သုခကမ္ဘာက ရှီဟောင် - Chapter - 914 မည်သူဖြစ်မှန်း ပေါက်ကြားသွားခြင်း
ကောင်းကင်နတ်ဘုရားများ ထွက်လာကြသော်လည်း ရှီဟောင်ကို မဆင့်ခေါ်သေးပေ။ သူ၏အိမ်အတွင်းသာ ငြိမ်းငြိမ်းချမ်းချမ်းနေနေလေသည်။ စိတ်အေးလက်အေးဖြင့်သာ တာအိုကို နားလည်အောင်လုပ်ပြီး အခြားအရာများကို စိတ်မပူရန် ရှီရှား သူ့ကို ပြောခဲ့လေသည်။
သူမသည် မော့ရှီးကို ထာဝရသံစဉ်အကူအညီဖြင့် ပြိုင်ဘက်ကင်းသည့်လျှို့ဝှက်ပညာကို နားလည်အောင်လုပ်ခိုင်းပြီး အာကာသကလန်ကို လက်လွှဲစေလိုခြင်းပင်။
အာကာသကလန်မှ လူငယ်မျိုးဆက်များမှာ စိတ်ပျက်သွားကြလေသည်။ ကလန်မှ ရာထူးမြင့်သည့်သူများမှာ ရှီဟောင်ကို မရှင်းသည့်အပြင် သူ့ကို မြှောက်စားထားနေသေးသည်။ ကန်အနားတွင် သူ့ကိုစောင့်ရှောက်သည့်သူများ ထားရှိပြီး အခြားသူများ အနီးကပ်မလာနိုင်အောင် ကာကွယ်ပေးထားလေသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် အားလုံး၏အာရုံမှ အခြားကိစ္စတစ်ခုကို အာရုံရောက်သွားလေသည်။ ယွမ်ရှီးနှင့် အခြားဂျီးနီးယပ်စ်သုံးဦးတို့သည် ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးနှင့် အောင်မြင်စွာ ပေါင်းစည်းသွားပြီး သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာကြလေပြီ။
ဤသည်၏အကျိုးသက်ရောက်မှုမှာ အလွန်ပင် ကြီးမားလှသည်။ ရှေးခေတ်က အာကာသအကြီးအကဲ ၆ ယောက်မှာ သူတို့ကလန်ကို ဧကရာဇ်ကလန်ဖြစ်အောင် လုပ်ပေးခဲ့သည်။ ယခုအချိန်တွင်ထိုကဲ့သို့သောလူများ နောက်တစ်ကြိမ် ပေါ်လာလေပြီ။
နှမြောစရာကောင်းသည်မှာ ယခင်က လေးယောက်ရှိခဲ့ခြင်းဖြစ်ပြီးတစ်ဦးမှာ လမ်းခရီးမှာပင် သေဆုံးသွားခဲ့ရသည်။ ကံကောင်းစွာဖြင့်ပင် တစ်ယောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း သူ့ကို ကုသပေးနိုင်ခဲ့သည်။
ယနေ့တွင် အုတ်အော်သောင်းတင်း ဖြစ်နေလေသည်။
ဂျီးနီးယပ်စ်သုံးဦး ပေါ်ထွက်လာမှုမှာ သူတို့အားအရာအားလုံးကို မေ့လျော့သွားစေ၏။ သူတို့သည် လမ်းဘေးတစ်ဖက်တစ်ချက်တွင် ရပ်လိုက်ကာ သူတို့အား ဟစ်ကြွေးနေကြလေသည်။
ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့၏ အမူအရာများလည်း ရှုပ်ထွေးသွားရသည်။ အားလုံးကြည့်နေကြသည့် ကျွမ်းကျင်သူသုံးယောက် အထူးသဖြင့် ခရမ်းရောင်ဝတ်စုံဝတ်ထားသည့်မိန်းကလေးကို ကြည့်ပြီး သူတို့၏ စိတ်ပျက်မှုများကို မဖုံးကွယ်နိုင်တော့ပေ။
