားလိမ့်မယ်” ယွမ်ရှီး ပြောလိုက်သည်။
“ဒီလိုမျိုးလည်း ရှိသေးတာလား” ရှီဟောင် ထိတ်လန့်သွားရ၏။
ယွမ်ရှီးခေါင်းညိမ့်ပြလိုက်ကာ သူမ၏အမူအရာမှာ လေးနက်နေလေ၏။
သူမပြောသည့်အတိုင်းဆိုလျှင် ဤသစ်သီးမှာ ကမ္ဘာပေါ်တွင်အလွန်ပင် ရှားပါးပြီး အဖိုးတန်လှသည်။ အပြင်ဘက်ကမ္ဘာတွင် လူများစွာမှာ ဤအသီးများကို ဝယ်ရန်ကြိုးစားနေကြသော်လည်း မည်သူမှ မဝယ်နိုင်ကြသေးပေ။
ဤသည်မှာ ဝိဉာဉ်စွမ်းအားကို တိုးစေပြီး သွေးဝိဉာဉ်မြက်ထက်ပင် ပို၍ စွမ်းအားကြီးသေးသည်။
ဤအသီးသည် မှော်ခွန်အားကိုလည်း တစ်ဆင့်တိုးစေနိုင်လေသည်။
ဤအသီးသည်လည်း အလွန်ပင်အန္တရာယ်များလှပြီး စားသုံးလိုက်သည်နှင့် ခန္ဓာကိုယ်များကို တစ်စစီပေါက်ကွဲစေပြီး ဘာမှမကျန်တော့သည်အထိ သူတို့၏ သွေးသားများကို ပြာအဖြစ်သို့ လောင်ကျွမ်းသွားစေနိုင်သည်။
“ရှားပါးတဲ့ အဖိုးတန်ဆေးပဲ” ရှီဟောင်လျှာသပ်လိုက်ပြီး သူ၏မျက်လုံးတွင်လည်း ရောင်စုံအလင်းများ ထွက်ပေါ်လာလေသည်။
ယွမ်ရှီးသည် သူ့အား ဤအသီးကို လျှောက်စား၍မရကြောင်း၊ ရွေးချယ်ထားသည့်လူမျိုးစုအနည်းငယ်မှလွဲလျှင် မည်သူမျှ သူ၏ဆေးအစွမ်းကို မစုတ်ယူနိုင်ကြောင်း၊ အခြားသူများစားသုံးပါကသေဆုံးသွားနိုင်ကြောင်း ရှီဟောင်အား သူမ သေချာသတိပေးနေလေသည်။
သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာပင် ဘေးပတ်ဝန်းကျင်အား လေ့လာလိုက်သည်။ ဤအပင်ကို စောင့်ရှောက်ပေးနေသည့် ကြောက်စရာကောင်းသည့်သက်ရှိတစ်ကောင်ရှိနေလိမ့်မည်ဟု သူတို့ခံစားနေရသည်။
“ဘာမှမရှိဘူး ထင် …” ယွမ်ရှီး ထိတ်လန့်သွား၏။
“မဟုတ်ဘူး .. ဟိုကိုကြည့်လိုက်” ရှီဟောင် တောင်ခြေကို လက်ညှိုးထိုးပြလိုက်သည်။
“အရိုးစု..” ယွမ်ရှီး စိတ်လှုပ်ရှားသွားရသည်။
သေချာမကြည့်ပါက အရိုးတောင်၏အစိတ်အပိုင်းဟု အထင်မှားသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အရိုးများဖြင့် ပြည့်နေသောကြောင့်ပင်။
ထိုအရိုးစုတစ်ခုလုံးမှာ ဖြူဆွတ်နေပြီး ထိုနေရာတွင် တိတ်ဆိတ်စွာပင်ထိုင်နေလေ၏။ ထိုအရိုးထံမှ အသက်အော်ရာကိုလည်း မခံစားရပေ။ သူ၏ဒူးတွင်ရှိနေသည့် အရိုးဓားကြောင့်သာ သူ့ကိုသတိထားမိသွားခြင်းပင်။
ရှီဟောင်သည် အမှောင်ထုထဲမှနေ၍ ထိုအရိုးစုကို စောင့်ကြည့်နေလိုက်သည်။ ထိုဦးခေါင်းခွံထဲတွင် မီးတောက်တစ်ခုတောက်လောင်နေသည်ဟု သူခံစားလိုက်ရသည်။ ထိုမီးတောက်သာ ထွက်လာသည်နှင့် ကောင်းကင်ကြီးပြိုကျပြီးကမ္ဘာမြေကြီး ပြိုကွဲသွားလိမ့်မည်။
