သုခကမ္ဘာက ရှီဟောင် - Chapter - 916 မင်းက ငါ့ကိုဒီလိုမျိုး ကျေးဇူးဆပ်တာလား
စစ်သင်္ဘောကြီးသည် လီပေါင်းတစ်သိန်းအကွာအဝေးတွင် ရပ်တန့်သွားလေသည်။ လူတစ်ယောက်တည်းသာ လမ်းလျှောက်ထွက်လာကာ အာကာသကလန်၏ အရေးကြီးသည့်နေရာသို့ ရောက်လာလေသည်။ ထို့နောက်တွင် သူသည်ကောင်းကင်ဘုံမြို့သို့ ဝင်ရောက်ခဲ့လေ၏။
ဤသည်မှာ အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကောင်းကင်နတ်ဘုရားပင်။ သူ၏မျက်နှာမှာ အလောင်းကောင်တစ်ကောင်ကဲ့သို့ပင် ဖြူလျော်နေလေသည်။
သူသည် မြေအောက်ကမ္ဘာမှလူဖြစ်ပြီး သူကောင်းကင်နတ်ဘုရားနယ်ပယ်သို့ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်သည်။ ထို့အပြင် လေထဲတွင်လည်း မြေအောက်ကမ္ဘာယင်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်နေလေသည်။
“ခွင့်မတောင်းပဲနဲ့လာလည်တဲ့အတွက် ကျွန်တော့်ကိုခွင့်လွှတ်ပေးဖို့ တာအိုရောင်းရင်းတို့ကိုတောင်းဆိုချင်ပါတယ်” သူပြုံး၍ ပြောလိုက်သည်။
“လေးစားရတဲ့ဧည့်သည်လာရင် ခွင့်တောင်းစရာမလိုပါဘူး .. ကျွန်တော်တို့က ကြိုဆိုရမှာပါ” အာကာသကလန်မှ အကြီးအကဲတစ်ဦးမှ ပြောလိုက်သည်။ သူသည် စိတ်ထဲတွင် မကျေနပ်သော်လည်း အပြင်ဘက်တွင် ထုတ်ပြမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် မြေအောက်ကမ္ဘာမှ စွမ်းအားကြီးသောကြောင့်ပင်။ အဆင့်မြင့်နယ်မြေတွင် သေမင်းနယ်မြေများစွာရှိပြီး အားလုံးမှာကျယ်ဝန်းလှသည်။ ယခုအချိန်တွင် ထိုနယ်မြေအားလုံး ပူးပေါင်းလိုက်သောကြောင့် မည်သူမှ မြေအောက်ကမ္ဘာမှလူများကို နည်းနည်းလေးမျှပင် ဆန့်ကျင်ချင်မည်မဟုတ်ပေ။
“တာအိုညီအစ်ကိုတို့ … ကျွန်တော်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာ မဟုတ်ပါဘူး” မြေအောက်ကမ္ဘာမှ ကောင်းကင်နတ်ဘုရားသည် သူ၏ရာထူးကို အရင်ရှင်းပြကာ အာကာသလူမျိုးစု၏ တွေဝေမှုကို ရှင်းထုတ်လိုက်လေသည်။ “လူငယ်လေးတစ်ယောက်က ကောင်းကင်ဘုံမြို့ကို ဝင်လာတယ်လို့ကြားလိုက်လို့ပါ … ကျွန်တော်က သူ့အတွက် လာခဲ့တာပါ”
ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် အာကာသကလန်မှ ကောင်းကင်နတ်ဘုရားများမှာ ဘာမှမပြောသော်လည်း သူတို့စိတ်ထဲတွင် မကျေနပ်ကြပေ။ သူတို့သည် ဟွမ်၏ အဖိုးတန်ပညာအတွက်လာသည်မှာ သိသာလှသည်။
“ကျွန်တော်တို့နှစ်ယောက်လုံးက ကောင်းကင်နတ်ဘုရားတွေပဲဆိုတော့ လိုရင်းကိုပဲ ပြောလိုက်ရအောင် .. အဲဒီလူငယ်နာမည်က ဟွမ် ဟုတ်တယ်မလား .. မင်းတို့အားလုံး သိပြီးသားဖြစ်မယ်လို့ ငါယုံကြည်တယ်” သူတို့မကျေနပ်သည်ကို သတိထားမိသောကြောင့် မြေအောက်ကမ္ဘာမှ ကျွမ်းကျင်သူမှ ရှင်းပြလိုက်သည်။ “မူလကောင်းကင်လျှို့ဝှက်နယ်မြေထဲမှာ သူမြေအောက်ကမ္ဘာသားတော်ကို သတ်ခဲ့တယ်”
အာကာသကလန်ကျွမ်းကျင်သူတစ်ယောက်မှ ပြောလိုက်သည်။
” ချင်းကလန်က ကလန်အားလုံးက လူငယ်ကျွမ်းကျင်သူတွေကို ခေါ်ပြီးတော့ ပညာဖလှယ်ခိုင်းခဲ့တာပါ .. လျို့ဝှက်နယ်မြေထဲမှာ လူသေတယ်ဆိုတာက ရှောင်လွဲဖို့ခက်ခဲတဲ့ ကိစ္စတစ်ခုပါ .. အပြင်လူကို အပြစ်တင်လို့မရပါဘူး .. ပြီးတော့ ခင်ဗျားတစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ခင်ဗျား ထာဝရတောင်ကို သွားလည်သင့်တယ်”
