သုခကမ္ဘာက ရှီဟောင် - Chapter - 915 ခက်ခဲပြီး အန္တရာယ်များသော အခြေအနေ
သူသည် လျှပ်စီးဧကရာဇ်၏ ထာဝရကျမ်းစာဖြစ်သည့် ရွှေရောင်စာရွက်ကို ရရှိခဲ့သည့်ဟွမ်ပင်။ ယခုအချိန်တွင် သူသည် ကောင်းကင်ဘုံမြို့သို့ ရောက်နေသည်… အားလုံးမှာ ထိတ်လန့်စွာ ကြည့်နေကြလေ၏။
နန်းတော်ကြီးမှာ တိတ်ဆိတ်နေ၏။ ကောင်းကင်နတ်ဘုရားများစွာသည် ဆုတောင်းဖျာတွင် ထိုင်နေပြီး မည်သူမှ စကားမပြောကြသောကြောင့် အလွန်ပင် တိတ်ဆိတ်နေ၏။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ယွမ်ရှီး ပြောလိုက်သည်။ သူမနှင့်တစ်ချိန်လုံးအတူ ခရီးသွားခဲ့သည့်သူမှာ ဟွမ်ဖြစ်နေသည်။
ယုံရုသည် အလွန်ပင် ခန့်ညားစွာ ထိုင်နေပြီး သူ၏အရှေ့မှ တည်ငြိမ်နေသည့်လူငယ်ကို ကြည့်လိုက်၏။ သူကဟွမ်လား .. ထူးခြားပါရမီရှိတဲ့သူတွေနဲ့ စစ်ဘုရင်ကို သတ်လိုက်တဲ့သူက ဒီလိုပုံစံမျိုးလား..
နန်းတော်အတွင်းရှိ လေထုမှာ အလွန်ပင် လေးလံ တင်းကျပ်နေလေသည်။
ရှီဟောင်သည် ထိုနေရာတွင် ရပ်နေပြီး ရလဒ်ကို စောင့်နေလိုက်သည်။ အခြေအနေများမှာ အလွန်ပင် အန္တရာယ်များသည်ကို သူသိသည်။ မည်သည့်ဂိုဏ်းပင်ဖြစ်ပါစေ ဤသည်ကို မလိုချင်ရန် ခက်ခဲလိမ့်မည်။
လျှပ်စီးဧကရာဇ်၏ မှော်ပညာများကို ကောင်းကင်ပညာများဟု ခေါ်ကြပြီး လောကကြီးတစ်ခုလုံးကို ထိန်းချုပ်ထားသည့် ထာဝရကျမ်းစာပင်။ ဤသည်မှာ ကြောက်စရာအကောင်းဆုံးဖြစ်သည်။
“မင်းက ဘယ်ကလာတာလဲ .. မင်းက ဘယ်ဂိုဏ်းကလဲ” မြူများဝန်းရံထားသည့် ကောင်းကင်နတ်ဘုရားတစ်ပါးသည် တည်ငြိမ်စွာပင် မေးလိုက်သည်။
“ကျွန်တော်က စီရင်စုသုံးထောင်အပြင်ဘက်က တားမြစ်ထားတဲ့စွန့်ပစ်နယ်မြေက လာတာပါ” ရှီဟောင်ပြန်ဖြေလိုက်၏။ ယခုအချိန်တွင် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ထားသောကြောင့် သူ၏မျက်လုံးတွင် မည်သည့်လှိုင်းမှရှိမနေပဲ ကောင်းကင်နတ်ဘုရားများကို စိုက်ကြည့်နေလေသည်။
ထိုစကားများကို ကြားလိုက်ရသည်နှင့် အမြင့်တွင် ထိုင်နေသည့်သူများထဲတွင် မတုန်လှုပ်သွားသည့်သူ မရှိပေ။ သို့သော် ကောင်းကင်နတ်ဘုရားတစ်ပါးအနေဖြင့် သူတို့၏ ခံစားချက်များကို မျက်နှာထက်တွင် မပြလိုကြပေ။ သူတို့သည် တည်ငြိမ်နေဆဲဖြစ်သော်လည်း သူတို့၏စိတ်ထဲတွင် မုန်တိုင်းဝင်နေလေပြီ။
