သုခကမ္ဘာက ရှီဟောင် - Chapter - 906 ယီချင်းရှန်
“ခင်ဗျား .. ခင်ဗျားမှာ တကယ်ပဲ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ” ရှီဟောင်မေးလိုက်၏။
“ငါက အမိမြေကလာတာလို့ ငါမပြောခဲ့ဘူးလား .. မင်းက ငါဘယ်သူလို့ ထင်နေတာလဲ .. ကောင်းကင်နှင့်ကမ္ဘာမြေကြီးရဲ့အသက်နဲ့အတူတူပဲ .. နေနဲ့လိုမျိုး အတူတူတောက်ပနေတာ” ဝတ်စုံဖြူနှင့် အမျိုးသမီးမှ ပြောလိုက်လေသည်။
ရှီဟောင်သည် သူမအား မကျေမနပ်ကြည့်လိုက်လေသည်။ သူသည် တစ်ဖက်လူ၏ခွန်အားကို သိသော်လည်း သူမ၏ကျင့်ကြံဆင့်ဘယ်လောက်ရှိသည်ကို သူ မသိရပေ။ မဟုတ်ပါက သူတိုက်ပြီးနေလောက်ပြီ။
“ငါ့ကိုအဲဒီလိုမျိုးလာကြည့်နေတာ … ငါ့ကိုစိန်ခေါ်ချင်နေတာလား .. မင်းအစားခံချင်နေတာလား” ဝတ်စုံဖြူနှင့်အမျိုးသမီးသည် သွက်လက်စွာပင်လျှောက်လာနေ၏။ သူမ၏ခန္ဓာကိုယ် တောက်ပလာပြီး ရှီဟောင်အား မိစ္ဆာဆန်ဆန်ကြည့်လိုက်လေသည်။
ရှီဟောင်ဆွံ့အသွား၏။ သူခြိမ်းခြောက်ခံနေရခြင်းပင်။
“ကျွန်တော်က ဒီအခြေအနေကို နားလည်ချင်တာပါ .. မကောင်းတဲ့စိတ်မရှိပါဘူး .. ခင်ဗျားက တကယ်ပဲ ဘယ်သူလဲ” ရှီဟောင်သည် မြေပြင်ထက်တွင်ရှိနေသည့် ပိုးအိမ်အား ကြည့်ပြီး ပြောလိုက်သည်။
ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ချက်ချင်းပင် ရယ်မောလိုက်ကာ “ငါက ပိုးကောင်အိမ်ကနေလာတာလို့ မင်းထင်နေတာလား .. ဒါက ငါ့ရဲ့မသေမျိုးဂုဏ်သိက္ခာကိုထိပါးတာပဲ”
သူမသည် ထိုသို့ပြောပြီးသည့်နောက်တွင် ကျောက်စိမ်းဗူးလေးတစ်ခုကို ထုတ်လိုက်သည်။ နှစ်လက်မခန့်သာရှိသည့် ထူးဆန်းသောပိုးကောင်တစ်ကောင်ကို မြင်တွေ့လိုက်ရလေသည်။ ဤသည်မှာ ချီလင်းနှင့်ဆင်သည်။
“ငါ့ရဲ့ကံကသိပ်မဆိုးဘူး .. ကမ္ဘာတစ်ခုလုံးကို ပတ်ရှာပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ပိုးကောင်ဘုရင်ကို ဖမ်းလိုက်နိုင်တယ် .. သူက ပိုးကောင်ဧကရာဇ်အဖြစ် ပြောင်းတော့မှာ” သူမသည် အလွန်ပျော်ရွှင်စွာပင် ပြောလိုက်လေ၏။
ရှီဟောင် ထိတ်လန့်သွားရသည်။ မူလကောင်းကင်လျှို့ဝှက်နယ်မြေမှတစ်ဆင့် ပိုးကောင်ဧကရာဇ်များအကြောင်းကို သူအနည်းငယ်သာ သိထားခဲ့သည်။ ထိုကမ္ဘာတစ်ထောင်တွင် ပိုးကောင်ဘုရင်များ ရှိနေသည်လား … သူကတော့ တစ်ကောင်မှ မတွေ့ခဲ့ပေ။
ဝတ်စုံဖြူနှင့်အမျိုးသမီးမှာမူ တစ်ကောင်ဖမ်းနိုင်ခဲ့ပြီး ထိုအကောင်မှာ ပိုးကောင်ဧကရာဇ်ပင် ဖြစ်တော့မည်။