“ခင်ဗျားပြောတာ မှန်ပါတယ် .. ကျွန်တော့်ကလန်ရဲ့မျိုးဆက်အားနည်းတာကို ကျွန်တော်တစ်ခြားလူကို အပြစ်တင်လို့မရပါဘူ” မြေအောက်ကမ္ဘာကလန်မှ ကောင်းကင်နတ်ဘုရားမှ ခေါင်းညိမ့်ကာ ပြောလိုက်သည်။
ဤသည်မှာ အာကာသကလန်မှ ကျွမ်းကျင်သူများကို ပုံစံအမျိုးမျိုးပြောင်းလဲသွားစေပြီး သူနောက်ထပ်ပြောလာမည့်စကားများကို စောင့်နေလိုက်သည်။
မြေအောက်ကမ္ဘာမှ ရောက်လာသည့်အရေးကြီးပုဂ္ဂိုလ် ဆက်ပြောလိုက်သည်။
“ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူပါ .. ကျွန်တော်က ပြောစရာရှိတာကို တည့်တိုးပြောတတ်တဲ့သူ .. လူငယ်တစ်ယောက်ကို သတ်ဖို့အတွက် အာကာသကလန်ကို အားသုံးပြီးတိုက်ခိုက်ရအောင်အထိ လုပ်မှာမဟုတ်ဘူး .. ဒီနေ့ကျွန်တော်လာတာက လျှပ်စီးဧကရာဇ်ရဲ့ ကျမ်းစာကို တောင်းချင်လို့ပါ .. အဲဒီစာကို ခဏလောက် ငှားကြည့်ချင်ပါတယ်”
အာကာသကလန်မှ ကောင်းကင်နတ်ဘုရားများမှာ ဆွံ့အသွားရသည်။ ဤလူမှာ ဤမျှ တည့်တိုးဆန်မည်ဟု သူတို့မထင်ထားခဲ့ပေ။
“တာအိုညီအစ်ကို မသိသေးဘူးထင်တယ် .. ဒါပေမဲ့ ဒီတစ်ခေါက် အာကာသကလန်နယ်မြေကို စွမ်းအားကြီးတဲ့ဂိုဏ်းက ကျွမ်းကျင်သူတွေ အများကြီးရောက်လာကြတာ .. မြေအောက်ကမ္ဘာတစ်ခုတည်းမဟုတ်ပါဘူး .. အာကာသကလန်တစ်ခုတည်းက ရွှေရောင်စာရွက်ကို တစ်ယောက်တည်းပိုင်ဆိုင်ချင်နေတာဆိုရင်တော့ ဒါက သိပ်ပြီးတော့ သဘာဝမကျမှာကို စိုးမိပါတယ်” မြေအောက်ကမ္ဘာကလန်မှ ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။
သူ၏ရည်ရွယ်ချက်မှာ ရှင်းသည်။ ယခုတစ်ကြိမ်တွင် ဂိုဏ်းကြီးအချို့လည်းရောက်လာကာ ဟွမ်ထံမှ လျှပ်စီးဧကရာဇ်အမွေအနှစ်ကို ရယူလိုကြသည်။
“စစ်ကလန်က တကယ်လုပ်လိုက်တာပဲ” ချီထော်မှ အေးစက်စွာ ပြောလိုက်သည်။ သူတို့သည် ဤသတင်းကို အပြင်ဘက်သို့ပေါက်ကြားစေကာ ဂိုဏ်းများစွာနှင့် ပူးပေါင်းကာ အာကာသကလန်ကို တောင်းဆိုခြင်းပင်။
ထို့နောက်တွင် မြေအောက်ကမ္ဘာမှ ကောင်းကင်နတ်ဘုရား ထွက်သွားလေသည်။ ကောင်းကင်ဘုံမြို့မှာ တည်ငြိမ်ရန်အတွက် ခက်ခဲလေသည်။ အာကာသလူမျိုးစုမှ အကြီးအကဲများသည် ဤကိစ္စကို မည်ကဲ့သို့ ဖြေရှင်းရမည်ကို ဆွေးနွေးနေကြလေသည်။
“ဟာသပဲ .. အဲဒီဂိုဏ်းတွေက ငါတို့ကို ဖိအားပေးဖို့အတွက် ပူးပေါင်းထားကြတာလား .. ငါ့ကလန်ရဲ့ အစီအရင်က အလှထားဖို့လို့ ထင်နေတာလား .. အာကာသအကြီးအကဲ ၆ ယောက်က ရှေးဟောင်းမြို့ပတ်လည်မှာ အစီအရင်လုပ်ထားတယ် .. ဝင်လာတဲ့သူမှန်သမျှကို ငါတို့သတ်လိုက်ယုံပဲ” အသက်ကြီးသည့် ကောင်းကင်နတ်ဘုရားမှ ဒေါသတကြီး ပြောလိုက်သည်။
ရှေးယခင်ကတည်းက သူတို့ကို ဖိအားပေးကာ လုပ်ခိုင်းရဲသည့်သူ ရှားပါးလှသည်။ သူတို့၏ အဆိုးဝါးဆုံးအချိန်မှာပင် သူတို့သည် ကောင်းကင်ဘုံမြို့၏ အကာအကွယ်ကို မှီခို၍ရသည်။ အပြင်လူမှသူတို့ကို ဖမ်းဆီးရန်မှာမဖြစ်နိုင်ပေ။
“ဒီကိစ္စကို စိတ်တိုစရာမလိုဘူး .. ငါတို့ကလန်က သူတို့ကို မကြောက်ဘူး .. ငါတို့မှာ ငါတို့ကိုကာကွယ်ပေးမယ့် အစီအရင်ကြီးရှိတယ် အဲဒီတော့ ငါတို့အဲဒီလောက်စိုးရိမ်နေစရာမလိုဘူး .. ငါတို့ဦးညွှတ်စရာမလိုဘူး” ချီထော်ပြောလိုက်သည်။ ထို့နောက်တွင်သူသည် မျက်မှောင်ကြုတ်ကာ “ဒါပေမဲ့ ငါတို့ပြင်ဆင်မှုတွေ လုပ်ဖို့လိုတယ်”
