သုခကမ္ဘာက ရှီဟောင် - Chapter - 922 ထာဝရတာအိုပြသခြင်း
“မင်းက ငါတို့ဆီကနေ ဖြေရှင်းချက် ကြားချင်နေတာလား” ကောင်းကင်နတ်ဘုရားချီထော်၏ မျက်နှာ ပျက်ယွင်းသွားရသည်။ သူသည် အပေါ်တွင်ထိုင်ကာ ထိုဝတ်စုံဖြူနှင့် အမျိုးသမီးကို စိုက်ကြည့်လိုက်ပြီး သူ့ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
ဤသည်မှာ ကောင်းကင်ဘုံမြို့ဖြစ်သော်လည်း သူတို့တစ်ခုခုကို အလျင်အမြန်လုပ်ရမည်။ အာကာသကလန်လုပ်ချင်သည်ကို အခြားသူများ မနှောက်ယှက်နိုင်သကဲ့သို့ ဝင်ပါ၍လည်းမရပေ။
အခြားကောင်းကင်နတ်ဘုရားများ၏ မျက်လုံးများလည်း အေးစက်လာလေသည်။ သူတို့သည် ကောင်းကင်နတ်ဘုရားများဖြစ်ကြသောကြောင့် သူတို့ကို ခံစားချက်များ မလွှမ်းမိုးသွားအောင် လုပ်ကြလေ၏။ သို့သော် ယခုအချိန်တွင် သူတို့ စိတ်မရှည်လာတော့ပေ။ သူတို့အားလုံးသည် သင်္ကေတအလင်းများထုတ်လွှတ်ကြကာ တိုက်ခိုက်ရန်အသင့်ပြင်လိုက်ကြလေသည်။
“မင်းသူတို့အားလုံးကို တစ်ယောက်တည်း တိုက်နိုင်မှာမဟုတ်ဘူး .. မြန်မြန်ထွက်သွားတော့…” ရှီဟောင်စိတ်ထဲမှ အသံပို့လွှတ်လိုက်သည်။ ရီချင်းရှန် ကောင်းကင်ဘုံမြို့တစ်မြို့လုံးကို ရင်ဆိုင်နိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။
“စိတ်လျော့ .. မင်းကငါ့ရဲ့ မောင်လေးဆိုတော့ ငါမင်းကို ခေါ်ထုတ်သွားပေးမယ်” ရီချင်းရှန်မှ အပြုံးလေးဖြင့် ပြောလိုက်လေသည်။ သူမကို ကြည့်ရသည်မှာ လုံးဝကို မစိုးရိမ်နေသည့်ပုံပင်။
ရှီဟောင် ထိတ်လန့်သွားရသည်။ သူမသည် သူ့အား မောင်လေးအဖြစ် သတ်မှတ်လိုက်မှာလား…
“နတ်သမီးလေး မင်းအစ်ကိုလည်း လက်ခံသေးလား” ခုံကျုံကျီးသည် အရှက်မရှိပဲ မေးကာ စိတ်မရှည်တော့ပဲ အရှေ့သို့ တက်သွားလိုက်လေသည်။
“ထွက်သွားစမ်း” ရီချင်းရှန်သည် အရေးကြီးသည့်အချိန်များတွင် အနည်းငယ်မျှပင် တွေဝေခြင်းမရှိပေ။ သူမ၏စကားလုံးများမှာ ဒုတိယဂတုံးကို ချက်ချင်းပင် အသက်ရှူကြပ်သွားစေသည်။
“တော်လောက်ပြီ” ချီထော်မှ ပြောလိုက်၏။ သူမသည် ဤနေရာတွင် မည်သူမျှမရှိသကဲ့သို့ စကားပြောနေခြင်းဖြစ်ပြီး ကောင်းကင်နတ်ဘုရားများကို လျစ်လျူရှုထားလေသည်။
“ကျွန်မကို ဖြေရှင်းချက်ပေးဖို့ အဆင်သင့်ဖြစ်ပြီလား” ရီချင်းရှန် တစ်ဖက်လှည့်ကာ မေးလိုက်၏။