ယွမ်ရှီး၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားလေ၏။ ဤစွမ်းအားကြီးသည့်သက်ရှိမှာ သူမတို့ ရန်စသင့်သည့်သူမဟုတ်ပေ။
“နှမြောစရာပဲ .. ကျွန်မတို့သာ အဲဒီအသီးကို ခူးနိုင်ရင် အရမ်းကို စွမ်းအားကြီးတဲ့နတ်စွမ်းရည်တစ်ခုနဲ့ လဲလို့ရလောက်တယ်” ယွမ်ရှီးသည် ထိုအသီး၏ တန်ဖိုးကို နောက်တစ်ကြိမ် ထောက်ပြလိုက်လေသည်။
“ကြည့်ရတာ အဲဒီအသီးတန်ဖိုးက ငါထင်ထားတာထက် ပိုမြင့်နေတယ်ထင်တယ်” ရှီဟောင် ပြောလိုက်သည်။
“အဲဒီအသီးကိုသာ ပြန်ပြင်လိုက်ရင် သွေးဝိဉာဉ်မြကပ်က လူတစ်ယောက်ရဲ့ဝိဉာဉ်ကို အာဟာရပေးနိုင်တယ် .. ဒါပေမဲ့ ဒီရွှေရောင်ဗောတိသီးက လူတစ်ယောက်ရဲ့နတ်အာရုံတွေကို တိုက်ရိုက်တိုးပေးနိုင်တယ်”
ရှီဟောင် အေးခဲသွားသည်။ ဤသည်မှာ သူ၏ဝိဉာဉ်ခွန်အားကို ပမာဏများစွာတိုးမြှင့်ပေးနိုင်သည့် အဖိုးမဖြတ်နိုင်သည့် ဆေးပင်။ သူသည် ဤအသီးကို လိုချင်လာသောကြောင့် သူ၏မျက်လုံးများပင် အရောင်တောက်လာလေသည်။
“ငါနည်းလမ်းတစ်ခု စဉ်းစားရမယ်..” သူ့ကိုယ်သူ နူးညံ့စွာ ပြောလိုက်လေသည်။
“ကံကောင်းစွာနဲ့ပဲ သူက လူဝံနတ်ဆိုး မဟုတ်ပဲနဲ့ အရိုးနတ်ဘုရားဖြစ်နေတာပဲ .. သူက ဒီအသီးကိုစားဖို့မသင့်တော်ဘူးဆိုတော့ သူဒီအသီးကို သိပ်ဂရုမစိုက်လောက်ဘူး” ယွမ်ရှီး ပြောလိုက်သည်။
“အဲဒါဆိုရင် ရပြီပဲ” ရှီဟောင်စိတ်လှုပ်ရှားလာသည်။
“ဒါက တော်တော်ထူးဆန်းတယ် .. သူက အရိုးနတ်ဘုရားဆိုတော့ သူ့ခွန်အားက ဒီရွှေရောင်ဗောတိပင်ကို မလုံလောက်ဘူး .. အဲဒီတော့ ဒီအပင်လေးက ဘယ်လိုလုပ် ဒီအချိန်ထိ ရှိနေနိုင်တာလဲ” ယွမ်ရှီး စိတ်ရှုပ်ထွေးသွားရသည်။
“နတ်ဘုရားအစစ်တောင်မှ ဒီအပင်ကို ကာကွယ်ဖို့ မလုံလောက်ဘူးလား” ရှီဟောင် ထိတ်လန့်သွားသည်။
“ဟုတ်တယ် .. ရွှေရောင်ဗောတိသီးက အရမ်းကို အဖိုးတန်လွန်းတယ် .. ဒီသတင်းသာ ပေါက်ကြားသွားရင် စစ်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်” ယွမ်ရှီးသည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်၏။
ရှီဟောင်သည် ဘေးပတ်ဝန်းကျင်ကို သေချာလေ့လာကြည့်လိုက်သော်လည်း အခြားသက်ရှိကို မတွေ့ရပေ။ သူ၏စိတ်ထဲတွင်လည်း အနည်းငယ် သံသယဝင်နေမိသည်။ သူ၏ခေါင်းကို မော့ကာ အရိုးတောင်တစ်ခုလုံးကို နောက်တစ်ကြိမ်ကြည့်လိုက်သည့်အချိန်တွင် သူတုန်လှုပ်သွားရသည်။
“တစ်ခုခုတော့ မဟုတ်သေးဘူး .. ယွမ်ရှီး ကြည့်လိုက် ဒီအရိုးတောင်ကြီးက တစ်ခုခု ထူးဆန်းမနေဘူးလား”
“ဒါက … အုတ်ဂူကြီးပဲ” ယွမ်ရှီး ထိတ်လန့်သွားရသည်။
