သုခကမ္ဘာက ရှီဟောင် - Chapter - 913 ဖိနှိပ်သော အပြုအမူများ
နတ်ဘုရားအစစ် ရှီရှားမှာ ဤသည်ကို ယုံကြည်နိုင်ရန် ခက်ခဲနေလေသည်။ သူမသည် တုန်ယင်နေသောအသံဖြင့် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. သူကဘာလို့ ထာဝရကျမ်းစာကို ကိုင်တွယ်နိုင်တာလဲ”
“ဒါကတကယ်ကို မထင်မှတ်ပဲ ဖြစ်သွားတာ .. ဒါပေမဲ့ သူက ပညာတွေကို နားလည်သွားတယ် .. အဲဒါက ထာဝရသံစဉ်ရဲ့ တာအိုအရိုးစာသားကြောင့်မဟုတ်ရင် ဘာဖြစ်နိုင်မှာလဲ” ကောင်းကင်နတ်ဘုရားချီထော်မှ ပြောလိုက်သည်။
“သူ့မှာ ထာဝရစွမ်းအင်ရှိနေတာလား” ရှီရှား ထိတ်လန့်စွာ မေးလိုက်သည်။
ထာဝရသံစဉ်ဆိုသည်မှာ ရှားပါးသော်လည်း သူ့ဘာသာသူဆိုလျှင် ထိုမျှသိပ်တန်ဖိုးမရှိပေ။ သူ့ထံတွင် ကိုယ်ပိုင်လျှို့ဝှက်ပညာများကို မှတ်တမ်းတင်ထားခြင်းမရှိသော်လည်း ဤလောကကြီး၏ တာအိုလမ်းကြောင်းများကို ရေးမှတ်နိုင်လေသည်။ ထို့ကြောင့်ပင် ထာဝရကျမ်းစာဟု ခေါ်ခြင်းပင်။
ချီထော် ခေါင်းညိမ့်လိုက်၏။ ရှီဟောင်ထံတွင် မသေမျိုးနှင့်ပတ်သက်သည့် ကိစ္စအနည်းငယ် ကျန်ရှိနေသေးလိမ့်မည်ဟု သူယုံကြည်သည်။
“ထာဝရသံစဉ်က ဒီလောကကြီးရဲ့ တာအိုကို ရေးမှတ်တာမဟုတ်ဘူးဆိုရင် အဲဒီကလေးရဲ့ခန္ဓာကိုယ်က ပျက်စီးနေတဲ့ ပညာတစ်ချို့ကို ပြန်ပြင်ပေးတာပဲ” ကောင်းကင်နတ်ဘုရားမှ ကောက်ချက်ချလိုက်သည်။
“မသေမျိုးကိစ္စတွေရှိနေရအောင် ဒီကောင်လေးက ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ” နတ်ဘုရားအစစ် ရှီရှားမှ ပြောလိုက်၏။
ပြောရမည်ဆိုလျှင် နတ်ဘုရားအစစ်ချီထော်သည် ရလဒ်ကို စိတ်ဝင်စားခြင်းပင်။ ရှီဟောင် လက်ရှိ နားလည်အောင်ကြိုးစားနေသည့် ပညာကို စိတ်ဝင်စားခြင်းပင်။ ထိုပညာကို အာကာသကလန်အားလက်ဆင့်ကမ်းပါက ဤသည်မှာ ပြိုင်ဘက်ကင်းသည့် အမွေအနှစ်ဖြစ်လာလိမ့်မည်။
“ဒါက နားလည်ဖို့ ခက်ခဲနေတုန်းပဲ…” ဤလူငယ်လေးမှာ ထာဝရစွမ်းအင်ကို မည်ကဲ့သို့ ရရှိသည်ကို သူမ ရှုပ်ထွေးနေဆဲပင်။
“ဒီလောကမှာ တသတ်မတ်တည်းဖြစ်နေတဲ့ အရာအများကြီးမရှိဘူး .. အခြေအနေတစ်ချို့က ဒီနေ့လိုမျိုး ဖြစ်အောင် လုပ်ပေးတာဖြစ်နိုင်တယ် … ဘာလို့လဲဆိုတော့ ပျံသန်းခြင်းထာဝရကျောက်တုံးက အရင်တုန်းက မသေမျိုးကိစ္စတွေနည်းနည်းလေးကို စုတ်ယူခဲ့လို့ထင်တယ်” ချီထော်သည် ယခင်ကကိစ္စအချို့ကို ပြန်စဉ်းစားပြီး ပြောလိုက်သည်။