“ခင်ဗျားသေချာလို့လား” ရှီဟောင်အနည်းငယ် သံသယဝင်နေမိ၏။ အဘယ်ကြောင့်ဆိုသော် ပိုးကောင်ဧကရာဇ်ဖြစ်လာသည်နှင့် မယုံကြည်နိုင်လောက်သည့် စွမ်းရည်မျိုးစုံကို ပြသလိမ့်မည်ဟု သူကြားထားသောကြောင့်ပင်။
“ဒါပေါ့ ဟီး ဟီး .. ဒီတစ်ကောင်က သိပ်ပြီးတော့ သာမန်မဟုတ်ဘူး မင်းသိလား .. ဒါက ဒဏ္ဍာရီလာ ချီလင်းပိုးကောင်ပဲ .. ခေတ်ပေါင်း ထောင်ပေါင်းများစွာမှာမှ တစ်ခါပဲပေါ်တဲ့ အကောင် .. သူ ပိုးကောင်ဧကရာဇ်ဖြစ်တာနဲ့ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းတိုးလာရုံသာမကဘူး ထာဝရပစ္စည်းတွေကို ရှာနိုင်တဲ့ သူ့ရဲ့နတ်အာရုံလည်း ထက်မြက်လာလိမ့်မယ် .. ဒါက အဖိုးအတန်ဆုံးသက်ရှိပဲ”
ဝတ်စုံဖြူနှင့်အမျိုးသမီးမှာ အလွန်ပင်ပျော်ရွှင်နေကြောင်း သိသာလှသည်။ သူမသည် ကျောက်စိမ်းဗူးလေးထဲတွင်ရှိနေသည့် နတ်ပိုးကောင်နှင့် ဆော့ကစားနေလေသည်။
“ဒါက အခု ဘယ်လောက်စွမ်းအားရှိလဲ” ရှီဟောင်လည်း အနည်းငယ် သိချင်နေမိသည်။ သာမန်မဟုတ်သည့် ချီလင်းပိုးကောင်သည် မည်မျှလုပ်နိုင်သည်ကို သူသိချင်မိသည်။
“အခုလား .. သူကအခု အဆင့်လွန်ကျွမ်းကျင်အဆင့်ရှိတဲ့လက်နက်တွေကို စားနိုင်တယ်” ဝတ်စုံဖြူနှင့်အမျိုးသမီးသည် ထိုသို့ပြောပြီးသည့်နောက်တွင် ရွှေရောင်လှံတံတစ်ခုကို ဖန်တီးလိုက်ကာ ထိုလှံတံကိုကျုံ့လိုက်ပြီး ကျောက်စိမ်းဗူးထဲသို့ ထည့်လိုက်သည်။
ရှီဟောင်၏ အံ့အားသင့်နေသည့်အကြည့်အောက်မှာပင် ချီလင်းပိုးကောင်သည် ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လက်နက်ကို ဝါးစားနေလေသည်။
“သူက အဆင့်လွန်ကျွမ်းကျင်အဆင့်လက်နက်တွေကို စားနိုင်တာလား” ရှီဟောင်မှာ အလွန်ပင် ထိတ်လန့်နေလေ၏။
“သူက ဝိဉာဉ်ရှိတဲ့ ဘယ်အဖိုးတန်ပစ္စည်းမဆို စားရတာကြိုက်တယ် … မဟုတ်ရင် နောက်ကျရင် သူကဘယ်လိုလုပ် ပြိုင်ဘက်ကင်းတဲ့ ထာဝရပစ္စည်းတွေကို ရှာနိုင်မှာလဲ” ဝတ်စုံဖြူနှင့်အမျိုးသမီးသည် သူ့အားမျက်လုံးလှန်ကြည့်နေလေ၏။ သူမသည် သူမ၏ကံကောင်းခြင်းကို ဆက်တိုက်ပင် ချီးကျူးနေလေ၏။
ထို့နောက်တွင် သင်္ကေတများဖြင့် ပြည့်နှက်နေသည့် ကျောက်စိမ်းဗူးကို သိမ်းလိုက်လေသည်။ ထို့နောက်တွင် ရှီဟောင်အား သူမ၏တောက်ပနေသည့်မျက်လုံးများဖြင့် သားကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်နေလေ၏။ ထို့နောက်တွင် သူမသည် ရှီဟောင်အား ပတ်၍ လမ်းလျှောက်နေလေ၏။
“ခင်ဗျား .. ခင်ဗျားဘာလိုချင်တာလဲ” ရှီဟောင်သည် ယခုကဲ့သို့စစ်ဆေးခံနေရသောကြောင့် သူ၏အပြုအမူများမှာသဘာဝမကျနိုင်တော့ပေ။
