သုခကမ္ဘာက ရှီဟောင် - Chapter - 907 ကောင်းကင်ဘုံမြို့တော်
“စီနီယာ .. စီနီယာရဲ့ကြင်နာမှုကို ကျွန်တော် ကျေးဇူးတင်ပါတယ် .. ဒါပေမဲ့ ကျွန်တော် လုပ်စရာလေးတွေ ရှိသေးလို့ပါ အဲဒီတော့ အာကာသကလန်ကို ဒုက္ခမပေးတော့ပါဘူး” ရှီဟောင် နည်းလမ်းတကျပင် ငြင်းဆန်လိုက်လေသည်။
ဤသွေးလွင်ပြင်များမှာ ဖရိုဖရဲမဖြစ်တော့ပဲ ငြိမ်းချမ်းသွားလေပြီ။ နှစ်ဘက်လုံးမှ တပ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြပြီး ကျွမ်းကျင်သူအချို့သာ ကျန်ခဲ့သည်။
“ငါတို့က ဘယ်လိုလုပ် ဒီလိုမျိုး ထွက်သွားနိုင်မှာလဲ .. မင်းက ယွမ်ရှီးကို ကယ်ခဲ့ပြီး သူ့ကို အသက်နဲ့လဲပြီး စောင့်ရှောက်ခဲ့တာလေ .. ငါတို့ကလန်က မင်းကို သေချာကျေးဇူးတင်မှ သင့်တော်မှာ” ချီထော် ပြောလိုက်သည်။
သူ၏ခရမ်းရောင်အဝတ်အစားများ လှုပ်ခတ်နေပြီးမြင့်မြတ်သည့်အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။ ကောင်းကင်နတ်ဘုရားမှော်ချိန်းကြိုးများလည်း သူ့အနားတွင်ရှိနေလေ၏။ သူသည် အသက် ၄၀ ခန့်ရှိလိမ့်မည်။ သူ၏မျက်လုံးများလည်း တောက်ပနေလေ၏။
ရှီဟောင်သည် အာကာသကလန်သို့ မသွားလိုသော်လည်း ကောင်းကင်နတ်ဘုရားတစ်ပါး၏ဆန္ဒကို သူငြင်းဆန်၍မရမည်ကို သူသိသည်။ မည်သို့ပင်ဖြစ်စေသူ၏လက်ရှိခွန်အားနှင့်ဆိုလျှင် သူထွက်သွားနိုင်ရန် ခက်ခဲလိမ့်မည်။
“ကျွန်တော်က ဧကရာဇ်လူမျိုးစုကို လေးစားပါတယ် .. တစ်နေ့နေ့တော့ကျွန်တော် သေချာပေါက် ရောက်အောင်လာခဲ့မှာပါ” သူသည် နောက်ဆုံးအချိန်ထိ ငြင်းဆန်နေဆဲပင်။
ချီထောသည် ရယ်မောလိုက်ကာ ” ရောင်းရင်းက သံသယစိတ်တွေ များနေတာပဲ .. ဒါပေမဲ့ ဒီလိုဖြစ်နေဖို့ မလိုပါဘူး .. ငါတို့က ငါတို့ရဲ့ ကျေးဇူးတရားကို အပြည့်အဝ ဖော်ပြချင်ရုံပါပဲ”
ဘေးပတ်လည်တွင် မှော်ချိန်းကြိုးများ ရောယှက်နေပြီး ထူးဆန်းကာ စွမ်းအားကြီးသည့် တောက်ပသောပင့်ကူအိမ်တစ်ခု ဖြစ်ပေါ်လာလေ၏။ ထိုပင့်ကူအိမ်မှာ အလယ်တွင်ရပ်နေသည့် ကောင်းကင်နတ်ဘုရားကို ပို၍ သူရဲကောင်းဟန်ပန်ပေါ်စေသည်။
နောက်ဆုံးတွင် ရှီဟောင်နှင့် ချီထောတို့သည် တစ်လမ်းတည်း အတူသွားကြလေသည်။ ကောင်းကင်နတ်ဘုရားတစ်ပါးမှ သူ့ကိုဖိတ်ခေါ်နေသောကြောင့် သူမငြင်းနိုင်တော့ပေ။
သွေးလွင်ပြင်မှာ လျင်မြန်စွာပင် အနောက်တွင် ကျန်ခဲ့ကာ တစ်ဖြည်းဖြည်းမှုန်ဝါးလာလေ၏။ နောက်ဆုံးတွင် အနီရောင်အစက်အပြောက်လေးဖြစ်သွားလေသည်။
