သုခကမ္ဘာက ရှီဟောင် - Chapter - 909 အံ့ဩမှင်သက်စေသည့် ပုလဲတစ်စုံ
မြို့ထဲတွင် ကျယ်ပြန့်လှသည့် လမ်းမကြီးများ၊ အပြာရောင်ကျောက်တုံးခင်းထားသည့် မြေပြင်များနှင့် လမ်းနှစ်ဘက်လုံးတွင် အဆောက်အဦးများ ရှိနေလေသည်။ ရောင်စုံတိမ်တိုက်များဝန်းရံနေသည့် တောင်များလည်း တစ်လုံးနှင့်တစ်လုံးဆင့်ကာ ရှိနေလေသည်။ ဤသည်မှာအလွန်ပင် ထူးခြားသည့်နေရာပင်။
မိန်းမပျိုလေးနှစ်ဦးမှာ လေအလျင်ကဲ့သို့ပင် ကောင်းကင်ကို လျင်မြန်စွာ ဖြတ်သန်းလာကာ ရှီဟောင်ရှိနေသည့် ရေပြာကန်ဆီသို့ ဦးတည်လာနေလေသည်။
“ဟမ် တစ်ယောက်ယောက်လာနေတယ် .. အနံ့လေးက မွှေးနေတာပဲ .. မိန်းမပျိုလေးနှစ်ယောက်ဖြစ်မယ်ထင်တယ်” ရှီဟောင် ပြောလိုက်သည်။
နတ်ဘုရားအစစ် ရှီရှားသည် သူ့အား မပျော်မရွှင်ကြည့်လိုက်လေသည်။ သူသည် နတ်ဘုရားတစ်ပါးတွင် ရှိသင့်သည့် တည်ငြိမ်မှုများအားလုံးကို ခဝါချလိုက်ကာ သူမ၏မျက်နှာထက်၌ ခံစားချက်ပေါင်းစုံ ပေါ်လာလေသည်။
လေပြေလေးတိုက်ခတ်သွားသောကြောင့် စိမ်းစိုနေသည့် ဝါးရုံတောမှာ တောက်ပလာလေ၏။ သစ်ကိုင်းများလှုပ်ခတ်သွားပြီး မိန်းမပျိုနှစ်ယောက်လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို တွေ့ရလေသည်။
“နတ်သမီးလေးတွေ ရေလှိုင်းပေါ်မှာလမ်းလျှောက်နေတာပဲ” ရှီဟောင်၏မျက်လုံးများ ပြူးကျယ်သွားလေသည်။ အရှေ့ဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် လှပသည့်မြင်ကွင်းကို သူ မြင်လိုက်ရသည်။ ပြိုင်ဘက်ကင်းသည် အလှလေးနှစ်ဦးသည် အပြာရောင်ရေကန်ပေါ်တွင် ရပ်နေလေသည်။ သူတို့၏လှပသည့် ဆံနွယ်များမှာ လေထဲတွင် ကခုန်နေပြီး မျက်လုံးများမှာလည်း ရေကဲ့သို့ပင် ကြည်လင်နေသည်။
“စီနီယာ .. ဒါက စီနီယာပြောတဲ့နှစ်ယောက်လား .. ကျွန်တော် … လုံးဝကို မကျေနပ်စရာမရှိပါဘူး” ရှီဟောင် တိုက်ရိုက်ပင် ပြောလိုက်လေသည်။
အဖွားအိုကြီးမျက်နှာထက်ရှိ ပျော်ရွှင်နေသည့် အရိပ်အယောင်များအားလုံး ပျောက်ကွယ်သွားလေပြီ။ သူမထံတွင် မကျေနပ်စရာရှိနေသည်။ မကျေနပ်စရာအကြီးကြီးပင်။
မိန်းမပျိုလေးနှစ်ဦးလုံးမှာ တစ်မျိုးစီပြိုင်ဘက်ကင်းအောင် လှပကြလေသည်။