“မင်းက တကယ်မဆိုးဘူးပဲ .. ငါဆုံးဖြတ်ပြီးသွားပြီ..” မိန်းမပျိုလေးမှာ သဘောတကျပင် ခေါင်းညိမ့်လိုက်လေ၏။ ထို့နောက်တွင် သူမသည် ခဏရပ်တန့်လိုက်လေသည်။
“ငါက တစ်ခြားသူနဲ့လိုက်သွားမယ့်သူမဟုတ်ဘူး” ရှီဟောင်သည် တိုက်ရိုက်ပင် ပြောလိုက်သည်။ ထို့နောက်တွင် သူသည်နူးညံ့စွာဖြင့်ပင် “ကျွန်တော်ဒါက ပြန်စဉ်းစားဖို့အချိန်လိုတယ်”
“သေလိုက်ပါလား” ဝတ်စုံဖြူနှင့်အမျိုးသမီးမှာ သူ့အား ရိုက်နှက်တော့မလိုပင်။ သူမ၏လှပသည့်မျက်လုံးထဲတွင် သင်္ကေတများ ရောယှက်လာကာ နတ်အလင်းတန်းများ ထွက်ပေါ်လာလေ၏။
ရှီဟောင် တုန်လှုပ်သွားရသည်။ ဤအမျိုးသမီးမှာအမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းလှသည်။ ဤသည်မှာ တာအိုကောင်းကင်မျက်လုံး၏ အစပိုင်းအဆင့်ဖြစ်သည်ဟု သူခံစားနေရသည်။
ဤကဲ့သို့သော စွမ်းရည်မှာ ကျင့်ကြံဆင့်နှင့်မဆိုင်ပေ။ ကျင့်ကြံဆင့်မြင့်တိုင်း ရနိုင်သည့်စွမ်းရည်မဟုတ်ပေ။ ထို့ကြောင့်ပင် ဤအရာမှာ ဂိုဏ်းခေါင်းဆောင်များပင် မနာလိုဖြစ်ရသည့်အရာပင်။ ဤအရာမှာ အလွန်ရှားပါးသည့်အရာပင်။
“ငါဆုံးဖြတ်ပြီးသွားပြီ .. ငါမင်းကို ငါ့ရဲ့အစောင့်အရှောက်အဖြစ် လက်ခံမယ်” သူမ၏ အဝတ်အစားများ လေထဲတွင် မျောလွင့်နေလေ၏။ သူမ၏ ဆွဲဆောင်မှုရှိသော ပုံရိပ်မှာ တောက်ပနေလေသည်။
သို့သော် သူမ၏စကားလုံးများကြောင့် ရှီဟောင်မှာ သူမအား မရိုက်ရမနေနိုင်အောင် ဖြစ်သွားလေသည်။ ဤလူသည် သူ့ထက်ပို၍အရိုက်ခံသင့်သည်ဟု သူဘာကြောင့်ထင်နေရသနည်း …
“အခု ငါထွက်လာပြီဆိုတော့ အရာအားလုံးကို ငါလိုက်လုပ်လို့မရဘူး .. ငါ့ကိစ္စတွေကို လုပ်ပေးမယ့်လူကတော့ ရှိကိုရှိရမှာ” သူမသည် မည်သူမျှ ဤနေရာတွင် မရှိနေသကဲ့သို့ပင် ညည်းတွားနေလေသည်။ သူမသည် အရေးကြီးသည့် ကိစ္စတစ်ချို့ကို စဉ်းစားနေသကဲ့သို့ပင်။
“အရမ်းအလုပ်ရှုပ်နေတာပဲ .. ခင်ဗျားက ထာဝရနန်းတော်ကိုသွားပြီးတော့ တာအိုတွေကိုနားလည်အောင်လုပ်မှာလား ဒါမှမဟုတ် စစ်ဧကရာဇ်နဲ့ ပညာတွေကို ဆွေးနွေးမှာလား” ရှီဟောင် လှောင်ပြောင်လိုက်သည်။
ဝတ်စုံဖြူနှင့်အမျိုးသမီး၏ မျက်လုံးများ ပြူးကျယ်လာကာ “ဟမ် .. မင်းဘယ်လိုလုပ် သိတာလဲ .. ငါထာဝရနန်းတော်ကို သွားပြီးတာ မကြာသေးဘူး .. အဲဒီနေရာက အရမ်းပျင်းဖို့ကောင်းတာပဲ .. ထာဝရရှေးဟောင်းကြေးနီနန်းတော်လို့ခေါ်တဲ့နေရာကြီးက ညစ်ပတ်ပြီးတော့ အစိမ်းရောင် သံကြေးတွေတက်နေတာကြီး..”