ယခင်က ယွမ်ရှီးသည်လည်း သူမတို့ကဲ့သို့ပင်။ သူမ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံဆင့်ကြောင့် နာမည်ကြီးခြင်းမဟုတ်ပဲ သူမ၏ ကျက်သရေရှိလှသည့် သွင်ပြင်ကြောင့် နာမည်ကြီးခြင်းပင်။
ယခုအချိန်တွင် ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးကြောင့် သူမ အရာအားလုံး ပြောင်းလဲသွားလေပြီ။
ကလန်တွင် ကောင်းကင်ထိန်းချုပ်ခြင်းဟုခေါ်သည့် ကျောက်တုံးတစ်တုံး ရှိသည်။ ထိုကျောက်တုံးသည် လူငယ်မျိုးဆက်၏ အနာဂတ်ကို စမ်းသပ်ပေးပြီး တကယ့်ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးနှင့် ပေါင်းနိုင်မလားကို စမ်းသပ်ပေးနိုင်လေသည်။
ဤစမ်းသပ်မှုမှတစ်ဆင့် သူမသည် လူအုပ်ကြီးနှင့်အတူ ထူးဆန်းသည့်မြေသို့ ရောက်သွားလေ၏။ ထိုအချိန်မှစတင်ကာ သူမ၏ဘဝလမ်းကြောင်းမှာ လုံးဝ ပြောင်းလဲသွားလေသည်။
ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးကို ရရှိပြီး ထိုကျောက်တုံးနှင့် အောင်မြင်စွာ ပေါင်းစပ်လိုက်နိုင်သည်နှင့် ဤသုံးယောက်၏ အနာဂတ်မှာ တောက်ပနေပြီဟု ဆိုလိုခြင်းပင်။ သူတို့သည် အတိတ်နှင့်ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်လိမ့်မည်။
ယခင်က သူတို့၏ ကျင့်ကြံဆင့်များမှာ ပြဿနာတစ်ခုမဟုတ်ပေ။ ကောင်းကင်သို့တက်လှမ်းခြင်းမှာ ပြန်လည်မွေးဖွားခြင်းနည်းလမ်းတစ်မျိုးပင်။
အစမှ ပြန်လည်စတင်ခြင်းမှာ ကောင်းကင်ဘုံသို့တက်လှမ်းခြင်း၏ ပထမဆုံးခြေလှမ်းပင်။
ပင့်ကူနှင်းပန်းနီနှင့် ဖုချူးမှာ ဘယ်လိုလုပ် စိတ်မပျက်ပဲနေမည်နည်း .. မူလက သူတို့နှင့် အတူတူနာမည်ကြီးခဲ့သည့်သူမှာ ယခုအချိန်တွင် ကလန်၏ အရေးအကြီးဆုံးသူ ဖြစ်နေလေပြီ။
ယွမ်ရှီး ပုံပန်းသွင်ပြင်မှာ သူတို့ထက် မနိမ့်ကျသော်လည်း သူမ၏ အောင်မြင်မှုများမှာ သူတို့နှင့် အကွာကြီးကွာခြားတော့မည်။
နောင်အနာဂတ်တွင် ယွမ်ရှီးသည် မိုးကောင်းကင်အောက်မှ လောကကြီးကို အုပ်စိုးကာ သူတို့နှင့် အလွန်ဝေးကွာသည့်သူ ဖြစ်သွားတော့မည်။
ယခုအချိန်တွင် အာကာသကလန်တွင်ရှိနေသည့်သူအားလုံးမှာ ယွမ်ရှီးအားကြည့်နေကြလေ၏။ သူမ၏ခရမ်းရောင်အဝတ်အစားများ လှုပ်ခတ်နေပြီး သူမ၏ ဆံပင်များမှာလည်း နူးညံ့ကာ တောက်ပနေသည်။ သူမ၏နဖူးမှာ တောက်ပနေပြီး သူမ၏လှပသည့်မျက်ခုံးများလည်း သေသပ်လှသည်။ သူမ၏ မျက်လုံးများမှာ ကျောက်စိမ်းတုံးများကဲ့သို့ တောက်ပနေပြီး သူမ၏ခန္ဓာကိုယ်မှာလည်း သေးသွယ်လှပလှသည်။ သူမသည်ပန်းချီကားထဲမှ ထွက်လာသည့် နတ်သမီးတစ်ပါးကဲ့သို့ပင်။