သူတို့ထဲမှ တစ်ယောက်က မြေပြင်ကိုထိနေသည့် အနီရောင်အဝတ်အစားများကို ဝတ်ဆင်ထားလေ၏။ သူမသည် ပင့်ကူနှင်းပန်းကဲ့သိုပင် ဆွဲဆောင်မှုရှိလှပေသည်။ သူမထံတွင် ထူးဆန်းသည့်အော်ရာရှိနေပြီး သူမ၏ နီရဲနေသည် ဆံနွယ်ရှည်များလည်း ဖြူဖွေးနေသည့် လည်တိုင်ထက်တွင် ဖြာကျနေလေသည်။
အခြားတစ်ယောက်တွင်မူ အဖြူရောင်ဝတ်စုံနှင့် အစိမ်းရောင်ဆံပင်များ ရှိလေသည်။ သူမသည် ပွင့်အာလာသည့် ကြာပန်းကဲ့သို့ပင် တိတ်ဆိတ်ကာ ကျက်သရေရှိလှသည်။ သူမသည် ခြေဖဝါးလေး ကန်ရေပြင်ကိုထိမိသည်နှင့် အပြာရောင်လှိုင်းဂယက်များဖြစ်ပေါ်လာလေသည်။
သူတို့နှစ်ယောက်မှာ ပြုံးမနေပေ။ သူတို့သည် ထူးခြားစွာ လှပနေသည့်သူများဖြစ်ကြသော်လည်း ယခုအချိန်တွင် သူတို့မျက်နှာထက်၌ အမူအရာများ ကင်းမဲ့နေလေသည်။ အဖွားအိုကြီးအား အရိုအသေပေးပြီးသည့်နောက်တွင် သူတို့နှစ်ဦး ဝင်ထိုင်လိုက်ကြလေသည်။
သူတို့သည် ရှီဟောင်အား တစ်ချက်ပင်မကြည့်ပေ။ အလွန်ပင် ‘ပွင့်လင်းမြင်သာ’ လွန်းသည့်သူသည် သူတို့နှစ်ဦးအား မျက်စိကျနေသည်ဟု သတင်းရသောကြောင့် သူတို့အပြေးလေး ရောက်လာခြင်းပင်။
သူတို့နှစ်ဦးမှာ အလွန်ပင် မကျေမနပ်ဖြစ်နေကြလေ၏။ အဘယ်ကြောင့်ဆိုသော် ထိန်းချုပ်မှုကို ပြုလုပ်ခဲ့သူများမှာ အမြဲတမ်းသူတို့ပင်။ လက်ထပ်မည့်ကိစ္စကို မည်သူမှ သူတို့အား ဖိအားမပေးဖူးပေ။ သို့သော် ယခုတလောတွင် ကလန်မှလူများမှာ သူတို့အား တာအိုလက်တွဲဖော်ရှာရန် အရိပ်အမြွက်ပြောနေကြလေသည်။
ဤသည်မှာ သူတို့၏အရှေ့တွင် ရှိနေသည့်လူမှန်းသိသာလှသည်။
သူတို့နှစ်ဦးသည် ရှီဟောင်အား လုံးဝပင်လျစ်လျူရှုနေပြီး ရှီရှားနှင့်စကားပြောနေလေသည်။ သူတို့သည် ကျောက်တုံးပေါ်တွင် ထိုင်နေပြီးမွှေးပျံ့သည့် လက်ဖက်ရည်ကို သောက်သုံးနေကြလေသည်။ ဤသည်မှာကောင်းကင်အာကာသများ၏ စုဝေးပွဲကဲ့သို့ဖြစ်နေ၏။
ဤကဲ့သို့သော ထူးဆန်းသည့်လေထုအခြေအနေတွင် ရှီဟောင်သည် အနည်းငယ်မျှပင် ရှက်ဟန်မပြပဲ သူ၏အရှေ့မှ မိန်းမပျိုလေးနှစ်ယောက်ကို အမိအရကြည့်နေလေသည်။
