သုခကမ္ဘာက ရှီဟောင် - Chapter - 910 ပျံသန်းခြင်းထာဝရကျောက်တုံး
ရှီဟောင်သည် ထုံးကျောက်လမ်းတစ်လျှောက် လျှောက်လာလိုက်၏။ သူသည် မြို့လည်ကိုဖြတ်ကာ ဝိဉာဉ်တောင်များ၊ ထာဝရဂူများကိုဖြတ်ပြီး နောက်ဆုံးတွင် သိုင်းပြိုင်ကွင်းနားသို့ ရောက်လာလေ၏။
ကလန်မှ အလှလေးများ လက်ထပ်တော့မည်ဟူသောသတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားလေသည်။
ပါရမီရှင်တစ်ယောက် မြို့ထဲသို့ ဝင်လာပြီး ထိုသူသည်ကလန်မှ ပုလဲလုံးလေးတစ်လုံးနှင့် တာအိုအးလက်တွဲဖော်ဖြစ်လာမည်ကို သူတို့သိကြသည်။ ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားပြီး လူငယ်မျိုးဆက်တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်လေသည်။
ဤသည်မှာ ရုတ်တရက်ဆန်လွန်းသောကြောင့် သူတို့စိတ်ထဲတွင်ပင် မပြင်ဆင်ရသေးပေ။ ပင့်ကူနှင်းပန်းနီ၊ ဖုချူးနှင့် ယွမ်ရှီးတို့မှာ အာကာသလူမျိုးစု၏ နာမည်ကြီးသည့်အလှလေးများပင်။ သူတို့က ဘယ်လိုလုပ် ရုတ်တရက် လက်ထပ်သွားတာလဲ…
“အဲဒီလူကဘယ်သူလဲ .. သွားကြည့်ရအောင်”
“ငါ့ရဲ့ကလန်က ပုလဲလုံးလေးနဲ့ တာအို လက်တွဲဖော်ဖြစ်လာရအောင် သူက ဘာအရည်အချင်းတွေရှိနေလို့လဲ .. နည်းနည်းပါးပါးလေးတောင် ကြိုမပြောဘူး .. ငါတို့အားလုံးအတွက် မတရားဘူး … အင်ပါယာကလန်တစ်ခုခုက ငါတို့ကို ဖိအားပေးနေလို့များလား”
စွမ်းအားကြီးသည့်သွေးမျိုးဆက်များရှိသည့် လူငယ်ကျွမ်းကျင်သူများ ထွက်လာကာ စုဝေးနေကြလေ၏။
ဤသတင်းထွက်လာခြင်းမှာ တစ်ယောက်ယောက်မှ တမင်လုပ်လိုက်ခြင်းပင်။ ယခင်ကငြိမ်သက်နေခဲ့သည့်နေရာတွင် ကိစ္စများ ရုတ်တရက် ရှုပ်ထွေးလာလေသည်။
ရှီဟောင် ခန့်မှန်းထားသည့်အတိုင်းပင်။ အလှလေးနှစ်ဦးမှာ သူတို့၏ အဆက်အသွယ်များနှင့် `ဖုံးကွယ်ထားသည့်လွှမ်းမိုးမှုများ’ကို အသုံးပြုကာ ကိစ္စကြီးအောင် လုပ်နေခြင်းပင်။
ကောင်းကင်ဘုံမြို့မှာ မတည်ငြိမ်နိုင်တော့ပေ။
ရှီဟောင်သည် အစပိုင်းတွင် သတိမထားမိသော်လည်း နောက်ပိုင်း တီးတိုးပြောနေသည်များကို သူသေချာနားထောင်ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာလေသည်။
ဤတစ်ခေါက်သည် အန္တရာယ်များနိုင်သော်လည်း ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့မှာ စတင် ‘တိုက်ခိုက်’ နေလေပြီ။ သူတို့သည်သူ့အား ဤမြို့မှ ‘ထွက်သွားအောင်’ လုပ်လိမ့်မည်။
ရှီဟောင်လည်း ထွက်သွားချင်နေသောကြောင့် ဤသည်မှာ သူ့အတွက် အခွင့်အရေးပင်။
သို့သော် ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်စိတ်ပျက်သွားရသည်။ နတ်ဘုရားအစစ်များ လှုပ်ရှားလာကာ လူငယ်များအား မြို့ထဲတွင် ပြဿနာမရှာဖို့ ပြောကြလေသည်။ ဆူပူနေမှုမှာလည်း ချက်ချင်းပင် အားပျော့သွားလေ၏။
