သုခကမ္ဘာက ရှီဟောင် - Chapter - 905 ရှေးအကျဆုံးသက်ရှိ
သွေးလွှမ်းနေသည့် စစ်မြေပြင်အလယ်ပိုင်း အရိုးဖြူများ စုပုံနေပြီး သစ်ပင်များနှင့် ပန်းပွင့်များ ဖြစ်ထွန်းနေသည့်နေရာတွင် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့်အဝတ်အစားဝတ်ဆင်ထားသည့်သူတစ်ဦး ရပ်နေလေ၏။ ဤသည်မှာ မည်သို့မျှ မလိုက်ဖက်သည့်မြင်ကွင်းပင်။
ကောင်းကင်နှင့်မြေကြီး ပြင်းထန်စွာတုန်ခါသွားသည့်အချိန်တွင် ရှီဟောင်သည်အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ကာ လျင်မြန်စွာပင် အနောက်ဆုတ်သွားကာ မိုးပေါ်သို့ ကြည့်လိုက်သည်။
ထိုစစ်ပွဲပြီးဆုံးသွားလေပြီ။ အကြီးအကဲနှစ်ဦး၏ အနိုင်အရှုံး အဖြေပေါ်သွားပြီလား..
မည်သူအနိုင်ရရှိသွားသနည်း .. ဤအဖြစ်အပျက်မှာ လီပေါင်း ထောင်ပေါင်းများစွာကို တိတ်ဆိတ်သွားစေကာ တိုက်ပွဲအားလုံးလည်း ရပ်တန့်သွားလေ၏။
သွေးလမှာ ကောင်းကင်ထက်တွင်ရှိနေဆဲဖြစ်ပြီး လေထဲတွင် ယင်မြူများ အုံ့ဆိုင်းနေလေသည်။ ကောင်းကင်နှင့်မြေကြီးနှစ်ခုလုံးမှာ နီရဲနေလေသည််။
အားလုံးမှာ အလွန်ပင်စိတ်လှုပ်ရှားနေကြလေ၏။ အဘယ်ကြောင့်ဆိုသော်ဤတိုက်ပွဲသည် သူတို့ကလန်၏ အနာဂတ်ကို အကျိုးသက်ရောက်မှုရှိသည့် တိုက်ပွဲတစ်ပွဲဖြစ်သောကြောင့်ပင်။
အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေလေ၏။ အားလုံးမှာ နောက်ဆုံးရလဒ်ကို သိချင်ပြီး စောင့်ဆိုင်းနေကြလေသည်။
ပြန်လည်မွေးဖွားခြင်းကြေးစားအုပ်စု၊ ကောင်းကင်နတ်ဘုရားကြေးစားအုပ်စုနှင့် အခြားနာမည်ကြီးသည့် စွမ်းအားရှင်များမှာလည်း ရပ်တန့်သွားကာ ရလဒ်ကို စောင့်ဆိုင်းနေကြလေသည်။
ဝူး..
ရုတ်တရက်ပင် ကျယ်လောင်သည့် ဦးဂျိုမှုတ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံမှာ အားအင်ပြည့်ဝနေပြီး လီပေါင်း ထောင်ပေါင်းများစွာသို့ ပျံ့နှံ့သွားလေသည်။ ဤသည်မှာ စစ်လူမျိုးစု၏ သူတို့လူများကို ပြန်ဆုတ်ရန် ခေါ်သည့်အသံပင်။
“ဘယ်လိုလုပ် ငါတို့ဖြစ်ရမှာလဲ .. စစ်ဧကရာဇ်က ရှုံးသွားတာလား”
ထိုဦးဂျိုမှုတ်သံပေါ်လာသည့်အချိန်မှာ စစ်လူမျိုးများအတွက်တော့ ကမ္ဘာကြီးပျက်စီးသွားသည့်အသံပင်။ အားလုံး၏မျက်နှာမှာ နှင်းကဲ့သို့ ဖြူဆုတ်သွားလေ၏။ သူတို့အားလုံး၏ စိတ်ကို ရိုက်ချိုးခံလိုက်ရလေပြီ။