သူသည်ဘာမှမပြောပဲ သူတို့၏မျက်နှာမှတစ်ဆင့် ရှည်လျားချောမွေ့နေသည့်ဆံပင်၊ ဖြူဖွေးနေသည့်လည်တိုင်၊ နူးညံ့သေးသွယ်သည့်ခါး၊ ရှည်လျားသွယ်လျသည်ပေါင်တံနှင့် အောက်ဘက်သို့ မရပ်မနားဆက်ကြည့်သွားလေသည်။
နောက်ဆုံးတွင် မိန်းမပျိုလေးနှစ်ယောက်မှာသည်းမခံနိုင်တော့ပေ။ ထိုထိုးဖောက်နေသည့်အကြည့်များမှာ ပိုးကောင်ငယ်လေးများကဲ့သို့ပင် သူတို့၏ခန္ဓာကိုယ်အပေါ်အောက်ကို ရွေ့လျားနေလေသည်။ သူတို့နှစ်ဦးလုံး ရှီဟောင်အား စိုက်ကြည့်လိုက်သည်။
“ရှင်ဘာကိုကြည့်နေတာလဲ နှာပူးကောင်” အနီရောင်အဝတ်အစားနှင့်မိန်းမပျိုလေးမှ သူ့အားပြောလိုက်သည်။ သူမ၏လှပသည့်မျက်ဝန်းထဲတွင် မီးတောက်များရှိနေပြီး အလွန်ပင် ဒေါသထွက်ကာ ရှက်ရွံ့နေသည့်ပုံပင်။
“မင်းရဲ့နာမည်ကို မေးခွင့်ရှိမလား” ရှီဟောင်ပြုံးကာ ပြောလိုက်၏။
ဝတ်စုံနီနှင့်မိန်းမပျိုလေး မျက်မှောင်ကြုတ်လိုက်၏။ ဒီကောင်က အရေထူလွန်းမနေဘူးလား … ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသည် သူမနာမည်အား မေးရဲသေးသည်။ သူမ၏ မျက်လုံးထဲတွင် အလင်းများ တောက်ပလာပြီး ပို၍ပင် မကျေမနပ်ဖြစ်လာလေသည်။
“သူက ငါ့ရဲ့အာကာသကလန်က အလှဆုံး ပုလဲလုံးလေးတွေထဲက တစ်လုံးပဲ .. အနီရောင်ပင့်ကူနှင်းပန်းပဲ” နတ်ဘုရားအစစ်ရှီရှားမှ ပြောလိုက်သည်။
ရှီဟောင်ဆွံ့အသွားရ၏။ ဤနာမည်မှာ လိုက်ဖက်လွန်းလှသည်။ ဤအမျိုးသမီးသာ အရမ်းဒေါသထွက်မနေလျှင် သူမသည် ဆွဲဆောင်မှုရှိပြီး ပွင့်ဖူးလာမည့် နတ်ဆိုးပန်းကဲ့သို့ပင် တောက်ပကာ လှပလိမ့်မည်။
“အဲဒါဆိုရင် ငါမင်းကိုကြည့်နေမယ် .. အနီရောင်ပင့်ကူနှင်းပန်း” ရှီဟောင်ပြုံး၍ပြောလိုက်သည်။ အမျိုးသမီးငယ်လေး၏ ဒေါသကို သူတုံ့ပြန်လိုက်ခြင်းပင်။
ပင့်ကူနှင်းပန်းနီသည် သူ့ကို စိုက်ကြည့်လိုက်ပြီး ဤလူ၏အရေမှာ အမှန်တကယ်ပင် ထူလွန်းလှသည်ဟု ခံစားနေရလေသည်။ ဤလူသည် သေချာပေါက် လူကောင်းတစ်ယောက်မဟုတ်နိုင်။
“ဒီတစ်ယောက်က..” ပင့်ကူနှင်းပန်းနီ စိတ်တိုသွားရသည်မှာ သူ့ကိုပြုံးကာ စိုက်ကြည့်နေသည့်ဤလူသည် ပစ်မှတ်ပြောင်းကာ ဝတ်စုံဖြူနှင့် အမျိုးသမီးကို မေးနေခြင်းပင်။
“သူ့နာမည်က ဖုချူး .. ငါ့ကလန်က ပုလဲလုံးလေးတွေထဲက တစ်လုံးပဲ” နတ်ဘုရားအစစ်ရှီရှားမှာ မိတ်ဆက်ပေးလိုက်သည်။