“ဂိုဏ်းက အရိုးမှန်ကို ရပြီလား .. ငါတို့အရင်ဆုံး ဟွမ်ရဲ့ပုံစံအမှန်ကို သိဖို့လိုတယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားများမှာ ကောင်းကင်မျက်လုံးမရှိသော်လည်း ရှီဟောင်၏လက်ရှိပုံပန်းသွင်ပြင်မှာ သူ၏ပုံစံအမှန်မဟုတ်ဘူးဟု သူတို့ခံစားနေရသည်။ သူတို့သည် ဘိုးဘေးမှန်ကို ငှားရမ်းကာ သူ၏ဝိဉာဉ်ကို ကြည့်ချင်ကြသည်။
“လာခဲ့ .. သူ့မှာဘယ်လိုနောက်ခံမျိုးရှိလဲဆိုတာ ကြည့်လိုက်ရအောင်” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။ ထို့နောက်တွင် သူသည် အဖြူရောင်မှန်တစ်ခုကို ထုတ်လိုက်လေ၏။
အပြာရောင်ရေကန်ဘေးတွင် ရှီဟောင် လမ်းလျှောက်ထွက်လာသည်။ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် သူ သက်ပြင်းချလိုက်သည်။ လေများတိုက်ခတ်လာပြီးနောက် မိုးကျလာလေ၏။ ဤအရာများမှာ သူ့ကို အလွန်ပင် မွန်းကြပ်စေလေသည်။
“အမ်..”
ရုတ်တရက်ပင် သူ၏ခန္ဓာကိုယ်တောင့်ခဲသွားရသည်။ သူ၏အနောက်ဘက်မှ ထူးဆန်းသည့်စွမ်းအားလှိုင်းတစ်ခုထွက်လာကာ သူ့ကို ထိုနေရာတွင်အေးခဲသွားစေသည်။ လေဟာနယ်တွင် မြင့်မြတ်သည့်အလင်းတန်းများ ဖြာဆင်းကျလာပြီး သူ၏ခန္ဓာကိုယ်ကို ဝန်းရံသွားလေသည်။
“ဟမ် .. ဒီလူငယ်လေးက ဘယ်တော့မှ သူ့ပုံစံအမှန်ကို မပြခဲ့ဘူးပဲ .. ဒါက သူ့ရဲ့ပုံစံအမှန်ပဲ” နန်းတော်ထဲမှ ကောင်းကင်နတ်ဘုရားများစွာမှာ အံ့အားသင့်သည့်အမူအရာများ ဖြစ်လာကြလေသည်။ သူတို့သည် မှန်ထဲမှ လူကို စိုက်ကြည့်နေကြသည်။
ဤသည်မှာ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ် အစစ်အမှန်ကို ပြနိုင်သည့် အဖိုးတန်မှန်ပင်။ ဤမှန်သည် ဝိဉာဉ်၏လျှို့ဝှက်ချက်များကိုလည်း ပြသနိုင်လေသည်။
“သူ့ကို နည်းနည်းရင်းနှီးနေတယ်လို့ ဘာလို့ခံစားနေရတာလဲ” ကောင်းကင်နတ်ဘုရားမှ သံသယဝင်လာသည်။ သို့သော် သူဆက်မတွေးနိုင်ခင်မှာပင် တစ်ခုခုမှားယွင်းနေသည်ကို သူတွေ့လိုက်ရသည်။
“ရပ်လိုက်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ မျက်ခုံးနှစ်ခုကြားမှ သွေးထွက်လာပြီး သူ၏နဖူးမှာလည်း ပေါက်ကွဲထွက်မတတ်ဖြစ်နေသည်။
ဤသည်မှာ ကောင်းကင်နတ်ဘုရားများကို ထိတ်လန့်သွားစေသည်။ သူတို့သည် အရိုးကြေးမုံကို လျင်မြန်စွာပင် ရပ်တန့်လိုက်ကာ သူ့အပေါ် ဆက်လက် မတောက်ပခိုင်းရဲတော့ပေ။ ဤလူငယ်လေး၏ အသွေးအသားများ တစ်စစီဖြစ်သွားမည်ကို ကြောက်ရသည်။
“အဖိုးတန်လိုက်တဲ့ ပညာ ..တစ်ခြားသူတွေ သူ့ရဲ့နတ်အာရုံထဲ ဝင်ကြည့်မှာကို ကာကွယ်ဖို့အတွက် သူက သင်္ကေတတွေကို ထွင်းထုထားတာပဲ .. တစ်ယောက်ယောက်ဝင်လာတာနဲ့ အားလုံးကို ဖျက်ဆီးပစ်ဖို့လုပ်ထားတာ” ကောင်းကင်နတ်ဘုရားချီထော်မှ ပြောလိုက်သည်။
ကန်ဘေးတွင် ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေလေသည်။ သူ၏လွတ်လပ်မှုကို သူပြန်ရသွားပြီ။ သူသည် ကောင်းကင်ထက်သို မော့ကြည့်လိုက်ပြီးနောက် သူ၏မျက်ခုံးကြားမှ သွေးကို သုတ်လိုက်သည်။ သူ၏စိတ်ထဲ၌ အလွန်ပင်တုန်လှုပ်နေမိသည်။ ယခုလေးတင် တစ်စုံတစ်ယောက်မှာ သူ၏မူလဝိဉာဉ်ထဲသို့ ချောင်းကြည့်ရန် ကြိုးစားခဲ့သည်။