ဒီလူငယ်လေးက ကြောက်စရာကောင်းတဲ့ စွန့်ပစ်နယ်မြေက လာတာလား .. သူတို့အားလုံး သင်္ကာမကင်းဖြစ်လာကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် ထူးဆန်းကာ စွမ်းအားကြီးပြီး ကြောက်စရာကောင်းသည့်နေရာတစ်ခုပင်။
“စွန့်ပစ်နယ်မြေမှာ မျိုးဆက်တွေ ရှိနေတာလား” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။
“ကျွန်တော့်ကလန်က အဲဒီထဲမှာ ရှိတာပါ .. ဒါပေမဲ့ ကျွန်တော် အဲဒီအကြောင်း ပြောပြလို့မရဘူး” ရှီဟောင်သည် ပုံမှန်အတိုင်းသာ ဆက်ဖြေနေလေသည်။ ဤအထိရောက်နေပြီဖြစ်သောကြောင့် သူရွေးချယ်စရာမရှိတော့ပေ။ သူ ဤနာမည်ကိုသာ ဒိုင်းကာအဖြစ် အသုံးပြုရန်သာရှိတော့သည်။
ယွမ်ရှီးမှာ ယုံကြည်နိုင်ရန် ခက်ခဲနေလေ၏။ သူမနှင့် လီပေါင်း ထောင်ပေါင်းများစွာ ခရီးသွားခဲ့သည့်သူမှာ ထူးဆန်းလွန်းလှသည်။
နန်းတော်ထဲရှိ ထိုကောင်းကင်နတ်ဘုရားများလည်း တိတ်ဆိတ်နေပြီး အချိန်အတော်ကြာသည်အထိ စကားမပြောကြပေ။ သူတို့သည်ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။
“အဲဒီနယ်မြေက လာတာဆိုတော့ အပြင်ဘက်ကမ္ဘာနဲ့ အဲဒီနေရာက ဘာတွေကွာခြားတယ်လို့ ထင်လဲ” ကောင်းကင်နတ်ဘုရားသည် အောက်တွင်ရှိနေသည့် လူငယ်လေးကို စိုက်ကြည့်ပြီး မေးလိုက်လေသည်။
ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ သူတို့ သူ့ကို စမ်းသပ်ချင်နေတာလား.. သူ၏စကားတစ်ခွန်းတည်းဖြင့် သူ့ကို ယုံကြည်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ ဤလူများသည် အတွေ့အကြုံရင့်သန်သောသူများဖြစ်ကြပြီး သူတို့၏မျက်လုံးများမှာ အလွန်ပင် စူးရှပြီးလိမ်ညာရန် မလွယ်ကူပေ။
“အဲဒီနေရာနဲ့ပတ်သက်ပြီး ဘာမှမပြောဖို့ ကျွန်တော့်ရဲ့ဘိုးဘေးက ပြောထားလို့ပါ” ရှီဟောင် ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် တကယ်မသိသောကြောင့်ပင်။ အာကာသကလန်တွင် ထိုနယ်မြေမှ အသက်ရှင်လျက် ပြန်ရောက်လာသည့် အကြီးအကဲတစ်ယောက်ရှိသောကြောင့် သူသည် အနည်းနှင့်အများ သိထားမည်သာ။ သူသာတစ်ခုခု မှားပြောမိလျှင် ဒုက္ခများသွားလိမ့်မည်။