“မိန်းကလေးတစ်ယောက်အနေနဲ့ ခင်ဗျားကတော်တော်လေးလှတယ် .. ဒါပေမဲ့ ခင်ဗျားက ပါးစပ်က တော်တော်လေးကို သရမ်းတာပဲ” ရှီဟောင်သည် ဘာပြောရမလဲပင် မသိတော့ပေ။
“ပထမတစ်ဝက်နဲ့တင်ကို လုံလောက်ပါပြီ .. နောက်ပိုင်းစကားတွေကို ငါလျစ်လျူရှုလိုက်မယ်” သူမ အလေးအနက်ပင် ပြောလိုက်လေည်။
ရှီဟောင်မှာ ဆွံ့အနေလေ၏။
ဤမိန်းကလေးမှာ အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းနေသည်ကိုတော့ သူဝန်ခံရမည်။ သူတို့ပထမဆုံးတွေ့သည့်အချိန်က သူတစ်ခဏခန့်ပင် စိတ်လွတ်သွားသေးသည်။ သူမသည်လှပလွန်းလှသောကြောင့် အိပ်မက်မက်နေသကဲ့သို့ပင်။
သို့သော် ရှီဟောင်သည် သူမကိုပိုနားလည်လေ သူမ၏ မျက်နှာများကို တွေ့ရလေပင်။ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း၊ လှပခြင်း၊ မကောင်းသည်ကို နှစ်သက်ခြင်းနှင့် အလွန်စွမ်းအားကြီးခြင်းတို့ပင်။ သူမလှုပ်ရှားနေသည့်အချိန်တွင် ဖြစ်နေသည့်ပုံစံနှင့် သူမငြိမ်ငြိမ်ရပ်နေသည့်အချိန်တွင် ဖြစ်နေသည့်ပုံစံမှာ ကွဲပြားလှသည်။
“ခင်ဗျားဘာမှမလိုဘူးဆိုရင် ကျွန်တော်သွားပြီ” ရှီဟောင် နှုတ်ဆက်လိုက်သည်။ သူဤနေရာတွင် ကြာကြာနေလေ ပိုပြီးတော့ ဆုံးရှုံးနိုင်ချေများလေဟု သူခံစားနေရသည်။ ဤအမျိုးသမီးမှာ ယုတ်မာလှသည်။
“မင်း အာကာသကလန်ကိုသွားမှာလား .. အပြင်ဘက်မှာရှိနေတဲ့ အဲဒီမိန်းကလေးက နည်းနည်းထူးခြားနေသလိုပဲ .. သူမက ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးကို ရထားတဲ့သူလား” ဝတ်စုံဖြူနှင့်အမျိုးသမီး ပြောလိုက်သည်။ သူမ၏ လှပသည့်မျက်လုံးမှာ တောက်ပနေလေ၏။
“ဒါ ကံကောင်းတာပဲ .. ငါသူ့ကိုဖမ်းလိုက်မယ် အဲဒါဆိုရင် ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးက ငါ့ဟာဖြစ်သွားမှာပဲ .. အဲဒီပစ္စည်းက မဆိုးဘူး” သူမကိုယ်သူမ ပြောလိုက်လေသည်။ သူမသည် တာဘိုနယ်မြေအပြင်ဘက်သို့ ကြည်လိုက်၏။ သူ၏မျက်လုံးထဲတွင်ရှိနေသည့် သင်္ကေတများမှာ တောက်ပလာပြီးနောက် ကောင်းကင်မျက်လုံး ဖြစ်ပေါ်လာကာ ထူးခြားစွာ တောက်ပနေသည့် ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေသည်။
“ခင်ဗျား လက်လွတ်စပယ်မလုပ်သင့်ဘူး .. အာကာသအကြီးအကဲက သိပ်ဝေးဝေးမရောက်သေးဘူး” ရှီဟောင်ထိတ်လန့်သွားရသည်။