“ဒါက အာကာသကလန် မင်းရဲ့ဂိုဏ်းမဟုတ်ဘူး .. ဟွမ်ကိုဖမ်းတဲ့ကိစ္စမပြောနဲ့ ငါတို့ သူ့ကိုသတ်ချင်ရင်တောင်မှ မင်းနဲ့မဆိုင်ဘူး” ချီထော် အော်ဟစ်လိုက်ပြီး ရှီဟောင်အား ကြည့်လိုက်လေသည်။
“အာကာသကလန်ရဲ့ ကျေးဇူးရှင်က မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့အရူး ဖြစ်သွားတာပေါ့ .. ရှင်တို့ဒါကို ပြောရဲသေးတယ်နော် .. ပြီးတော့ ရှင်တို့သတ်ချင်သလို သတ်ပစ်ဦးမယ် .. ဒါက တကယ်လွန်လွန်းသွားပြီ” ရီချင်းရှန် ခနဲ့လိုက်သည်။
“ဖမ်းလိုက်စမ်း…” သူသည် ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းတစ်ခုကို အသုံးပြုလိုက်လေ၏။
ခရမ်းရောင်ဘူးသီးတစ်လုံး တစ်ဖြည်းဖြည်းကြီးလာကာ ဘူးသီးအဝတွင် သင်္ကေတများဖုံးလွှမ်းနေကာ အားလုံးကို စုတ်ယူသည့် ဝဲကတော့အဖြစ်သို့ ပြောင်းလဲသွားလေသည်။ လေထဲတွင်လည်း မြူများ ပျံ့လွင့်လာပြီး ရီချင်းရှန်ကို ဖမ်းဖို့ ကြိုးစားနေကြသကဲ့သို့ပင်။
ရီချင်းရှန်၏ခန္ဓာကိုယ်တောက်ပလာကာ သူမ၏ လက်တစ်ဖက်ကို မြှောက်ကာ လက်ညှိုးညွှန်လိုက်သည်နှင့် ခေါင်းလောင်းသံများ ထွက်ပေါ်လာကာ ထိုခရမ်းရောင်ဘူးသီးကို ရိုက်ခတ်သွားလေ၏။
ဒုန်း…
ဤသည်မှာ ဘုရားကျောင်းမှာ ညနေပိုင်းတီးသည့်ခေါင်းလောင်းသံကဲ့သို့ပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားလေ၏။
ထို့အပြင် မီးပွားများလည်း လွင့်စင်ထွက်လာလေသည်။ ခရမ်းရောင်ဘူးသီးသည် ထိုအသံလှိုင်းများနှင့် ရိုက်ခတ်မိသည်နှင့် တချွမ်းချွမ်းအသံများ ထွက်ပေါ်လာပြီး သင်္ကေတများလည်း ထွက်ပေါ်လာလေသည်။
“ဖိနှိပ်မယ်”
ချီထော်အော်ဟစ်လိုက်သည်။ ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းမှာ ရီချင်းရှန်ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု သူထင်ထားခြင်းပင်။ သို့သော် ဤသည်မှာ သူမကို အနည်းငယ်မျှပင် ရွေ့သွားအောင်မလုပ်နိုင်ပေ။ သူသည် ချက်ချင်းပင် ခရမ်းရောင်ဘူးသီးကို သူမထံသို့ပစ်လွှတ်လိုက်လေ၏။
ဤသည်မှာ ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းများကြားတွင်ပင် ရှေ့တန်းဝင်သည့် လျှို့ဝှက်ရတနာတစ်ခုပင်။ ယခုအချိန်တွင် ထိုဘူးသီးမှာ ခရမ်းရောင်နတ်တောင်တစ်ခုကဲ့သို့ပင် ခရမ်းရောင်စွမ်းအင်များထုတ်လွှတ်ကာ အောက်သို့ ဖိနှိပ်လာလေ၏။
“ဖမ်းမယ်..”