“မင်းက ဝေးဝေးကနေကြည့်ရင် ရောင်စုံအလင်းတွေ တောက်ပနေတဲ့ နေမင်းကြီးနဲ့တူတယ် … ဒါပေမဲ့ အနီးကပ်ကြည့်လိုက်ရင် မင်းက အစိမ်းရောင်လှိုင်းတွေကို ထုတ်လွှတ်နေတဲ့ ကြာပန်းနဲ့တူတယ်” ရှီဟောင် ပြောလိုက်၏။ သူသည်ထိုစကားလုံးများဖြင့် မြှောက်ပြီးသည့်နောက်တွင် “လုံးဝကို သန့်စင်လှပပေမဲ့ သွေးဆောင်ဖြားယောင်းမှုမရှိဘူး”
ဖုချူး အပြုံးပါးပါးလေးပြုံးလိုက်သော်လည်း သူမ၏အော်ရာမှာ လီပေါင်းတစ်ထောင်ဝေးကွာနေဆဲပင်။ သူမသည် မည်သည့်ခံစားချက်၊ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ပေ။
“ရှင်ဘာဖြစ်ချင်နေတာလဲ” ပင့်ကူနှင်းပန်းနီစိတ်ရှုပ်စွာပြောလိုက်၏။ “ကျွန်မက ကလူနေတာလို့ ရှင်ပြောချင်တာလား”
“မဟုတ်ပါဘူး မင်းအတွေးလွန်နေပြီ .. ငါ့ရဲ့တာအိုလက်တွဲဖော်ကို ငါက ဘာလို့လှောင်ရမှာလဲ” ရှီဟောင်ပြောလိုက်လေသည်။
ထိုစကားထွက်လာသည့်အချိန်တွင် မေးရိုးများစွာ အောက်သို့ ပြုတ်ကျသွားလေ၏။
ပင့်ကူနှင်းပန်းနီသည် ထရပ်လိုက်ပြီး သူမသည် ဒေါသထွက်လွန်းသောကြောင့် သူမတစ်ကိုယ်လုံးပင် တုန်နေလေပြီ။ သူမသဘောတူမတူကို အသာထားလိုက်ဦး .. သူမ၏ကလန်မှ လူများစီစဉ်ပေးလျှင်ပင် သူသည်ဤကဲသို့ တိုက်ရိုက်မပြောသင့်ပေ။ ဟုတ်သည်မလား…
ရှီဟောင်သည် စိတ်ရှုပ်ထွေးသွားသည့်ပုံစံဖြင့် အဖွားအိုကြီးကို ကြည့်လိုက်ကာ “စီနီယာ စီစဉ်ပြီးသွားပြီမဟုတ်ဘူးလား .. ဒီနှစ်ယောက်က ကျွန်တော့်ရဲ့ တာအို လက်တွဲဖော်မဟုတ်ဘူးလား”
တည်ငြိမ်နေသည့် ဖုချူးပင် မတ်တပ်ရပ်လိုက်လေ၏။ သူမ၏ဆံပင်မှာလေထဲတွင် လွင့်မြောနေပြီး သူမ၏အင်္ကျီလက်များ လှုပ်ခါသွားလေသည်။
ပင့်ကူနှင်းပန်းနီဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ သူမ၏ အနီရောင်ဝတ်စုံမှာ ဖရိုဖရဲဖြစ်နေပြီး သူမ၏တစ်ကိုယ်လုံးတွင် အနီရောင်အလင်းတန်းများ စီးဆင်းလာလေ၏။ သူမ၏ ဖြူဖွေးနေသည့် မျက်နှာမှာ ဒေါသတရားများဖြင့် ပြည့်နေလေသည်။
သူမတည်ငြိမ်စွာ မနေနိုင်တော့ပေ “ရှင်က ကျွန်မတို့နှစ်ယောက်လုံးနဲ့ တာအို လက်တွဲဖော်ဖြစ်ချင်တာလား”