ထို့အပြင် သူမ၏ခန္ဓာကိုယ်တွင် ဆွဲဆောင်မှုတစ်မျိုးလည်း ရှိနေလေသည်။ ဤသည်မှာ ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးနှင့် ပေါင်းစည်းခြင်း၏ရလဒ်ပင်။
အာကာသကလန်မှ လူငယ်မျိုးဆက်များမှာ သူမအား စိတ်လွတ်ကိုယ်လွတ်ပင် ငေးမောနေကြလေသည်။
ယွမ်ရှီးအပြင် အခြား ယောက်ျားလေးနှစ်ယောက်လည်းရှိသေးသည်။ ထိုသူများလည်း လူများ၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ ယွမ်ရှီးနှင့်အတူတူပင်။ ယခင်က သူသည် စွမ်းအားကြီးသည့်သူမဟုတ်သော်လည်း ကံကောင်းကာ ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးကို ရနိုင်ခဲ့ပြီး ထိုကျောက်တုံးနှင့် ပေါင်းစည်းနိုင်ခဲ့သည်။
အခြားတစ်ယောက်မှာ ပို၍ပင် တောက်ပနေလေသည်။ သူ၏ဆံပင်များမှာ ယွမ်ရှီးကဲ့သို့ပင် ခရမ်းရောင်ဖြစ်ပြီး ရေတံခွန်ကဲ့သို့ပင် တောက်ပနေလေ၏။ သူ့ထံတွင် ထူးခြားသည့် နတ်အော်ရာတစ်မျိုးရှိနေလေသည်။
သူ၏နာမည်မှာ ယုံရုဖြစ်ပြီး သူသည် ရှည်လျားသေးသွယ်သည့်သူဖြစ်ပြီး နဂါးတစ်ကောင်ကဲ့သို့ မာကျောသောသူဖြစ်သည်။ သူ၏အသားအရေမှာ တောက်ပနေပြေီး သူ၏မျက်လုံးများလည်း ကြည်လင်ကာ မျက်ခုံးမွေးလည်း သူ၏နားသယ်စပ်သို့ ရောက်နေလေပြီ။ သူသည် ချောမောခန့်ညားကာ သူရဲကောင်းသွင်ပြင်ရှိသည်။
သူသည် အာကာသလူမျိုးစု၏ စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်ပင်။ သူသည် ယခင်ကတည်းက ထူးခြားပါရမီရှိသူတစ်ယောက်ဖြစ်ပြီး အခြားသူများကို တုန်လှုပ်စေနိုင်ပြီးသားပင်။ ယခု သူသည် ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံး၏ ခွင့်ပြုချက်ရရှိသွားပြီဖြစ်သောကြောင့် သူသည် ပို၍ပင် ကြောက်စရာကောင်းလာလေသည်။
လမ်းဘေးနှစ်ဘက်လုံးမှ မိန်းမပျိုလေးများ အော်ဟစ်နေကြပြီး သူတို့၏မျက်လုံးများလည်း တောက်ပနေလေသည်။ ယုံရုမှာ ယခင်ကတည်းက အာကာသလူမျိုးစု၏ နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သောကြောင့် အားလုံးမှာ သူ့အားကြည့်နေကြလေသည်။
လူငယ်လေးများအားလုံး ယွမ်ရှီးကို ကြည့်နေကြသကဲ့သို့ မိန်းမပျိုလေးများအားလုံးလည်း ယုံရုကို ကြည့်နေကြလေသည်။
ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့ သက်ပြင်းချလိုက်သည်။ ယွမ်ရှီးနှင့် ယုံရုတို့ အတူတကွ လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် ဤသည်မှာ ပြီးပြည့်စုံသည့် ပေါင်းစုံမှုပင်။ သူတို့သည် ပုခုံးချင်းယှဉ်လျှောက်နေကြသောကြောင့် ကြည့်နေသည့်သူများမှာ အနည်းငယ်ခါးသက်သွားကြသည်။