ကောင်းကင်စီရင်စုတွင် တောင်တန်းများမှာ ရှည်လျားလှပြီး ဝိဉာဉ်စွမ်းအင်များလည်း ပေါများလှသည်။
နတ်ဆိုးစီရင်စုနှင့်ယှဉ်လျှင် ကောင်းကင်စီရင်စုမှာ ကျယ်ပြန့်ကာ ငြိမ်းချမ်းလှသည်။ ကလန်အားလုံးတွင်လည်း နတ်ဘုရားများ ရှိကြသည်။ သို့သော် အငြင်းပွားမှုများမှာ အရှိသလောက်ပင် ရှားပါးလှသည်။
လမ်းတစ်လျှောက်တွင် ထာဝရဂူများနှင့် မူလရှေးဟောင်း ကြီးမားသည့် တောင်တန်းများရှိလေသည်။ ကောင်းကင်ဘုံနှင့်ဆက်သွယ်ထားသည့် ကျောက်ကမ်းပါးနှင့် ကျောက်တုံးသစ်တောများရှိနေလေသည်။ ထိုနေရာတွင် သမိုင်းဝင်နေရာများနှင့် အံ့အားသင့်ဖွယ်ကောင်းသည့်နေရာများစွာရှိလေ၏။
“မော့ရှီး”
ရှီဟောင်ကို မြို့ထဲတွင်တွေ့လိုက်ရသည့်အချိန်တွင် ယွမ်ရှီး ထိတ်လန့်သွားရသည်။ သူမသည် ကလန်သို့ပြန်မရောက်သေးသော်လည်း လုံခြုံသည့် နေရာတစ်ခုသို့ ရောက်နေလေပြီ။ ဤသည်မှာ အာကာသမြို့ပင်။
“ငါတို့နောက်တစ်ခေါက် ပြန်တွေ့ရပြန်ပြီ” ရှီဟောင် ပြုံးကာ ပြောလိုက်သည်။
ဘေးပတ်လည်တွင်ရှိနေသည့် အာကာသလူမျိုးစုများမှာ သူ့အားကြည့်လာလေ၏။ အဘယ်ကြောင့်ဆိုသော် ယွမ်ရှီးသည် ယခုအချိန်တွင် သာမန်လူမဟုတ်တော့ပေ။ နောင်ကျလျှင် သူမသည် သေချာပေါက်ပင် စွမ်းအားကြီးသည့် ကျွမ်းကျွင်သူဖြစ်လာလိမ့်မည်။
အာကာသလူမျိုးစုများမှာ အဘယ်ကြောင့်မထွက်ခွာသေးပဲ ဤနေရာတွင် ရပ်နားနေကြသည်ကို သူနားမလည်ပေ။
“ကျွန်မတို့က ကျန်တဲ့နှစ်ယောက်ကို ရှာနေတာ” ယွမ်ရှီး နူးညံ့စွာ ပြောလိုက်လေ၏။
အာကာသလူမျိုးစုမှ လူငယ်များစွာမှာ ထူးဆန်းသည့်ရှေးဟောင်းနေရာသို့ ဝင်ခဲ့သော်လည်း လေးယောက်သာ ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးကိုရရှိခဲ့ခြင်းပင်။
အိမ်ပြန်လမ်းတွင် သူတို့ခွဲပြန်ခဲ့ကြပြီး ကောင်းကင်နတ်ဘုရားများမှာ သူတို့အား သပ်သပ်စီ ကာကွယ်ပေးကြလေသည်။
ယခုယွမ်ရှီးအပါအဝင်နှစ်ယောက်သာ ပြန်ရောက်သေးပြီး ကျန်သည့်နှစ်ယောက်မှာ မည်သည့်နေရာတွင်ရှိနေမှန်း မသိရသေးပေ။ အာကာသကလန်မှ ရာထူးမြင့်သည့်သူများမှာ သေချာပေါက် သူတို့ကို လက်လွတ်မည်မဟုတ်ပေ။ သူတို့ကို ဆက်ရှာနေကြလေသည်။
“ကျွန်မတို့ သဲလွန်စနည်းနည်းတော့ တွေ့ထားတယ် .. အဲဒါက လွန်ခဲ့တဲ့ရက်နည်းနည်းလောက်ကဆိုတော့ သူတို့ သေလားရှင်လား မသိသေးဘူး” ယွမ်ရှီး ပြောလိုက်သည်။
…
ဝူး..