“မော့ရှီး .. ရှင်က .. ဟွမ်လား” ဘေးဘက်တွင်ရှိနေသည့် ယွမ်ရှီးမှ ပြောလိုက်သည်။
“ဟုတ်တယ်” ရှီဟောင် ခေါင်းညိမ့်လိုက်၏။
ယွမ်ရှီးမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဘာမှမပြောနိုင်တော့ပေ။ သူတို့သည် တစ်ချိန်လုံး ခရီးအတူသွားခဲ့ကြသော်လည်း သူမည်သူဖြစ်သည်ကို သူမ မသိခဲ့ပေ။
ထို့နောက်တွင် ကောင်းကင်နတ်ဘုရားများ မေးခွန်းအနည်းငယ်ကို ဆက်မေးလိုက်ကြသည်။ သူတို့သည် တမင်သက်သက်ပင် ပြုံးရယ်ခြင်းမရှိပဲ တည်ကြည်စွာပင် မေးနေကြလေ၏။ ဤနေရာတွင် အသက်ရှုရသည်ပင် ခက်ခဲသည့်ပုံစံ လုပ်နေကြခြင်းပင်။
ရှီဟောင်သည်လည်း တည်ငြိမ်စွာဖြင့်ပင် မေးခွန်းများကို တစ်ခုပြီးတစ်ခု ဖြေနေလေသည်။
“ဟုတ်ပြီ မင်းသွားလို့ရပြီ” ကောင်းကင်နတ်ဘုရား ချီထော်ပြောလိုက်ကာ သူ့ကို နန်းတော်မှ ထွက်ခွာခိုင်းလိုက်သည်။ ဤနေရာသည်လည်း နောက်တစ်ကြိမ်တိတ်ဆိတ်သွားလေ၏။
အားလုံးမှာ ဤမြင့်မြတ်သည့်နယ်မြေမှ သူ့အားထွက်သွားခွင့်ပြုလိုက်လေသည်။ သူသည် ခပ်ဝေးဝေးသို့ရောက်သည်အထိ မည်သည့်ခံစားချက်မှမပြပဲ လမ်းလျှောက်သွားလေသည်။
နန်းတော်ထဲတွင် ကောင်းကင်နတ်ဘုရားများမှာ သူတို့အချင်းချင်း စကားပြောနေကြလေသည်။ သူတို့အားလုံးမှာ ဘာလုပ်ရမည်ကို ဆွေးနွေးနေကြလေ၏။
“သူ့ရဲ့စကားတွေကို မင်းတို့အားလုံးယုံလား” ချီထော်မေးလိုက်သည်။
“မယုံပါဘူး” သူတို့ထဲမှ တစ်ယောက်သည် ပြုံးရယ်ကာ ပြောလိုက်လေ၏။
အခြားသူများလည်း ခေါင်းညိမ့်လိုက်ကြသည်။ သူတို့၏အမူအရာများမှာ သက်တောင့်သက်သာ ဖြစ်နေလေသည်။ ရှီဟောင် စွန့်ပစ်နယ်မြေမှလာသည်ဆိုသည်ကို သူတို့မယုံကြည်ကြပေ။ သူတို့သည် အမှန်တရားအချို့ကို နားလည်ထားကြသည်။
ဘေးဘက်တွင်ရှိနေသည့် အဆင့်လွန်လူငယ်သုံးယောက်မှာ ထိတ်လန့်နေကြလေ၏။ သူတို့သည် ကောင်းကင်နတ်ဘုရားများအား လမ်းညွှန်မှုပေးရန် တောင်းခံလိုက်ကြလေသည်။ သူတို့ကဘယ်လိုလုပ် ဒီလိုဆုံးဖြတ်ချက်မျိုး လုပ်ရတာလဲ..