မမျှော်လင့်ထားသည့်အဖြစ်အပျက်များသာ မဖြစ်ခဲ့ပါက ဤသည်မှာ ပြီးပြည့်စုံသည် ကျောက်စိမ်းတစ်စုံဖြစ်လိမ့်မည်။ စွမ်းအားအကြီးဆုံးသူနှင့် ပြည့်စုံသည့် အာကာသလူမျိုးတို့ အတူတူ လျှောက်လမ်းကြသည်မှာ ထုံးစံတစ်ခုပင်။
ပင့်ကူနှင်းပန်းနီနှင့် ဖုချုးတို့မှာ ယုံရုကို လေးစားသော်လည်း ယခုအချိန်တွင် သူတို့သည် ယုံရုကို ပြိုင်လု၍မရတော့ပေ။ ယွမ်ရှီးနှင့် ယုံရုတို့၏ ဆက်ဆံရေးမှာ အလွန်ပင် ရင်းနှီးလှပြီး သူတို့ကြားသို့ တတိယလူဝင်နိုင်ရန် ခက်ခဲလှသည်။
ထို့ကြောင့်ပင် ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့ အနည်းငယ် စိတ်ပျက်သွားခြင်းပင်။ သူတို့သည် အခြားနည်းလမ်းများကိုပင် စဉ်းစားခဲ့ကြသည်။ သူတို့ အဲဒီမုန်းစရာကောင်းတဲ့မောရှီးရဲ့ ထာဝရလက်တွဲဖော်ဖြစ်လာရင်ရော..
မော့ရှီးက ယုံရုထက် မနိမ့်ကျလောက်ဘူးမလား…
သူတို့နှစ်ဦးချက်ချင်းပင် ထိတ်လန့်သွားရသည်။ သူတို့သည် ယွမ်ရှီးနှင့် ယှဉ်နိုင်ရန်အတွက် ယုံကြည်ချက်ကိုရှာဖွေနေကြခြင်းပင်။ သူတို့သည် ထိုမုန်းစရာကောင်းသည့်လူငယ်လေးနှင့် ဆက်ဆံရေးကိုပင် အသုံးချခဲ့ကြသေးသည်။
“မင်းတို့အားလုံး ဘာတွေစဉ်းစားနေတာလဲ .. ငါတို့ရဲ့အဆင့်လွန်လူငယ်သုံးယောက်ထွက်လာပြီဆိုတော့ သူတို့သုံးယောက်က မော့ရှီးကို ဖိနှိပ်နိုင်မလား” တစ်စုံတစ်ယောက်မှ ရုတ်တရက် ပြောလိုက်သည်။
“သူတို့က သေချာပေါက်ကို သူ့ထက်နိမ့်ကျမှာမဟုတ်ဘူး” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ ထို့နောက်တွင် သူ ဆက်ရှင်းပြလိုက်၏။
“မော့ရှီး ပျံသန်းခြင်းထာဝရကျောက်တုံးကို မနိုင်တာက နတ်ဘုရားအစစ်ပြောစကားအရဆိုရင် သူ့မှာမသေမျိုးကိစ္စတစ်ချို့ ရှိနေလို့ပဲ”
ဤသတင်းမှာ လူများစွာကို ထိတ်လန့်သွားစေသည်။ အသေးစိတ်အချက်အလက်များကို သိလိုက်ရပြီးသည့်နောက်တွင် မပျော်သွားသည့်သူ မရှိပေ။ ယခု သူတို့ ယုံကြည်ချက်နည်းနည်းလေး ရှိလာလေပြီ။
“ဘာပဲဖြစ်ဖြစ်သူက ယုံရုရဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ ငါယုံတယ် … ငါတို့ကလန်က ထူးခြားပါရမီရှိတဲ့သူက ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးနဲ့ ပေါင်းစည်းထားတာ .. အဲဒီတော့ သူ့ကို ဘယ်သူက ယှဉ်နိုင်မှာလဲ”
