သုခကမ္ဘာက ရှီဟောင် - Chapter - 901 သွေးလွင်ပြင် အထိကရုဏ်း
လေထဲတွင် ကောင်းကင်နတ်ဘုရားများ ဟစ်ကြွေးနေကြပြီး သူတို့အနောက်တွင် သွေးရောင်တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်နေလေသည်။
ရန်သူဟောင်းများ တိုက်ခိုက်နေကြပြီး သွေးများလည်းနေရာအနှံ့လွင့်စင်နေလေ၏။ နောက်ပြန်လှည့်ရန်လမ်းမရှိပဲ အားလုံးမှာ အရှေ့သို့သာ တိုးတိုက်နေကြသည်။
“ဒါက .. ကောင်းကင်နတ်ဘုရားတွေကြားက တိုက်ပွဲပဲ …” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။။ သွေးလွင်ပြင်တစ်ခုလုံး တုန်ခါနေပြီး ယခင်ခေတ်က စစ်ပွဲကြီး ပြန်ပြီး အသက်ဝင်လာသကဲ့သို့ပင် ဤနက်မှောင်နေသောနေရာကို သွေးများဖြင့် ပြန်လည်ဖုံးလွှမ်းစေလေ၏။
ဤသည်မှာ ဂိုဏ်းကြီးနှစ်ခုကြားမှ ရန်ငြိုးဖြစ်သောကြောင့် ပို၍ပင်ရှုပ်ထွေးနေသည့်စွမ်းအားများပါဝင်နေလေသည်။
ကောင်းကင်နတ်ဘုရားများ တိုက်ခိုက်ကြသည်နှင့် အခြားအဆင့်မှ ကျွမ်းကျင်သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပါဝင်လာကြလေသည်။ သူတို့သည် မြေကြီးအတွင်းပိုင်းသို့ ပြေးဝင်သွားကြပြီး အာကာသလူမျိုးစုမှ ကောင်းကင်ထိန်းချုပ်ကျောက်တုံးများကို ပြန်ယူမသွားနိုင်အောင် လမ်းများကို ပိတ်ထားလိုက်ကြလေ၏။
“သတ်…”
လေထဲတွင် ကြောက်မက်ဖွယ်အသံကြီး ထွက်ပေါ်လာလေ၏။ စစ်ပွဲမှာ ထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေလေသည်။ အကျိုးကျေးဇူးများစွာ ရရှိခဲ့သောကြောင့် ကြေးစားအုပ်စုများစွာလည်းပါဝင်လာကြလေသည်။
ဤသည်မှာ သမိုင်းဝင်မည့်အဖြစ်အပျက်ပင်။ ဤစစ်ပွဲစတင်သည်နှင့် နတ်ဆိုးစီရင်စုမှ နတ်ဆိုးများ ထွက်လာပြီး ကောင်းကင်စီရင်စုမှ နတ်ဘုရားများ ထွက်ပေါ်လာလေသည်။ နတ်ဆိုးနှင့်နတ်ဘုရားများမှာ လှုပ်ရှားနေကြပြီး ကောင်းကင်ဘုံသို့ ရောက်သည်ထိပင် တိုက်ခိုက်နေကြလေသည်။
ဤစစ်ပွဲသည် သမိုင်းကြောင်းတွင် မှတ်တမ်းဝင်မည့်စစ်ပွဲဖြစ်သကဲ့သို့ ကြာရှည်သည့်အကျိုးသက်ရောက်မှုရှိမည့် စစ်ပွဲတစ်ပွဲလည်းဖြစ်သည်။ ဤသည်မှာ အဆင့်မြင့်နယ်မြေ၏ ငြိမ်းချမ်းမှုကို ဖျက်ဆီးမည့် စစ်ပွဲတစ်ပွဲပင်။
“တိုတိုင်းက ကောင်းကင်ကို ဝါးမြိုပစ်မယ်..”