ထို့နောက်တွင် ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေ၏။ ရီချင်းရှန်သည် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်လေ၏။ သူမ၏ခန္ဓာကိုယ်တောက်ပလာကာ စွမ်းအင်လှိုင်းများမှာ ကြိုးများကဲ့သို့ပင် ခရမ်းရောင်ဘူးသီးကို တစ်လွှာပြီးတစ်လွှာရစ်ပတ်သွားလေသည်။
“အမ်…” ကောင်းကင်နတ်ဘုရားချီထော် ထိတ်လန့်သွားရသည်။ သူသည် မှော်ပစ္စည်းနှင့် ဆက်သွယ်ရေးပြတ်သွားပြီး ထိုပစ္စည်းကို ထိန်းချုပ်၍ မရတော့ပေ။
“ဒါက.. ” အားလုံးထိတ်လန့်သွားရ၏။ ဤမိန်းကလေးမှာ အထင်ကြီးစရာ ကောင်းလွန်းလှသည်။ သူမသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းတစ်ခုကို ဘယ်လိုလုပ် ယူလိုက်နိုင်သနည်း…
“သူ့ထဲမှာ နတ်ပစ္စည်းတစ်ခု ရှိနေတယ်” ချင်းချန်းရှန် ပြောလိုက်သည်။
“အဲဒါက … ရှေးဦးမှော်ပစ္စည်းဖြစ်နိုင်တယ်” နတ်ဆိုးနေကြာဥယျာဉ်မှ ရှေးဟောင်းဘိုးဘေးမှ ပြောလိုက်သည်။
ထိုစကားကြားလိုက်ရသည်နှင့် အားလုံးမှာ ချက်ချင်း ထိတ်လန့်သွားရသည်။ ရှေးဦးမှော်ပစ္စည်းမှာ သေချာပေါက်ပင် အံ့အားသင့်စရာကောင်းသည့်အရာပင်။ ဤသည်မှာ ရှားပါးလွန်းသောကြောင့်ဂိုဏ်းခေါင်းဆောင်အားလုံး၏ မျက်လုံးများနီရဲလာကြလေသည်။
“မိန်းကလေး မင်းမှာ မှော်ပစ္စည်းရှိနေတာနဲ့ပဲ ကောင်းကင်ဘုံမြို့မှာလုပ်ချင်တာလုပ်လို့ ရမယ်လို့ ယုံကြည်နေတာလား” အခြားကောင်းကင်နတ်ဘုရားများအားလုံး အော်ဟစ်လိုက်ကြလေ၏။
“ဟား ဟား ဟား…” ရီချင်းရှန်သည် ဘာမှပြန်မပြောပဲ သွေးရောင်ခေါင်းလောင်းကဲ့သို့သောအသံကို ထုတ်လွှတ်နေလေသည်။ သူမ၏မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာပြီး အလွန်ပင် ယုံကြည်ချက်ရှိသည့်ပုံ ဖြစ်နေလေသည်။
“သူ့ကိုဖမ်းထားလိုက်” ကောင်းကင်နတ်ဘုရားတစ်ပါးမှ အမိန့်ပေးလိုက်ကာ တစ်စုံတစ်ယောက်ကို ရှီဟောင်အား ဖမ်းခိုင်းလိုက်လေသည်။
“ဘယ်သူလုပ်ရဲလဲ” ရီချင်းရှန် သူတို့အားလုံးကို တားဆီးလိုက်လေ၏။
“မိန်းကလေး မင်းရဲ့ မှော်ပစ္စည်းကြောင့် အရမ်းတွေ ယုံကြည်ချက်ပြင်းထန်မနေနဲ့ .. ငါ့ရဲ့အာကာသကလန်က ကိစ္စက မင်းဝင်ရှုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး” ကောင်းကင်နတ်ဘုရားချီထော်မှ ပြောလိုက်သည်။
“ဒီနေ့တော့ ကျွန်မဝင်ပါမယ်” ရီချင်းရှန်မှ ပြောလိုက်သည် “ရှင်တို့က ကျွန်မကို ဖြေရှင်းချက်မပေးချင်ဘူးဆိုမှတော့ ကျွန်မ ကိုယ့်နည်းလမ်းနဲ့ကိုယ်ပဲ ဖြေရှင်းချက်ကို ယူလိုက်တော့မယ်”
ထို့နောက်တွင် သူမသည် ရှီဟောင်ကိုကြည့်ပြီး သူ၏ကိုယ်ပေါ်တွင် ဖုံးလွှမ်းနေသည့်သွေးများကို ကြည့်လိုက်ကာ “ဘယ်သူလုပ်တာလဲ” ဟု မေးလိုက်လေသည်။