“အရှင်ပြောချင်တာက…” ရှီရှား မေးလိုက်၏။
“အရင်တုန်းက ငါ့ကလန်မှာ ကြီးမြတ်တဲ့ အာကာသလူမျိုး ၆ ယောက်ရှိတယ်” ကောင်းကင်နတ်ဘုရားချီထော်မှ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ယခင်က အကြောင်းအရာများကို ပြန်စဉ်းစားလိုက်သည်။ သူသည် ထိုအကြောင်းအရာများကို နှစ်သက်စွာ ပြန်လည်တွေးတောလိုက်ခြင်းဖြစ်သော်လည်း နောင်တတရားကို ပို၍ခံစားနေရလေသည််။
ရှီရှား စိတ်လှုပ်ရှားသွားရသည်။ သူမသည်လည်း အကြီးအကဲ ၆ယောက်၏အဆုံးသတ်နှင့် ပတ်သက်သည့် ကောလဟာလများကို ကြားဖူးသည်။ ကလန်ထဲတွင် ရှိသည့်လူများမှာ ထိုအကြောင်းကို သိပ်မသိကြပေ။
နတ်ဘုရားအစစ်ဖြစ်သည့် သူမပင်လျှင် အရာအားလုံးကို သိရန် ခက်ခဲလေသည်။ သူတို့ဘယ်လိုသေသွားရတာလဲ ..
“ငါ့တို့စွမ်းအားအကြီးဆုံးဖြစ်ပြီးတော့ ခမ်းနားတဲ့အချိန်တုန်းက ငါတို့ကလန်က ပြဿနာတွေကို သိပ်ရင်မဆိုင်ရဘူး .. အားလုံးက ငါတို့ကို လေးစားကြတယ်” ကောင်းကင်နတ်ဘုရားချီထော်၏ မျက်လုံးများမှာ တောက်ပနေလေသည်။
“သူတို့က ဘယ်သွားလိုက်တာလဲ” ရှီရှားမှ ဂရုတစိုက်မေးလိုက်သည်။ သူတို့သည် အကြီးအကဲခြောက်ယောက်အကြောင်း ပြောနေကြသောကြောင့် ဤသည်မှာ သူတို့အကြောင်းမေးရန် အခွင့်ကောင်းပင်။
ကောင်းကင်နတ်ဘုရားချီထော်သည် သက်ပြင်းချလိုက်ကာ “အကြီးအကဲ ၆ ယောက်လုံးက ကျယ်ပြန့်လှတဲ့ စွန့်ပစ်နယ်မြေကို ဝင်သွားကြတာ .. အဲဒီလိုနဲ့ သူတို့ နှစ်ပေါင်းသန်းပေါင်းများစွာ ပျောက်သွားတာ .. ငါးယောက်က ဘယ်တော့မှ ပြန်မလာတော့ဘူး”
ဤသည်မှာ အာကာသကလန် ကျရှုံးရခြင်း၏ အကြောင်းရင်းပင်။ အကြီးအကဲများသာ ဤလောကတွင်ရှိနေသေးပါက သူတို့သည် အဆင့်မြင့်နယ်မြေမှ အင်ပါယာကလန်တစ်ခု ဖြစ်နေလိမ့်ဦးမည်ပင်။
ရှီရှား ထိတ်လန့်သွားရ၏။ သူတို့ကလန်မှ ဘိုးဘေးများမှာ ဤကဲ့သို့ ပျောက်သွားခြင်းလား …
‘ကောင်းကင်သို့တက်လှမ်းသူ’ ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူ ၆ ယောက်ထဲတွင် တစ်ယောက်သာ အသက်ရှင်လျက် ပြန်လာနိုင်ပြီး ထိုသူသည်လည်း စွန့်ပစ်နယ်မြေမှ အကြောင်းကို ဘာမှမပြောပေ။