ချီထော်သည် ထူးမခြားနားစွာဖြင့်ပင် “သူ မူလကောင်းကင်လျှို့ဝှက်နယ်မြေမှာလုပ်ခဲ့တာကို မေ့ထားလိုက် … ပြီးတော့ ဂိုဏ်းခေါင်းဆောင်တွေပြောတဲ့ သူက တစ်ကိုယ်တည်းကျင့်ကြံသူဆိုတဲ့အချက်ကို မေ့ထားလိုက်ရင်တောင် .. ငါက ကောင်းကင်နတ်ဘုရားအနေနဲ့ ဘယ်လိုလုပ် အဲဒီလောက် လွယ်လွယ်ယုံရမှာလဲ .. ငါ့မှာလည်း ငါ့ရဲ့နတ်အာရုံတွေ ရှိပါတယ်”
ဤသည်မှာ ကောင်းကင်နတ်ဘုရား၏ အလိုလိုသိစိတ်ပင်။ သူတို့သည် ကိုယ့်ကိုကိုယ် သေချာစဉ်းစားပြီးသည့်နောက်တွင် ရှီဟောင်၏စကားများမှာ အမှန်မဟုတ်ဘူးဟု သူတို့၏နတ်အာရုံများမှတစ်ဆင့် သိနေလေသည်။
“အကြီးအကဲတို့အားလုံးကို လိမ်ညာရဲတယ်ဆိုတော့ ဒါက ကောင်းကင်နတ်ဘုရားတွေကို မလေးစားတာနဲ့ အတူတူပဲ” ယုံရု မျက်မှောင်ကြုတ်လိုက်သည်။
“သူ့ကို ဖြေရှင်းဖို့အတွက် ငါတို့ဘယ်လို သဘောထားမျိုး ထားသင့်သလဲ” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်၏။ ဤသည်မှာ ခက်ခဲသည့်ခေါင်းစဉ်တစ်ခုပင်။ ကောင်းကင်နတ်ဘုရားများစိတ်ရှုပ်ထွေးနေကြလေသည်။ သူတို့ ဤလူငယ်လေးကို မည်ကဲ့သို့ ဆက်ဆံရမည်နည်း…
သူတို့သည် လျှပ်စီးဧကရာဇ်၏ ထာဝရကျမ်းစာကို လက်မလွတ်ချင်ပေ။ သူတို့ထိုအရာကို လိုချင်သည်။ ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့် လျှို့ဝှက်နည်းလမ်းမှာ ရှေးဟောင်းဘိုးဘေး အာကာသအကြီးအကဲအတွက်ပင်လျှင် အကျိုးရှိပြီး သူ့ကို နောက်တစ်ဆင့် တက်နိုင်စေလောက်သည်။
ထို့အပြင် ဤလူငယ်လေး၏ ပါရမီလည်း ထိတ်လန့်စရာကောင်းလွန်းလှသည်။ ထာဝရနန်းတော်မှသခင်လေးကိုပင် ဒဏ်ရာရအောင် လုပ်နိုင်လေသည်။ သူတို့သာ သူ့ကို ပြုစုပျိုးထောင်ပြီး အာကာသကလန်၏ ကာကွယ်သူဖြစ်အောင်လုပ်နိုင်လျှင် ကောင်းလိမ့်မည်။
“ငါတို့ ကလန်ရဲ့အရိုးမှန်ဘီလူးကို သုံးပြီးတော့ သူ့ကိုလေ့လာပြီး အမှန်တရားကို သိအောင်လုပ်သင့်တယ်လို့ ငါထင်တယ်” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။
အချို့လူများသည် ခေါင်းညိမ့်ကာ သူတို့သဘောတူကြောင်းပြကြ၏။ “သူ့ကို ထာဝရသံစဉ်ကို အရင်လေ့လာခိုင်းရမယ်ထင်တယ် .. ငါတို့နောက်မှ ဒီအကြောင်းကို ဆွေးနွေးလို့ရပါတယ်”
“သူ့ကိုအချိန်ပေးသလို ငါတို့လည်းအချိန်ရတာပေါ့ .. အလောတကြီးဆုံးဖြတ်ချက်ချစရာမလိုသေးပါဘူး .. ပြီးတော့ ငါတို့သူ့ကို သိပ်ပြီးတော့ မဆက်သွယ်လည်းရတယ်လေ .. သူကအနောက်မှာပဲ နေချင်တယ်ဆိုရင်လည်း သူ့ကို တာအိုကာကွယ်သူဖြစ်အောင် ကျင့်ကြံခိုင်းလို့လည်းရတာပဲ” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။