အာကာသလူမျိုးစုမှ လူငယ်များစွာမှာ တစ်ညီတစ်ညွတ်တည်းပင် ခေါင်းညိမ့်လိုက်ကြသည်။
“မော့ရှီးက တကယ်သန်မာလို့လား” မျက်လုံးပေါင်း ထောင်ပေါင်းများစွာ၏အောက်မှ ယုံရုသည် သူ၏ဘေးမှ အလှလေးကို မေးလိုက်သည်။
ယွမ်ရှီးသည် ခေါင်းညိမ့်လိုက်ကာ “အရမ်းကို သန်မာတယ်”
အားလုံးထိတ်လန့်သွားရသည်။ သူတို့မျိုးဆက်၏ စွမ်းအားအကြီးဆုံးကျွမ်းကျင်သူသုံးယောက်ပင်လျှင် ထိုသူအကြောင်း ပြောလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။
“သူကစစ်ဘုရင်ကို သတ်ခဲ့တာလား” ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံးနှင့် ပေါင်းစည်းခဲ့သည့် အခြားလူငယ်တစ်ယောက်မှ မေးလိုက်သည်။
အချို့လူများမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် အသက်ရှူရပ်တန့်မလို ဖြစ်သွားသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ယုံရုသည် ခေါင်းညိမ့်လိုက်ကာ “စစ်လူမျိုးစုရဲ့ ဒီမျိုးဆက်မှာ စစ်ဧကရာဇ်ထွက်လာလိမ့်မယ်လို့ ပြောကြတယ် .. အဲဒီတစ်ယောက်က ဘယ်လိုဖြစ်မလဲဆိုတာ ငါတကယ်သိချင်နေပြီ”
သူတို့သည် အစက ရှီဟောင်ကို တွေ့ချင်သော်လည်း သူသည်သီးသန့်လေ့ကျင့်နေပြီး သူတို့ကို ထွက်မတွေ့နိုင်သောကြောင့် မတွေ့လိုက်ရပေ။
ထိုအချိန်တွင် အာကာသလူမျိုးစုမှ အကြီးအကဲများ ဆွေးနွေးနေကြလေသည်။
“ငါတို့ ထွက်လာပြီဆိုတော့ ငါတို့မော့ရှီးနဲ့တွေ့သင့်တယ် .. သူက ပျံသန်းခြင်းထာဝရကျောက်တုံးကို မနိုင်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ကျမ်းစာတွေကို လှုပ်နိုးနိုင်တာလား .. အထင်ကြီးစရာကောင်းလှတယ်”
“သူ့ကိုအခု နှောက်ယှက်လို့မရသေးဘူး .. သူတာအိုနားလည်ဖို့အတွက် သူ့ကို အကောင်းဆုံး ပတ်ဝန်းကျင်ကို ပေးလိုက်ပါ .. ဘယ်သူမှ သူ့ကို သွားမနှောက်ယှက်ရဘူး”
မြူများရစ်ဆိုင်းနေသည့် နန်းတော်ထဲတွင် ကောင်းကင်နတ်ဘုရားများစွာသည် အလေးအနက်ပင် ပြောနေလေ၏။ သူတို့သည် ဤအပြင်လူငယ်လေးကို သဘောကျကြပြီး နောက်ရက်အတွင်းတွင် ပြီးပြည်စုံသည့် ပညာတစ်ခုကိုရနိုင်လိမ့်မည်ဟုလည်း မျှော်လင့်နေကြသည်။
ဤသည်မှာအာကာသလူမျိုးစုသည် ပြိုင်ဘက်ကင်းသည့်အမွေအနှစ်ကို ရရှိတော့မည်ဟု ဆိုလိုခြင်းပင်။
“အားလုံးပဲ ငါပို့လိုက်တဲ့သူ ပြန်လာပြီ .. ကြည့်ရတာ သတင်းကောင်းရှိတယ်ထင်တယ်” ကောင်းကင်နတ်ဘုရား ချီထော်မှ ပြောလိုက်၏။ ထို့နောက်တွင် သူသည် လက်ခုပ်တီးလိုက်ကာ လေဟာနယ်ပုံရိပ်ကို ဝင်ခွင့်ပြုလိုက်သည်။