ဤသည်မှာ အခြေအနေမကောင်းသောကြောင့် ချက်ချင်းပြန်ဆုတ်ရန် ခေါ်နေခြင်းပင်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ငါတို့က စစ်ဧကရာဇ်ကလန်ပဲ .. ငါတို့က တိုက်ပွဲတွေမှာနေတာ .. တိုက်ပွဲကို ရူးသွပ်ကြတယ် .. ငါတို့က စီရင်စု သုံးထောင်လုံးကို လှည့်ပတ်သွားနေကြတာ .. ရှေးဘိုးဘေးက ဘယ်လိုလုပ် တစ်ခြားသူကို ရှံးနိုင်မှာလဲ” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီး ရလဒ်ကို မကျေမနပ် ဖြစ်နေလေသည်။
ခပ်ဝေးဝေးတွင် စစ်ခရာသံမှာ မြေအောက်မှလာနေသကဲ့သို့ပင်ဖြစ်နေပြီး ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးကို တုန်ခါနေစေလေသည်။ စစ်ကလန်မှ လူများမှာ ချက်ချင်းဆုတ်ခွာရန် လိုအပ်နေလေပြီ။
စစ်လူမျိုးစု စစ်တပ်များမှာ ဒီရေလှိုင်းကဲ့သို့ပင် မကျေနပ်မှု၊ ထိတ်လန့်မှု၊ စိုးရိမ်မှုများကို သယ်ဆောင်ကာ ပြန်ဆုတ်သွားလေသည်။ စစ်တပ်မှာ သူတို့၏ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားလေပြီ။ သူတို့အနောက်တွင်မူ အလောင်းပင်လယ်ကြီးကျန်ခဲ့လေ၏။
ကြေးစားအုပ်စုငယ်လေးအချို့မှာ ကြောက်လန့်နေကြလေ၏။ သူတို့၏မျက်နှာများမှာ ဖြူဖျော့နေလေသည်။ အာကာသလူမျိုးစုမှ သူတို့အား စာရင်းရှင်းမည်ကို ကြောက်လန့်နေကြလေသည်။ ဤသည်မှာ သူတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်ခဲ့သင့်သော်လည်း ယခုတော့ ဤကဲ့သို့ အဆုံးသတ်သွားလေပြီ။
“ငါတို့နိုင်တာလား..” အာကာသလူမျိုးစုမှာ ဆွံ့အနေလေ၏။ ထို့နောက်တွင် ပျော်ရွှင်စွာပင် အော်ဟစ်ကြွေးကြော်နေကြလေသည်။
အစပိုင်းတွင် သူတို့စိုးရိမ်နေခဲ့ကြခြင်းပင်။ အာကာသအကြီးအကဲမှ ယခုမှ အသက်ပြန်ရှင်လာခြင်းဖြစ်ပြီး သူသည် စစ်ဧကရာဇ်၏ ပြိုင်ဘက်မဖြစ်မည်ကို စိုးရိမ်နေကြခြင်းပင်။ ဤကဲ့သို့သော ရလဒ်ကြီး ထွက်လာလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
“သတ် .. ငါတို့အခု ပြန်ချရမယ် .. ဒီနေ့ ငါတို့စစ်လူမျိုးစုကို ရှင်းပစ်မယ် .. သူတို့ကို အတိတ်မှာချန်ခဲ့ရမယ် .. နောက်ကျရင် ငါတို့ကို ဘယ်တော့မှ ဒုက္ခမပေးနိုင်အောင် ရှင်းပစ်ရမယ်” တစ်စုံတစ်ယောက်မှ အော်ပြောလိုက်၏။
စစ်ကြွေးကြော်သံများမှာ ကောင်းကင်ထက်သို့ပင် လွင့်ပျံသွားလေ၏။ အာကာသလူမျိုးစုများသည် သူတို့၏ အဖိုးတန်ပညာများကို အသက်သွင်းကာ သူတို့၏ရန်သူကို တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
သို့သော် ထိတ်လန့်စရာကောင်းသည့် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့လေသည်။
ဝူး ဝူး..