“အဲဒီအချိန်တုန်းက သူတို့က ထာဝရသံစဉ်ကို စွန့်ပစ်နယ်မြေရဲ့ အတွင်းပိုင်းထဲကို ယူသွားသေးတယ် .. အဲဒီမှာ မသေမျိုးကိစ္စနည်းနည်းလေးကို သူတို့တွေ့ခဲ့တာ” ကောင်းကင်နတ်ဘုရားချီထော်မှ လျှို့ဝှက်ချက်အချို့ကို ပြောပြလိုက်လေသည်။
နတ်ဘုရားအစစ်ရှီရှား ထိတ်လန့်သွားရ၏။ ထိုအကြီးအကဲများ၏ အစီအစဉ်မှာ ကောင်းမွန်လွန်းလှသည်။
ကံမကောင်းစွာဖြင့်ပင် သူတို့ထဲမှ ငါးယောက်ကျရှုံးသွားပြီး တစ်ယောက်သာ အသက်ရှင်လျက် ပြန်လာနိုင်လေသည်။ သူတို့ ၆ ယောက်ဆိုသည်မှာ ကောင်းကင်တစ်ခွင်တွင် လှည့်ပတ်သွားလာပြီး ရန်သူအားလုံးကို ရှင်းပစ်ခဲ့သည့်သူများပင်။ အဆုံးသတ်တွင် သူတို့ဤကဲ့သို့ ကြုံတွေ့ခဲ့ရလေသည်။
“ထာဝရပျံသန်းခြင်းကျောက်တုံး အရမ်းအရေးကြီးတယ် .. သူက အဆင့်လွန်ထာဝရကျမ်းစာကို ယူလာပေးနိုင်တယ် .. အဲဒီတော့ သူ ငါ့တို့ကလန်မှာနေရမယ်” ကောင်းကင်နတ်ဘုရားချီထော်မှ အမိန့်ပေးလိုက်သည်။
ထာဝရသံစဉ်မှ မသေမျိုးကိစ္စအနည်းငယ်ကို စုတ်ယူနိုင်ရန်အတွက် အကြီးအကဲ ငါးယောက်ပျောက်ကွယ်သွားသည်အထိ ပေးဆပ်ထားရသည်။ ယခုကိစ္စမှာ မလုံလောက်သေးသော်လည်း သူတို့ဤအခွင့်အရေးကို တန်ဖိုးထားရမည်။
နတ်ဘုရားအစစ်ရှီရှား နားလည်သွား၏။ သူတို့ ရှီဟောင်ကို ထွက်သွားခိုင်း၍မရပေ။
ရှီဟောင်သည် ယခုမျိုးဆက်၏ ကာကွယ်သူဖြစ်သွားလေပြီ။ သို့သော်လည်းဤသတင်းကို လူသိရှင်ကြားမကြေငြာသေးပဲ သူ့ကိုသာ အကြောင်းကြားထားခြင်းပင်။
သို့သော် သူ၏အခြေအနေမှာလျင်မြန်စွာ တိုးတက်လာသောကြောင့် သူ့ကိုကာကွယ်ပေးသည့်လူများရှိနေပြီး သူ့ကို ငြိမ်းချမ်းစွာ လေ့လာခိုင်းထားလေသည်။
ဤရက်အနည်းငယ်အတွင်းတွင် ရှီဟောင်အကျိုးကျေးဇူးများစွာ ရရှိခဲ့၏။ ပျံသန်းခြင်းထာဝရကျောက်တုံးမှ အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သူ၏လက်မောင်းမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သင်္ကေတများကို ပြသနေလေသည်။
ထို့အပြင် အဝါရောင်ခေါင်းလောင်းမှ လာသည့်အသံနှင့်တူသည့် တာအိုအသံကိုလည်း သူကြားနေရပြီး သူ၏တာအိုကို နားလည်လွယ်စေရန် ကူညီပေးနေလေသည်။
ပျံသန်းခြင်းထာဝရကျောက်တုံး၏ အကူအညီဖြင့် သင်္ကေတများမှာ ပို၍ ထင်ရှားလာလေသည်။ သူသည် တစ်ခုပြီးတစ်ခုကို နားလည်သွားလေ၏။ သို့သော်လည်းတစ်ညတည်းနားလည်အောင်လုပ်ရန် မဖြစ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူ့ထံတွင် အဆင့်လွန်အရိုးလည်း မရှိတော့ပေ။