“ဒါက ဘာမှကိစ္စမရှိဘူးလေ ဟုတ်တယ်မလား .. စီနီယာ ဒါမှမဟုတ် ကျွန်တော်အထင်လွဲနေတာလား” ရှီဟောင်သည် နတ်ဘုရားအစစ်ရှီရှန်းအား လုံးဝပင်ကူကယ်ရာမဲ့နေသည့်အကြည့်ဖြင့် ကြည့်လိုက်လေ၏။
အဖွားအိုကြီး၏ မျက်နှာမှာ မည်းသထက် မည်းနက်လာလေပြီ။ ဤလူငယ်လေး၏ အစားစားလိုစိတ်မှာ ကြီးမားလှသည်။ သူက ကောင်းကင်ကို လှန်ပစ်ဖို့ ကြိုးစားနေခြင်းလား .. သူသည် ဤလူကို တကယ်ပင် ရိုက်ပစ်ချင်လာပြီ။
“အဲဒါကဆိုရင် … တစ်ယောက်တည်းဆိုရင်ရော” ရှီဟောင်သူ့ကိုယ်သူပြောလိုက်ပြီး သူ၏မျက်နှာထက်တွင် မကျေနပ်သည့်အမူအရာ ဖြစ်ပေါ်လာလေသည်။ ထို့နောက်တွင် သူသည် မိန်းကလေးနှစ်ယောက်အား ဘယ်တစ်လှည့်ညာတစ်လှည့် ကြည့်လိုက်ပြီး အလွန်ပင် ရွေးရခက်နေသည့်ပုံစံ လုပ်နေလေသည်။
“ရှင်..” ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့နှစ်ဦးလုံး၏ ဒေါသပေါက်ကွဲလာလေပြီ။
ဘေးဘက်တွင် ရှိနေသည့် အစေခံနှစ်ဦးမှာမူ မြေကြီးပေါ်လူးလိမ့်မတတ် ရယ်မောနေလေ၏။ ဒီလူက ဘာလို့ ဒီလောက်တောင် လောဘကြီးနေတာလဲ .. သူကကြွက်သားပဲရှိပြီး ဦးနှောက်မရှိတဲ့သူလား .. သူအခြေအနေတွေကိုနားမလည်ဘူးလား … သူသည် မိန်းကလေးများ၏ နှလုံးသားကိုနားမလည်သေးပေ။
“ဒါက တကယ်ကို ရွေးရခက်တာပဲ .. ဘယ်သူလုပ်မလဲဆိုတာ .. မင်းတို့နှစ်ယောက် အချင်းအချင်းဆွေးနွေးလိုက်ရင်ရော” ရှီဟောင်သည် ဒုက္ခရောက်နေသည့် ပုံစံဖြင့် ပြောလိုက်လေ၏။ သို့သော် သူစကားပြော၍မပြီးခင်မှာပင် မိန်းကလေးနှစ်ယောက်မှ ဒေါသတကြီးအော်လိုက်သည် “သွားသေလိုက်လေ”
“သူက ထူးခြားပါရမီရှိတဲ့သူတွေထက် စွမ်းအားကြီးတယ်ဆိုရင်တောင်မှ မလုံလောက်သေးဘူး .. သူက ရီစရာကောင်းပြီးတော့ စကားပြောမတတ်ဘူး” အလှလေးနှစ်ယောက်သည် ဒေါသတကြီးပြောပြီး ထွက်သွားလေသည်။
“ဟေး တာအို လက်တွဲဖော်တွေဖြစ်ဖို့ ငါတို့သဘောတူပြီးသွားပြီလေ .. အခုမင်းတို့က ရှောင်ပြေးသွားပြီဆိုတော့ မင်းတို့ဒီကိစ္စကို ဘယ်လိုလုပ်မှာလဲ” ရှီဟောင်အနောက်မှ အော်ဟစ်လိုက်သည်။
“သွားသေ သွားသေ သွားသေလိုက်” မိန်းမပျိုလေးနှစ်ယောက် အော်ဟစ်လိုက်သည်။ သင်္ကေတများပေါ်လာကာ ရေပြာကန်ကို လှိုင်းခွပ်လေးများဖြစ်ပေါ်လာစေသည်။