ရိုင်းစိုင်းသော သားရဲကောင်တစ်ကောင် အော်ဟစ်လိုက်လေ၏။ သူ၏သွေးလွှမ်းနေသည့် ပါးစပ်ကိုဖွင့်ဟလိုက်ကာ နတ်ဘုရားပေါင်းများစွာကို ဝါးမြိုလိုက်လေသည်။
“ဟုန်အစစ်ရဲ့ လကိုပြိုကွဲစေတဲ့အော်ဟစ်သံ…”
တောင်တစ်လုံးထက်ပင် ပို၍ကြီးမားနေသည့် သားရဲကြီးတစ်ကောင်ထွက်ပေါ်လာလေ၏။ သူ၏ပါးစပ်ကိုဟကာဟစ်ကြွေးလိုက်သည်နှင့် ကျွမ်းကျင်သူများစွာမှာ လေဟာနယ်ထဲတွင် ပေါက်ကွဲသွားလေသည်။ သွေးများပေကျံနေသည့်အရိုးဖြူအပိုင်းအစများ မြေပြင်ပေါ်သို့ကျလာပြီး လေထဲတွင် သွေးမြူများဖြစ်ပေါ်လာလေသည်။ ဤသည်မှာ သည်းခံနိုင်ရန် ခက်ခဲလွန်းသည့် မြင်ကွင်းပင်။
ဤစစ်ပွဲတွင် လူမျိုးစုများစွာ ပါဝင်လေသည်။ ကြေးစားအုပ်စုများအပြင် ထိုလူမျိုးစုနှစ်ခုမှ ဖိတ်ခေါ်ထားသည့် အခြားကျွမ်းကျင်သူများလည်း ပါရှိလေသည်။
အာကာသအကြီးအကဲနှင့် စစ်ဧကရာဇ်တို့သည် လေဟာနယ်အပြင်ဘက်တွင် တိုက်ခိုက်နေကြသောကြောင့် ကလန်နှစ်ခုမှာ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ခက်ခဲနေကြလေသည်။ သူတို့အားလုံးမှာ အသက်စွန့်ကာ တိုက်ခိုက်နေကြလေသည်။ သူတို့အားလုံး၏ရဲဘော်ရဲဘက်များကိုပါ ခေါ်ပြီးတိုက်ခိုက်နေကြခြင်းပင်။
ဤစစ်ပွဲသည် ဤလူမျိုးစုများ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့်ပွဲပင်။
“အားဟူး..” နတ်ဘုရားများဟစ်ကြွေးကာ နတ်ဆိုးများ ကြွေးကြော်နေကြလေသည်။
ကောင်းကင်ထက်ရှိ နတ်အဆင့်သက်ရှိများအပြင် အမိန့်အာဏာတည်ထောင်ခြင်းနယ်ပယ်မှ လူငယ်လေးများပင်လျှင် မြေပြင်တွင် ရှာဖွေနေကြလေ၏။
ကလန်နှစ်ခုလုံးမှာ လူများစွာကို လွှတ်ထားလေသည်။
အဘယ်ကြောင့်ဆိုသော် သွေးလွင်ပြင်မှ ကန့်သတ်ထားသည့်အစီအရင်မှာ အာကာသအကြီးအကဲ၏ အတွေးတစ်ချက်ကြောင့်ပင် ပျက်စီးသွားသောကြောင့် ရွှေ့ပြောင်းခြင်းအစီအရင်ကို နောက်တစ်ကြိမ် ပြန်သုံးနိုင်လေပြီ။
ဤလွင်ပြင်များကို အုပ်စိုးသည့် နတ်ဆိုးဘုရင် ၁၂ ယောက်မှာမူ ကျရှုံးသွားလေပြီ။ သူတိုသည် စစ်လူမျိုးစုကို အကူအညီပေးခဲ့သောကြောင့် အာကာသအကြီးအကဲမှ ဒေါသထွက်ပြီး သွေးစွမ်းအင် ၁၂ ကြောင်းကို ပို့လွှတ်ကာသူတို့အား သတ်ခဲ့ခြင်းပင်။
ရွှေ့ပြောင်းအစီအရင်မှ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် တပ်သားများတစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာသည်ကို တွေ့မြင်နိုင်သည်။ သူတို့သည် အကန့်အသတ်မရှိသည့် စစ်မြေပြင်ထဲသို့ ဝင်ရောက်သွားကာ ဆင်နွှဲကြလေသည်။
စစ်ပွဲကြီးမှာ ရာဇဝတ်မြို့ ၁၂ မြို့ကို ဗဟိုပြုကာ နယ်မြေများစွာတွင် ဖြစ်ပေါ်နေလေသည်။