သူ၏မူလဝိဉာဉ်ထဲတွင် သူ့ကိုယ်သူကာကွယ်ရန်အတွက် ခွန်ပန်သင်္ကေတများ၊ ပြန်လည်မွေးဖွားခြင်းပုံစံများနှင့် လျှပ်စီးပညာများကို ရေးထိုးထားခြင်းကြောင့်သာမဟုတ်ပါက သူ၏အသိစိတ်ပင်လယ်ကို တစ်ယောက်ယောက်မှ ကျုးကျော်နေလောက်လေပြီ။
ဤသည်မှာ သူ့အတွက်လုပ်ထားသည့်ကန့်သတ်ချက်ပင်။ ကောင်းကင်နတ်ဘုရားတစ်ပါးမှ သူ၏အသိစိတ်ပင်လယ်ထဲသို့ အတင်းကြည့်မည်ဆိုလျှင် သူ၏ဦးခေါင်းကွဲထွက်သွားပြီး သူ၏အဖိုးတန်ပညာများကိုလည်း တစ်ခါတည်း ဖျက်ဆီးပစ်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အခြားသူများသာ သူ၏လျှို့ဝှက်ချက်ကို ရသွားသည်နှင့် သူတို့လိုချင်တာယူသွားပြီးလျှင် သူလည်း သေဖို့သိပ်လိုတော့မည်မဟုတ်ပေ။
“ရှင်ဘာဖြစ်တာလဲ .. ရှင့်ပုံစံက သိပ်မကောင်းသလိုပဲ” နတ်ဘုရားအစစ် ရှီရှား ထွက်ပေါ်လာလေသည်။
“ဘာမှမဟုတ်ပါဘူး” ရှီဟောင် ခေါင်းခါလိုက်၏။ ဖြစ်ပျက်ခဲ့သည်ကို ရှီရှား မသိဘူးဟု သူ ယုံကြည်သည်။ ကောင်းကင်နတ်ဘုရားတစ်ပါးမှ သူ့အားစုံစမ်းလိုခြင်းပင်။
“ရှင် သီးသန့်ကျင့်ကြံတဲ့အချိန်မှာ ဂရုစိုက်ပြီးတော့ ကျင့်ကြံရမယ် .. ကျွန်မတို့ အာကာသလူမျိုးစုကလည်း ရှင့်အတွက် တာအိုကာကွယ်သူရာထူးကို စီစဉ်ပေးမယ် .. အခုတလော တစ်ခြားဂိုဏ်းက ကျွမ်းကျင်သူ နည်းနည်းရောက်နေတာ .. ဒါပေမဲ့ကျွန်မတို့ကလန်က ကောင်းကင်နတ်ဘုရားတွေက အပေးအယူမလုပ်ပဲနဲ့ ရှင့်ကို ကာကွယ်ပေးမှာပါ” နတ်ဘုရားအစစ်ရှီရှားမှ ပြောလိုက်သည်။
ထိုကောင်းကင်နတ်ဘုရားများမှာ အဘယ်ကြောင့် သူ၏မူလဝိဉာဉ်အတွင်းသို့ ဝင်ရောက်ရန်ကြိုးစားခဲ့သည်ကို သူနားလည်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အပြင်ဘက်မှဖိအားများကြောင့် လျှပ်စီးဧကရာဇ်၏ ထာဝရကျမ်းစာကို အရင်ယူထားလိုခြင်းပင်။
“ငါက ကြောက်စရာကောင်းတဲ့အခြေအနေကို ရောက်နေတာပဲ” သူနူးညံ့စွာ ပြောလိုက်သည်။ အဆင့်မြင့်နယ်မြေသို့ ဝင်ရောက်ပြီးသည့်နောက် ကြုံတွေ့ရသည့် ပြဿနာထဲတွင် ဤသည်မှာ အကြီးမားဆုံး ပြဿနာပင်။
သူသည် ကန်ဘေးတွင်လမ်းလျှောက်နေရင်း သက်ပြင်းချလိုက်သည်။ သူသည် သွေးလွင်ပြင်ထဲတွင် ယွမ်ရှီးနှင့်တွေ့ဆုံခဲ့ပြီး သူမ၏ အသက်ကို ကယ်တင်ချင်သောကြောင့် နောက်ဆုံးတွင် သူသည် ဤကဲ့သို့သော အန္တရာယ်များသည့်အခြေအနေတွင် ရောက်နေလေပြီ။
ရှီဟောင်သူ့ကိုယ်သူ ပြန်သုံးသပ်လိုက်သည်။ လူကောင်းတစ်ယောက်ဖြစ်ဖို့မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။ သူသည် ကောင်းသောရည်ရွယ်ချက်ဖြင့် လူပေါင်းများစွာကိုသတ်ကာ သူမနှင့်အတူ လီပေါင်းထောင်ပေါင်းများစွာကို ဖြတ်သန်းခဲ့သော်လည်း နောက်ဆုံးတွင် သူအန္တရာယ်တောထဲသို့ ရောက်ခဲ့ရသည်။
နောက်နှစ်ရက်အတွင်းတွင် အခြားဂိုဏ်းများလည်း ရောက်လာကြလေသည်။ သူတို့အားလုံးမှာ အာကာသကလန်ကို လာလည်ကြခြင်းပင်။ ထိုကလန်များထဲတွင် ထာဝရတောင်၊ နတ်ဆိုးနေကြာဥယျာဉ်၊ ကောင်းကင်နိုင်ငံနှင့် အခြားဂိုဏ်းများပါဝင်လေသည်။
ဤသည်မှာ အာကာသကလန်ကို ဖိအားများစေသည်။ သူတို့သည် မတတ်သာပဲ ပြန်စဉ်းစားရတော့မည်။
ဒင်..