ကြံ့ဦးချိုမှုတ်သံ ထွက်ပေါ်လာလေ၏။ အသံမှ ရှေးခေတ်မှလာသကဲ့သို့ပင် ဝမ်းနည်းသည့်အသံကို ဆောင်နေလေသည်။
ဤသည်မှာ အာကာသလူမျိုးစု၏ အဖိုးတန်ပစ္စည်းပင်။ ဤသည်မှာ တိုက်ခိုက်ခိုင်းသည့် စစ်ခရာသံမဟုတ်ပဲ သူတို့၏ကလန်သားအားလုံးကို သွေးလွင်ပြင်မှ ထွက်ခွာပြီး ကောင်းကင်စီရင်စုထံသို့ ပြန်လာရန်ခေါ်နေသည့်အသံပင်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. လူများစွာမှာ ဆွံ့အသွားလေ၏။
အာကာသလူမျိုးစုလည်း ရန်သူနောက်သို့ မလိုက်ခိုင်းပဲ နောက်ပြန်ဆုတ်ခိုင်းနေသည်။ အာကာသလူမျိုးစုအကြီးအကဲနှင့် စစ်ဧကရာဇ်တို့ကြားတွင် ဘာဖြစ်ခဲ့သနည်း ..
လူများစွာမှာ ရှုပ်ထွေးစွာဖြင့်ပင် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။
“ဒီလိုရလဒ်မျိုးဖြစ်လာမယ်ဆိုတာ ငါသိတယ်” ပြန်လည်မွေးဖွားခြင်းကြေးစားအုပ်စုအရှင်မှ နူးညံ့စွာ ပြောလိုက်သည်။ ထို့နောက်တွင် သူ၏လက်ကို ဝေ့ရမ်းလိုက်သည်နှင့် သူ၏စွမ်းအားကြီးသည့်လက်အောက်ငယ်သားများအားလုံး တိတ်ဆိတ်စွာပင် ဆုတ်ခွာသွားကြလေသည်။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားကြေးစားအုပ်စုလည်း ဘာမှမပြောပဲ တိတ်ဆိတ်စွာပင် ဆုတ်ခွာသွားလေသည်္။
စစ်လူမျိုးစုနှင့် အာကာသလူမျိုးစုမှ ရာထူးကြီးသည့် ထိုကောင်းကင်နတ်ဘုရားများလည်း ဘာမှမပြောကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အစောကြီးကတည်းက ရလဒ်ကို သိပြီးသားပင်။
စွမ်းအားကြီးသည့် ကျွမ်းကျင်သူနှစ်ယောက်မှာ တကယ်တိုက်ခိုက်ကြသော်လည်း သေသည်အထိ တိုက်ခိုက်ကြခြင်းမဟုတ်ပေ။ သူတို့၏ ကျင့်ကြံဆင့်နယ်ပယ်တွင် သူတို့သည် တစ်ယောက်အကြောင်းတစ်ယောက် နောကျေနေပြီးသားပင်။ သူတို့၏မိသားစုဝင်ထက် တစ်ဖက်လူကို ပို၍နားလည်သည်အထိပင်။
သူတို့နှစ်ဘက်လုံးသာ သေသည်အထိ တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့နှစ်ဦးထဲမှ တစ်ဦးသေနိုင်သည်။ သို့သော် တစ်ဖက်လူ၏ သွေးစွမ်းအင်များလည်း ခန်းခြောက်သွားကာ ဆိုးရွားသည့်အခြေအနေသို့ ရောက်သွားလိမ့်မည်။ သိပ်မကြာခင်တွင် ထိုလူသည်လည်း လောကကြီးမှ ထွက်ခွာသွားရမည်ပင်။
ထို့ကြောင့်ပင် အပြင်ဘက်လေဟာနယ်တွင်ရှိနေသည့် တိုက်ပွဲမှာ ပြင်းထန်သော်လည်း တစ်ကမ္ဘာတည်းတွင် နှစ်ယောက်ယှဉ်တွဲမနေနိုင်လောက်အောင် ပြင်းထန်သည့် တိုက်ပွဲမဟုတ်ခဲ့ပေ။