တစ်ရက်ကြာပြီးသည့်နောက်တွင် ကျယ်လောင်လှသည့် ဟစ်ကြွေးသံ ထွက်ပေါ်လာလေ၏။ ထို့နောက် ခပ်ဝေးဝေးတွင်ရှိနေသည့် တောင်ထိပ် ပြိုကျသွားလေသည်။ ကောင်းကင်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာခြင်းပင်။ သူ၏ဆံပင်များမှာ ထောင်နေပြီးနတ်ခွန်အားများ ထွက်နေလေသည်။ မီးတောက်များလည်း ကောင်းကင်ထက်သို့ တရှိန်ထိုးတောက်လောင်နေလေသည််။
သူသည် အလွန်ပင် ဒေါသထွက်နေခြင်းပင်။ သူ၏လက်မောင်းများကြားတွင် အလွန်ပင်ပုံပျက်နေသည့်ခန္ဓာကိုယ်တစ်ခုကို သယ်ဆောင်ထားပြီး အာကာသမြို့ထဲသို့ ဆင်းသက်လာလေသည်။ ဤသည်မှာ အတော်လေးပင် အုတ်အော်သောင်းတင်းဖြစ်သွားပြီး အရေးကြီးသည့်သူများအားလုံး အမြန်ပြန်လာကြလေသည််။
“ကလန်ကို ချက်ချင်းပြန်ပြီးတော့ သူ့ကို နတ်ရေကန်ထဲထည့်လိုက် .. ငါတို့ သူ့ကို ကယ်လို့ရလောက်သေးတယ်” ချီထောမှ နူးညံ့စွာ ပြောလိုက်သည်။
အရေးကြီးသည့် လူငယ်နှစ်ယောက်ထဲမှ တစ်ယောက်မှာ သေဆုံးသွားလေပြီ။ ဤတစ်ယောက်သာလျှင် အသက်ဓာတ်အနည်းငယ်ကျန်ရှိနေသေးခြင်းပင်။ သူ၏မူလဝိဉာဉ်မှာ အက်ကွဲနေပြီး ဒဏ်ရာလည်း ပြင်းထန်လှသည်။
“သွားမယ်…” မျက်လုံးများနီရဲနေသည့် ကောင်းကင်နတ်ဘုရားသည် လူငယ်လေးကို သယ်ဆောင်ကာ မြို့လယ်သို့ သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် လီပေါင်း သန်းပေါင်းများစွာကို ဖြတ်ကျော်နိုင်သည့် အစီအရင်ကြီးတစ်ခု ရှိနေသောကြောင့်ပင်။
အာကာသကလန်၏ ဘိုးဘေးနယ်မြေမှာ ဤနေရာနှင့် အတော်ဝေးနေသေးသောကြောင့် သူတို့သည် ဤကဲ့သို့ အစီအရင်ကို ငှားရမ်းရန် လိုအပ်လေသည်။
အားလုံး၏အမူအရာများမှာ လေးနက်နေလေ၏။ သူတို့သည် ရှေးဟောင်းယဇ်ပုလ္လင်ကို အသက်သွင်းလိုက်ကာ အလင်းလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ ထွက်သွားလိုက်ကြလေသည်။
ထိုလူများသည် မြို့ထဲမှ ပျောက်ကွယ်သွားကာ ဝိဉာဉ်စွမ်းအားများပြည့်နေသည့် နေရာသို့ ရောက်လာလေသည်။ ဤနေရာတွင် လှပလှသည့် တောင်ကြီးများရှိနေသည့် မြို့တစ်မြို့ရှိလေ၏။ ဤသည်မှာ အာကာသလူမျိုးစု၏ ပိုင်နက်ပင်။
ပြောင်းရွှေ့ခြင်းအစီအရင်မှာ သူတို့ကို ဘိုးဘေးနယ်မြေသို့ တိုက်ရိုက်မပို့ဆောင်ပေးနိုင်ပေ။ မဟုတ်ပါက ရန်သူများကျူးကျော်လာလျှင် အလွန်ပင် ခက်ခဲလိမ့်မည်။