ရှီဟောင်နှင့် ယွမ်ရှီးမှာ သတိကြီးကြီးဖြင့် နေနေကြလေသည်။ ဤစစ်ပွဲမှာ သူတို့ထင်ထားသည်ထက်ပင် ကျော်လွန်နေလေ၏။ ဤသည်မှာ ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးတစ်ခုတည်းအတွက်မဟုတ်တော့ပဲ ဤသည်မှာ သူတို့ကလန်၏ ကံတရားကို အဆုံးအဖြတ်ပေးမည့်ပွဲပင်။ စစ်ပွဲရလဒ်မှာ နှစ်ပေါင်းထောင်ပေါင်းများစွာတိုင်အောင် သက်ရောက်နေလိမ့်မည်။
သူတို့သည်လည်း ထိုအထဲတွင် ပိတ်မိနေသည်သာ။
“ကလန်က လူတွေကိုသွားအသိပေးရအောင်” ယွမ်ရှီးပြောလိုက်သည်။
“အခြေအနေအတွေက သိပ်မကောင်းဘူး .. အာကာသလူမျိုးဘက်ကရှုံးနေတယ် .. စစ်ပွဲထဲကို ဝင်သွားတဲ့သူအားလုံးနီးပါး စစ်လူမျိုးစုဘက်ကကပဲ .. ငါတို့ဒီတိုင်းသာ ထွက်သွားရင် ငါတို့ကပစ်မှတ်တွေဖြစ်သွားမှာ” ရှီဟောင်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါက စစ်လူမျိုးစုက ပြင်ဆင်မှုတွေ အများကြီးလုပ်ထားလို့လေ .. သူတို့တွေက နာမည်ကြီးတဲ့ စွမ်းအားကြီးတဲ့လူမျိုးစုတွေအများကြီးကို ဖိတ်ထားပြီးတော့ ကျွန်မကလန်ကိုရှင်းပစ်ဖို့ လုပ်ထားတာ..” ယွမ်ရှီး စိုးရိမ်သွားရသည်။
ယခင်က ဤလောကကို လွှမ်းမိုးခဲ့သည့် အာကာသလူမျိုးစုမှ ကျွမ်းကျင်သူ ၆ ယောက်ရှိခဲ့သည်။
ယခု သူတို့သည် ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးလေးခုကို ရခဲ့သောကြောင့် ထိုကဲ့သို့သော လူ နောက်ထပ် ၄ ယောက်ထွက်ပေါ်လာဦးမည်ဟု ဆိုလိုခြင်းပင်။ အခြားလူမျိုးစုများကို ဤသည်ကို ဘယ်လိုလုပ် ခွင့်ပြုမည်နည်း .. ထို့ကြောင့်ပင် သူတို့သည် လျှို့ဝှက်စွာပူးပေါင်းလိုက်ခြင်းပင်။
ရှီဟောင်နှင့်ယွမ်ရှီးတို့ ရှိနေသည့် ရှေးဟောင်းစစ်မြေပြင်မှာ အကြီးဆုံးပင်ဖြစ်ပြီး လီပေါင်း ၂ သိန်းကျော် ကျယ်ဝန်းလေသည်။ ဤသည်မှာ အန္တရာယ်အများဆုံးတစ်ခုပင်။
ဤနေရာကိုဝင်လိုက်သည်နှင့် အချို့လျှို့ဝှက်ရတနာများမှာ အလုပ်မလုပ်နိုင်တော့ပေ။
ထို့ကြောင့်ပင် ရှီဟောင်တို့ ဤနေရာကို ရွေးချယ်ခဲ့ခြင်းပင်။
သွေးလွင်ပြင်တွင်ရှိနေသည့် အစီအရင်ပျက်စီးသွားသည်ကို သူတို့မသိသကဲ့သို့ နတ်ဆိုးဘုရင် ၁၂ ယောက်လုံးအသတ်ခံလိုက်ရသည်ကိုလည်း သူတို့မသိပေ။ သူတို့သိလျှင်ပင် သူတို့အခြားရွေးချယ်စရာများ ထွက်ပေါ်လာမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးတစ်ခုလုံးမှာ ဖရိုဖရဲဖြစ်နေပြီး သတ်ဖြတ်မှုများလည်း အဆုံးမသတ်နိုင်ပေ။
ဝုန်း…
ကမ္ဘာမြေကြီးတုန်ခါသွားကာ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် မြင်းတစ်အုပ်စုထွက်ပေါ်လာလေ၏။ ထို့နောက်တွင် သူတို့သည် ပြန့်ကျဲနေသည့် စစ်သားများကို မြှားဖြင့်ပစ်ခတ်လေတော့သည်။
ရွှီး..