“ဟက် .. သူနဲ့စစ်ဧကရာဇ်က အစောကြီးကတည်းက ထွက်ပြေးသွားပြီ .. သူတို့တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့အတွက်က မဖြစ်နိုင်ဘူး .. သူတို့ရဲ့သွေးစွမ်းအင်တွေအားလုံး မခမ်းခင်မှာ သူတို့ သီးသန့်ကျင့်ကြံဖို့အတွက် မြန်မြန်ပြန်သွားဖို့လိုတယ်” ဝတ်စုံဖြူနှင့်အမျိုးသမီးမှာ အနည်းငယ်မျှ စိတ်မဝင်စားသည့်ပုံပင်။
ထို့နောက်တွင် သူမရေရွတ်လိုက်သည် “ထားလိုက်တော့ .. အဲဒီလိုမျိုးကျောက်တုံးကို ငါနောက်မှ ရှာလည်းရတယ် .. ဒီတစ်ခေါက်တော့ သူခက်ခဲအောင် ငါမလုပ်တော့ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ငါ အာကာသအကြီးအကဲဆီကို သွားစရာရှိသေးတယ် .. ဒီလိုမျိုး တစ်ဖက်လူကို မျက်နှာသာမပေးတာက မကောင်းဘူး”
ရှီဟောင်မှာ လုံးဝပင် ဆွံ့အနေလေ၏။ ဤမိန်းကလေး၏ စကားများကို တစ်လုံးမှ မယုံကြည်ရပေ။ ဒါကတော့ အရမ်းလွန်သွားလေပြီ။
“ဟုတ်ပြီလေ မင်းသွားလို့ရပြီ .. ငါ့လက်အောက်က လူအနေနဲ့ တစ်ယောက်ယောက် မင်းကို အနိုင်ကျင့်ရင် မင်းငါ့နာမည်ကို ပြောလိုက်လို့ရတယ်” သူမသည် လက်ကိုဝေ့ရမ်းလိုက်ကာ ရှီဟောင်အား ထွက်သွားခိုင်းလိုက်သည်။
“အကြီးကြီးတွေ ပြောနေတာ လျှော့လို့ရမလား” ရှီဟောင်သည် မျက်လုံးလှန်လိုက်ကာ “ပြီးတော့ ခင်ဗျားက ဘယ်သူလဲ .. ကျွန်တော်က ခင်ဗျားကို ဘယ်လိုခေါ်ရမှာလဲ”
သို့သော် ထိုစကားများပြောမိသည်ကို သူနောင်တရမိသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမပျိုမှာ သူ့ကို နောက်တစ်ကြိမ်ဆူဆဲနေသောကြောင့်ပင်။
“ဟူး .. တကယ်ဝမ်းနည်းဖို့ကောင်းတာပဲ .. အစေခံတစ်ယောက်ကိုလက်ခံတာလေးတောင်မှ ငါဒီလိုမျိုးတွေလုပ်နေရတယ် .. လွန်ခဲ့တဲ့နှစ်နှစ် ငါ့ရဲ့အတွေ့အကြုံမရှိပြီးတော့ အလောတကြီးလုပ်တတ်တဲ့စိတ်နဲ့ဆိုရင်တော့ မင်းကိုငါအစကတည်းက ရိုက်ပြီးနေလောက်ပြီ”
ရှီဟောင်မှာ ကူကွယ်ရာမဲ့စွာပင် ကြည့်နေလိုက်ရသည်။ သူသည်နောက်ဆုံးတွင်တော့ သူ့ထက်ပို၍ စိတ်ကြီးဝင်နေသည့်သူကို တွေ့သွားလေပြီ။။
“နားထောင် ငါက ယီချင်းရှန် .. တစ်ယောက်ယောက်မင်းကို ပြဿနာရှာရင် ငါ့နာမည်သာပြောလိုက် မင်းအဆင့်ပြေလိမ့်မယ်” ဝတ်စုံဖြူနှင့်အမျိုးသမီးမှ ပြောလိုက်သည်။ ထို့နောက်တွင် သူ၏လက်ကို ဝေ့ရမ်းလိုက်ပြီး ရှီဟောင်ထွက်သွားရန် ပြောလိုက်သည်။