“အကျဉ်းဦးစီး” ခုံးကျုံကျီးမှ ပြောလိုက်သည်။
“အဲဒီလိုလား” ရီချင်းရှန်၏ မျက်လုံးမှ သင်္ကေတများဖြင့်ပြုလုပ်ထားသည့် ရွှေရောင်အလင်းတန်းနှစ်ခုထွက်ပေါ်လာကာ ရှီဟောင်အား စိုက်ကြည့်လိုက်လေသည်။
“သိုင်းပညာတာအိုကောင်းကင်မျက်လုံးလား” ယခုအချိန်တွင် အစစ်အမှန် နတ်ဘုရားများမပြောနှင့် ကောင်းကင်နတ်ဘုရားများပင်လျှင် ထိတ်လန့်သွားကြလေ၏။
ထိုရွှေရောင်အလင်းတန်းနှစ်ခုသည် ရှီဟောင်ကို ဖြတ်သွားသည်နှင့် အကျဉ်းထောင်ထဲတွင်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များ ပေါ်လာလေသည်။ အကျဉ်းဦးစီးမှာ ရက်စက်စွာဖြင့်ပင် ရှီဟောင်ကို မှော်လက်နက်ဖြင့် တစ်ချက်ချင်းထိုးသွင်းခဲ့လေသည်။
“အာကာသကလန်က ဒီလိုလား” ရီချင်းရှန် နူးညံ့စွာ ပြောလိုက်သည်။
သိုင်းပညာတာအိုကောင်းကင်မျက်လုံးမှာ အမှန်တကယ်ပင် ထူးဆန်းလှ၏။ သူသည် သိပ်မကြာခင်က ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို အမှန်ကတယ်ပြန်ကြည့်နိုင်လေသည်။ အားလုံးမှာ အလွန်ပင် ထိတ်လန့်သွားကြလေ၏။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. သူက ဒီလောက်ငယ်ငယ်လေးနဲ့ သိုင်းပညာတာအိုကောင်းကင်မျက်လုံးကို ရသွားတာလား”
အစစ်အမှန် နတ်ဘုရားများမပြောနှင့် ဂိုဏ်းခေါင်းဆောင်များကဲ့သို့သော ကောင်းကင်နတ်ဘုရားများပင်လျှင် ဤသို့ မပြုလုပ်နိုင်ပေ။ ဤသည်မှာ တစ်စုံတစ်ယောက်၏ခွန်အားပေါ်မူတည်နေခြင်းမဟုတ်ပဲ သွေးသား၊ ဝိဉာဉ်နှင့် သက်ဆိုင်နေခြင်းပင်။
နန်းတော်ကြီးတစ်ခုလုံးတည်ငြိမ်ရန် ခက်ခဲသွားလေသည်။ ဂိုဏ်းခေါင်းဆောင်များမှာလည်း ထူးဆန်းသည့်အမူအရာများ ဖြစ်နေကြလေ၏။
“သိုင်းပညာတာအိုကောင်းကင်မျက်လုံးကို လွှဲပြောင်းယူလို့ရတယ်တဲ့” တစ်စုံတစ်ယောက်မှ နူးညံ့စွာ ပြောလိုက်သည်။ ဤသည်မှာ ဤနေရာတွင်ရှိနေသည့် ကျွမ်းကျင်သူများကို သတိပေးလိုက်ခြင်းဖြစ်ပြီး မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ပြောလိုက်ခြင်းဖြစ်နိုင်သည်။
“အဲဒီတော့ ရှင်လား .. ရှင်ကဘာလို့ ဒီကိုမလာတာလဲ” ရီချင်းရှန်မှ လှုပ်ရှားလိုက်၏။ သင်္ကေတအလင်းများ လွင့်ထွက်သွားပြီးနောက် နန်းတော်အပြင်ဘက်တွင်ရှိနေသည့် အစစ်အမှန် နတ်ဘုရားကို ဖမ်းဆီးလိုက်၏။ ဤသည်မှာ အကျဉ်းဦးစီးပင်။
သူသည် အခြားသူများနှင့်အတူ ရှီဟောင်ကို လာပို့ပြီး ပြန်မထွက်သွားသေးခြင်းပင်။ ယခု သူအဖမ်းခံလိုက်ရလေပြီ။
“အဲဒီမှာ ဖရိုဖရဲစွမ်းအင်တွေရှိနေတယ် .. သူကမှော်ပစ္စည်းစွမ်းအားကို သုံးလိုက်တာ .. ပြီးတော့ အဲဒီပစ္စည်းက စွမ်းအားကြီးတဲ့စိတ်ဝိဉာဉ်ရှိတဲ့ အဆင့်လွန်ရတနာတစ်ခုပဲ” မြေအောက်လောကအရှင်မှ ပြောလိုက်၏။ သူ၏ချောမောခန့်ညားကာ ဖြူဖျော့နေသည့်မျက်နှာထက်တွင် ထိတ်လန့်သည့်အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။
