သုခကမ္ဘာက ရှီဟောင် - Chapter - 946 အတူတကွ လှုပ်ရှားခြင်း
နတ်တောင်များနှင့် ကြီးမားလှသည့်မြို့များ ဆက်သွယ်နေသည့် နတ်ဘုရားမကျောင်း .. ရေတံခွန်များမှာတောင်ထက်မှ စီးဆင်းနေပြီး ငွေရောင်အလင်းတန်းများမှာ နဂါးများကဲ့သို့ပင်။ ရှေးဟောင်းသစ်ပင်များမှာ မိုးထိုးနေပြီး ချောက်ကမ်းပါးထဲတွင် အမြစ်တွယ်နေလေသည်။
“ဟမ် .. အဲဒီလူကို ဘာလို့အရမ်းရင်းနှီးနေသလို ခံစားနေရတာလဲ” အနောက်ဘက်တွင် လမ်းလျှောက်နေသည့်သူကို ကြည့်ပြီး တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“မင်းလည်း ရင်းနှီးနေတယ်လို့ ခံစားရတယ်မလား” အခြားတစ်ယောက်မှ ထိတ်လန့်တကြားပြောလိုက်သည်။ ထို့နောက်တွင် သူသည် အလန့်တကြားဖြင့်ပင် “ချီးပဲ .. သူပဲ သူပြန်လာပြီ”
ဤနေရာမှာ ဆူညံပွက်လောရိုက်လာသည်။ ရှီဟောင်သည် ကျောင်းဂိတ်ပေါက်ဝတွင် စီးပွားရေးလုပ်ခဲ့သည့်သူဖြစ်မှန်း လူအချို့ မှတ်မိသွားသည်။ သူသည် အဆင့်နိမ့်သည့်ဂျူနီယာများကို အနိုင်ကျင့်ပြီး အဆင့်မြင့်သည့်စီနီယာများကို ရိုက်ပေးသည့်စီးပွားရေးကို လုပ်ခဲ့ခြင်းပင်။
လူများမှာ သူတို့၏သွားများပင် ယားလာသည်ဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ထိုတောင်ဂိတ်ပေါက်ဝအစုတ်အပြတ်မှလာသည်ကို သူတို့ခန့်မှန်းပြီးသားဖြစ်သောကြောင့်ပင်။ သူသည် သူ၏ဆရာကဲ့သို့ပင်။
အထူးသဖြင့် လုမင်၊ စီနီယာအစ်ကိုလျိုနှင့် အခြားသူများမှာ အဆင့်လွန်တာအိုရိုးရာသို့ သွားလည်သည့်အချိန်ပင်။ သူတို့သည် ဆိုးရွားစွာပင် ဆက်ဆံခံလိုက်ရသည်။ ထိုသတင်းကိုကြားလိုက်ရသည့်အချိန်တွင် အားလုံးမှာ ဒေါသထွက်သွားကြလေသည်။
“သူ့နောက်ကို မြန်မြန်လိုက် .. သူ့ကိုမသွားခိုင်းနဲ့”
ကျောင်းသားတစ်စုမှာ အမှန်တရားကို သိပြီးသွားသည့်နောက်တွင် သူတို့အားလုံးသည် ရှီဟောင်နောက်သို့ လိုက်ကြလေသည်။
ကံမကောင်းစွာဖြင့်ပင် သူတို့မည်မျှပင် ကြိုးစားနေပါစေ ဤသည်မှာ အသုံးမဝင်ပေ။ အရှေ့မှလူ၏အရှိန်မှာ မြန်လွန်းလှပြီး ခြေလှမ်းအနည်းငယ်ဖြင့်ပင် ကျောင်းအတွင်းပိုင်းသို့ ရောက်သွားလေပြီ။
“တော်တော်ကို အတင့်ရဲတာပဲ .. ပြဿနာရှာပြီးတာတောင်မှ သူက ကျောင်းထဲကို လာရဲသေးတယ် .. ဒါက ရန်စတာပဲ .. ညီအစ်ကိုတို့ ညီအစ်မတို့ သူ့ကိုမလွတ်စေနဲ့ သူ့ကိုရှာကြ” လူအချို့မှ စုပေါင်းလှုပ်ရှားလိုက်ကြလေသည်။