လေထဲတွင် ခရမ်းရောင်အရိုးလှေတစ်စင်းရှိနေလေ၏။ ဤလှေကြီးမှာ အလွန်ပင် ကြီးမားလှပြီး ပြင်ဆင်ထားခဲ့သည်မှာလည်း အချိန်အတော်ကြလေပြီ။
ဤလူစုပေါ်လာသည်နှင့် ထိုလှေကြီးမှာ အောက်ကျလာပြီး အားလုံးကိုသယ်ဆောင်ကာ အာကာသလူမျိုးစု၏ မြင့်မြတ်နယ်မြေသို့ အရှိန်မြင့်ကာ သွားလိုက်လေသည်။
သူတို့အောက်တွင် မြို့အချို့ရှိလေသည်။ ထိုမြို့များမှာ အတော်လေးပင် ကြီးမားပြီး ထိုနေရာများမှာ အာကာသလူမျိုးစုများ နေထိုင်သည့်နေရာပင်။ ထိုနေရာမှာအလွန်ပင် ကျယ်ပြောလှပြီး ကျွမ်းကျင်သူများ၏ အော်ရာများမှာ တစ်ခါတစ်ရံတွင် တိမ်တိုက်များထက်သို့ ရောက်လာလေသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် သူတို့သည် ခရမ်းရောင်စွမ်းအင်များထွက်နေသည့် တောင်တန်းတစ်ခုသို့ ရောက်လာသည်။ ဤသည်မှာ နဂါးအစစ်တစ်ကောင် ဤနေရာတွင်လဲလျောင်းနေသကဲ့သို့ပင်။ ထာဝရတာအိုအော်ရာကိုလည်း အနည်းငယ် ခံစား၍ရနေသည်။
ဤသည်မှာသူတို့၏ ဘိုးဘေးနယ်မြေပင်။ အရိုးလှေကြီးသည် တစ်ခဏခန့် စူးစမ်းပြီးသည့်နောက်တွင် ရပ်တန့်သွားလေ၏။ ထို့နောက်တွင် မြင့်မြတ်သည့်အလင်းတန်းများ တောက်ပလာကာ မူလနေရာမှ ပျောက်ကွယ်သွားလေသည်။
ရှီဟောင်ဆွံ့အသွားခဲ့ရသည်။ ဤမြင့်မြတ်မြေ၏ အကာအကွယ်များမှာ တင်းကြပ်လှပြီး အပြင်လူမျိုးစုများ ဤနေရာသို့ ဝင်ရောက်နိုင်ရန် ခက်ခဲလှသည်။
ရောင်အစုံအလင်းတန်းများထွက်ပေါ်လာပြီးနောက် လှေကြီးမှာ လေဟာနယ်တွင် ရပ်တန့်သွားပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်သွားလေ၏။ သူတို့သည် တောင်တန်းများ၏ အတွင်းပိုင်းသို့ ရောက်ရှိနေခြင်းပင်။
ဘေးပတ်လည်တွင် ကျန်းပေါင်း ထောင်ပေါင်းများစွာမြင့်သည့် တောင်များမှာ မိုးထိုးနေသည်။ ကောင်းကင်ဘုံကိုးခုမှ ငွေမြစ်ရေစီးကျလာသကဲ့သို့ပင် အမြင့်မှ ရေတံခွန်များ စီးကျနေလေသည်။
ထို့အပြင် တောင်တန်းတစ်ခုစီမှာလည်း ထာဝရမြူများအုပ်ဆိုင်းနေပြီး တောက်ပသည့်အလင်းများ စီးဆင်းနေလေသည်။ တိမ်များမှာအနီရောင်တောက်ပနေပြီး ဤသည်မှာ အလွန်ပင် ခမ်းနားလှသည့် မြင်ကွင်းတစ်ခုပင်။
ဝုန်း…
ကမ္ဘာမြေကြီးတုန်ခါသွားကာ ကြီးမားလှသည့် ရွှေရောင်ဆင်အုပ်ကြီးတစ်အုပ် ပြေးလာလေသည်။ သူတို့၏နှာခေါင်းများမှာ လေထဲသို့ မြှောက်တက်နေပြီး မိုးခြိမ်းသံများ ဆူညံနေလေသည်။
ဝူး..