“မင်းရဲ့ သိက္ခာမဲ့တဲ့ လုပ်ရပ်တွေကို ငါတို့ သည်းမခံနိုင်တော့ဘူး”
အာကာသကလန်မှ ကောင်းကင်နတ်ဘုရားများလှုပ်ရှားလာပြီး သူတို့အားလုံးသည် ရီချင်းရှန်ကို ဖိနှိပ်ရန် ဦးတည်လိုက်ကြသည်။ အဖိုးတန်ပစ္စည်းများ တောက်ပလာပြီး သင်္ကေတများ ရောယှက်သွားလေသည်။ ကောင်းကင်နတ်ဘုရားမှော်ချိန်ကြိုးမှာ ပင့်ကူအိမ်ကဲ့သို့ပင် လေဟာနယ်ကို ဖုံးအုပ်ထားလေ၏။
“ဖျက်ဆီးမယ်”
ရီချင်းရှန် အော်ဟစ်လိုက်၏။ သူမ၏ဖြူဖွေးနေသည့်အဝတ်အစားများ တောက်ပလာကာ သူမထံမှ များပြားလှသည့် သင်္ကေတများ ထွက်ပေါ်လာလေသည်။ ထိုသင်္ကေတများမှာ မသေဆုံးနိုင်သည့်စွမ်းအင်များ ထုတ်လွှတ်နေသည့် ကားချပ်တစ်ခု ဖြစ်ပေါ်လာလေ၏။
“ဟမ်…”
ယခုအချိန်တွင် အခြားနတ်ဘုရားများမပြောနှင့် ဂိုဏ်းခေါင်းဆောင်များပင်လျှင် သူတို့စိတ်ထဲတွင် တုန်လှုပ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လေဟာနယ်ထဲတွင် ထာဝရတာအိုစွမ်းအင်အစစ်အမှန်ကို အာရုံခံမိသောကြောင့်ပင်။
“ဒါကဘာကြီးလဲ” ကောင်းကင်နတ်ဘုရားများမှာ ကြောက်လန့်တကြားအော်ဟစ်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မှော်ပစ္စည်းများမှာ လေဟာနယ်ထဲသို့ စုန်းစုန်းမြှုပ်သွားသောကြောင့်ပင်။
လေဟာနယ်ထဲတွင် တောက်ပသည့်အလင်းများမှာ ကျောက်စိမ်းကဲ့သို့ပင် ဝေ့ဝိုက်နေလေသည်။ ထို့နောက်တွင် နတ်ပုံရိပ်ယောင်တစ်ခု ပေါ်လာလေ၏။
ဤသည်မှာ သေချာမြင်နိုင်ရန် ခက်ခဲသည့်သူတစ်ဦးပင်။ သူသည် ထိုနေရာတွင်ထိုင်နေပြီး ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းများအားလုံးကို ဖမ်းချုပ်ထားသည့် ထာဝရကျမ်းစာများကို ထုတ်လွှတ်နေလေသည်။
“ဒါက အဆင့်လွန်ရတနာတစ်ခုပဲ..” ဂိုဏ်းခေါင်းဆောင်တစ်ဦးမှာ နူးညံ့စွာ ပြောပြီး သူ၏မျက်လုံးများမှာ တောက်ပနေလေသည်။
ဝုန်း..
ရီချင်းရှန်၏ ခန္ဓာကိုယ်တောက်ပလာကာ လေဟာနယ်ထဲတွင်ရှိနေသည့် နတ်ပုံရိပ်ယောင်ကို ပုံပျက်သွားစေလိုက်သည်။ ကောင်းကင်နတ်ဘုရားများမှာ နာကျင်စွာ ညည်းညူပြီး အနောက်ဆုတ်သွားကြရသည်။ သူတို့အားလုံးမှာ သရဲတွေ့လိုက်ရသကဲ့သိုပင်။ သူတို့မျက်နှာများမှာ နီရဲနေပြီး ပါးစပ်ထောင့်မှ သွေးများစီးကျလာလေသည်။ သူတို့သည် အဖြစ်အပျက်များကို မယုံကြည်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် လေဟာနယ်ထဲတွင်ရှိနေသည့် မှုန်ဝါးဝါးပုံရိပ်မှ ထာဝရအလင်းထွက်ပေါ်လာပြီး သူတို့ကို ဖြတ်သွားပြီး သူတို့ကိုဒဏ်ရာရရှိအောင် လုပ်လိုက်ခြင်းပင်။ သူတို့သည်ကိုယ့်ကိုကိုယ် ခုခံချိန်တောင် မရလိုက်ပေ။