ဤရက်များအတွင်းတွင် ရှီဟောင်သည် သူ၏ခန္ဓာကိုယ်အတွင်းကို စူးစမ်းလေ့လာကာ ပြောင်းလဲမှုများကို ရှာဖွေခဲ့သည်။ သူကဘာကြောင့် ပျံသန်းခြင်းထာဝရကျောက်တုံး၏ လျှို့ဝှက်သည့်အားကို အာရုံခံမိနေသနည်း…
ဤသည်မှာသူသည် ထာဝရအုတ်ဂူနှင့် လျှပ်စီးဧကရာဇ်၏ ရွှေရောင်စာရွက်နှစ်ရွက်နှင့် ဆက်စပ်နေမည်ကို သူတွေ့ရှိခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ထာဝရတာအိုမှ ပျံသန်းခြင်းထာဝရကျောက်တုံးကို နှိုးဆွခဲ့ခြင်းပင်။
ထို့နောက်တွင် သူ၏ကျင့်ကြံခြင်း ပြီးဆုံးသွားပြီး သူလည်း ပျံသန်းခြင်းထာဝရကျောက်တုံးကို လွှတ်ပေးလိုက်သည်။
ပင့်ကူနှင်းပန်းနီနှင့် ဖူချူးတို့သည် အင်တင်တင်မျက်နှာဖြင့် သူ့ထံသို့ ရောက်ရှိလာလေသည်။
“ဒါက ရှင့်ရဲ့အစားအသောက်တွေ .. ရှင်ဘာလိုသေးလဲ” ပင့်ကူနှင်းပန်းနီမှ ခံစားချက်ကင်းမဲ့စွာ မေးလိုက်သည်။
“နဂါးအသည်း ဂျင်တစ်ရာနဲ့ ဖီးနစ်ရိုးတွင်းခြင်ဆီ သုံးပန်းကန်” ရှီဟောင် စနောက်လိုက်သည်။
“ရှင်…” ဖုချူး သူ့အား စိုက်ကြည့်လိုက်သည်။ ရှီဟောင်သည် နည်းလမ်းပေါင်းစုံဖြင့် သူတို့အား နေ့တိုင်းဆန့်ကျင်နေလေသည်။
အာကာသလူမျိုးစုမှ ရှီဟောင်အတွက်ပြင်ဆင်ပေးသည့် အစားအစာများမှာ အလွန်ပင် ထိတ်လန့်စရာကောင်းလွန်းလှသည်။ သူတို့အားလုံးမှာ အဖိုးတန်ဆေးများ၊ ဝိဉာဉ်ရေပူနှင့် အခြားအရာများပင်။ အပြင်ဘက်ကမ္ဘာတွင် ထိုပစ္စည်းတစ်ခုစီတိုင်းမှာ အလွန်ပင် အဖိုးတန်လှသည်။ ထိုပစ္စည်းအားလုံးမှာ သူတာအိုကို နားလည်နိုင်ရန်အတွက် ကူညီပေးနေခြင်းပင်။
ဥပမာအားဖြင့် ခရမ်းရောင်အရည်သည် နတ်အာရုံကိုရှင်းလင်းစေနိုင်ပြီး အသွေးအသားများကို တောက်ပစေသည်။ ဤသည်မှာ အလွန်ပင် ထူးဆန်းလှပြီး ထိကြည့်ဖို့မပြောနှင့် မြင်ပင်မြင်ဖူးကြမည်မဟုတ်ပေ။
သူ၏အစားအစာများအားလုံးတွင် ဝိဉာဉ်ဆေးပင်များပါဝင်နေသည်။ အပြင်ဘက်ကမ္ဘာမှ လူများသာ သူ၏အစားအစာများကို တွေ့လိုက်ရပါက သူတို့မေးရိုးများပင် ပြုတ်ကျသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဈေးကြီးလွန်းသောကြောင့်ပင်။