မြှားများ လွင့်ပျံထွက်လာပြီး ကောင်းကင်ထက်တွင် တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာကာ နတ်သက်တန့်မျိုးစုံလည်း ထွက်ပေါ်လာလေ၏။ ဤသည်မှာ အလွန်ပင်လှပသည့် မြင်ကွင်းပင်။
ထွက်ပြေးရန်ကြိုးစားနေသည့် လူပေါင်းတစ်ဒါဇင်ကျော်မှာ နာကျင်စွာပင် အော်ဟစ်နေကြလေ၏။ အမွေးပါသည့်မြှားများ သူတို့၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီးနောက်သူတို့ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။ အငယ်ဆုံးမှာ အသက် ၁၀ နှစ်ပင်မကျော်သေးပေ။
“အဲဒါ ကျွန်မလူမျိုးစုက လူတွေ” ယွမ်ရှီး စိုးရိမ်ကာ ဒေါသထွက်သွားသော်လည်း သူတို့ကို ကယ်တင်ရန် နောက်ကျသွားလေပြီ။
“ကယ် .. ကျွန်တော့်ကိုကယ်ပါ..” ငယ်ရွယ်ကာ နူးညံ့သည့်မျက်နှာထားရှိသည့် လူငယ်လေးတစ်ယောက်သည် ယွမ်ရှီးနှင့် ရှီဟောင်ကို မြင်သွားကာ လက်ကမ်းကာ အကူအညီတောင်းနေလေ၏။ သူ၏ပါးစပ်မှလည်း သွေးများအဆက်မပြတ်အန်ထွက်နေလေသည်။
ကံမကောင်းစွာဖြင့်ပင် ဤသည်မှာ အရမ်းနောက်ကျသွားလေပြီ။ ထိုလူငယ်၏မျက်လုံးများ အရောင်မှိန်သွားပြီး အခြားသူများကဲ့သို့ပင် လဲကျသွားလေ၏။
“မဟုတ်ဘူး” ယွမ်ရှီး အော်ဟစ်လိုက်၏။
“နှစ်ယောက်ကျန်သေးတယ် .. မင်းတို့ကံမကောင်းဘူးပဲ” မြင်းပေါ်တွင်ရှိနေသည့် ခေါင်းဆောင်မှ ပြောလိုက်၏။ သူသည် ရှီဟောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယွမ်ရှီးကို စိုက်ကြည့်ကာ အလွန်ပင် အံ့အားသင့်နေလေသည်။
“ဒီလောက်လှတဲ့ မိန်းကလေးက ဒီလောကမှာ အရမ်းရှားတယ် .. ဒီလောက်လှတဲ့မိန်းကလေးရှိနေမှတော့ သူ့ကိုဖမ်းပြီး ငါ့အတွက် ကလန်ကို ခေါ်သွား..” သူ၏လက်ကိုဝေ့ရမ်းလိုက်သည်နှင့် မြင်းများစွာ တရှိန်ထိုးရောက်လာကာ ရှီဟောင်နှင့် ယွမ်ရှီးကို ဝန်းရံလိုက်လေသည်။
“ဒီအသုံးမဝင်တဲ့ကောင်းကို ဆွဲထုတ်ပြီးတော့ သတ်လိုက် .. သူ့ကိုဒီမှာ အဟန့်အတားတစ်ခု မဖြစ်စေချင်ဘူး” ခေါင်းဆောင်မှ ပြောလိုက်လေ၏။ သူသည် နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူပင်။ ထို့ကြောင့်သူသည် အဆင့်လွန်ကျွမ်းကျင်သူကို သိပ်အလေးမထားခြင်းပင်။
“ဟုတ်ကဲ့ ခေါင်းဆောင်”
မြင်းကိုယ်နှင့်လူခေါင်း သတ္တဝါ ၁၀ ယောက်ကျော်မှာချက်ချင်းပင် မြှားကိုဆွဲထုတ်ပြီး ရှီဟောင်အား ချိန်ထားလေသည်။ ထို့နောက်တွင် သူတို့တောက်ပလာကာ နတ်အလင်းတန်းများထွက်ပေါ်လာလေ၏။
ရှီဟောင် ဒေါသမထွက်မိပေ။ သူ၏ခန္ဓာကိုယ်မျက်နှာပြင်တွင် လျှပ်စီးများထွက်ပေါ်လာပြီး သူ့ကို ဝန်းရံနေလေသည်။ ထိုလျှပ်စီးများအားလုံးမှာ ငှက်မွေးမြှားပေါ်သို့ ကျရောက်သွားသည်နှင့် တောက်ပသည့်သင်္ကေတများ ချက်ချင်းပင် ထွက်ပေါ်လာလေသည်။