ရုတ်တရက်ပင် ခေါင်းလောင်းသံမည်လာကာ အခြားဧည့်သည်တစ်ဦး ရောက်ရှိလာလေသည်။
ယခုတစ်ကြိမ်တွင် သက်ရှိတစ်ယောက်ရောက်လာခြင်းမဟုတ်ပဲ ဖရိုဖရဲစွမ်းအင်များ ဝန်းရံနေသည့် ခေါင်းလောင်းတစ်ခု ရောက်လာခြင်းပင်။ ဤသည်မှာ ရိုးရှင်းကာ ထူးဆန်းလှသည်။ ထိုခေါင်းလောင်းသည် ကောင်းကင်ဘုံမြို့တွင်ပေါ်လာကာ ကောင်းကင်နတ်ဘုရားများနှင့် မျက်နှာချင်းဆိုင်လိုက်လေသည်။
“သူပဲ” အာကာသကလန်မှ ကောင်းကင်နတ်ဘုရားများ ထိတ်လန့်သွားရသည်။
ရှီဟောင်လည်း ထိတ်လန့်သွားရသည်ပင်။ ခေါင်းလောင်းသံကြား၍ သူခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် သူတုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းလောင်းကို သူယခင်က အဆင့်နိမ့်နယ်မြေတွင် တွေ့ဖူးသည်။ ဤသည်မှာ အဖိုးတန်ပစ္စည်းတစ်ခုပင်။
ယခင်က မိုးမခနတ်ဘုရားပင်လျှင် ဤခေါင်းလောင်းကြောင့် ဒုက္ခရောက်ဖူးသည်။
“ငါ လျှပ်စီးဧကရာဇ်ရဲ့ ကျမ်းစာကို ငှားချင်တယ်” ခေါင်းလောင်းသံကြီး ထွက်ပေါ်လာလေသည်။ ထိုခေါင်းလောင်းကို အသုံးပြုသည့်သူမှာ ထွက်မလာပဲ အသံသာ ပို့လွှတ်လိုက်လေသည်။
အာကာသကလန်၏စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ဤထာဝရခေါင်းလောင်းမှာ ထူးခြားလှပြီး ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူမှ အသုံးပြုနေခြင်းပင်။ ထိုကျွမ်းကျင်သူသာ သူ၏စွမ်းအားကို ပြသလိုက်ပါက အာကာသကလန်၏ အစီအရင်ပင် ပျက်စီးသွားလောက်သည်။
ခေါင်းလောင်းပေါ်တွင် စာလုံးနှစ်လုံးရှိလေသည်။ ပထမတစ်လုံးမှာ ” မရှိ ” ဟူသည့်စကားလုံးပင်။
ဒုတိယစာလုံးမှာမူ အလွန်ပင် မှုန်ဝါးနေပြီး ဘာရေးထားမှန်း မသိရပေ။
ထို့နောက်တွင် ခေါင်းလောင်းကြီးမှာ ကောင်းကင်ဘုံမြို့မှ ပျောက်ကွယ်သွားသော်လည်း အာကာသကလန်မှ ကျွမ်းကျင်သူများ၏ အမူအရာများမှာ မသာမယာဖြစ်နေဆဲပင်။
ဂိုဏ်းများစွာမှ လူများ ဆက်တိုက်ပင် ရောက်ရှိလာလေသည်။ ဤသည်မှာ သူတို့စိတ်ကို လေးလံစေသည်။ သူတို့သည် ဟွမ်ကို ဖွက်ထားချင်လျှင် သူတို့ကလန်ကပ်ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်ရလိမ့်မည်။
“မြေအောက်ကမ္ဘာကလူပြောတာမှန်တယ်ထင်တယ် .. ငါတို့ကလန်တစ်ခုတည်းကပဲ ရွှေရောင်စာရွက်ကို ယူထားလို့မရဘူး” ကောင်းကင်နတ်ဘုရားမှ သက်ပြင်းချကာ ပြောလိုက်သည်။
“ခဏနေဦး ခုနတုန်းက အရိုးကြေးမုံက ဟွမ်ရဲ့ပုံစံအမှန်ကို ပြလိုက်ပေမယ့် ရွှေရောင်စာရွက်နှစ်ရွက်ကို မတွေ့လိုက်ဘူး” ကောင်းကင်နတ်ဘုရားချီထော်မှ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူက မူလကောင်းကင်လျှို့ဝှက်နယ်မြေက တစ်ခုကိုပဲ ယူနိုင်ခဲ့တာလား…