“ဒီအရေထူတဲ့ကောင်က ဘာများကောင်းနေလို့ ကောင်းကင်နတ်ဘုရားချီထော်က သူ့ကိုအဲဒီလောက်တောင် ဂရုစိုက်နေတာလဲ” ပင့်ကူနှင်းပန်းနီသည် စိတ်ထဲတွင် မကျေမနပ်ရေရွတ်လိုက်လေ၏။ ဤအစားအသောက်များကို မြင်လိုက်ရသည့်အချိန်တွင် သူမပင် ဆွံ့အသွားရသည်။
ဥပမာအားဖြင့် ထိုစွပ်ပြုတ်တွင် မြင့်မြတ်ဆေးအနည်းငယ်ပါဝင်နေလေ၏။
ပုံမှန်အားဖြင့် ဤသည်များမှာ သီးသန့်ကျင့်ကြံသည့် ကောင်းကင်နတ်ဘုရားများသာ ရရှိနိုင်သည့်အစားအစာများပင်။
ရှီဟောင်သည် ရယ်ရခက်နေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤရက်များအတွင်းတွင် သူ့ကို ကောင်းမွန်စွာ ဆက်ဆံနေသောကြောင့်ပင်။ သူမည်သူဖြစ်သည်ကို မည်သည့်အချိန်တွင် သိသွားမည်ကို ဘုရားသာ သိနိုင်လိမ့်မည်။ ထိုအချိန်ကျလျှင် ဘာဖြစ်မည်ကို မသိနိုင်ပေ။
“ငါတို့က ဘယ်အချိန် တာအိုလက်တွဲဖော် ဖြစ်လာမှာလဲ” ရှီဟောင်သည် ထိုနှစ်ဦးကို ကြည့်လိုက်ပြီး တမင်သက်သက်ပင် စနောက်လိုက်သည်။
မိန်းမပျိုလေးနှစ်ဦးမှာ ချက်ချင်းပင် မျက်နှာပျက်သွားကြလေသည်။
ရှီဟောင်သည် ထိုကဲ့သို့ပင် တာအိုသံစဉ်နားထောင်ကာ ကျင့်ကြံလိုက် အာကာသကလန်၏ပုလဲလုံးလေးနှစ်လုံး ကျွေးသည်ကိုစားလိုက် လုပ်နေလေသည်။
“ငါက ဘယ်လိုထွက်သွားရတော့မှာလဲ” မည်သူမှ သူ့အနားမရှိတော့သည့်အချိန်တွင် ရှီဟောင်သည် သက်ပြင်းချကာ သူ၏စိုးရိမ်မှုကို ထုတ်ချလိုက်သည်။
ကောင်းကင်ဘုံမြို့အတွင်းရှိ အာကာသလူငယ်များအားလုံးမှာ သူ့ကို မနာလိုဖြစ်နေကြလေသည်။
“မင်းတို့သိလား .. ပျံသန်းခြင်းထာဝရကျောက်တုံးကို မလိုက်နိုင်တဲ့ အဲဒီကောင်က အခု မြင့်မြတ်တဲ့အဖိုးတန်ဆေးမျိုးစုံကို စားနေရတာတဲ့”
“ဟူး .. အဲဒါပဲဆိုရင် ကိစ္စမရှိဘူး .. ဒါပေမဲ့ ငါ့တို့ကလန်က ပုလဲလုံးလေးနှစ်လုံးက သူ့အိမ်ထဲဆွဲသွင်းခံလိုက်ရပြီးတော့ သူ့ရဲ့ပိုင်ဆိုင်မှုဖြစ်သွားပြီ .. ငါတို့က ဒါကို ဘယ်လိုသည်းခံရမှာလဲ”
“ဘာ .. ပြန်ပြောလိုက်စမ်း .. မဖြစ်နိုင်တာ .. သူငါတို့ရဲ့နတ်သမီးကို အနိုင်ကျင့်လို့မရဘူး”
“ငါပြောတာ အားလုံးအမှန်ပဲ .. ပင့်ကူနှင်းပန်းနီနဲ့ ဖုချူးတို့က တကယ်သူ့အိမ်မှာပဲ နေတော့မှာ .. မင်းတို့ငါ့ကိုမယုံရင် မင်းတို့အားလုံး သက်သေသွားရှာလို့ရတယ်”