“အနည်းဆုံးတော့ သူတို့တွေ အကြောင်းပြချက်ပေးပြီးတော့ နည်းနည်းလောက်ညှိသင့်တယ်လေ ဟုတ်တယ်မလား” ရှီဟောင် ရေရွတ်လိုက်သည်။
“ဘာအခြေအနေကိုမှ မညှိနိုင်ဘူး” ဖုချူးပြောလိုက်သည်။
“မဟုတ်ဘူး .. အခြေအနေတစ်ခုရှိတယ်” ပင့်ကူနှင်းပန်းနီသည် ရုတ်တရက်ပြောလိုက်၏။ “ရှင် ပျံသန်းခြင်းထာဝရကျောက်တုံးကို မနိုင်ရင် ကျွန်မသဘောတူမယ်”
သူမ၏မျက်လုံးများထဲတွင် အလင်းရောင်တောက်ပလာလေ၏။ သူမသည် ဤလူငယ်လေးကို မုန်းတီးလွန်းလှသောကြောင့် သူ့ကို ဒုက္ခပေးရမည်။
ထိုပျံသန်းခြင်းထာဝရကျောက်တုံးမှာ အတော်လေးပင် ထူးဆန်းသည်။ အဆင့်လွန်နယ်ပယ်တွင်ရှိနေသည့်သူ မည်သူမှ မမနိုင်ပေ။ ယခင်က ကောင်းကင်ကိုတွန်းလှန်နိုင်သည့်ဂျီးနီးယပ်စ်များလည်း ကြိုးစားခဲ့၏။ သို့သော် ထိုကျောက်တုံး သူတို့ပုခုံးကိုကျော်သည်နှင့် သူတို့သည် အလွန်ပင်ပင်ပန်းလာပြီး သွေးအန်ကာ သူတို့၏လက်မောင်းများလည်း စုတ်ပြတ်သွားသည်။
နောက်ဆုံးတွင် ထိုရှားပါးသည့်ဂျီးနီးယပ်စ်မှာ သူ၏တာအိုအုတ်မြစ်ပျက်စီးသွားကာ နှစ်ပေါင်းများစွာကြာပြီးသည့်နောက်မှသာပြန်ကောင်းလာခြင်းပင်။
“ငါသာမနိုင်ရင်မင်းတို့နှစ်ယောက်က သဘောတူမှာလား” ရှီဟောင်ပြောလိုက်သည်။
“ရှင်..” မိန်းမလှလေးနှစ်ယောက်မှာ သူ့အား ရိုက်ချင်နေလေပြီ။
“ကောင်းပြီလေ ရှင်သာမ,နိုင်ရင် ရှင်ပြောတဲ့အတိုင်းဖြစ်လိမ့်မယ် .. ဒါပေမဲ့ တကယ်လို့ ရှင်မ,မနိုင်ရင်ရော” ဖုချူးမေးလိုက်၏။
“ငါသာ မ,မနိုင်ခဲ့ရင် မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ပဲရွေးလိုက်မယ်” ရှီဟောင် ခပ်တည်တည်ပင် ပြောလိုက်လေသည်။
“ရှင်က တော်တော်အရှက်မရှိတာပဲ” တည်ငြိမ်လှသည့် ဖုချူးသည် သည်းမခံနိုင်တော့ပဲ ပြောလိုက်လေသည်။
“ရှင်သာ ရှုံးခဲ့ရင် ရှင် ကောင်းကင်ဘုံမြို့ကနေ ချက်ချင်းထွက်သွားရမယ် … ဘယ်တော့မှ ပြန်မလာရဘူး” ပင့်ကူနှင်းပန်းနီမှ ပြောလိုက်သည်။ သူမ၏အသံမှာအေးစက်နေပြီး သူမ၏ အမူအရာမှာလည်း ခိုင်မြဲနေလေ၏။
“မင်း .. မင်းတို့တွေက တကယ်ကို တစ်ခြားသူတွေကို ဒုက္ခပေးလွန်းတာပဲ ဟုတ်တယ်မလား” ရှီဟောင်သည် အနည်းငယ် မကျေမနပ်ဖြစ်လာသည်။