ခပ်ဝေးဝေးတွင် ငွေရေင်လူဝံကြီးသည် ဒေါသတကြီးပင် အော်ဟစ်နေပြီး သူ၏ရင်ဘတ်ကို ထုနေလေသည်။ ကောင်းကင်ထက်သို့ သွေးစွမ်းအင်များ လွင့်ပျံသွားလေသည်။ ဤသည်မှာ နတ်ဘုရားအစစ်နယ်ပယ်ရှိသည့် လူဝံပင်။ သူသည် သားရဲအုပ်စုတစ်အုပ်စုကို ကာကွယ်ပေးနေခြင်းပင်။
ပို၍ဝေးသည့်နေရာတွင် ၇ ရောင်စပ်နတ်ငှက်များပျံသန်းနေကြလေသည်။ သူတို့သည် လေထဲတွင် တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်နေလေသည်။
မွှေးပျံ့သည့်ဆေးရနံ့များမှာ နှာဝတွင် ကျီဆယ်နေလေ၏။ ကျောက်တုံးအက်ကွဲကြောင်းများ၊ တောင်ထိပ်များနှင့် အခြားနေရာများတွင် ရှားပါးကာ အဖိုးတန်သည့်သစ်ပင်များနှင့် ရှေးဟောင်းနွယ်ပင်များ ပေါက်ရောက်နေလေသည်။ ထိုအပင်များအားလုံးတွင် ရွှေရောင်အသီးများ၊ အနီရောင်ပန်းပွင့်များနှင့် အခြားအရာများ ရှိနေလေသည်။
“ဝိဉာဉ်ငှက်တွေ သားရဲတွေ ရှားပါးတဲ့အပင်တွေ အများကြီးပဲ .. ဒါက တကယ်ကို ကောင်းတဲ့နေရာပဲ” ရှီဟောင်နူးညံ့စွာ ပြောလိုက်သည်။
“ဒါကကျွန်မတို့ အာကာသလူမျိုးစုရဲ့ စားကျက်မြေနဲ့ ဆေးဥယျာဉ်ပဲ .. လီပေါင်းတစ်သိန်းကျယ်တယ်” ယွမ်ရှီးမှ သူ့အား ရှင်းပြလိုက်သည်။
“ဘာ..” ရှီဟောင်၏မေးရိုးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျမတတ်ပင်။ သူသည် ဤနေရာကို မြင့်မြတ်မြေဟု ထင်ထားခြင်းပင်။ သို့သော် ဤနေရာမှာ အစွန်အဖျားလေးသာရှိသေးသည်။ ဤတောင်တန်းသည် လီပေါင်း တစ်သိန်းကျယ်သည်လား…
ဤနေရာတွင် နတ်သားရဲများ၊ ပိုးကောင်များနှင့် အခြားအရာများစွာ ရှိနေသည်။ ရှားပါးကာ အဖိုးတန်သည့် သစ်ပင်နှင့်ဆေးပင်များစွာလည်း ရှိလေသည်။ အာကာသလူမျိုးစုမှ အကြီးအကဲများမှာ တစ်ခုခုလိုသည်နှင့် ဤနေရာမှ လာယူလိုက်ရုံပင်။
ဥပမာအားဖြင့် ရွှေရောင်ဆင်ကြီး၊ မီးတောက်နွားထီးရိုင်း၊ ၇ ရောင်စပ်ဝိဉာဉ်ငှက်များမှာ အကောင်းဆုံးအစားအစာပင်။ အပြင်ဘက်ကမ္ဘာတွင် သူတို့အားလုံးမှာ ရက်စက်သည့်ငှက်နှင့် ကြမ်းတမ်းသည့်သားရဲများပင်။ စွမ်းအားကြီးလှသောကြောင့် ဤအကောင်များကို အနိုင်ယူရန် ခက်ခဲလေသည်။