ဤသတင်းမှာ အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
အာကာသလူမျိုးစုသည် မော့ရှီးကို အလေးပေးကာ သူ၏တာအိုနားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန်အတွက် အဖိုးတန်ဆေးများ ပေးနေသည်။ ဤသည်မှာ လက်ခံနိုင်သော်လည်း ဤရလဒ်မှာ လူငယ်မျိုးဆက်ကို ဒေါသထွက်စေလေသည်။
ထိုနေ့တွင် သတင်းများမှာ အပြင်ဘက်သို့ ပျံ့နှံ့သွားကာ အာကာသလူမျိုးစုမှ လူငယ်မျိုးဆက်များအားလုံး သိသွားကြလေပြီ။
“ငါ့ကလန်က ပုလဲလုံးလေးနှစ်လုံးက အပြင်ကကောင်ရဲ့အိမ်ထဲကို ဆွဲသွင်းခံလိုက်ရတာလား”
“ဘုရားရေ .. ကျွန်တော့်ကိုသာ မိုးကြိုးပစ်ချပြီး သတ်လိုက်ပါတော့ .. ဘဝမှာ ဘာမျှော်လင့်ချက်တွေများ ကျန်ဦးမှာလဲ … ဒါက တကယ်လူကို စိတ်ပျက်အောင် လုပ်နေတာပဲ”
အပြင်ဘက်ကမ္ဘာတွင် အုတ်အော်သောင်းတင်းဖြစ်နေလေသည်။
“မမလေး .. မမလေးအကြောင်းကို သွားပုတ်လေလွင့်ပြောနေတဲ့သူရှိနေပါတယ်” အစေခံမိန်းကလေးတစ်ယောက်သည် အပြေးလေးလာကာ ဤသတင်းကို လာပြောလေ၏။
“ဘယ်သူလဲ .. ဘယ်သူပြောတာလဲ” ပင့်ကူနှင်းပန်းနီမှ မေးလိုက်သည်။
“လမ်းမပေါ် လမ်းသွားလျှောက်လိုက်တာနဲ့ မမလေး သိလိမ့်မယ်…” အစေခံမိန်းကလေးမှာ ထိုအကြောင်းကို မပြောရဲပေ။
ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့နှစ်ဦးလုံး ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။ သူတို့လမ်းမထက်သို့ ရောက်သည်နှင့် လူငယ်ကျွမ်းကျင်သူများစွာမှာ သူတို့အား ဝန်းရံလာလေ၏။
ခဏကြာပြီးသည့်နောက်တွင် ထိုအတင်းအဖျင်းများကို သူတို့သိလိုက်ရသည်။ ဤသည်မှာ အလွန်ပင် ဒေါသထွက်စရာကောင်းပြီး ရှက်စရာကောင်းလွန်းလှ၏။ သူတို့၏ ပုံရိပ်မှာ လုံးဝကို ပျက်စီးသွားလေပြီ။
“ပင့်ကူနှင်းပန်းနီ .. မကြောက်နဲ့ .. သူကအပြင်လူတစ်ယောက်ပဲမလား .. သူ့ကိုရှင်းပစ်ဖို့ ငါတို့ ကူညီပေးမယ် .. ကောင်းကင်ဘုံမြို့က ဒီလိုမျိုး အပြုအမူကို လက်မခံနိုင်ဘူး”
နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ ဒေါသကြောင့် မျက်နှာပျက်ယွင်းသွားကြလေ၏။
ဤသည်မှာ သူတို့တမင်သက်သက်လုပ်နေခြင်းပင်။ သူတို့သည် အားလုံး၏ ဒေါသတရားကို နိုးဆွလိုက်ပြီး ရှီဟောင်ကို ရင်ဆိုင်ရန်အတွက် အားလုံး၏အကူအညီကို ယူလိုက်ခြင်းပင်။ သူတို့၏အစီအစဉ်မှာ လမ်းတစ်ဝက်သို့ပင် ရောက်နေလေပြီ။