ထို့ကြောင့်ပင် ကလန်နှစ်ခုမှ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ ကောင်းကင်နတ်ဘုရားများမှာ ရလဒ်တစ်ခု သူတို့၏ အကောင်းဆုံးတပ်သားများကို ချက်ချင်း တိုက်ခိုက်စေကြခြင်းပင်။
ဤသည်မှာ အပြန်အလှန်နားလည်ခြင်းပင်။ ဤသည်မှာ ရှေးဟောင်းအကြီးအကဲနှစ်ဦးလုံး လက်ခံထားသည့်အရာလည်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တိုက်ပွဲကို ထိန်းချုပ်နိုင်သေးသောကြောင့်ပင်။ စစ်ဧကရာဇ်နှင့် အာကာသအကြီးအကဲတို့သာ သေသည်အထိ တိုက်ခိုက်လိုက်ကြပါက ဤသည်မှာ ကပ်ဆိုးကြီးတစ်ခုပင်ဖြစ်ပြီး ကလန်၏ အနာဂတ်ကိုလည်း ထိန်းချုပ်ရန် ခက်ခဲသွားလိမ့်မည်။
သူတို့နှစ်ဦးမှာ ထိုမျှလောက် မလုပ်ချင်ကြပေ။ ဤနေရာတွင် အားလုံးကို မစတေးချင်။
“ပြီးသွားပြီ…” ယွမ်ရှီးမှ ပျော်ရွှင်စွာ ပြောလိုက်သည်။ ရက်ပေါင်းများစွာ ပျံသန်းပြီး လီပေါင်း ထောင်ပေါင်းများစွာ ခရီးသွားပြီးသည့်နောက်တွင် အားလုံးအဆုံးသတ်သွားလေပြီ။
ဤသည်မှာ သူမသည် ထွက်ပြေးစရာမလိုတော့ပဲ ကလန်သို့ ပြန်၍ရပြီဟု ဆိုလိုခြင်းပင်။
သူမသည် အဝတ်ဖြူနှင့် အမျိုးသမီးကို သတိမထားမိပေ။ “ရှင်ဘာကြည့်နေတာလဲ” ရှီဟောင် စိတ်လွတ်နေသည်ဟု သူမခံစားနေရလေသည်။ သူသည် တာဘိုနယ်မြေအတွင်းပိုင်းသို့ စိုက်ကြည့်နေပြီး သူ၏မျက်လုံးများလည်း တောက်ပနေလေသည်။
“ဘာမှမဟုတ်ပါဘူး .. မင်းအရင်ပြန်လိုက်လေ” ရှီဟောင် သူမအား နူးညံ့စွာ ပြောလိုက်သည်။
ယွမ်ရှီးသည် လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်လေ၏။ အခြေအနေမှာ သိပ်မဟုတ်သေးကြောင်း သူမသိသည်။ သူမနေခဲ့လျှင် သူ့အတွက် အနှောက်အယှက်သာ ဖြစ်မည်ကို သူမသိနေသောကြောင့် သူနှင့် မငြင်းတော့ပေ။ မည်သို့ပင်ဖြစ်စေ သူမသည် ‘ကောင်းကင်သို့တက်လှမ်းခြင်း’ ကို မစရသေးပေ။
ရှီဟောင်၏ အာရုံမှာ အရှေ့ဘက်တွင်သာရှိနေလေသည်။ အရိုးဖြူများစုပုံနေသည့်နေရာတွင် အမျိုးသမီးတစ်ယောက်ရပ်နေသောကြောင့် သူက ဘယ်လိုလုပ် သတိမထားဘဲနေမည်နည်း..
“အခုလေးတင် လျှပ်စီးကို ထုတ်လွှတ်လိုက်တာ ရှင်လား” အဝတ်ဖြူဝတ်ထားသည့်အမျိုးသမီးမှ သူ့အား စိတ်ဝင်တစား မေးလိုက်သည်။ သူမသည် နတ်အသံပို့လွှတ်လိုက်ခြင်းပင်။
ရှီဟောင် တုန်လှုပ်သွားရသည်။ သူနတ်ဘုရားအစစ်နှင့် တိုက်ခိုက်နေတုန်းတွင် ဤအမျိုးသမီးသည် သူမည်သူဖြစ်မှန်း သိသွားခြင်းလား ..