ထို့နောက်တွင် ဆူညံသံများဆက်တိုက်ပင် ထွက်ပေါ်လာပြီး ငှက်မွေးမြှားအားလုံးမှာ ပေါက်ကွဲသွားလေ၏။
“အရှင် ဒီလူတွေက လျှို့ဝှက်အမိန့်စာမှာပါတဲ့သူတွေနဲ့ ဆင်သလိုပဲ .. သူတို့တွေက ကျွန်တော်တို့ ရှာနေတဲ့သူတွေထင်တယ်” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
“အဲဒီလိုလား..” ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် မြင်းခေါင်းဆောင်၏ မျက်လုံးများပြူးကျယ်လာပြီး အလင်းရောင်များ တောက်ပလာလေ၏။ ထို့နောက်တွင်သူ့ကိုယ်သူ ကံကောင်းသည့်သူဟု တွေးမိသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
“ကောင်းတယ် .. သတိထား .. ဒီနှစ်ယောက်နဲ့ရင်ဆိုင်ဖို့က သိပ်မလွယ်ဘူးလို့ ငါကြားဖူးတယ် .. သူတို့ကြောင့်သေသွားတဲ့ နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူတွေရှိတယ် .. ငါတို့သတိထားဖို့လိုတယ်” တစ်စုံတစ်ယောက်မှ သတိပေးလိုက်လေ၏။
“ငါနားလည်ပြီ .. အစီအရင်ပြင်ဆင်ပြီးတော့ သူတို့ကို သတ်လိုက်” ချပ်ဝတ်တန်ဆာဝတ်ထားသည့်မြင်းမှ သူ၏လက်ဖြင့် အမိန့်ပေးလိုက်သည်နှင့် ချပ်ဝတ်တန်ဆာဝတ်မြင်းများအားလုံး နောက်ပြန်ဆုတ်သွားကြလေသည်။ ထို့နောက်တွင် ဤနေရာကို ချိတ်ပိတ်ရန်အတွက် အဆောင်များကို ထုတ်လိုက်လေ၏။
“သတ်..” ယွမ်ရှီးလှုပ်ရှားလိုက်သည်။ ယခုလေးတင် သူမကလန်မှလူသားသေဆုံးသွားသည်ဖြစ်သောကြောင့် သူမနှလုံးကွဲကြေနေရသည်ပင်။ သူမသည် နေရာအနှံ့သို့ တောက်ပစေသည့် အဖိုးတန်မှန်ကို ထုတ်လိုက်လေ၏။ အလင်းရောင်များမှာ ရန်သူကို စတင်တိုက်ခိုက်လေသည်။
ရှီဟောင်မှာ ပို၍ပင် မြန်ဆန်သေးသည်။ သူသည် လျင်မြန်စွာပင် ပြေးထွက်သွားပြီး ခေါင်းဆောင်ထံသို့ဦးတည်သွားလေ၏။
ဝုန်း…
နှစ်ဘက်လုံး၏ လက်ဝါးများ ထိသွားသည်နှင့် သင်္ကေတအလင်းတန်းများ ကောင်းကင်ထက်သို့ တက်သွားလေသည်။
“သွားသေလိုက်တော့” ရုတ်တရက်ပင် ဘေးဘက်မှ တစ်စုံတစ်ယောက်လှုပ်ရှားလိုက်လေ၏။ နတ်မီးတောက်များ အပြင်ဘက်သို့ လျှ့တက်လာပြီး ခေါင်းဆောင်ထက်ပင် ပို၍စွမ်းအားကြီးသည့်သူတစ်ယောက်သည် ရုတ်တရက်ပင် ရှီဟောင်အား တိုက်ခိုက်လာလေသည်။ ဖီးရှူးအဖိုးတန်ပညာ ထွက်ပေါ်လာလေ၏။
“ငါက ခေါင်းဆောင်အစစ်ပဲ” သူသည် ယုတ်မာသည့်အပြုံးတစ်ခုကိုပြုံးကာ ပြောလာလေ၏။ သူသည် အခြားစစ်သားများကြားတွင် ရောနှောနေပြီး အမိန့်လိုက်ပေးနေသည့် တစ်ယောက်မှာ သူ၏ကိုယ်ပွားပင်။
ဝုန်း..