စိတ်မကောင်းစွာဖြင့်ပင် ထိုနေရာမှာ လုံးဝ နေရာလွတ်ကြီးဖြစ်နေပြီး မည်သူမျှ မရှိပေ။
“အရှေ့ဘက်က တစ်ချို့လူတွေက သူ့အရိပ်အယောင်ကို တွေ့လိုက်တယ်” စီနီယာအစ်ကိုတစ်ယာက်သည် ဤသတင်းကို ရလိုက်ပြီးနောက် အားလုံးကို သတင်းပေးလိုက်သည်။ လူအုပ်ကြီးမှာ နောက်တစ်ကြိမ် သူ့နောက်သို့ လိုက်ကြပြန်လေသည်။
ဤသည်မှာ နှင်းဘောလုံးကြီး ဟိုလိမ့်ဒီလိမ့်ဖြစ်နေသကဲ့သို့ပင်။
ထို့နောက်တွင် အချို့လူများ၏ အမူအရာများ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤကောင်သည် အမျိုးသမီးကျောင်းသူများ နေသည့်နေရာသို့ ဦးတည်သွားသောကြောင့်ပင်။ သူက တမင်သက်သက် လူတွေ သူ့ကိုမုန်းအောင် လုပ်နေတာလား..
“အရှက်မရှိလိုက်တာ .. နေ့ခင်းကြောင်တောင်မှာတောင် အမျိုးသမီးဆောင်ထဲဝင်ရဲတယ်ပေါ့ .. သူက တကယ်ကို အဲဒီမျိုးဆက်က မိစ္ဆာတပည့်ပဲ” အချို့လူများမှာ ဒေါသတကြီးပင် အော်ဟစ်နေလေသည်။
အချို့သူ၏အမူအရာများမှာ ပို၍ပင် ထူးဆန်းလာသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်ညများစွာက အဖြစ်အပျက်ကို သူတို့သတိရသွားသောကြောင့်ပင်။ ထိုမိစ္ဆာတပည့်သည် ယခင်ကအလှလေးချင်းရီအနားသို့ လျှောက်သွားပြီး သူတို့သည် ထာဝရကန်မှ အတူတူထွက်လာသည်ဟူသော ကောလဟာလများကို ကြားထားသောကြောင့်ပင်။
ဤသတင်းမှာ အနည်းငယ်သာ ဆူပူသွားသည်။ အဘယ်ကြောင့်ဆိုသော် လူများမှာ ဤသတင်းကို မယုံကြည်ကြသောကြောင့်ပင်။ ဤမိစ္ဆာတပည့်၏ ရည်ရွယ်ချက်များမှာ မရိုးရှင်းသောကြောင့် သူတို့အထင်လွဲသွားခြင်းဖြစ်သည်ဟု ထင်နေကြခြင်းပင်။
“မင်း ငါ့ကို လာနောက်နေတာလား .. သူ တကယ်ဝင်သွားပြီ .. သောက်ခွေး .. ဒီကောင်တကယ်အမျိုးသမီးဆောင်ထဲကို ဝင်သွားတယ် .. အစီအရင်တွေက ဘာလို့ အလုပ်မလုပ်တော့တာလဲ .. ဘာလို့သူ့ကို မတားတာလဲ”
ရှီဟောင်ဝင်သွားသည်ကို ကြည့်ပြီး တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ အစီအရင်များမှာ မတောက်ပလာသကဲ့သို့ အရိုးစာသားများလည်း မထွက်ပေါ်လာလေပ။