“သူကိုယ်တိုင်က ငါတို့ကလန်က ပုလဲလုံးလေးနှစ်လုံးနဲ့ တာအို လက်တွဲဖော်ဖြစ်ချင်နေတာလို့တော့ ငါ့ကို မပြောနဲ့နော်”
“ငါကြားရတဲ့သတင်းအရဆိုရင်တော့ ဒီလိုမျိုးဖြစ်ဖို့များတယ်”
ရေပြာကန်ဘေးတွင်ဖြစ်ပျက်ခဲ့သည်များ ပေါက်ကြားသွားသည့်အချိန်တွင် အားလုံးတုန်လှုပ်သွားခဲ့ရသည်။
သူတို့မှာ ရယ်ရမလား ဒေါသထွက်ရမလားပင် မသိတော့ပေ။
“ဒါက အရမ်းရှက်ဖို့ကောင်းပြီး အထိန်းအကွပ်မဲ့နေတာပဲ .. အဲဒီလူက ဘယ်သူလဲ .. သူကဘယ်လိုပုံစံမျိုးလဲဆိုတာကို ငါတကယ်သိချင်လာပြီ”
“ဒီလိုလူမျိုးလည်း ရှိသေးတာလား .. ပျံသန်းခြင်းထာဝရကျောက်တုံးကို မရအောင် သူကဘယ်လိုလူမျိုးလဲ .. သိုင်းပြိုင်ကွင်းကို သွားကြည့်ရအောင် .. သူ့ရဲ့အရိုးတွေ ကျိုးကြေသွားပြီး သူ့ပါးစပ်က သွေးတွေအန်ထွက်လာတာကို ငါကြည့်ချင်တယ်”
သိုင်းပြိုင်ကွင်းအနားတွင် လူအများကြီးရှိနေလေသည်။ သူတို့အားလုံးမှာ ဆူညံဆူညံပင် စကားပြောနေကြလေ၏။
ရှီဟောင် သိုင်းပြိုင်ကွင်းသို့ ရောက်လာလေပြီ။ သို့သော် သူအထဲဝင်၍မရဖြစ်နေ၏။ ဤနေရာတွင် လူများ ထူထပ်လှပြီး ရေစက်ပင် တိုးမပေါက်နိုင်အောင် ဖြစ်နေသည်။ အထူးသဖြင့် ဝင်ပေါက်ပင်။
ဤနေရာမှာ ကန့်သတ်ထားသောကြောင့် ခွင့်ပြုချက်မရှိပဲ လေထဲလည်းပျံသန်း၍မရပေ။
“တာအိုညီအစ်ကိုတို့ ကျွန်တော့်ကို ခွင့်ပြုပါဦး .. ကျွန်တော့်ကို ဖြတ်သွားခွင့်ပေးပါလား” ရှီဟောင်သည် သူ့အနားမှ လူများအား မေးလိုက်သည်။
“မင်းက ဘယ်သူလဲ .. ငါစောင့်နေတုန်းပဲဆိုတာ မင်းမတွေ့ဘူးလား .. အနောက်မှာတန်းစီပြီးတော့ အစဉ်လိုက်ဝင်” ထိုလူမှ ပြောလိုက်သည်။
“လူတွေအများကြီးပဲ ..” ရှီဟောင်ရေရွတ်လိုက်၏။
“ဒါပေါ့ .. အားလုံးက အဲဒီအရူးကိုကြည့်ဖို့ရောက်လာကြတာ .. အဲဒီကောင်က ဘယ်လိုပုံစံမျိုးလဲဆိုတာကို သူတို့ကြည့်ချင်နေကြတာ .. မင်းလည်းဒီအတွက် လာတာပဲမလား”
“ကျွန်တော်က ဒီကို ရိုးရိုးသားသားလာတာပါ .. ပျံသန်းခြင်းထာဝရကျောက်တုံးကမနိုင်တဲ့သူက သေချာပေါက် ကောင်းကင်ကို တွန်းလှန်နိုင်တဲ့ဂျီးနီးယပ်စ်ပဲ” ရှီဟောင် ပြောလိုက်၏။
“ဒါက ဘာစကားကြီးလဲ .. အာကာသကလန်က မင်းကို တပည့်အဖြစ်လက်ခံထားတာကို မင်းက အပြင်လူအတွက် ပြောပေးနေတယ် .. ငါတို့ဘုံရန်သူကို ရှင်းပစ်ဖို့အတွက် ပူးပေါင်းသင့်တယ်” ဘေးဘက်တွင်ရှိနေသည့် အသက် ၂၀ ကျော်လူငယ်တစ်ယောက်မှ သူ့အားပြောလိုက်သည်။
“ဒါက သူရဲကောင်းတစ်ယောက်လှုပ်ရှားတာနဲ့မတူဘူးလား .. ကောင်းကင်ကိုတွန်းလှန်နိုင်တဲ့အရည်အချင်းရှိတဲ့သူက ဒီလိုမျိုးပဲ လုပ်သင့်တယ်” ရှီဟောင် ပြောလိုက်သည်။