သူအံ့အားသင့်သွားရသည်မှာ သင်္ကေတများမှာ အလုပ်မလုပ်တော့ခြင်းပင်။ ထိုသင်္ကေတများ ရှီဟောင်ထံသို့ ရောက်သွားသည့်အချိန်တွင် အားလုံး ပျက်ပြယ်သွားလေသည်။
ထိုအချိန်တွင် သူ၏ကိုယ်ပွားမှာ အော်ဟစ်နေလေ၏။ သူ၏အဖိုးတန်ပညာမှာအသုံးမဝင်တော့ပဲ ရှီဟောင်၏ ရိုက်ချက်များကို ဆက်တိုက်ပင် ခံနေရလေသည်။ ထို့နောက်တွင် သူသည် လေထဲတွင် ပေါက်ကွဲသွားလေ၏။ သူစီးလာသည့်မြင်းပင် အသတ်ခံလိုက်ရလေသည်။
“မင်းအသက်ကို ပေးလိုက်တော့” ရှီဟောင်လေထဲသို့ တက်လိုက်၏။ သူ့ထံတွင် အချိန်သိပ်မကျန်တော့ပေ။ ထို့ကြောင့် ဤတိုက်ပွဲကို သူမြန်မြန်အဆုံးသတ်ရမည်။
ခေါင်းဆောင်၏ မူလခန္ဓာကိုယ်၏အမူအရာ ပြောင်းလဲသွားလေ၏။ သူလျင်မြန်စွာ နောက်ဆုတ်လိုက်သော်လည်း အသုံးမဝင်တော့ပေ။ ရှီဟောင်၏ လက်ဝါးနှင့် လက်ချောင်းများ တောက်ပလာပြီး လျင်မြန်စွာပင်သူ့အနားသို့ ရောက်လာလေသည်။ ဤသည်မှာ သူ၏အကောင်းဆုံး နတ်ခွန်အားပင်။
ရှီဟောင်သည် သူ၏မှော်ခုခံနိုင်စွမ်း မကုန်ဆုံးမှီတွင် ဤလူကို ဆက်တိုက်ပင် တိုက်ခိုက်နေလေ၏။ သွေးများနှင့်အရိုးများ လေထဲတွင် ပျံ့လွင့်လာပြီးနောက် သွေးမြူများ ထွက်ပေါ်လာလေသည်။ သူသည် အလွန်ဆိုးရွားစွာ သေဆုံးသွားခြင်းပင်။
ရှီဟောင်သည် ဆက်တိုက်ပင် တိုက်ခိုက်နေလေ၏။ ထွက်ပြေးရန်ကြိုးစားသည့်သူများအားလုံးမှာ သွေးကန်ထဲတွင် လဲကျသွားပြီး အချို့မြင်းများပင်လျှင် ရှီဟောင်၏ လက်သီးချက်ကြောင့် ပေါက်ကွဲသွားလေ၏။ နေရာအနှံ့တွင် သွေးများ လွင့်စင်ထွက်လာလေသည်။
စစ်ပွဲမှာ ဤကဲ့သို့ပင်။ စစ်ပွဲများမှာ ဘယ်တော့မှ မငြိမ်းချမ်းပဲ သွေးများဖြင့် ဖုံးလွှမ်းနေမည်သာ။ ဤတပ်သားများအားလုံးကုန်သွားသော်လည်း ရှီဟောင်သည်ခံစား၍ မကောင်းသေးပေ။ သူတို့သည် နောက်ဆုံးတွင် ရန်သူကြီးနှင့် တွေ့ရမည့် မကောင်းသည့်ခံစားချက်ကို ရနေလေသည်။
“သွားမယ်”
သူသည် လျင်မြန်စွာပင် ယွမ်ရှီးအားခေါ်ကာ ရှေးဟောင်းစစ်မြေပြင်၏ အတွင်းပိုင်းသို့ ဝင်သွားလိုက်သည်။
ထိုအချိန်မှစ၍ ရှီဟောင်နှင့်ယွမ်ရှီးသည် ဆက်တိုက်ပင် တိုက်ခိုက်နေရလေသည်။ သူတို့သည် အုပ်စု ၁၀ ခုကျော်ကို ရှင်းလင်းခဲ့ရပြီး သွေးများစိုရွှဲနေလေပြီ။