အားလုံးစိတ်ဝင်စားသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့ စစ်ကလန်သို့ ပို့လိုက်သည့်သူဖြစ်နေသောကြောင့်ပင်။’
“ကျွန်တော်တို့ အမှန်တရားကို သိခဲ့ရပါတယ် .. လူငယ်စစ်ဘုရင်လေးက သွေးလွင်ပြင်မှာ တကယ်အသတ်ခံလိုက်ရပါတယ်” လေဟာနယ်ပုံရိပ်မှ သတင်းတင်ပြလိုက်သည်။
“စစ်ကလန်က သတင်းအားလုံးကို အမှောင်ချထားတော့ ဒီသတင်းက အပြင်လောကကြီးကို မပေါက်ကြားသေးဘူး” ကောင်းကင်နတ်ဘုရားမှ အေးစက်စွာပင် ပြုံးလိုက်၏။ စစ်ကလန်မှ သူတို့၏ ကောင်းကင်ထိန်းချုပ်ခြင်းကျောက်တုံး ဂျီးနီးယပ်စ်တစ်ယောက်ကို သတ်ခဲ့ပြီး သူတို့ဘက်မှလည်းတစ်ယောက် ဆုံးရှုံးလိုက်ရသောကြောင့် ဤသည်မှာ ကျေသွားလေပြီ။
“စစ်ကလန်က သတင်းတွေအားလုံးကို အမှောင်ချ ထားခဲ့တာက တစ်ခြားပုံမှန်မဟုတ်တဲ့ အရာတစ်ခု ဖြစ်ခဲ့သေးလို့ပါ .. စစ်ဘုရင်ကို သတ်လိုက်တဲ့သူက သာမန်မဟုတ်ပါဘူး” လေဟာနယ်ပုံရိပ်မှ ပြောလိုက်သည်။
“သူက ဘာထူးခြားလို့လဲ” ကောင်းကင်နတ်ဘုရားမှ မေးလိုက်သည်။
“သူက ဟွမ်ဖြစ်တယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်”
ထိုစကားထွက်လာသည်နှင့် နန်းတော်ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားလေသည်။ ထို့နောက်တွင် အလွန်ပင်ကြောက်စရာကောင်းသည့် အော်ရာထွက်ပေါ်လာလေသည်။ ကောင်းကင်နတ်ဘုရားများစွာ ထိတ်လန့်သွားသည်မှာ သိသာလှသည်။
“သူက တကယ်ဟွမ်ပဲ” ကောင်းကင်နတ်ဘုရားတစ်ပါးမှ ထရပ်လိုက်ပြီး လေဟာနယ်ထဲတွင် ကောင်းကင်နတ်ဘုရားမှော်ချိန်းကြိုးများ ထွက်ပေါ်နေလေသည်။
သူတို့သည် အားလုံးအထက်တွင်ရှိနေသော်လည်း သူ၏နာမည်ကို ကြားနေရဆဲပင်။ မူလကောင်းကင်လျှို့ဝှက်နယ်မြေတွင် နတ်ဆိုးဘုရင်လူငယ်ဟွမ်သည် နယ်မြေပေါင်းစုံမှ ထူးခြားသည့်သူများကို သတ်ခဲ့ပြီး ရွှေရောင်စာရွက်ကို ရရှိခဲ့သည်။
အာကာသကလန်သည် ဤသတင်းကို ရသည်သာ။ ထိုစာရွက်မှာ လျှပ်စီးဧကရာဇ်၏ အမွေအနှစ်ဖြစ်လိမ့်မည်ဟု သူတို့ကလန်ဘိုးဘေးမှ ပြောခဲ့သည်။
“ဟက် .. အဲဒါကြောင့်မို့လို့ စစ်ကလန်က ဒီသတင်းကို အမှောင်ချထားတာကိုး .. ဒီလိုမျိုးလား .. သူတို့တွေ စွန့်စားပြီးတော့ နတ်ဆိုးဘုရင်လူငယ်ဟွမ်ကို ဖမ်းလိမ့်မယ်လို့ ငါပြောရဲတယ်” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။
ဤသည်မှာ သေးငယ်သည့် ကိစ္စတစ်ခု မဟုတ်ပေ။ နတ်ဆိုးဘုရင်လူငယ်ဟွမ်တွင် အဆင့်လွန်အဖိုးတန်ပညာရှိနေသည်။ မည်သူက သူ့ကို ထောင်ချောက်ဆင်ရဲမည်နည်း..