ရှီဟောင်လည်း ဤနေရာတွင် တစ်စက်ကလေးမှ မနေချင်တော့ပေ။ သူတို့နှစ်ဦးကြားတွင် ခွန်အားကွာခြားနေသောကြောင့်သာမဟုတ်ပါက သူသည် ဤအမျိုးသမီးကို ဝင်ရောက်တိုက်ခိုက်နေလောက်ပြီ။
“ဟုတ်သားပဲ မေ့တော့မလို့ … အာကာသအကြီးအကဲနဲ့ စစ်ဧကရာဇ်တို့လိုလူမျိုးမဟုတ်ရင် ငါ့နာမည်ကို လက်လွတ်စပယ်မပြောနဲ့”
ရှီဟောင်မှာ တုန်လှုပ်သွားရပြီး ကျောက်ဖြူတံတားပေါ်မှ ပြုတ်ကျတော့မလို့ပင်။ “နောင်ကျရင် .. ငါ့ပါးစပ်ကို ပေါက်ကရတွေ ပြောခိုင်းလို့မရတော့ဘူး” ဟု သူ့ကိုယ်သူ ပြောလိုက်သည်။
သူသည် ဤစစ်မြေပြင်ဗဟိုမှ လီပေါင်းတစ်ရာသို့ ရောက်သွားသည့်အချိန်တွင် ယွမ်ရှီးကို ပြန်တွေ့လိုက်ရသည်။
“တာဘိုနယ်မြေမှာ ဘာရှိနေတာလဲ” ယွမ်ရှီးမေးလိုက်၏။ ထိုနေရာမှ ရွှေရောင်အလင်းတန်းနှစ်ခု ထွက်လာသောကြောင့် သူမအတော်လေးပင် ထိတ်လန့်သွားခဲ့ရသည်။
“ဘာမှအရေးမကြီးပါဘူး .. တစ်ချို့သဘာဝဥပဒေသတွေ ပြန့်နေတာပါ .. နတ်အနှောင်အဖွဲ့တွေက အခုလေးတင် ဖရိုဖရဲဖြစ်သွားတာ”ရှီဟောင် ပြောလိုက်သည်။ သူသည် ဝတ်စုံဖြူနှင့်အမျိုးသမီးအကြောင်းကို မပြောချင်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင်ဖြစ်ပျက်သွားသည့်အဖြစ်အပျက်များမှာ သူ့အတွက် မကောင်းသောကြောင့်ပင်။
စစ်ခရာသံမှာ ခပ်ဝေးဝေးမှ ထွက်ပေါ်နေဆဲပင်။
“မင်း သွားသင့်ပြီ” ရှီဟောင်သည် သူ၏အရှေ့မှ မိန်းကလေးကို ကြည့်ပြီး ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ယွမ်ရှီး၏အမူအရာများမှာ အနည်းငယ် ပျင်းတိပျင်းရွဲဖြစ်သွားလေသည်။ သူမအရှေ့မှ လူငယ်လေးသည် သွေးလွင်ပြင်ကိုဖြတ်၍ လီပေါင်း ထောင်သောင်းများစွာ သူမအားကာကွယ်ပေးခဲ့သည်။ သူတို့နှစ်ဦးလုံးသည် တစ်ချိန်လုံး ခရီးအတူသွားခဲ့ကြ၏။ သူ့ကြောင့်သာမဟုတ်ပါက သူမသည် အဖမ်းခံရလျှင်ခံရ မဟုတ်လျှင်လည်း အသတ်ခံနေရလောက်ပြီ။
“ရှင်က ကျွန်မနဲ့ ကောင်းကင်စီရင်စုကို မလိုက်ဘူးလား” သူမ၏ နီရဲနေသည့်နှုတ်ခမ်းများ အနည်းငယ် လှုပ်သွားလေ၏။ သူမသည် ရှီဟောင်အား အာကာသကလန်ထံသို့ ဖိတ်ခေါ်ချင်နေခြင်းပင်။
“ငါတို့နှစ်ယောက် အချိန်အကြာကြီး ခရီးအတူတူ သွားခဲ့ကြပေမယ့် ခွဲခွာရမယ့်အချိန်က ရောက်လာမှာပဲလေ .. နောင်တစ်နေ့ကျရင်တော့ ငါတို့ပြန်တွေ့ကြရဦးမှာပါ .. ဒီတစ်ခေါက်တော့ ငါမင်းနဲ့ လိုက်မသွားတော့ဘူး” ရှီဟောင် ပြောလိုက်၏။