အလင်းများစီးဆင်းလာပြီးနောက် တာအိုနယ်မြေအတွင်းပိုင်းမှ သူ၏ခြေထောက်နားသို့ ကျောက်ဖြူတံတားလေးတစ်စင်း ထွက်ပေါ်လာလေသည်။
ရှီဟောင်သည် အနည်းငယ်တွေဝေနေသော်လည်း ထိုတာဘိုနယ်မြေထဲသို့ လျှောက်သွားနေဆဲပင်။ သွေးရောင်လွှမ်းနေသည့်မြေပြင်ထက်တွင် အရိုးဖြူများ နေရာတိုင်းတွင် ရှိနေ၏။ ဤနေရာမှာ မြေအောက်ကမ္ဘာကဲ့သို့ ဖြစ်နေသော်လည်း ပန်းပွင့်များနှင့် အပင်များရှိနေဆဲပင်။ တစ်ခြားတစ်ဖက်တွင် အလွန်လှပသည့်သူတစ်ဦး ရှိနေ၏။
ရှီဟောင် မြေပြင်ထက်သို့ ကြည့်လိုက်သည့်အချိန်တွင် သူတုန်လှုပ်သွားရသည်။ ထိုနေရာတွင် တောက်ပသည့်ပိုးကောင်အိမ်အပျက်အစီး ရှိနေပြီး ဘေးပတ်ဝန်းကျင်တွင်လည်း ပျက်စီးနေသည့်အပိုင်းအစများ ရှိနေလေသည်။ သူ၏ကျောရိုးတစ်လျှောက် ကြက်သီးများပင် ထလာရသည်။
ဒီအမျိုးသမီးက .. ပိုးကောင်းအိမ်ထဲကနေ ထွက်လာတာများလား ..
ဤအတွေးမှာသူ့ကို ထိတ်လန့်သွားစေသည်။ ရှေးခေတ်တွင် ထူးခြားပါရမီရှိသူတစ်ယောက် ဤနေရာသို့ ကျခဲ့သည်။ သူမသည် ထိုလူများလား..
ရှီဟောင်သည် ပိုးကောင်အိမ်ကို ကြည့်ကာ ကောက်ချက်ချလိုက်၏။ ထိုပိုးကောင်အိမ်ပျက်စီးသွားသည်မှာ မကြာသေးပေ။ သူသည်ယခုအချိန်တွင် စစ်ဧကရာဇ်နှင့် အာကာသအကြီးအကဲတို့ ထိပ်တိုက်တွေ့ဆုံကြသည့်အချိန်ထက်ကို ပို၍စိတ်လှုပ်ရှားနေလေသည်။
သို့သော်လည်းသူ၏မျက်နှာအမူအရာမပြောင်းလဲပဲ တည်ငြိမ်နေဆဲပင်။ သူသည် သေချာစဉ်းစားလိုက်ကာ “အရမ်းကိုကြာသွားခဲ့ပြီ .. ဒီနှစ်ပေါင်း ထောင်ပေါင်းများစွာမှာ အပြာရောင်ပင်လယ်က ပိုးစာပင်အဖြစ်ကို ပြောင်းသွားပြီ … အောင်အောင်မြင်မြင်နဲ့ပြန်လည်မွေးဖွားနိုင်တဲ့အတွက် တာအိုသူငယ်ချင်းကို ဂုဏ်ပြုပါတယ်”
“လျှပ်စီးဧကရာဇ် ရှင်လည်း ပြန်မွေးလာတာလား” အမျိုးသမီး ပြုံး၍ပြောလိုက်သည်။ ထိုအပြုံးမှာ နှလုံးခုန်နှုန်းပင် မှားယွင်းစေလေသည်။
ရှီဟောင်မှာ ချက်ချင်းပင် တုန်လှုပ်ကာ ဆွံ့အသွားရသည်။ သူသည် အစပိုင်းတွင် တစ်ဖက်လူကို အရူးလုပ်ချင်ခြင်းဖြစ်သော်လည်း ယခုအချိန်တွင် သူအလွန်ထိတ်လန့်နေလေပြီ။ သူမသည် မည်ကဲ့သို့သော နောက်ခံမျိုးရှိနေသနည်း …
“မင်းငါ့ဆီမှာ သစ္စာခံဖို့ တောင်းနေတဲ့အချိန်တုန်းက မင်းက ငယ်ငယ်လေးပဲရှိသေးတယ် .. မင်းရဲ့ရည်မှန်းချက်တွေကလည်း အမြင့်ကြီးပဲ .. ဒါပေမဲ့ အခုတော့ မင်းက ဘယ်လိုလုပ် အဲဒီလောက်ထိတောင် တုံးအနေတာလဲ .. မင်းရဲ့မျက်လုံးကလည်း အရောင်ကိုမတောက်ဘူး .. နှမြောစရာကောင်းလိုက်တာ” အမျိုးသမီး၏အသံမှာ သဘာဝအသံတစ်ခုကဲ့သို့ပင် ထွက်ပေါ်လာလေ၏။
ရှီဟောင် ဆွံ့အသွားရသည်။ ဤသည်မှာ မကောင်းဆိုးဝါးအိုကြီးလား .. သူမကဘာလို့ လျှပ်စီးဧကရာဇ်ရဲ့ ဆရာဖြစ်တဲ့ပုံစံမျိုး ပြောနေတာလဲ .. သူကဘယ်လိုရှေးဟောင်းပုဂ္ဂိုလ်မျိုးလဲ .. သူက သမိုင်းဝင်ခေတ်ထက်တောင် ပိုဝေးနေသလိုပဲ ..