“ရှင်မသွားနိုင်တော့ရင် ကျွန်မကို ထားခဲ့ပြီးတော့ ရှင်တစ်ယောက်တည်း သွားလိုက်တော့” ယွမ်ရှီး ပြောလိုက်သည်။
အန္တရာယ်အများဆုံးအချိန်မှာနတ်ဘုရားအစစ် ပေါ်လာသည့်အချိန်ပင်။ ရှီဟောင်သာ ဗာဂျာနတ်ဆိုး၏ အသိုက်ထဲသို့ ခေါ်မလာပါက သူတို့ အန္တရာယ်ကြီးနှင့် ကြုံတွေ့နေရလောက်ပြီ။
“ရတယ် .. သူတို့ငါတို့ကို မတွေ့သေးဘူး” ရှီဟောင်သူ့ကိုယ်သူပြောလိုက်၏။
“ဟမ် .. ဒီနှစ်ယောက်က ဖမ်းရမယ့်သူတွေမလား” မကြာခင်တွင် သူတို့နောက်တစ်ဖွဲ့ကို ထပ်တွေ့လိုက်ရသည်။ ထိုအုပ်စုအတွင်းမှ လူငယ်တစ်ယောက်သည် ယွမ်ရှီးကို တွေ့သည်နှင့် အဖိုးတန်ကြေးမုံကို ထုတ်လိုက်ကာ သူမ၏ ရုပ်ရည်အမှန်ကို ထုတ်ဖော်လိုက်လေ၏။
“သူတို့ပဲ .. သူတို့ကို ဝိုင်းထား” သူသည် အလွန်ပျော်ရွှင်သွားကာ ကျွမ်းကျင်သူပေါင်းများစွာကို လှုပ်ရှားခိုင်းလိုက်သည်။
“မင်းသားလေး ဂရုစိုက်ပါ” အစေခံအိုကြီးမှ ပြောလိုက်၏။
လူငယ်လေးမှာ ဘုရင်မျိုးဆက်ပင်။ သို့သော် သူသည် ဘွဲ့ထူးမရသေးပေ။ ဤသည်မှာသူ့ကို ဝမ်းနည်းစေလေ၏။ “ကျွန်တော်တို့မျိုးဆက် စစ်ဘုရင်သုံးယောက်ရှိတယ် .. တစ်ယောက်က ဒီနားမှာပဲ ရှိနေတာ .. သူမဖမ်းခင် ကျွန်တော်သူ့ကို အရင်ဖမ်းချင်တယ်”
ယွမ်ရှီး ထိတ်လန့်သွားရသည်။ စစ်ဘုရင်သုံးယောက်လာပြီလား .. ထိုလူများမှာ လူငယ်မျိုးဆက်၏ အဆင့်လွန်ကျွမ်းကျင်သူများပင်။ သူတို့ထဲမှ တစ်ယောက်မှာ ဤနားတွင် ရှိနေလေသည။ သူမသည် ရှီဟောင်ကို စိုးရိမ်တကြီး ကြည့်လိုက်လေ၏။
စစ်လူမျိုးစုအတွင်းတွင် စစ်ဘုရင်ဟူသည့် ဂုဏ်ပုဒ်ရရှိထားသည့်သူများမှာ ထူးခြားသည့်ပါရမီရှိသူများဖြစ်ပြီး အတိတ်မှ စစ်ဘုရင်များထက် ကျော်လွန်နိုင်သည့်သူများပင်။
ထိုလူများ၏ဘေးတွင် သူတို့ကို ကာကွယ်ပေးနေသည့် အထင်ကြီးစရာကောင်းသည့်သူအချို့ ရှိမည်မှာ ဧကန်ပင်။ ဤသည်မှာ သူတို့ကို အခြားသူများ ချောင်းမြောင်းလုပ်ကြံ၍ မရအောင်ပင်။
“အဲဒီစစ်ဘုရင်တွေ ဘယ်လောက်တော်လဲဆိုတာကို သိရဖို့စိတ်လှုပ်ရှားနေပြီ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်ပြီး သူ၏မျက်လုံးများလည်း တောက်ပနေလေသည်။