ရလဒ်အနေဖြင့် လူအုပ်စုအားလုံးမှာ မကျေမနပ်ဖြစ်လာကြပြီး သူ့အားစိုက်ကြည့်လာကြလေသည်။
ရှီဟောင်သည် သူယုံကြည်သည့်အရာကို ဤလူများနှင့် အခိုင်အမာပင် ငြင်းခုံနေလေသည်။ သူသည် လူအုပ်စုတစ်အုပ်စုကို တစ်ယောက်တည်းနှင့် ပြိုင်ငြင်းနေခြင်းပင်။
ဤနေရာမှာ ချက်ချင်းပင် ဆူညံလာလေ၏။ ဤသည်မှာ စကားလုံးတိုက်ပွဲတစ်ခုပင်။ လူများစွာ ပူးပေါင်းပါဝင်လာပြီး အပြင်လူအတွက် ပြောပေးနေသည့် ဤ’သူပုန်’ကို ဖိနှိပ်ရန် ကြိုးစားနေကြလေသည်။
“ဟေး မင်းဘာဖြစ်နေတာလဲ .. မင်းကဘာလို့ အပြင်လူဘက်ပါနေတာလဲ” မိန်းမပျိုအနည်းငယ်ပင်လျှင် ဆက်မကြည့်နိုင်တော့ပဲ ရှီဟောင်အနားသို့ ရောက်လာလေသည်။
“လူမျိုးစွဲတွေ နယ်မြေစွဲတွေ မထားသင့်ပါဘူး … ကျွန်တော်တို့တွေ နှလုံးသားကိုဖွင့်ထားပြီးတော့ အားလုံးကို လက်ခံသင့်တယ် .. ဘဝမှာဘာလို့ သဘောထားကျဉ်းမြောင်းနေမှာလဲ” ရှီဟောင်သည် မှန်ကန်သည့်အပြုအမူဖြင့်ပင် ပြောလိုက်လေ၏။
ဝင်ပေါက်ပိတ်ထားပြီး သူဝင်မရဖြစ်နေသောကြောင့် အခြားသူများနှင့် ပြိုင်ငြင်းလို့သည့်သူ၏အကျင့် ပေါ်လာလေသည်။ သူသည် ပျံသန်းခြင်းထာဝရကျောက်တုံးကို မရဲသည့်သူဘက်မှ ဆက်တိုက်ပင် ချီးကျူးနေပြီး အများနှင့်တစ်ယောက် ရင်ဆိုင်နေလေသည်။
“ပင့်ကူနှင်းပန်းနီလေးသာ တစ်ခြားလူနဲ့တာအိုအဖော်ဖြစ်သွားရင် မင်းဒီလိုမျိုး သဘောထားကြီးနေနိုင်မှာမဟုတ်ဘူးဆိုတာကို ငါပြောရဲတယ်” တစ်စုံတစ်ယောက်မှ သူမှားနေကြောင်းပြောလိုက်သည်။
“မင်းသိလား ငါ့နှလုံးသားက ပင်လယ်ကြီးလိုပဲ ပွင့်လင်းမြင်သာတယ် .. ငါ့မျက်လုံးတွေက ကြယ်တွေလိုပဲ နက်ရှိုင်းတယ် .. အကန့်အသတ်မရှိတဲ့အချစ်တွေလိုပဲ ငါ့နှလုံးသားက အကန့်အသတ်မရှိဘူး” ရှီဟောင်သည် စိတ်အားထက်သန်စွာပင် ပြောလိုက်လေသည်။
“မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ .. မင်းဘာပြောချင်နေတာလဲ” လူငယ်ကျွမ်းကျင်သူတစ်ယောက်မှ မေးလိုက်၏။ သူ၏မျက်မှာမှာ မသာမယာဖြစ်နေလေသည်။
“မင်းတစ်ယောက်ယောက်ကိုကြိုက်ပေမယ့် မင်း သူနဲ့အတူမရှိနိုင်ဘူး .. သူပျော်ရွှင်နေသရွေ့ မင်းက ခပ်ဝေးဝေးကနေတိတ်တိတ်လေးကြည့်ပြီး ပျော်နေသင့်တယ် .. အချိန်ကျလာရင် မင်းတို့အားလုံး လက်လွတ်လိုက်ဖို့ ငါပြောချင်တယ်..” ရှီဟောင်သည် ချေငံစွာပင် ပြောနေသော်လည်း ဆုံးဖြတ်ချက်ပြတ်သားသည့်ပုံစံဖြစ်နေလေသည်။
“မင်းဘယ်သူလဲ .. မင်းဘာတွေပြောနေတာလဲ” တစ်စုံတစ်ယောက်မှ အလွန်ပင် မကျေမနပ်ဖြစ်လာသည်။
သို့သော် အချို့လူငယ်များမှာ သူတို့သည် သူတို့အရှေ့မှ လူငယ်လောက်ပင် သဘောထားမကြီးဘူးဟု ခံစားရကာ ရှက်လာကြလေ၏။