ဤလီပေါင်းတစ်သိန်းကို ကာကွယ်ပေးထားသည့်အစီအရင်ကြီးတစ်ခု ရှိလေသည်။ ယခင်က သူတို့ စစ်ကလန်နှင့်တိုက်ခိုက်သည့်အချိန်တွင် စစ်ဧကရာဇ်၏တိုက်ခိုက်မှုကြောင့် တောင်များနှင့်မြစ်များ ပျက်စီးခဲ့သော်လည်း ဤနေရာကို မဖျက်ဆီးနိုင်ခဲ့ပေ။
ဤနေရာတွင်ရှိနေသည့် အစီအရင်၏ အကာအကွယ်မှာ စီရင်စု သုံးထောင်တွင် ထိပ်တန်းဖြစ်သည်ဟု ပြော၍ရသည်။
“မင်းက ဘယ်မှာနေတာလဲ” ရှီဟောင် မေးလိုက်သည်။
“ဟိုနေရာမှာ” ယွမ်ရှီးသည် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ လက်ညှိုးထိုးပြလိုက်လေသည်။
“အဲဒါက ..” ရှီဟောင် ထိတ်လန့်သွားရ၏။ ကျန်းပေါင်းများစွာမြင့်သည့် တောင်ထိပ်တွင် ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်နေလေသည်။ ရှေးဟောင်းမြို့တစ်မြို့မှာ လေထဲတွင် ရှိနေလေသည်။
သူတို့စကားပြောနေသည့်အချိန်မှာပင် တာအိုအသံများထွက်ပေါ်လာပြီး မြေပြင်နှင့်ချိတ်ဆက်ထားသော ကြီးမားလှသည့်အဖြူရောင်လှေကားတစ်ခု ပေါ်လာလေသည်။
“အဲဒီလောက်တောင် တင်းကြပ်တာလား” ရှီဟောင် ထိတ်လန့်သွားရသည်။
တစ်စုံတစ်ယောက်သာ အာကာသလူမျိုးစု၏ နတ်ကမ္ဘာသို့ ဝင်ရောက်လိုပါက သူတို့သည် စစ်ဆေးမှုပေါင်းများစွာကို ဖြတ်ကျော်ရပေမည်။ စစ်ဆေးမှုများမှာလည်း တင်းကြပ်လှသည်။
“ဟုတ်တယ် .. ကလန်က အကြီးအကဲတွေ ပြန်လာရင်တောင်မှ သူတို့ ဒီအဆင့်တွေအကုန်လုံးကို ဖြတ်ကျော်ရမှာ .. ဒါက အပြင်ဘက်က ကျူးကျော်သူတွေရဲ့ရန်ကို ကာကွယ်နိုင်အောင်လို့ လုပ်ထားတာ” ယွမ်ရှီး ပြန်ဖြေလိုက်သည်။ အခြားသူများမှာမူ ဤသည်ကိုကျင့်သားရနေပြီဖြစ်သောကြောင့် ဘာမှ မပြောကြပေ။
သူတို့သွားနေသည့်တစ်လျှောက်တွင် ထူးဆန်းသည့်သင်္ကေတများ အမြဲတောက်ပနေပြီး သူတို့ကို အန္တရာယ်ရှိမရှိ စစ်ဆေးနေလေသည်။
မြို့ကြီးမှာ ကြီးမားကျယ်ပြန့်လှသည်။ ဤသည်မှာ သူမြင်ဖူးသမျှထဲတွင် အကြီးဆုံးမြို့ပင်။ ဤမြို့ထဲတွင် ရပ်လိုက်သည်နှင့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ခံစားလိုက်ရသည်။
တောင်ထက်ပင်ပိုမြင့်သည့် မြို့ဂိတ်တံခါးထိပ်တွင် မြင့်မြတ်သည့်အလင်းတန်းများ တောက်ပနေသည့် ကျောက်ပြားကြီးကို မြင်လိုက်ရသည်။ ထိုကျောက်ပြားတွင် ထွင်းထားသည့် ‘ကောင်းကင်ဘုံမြို့’ ဟူသည့်စာသားကို သူမြင်လိုက်ရသည်။