ထင်ထားသည့်အတိုင်းပင် ဒေါသထွက်နေသည့် အာကာသလူငယ်အုပ်စုမှာ လမ်းမထက်တွင် စုဝေးလာပြီး ရှီဟောင်နေထိုင်နေသည့် ရေကန်ပြာဘေးသို့ ဦးတည်သွားကြလေသည််။
“မင်း မိစ္ဆာကောင် .. ငါတို့ကလန်ရဲ့ ပုလဲလုံးလေးတွေကို ပြန်ပေး”
“ငါ့ရဲ့ကောင်းကင်ဘုံမြို့မှာ တစ်ခြားသူတွေကို အခွင့်အရေးယူနေရအောင် သူတို့မှာ ဘာအခွင့်အရေးတွေများရှိနေလို့လဲ .. မင်းက ဧကရာဇ်ကလန်ကဆိုရင်တောင်မှ မရဘူး .. ငါ့ကလန်က ဒါကို သဘောမတူဘူး”
ရှီဟောင်သည် သူ၏ကျင့်ကြံခြင်းကို နှောက်ယှက်ခံလိုက်ရသောကြောင့် သူနေထိုင်နေသည့်နေရာမှ လမ်းလျှောက်ထွက်လာသည့်အချိန်တွင် အာကာသကလန်မှ လူငယ်ကျွမ်းကျင်သူထောင်ချီကို သူတွေ့လိုက်ရသည်။
“ကောင်းကင်ဘုံမြို့ကနေ ထွက်သွား … ဒီမှာ မင်းအတွက်နေရာမရှိဘူး”
“မင်းက ဒီမှာ ငါ့ကလန်က လူတွေကို အနိုင်ကျင့်ပြီးတော့ လုပ်ချင်သလိုလုပ်ရဲတယ်ပေါ့ .. ငါမင်းကို ဒီနေရာမှာပဲစိန်ခေါ်ပြီးတော့ မင်းလိုမိစ္ဆာမျိုးကို နှင်ထုတ်ပစ်မယ်”
ထိုကဲ့သို့သော အော်ဟစ်သံများကို ကြားလိုက်ရသည့်အချိန်တွင် သူသည် အားလုံးကို အထင်သေးစွာ ကြည့်လိုက်သည်။
“ငါ့ရဲ့တာအိုလက်တွဲဖော်တွေနဲ့အတူတူနေတာက မင်းတို့အားလုံးနဲ့ ဘာဆိုင်လို့လဲ”
ဤကဲ့သို့သော ရိုးရှင်းသည့်စကားလေးကပင်လျှင် ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်စေ၏။ လူပေါင်းများစွာမှာ သူ့ကို အပြေးလေး လာရိုက်ပစ်ချင်သွားသည်။
ရှီဟောင်သည် ပင့်ကူနှင်းပန်းနီနှင် ဖုချူးကို ကြည့်လိုက်သည့်အချိန်တွင် သူတို့၏နှုတ်ခမ်းထောင့်များ ကွေးတက်နေသည်ကို သူတွေ့လိုက်ရသည်။ ဤလူအားလုံးကို ခေါ်လာသည့်သူမှာ သူမတို့ပင်ဖြစ်မှန်း သူ သိလိုက်ရသည်။ သူသည် ချက်ချင်းပင် ထိုနေရာသို့ ခြေလှမ်းကြဲဖြင့် လျှောက်သွားလေ၏။
“ပင့်ကူနှင်းပန်းနီ၊ ဖုချူး မင်းတို့နှစ်ယောက် ဒီကိုလာခဲ့ဦး .. စိတ်ကောက်မနေနဲ့တော့ .. ပြန်သွားပြီးတော့ ကလေးလေးတွေ လုပ်ကြရအောင်”
ထိုစကားကို ပြောပြီးသည့်နောက်တွင် ဤနေရာတစ်ခုလုံးတိတ်ဆိတ်သွားလေသည်။ အာကာသလူငယ်လေးများအားလုံးမှာ ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့်ခြင်း၊ စိတ်ပျက်ခြင်းတို့ ဖြစ်နေကြလေသည်။