အမှန်တကယ်တွင် ထိုရွှေရောင်စာရွက်နှစ်ရွက်နှင့် မူလရှေးဟောင်းမှတ်တမ်းနှစ်ခုလုံးမှာ သူ့အဖိုး နားလည်စေနိုင်ရန်အတွက် ရှီဟောင် သူ့အဖိုးအား ပေးထားခဲ့ခြင်းပင်။ သူ့ထံတွင်ရှိနေသည့် တန်ဖိုးအရှိဆုံးအရာမှာ ထာဝရမြေကြီးနှင့် ကောင်းကင်မြစ်ရေထည့်ထားသည့် ဆေးလုံးမီးဖိုနှင့် သံကြေးတက်နေသည့် ချပ်ဝတ်တန်ဆာပင်။
အာကာသကလန်အတွင်းရှိ ရှေးဟောင်းနန်းတော်အတွင်းတွင် ကောင်းကင်နတ်ဘုရားတစ်ပါးသည် ရုတ်တရက်ပင် သူ့ကိုယ်သူ ပြောလိုက်လေသည်။ “ငါမှတ်မိပြီ .. သူများလား”
သူသည် ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သော်လည်း ယခုအချိန်တွင် သူ၏မျက်နှာထက်၌ ထိတ်လန့်သည့်အမူအရာများဖြစ်နေသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားဟူသည့် သူ၏ဂုဏ်ပုဒ်နှင့် မလိုက်ဖက်ပေ။
“အံ့ဩစရာပဲ … တကယ်သူပဲ” ကောင်းကင်နတ်ဘုရားမှ သူ့ကိုယ်သူ ပြောလိုက်သည်။
“မင်း ဘာပြောနေတာလဲ” ချီထော်နှင့် အခြားသူများမှ သူ့ကို ကြည့်ကာ ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားသည် အလွန်စိတ်လှုပ်ရှားစွာဖြင့်ပင် “သူဘယ်သူလဲဆိုတာ မင်းတို့သိလား .. သူကအဆင့်နိမ့်နယ်မြေကလာတာ .. ပြီးတော့ အဲဒီမှာ နာမည်ကြီးခဲ့တယ်လေ”
သူသည် ယခင်က ယွမ်ရှီးအဖိုး၏ အသိစိတ်ပင်လယ်ကိုကြည့်ခဲ့ပြီး အဆင့်နိမ့်နယ်မြေအကြောင်းကို သိခဲ့သည်။ ထိုအသိစိတ်ထဲတွင် သူဤလူငယ်လေးကို မြင်ခဲ့သည်။ အရိုးကြေးမုံမှ မူလသွင်ပြင်ကို ဖော်ပြသည့်အချိန်တွင် သူအနည်းငယ်ရင်းနှီးနေသည်ဟု ခံစားနေရပြီး ယခုအချိန်တွင် သူမှတ်မိသွားလေပြီ။
“သူက အရင်တုန်းက မြေအောက်ကမ္ဘာ၊ ကောင်းကင်နိုင်ငံ၊ ထာဝရတောင်တွေကို နှောက်ယှက်ခဲ့ပြီးတော့ အဆင့်နိမ့်နယ်မြေမှာ နတ်ဘုရား ၇ ယောက်ကို သတ်ခဲ့တယ် .. အဲဒီကိစ္စက အဆင့်မြင့်နယ်မြေမှာကို အတော်လေး ဂယက်ရိုက်သွားသေးတယ်”
“ဘာ .. သူက အဆင့်နိမ့်နယ်မြေကလာတာဟုတ်လား” ချီထော်နှင့်အခြားသူများထိတ်လန့်သွားရကာ သူ့အားအသေးစိတ်မေးမြန်းကြလေသည်။
“ခွန်ပန်ပညာက .. သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေတာလား”
“ပြီးတော့ သူ့ရဲ့ကိုယ်ပိုင် မွေးရာပါ ပြန်လည်မွေးဖွားခြင်းအဖိုးတန်ပညာလည်းရှိသေးတယ်…”
ဤကောင်းကင်နတ်ဘုရားများမှာ အသံများပင် တုန်ယင်လာကြသည်။ သူတို့သည် အစက ရှီဟောင်ထံတွင် လျှပ်စီးဧကရာဇ်သာရှိနေသည်ဟု ထင်ထားခဲ့ခြင်းပင်။ သူ့ထံတွင် ခွန်ပန်အဖိုးတန်ပညာလည်းရှိနေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ ဤသည်မှာ ထိတ်လန့်စရာကောင်းလွန်းသည်။
“ငါတို့ သူဘယ်သူလဲဆိုတာကို ထုတ်ပြောလို့မရဘူး .. ငါတို့သူ့ကို ထုတ်ပေးရင်တောင်မှ သူက ဟွမ်ပဲ .. အဆင့်နိမ့်နယ်မြေက ရှီဟောင်မဟုတ်ဘူး” ကောင်းကင်နတ်ဘုရားတစ်ပါးမှ ပြောလိုက်သည်။
ကောင်းကင်ဘုံမြို့တွင်ရှိလေထုမှ ပို၍ပင် တင်းကြပ်လာလေသည်။ အာကာသဘိုးဘေးမှာ သီးသန့်ကျင့်ကြံခြင်းမှာထွက်မလာသေးသောကြောင့် ကောင်းကင်နတ်ဘုရားများမှာ သူ့အားသတင်းမတင်ပြနိုင်သလို သူနှင့်လည်း ဆွေးနွေး၍မရပေ။