ဒါက .. ရှေးအကျဆုံးသက်ရှိ အသက်ရှင်နေတာလား ..
“ခေတ်တွေပြောင်းသွားတော့ မင်းရဲ့ဆရာကို အခုထိ အရိုအသေလာမပေးသေးဘူးလား” အမျိုးသမီးသည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်လေသည် “မင်းရဲ့အရင်က အသိဉာဏ်ကိုပြန်ရအောင်လုပ်ပေးပြီးတော့ မင်းမှတ်ဉာဏ်ကို ပြန်ယူပေးမယ်”
ရှီဟောင် ဆွံ့အနေလေ၏။ ဘာဖြစ်နေတာလဲ .. သူက လျှပ်စီးဧကရာဇ် ပြန်လည်မွေးဖွားလာတာလား .. သူ၏အနားရှိ ကမ္ဘာကြီး ချာချာလည်နေသလို သူခံစားလိုက်ရသည်။
“ခင်ဗျားက .. ကျွန်တော့်ကို မှတ်မိတာလား” သူသည် သတ္တိမွေးပြီး မေးလိုက်၏။
“သက်ရှိအားလုံးက မင်းဘယ်လောက်တောင်အာရုံစူးစိုက်မှု ကောင်းသလဲဆိုတာကို ပြောကြတယ် .. မင်းက ကိစ္စအားလုံးရဲ့အရင်းအမြစ်ကို နားလည်တယ်” ဝတ်စုံဖြူနှင့် အမျိုးသမီး၏ လှပသည့်မျက်လုံးများမှာ လေးနက်နေလေ၏။ သူမသည် ရှီဟောင်ကို ကြည့်ကာ ဤလောကကြီး၏ အခြေအနေကို စိတ်ပျက်နေပြီး လူသားမျိုးနွယ်စု၏ ကံတရားကို သနားနေသည့်ပုံစံဖြင့် ပြောနေလေ၏။
“ခင်ဗျားက .. အတိတ်ကို သိနိုင်ပြီတော့ အရင်က မွေးဖွားခြင်းကိုလည်း နားလည်နိုင်တာလား” ရှီဟောင်၏စိတ်မှာ ရှုပ်ထွေးနေလေပြီ။ သူက အတိတ်ဘဝကို သိနိုင်တဲ့ တာအိုသက်ရှိကို တွေ့နေရတာလား..
“ခန္ဓာကိုယ်ကို လှည့်လိုက်ရုံနဲ့ အရင်က မျိုးဆက် ပေါ်လာလိမ့်မယ် .. အရှေ့ကိုကြည့်လိုက်ရင် နောက်ဘဝကို တွေ့လိမ့်မယ် .. ရှိနေတဲ့စိတ်က အခုလက်ရှိပဲ” အမျိုးသမီး၏ ပုံပန်းသွင်ပြင်မှာ ဂုဏ်သရေကြီးမြင့်လှသည်။ ထို့နောက်တွင် သူမသည် ရှီဟောင်အား ဂျူနီယာတစ်ယောက်ကို ကြည့်လိုက်သကဲ့သို့ ကြည့်လိုက်သည်။
ရှီဟောင်၏အရေပြားများပင် ထုံကျဉ်နေလေပြီ။ သူသည် လုံးဝပင်ထိတ်လန့်နေသောကြောင့် ကောင်းကောင်းပင် မတွေးနိုင်တော့ပေ။
“တပည့်လေး အခုထိအရိုအသေမပေးသေးဘူးလား” အမျိုးသမီးမှ ပြောလိုက်သည်။
ရှီဟောင် တွေဝေနေ၏။ စီနီယာတစ်ယောက်ကို အရိုအသေပေးရသည်မှာ သူ့အတွက် အရှုံးမရှိသော်လည်း ယခုသူ၏ခေါင်းထဲတွင် ရှုပ်ထွေးနေလေသည်။ သူကဘယ်လိုလုပ် ပြိုင်ဘက်ကင်းသက်ရှိကို လာတွေ့နေတာလဲ..