“သူက ငါ့လူမျိုးစုမှာ ပေါ်လာတာပဲ .. ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ငါထင်ကို မထင်ထားဘူး” အခြား ကောင်းကင်နတ်ဘုရားမှ ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
“ငါတို့ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ” သူတို့ထဲမှတစ်ယောက်မှ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဟွမ်ထံတွင် လျှို့ဝှက်ချက်ကြီး ရှိနေသည်။ သူ့ထံတွင် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည့် ပြိုင်ဘက်ကင်းအဖိုးတန်ပညာရှိနေသည်။ မည်သူက သူ့ကိုဖမ်းပြီး ထိုပညာများကို မယူချင်မည်နည်း..
အခြားရှုထောင့်မှ ကြည့်မည်ဆိုလျှင် သူသည် ယခင်က ထာဝရနန်းတော်မှ သခင်လေးကို ထိခိုက်အောင် လုပ်ထားသည်။ သူတို့သာ သူ့ကို ခေါ်ထားလျှင် ကြောက်စရာကောင်းသည့် ခြိမ်းခြောက်မှုကို ခံရလိမ့်မည်။
“သူ့ကို ဒီခေါ်ခဲ့လိုက် .. ငါတို့သူ့နဲ့တွေ့ချင်တယ်” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်သည် သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည်။ သူ့ကို ဤရှေးဟောင်းနန်းတော်ကြီးထဲသို့ ခေါ်လာကြလေ၏။ သူ့ကို လမ်းပြသည့်သူများမှာ ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤနန်းတော်မှာ လူအနည်းငယ်သာ ဝင်ခွင့်ရှိသည့် နန်းတော်ပင်။
ဤနန်းတော်ခန်းမမှာ အလွန်ပင်ရှေးကျပြီး အရေးကြီးသည့်ကိစ္စများကို ဆုံးဖြတ်ရန်အတွက် အသုံးပြုကြသည်။
ရှီဟောင် မကောင်းသည့် ခံစားချက်များရနေသည်။ သူထပ်ပြီး ဖုံးကွယ်ထား၍မရတော့ပေ။ သူသည် မြူခိုးများရစ်ဆိုင်းနေသည့် နန်းတော်ထဲသို့ဝင်ကာ ကောင်းကင်နတ်ဘုရားများနှင့် တွေ့ဆုံခဲ့သည်။
ယွမ်ရှီးနှင့် အခြားလူငယ်နှစ်ယောက်လည်း ထိုနေရာတွင်ရှိနေသည်ကို သူအံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။ သူတို့သည် ဘေးဘက်တွင်နေနေပြီး လျှို့ဝှက်ချက်များကို နားထောင်ခွင့်ရှိလေသည်။ သူတို့ကို ကလန်၏ အဓိကလူအဖြစ် ပျိုးထောင်နေခြင်းပင်။
“မင်းက တကယ်ပဲ ဘယ်သူလဲ” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။ သူသည် ဆုတောင်းဖျာထက်တွင် ထိုင်နေပြီး သူ့ကို မြူများ ဝန်းရံနေလေသည်။ သူသည် ထူးဆန်းကာ စွမ်းအားကြီးသည့်သူပင်။
ထိုအချိန်တွင် ရှီဟောင် တည်ငြိမ်နေလေ၏။ ဤအခြေအနေသို့ပင် ရောက်နေပြီဖြစ်သောကြောင့် သူသည် အလွန်ပင် တည်ငြိမ်စွာဖြင့်ပင် “ကျွန်တော်က ဟွမ်ပါ”
“ဘာ..” ဘေးဘက်တွင်ရှိနေသည့် ယွမ်ရှီး ထိတ်လန့်သွားကာ သူမ၏မျက်လုံးများ ပြူးကျယ်လာသေည်။
ယုံရုနှင့် အခြားလူငယ်ကျွမ်းကျင်သူများလည်း ထိတ်လန့်သွားကြသည်။
အပေါ်ဘက်မှ ကောင်းကင်နတ်ဘုရားများလည်း တိတ်ဆိတ်သွားကြ၏။ ဤလူသည် သူ မည်သူဖြစ်သည်ကို ဤကဲ့သို့ တိုက်ရိုက်ဖွင့်ပြောလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။