ထို့နေ့တွင်ရှီဟောင် ထိတ်လန့်သွားရသည်။ သူ၏နှုတ်ခမ်းထောင့်မှသွေးများ စီးကျလာပြီး သူ၏မျက်ခုံးနှစ်ခုကြားမှလည်း အက်ကွဲလာလေသည်။ ပျံသန်းခြင်းထာဝရကျောက်တုံးသည် မြေပြင်ပေါ်သို့ ဖုန်းကနဲ ကျသွားလေ၏။
“ဘာဖြစ်လို့လဲ .. ရှင်ဒဏ်ရာရသွားတာလား” နတ်ဘုရားအစစ် ရှီရှား ထိတ်လန့်သွားရ၏။
ပင့်ကူနှင်းပန်းနီနှင့် ဖုချူးတို့လည်း အံ့အားသင့်သည့်အမူအရာဖြစ်သွားလေသည်။ ထာဝရပျံသန်းခြင်းကျောက်တုံးကြောင့် ဒဏ်ရာရသွားသည်ဆိုပါက ဤဒဏ်ရာမှာ အတော်လေးပင် ပြင်းထန်လိမ့်မည်။ ယခင်က အာကာသကလန်မှ အတော်ဆုံးဂျီးနီးယပ်စ်ကြီးပင်လျှင် ပျံသန်းခြင်းထာဝရကျောက်တုံးကြောင့် ဒဏ်ရာရသွားပြီး နှစ်ပေါင်းတစ်ရာနီးပါးခန့် ထိုဒဏ်ရာကို ပြန်ကုလိုက်ရသည်။
ရှီဟောင်သည် ဘာမှမပြောပဲ ဂရုတစိုက်ရှာဖွေနေလေသည်။
ဤရက်အနည်းငယ်အတွင်းတွင် ထာဝရသံစဉ်ကို နားလည်ရန်အတွက် ပို၍ခက်ခဲလာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်အတွင်းရှိ တာအိုစွမ်းအင်များကို အကုန်သုံးပြီးသွားသောကြောင့်ပင်။
ကံကောင်းသည်မှာ ကောင်းကင်လက်သင်္ကေတများကို သူ၏သွေးသားထဲတွင် ရိုက်နှိပ်ထားသောကြောင့် သူသာအချိန်ပေးလျှင် သူပြန်လည်တည်ဆောက်နိုင်လိမ့်မည်။
သို့သော် ယခုအချိန်တွင် သူပြဿနာ နည်းနည်းတက်နေသည်။ သူဒဏ်ရာရသွားလေပြီ။ သို့သော် ဒဏ်ရာမှာ ယခင်ကလောက်မဆိုးတော့ဘူးဟု ခံစားနေရသည်။
အာကာသကလန်အတွက်မူ ဤသည်မှာ ကိစ္စကြီးတစ်ခုပင်။
“ဘာ .. သူဒဏ်ရာရသွားတယ်ဟုတ်လား”
ရှေးဟောင်းနန်းတော်အတွင်းမှ ကောင်းကင်နတ်ဘုရားများ သတင်းပို့ချက်တစ်ခုကို ရလိုက်ကြလေသည်။
“ဒဏ်ရာက သေးသေးကြီးကြီး ဒါက သူထာဝရသံစဉ်ကို ဆက်ပြီးတော့ လေ့လာလို့မရတော့ဘူးလို့ ဆိုလိုတာပဲ .. သူ့ရဲ့တာအိုနားလည်နိုင်စွမ်းက အဆုံးသတ်သွားပြီ .. ဒါက ကောင်းကင်ရဲ့အလိုဆန္ဒပဲလား .. ငါတို့ဆုံးဖြတ်ချက် ချကြတာပေါ့”
အာကာသကလန်အမြင်တွင် တာအိုကို ဒဏ်ရာရခြင်းမှာ အလွန်ပင်ဆိုးဝါးလှပြီး ဒဏ်ရာမှာ သိပ်မပြင်းထန်လျှင်ပင် ထိုဒဏ်ရာကိုကုရန်အတွက် နှစ်ချီကြာလိမ့်မည်။
ထို့အပြင် အပြင်ဘက်မှ ဖိအားများလည်း တစ်နေ့တစ်ခြား များလာလေပြီ။ သူတို့၏အမြင်လည်း ပြောင်းလဲသွားကြလေပြီ။ သူ၏ဒဏ်ရာပြင်းမပြင်းကို မသိချင်လောက်အောင်ပင် ပြောင်းလဲသွားကြခြင်းပင်။ သူတို့သည် ဤသည်ကို အသုံးချကာ ဆုံးဖြတ်ချက် ချလိုက်ကြလေသည်။
ရှီဟောင်သည် သွေးများကိုသုတ်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ ကန်ဘေးသို့ လမ်းလျှောက်လာလိုက်ပြီးနောက် လမ်းမထက်သို့ ရောက်လာလေသည်။ မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်တော့မည်ဟု သူအာရုံရနေသည်။
ဝုန်း..