“ရှင်က ဒါကို ယုံနေတာလား” မိန်းမပျိုလေးမှ မေးလိုက်သည်။ သူမတင်မက အခြားသူများလည်း သူနှင့်ဆွေးနွေးနေကြလေ၏။ ဤနေရာမှာပို၍ပင် ဆူညံလာလေသည်။
ဤနေရာတွင် တစ်စထက်တစ်စ လူများများပြားလှပြီး ရှီဟောင်သည် ထိုလူမျိုးကို တစ်ယောက်တည်းဒိုင်ခံငြင်းနေလေ၏။
“ခဏလေး မင်းကဘာလို့အဲဒီကောင်ကိုယ်စားပြောပေးနေတာလဲ .. အဲဒီကောင်က အရမ်းကြီးတွေ ကိုယ့်ကိုကိုယ်အထင်ကြီးပြီးတော့ ပျံသန်းခြင်းထာဝရကျောက်တုံးကို မချင်နေတာ .. သူကတကယ်ကို သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ”
“မဟုတ်ဘူး … အဲဒါက ပြိုင်ဘက်ကင်းတဲ့သူရဲကောင်းတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပဲ” ရှီဟောင် ပြန်ပြောလိုက်သည်။
“ဟေး မင်းအဓိပ္ပာယ်မရှိတာတွေ ပြောလို့မပြီးနိုင်သေးဘူးလား”
…
ထိုအချိန်တွင် သိုင်းပြိုင်ကွင်းအတွင်းမှ မော့ရှီး မရောက်လာသေးဘူးလားဟု မေးနေသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။
ရှီဟောင်သည် ချောင်းဟန့်လိုက်ကာ “အားလုံးပဲလမ်းဖယ်ပေးပါဦး .. ငါဝင်ရတော့မယ်”
“မင်းဘာပြောချင်နေတာလဲ” အချိန်အကြာကြီး ငြင်းခုံနေကြသောကြောင့် ဤနေရာတွင် လူများနေလေပြီ။ အချို့လူများမှာ သူ့ကိုမကြည်သောကြောင့် ဘယ်လိုလုပ် သူ့အတွက် လမ်းဖယ်ပေးချင်နေမည်နည်း..
“အထဲမှာ တစ်ယောက်ယောက်က ငါ့ကိုခေါ်နေတယ် .. ငါမသွားရင် အရမ်းနောက်ကျသွားလိမ့်မယ်” ရှီဟောင် ရှင်းပြလိုက်သည်။
“မင်း .. မင်းဘယ်သူလဲ” အားလုံးမှာ အခြေအနေသိပ်မကောင်းဘူးဟု ခံစားနေရသည်။
“ငါက မော့ရှီးပါ” ရှီဟောင်သည် ပြောရင်းဖြင့်ပင် တံခါးပေါက်ကို ဖြတ်ဝင်သွားလိုက်လေ၏။
အပြင်ဘက်တွင်ရှိနေသည့် လူအုပ်ကြီးမှာ ဆွံ့အကာ ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။
နောက်ဆုံးတွင် အော်ဟစ်သံကြီး ထွက်ပေါ်လာကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေ၏။
“အဲဒါက အဲဒီအရူးပဲ”
“အရှက်မရှိလိုက်တာ”
“အဲဒါကြောင့်မို့လို့ သူက ‘အပြင်လူ’ ဘက်က ဝင်ပြောပေးနေပြီးတော့ သူ့ကိုယ်သူ ချီးမွမ်းနေတာ .. ဒီသောက်ခွေးက သူ့ကိုယ်သူ ချီးကျူးနေတာ .. ဘဝင်လေဟပ်နေတဲ့ကောင်”
…
လူအုပ်ကြီးမှာ ဆူပူနေကြလေသည်။ သူတို့သည် ဤမျှအရေထူသည့်သူကို မတွေ့ဖူးသေးပေ။
လမ်းတစ်လျှောက်တွင် လူများစွာမှာ ရှီဟောင်အား ကြည့်နေလေ၏။ သူသည်ရဲတင်းစွာပင် တစ်လှမ်းချင်းလျှောက်နေလေသည်။
ခဏကြာပြီးသည့်နောက်တွင် အပြင်ဘက်ဘက်တွင်ဖြစ်ခဲ့သည့်အဖြစ်အပျက်များပျံ့နှံ့သွားလေ၏။ အားလုံးမှာ ဆွံ့အသွားရသည်။ ဤလူက ထူးဆန်းလွန်းမနေဘူးလား..