“ကျွန်မ ရှင်းပြချက် လိုချင်တာကို ရှင်တို့က ကျွန်မကို တားဖို့ကြိုးစားချင်သေးတာလား” ရီချင်းရှန် ထိုလူများကို ကြည့်ကာ ပြောလိုက်၏။ ထို့နောက်တွင် သူမသည် အကျဉ်းဦးစီးကို ဖမ်းဆီးလိုက်ပြီး ထိုသူကို လက်ညှိုးထိုးလိုက်သည်နှင့် မြင့်မြတ်သည့်အလင်းများ ထွက်ပေါ်လာလေသည်။
“မဟုတ်ဘူး..” အကျဉ်းဦးစီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် အစစ်အမှန် နတ်ဘုရားတစ်ပါးဖြစ်သော်လည်း လွတ်မြောက်အောင် မရုန်းထွက်နိုင်ပေ။ သူ့ကို ထိုထူးဆန်းသည့်အလင်းတန်းများ ဝန်းရံလိုက်သည်နှင့် သူလှုပ်ရှား၍မရတော့ပေ။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ထဲမှ အရိုးကျိုးသံများ ထွက်ပေါ်လာပြီးနောက် သူ၏သွေးသားများထဲမှ သင်္ကေတများ ရှင်းလင်းခံလိုက်ရလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက်ပင် ဝိဉာဉ်ကင်းမဲ့သွားလေ၏။
“မင်း … ငါ့ရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်လိုက်တာလား” အကျဉ်းဦးစီးမှ ငိုကြွေးလိုက်ပြီး သူ၏မျက်နှာထက်တွင် အကြောက်တရားများ ပြည့်နှက်နေလေသည်။
“ငါ တစ်ခြားသူကို မသတ်တော့ဘူး ဒါပေမဲ့ ရှင့်ကိုလည်း အလွတ်မပေးနိုင်ဘူး .. အဲဒီတော့ ဒီနည်းလမ်းက အကောင်းဆုံးပဲ” ရီချင်းရှန်မှ အေးစက်စွာ ပြောလိုက်ပြီး သူ့ကိုဘေးဘက်သို့ ပစ်လိုက်လေသည်။
“ထာဝရအစစ်အမှန်အစ်မကြီး .. ကျွန်တော် အစ်မကြီးနည်းလမ်းတွေကို ကြိုက်တယ်” ခုံးကျုံကျီး ဘေးဘက်မှနေ၍ ပြောလိုက်သည်။
နန်းတော်ထဲရှိ အာကာသများမှာ ဒေါသထွက်သွားကြလေသည်။ ဤသည်မှာ သူတို့နယ်မြေဖြစ်သော်လည်း ဤမိန်းကလေးသည် ကောင်းကင်နတ်ဘုရားများစွာကို နောက်ပြန်ဆုတ်အောင် ဖိအားပေးသကဲ့သို့ အစစ်အမှန် နတ်ဘုရားတစ်ပါးကိုပင် ဖျက်ဆီးပစ်ခဲ့သေးသည်။ ဤသည်ကို သူတို့လက်မခံနိုင်။
ဝုန်း..
ရုတ်တရက်ပင် ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် ရီချင်းရှန်အား ဖိနှိပ်ရန် ကြိုးစားလိုက်လေ၏။
သို့သော် ရီချန်းရှန်မှာ မကြောက်မရွံ့ရှိနေဆဲပင်။ သူမ၏ခန္ဓာကိုယ်တောက်ပလာကာ လေထဲတွင်ရှိနေသည့် နတ်ပုံရိပ်ယောင်မှာ ပို၍ပင် ကြည်လင်လာလေသည်။
ဤသည်မှာလူတစ်ယောက် မလှုပ်မယှက်ထိုင်နေခြင်းပင်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ အားလုံး၏ဝိဉာဉ်များကိုပင် တုန်လှုပ်သွားစေနိုင်သည့် ထာဝရတာအိုအော်ရာများ ထုတ်လွှတ်နေလေ၏။
ထိုဂိုဏ်းခေါင်းဆောင် တုန်လှုပ်သွားရသည်။ ဤတိုက်ခိုက်မှုမှာ အလဟဿဖြစ်သွားပြီး လုံးဝပင် ပျက်စီးသွားလေပြီ။
အားလုံး အေးခဲသွားရ၏။ ဒါက ဘာကြီးလဲ….