အခြားသူများလည်းခေါင်းညိမ့်လိုက်ကြသည်။
ထိုသို့သာဆိုလျှင်သူတို့သည် ဤလူငယ် စီရင်စုများစွာကို တုန်လှုပ်စေနိုင်သည်အထိ သူ့ကို ပြုစုစောင့်ရှောက်၍ရသည်။ ဤသည်မှာ အာကာသကလန်အတွက် အဆုံးမရှိသည့် အကျိုးကျေးဇူးများကို ရရှိနိုင်လေသည်။
“ဟုတ်ပြီလေ အဲဒါဆိုရင်လည်း အခုတော့ ဒီလောက်ပဲပေါ့ .. သူ့ကို ပျံသန်းခြင်းကျောက်တုံးကို နားလည်အောင် အရင်လုပ်ခိုင်းရမယ် .. အဲဒီအဖိုးတန်ပညာနဲ့ လျှပ်စီးဧကရာဇ်ရဲ့ ထာဝရကျမ်းစာနှစ်ခုလုံးက အရေးကြီးတယ်” ဤကိစ္စတွင် သူတို့အားလုံးမှာ အနည်းနှင့်အများတော့ အကြံအတူတူပင်။
“ငါတို့သတိထားရမယ့်အချက်တစ်ချက်ရှိတယ် .. သူက အခုစကားနားထောင်နေပေမယ့် နောင်ကျ ငါတို့ကို မုန်းလာရင် ငါတို့အတွက် ကပ်ဆိုးကြီးဖြစ်လာလိမ့်မယ်” ထိုကောင်းကင်နတ်ဘုရားများ ထွက်သွားသည့်အချိန်တွင် တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အားလုံး ခေါင်းညိမ့်လိုက်ကြပြီး စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။
ရှီဟောင်မှာ ကန်ဘေးရှိ သူ၏အိမ်သို့ ပြန်ရောက်လာလေပြီ။ အချိန်အကြာကြီး ကြာပြီးမှသာ သူ စိတ်အေးနိုင်သည်။ ဘာဖြစ်လာမည်ကို သူမသိတော့ .. အာကာသလူမျိုးစုက သူ့ကို မည်ကဲ့သို့ ဆက်ဆံမည်နည်း .. သူတို့မည်ကဲ့သို့ဆုံးဖြတ်ချက်ချမည်နည်း..
သို့သော် အရာအားလုံးမှာ ငြိမ်းချမ်းနေပြီး ယခုအချိန်ထိ ဘာမှမဖြစ်သေးပေ။ သူသည် ဘာကိုမှ စိတ်ပူစရာမလိုပဲ သူ၏ကျင့်ကြံခြင်းကိုသာအာရုံစိုက်ရန် အစစ်အမှန် နတ်ဘုရား ရှီရှားမှ ပြောခဲ့သေးသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်ဆွံ့အသွားရ၏။ ခက်ခဲကာ အန္တရာယ်များသော အခြေအနေရောက်လာတော့မည်ဟု သူ ခံစားနေရသည်။ သူ၏ငြိမ်းချမ်းသည့်နေ့ရက်လေးများ ကုန်ဆုံးသွားတော့မည်။
အာကာသလူမျိုးစုသည် သူ၏လက်ရှိကျင့်ကြံခြင်းကို အလေးပေးပြီး လျှပ်စီးဧကရာဇ်၏ ထာဝရကျမ်းစာကိုလည်း လိုချင်နေမှန်း ရှီဟောင်သိသည်။ သူတို့ချက်ချင်းမဆုံးဖြတ်ကြခြင်းမှာလည်း သူထွက်ပြေး၍မရသောကြောင့်ပင်။ သူကောင်းကင်ဘုံမြို့ထဲတွင် ရှိနေသရွေ့ ထိုအရာများကိုတောင်းဆိုရန်အတွက် သူတို့အတွက် အချိန်လုံလောက်သည်ထက် ပိုနေလေပြီ။