အားလုံးမှာ ဒေါသများဆူပွက်လာလေ၏။
“သူ တကယ်လာရဲတယ်ပေါ့” ပင့်ကူနှင်းပန်းနီမှ ပြောလိုက်သည်။
သူမနှင့်ဖုချူးပေါ်လာပြီးအားလုံးကို ငြိမ်ငြိမ်နေဖို့ပြောလိုက်ခြင်းမဟုတ်လျှင် လူအုပ်ကြီးမှာ ရှီဟောင်ထံသို့ ပြေးလာနေလေပြီ။
“ငါကဘာလို့ မလာရဲရမှာလဲ .. ဒါကကောင်းကင်က သတ်မှတ်ပေးထားတဲ့ကံကြမ္မာပဲလေ .. ငါတို့တွေက တာအို လက်တွဲဖော်တွေဖြစ်လာပြီးတော့ သမိုင်းတွင်တော့မှာ” ရှီဟောင် ပြောလိုက်၏။
“ပါးစပ်ပိတ်ထား” ပင့်ကူနှင်းပန်းနီမှာ သူနှင့်စကားမပြောချင်တော့ပေ။ သူမစိတ်မထိန်းနိုင်ပဲ သူနှင့် တိုက်ခိုက်မိမည်စိုးသောကြောင့်ပင်။
ဖုချူးသည် တည်ငြိမ်စွာဖြင့်ပင် အနားတွင်ရှိနေသည့် သူများအား ကြည့်လိုက်၏။
ရှီဟောင်၏စိတ်ထဲတွင်လည်း တုန်လှုပ်သွားရသည်။ ဤလူများမှာ အာကာသလူမျိုးစုမှ ဂျီးနီးယပ်စ်များအပြင် အပြင်လူအနည်းငယ်လည်းပါဝင်သည်။ အားလုံးမှာ အလွန်ပင်စွမ်းအားကြီးကြလေ၏။
သူတို့ထဲတွင် ထူးခြားပါရမီရှိသူများလည်း ပါဝင်လေသည်။
ဤသည်မှာသူ့ကို ထိတ်လန့်သွားစေသည်။ ပင့်ကူနှင်းပန်းနီနှင့် ဖုချူးမှာ ဤကဲ့သို့သော လူမျိုးများကို ခေါ်နိုင်လောက်အောင် စွမ်းအားကြီးသည်လား..
သို့သော် ငွေရောင်ဆံပင်ရှိသည့်အမျိုးသမီးနှင့် အလွန်လှပသည့် အပြာရောင်ဝတ်စုံဝတ်ထားသည့် မိန်းမပျိုလေးလည်းရှိနေသေးသည်။ သူတို့မှာအမျိုးသမီးများဖြစ်ကြသောကြောင့် ဤလူများကိုတော့ခေါ်၍ရမည်မဟုတ်ပေ။
“ကျွန်မရဲ့ အာကာသကလန်ကို လာလည်တဲ့ သူငယ်ချင်းတစ်ချို့ရှိသေးတယ်” ဖုချူးမှ ပြုံး၍ပြောလိုက်သော်လည်း သူတို့အား မိတ်ဆက်မပေးတော့ပေ။
ရှီဟောင် နားလည်သွားပြီ။ အာကာလူမျိုးစနှင့် စစ်လူမျိုးစု၏ စစ်ပွဲမှာ အဖြစ်အပျက်ကြီးတစ်ခုပင်။ ဤနှစ်ရက်အတွင်းတွင် သူတို့သည် အခြားလူမျိုးစုများနှင့် အချိန်ပြည့်ဆက်သွယ်နေကြခြင်းပင်။ ဤလူငယ်ပါရမီရှင်များမှာလည်း ရှေးဟောင်းဂိုဏ်းအနည်းငယ်မှ လာခြင်းဖြစ်ပေသည်။
“မင်းက ပျံသန်းခြင်းထာဝရကျောက်တုံးကို မချင်နေတာလို့ငါကြားတယ် .. မင်းရဲ့သတ္တိကိုတော့ ချီးကျူးပါတယ်” တစ်စုံတစ်ယောက်မှ လှောင်ပြောင်လိုက်သည်။
မော့ရှီး စစ်ဘုရင်ကို သတ်လိုက်သည့်အကြောင်းကို ဤမိန်းကလေးနှစ်ယောက် မပြောကြပေ။ မည်သူမျှ ဤအကြောင်းကိုမသိကြသေးပေ။ လူအနည်းငယ်သာ မော့ရှီးအကြောင်း ‘အတွင်းသတင်း’ ကို သိထားခြင်းပင်။
“အဲဒါက ကျောက်တုံးလေးပဲ မဟုတ်ဘူးလား .. ငါက ဘာလို့ မလုပ်ရဲရမှာလဲ” ရှီဟောင်သည် အလေးမထားပဲ ပြောလိုက်လေ၏။