သေချာကြည့်လိုက်လျှင် ဤကျန်းပေါင်းများစွာ မြင့်သည့်အရိုးတောင်မှာ အုတ်ဂူတစ်ခုနှင့်တူနေသည်ကို သူတို့တွေ့လိုက်ရသည်။
ထိုအရိုးဖြူမှာ သုသာန်စောင့်နှင့် တူနေလေသည်။ သူ၏ဒူးထက်တွင်ရှိနေသည့် အရိုးဓားမှာ ဤနေရာအား ကာကွယ်ပေးနေခြင်းပင်။
“ရက်စက်တဲ့နယ်မြေ”
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နောက်ပြန်ဆုတ်လိုက်သည်။ ရှီဟောင်သည် မှော်စွမ်းအားကို ခုခံနိုင်သော်လည်း ကျင့်ကြံဆင့်အရမ်းကွာခြားလျှင် သူသေချာပေါက် အန္တရာယ်များရလိမ့်မည်။
“ရွှေရောင်ဗောတိသီးကို ယူနိုင်ရင် ငါ့ရဲ့ ဒီစွမ်းရည်ကို ပိုကောင်းအောင် လုပ်ပေးနိုင်လောက်တယ်” သူအတော်လေးပင် မျှော်လင့်မိနေခြင်းပင်။
သူတို့သည် လက်လွတ်စပယ်မလုပ်ပဲ အနောက်ပြန်ဆုတ်လိုက်ကာ သူတို့အတွက် အစားခံပေးမည့်သူများကို ရှာဖွေလိုက်သည်။ သူတို့နောက်လိုက်နေသည့်သူများကို ဤနေရာသို့ ခေါ်လာနိုင်ပါက အကောင်းဆုံးပင်။
သို့သော် သူတို့နောက်လိုက်လာသည့်သူများမှာ ဤနေရာသို့ ရောက်မလာခဲ့ကြပေ။ သူတို့သည် နေ့တစ်ဝက်ခန့်စောင့်ဆိုင်းပြီး အစီအရင်များစွာကို လုပ်ထားသော်လည်း မည်သည့်ရန်သူမှ ရောက်မလာကြပေ။
နှစ်ရက်ကြာပြီးသည့်နောက်မှသာ သူတို့ရန်သူ၏ သဲလွန်စကိုတွေ့လိုက်ရသည်။
ကောင်းကင်ထက်တွင် ငှက်များစွာပျံသန်းနေကြလေ၏။ ထိုငှက်ထဲမှ ငှက်များစွာမှာ နတ်မီးတောက်များ တောက်လောင်နေလေသည်။
“တိမ်မီးတောက်စာကလေးရဲ့ကျောပေါ်မှာ လူတစ်ယောက်ထိုင်နေတယ် .. သူက .. နတ်ဘုရားအစစ်ပဲ” ရှီဟောင် မျက်မှောင်ကြုတ်လိုက်ပြီး ကိစ္စများမှာ အနည်းငယ်ဆိုးရွားနေသည်ဟု သူခံစားလိုက်ရသည်။
“သူက နဂါးစာကလေးကနေ ဖြစ်လာတာ .. ငှက်တစ်ရာကြေးစားအုပ်စုရဲ့ အုပ်စုခေါင်းဆောင်ပဲ” ယွမ်ရှီး ပြောလိုက်၏။
ထိုသူအပြင် အခြားငှက်များအပေါ်တွင်လည်း အမျိုးသားနှင့် အမျိုးသမီးများ ရှိနေလေသည်။ သူတို့၏ အော်ရာများမှာ ကြောက်စရာကောင်းပြီး သူတို့အနားတွင် နတ်မီးတောက်များလည်း ရှိနေလေသည်။ သူတို့၏မျက်ခုံးကြားတွင် ခရမ်းရောင်သင်္ကေတတစ်ခုရှိနေလေသည်။ စစ်လူမျိုးစုမှ နတ်ဘုရားအစစ် ၂ ယောက်ပါလေ၏။
ရှီဟောင်အေးခဲသွားရ၏။ နတ်ဘုရားအစစ်သုံးယောက်ပင် ရောက်လာခြင်းပင်။ သူတို့ထိုသူများကို မည်ကဲ့သို့ ရပ်တန့်ရမည်နည်း .. သူတို့ကိုသာ တွေ့သွားပါက သူတို့သေချာပေါက် သေသွားလိမ့်မည်။
ကံကောင်းစွာဖြင့်ပင် သူတို့သည် အစီအရင်များစွာလုပ်ထားပြီး လက်ရှိတွင် ထိုအစီအရင်ထဲတွင် ပုန်းနေသောကြောင့် သူတို့ကို မတွေ့ကြပေ။
“သွားမယ်..”