“ကြည့်ရတာ တစ်ချို့လူတွေက ငါ့ကိုပြုစုပျိုးထောင်ပြီးတော့ အင်ပါယာကလန်က ကျွမ်းကျင်သူတွေကို ဆန့်ကျင်စေချင်နေတာလား” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ရှီဟောင်သည် တရားထိုင်လိုက်ကာ သူ၏စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် လုပ်လိုက်၏။ သူသည် အချိန်အတော်ကြာ သူ့ကိုယ်သူ ပြန်သုံးသပ်ပြီးသည့်နောက်တွင် သူသည် ကောင်းကင်လက်ကို နားလည်လာလေသည်။
ထိုနေ့ပြီးသည့်နောက်တွင် မည်သူမျှ ရှီဟောင်ကို လာမနှောက်ယှက်တော့ပဲ သူ့ကို ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားလေသည်။ ပြဿနာရှာသည့် အာကာသလူငယ်လေးများပင် ရောက်မလာကြပေ။
ရှီဟောင်သည် တစ်ခြားဘာကိုမျှ စဉ်းစားမနေပဲ သူ၏ပညာနှင့် တာအိုကိုသာ အာရုံစိုက်လိုက်သည်။
“သတင်းပို့ပါတယ် … အာကာသလူမျိုးစုရဲ့နယ်မြေအပြင်ဘက်မှာ စစ်လူမျိုးစုကျွမ်းကျင်သူတွေ ရောက်လာပါတယ်” ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်မှ အာကာကလန်မှ အကြီးအကဲများကို သတင်းပို့လာလေသည်။
“ဟမ် .. သူတို့က ငါတို့နဲ့ထပ်တိုက်ချင်သေးလို့ ကောင်းကင်စီရင်စုကို လာပြီးတော့ ငါတို့ရဲ့နယ်မြေထဲကို ဝင်လာတာလား .. ဒီတစ်ခေါက်တော့ အကောင်းတိုင်းပြန်ဖို့ကို မေ့ထားလိုက်တော့” အစစ်အမှန် နတ်ဘုရားတစ်ပါးမှ နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက်တွင်စွမ်းအားကြီးသည့် ကျွမ်းကျင်သူအချို့ အပြင်ထွက်သွားကာ သူတို့ကိုယ်တိုင် သွားစုံစမ်းကြသည်။ ထို့နောက်တွင် သူတို့ အခြေအနေများကို နားလည်သွားရသည်။ စစ်ပွဲတစ်ပွဲက သေချာပေါက်ကို ဖြစ်လာတော့မှာလား..
ဒန်း..
တစ်ခဏကြာပြီးသည့်နောက်တွင် ကောင်းကင်ဗုံသံများ ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဘုရားများကို ထိတ်လန့်သွားစေသည်။
“ဘာလို့ ဗုံသံမြည်နေတာလဲ” ချီထော်ပေါ်လာကာ သူ၏အမူအရာမှာ မည်းမှောင်နေလေ၏။
ထို့နောက်တွင် အခြား ကောင်းကင်နတ်ဘုရားများ ဆင်းသက်လာကြကာ နတ်ဘုရားအစစ်အနည်းငယ်ကို ကြည့်လိုက်ကြသည်။
“စီနီယာ အခြေအနေ မကောင်းတော့ပါဘူး .. စစ်ကလန်က ကောင်းကင်နတ်ဘုရားတွေ ရောက်လာပါတယ်”
အစစ်အမှန် နတ်ဘုရားတစ်ပါးမှ ဖြူလျော်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ သူတို့သည် ကောင်းကင်နတ်ဘုရားများကို တွေ့လိုက်ရသောကြောင့် ချက်ချင်းပင် လျင်မြန်စွာ သတင်းလာပို့ခြင်းပင်။
“ကြည့်ရတာ သူတို့ထပ်ထိုင်စောင့်မနေနိုင်တော့လို့ ဟွမ်ကို လာရှာတာထင်တယ်” ချီထော်မှ ပြောလိုက်သည်။