“ခင်ဗျားတို့အားလုံး အလျင်စလို မလုပ်ကြနဲ့” နတ်နန်းဂိုဏ်း ဂိုဏ်းခေါင်းဆောင်မှ ပြောလိုက်၏။
“ဒါက ဒဏ္ဍာရီလာ ထာဝရတာအို အမှတ်အသားလား” မြေအောက်လောကအရှင်မှ မျက်လုံးဖွင့်လိုက်ပိတ်လိုက် လုပ်သည့်အချိန်တွင် အနက်ရောင်အလင်းများ ထွက်ပေါ်လာပြီးသူ့အနားတွင် မြေအောက်လောကမြူများ ဝန်းရံလာလေသည်။
“ရှေးခေတ်တုန်းက ပြိုင်ဘက်ကင်းပြီးတော့ ထူးဆန်းတဲ့သူတစ်ယောက် ကျလာခဲ့တယ် .. သူက နတ်ပုံရိပ်ယောင်ကို ထားခဲ့ပြီးတော့ နောင်ကျတော့ အဲဒီပုံရိပ်ယောင်ကို ပြန်ခေါ်လို့ရအောင်လို့ သူ့ရဲ့မှော်ပစ္စည်းပေါ်မှာ ထားခဲ့တယ်လို့ ပြောကြတယ်” နတ်ဆိုးနေကြာဥယျာဉ်မှ ရှေးဟောင်းဘိုးဘေးမှ ဖြေးညှင်းစွာ ပြောလိုက်သည်။
“အဲဒီ နတ်ပုံရိပ်ယောင်ဆိုတာက နတ်အသိစိတ်တစ်ခုကို မြှုပ်နှံထားတာ” တစ်စုံတစ်ယောက်မှ ထပ်ပြောလိုက်သည်။
“ဘာ…” အားလုံး ဆွံ့အသွားရသည်။ ဤမိန်းမပျိုလေးတွင် ဤကဲ့သို့သော ပစ္စည်းမျိုးရှိနေသည်လား .. ထို့ကြောင့်ပင် သူမသည် အားလုံးကို အထင်သေးနေနိုင်ခြင်းပင်။ သူမသည် ထာဝရတာအိုအမှတ်အသား၏ စွမ်းအားကို အသုံးပြုနေခြင်းပင်။
“မင်းက ကျယ်ပြန့်လှတဲ့ စွန့်ပစ်နယ်မြေအတွင်းပိုင်းက လာတာလား” ကောင်းကင်နိုင်ငံမှ ဒုဂိုဏ်းချုပ်၏အသံ ထွက်ပေါ်လာလေ၏။
ရီချင်းရှန်သည် ဘာမှမပြောပဲ ပြုံး၍သာ နေလေသည်။
“စမ်းကြည့်ရအောင် .. ဒါက ထာဝရထာအိုနတ်ပုံရိပ်ဟုတ်မဟုတ် စမ်းကြည့်ကြတာပေါ့” ကောင်းကင်နိုင်ငံမှ ဒုဂိုဏ်းချုပ်၏လက်ထဲတွင် ဓားများ ထွက်ပေါ်လာလေ၏။ ရုတ်တရက်ပင် သူ၏စွမ်းအားများကို ထုတ်လိုက်သောကြောင့် ကောင်းကင်ဘုံမြို့တစ်ခုလုး တုန်ခါသွားကာ လူပေါင်းများစွာမှာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
အားလုံးမှာ တုန်လှုပ်သွားကြပြီး ဤသတ်ဖြတ်လိုသည့်အငွေ့အသက်များကို သည်းခံနိုင်ရန် ခက်ခဲလွန်းလှသည်ကို တွေ့လိုက်ရသည်။ ဂိုဏ်းချုပ်အနည်းငယ်ပင်လျှင် ကြောက်ရွံ့သွားပြီး လျင်မြန်စွာပင် အနောက်ဆုတ်သွားကြလေသည်။ မည်သူမျှ လုပ်ကြံသတ်ဖြတ်သည့်အဖွဲ့အစည်း၏ ခေါင်းဆောင်အနားတွင် မနေချင်ကြပေ။
သူ ပျောက်သွားလေ၏။ ထို့နောက်တွင် အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာပြီး သွေးအလင်းတန်းများ ထွက်ပေါ်လာလေသည်။
ဝုန်း..
သွေးဓားတစ်လက်မှာ လေထဲကို ဖြတ်သွားကာ ရုတ်တရက်ပင် အပေါ်ဘက်သို့ တက်သွားလေ၏။
သင်္ကေတများ ထွက်ပေါ်လာပြီး လေထဲတွင်ရှိနေသည့် မှုန်ဝါးဝါးပုံရိပ်တောက်ပလာကာ ပို၍ ထင်ရှားလာလေသည်။ ထိုပုံရိပ်မှာ အားလုံးကို ကျောပေးထိုင်နေပြီး မသေနိုင်သည့်စွမ်းအင်များကို ထုတ်လွှတ်နေလေ၏။
သွေးဓား ပေါက်ကွဲသွားကာ ကောင်းကင်နိုင်ငံ ဒုဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ပေါ်လာလေသည်။ သူသည် အနောက်ဆုတ်သွားရပြီး ထိတ်လန့်သည့်အမူအရာများဖြစ်နေလေသည်။