“ကောင်းကင်ကြီး ဘယ်လောက်မြင့်ပြီးတော့ ကမ္ဘာမြေကြီးက ဘယ်လောက်နက်သလဲဆိုတာကို မင်းမသိသေးပါဘူး .. ထူးခြားပါရမီရှိတဲ့သူတွေတောင်မှ အဲဒါကို မ,မနိုင်ဘူး .. ရှေးကတည်းက အဆင့်လွန်ကျွမ်းကျင်သူတွေတောင် မအောင်မြင်သေးဘူး အဲဒါကို မင်းက မချင်နေသေးတယ်ပေါ့” တစ်စုံတစ်ယောက်မှ လှောင်ပြောင်လိုက်လေသည်။
…
ဤလူအုပ်ကြီးမှာ သူ့ကို အထင်သေးနေသည်မှာ သိသာသည်။ ဤသည်မှာ သူတို့သည် သူ့အားရန်လိုနေသောကြောင့်သာမက သူရှိသမျှအားကိုထုတ်ပြီး ပျံသန်းခြင်းထာဝရကျောက်တုံးကို မရန်အတွက် သူ့အား ဖိအားပေးနေကြခြင်းပင်။ ဤနည်းလမ်းဖြင့် သူ၏တာအိုလည်း ဒဏ်ရာရသွားနိုင်သည်။
ထိုကဲ့သို့သော ရန်စမှုများကို ရင်ဆိုင်နေရသော်လည်း ရှီဟောင်အလွန်ပင် တည်ငြိမ်နေလေသည်။ “မင်းတို့အားလုံးက ငါ့ကိုအဲဒီလိုမျိုးပြောနေရအောင် မင်းတို့မှာ ဘာအရည်အချင်းရှိလို့လဲ .. မင်းတို့အားလုံး မရဲလို့လား”
“ငါတို့အကောင်းဆုံးကြိုးစားရင် အနည်းဆုံးတော့ ငါတို့ရွှေ့အောင် လုပ်နိုင်တယ် .. မင်းကလုပ်နိုင်လို့လား” ယောက်ျားလေးတစ်ဦးမှ ပြောလိုက်သည်။
ထို့နောက်တွင် ထူးခြားပါရမီရှိသူတစ်ယောက်မှ လှောင်ပြောင်လိုက်လေသည် “မင်းရှုံးသွားရင် မင်းကိုယ်တိုင် ကောင်းကင်ဘုံမြို့ကနေ ထွက်သွားရမယ်လို့ ငါကြားတယ် … မင်းစကားတည်မတည်ကိုစောင့်ကြည့်တာပေါ့”
“ဒါပေါ့ ငါ့စကားကိုငါတည်မှာပေါ့” ရှီဟောင် ပြောလိုက်သည်။
ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့မှာ ချက်ချင်းပင် ပြုံးလာလေ၏။ သူတို့အနိုင်ရတော့မည်ကို သူတို့သိသည်။ ခဏနေလျှင်သူတို့သည် ကြည့်ကောင်းသည့် ပွဲတစ်ပွဲကို ကြည့်ရတော့မည်။ ဤကောင်သည် သေချာပေါက် ဆိုးရွားစွာဖြင့်ပင် စိတ်ပျက်လက်ပျက် ထွက်သွားရလိမ့်မည်။
“ဒဏ်ရာမပြင်းထန်အောင် မင်းကိုယ်မင်း ဂရုစိုက်လိုက်ဦး .. အချိန်တန်လာရင် မင်းကိုမြို့ပြင် ပစ်လိုက်ဖို့အတွက် ငါတို့တစ်ခြားသူရဲ့အကူအညီယူလို့ရသေးတယ်” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ဟစ်ကြွေးပြီး ပြောလိုက်သည်။
“မင်းတို့အားလုံးလည်းယောက်ျားဆိုရင် မင်းတို့လည်း စမ်းကြည့်သင့်တယ် .. စကားတွေပဲ လာများမနေနဲ့ .. မင်းတို့ထဲမှာ ဒီကျောက်တုံးကို မြှောက်ရဲတဲ့သူရှိလား” ရှီဟောင်သည် များလှစွာသော လူငယ်ဂျီးနီးယပ်စ်များအား ကြည့်လိုက်သည်။
ဤနေရာမှာ လုံးဝပင် တိတ်ကျသွားကာ မည်သူမျှ ဘာမှမပြောတော့ပေ။