ဤသည်မှာ ဘိုးဘေးမြေအစစ်ဖြစ်ပြီး ယခင်ဧကရာဇ်ကလန်၏ အဆင့်အမြင့်ဆုံး သန့်စင်သည့်နယ်မြေပင်။ သန့်စင်သည့်သွေးမျိုးဆက်ရှိသည့်သူများမှာ ဤနေရာတွင်နေကြလေသည်။
“အကြီးမြတ်ဆုံးလူမျိုးစု ၁၀ ခု၊ အဆင့်မြင့်နယ်မြေရဲ့ ဧကရာဇ်ကလန်တစ်ခု ဖြစ်ထိုက်ပါတယ်” ရှီဟောင်စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူမြင်လိုက်ရသည့်အစွန်အဖျားလေးဖြင့်ပင်လျှင် သူတို့၏ ယခင်က တောက်ပမှုများကို မြင်နိုင်လေသည်။
ဤလူမျိုးစုသည် ကိုးထပ်မြောက်ကောင်းကင်ဘုံတွင်ရှိနေခြင်းဖြစ်ပြီး အားလုံးကို အုပ်မိုးထားလေသည်။
အံ့အားသင့်စရာကောင်းသည်မှာ မြို့တွင် အဆောက်အဦးများမထူထပ်ပေ။ မြင်ကွင်းမှာလှပလှပြီး ဝိဉာဉ်တောင်များစွာလည်း ရှိလေသည်။ လမ်းများနှင့် များပြားလှသည့် အဆောက်အဦးများရှိသော်လည်း ထာဝရလှိုင်ဂူများ ပိုများလေသည်။
မြို့ကအရမ်းကြီးနေတာ အံ့ဩစရာမရှိတော့ဘူး .. ဒီထဲမှာ ကမ္ဘာတစ်ခုရှိနေတာကိုး..
ပြန်ရောက်ပြီးသည့်နောက်တွင် ထိုကောင်းကင်နတ်ဘုရားများမှာ ဒဏ်ရာရနေသည့်လူငယ်လေးကို ခေါ်ကာ ပျောက်သွားလေသည်။ ထိုလူငယ်လေးကို ရှေးဟောင်းနတ်ရေကန်အတွင်းသို့ခေါ်သွားကာ သူ၏ဒဏ်ရာများကို ကုသပေးကြလေသည်။
ရှီဟောင်ကို အပြာရောင်ေရကန်ကြီး၏ ဘေးတွင် နေရာချထားပေးလေသည်။ စိမ်းစိုးနေသည့် ဝါးတောရှေ့တွင်ဖြစ်သောကြောင့် ရှုခင်းမှာ လှပလွန်းလှသည်။
အစပိုင်းတွင် ယွမ်ရှီးသည် သူ ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင် လိုက်ပြပေးနေသော်လည်း သူမကို ဆင့်ခေါ်ခြင်းခံလိုက်ရလေသည်။
“လူငယ်လေး ယွမ်ရှီးကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် .. ငါတို့ရဲ့ အာကာသလူမျိုးစုက ဒီကျေးဇူးကို ဆပ်လို့ကုန်မှာ မဟုတ်ပါဘူး” ရွှေရောင်မှော်ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်ကြီးသည့်အမျိုးသမီးတစ်ယောက် ပေါ်လာလေသည်။ သူမကို ကြည့်ရသည်မှာ ကြင်နာတတ်သည့်ပုံပင်။