“ဒါပေမဲ့ အခုက အရမ်းအန္တရာယ်များတယ် .. ရှင်က စစ်ဘုရင်ကို သတ်ထားတာ .. စစ်ကလန်က သေချာပေါက် ဒါက ခွင့်လွှတ်ပေးမှာမဟုတ်ဘူး .. ရှင်ကျွန်မနဲ့ကလန်ကို လိုက်လာခဲ့ရင် အကောင်းဆုံးပဲ..” ယွမ်ရှီး အကြံပေးလိုက်သည်။
ရှီဟောင် ခေါင်းခါလိုက်ည်။ သူသာ အာကာသလူမျိုးစုထံသို့ လိုက်သွားလျှင် အချိန်ကြာလာသည်နှင့်အမျှ သူမည်သူဖြစ်သည်ဆိုသည်ကို ပေါက်ကြားသွားလိမ့်မည်။ ထိုနေရာတွင် ကောင်းကင်နတ်ဘုရားများအပြင် အာကာသအကြီးအကဲဟောင်းလည်း ရှိနေလေသည်။
“ကျေးဇူးတင်ပါတယ် .. ရှင်သာမရှိရင် ကျွန်မသေနေလောက်ပြီ” ယွမ်ရှီးသည် ကျေးဇူးတင်ကြောင်း ပြောလိုက်လေ၏။
“သွားရအောင် ငါမင်းကို လုံခြုံတဲ့နေရာကို ခေါ်သွားပေးမယ် .. နောင်ကျရင်တော့ ငါအာကာသကလန်ကို ဧည့်သည်တစ်ယောက်အနေနဲ့ လာမှာပါ .. အဲဒီအချိန်ကျ မင်းငါ့ကိုလက်ခံရင်ကို ရပါပြီ” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။
သူ၏လွတ်လပ်ပေါ့ပါးနေသည့် ပုံစံကို တွေ့လိုက်ရသည့်အချိန်တွင် သူမသည် နူးညံ့စွာ သက်ပြင်းချလိုက်လေ၏။ ထို့နောက်တွင် သူမသည် ခေါင်းညိမ့်လိုက်ကာ “ရှင် သေချာပေါက် ဂရုစိုက်ရမယ်နော် .. စစ်ကလန်က အရမ်းကြောက်ဖို့ကောင်းတယ်”
ထို့နောက်တွင် ရှီဟောင်သည် ကမ္ဘာမြေကို လက်မများအဖြစ်သို့ကျုံ့ခြင်းကို အသုံးပြုကာ စစ်မြေပြင်၏ဗဟိုချက်မှ ထွက်လာလိုက်သည်။ ထို့နောက်တွင် သူတို့သည် အာကာသလူမျိုးစုတပ်သားများကို အမြန်ရှာလိုက်ကြသည်။
“နှုတ်ဆက်ပါတယ်”
နှုတ်ဆက်ပြီးသည့်နောက်တွင် သူတစ်ဖက်လှည့်လိုက်သည်။ သူ၏ပုံရိပ်မှာ တစ်ဖြည်းဖြည်းမှုန်ဝါးသွားလေ၏။
နောက်ဆုံး သူ့အနား၌ မည်သူ့မှ မရှိတော့သည့်အချိန်တွင် သူသည် ခွန်ပန်ပညာကိုပင်အသုံးပြုလိုက်လေသည်။ တစ်စက္ကန့်အတွင်းမှာပင် သူသည် ပုံရိပ်ယောင်ကို ချန်ထားခဲ့ကာ ဤနယ်မြေမှ ပျောက်ကွယ်သွားလေသည်။
ရှီဟောင်ပုန်းနေလိုက်သည်။ အာကာသလူမျိုးနှင့် စစ်လူမျိုးစုတို့နှစ်ဘက်လုံးရှိ ကောင်းကင်နတ်ဘုရားအဆင့်ကျွမ်းကျင်သူများမှာ ဤသွေးလွင်ပြင်တွင် ရှိနေသေးသည်ကို သူသိသည်။ ထို့ကြောင့်ပင် သူသည် မြေအောက်ထဲသို့ ဝင်သွားလိုက်ပြီး သူ၏အော်ရာကို ထိန်းချုပ်လိုက်ကာ တည်ငြိမ်စွာပင် စောင့်နေလိုက်လေသည်။