ရုတ်တရက်ပင် သူမ၏နှုတ်ခမ်းထောင့်မှာအနည်းငယ် ကွေးတက်သွားသည်ကို သူတွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် ထိတ်လန့်သွားရသည်။ အခြေအနေများမှာသိပ်မဟန်သလိုပင်။
ဤသည်မှာသေချာပေါက်ပင် ဟာသဉာဏ်ရွှင်သည့်သူဖြစ်ရမည်။ သူသိလိုက်ရသည်မှာ … သူလှည့်စားခံလိုက်ရပြီ။
သူသည်ချက်ချင်းပင် အထင်အမြင်သေးသည့်ပုံစံပြုလုပ်ကာ မကျေနပ်ကြောင်းကို ပြသလိုက်သည်။ ဤအမျိုးသမီးမှာ ကြင်နာကာ ရိုးသားသည့်သူမဟုတ်ပေ။
ဤအမျိုးသမီးမှာ သူအသိဝင်သွားမှန်းသိသွားသောကြောင့် ချက်ချင်းပင် ပြုံးလိုက်ကာ “ကောင်စုတ်လေး .. မင်းကငါ့ကို လှည့်စားချင်နေသေးတာလား .. မင်းက ဘာမှအသုံးမဝင်တဲ့ နတ်ဆိုးသွေးတစ္ဆေသစ်ပင်ပြောတဲ့တစ်ယောက်လား”
ရှီဟောင်မှာ မူးလဲတော့မည်။ ဤအမျိုးသမီးမှာ အပြောင်းအလဲမြန်လွန်းလှသည်။ သူမသည် ခုနလေးကတင်လေးနက်မှုအပြည့်ဖြင့် ပြောနေပြီး ယခုအချိန်တွင် သူမသည် ရယ်ရယ်မောမော ပြောနေလေသည်။ ထို့အပြင် သူမသည် မူလကောင်းကင်လျှို့ဝှက်နယ်မြေမှ ရှေးဟောင်းသစ်ပင်ကြီးအကြောင်းလည်း ပြောနေသေးသည်။
“နတ်ဆိုးသွေးတစ္ဆေသစ်ပင်က ဘယ်သွားတာလဲ” ရှီဟောင် မေးလိုက်သည်။
“အိမ်ပြန်သွားတာ” မိန်းမပျိုလေးသည် ငှက်မွေးကဲ့သို့ပင် ပေါ့ပါးသည့်အသံဖြင့် ပြောလိုက်သည်။
“မင်းက .. လူမနေတဲ့နယ်မြေရဲ့အတွင်းပိုင်းက လာတာလား” ရှီဟောင်မှာ စိတ်လှုပ်ရှားနေလေ၏။
“မင်းကို ငတုံးလို့ ခေါ်လို့မရဘူးပဲ .. ဒီထာဝရလူသားက အခုမှ အိမ်ကထွက်လာတာ .. သစ်ပင်အိုကြီးကြောင့် မင်းကိုမရိုက်တော့ဘူး .. တစ်ခြားတစ်ယောက်သာဆိုလို့ကတော့ ငါသေချာပေါက် သူတို့ကို တွဲလောင်းလုပ်ပြီးတော့ကို ရိုက်ပစ်မှာ” မိန်းမပျိုလေးမှ ပြောလိုက်သည်။
သူမထံတွင် အသွင်အပြင်မျိုးစုံရှိနေလေသည်။ သူမတိတ်ဆိတ်နေသည့်အချိန်တွင် သူမသည် ထူးခြားကာ အထီးကျန်နေသကဲ့သို့ပင်။ သို့သော် သူမလှုပ်ရှားလိုက်သည့်အချိန်တွင် သူမသည် ကောက်ကျစ်ကာ ဉာဏ်များသည့်သူဖြစ်သွားသည်။ သူမအဓိပ္ပာယ်မရှိသည့်အရာများကို ပြောနေသည့်အချိန်တွင် ဤကဲ့သို့သော လွှမ်းမိုးနိုင်သည့်ပုံစံရှိလေသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်၏ မျက်နှာထား ပြောင်းလဲသွား၏။ သူမသည် စွန့်ပစ်နယ်မြေမှလာသည်ကို သူ မယုံကြည်နိုင်ပေ။