ရှီဟောင်သည် လက်လွတ်စပယ်မလုပ်ရဲပဲ ပြန်နှုတ်ဆက်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် သူ့ကိုကြိုဆိုနေသည့်သူမှာ နတ်ဘုရားအစစ်အမှန် ဖြစ်နေသောကြောင့်ပင်။ သူမသည် စားပွဲအပြည့်အရသာရှိသည့်အစားအစာများ၊ နတ်ဝိုင်များဖြင့် ဧည့်ခံနေလေသည်။
“ဒီက လူငယ်လေးမှာ တာအိုလက်တွဲဖော်တွေရှိလားလို့ မေးပါရစေ” အဖွားအိုကြီးမှာ ပြုံး၍မေးလိုက်လေသည်။ သူမ၏ငွေရောင်ဆံပင်များမှာ တောက်ပနေပြီး နတ်မီးတောက်များကိုလည်းကန့်သတ်ထားလေသည်။
ရှီဟောင်သည် သူ့ကိုယ်သူစဉ်းစားလိုက်ပြီးနောက်တွင် “ကျွန်တော့်မှာ မရှိသေးပါဘူး”
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်” အဖွားအိုကြီးမှာ အလွန်ပင် ကျေနပ်သွားပြီး ‘ကောင်းတယ်’ ကိုသုံးခါဆက်တိုက်ပင် ပြောလိုက်လေသည်။ ထို့နောက်တွင် သူမကိုယ်တိုင်ပင် ရှီဟောင်အတွက် ဟင်းများယူလာပေးလေသည်။
“လူငယ်လေးက သူရဲကောင်းဆန်ပြီးတော့ တကယ်ကို ထူးခြားတဲ့သူပဲ .. မင်းရဲ့အနာဂတ်က တောက်ပနေပြီးတော့ စီရင်စုသုံးထောင်လုံးမှာ တွေ့ဖို့ ခက်ခဲတဲ့သူပဲ .. မင်းစစ်ဘုရင်ကို သတ်နိုင်တာ အံ့ဩစရာမရှိတော့ပါဘူး” အဖွားအိုကြီးမှာ ဆက်တိုက်ပင် ချီးကျူးနေလေသည်။
“စီနီယာရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး” ရှီဟောင်သည် ပြောလိုက်ရင်းဖြင့်ပင် သူမအား ခွက်ကမ်းလိုက်လေသည်။
“ထူးခြားပါရမီရှိတဲ့သူကို သတ်နိုင်တာက တကယ်ကို လူငယ်သူရဲကောင်းဆိုတဲ့ ဂုဏ်ထူးနဲ့ထိုက်တန်တယ် .. တကယ်ကိုရှားပါးတဲ့ ပါရမီရှင်ပဲ” အဖွားအိုကြီးမှာ သူ့ကိုကြည့်လေ ကျေနပ်လေ ဖြစ်နေသည့်ပုံပင်။ သူမ၏မျက်နှာထက်တွင်ရှိနေသည့် အရေးအကြောင်းများပင် ပျောက်ကွယ်သွားတော့မည်။
ပေါ့ပါးသောလေအောက်တွင် အပြာရောင်ရေကန်နှင့် အစိမ်းရောင်ဝါးတောမှာ ပို၍ပင် ငြိမ်းချမ်းနေလေသည်။
“ကျင့်ကြံခြင်းဆိုတာက ဘဝကိုနားလည်အောင်လုပ်တာပဲ .. ပြီးတော့ တာအိုလက်တွဲဖော်ဆိုတာက မရှိမဖြစ်လိုအပ်တယ် .. မဟုတ်ရင်တစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် ပြည့်စုံနိုင်မှာလဲ .. လူငယ်လေး တာအိုလက်တွဲဖော်ရွေးဖို့ကို မင်းစစဉ်းစားသင့်ပြီ” အဖွားအိုကြီးမှ ပြုံး၍ပြောလိုက်သည်။