“ရှင်ယောက်ျားလေးဆိုရင် တည့်တည့်ပြော” မိန်းကလေးနှစ်ယောက်မှ သူ့အားပြောလိုက်သည်။
“ကောင်းပြီလေ ငါရှုံးသွားရင် ငါထွက်သွားပေးမယ် .. တကယ်လို့ ငါအောင်မြင်ခဲ့ရင်တော့ မင်းတို့နှစ်ယောက်လုံးငါ့ရဲ့တာအို လက်တွဲဖော်လုပ်ပေးရမယ်” ရှီဟောင်ပြောလိုက်၏။
“ရှင့်စကားတွေကို မှတ်ထားလိုက်” မိန်းကလေးနှစ်ယောက်မှာ တစ်ချိန်တည်း လှည့်ထွက်သွားလိုက်လေသည်။
“ခဏနေဦး ငါအခုမှ သတိရတယ် .. ငါသာအောင်မြင်ရင် မင်းတစ်ခြားပုလဲလုံးလေးကိုလည်း ထည့်သင့်တယ်လေ ဟုတ်တယ်မလား” ရှီဟောင် ကျယ်လောင်စွာပင် ထပ်ပြောလိုက်သည်။
ဘေးဘက်တွင်ရှိနေသည့် အစေခံနှစ်ဦး၏ နှုတ်ခမ်းများရှုံ့မဲ့လာ၏။ သူတို့သည် အော်မရယ်မိအောင် ထိန်းထားနေကြရသည်။
ပင့်ကူနှင်းပန်းနီလေးနှင့် ဖုချူးတို့မှာ အလွန်ပင် ဒေါသထွက်လွန်းသောကြောင့် သူတို့၏ခန္ဓာကိုယ်ပင် တုန်နေလေပြီ။
သူတို့နှစ်ဦးမှာ ဒေါသကို ခက်ခဲစွာ မြိုသိပ်နေရသည်။ သူတို့သည် နောက်ပြန်လှည့်မကြည့်ပဲ လက်သီးများကို တင်းကြပ်စွာ ဆုတ်လိုက်ကာ အံကြိတ်လိုက်ပြီးနောက် “ကောင်းပြီလေ”
ထို့နောက်တွင် သူတို့သည် နောက်ပြန်မလှည့်စတမ်း ပျံသန်းသွားလေသည်။ သူတို့ဤနေရာတွင် ဆက်နေနေပါက ဒေါသထွက်လွန်း၍ သေသွားရလိမ့်မည်။
“မင်းက… တကယ်လျှပ်စီးနဲ့ ပစ်ခံရသင့်တယ်” နတ်ဘုရားအစစ်ရှီရှားလည်း ပြောလိုက်လေသည်။
သူမအမြင်တွင် ဤလူငယ်လေသည် အလွန်တော်သည့် တာအိုဂျီးနီးယပ်စ်ဖြစ်သော်လည်း သူ၏ ‘စိတ်ဓာတ်’မှာမူ ရွံစရာကောင်းလွန်းလှသည်။
ဤကောင်တွင် အခြားရည်ရွယ်ချက်ရှိနေလိမ့်မည်ဟုသူမခံစားနေရသည်။ အခြား ထူးခြားပါရီမီရှိသည့်သူများနှင့် ကောင်းကင်ဂျီးနီးယပ်စ်များမှာ ဤအလှလေးနှစ်ယောက်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့သည် နံရံကိုပေါက်သည့်ကြက်ဥကဲ့သို့ဖြစ်နေသောကြောင့် သူသည် အခြားနည်းလမ်းတစ်ခုဖြင့် ကြိုးစားချင်နေပုံရသည်။ ပထမဆုံးအထင်ကြီးအောင်လုပ်ပြီး ဤပုလဲလုံလေးနှစ်လုံး သူ့နောက်သို့ လိုက်လာအောင်လုပ်မည်။ သို့သော် ဤသည်မှာ လွန်လွန်းသွားလေပြီ။