သို့သော် သူတွက်ချက်မှားသွားသည်။ ၂ ရက်အတွင်းမှာပင် ပြင်းထန်သည့် စွမ်းအင်လှိုင်းတစ်ခုသည် မြေကြီးကို ဖြတ်သွားလေ၏။ တစ်စုံတစ်ယောက်မှာ အရာအားလုံးကို ဖြတ်နေခြင်းပင်။
အခြေအနေမကောင်းသည်ကိုသူသိသည်။ သူသည် နတ်စွမ်းရည်ကိုအသုံးပြုကာ ခပ်ဝေးဝေးသို့ ပျံသန်းသွားလိုက်သည်။ လီပေါင်းများစွာကို လက်မများအဖြစ်သို့ ပြောင်းလိုက်ကာ ကျုးကျော်လာသည့်သူထံမှ ထွက်ပြေးလိုက်လေသည်။
ကံမကောင်းစွာဖြင့်ပင် စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းတစ်ခုမှာ သူ့ကိုဝန်းရံသွားကာ ဖမ်းချုပ်သွားလေ၏။ ဤသည်မှာ သူ၏အနားတွင် ယှက်ယက်နေသော တောက်ပနေသည့် နတ်ချိန်းကြိုးများသာ။ ထို့နောက်တွင် သူ့ကို မြေကြီးထဲမှ ဆွဲထုတ်လိုက်လေသည်။
ကောင်းကင်နတ်ဘုရားမှော်ချိန်းကြိုး…
ရှီဟောင် ထိတ်လန့်သွားရသည်။ လှုပ်ရှားလိုက်သည့်သူမှာ ကောင်းကင်နတ်ဘုရားဖြစ်သည်မှာ သိသာသည်။ သူ့ကိုဖမ်းကာ မြေကြီးပေါ်သို့ ပြန်ခေါ်လာခြင်းပင်။
“သူငယ်ချင်းလေး .. မင်းကဘာလို့ ဘာမှမပြောပဲနဲ့ ထွက်သွားတာလဲ” ဤသည်မှာ အရပ်ရှည်ရှည်နှင့် လူလတ်ပိုင်းယောက်ျားလေးတစ်ယောက်ပင်။ သူ၏မျက်လုံးများမှာ တစ်ဖက်လူ၏ ဝိဉာဉ်ကိုပင် ဖောက်ထွင်းမြင်ရမတတ် စူးရှနေလေသည်။
သူသည် ခရမ်းရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏အနားတွင် ကောင်းကင်နတ်ဘုရားနတ်ချိန်းကြိုးများ ဝန်းရံနေလေသည်။
ဤသည်မှာ အာကာသလူမျိုးစုမှလာသည့် ကောင်းကင်နတ်ဘုရားပင်။
“ခင်ဗျားဘာလို့ ကျွန်တော့်ကို ရှာတာလဲ” ရှီဟောင်သည် သူ၏ထိတ်လန့်မှုကို ထုတ်မပြပဲ တည်ငြိမ်စွာပင် မေးလိုက်သည်။
“မင်းက အာကာသဆေးလုံးစားထားတာမလား .. အဲဒီတော့ မင်းအဝေးကြီးမရောက်သရွေ့ငါမင်းကိုရှာလို့ရတယ်” လူလတ်ပိုင်းယောက်ျားလေးမှာ ပြုံး၍ ပြောလိုက်လေ၏။
ရှီဟောင်ဆွံ့အသွားရသည်။ ထိုသို့ဆိုလျှင် ဤသည်မှာ ပြဿနာ အရင်းအမြစ်လား ..
“သူငယ်ချင်းလေး စိတ်မပူပါနဲ့ .. ငါမင်းကို အန္တရာယ်ဖြစ်အောင်မလုပ်ပါဘူး .. မင်းကို ငါ့ကလန်ကိုဖိတ်ခေါ်ပြီးတော့ ယွမ်ရှီးကိုကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ချင်တာပါ” ကောင်းကင်နတ်ဘုရားသည် သူ၏မှော်ချိန်းကြိုးများကို ဖြေလျော့လိုက်လေ၏။