“မင်းတို့အားလုံးယောက်ျားဆိုရင် ဒီကျောက်ကိုလာမ .. မင်းတို့အားလုံးမလုပ်ဘူးလား” ရှီဟောင်မေးလိုက်၏။
“မင်း..” လူအုပ်ကြီးမှာ မျက်နှာပျက်သွားလေသည်။ ဤကောင်၏ပါးစပ်မှာ ‘နိမ့်ပါး’ လွန်းလှသည်။ သူတို့ကိုတောင် လှောင်ပြောင်ရဲနေသေးသည်။ ဤသည်မှာ မုန်းစရာကောင်းလွန်းလှသည်။
“ငါတို့သာလှုပ်ရှားရင် ငါတို့ကျောက်တုံးကို မနိုင်တယ် .. ငါတို့က မင်းထက်ပိုပြီးတော့ သန်မာတယ်”
“အပြောလေးတွေလျှော့ … အဲဒါဆိုရင်လည်းပြိုင်ပွဲလုပ်ပြီး ပြိုင်ရအောင်လေ” ရှီဟောင် စိန်ခေါ်လိုက်သည်။
ထိတ်လန့်စရာကောင်းသည်မှာနောက်ဆုံးတွင် အချို့လူငယ်ကျွမ်းကျင်သူထွက်လာပြီး သူတို့၏ ကြွက်သားများကို ဆန့်ထုတ်ပြီး ကြိုးစားကြည့်ကြလေသည်။
“မ…”
တစ်စုံတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ ပျံသန်းခြင်းထာဝရကျောက်တုံးကို မြေပြင်ပေါ်မှ မလိုက်လေသည်။
“မင်းက ကျောက်တုံးကို ရွှေ့အောင်တောင် မလုပ်နိုင်ဘူး..” ရှီဟောင် ခနဲ့လိုက်သည်။
“အဓိပ္ပာယ်မရှိတာ” ကျောက်တုံးမနေသည့်တစ်ယောက်မှ ဒေါသထွကလာလေ၏။ သူ့ထံတွင် နတ်ခွန်အားရှိပြီး ပျံသန်းခြင်းထာဝရကျောက်တုံးကို မနိုင်သွားလေသည်။ ဤသည်မှာ လူများစွာကို ထိတ်လန့်သွားစေသည်။
ထို့နောက်တွင် ထူးခြားပါရမီရှိသူတစ်ယောက် ထွက်လာလေ၏။ ကံမကောင်းစွာဖြင့်ပင် သူသည် ကျောက်တုံးကို ပေတစ်ဝက်ခန့်သာမနိုင်လေသည်။ သူ၏မျက်နှာတစ်ခုလုံးနီရဲနေလေပြီ။
“စိတ်ပျက်စရာကောင်းလိုက်တာ..” ရှီဟောင်ပြောလိုက်၏။ ဤသည်မှာ ထူးခြားပါရမီရှိသူကို ဒေါသထွက်ပြီး သွေးအန်စေလေသည်။ သူသည် ပျံသန်းခြင်းထာဝရကျောက်တုံးအား မြန်မြန်ချလိုက်လေသည်။ သူ၏နှုတ်ခမ်းထောင့်တွင် သွေးစည်းကြောင်းတစ်ခု ထွက်ပေါ်လာလေ၏။
“ရှင်ကိုယ်တိုင်စမ်းကြည့်လေ” ပင့်ကူနှင်းပန်းနီမှာ ရန်စလိုက်လေသည်။
“ဟုတ်ပြီလေ .. ငါ မ,မနိုင်ရင် ကောင်းကင်ဘုံမြို့ကနေ ငါထွက်သွားမယ်” ရှီဟောင် ပြောလိုက်၏။
“ရှင့်ရဲ့ နတ်ခွန်အားကို ကျွန်မစောင့်မျှော်နေပါတယ်” ဖုချူးသည် တည်ငြိမ်သော်လည်း ယခုအချိန်တွင် သူမသည် သူ့အားမယဉ်ကျေးနိုင်တော့ပေ။
ရှီဟောင်အရှေ့သို့ လျှောက်လာသည်ကို အားလုံးသေချာစောင့်ကြည့်နေလေသည်။
“ငါကျောက်တုံးကို မတဲ့အချိန်မှာ အားအများကြီးမသုံးမိဖို့ ဂရုစိုက်ရမယ်…” ရှီဟောင် ရေရွတ်လိုက်၏။ ဤသည်မှာ သူ၏စိတ်ထဲတွင်တွေးနေခြင်းဖြစ်သော်လည်း လူအများကြီး ကြားလိုက်ရလေသည်။
စိတ်ကြီးဝင်နေလိုက်တာ..