“ဆရာ … ပျံသန်းခြင်းထာဝရကျောက်တုံးကိုမဖို့အတွက် ၂ နာရီအတွင်း သိုင်းပြိုင်ကွင်းကိုလာဖို့အတွက် မမလေးနှစ်ယောက်က မှာထားပါတယ်” လှပသည့်အစေခံမှ နူးညံ့စွာ ပြောလိုက်သည်။
“ငါနားလည်ပြီ” ရှီဟောင်ခေါင်းညိမ့်လိုက်ကာ သူတို့ကို လက်ဝေ့ရမ်းပြပြီး ထွက်သွားခိုင်းလိုက်သည်။
ယခုအချိန်တွင် သူ၏ပုံစံကို သူပြန်ပြင်ပြီးသွားလေပြီ။ သူသည် ယခင်ကပုံစံနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်နေလေပြီ။ သူ၏မျက်လုံးများမှာ ကြည်လင်ပြီး တည်ငြိမ်နေလေ၏။
“ငါက ပုံရိပ်ယောင်နာမည်တစ်ခုပဲ” ရှီဟောင်သက်ပြင်းချလိုက်သည်။
သူသည် ဤနေရာတွင် မနေချင်သောကြောင့် ဤကဲ့သို့လုပ်ရခြင်းပင်။ ဤနေရာတွင် တစ်ရက်ဆက်နေလျှင် တစ်ရက်ပို၍ အန္တရာယ်များသည်ပင်။
သူ ပျံသန်းခြင်းထာဝရကျောက်တုံးကို မ,မချင်သည်မှာသိသာလှသည်။
သို့သော် ကောင်းကင်နတ်ဘုရားသာ သူ့ကိုတကယ်နေခိုင်းစေချင်လျှင် ဤမိန်းကလေးနှစ်ယောက်နှင့် သူနေမည်ဆိုလျှင်ပင် သူတို့ဘာမှ ပြောမည်မဟုတ်ပေ။ သူ၏အကြံအစည်လည်း လုံလောက်မည်မဟုတ်ပေ။
သို့သော် သူအရှုံးမပေးချင်ပေ။ အနည်းဆုံးတော့ အခွင့်အရေးလေး နည်းနည်းလေး ရှိနေသေးသည််။
ဤမိန်းကလေးနှစ်ယောက်မှာ ထူးခြားလှပြီး သူတို့အနောက်တွင် ကောင်းကင်နတ်ဘုရားများ ရှိနေလိမ့်မည်။ မဟုတ်ပါက သူတို့ဤမျှ ရဲတင်းနေမည်မဟုတ်ပေ။
မိန်းမလှလေးများနှင့် ကစားခြင်းမှာ ကြောက်စရာကောင်းသည့် ရလဒ်ရလိမ့်မည်ဟု သူထင်သည်။ သူတို့၏နောက်ခံနှင့်ဆိုလျှင် သူ့ကို တိတ်တဆိတ် ‘မောင်းထုတ်မည့်’ နည်းလမ်းရလာလောက်သည်။
“သူတို့တွေက နည်းနည်းလောက်အသုံးဝင်ပြီးတော့ ငါ့ကို ကောင်းကင်ဘုံမြို့ထဲက ထွက်နိုင်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်တယ် .. ဒီအစီအရင်ကြီးတွေ ဝန်းရံထားတဲ့နေရာကနေ နည်းနည်းလောက် ထွက်ခွင့်ရတာနဲ့ ငါ့အတွက်လုံလောက်ပြီ” သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ပြောလိုက်သည်။
“အဲဒီကျောက်တုံးက တကယ်ထူးဆန်းတယ် .. ထူးဆန်းတာတစ်ခုခုဖြစ်မလာဖို့ မျှော်လင့်ရတာပဲ .. ငါအဲဒီကျောက်တုံးကို တကယ်မနိုင်သွားရင် ဘယ်လိုလုပ်မလဲ”