ထိုအချိန်တွင် ကောင်းကင်ထက်တွင် လေဟာနယ်ကို ထိုးခွဲသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။ ကြောက်စရာကောင်းသည့်အော်ရာများလည်း ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဘုရားများစွာ ဆင်းသက်လာကြသည်။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ယွမ်ရှီးနှင့်ယုံရုတို့လည်း ထိုနေရာသို့ ရောက်လာကာ ကောင်းကင်နတ်ဘုရားများ ရှီဟောင်ကို ဖမ်းသွားသည်ကို သူတို့အချိန်ကိုက် တွေ့လိုက်ရသည်။
“အကြီးအကဲတို့ ဘာလုပ်နေကြတာလဲ” ယွမ်ရှီးသည် ထိတ်လန့်စွာဖြင့်ပင် အလောတကြီးမေးလိုက်သည်။
ယုံရုသည်လည်း ထိတ်လန့်နေလေသည်။
‘ယွမ်ရှီး တစ်ခါတစ်လေကျရင် ကိုယ်အကြာကြီးသိနေခဲ့တဲ့သူကို နားမလည်တာမျိုးရှိနိုင်တယ် .. တစ်ခါတစ်လေကျရင် မြင်နေရတာတွေက အမှန်တရားတွေမဟုတ်ဘူး” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။
“အကြီးအကဲ ဘာပြောချင်နေတာလဲဆိုတာ ကျွန်မနားမလည်ဘူး” ယွမ်ရှီး စိတ်ရှုပ်ထွေးသွားရသည်။
“ဒီလူက မင်းကို လှည့်စားခဲ့ရုံတင်မကဘူး .. ငါတို့အားလုံးကို လှည့်စားခဲ့တယ် .. သူကဟွမ်ပဲမဟုတ်ဘူး .. သူ့မှာတစ်ခြားနာမည်တစ်ခု ရှိသေးတယ်” ကောင်းကင်နတ်ဘုရားချီထော်မှ ပြောလိုက်သည်။
ထို့နောက်တွင် သူသည် ကောင်းကင်နတ်ဘုရားမှော်ချိန်းကြိုးဖြင့် ရှီဟောင်၏ ၇၂ မျိုးအသွင်ပြောင်းလဲခြင်းကို ဖျက်ဆီးလိုက်ကာ သူ၏ပုံစံအမှန်ကို ပြသလိုက်သည်။
“ဘာ .. ရှင်လား” ယွမ်ရှီး ထိတ်လန့်တကြားပြောလိုက်၏။ သူမသည် ဤသည်ကို ယုံကြည်နိုင်ရန် ခက်ခဲနေလေသည်။ ဒီလူငယ်က သေသွားပြီမဟုတ်ဘူးလား .. သူကဘယ်လိုလုပ် ဟွမ်ဖြစ်လာပြီးတော့ အဆင့်မြင့်နယ်မြေကို ရောက်နေတာလဲ”
“ရှင် .. ရှင့်ကိုယ်ရှင် ဖုံးကွယ်ဖို့အတွက် ကျွန်မကို ရှင့်ရဲ့ပုံစံအမှန်ကို မပြောပြခဲ့တာလား” ယွမ်ရှီး မေးလိုက်သည်။
“ဒီလူက သစ္စာမရှိတဲ့သူ အားလုံးက အတုအယောင်တွေပဲဖြစ်မှာ .. သူကတမင်သက်သက် သူ့ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားခဲ့တာ” ယုံရုမှ ပြောလိုက်၏။
“ငါဘာမှမပြောတာတောင်မှ မင်းတို့ရဲ့ အာကာသကလန်ဖမ်းတာကို ခံလိုက်ရတယ် ..ငါအားလုံးသာပြောပြလိုက်ရင် ငါ့အတွက် ပိုတောင်ဆိုးသွားဦးမယ်” ရှီဟောင်သည် သူတို့ကိုကြည့်ကာ ပြောလိုက်သည်။
“ငါ့ရဲ့ အာကာသကလန်ကို ဝင်ဖို့အတွက် သူ့ရဲ့ပုံစံအမှန်ကိုဖုံးကွယ်ပြီးတော့ အကွက်ချခဲ့တယ်” ကောင်းကင်နတ်ဘုရားမှ အေးစက်စွာ ပြောလိုက်လေသည်။
ရှီဟောင်သည် မကျေမနပ်ဖြင့်ပင် “အဲဒီတော့ ဒါက အာကာသကလန်လား”
သူ့ထံတွင် အဖိုးတန်ကျမ်းစာများနှင့် ပြိုင်ဘက်ကင်းအဖိုးတန်ပညာများရှိနေသောကြောင့် သူ၏ပုံစံအမှန်ကို သိသွားပါက ပြဿနာဖြစ်မည်ကို သူသိထားသော်လည်း သူ၏မကောင်းသည့်ခံစားချက်များကို ထုတ်ပစ်ရန် ခက်ခဲနေဆဲပင်။ သူသက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
“ရှင်က ရှီဟောင်ဆိုတာကို ရှင်ဘာလို့ ကျွန်မကို မပြောခဲ့တာလဲ” ယွမ်ရှီးသည် တုန်ယင်နေသည့်အသံဖြင့် မေးလိုက်လေသည်။
“မင်းက ယွမ်ရှီးကို အသုံးချခဲ့တယ် .. မင်းနဲ့သူ့ကြားက ဆက်ဆံရေးကို အသုံးချပြီးတော့ ငါ့ရဲ့ အာကာသကလန်ကို ဝင်ခဲ့တယ် .. မင်းရဲ့အကြံတွေကအရမ်းကောင်းတယ် .. ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ .. ငါကိုယ်တိုင်မင်းကို ကောင်းကင်ဘုံမြို့ကို ခေါ်ခဲ့တာပဲ” ကောင်းကင်နတ်ဘုရားချီထော်မှ ပြောလိုက်သည်။
“ငါ တိုက်ပွဲပေါင်းများစွာကို တိုက်ခဲ့တယ် .. လီပေါင်းထောင်ပေါင်းများစွာ လိုက်ပို့ပေးခဲ့တယ် .. ခင်ဗျားတို့ကိုယ့်ကိုကိုယ်ပြန်မေးကြည့် .. အဲဒီထဲမှာ လိမ်ညာထားတာ ဘာရှိလဲ .. ဒါက ကျုပ်လုပ်ပေးခဲ့တာတွေ အားလုံးကို ပြန်ပြီး ကျေးဇူးဆပ်တာပေါ့” ရှီဟောင်၏အသံမှာ အလွန်ပင် ကျယ်လောင်နေလေ၏။ သူသည် အားလုံးကို ကြည့်နေလေသည်။