“မင်း လူယုတ်မာ.. ” နောက်ဆုံးတွင် အာကာသကလန်မှ လူငယ်ကျွမ်းကျင်သူများအားလုံး အော်ဟစ်လိုက်ကြသဖြင့် ဤနေရာမှာ ဆူညံသွားလေ၏။
ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့လည်း အော်ဟစ်လိုက်ကြသည်။ ဤကောင် လွန်လွန်းနေပြီ။ ယခု သူတို့မည်မျှပင် ရှင်းပြနေပါစေ ဘာမှအသုံးဝင်တော့မည်မဟုတ်ပေ။
သူတို့ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသော်လည်း ဤနေရာတွင် လူများလွန်းနေသောကြောင့် သူတို့အသံ ပျောက်ကွယ်သွားလေသည်။
ရှီဟောင်သည် သရဲတစ်ကောင်ကဲ့သို့ပင် သူတို့အနားသို့ ရောက်လာကာ သူတို့ကို ဆွဲခေါ်သွားလေ၏။ သူ၏ကျင့်ကြံဆင့်မှာ သူမတို့ထက် မြင့်သောကြောင့် သူတို့မခုခံနိုင်ပေ။
အားလုံး ဒေါသထွက်ကာ သူ့ကို တိုက်ခိုက်ချင်နေကြသော်လည်းနောက်ဆုံးတွင် နတ်ဘုရားအစစ်ရှီရှား ရောက်လာကာ အားလုံးကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။
သို့သော် ဆူပူမှုမှာ ထိုမျှဖြင့် အဆုံးမသတ်သွားပေ။ ထိုနေ့တွင် ဂျီးနီးယပ်စ်များ ဝင်လိုက်ထွက်လိုက်ဖြင့် မော့ရှီးအား စိန်ခေါ်နေကြလေသည်။
ရှီဟောင်သည် ပျံသန်းခြင်းထာဝရကျောက်တုံးကို ကန်ဘေးသို့ပစ်လိုက်ပြီး ဤကျောက်တုံးကို မနိုင်သည့်သူ မည်သူမဆို သူ့ကိုစိန်ခေါ်နိုင်ကြောင်း ပြောလိုက်လေသည်။
“အရမ်းကို စိတ်ကြီးဝင်နေတာပဲ” အားလုံးဒေါသထွက်လာသော်လည်း သူတို့ထိုကျောက်တုံးကို မ,မနိုင်ကြပေ။
ထိုနေ့တွင် ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့မှာလည်း ဒေါသထွက်လွန်းသောကြောင့် သွေးအန်မတတ်ပင်။
“ငါတို့ ဒါကို လက်မခံနိုင်ဘူး .. ငါတို့ ကောင်းကင်နတ်ဘုရားနဲ့တွေ့ချင်တယ်”
“ဘိုးဘေးကို ထွက်လာဖို့ပြောပေးပြီးတော့ ငါတို့ကို တရားမျှတမှုပေးပါ”
မမျှော်လင့်ထားသည်မှာ ကောင်းကင်နတ်ဘုရားများအားလုံး ထွက်လာကြလေသည်။
အဘယ်ကြောင့်ဆိုသော် ယွမ်ရှီးနှင့် အခြားသူများမှာ ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးနှင့် ပေါင်းစပ်ခြင်း ပြီးဆုံးသွားပြီဖြစ်သောကြောင့် သူတို့ကို စောင့်ရှောက်ပေးရန် မလိုအပ်တော့ပေ။
ရှီဟောင် သက်ပြင်းချလိုက်၏။ မရှောင်လွှဲနိုင်သည့်အရာတစ်ခု ဖြစ်လာတော့မည်။