“ဒဏ္ဍာရီလာ ထာဝရတာအိုနတ်ပုံရိပ်ယောင်နှစ်ခုရှိတယ်လို့ ပြောကြတယ် .. ငါက ကံကောင်းပြီးတော့ ပုံရိပ်ယောင်တစ်ခုကို တွေ့နိုင်ခဲ့ပြီ..” သူ့ကိုယ်သူ ပြောလိုက်လေသည်။ သူသည် အနောက်ဆုတ်သွားပြီး ဘာမှ မလုပ်တော့ပေ။
ဤရိုက်ချက်ကို ထာဝရတာအိုနတ်ပုံရိပ်ယောင်မှ ရပ်တန့်လိုက်ခြင်းဖြစ်ပြီး ဤသည်မှာ ရီချင်းရှန်ကိုလည်း အနည်းငယ်ထိခိုက်စေလေ၏။ သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားပြီး တစ်ခဏခန့်ကြာပြီးသည့်နောက်တွင် သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်လုပ်နိုင်လေပြီ။
ထို့နောက်တွင် အားလုံးတိတ်ဆိတ်သွားပြီး ဂိုဏ်းခေါင်းဆောင်များလည်း ဆွံ့အနေကြလေ၏။
“နတ်ပုံရိပ်ယောင်နှစ်ခုလုံးက အကန့်အသတ်မရှိတဲ့စွန့်ပစ်နယ်မြေအတွင်းပိုင်းမှာ ရှိနေတာ .. အရင်က လူတွေ ဒီပုံရိပ်ယောင်ကို မြင်ဖူးကြတယ်” နတ်နန်းဂိုဏ်းခေါင်းဆောင်မှ ပြောလိုက်သည်။
ရီချင်းရှန်၏လက်ဝါး တောက်ပလာလေ၏။ ရိုးရှင်းသည့် ဒိုင်းကာတစ်ခု ထွက်ပေါ်လာပြီး ထိုနတ်ပုံရိပ်ယောင်ကို အဝေးသို့ ခေါ်သွားလေသည်။ ထိုမှုန်ဝါးဝါးပုံရိပ်မှာ ဒိုင်းကာပေါ်တွင် ထိုင်နေပြီး ထာဝရတာအိုအော်ရာများကို ထုတ်လွှတ်နေလေ၏။
ဒါက အဲဒီရှေးဟောင်းမှော်ပစ္စည်းလား…
အားလုံးထိုပစ္စည်းကို စိုက်ကြည့်လိုက်ကြသည်။ ဤသည်ကို ဒိုင်းကာဟုခေါ်သော်လည်း ဤသည်မှာ ခေါင်းလောင်းအပိုင်းအစဟု ပြော၍ရသည်။
“ကျွန်မသူ့ကို ခေါ်သွားမယ်လို့ ကျွန်မပြောပြီးပြီ .. ပြီးတော့ ကျွန်မဖြေရှင်းချက်တစ်ခု လိုချင်တယ် .. ရှင်တို့ အာကာသကလန်က ဒါကို လုပ်ပေးနိုင်မလား မလုပ်နိုင်ဘူးလား” ရီချင်းရှန် ပြောလိုက်သည်။
အာကာသကလန်မှာ တိတ်ဆိတ်နေလေ၏။ ဤမိန်းမပျိုလေးမှာ စွန့်ပစ်နယ်မြေအတွင်းပိုင်းမှ လာခြင်းဖြစ်သောကြောင့် သူမသည် ရန်စ၍ကောင်းသည့်သူမဟုတ်ပေ။
“အာကာသလူအိုကြီး .. ကျွန်မလာတာ ရှင်က ကျွန်မကို လာမတွေ့တော့ဘူးလား” ရီချင်းရှန်မှ ပြောလိုက်သည်။
သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာပြီးနောက် အာကာသဘိုးဘေးပေါ်လာလေ၏။ “မင်း အဲဒီလူကို ခေါ်သွားလို့ရတယ်”
သို့သော် ရီချင်းရှန်သည် ထွက်မသွားသေးပဲ ထိုနေရာတွင်သာ ရပ်နေလေသည်။
“မင်းမှာ တစ်ခြားကိစ္စရှိသေးတာလား … ထာဝရတာအိုနတ်ပုံရိပ်ယောင်က တကယ်ကို သူ့ရဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်လှပါတယ်” အာကာသဘိုးဘေးမှ ပြောလိုက်သည်။
“ရှေးတုန်းက မဟာမိတ်စာချုပ်ကို ရှင် မှတ်မိသေးလား” ရီချင်းရှန်မှ ပြောလိုက်သည်။
“ငါ မှတ်မိတယ်” အာကာသဘိုးဘေးမှ ခေါင်းညိမ့်လိုက်၏။
လူများစွာမှာ ရှုပ်ထွေးသွားကြလေသည်။ သူတို့အားလုံးသည် ရီချင်းရှန်ကို ထိတ်လန့်စွာ ကြည့်နေကြလေသည်။
ယခင်က အာကာသဘိုးဘေးခြောက်ယောက် စွန့်ပစ်နယ်မြေထဲသို့ ဝင်သွားသော်လည်း တစ်ယောက်သာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည်။ စာချုပ်က အဲဒီကတည်းက ဖြစ်နေတာလား…