စစ်လူမျိုးစုမှ စစ်ဘုရင်ကို သတ်လိုက်သည့်သူမှာ ဟွမ်ပင်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဤကိစ္စကို လျှော်ပေးလိုက်မည် မဟုတ်ပေ။ ပထမအချက်မှာ သူတို့လက်စားချေရမည်။ ဒုတိယအချက်မှာ သူတို့သည် ရှီဟောင်ထံတွင်ရှိနေသည့် ပြိုင်ဘက်ကင်းသည့် အဖိုးတန်ပညာကို ယူရမည်။
ယခုအချိန်တွင် စစ်ကလန်မှ လူများရောက်လာလေပြီ။
“ငါ့ကလန်ရှိတဲ့နေရာကို ရောက်လာပြီးတော့ မင်းတို့တွေက လွယ်လွယ်လေးနဲ့ ပြန်ထွက်သွားချင်နေကြတယ်ပေါ့” ကောင်းကင်နတ်ဘုရားမှ နှာခေါင်းရှုံ့လိုက်သည်။ လေထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေ၏။ သူတို့သည် သေချာပေါက်ပင် ပြန်လည်တိုက်ခိုက်ပြီး စစ်ကလန်မှ ကျွမ်းကျင်သူများကို သတ်ပစ်မည်။
ယခင်တစ်ခေါက်က သူတို့သွေးလွင်ပြင်တွင် ချောင်းတိုက်ခံလိုက်ရပြီး အထိနာခဲ့ရသည်။ သူတို့ဤကိစ္စကို လက်စားချေချင်နေသည်မှာ ကြာလှပြီ။ သူတို့သည် ကျုးကျော်လာသူများအားလုံးကို ရှင်းပစ်ရန် ဆုံးဖြတ်ချက်ချထားကြသည်။
“ဦးလေး မကောင်းတော့ဘူး .. တစ်ခြားလူမျိုးစုရဲ့ အရိုးလှေတွေကို ကျွန်တော်တို့ တွေ့လိုက်ရတယ် .. သူတို့က လေဟာနယ်ကနေပြီးတော့ ကျွန်တော်တို့ အာကာသကလန်နယ်မြေကို ရောက်လာတာ .. သူတို့ကို ဦးဆောင်လာတဲ့ ကောင်းကင်နတ်ဘုရားတွေပါတယ်” တစ်စုံတစ်ယောက်မှ ပြန်လာပြီး သတင်းတင်ပြလိုက်သည်။
အားလုံးမျက်မှောင်ကြုတ်သွားကြသည်။ ချီထော်နှင့် အခြားရာထူးမြင့်သည့်သူများပင်လျှင် အဝေးသို့ ကြည့်လိုက်ကြသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် ကောင်းကင်နတ်ဘုရားအဆင့်စစ်သင်္ဘောကြီးတစ်ခု လီပေါင်းတစ်သိန်းအကွာတွင်ပေါ်လာပြီဟု တစ်စုံတစ်ယောက်မှ သတင်းလာပို့သည်။ စွမ်းအားကြီးသည့် ကျွမ်းကျင်သူများမှာ ကောင်းကင်ဘုံမြို့သို့ ဝင်ရောက်ပြီး ရှင်းပြချက် လိုချင်နေကြသည်။
“ငါနားလည်ပြီ .. စစ်ကလန်က သတင်းလွှင့်လိုက်တာ .. သူက ငါ့ရဲ့ကလန်ကို မဆန့်ကျင်ရဲတော့ တစ်ခြားကလန်ကြီးတွေနဲ့ပေါင်းပြီးတော့ ငါ့ကို ဖိအားလာပေးတာ” ကောင်းကင်နတ်ဘုရားချီထော်မှ ကောက်ချက်ချလိုက်သည်။
ကောင်းကင်နတ်ဘုရားများမှာ ဘာဖြစ်နေသည်ကို နားလည်ပြီးသားပင်။ ခက်ခဲကာ အန္တရာယ်များသည့် အခြေအနေ ရောက်လာလေပြီ။ အာကာသကလန်၏ နေရပ်မှာ အတော်ကြာသည်အထိ မတည်ငြိမ်နိုင်မည့် မုန်တိုင်းတစ်ခု ဝင်တော့မည်။
ထိုလူအားလုံးမှာ ဟွမ်၏ ထာဝရကျမ်းစာအတွက် လာခဲ့ကြခြင်းပင်။