“ရှင့်မှာတကယ်အားရှိရင် မလိုက်လေ .. ကျွန်မတို့ကြည့်ချင်တယ်” ပင့်ကူနှင်းပန်းနီမှ ပြောလိုက်သည်။ သူမ၏လှပသည့်မျက်နှာတွင် ဒေါသတရားများပြည့်နေလေ၏။ ရှီဟောင်အောင်မြင်လိမ့်မည်ဟု သူမ မထင်ပေ။ သူ၏တာအို ထိခိုက်သွားမည်ကို သူမစောင့်ကြည့်မည်။
ဖုချူးသည်လည်း ထိုကဲ့သို့ပင်။ သူမ၏နှုတ်ခမ်းထောင့်မှာ ကွေးတက်နေလေ၏။
အားလုံးမှာ သူ့ကိုစောင့်ကြည့်နေကြလေသည်။
ရှီဟောင်သည် သိုင်းပြိုင်ကွင်းအလည်သို့ လျှောက်သွားလိုက်ပြီး ပျံသန်းခြင်းထာဝရကျောက်တုံးကို မလိုက်ကာ အားအနည်းငယ် ထည့်လိုက်လေသည်။
သူ ထိုကျောက်တုံးကို ထိလိုက်သည်နှင့် ကျောက်တုံးကြီးမှာ မှုန်မိုင်းကာ အလင်းမရှိသော်လည်း သူ၏အသွေးအသားများမှာ တောက်ပကာ ကြည်လင်လာသည်ကို သူခံစားရသည်။
ပျံသန်းခြင်းထာဝရကျောက်တုံးထံတွင် သူ့ကိုတုန်လှုပ်စေနိုင်သည့် သဘာဝဥပဒေသတစ်ချို့ ရှိနေလေသည်။
“အာ ..သူမြှောက်လိုက်ပြီ .. မြေကြီးကနေ သုံးပေမြှောက်တက်သွားပြီ” လူအုပ်ကြီး၏မျက်နှာ ဖြူဖျော့သွားလေ၏။
“ငါအဲဒီလောက်တောင် အားမသုံးရသေးဘူးလေ” ရှီဟောင်ထိတ်လန့်သွား၏။ သူသည်ထိုစကားကိုသတိလက်လွတ်ပြောမိသွားလေသည်။
“ငါတကယ်မြှောက်နိုင်တော့မှာတော့ မဟုတ်ဘူးမလား” ရှီဟောင် ဆွံ့အနေလေ၏။ အဘယ်ကြောင့်ဆိုသော် သူဘာမှပင် မလုပ်ရသေးပေ။ ပျံသန်းခြင်းထာဝရကျောက်တုံးမှာ သူ၏လက်ကိုကပ်နေပြီး သူ့ဘာသာသူ မြှောက်တက်လာခြင်းပင်။
ပင့်ကူနှင်းပန်းနီနှင့် မုချူးတို့မှာ ဒေါသထွက်လာလေသည်။ ဤသည်မှာ သူတို့အား လှောင်ပြောင်းခြင်းလား ..
အမှန်တကယ်တွင် ရှီဟောင်သည် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို အာရုံမထားတော့ပေ။ အဘယ်ကြောင့်ဆိုသော် ပျံသန်းခြင်းထာဝရကျောက်တုံးတွင် ထူးဆန်းသည့်စွမ်းအားတစ်မျိုးရှိပြီး သူ့အတွင်းမှ ထူးဆန်းသည့်အားတစ်မျိုးကို လှုံ့ဆော်ပေးနေလေသည်။
ထိုချိန်တွင် ဖရိုဖရဲသင်္ကေတများထွက်ပေါ်လာလေ၏။ ထိုသင်္ကေတများမှာ သူ၏အသွေးအသားပေါ်တွင် တောက်ပလာပြီးနောက် တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
“ဒါက…” သူ၏စိတ်ထဲတွင် အလွန်တုန်လှုပ်နေလေပြီ။
သူ အနှီးဖြင့် စည်းထားရသည့်အရွယ်မှာပင် သူ၏အဆင့်လွန်အရိုးကို ဆုံးရှုံးခဲ့ရသည်။ ထိုအရိုးပေါ်တွင် ပြိုင်ဘက်ကင်းသည့် အဖိုးတန်ပညာများပါဝင်သည့် သင်္ကေတများရှိနေလေသည်။ ကံမကောင်းစွာဖြင့်ပင် သူသည် ထိုသင်္ကေတများကို မယူလိုက်နိုင်ပဲ ရှီရီမှ ယူသွားလေသည်။
သို့သော် ဤနေရာဖြစ်ပျက်နေသည့်အရာများမှာ သူသိထားသမျှအားလုံးကို ပြိုလဲစေလေသည်။ ထိုသင်္ကေတများ၊ ထိုထူးဆန်းသည့်အားများမှာ အလွန်ရင်းနှီးနေသည်။ ဤသည်မှာ ရှီရီ ပြသခဲ့သည်နှင့် အလွန်ဆင်တူနေသည်။
ဤသည်မှာ ပထမအဆင့်လွန်အရိုး၏ အဖိုးတန်ပညာပင်။ ယခုအချိန်တွင် ထိုပညာများမှာ သူ၏အသွေးအသားအတွင်းပိုင်းတွင် တောက်ပနေလေသည်။