သူတို့ ဤနေရာတွင် တစ်ချိန်လုံးပုန်းနေ၍မရပေ။ သူတို့ချက်ချင်း ပြန်မထွက်လျှင် မရှုမလှပင် သေဆုံးသွားရမည်။
ရှီဟောင်သည် ယွမ်ရှီးကို ဆွဲလိုက်ပြီး ကမ္ဘာမြေကြီးကိုလက်မများအဖြစ်ကျုံ့ခြင်းနတ်စွမ်းရည်ကို အသက်သွင်းလိုက်ကာ မြေကြီးအောက်ထဲသို့ ဝင်ပုန်းလိုက်သည်။
သူတို့အရာအားလုံး ပြင်ဆင်ပြီးသားဖြစ်သောကြောင့် ကျွမ်းကျင်သူများကို ထိုအရိုးတောင်ထံသို့ မျှားခေါ်လိုက်နိုင်သည်။
သူတို့ဤနေရာသို့ ရောက်လာသည်နှင့် သူတို့သည် ရှီဟောင်တို့နှစ်ယောက်အား မတွေ့လျှင်ပင် လှုပ်ရှားကြမည်သာ။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်ဗောတိသီးကို တွေ့သည်နှင့် မည်သည့်သက်ရှိမှ တည်ငြိမ်နိုင်မည်မဟုတ်ပေ။
ဤသည်မှာ အလွန်အန္တရာယ်များမှန်းသူတို့သိလျှင်ပင် ကြိုးစားကြဦးမည်သာ။ ဤသည်မှာ လူသားသဘာဝပင်။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်ဗောတိသီးမှာ အလွန်ပင် အဖိုးတန်လေသည်။
အခြားရှုထောင့်မှကြည့်လျှင် ဝိဉာဉ်မှာ အသွေးအသားများထက်ပင် ပို၍ ထူးဆန်းသေးသည်။ ထိုဝိဉာဉ်ကို ခွန်အားတိုးအောင် လုပ်နိုင်မည့်အခွင့်အရေးရှိလျှင် မည်သူက လက်လွတ်နိုင်မည်နည်း..
“ဒါက .. ငါတို့တကယ်ကို ဒဏ္ဍာရီလာ နတ်အသီးကို တွေ့ပြီ” မကြာခင်တွင် ငှက်တစ်ရာကြေးစားအုပ်စု ဤနေရာသို့ ရောက်ရှိလာလေသည်။ ရွှေရောင်သစ်သီးကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့ မတည်ငြိမ်နိုင်တော့ပေ။
နတ်ဘုရားအစစ်သုံးပါးလုံး လှုပ်ရှားလိုက်ကြသည်။ သူတို့၏ နတ်အာရုံများဖြင့် ဤနေရာတစ်ခုလုံးကို ရှင်းလင်းလိုက်သည်။ ဤနေရာမှာ ထူးဆန်းနေသည်ကို သူတို့သိသော်လည်း လက်ကြီးတစ်ဖက်ဖြင့် မြေကြီးထက်သို့ဦးတည်လိုက်လေသည်။