“စိတ်တိုစရာကောင်းလိုက်တာ .. သူက နတ်ဘုရားမကျောင်းကို ဘယ်လိုကျောင်းမျိုး သတ်မှတ်ထားတာလဲ .. သူက ငါတို့အမျိုးသမီးကျောင်းသူတွေရဲ့ သန့်စင်တဲ့မြေကိုတောင်မှ ဝင်သွားရဲတယ် .. ဒီကိစ္စကို အလွတ်ပေးလိုက်လို့မရဘူး”
လူငယ်အုပ်စုမှာ ပြဿနာရှာနေပြီးနောက် အခြားလူအုပ်ကြီး ထပ်ရောက်လာလေသည်။ သူတို့သည် ထိုနေရာကို စောင့်ကြပ်နေသည့်အစောင့်များအား သူ့ကိုဘာကြောင့်ဝင်ခိုင်းသလဲဟူသည့် ဖြေရှင်းချက်ကို တောင်းခံကြလေသည်။
“သူ့မှာ ငါတို့ကျောင်းက အထူးအမိန့်ပေးနိုင်တဲ့ တံဆိပ်ပြားရှိနေတယ် .. သူက ဘာစည်းမျဉ်းကိုမှ မချိုးဖောက်ဘူး” ဤမြေကိုစောင့်ကြပ်သည့်အစောင့်တစ်ယောက်မှ ပြောလိုက်သည်။
သူသည် ဤကဲ့သို့အဖိုးတန်ရတနာကို ရထားလိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြပေ။ သူသည် သေချာပေါက်ပင် မသမာသည့်နည်းလမ်းဖြင့် ရထားသည်သာ ဖြစ်လိမ့်မည်။ ဤသည်မှာ သူတို့အားလုံးကို ပို၍ပင် မကျေမနပ်ဖြစ်စေသည်။
ဤနေရာမှာ ဆူဆူပူပူဖြစ်လာသည်။ လူများတစ်ဖြည်းဖြည်းနှင့် ထပ်များလာသောကြောင့် တပ်ကူအဖွဲ့ပင်လျှင် ထိတ်လန့်သွားကာ ဤနေရာသို့ အပြေးလေးရောက်လာကြကာ သူတို့သည် ထိုကောင်ကို သွားထုတ်ပေးမည်ဟု ပြောကြလေသည်။
ထိုနေရာတွင် နေထိုင်သည့်မိန်းကလေးများလည်း ထိတ်လန့်သွားကြသည်သာ။ မိန်းကလေးများစွာသည် ထိုနေရာသို့ ထွက်လာပြီး ဘာဖြစ်နေသည်ကိုမေးမြန်းကြလေသည်။
ဤနေရာတွင် အပြာရောင်ရေကန်လေးရှိပြီး ရှေးဟောင်းသစ်ပင်များလည်း တောက်ပနေကာ အိမ်များမှာ ထင်းရှူးပင်အောက်တွင် ရှိနေခြင်းပင်။
ရှီဟောင်၏လမ်းကြောင်းမှာ ချောမွေ့နေပြီး လမ်းတစ်လျှောက်တွင် မည်သည့်အတားအဆီးမှ မရှိပေ။ သူသည် တိတ်ဆိတ်စွာပင် ကျိန်ဆဲလိုက်သည်။ ချီသော်လင်း ကျောင်းအုပ်ကြီး၏ မြစ်ကို ခိုးယူမလိုထိ ဖြစ်ခဲ့သည်မှာ ဤအမိန့်ပြားကြောင့် ဖြစ်နိုင်သည်။
သူ့အနောက်တွင် အနှောက်အယှက်များရှိနေသည်ကို သူ သတိထားမိသော်လည်း သူဂရုမစိုက်ပေ။ တစ်ခဏကြာပြီးသည့်နောက်တွင် သူသည် ယွဲ့ချန်နေနေသည့် ဝိဉာဉ်တောင်သို့ ရောက်လာသည်။ ဤနေရာတွင် မြူများဆိုင်းနေပြီး အေးချမ်းလှသည်။
“သွားဖို့အချိန်ရောက်ပြီ” သူ တိတ်တဆိတ်ပင် စာပါးလိုက်သည်။
ရောင်စုံမြူများကြားတွင် ယွဲ့ချန် ပေါ်လာလေသည်။ သူမ၏မည်းနက်နေသည့်ဆံပင်များမှာ လှုပ်ခါနေပြီး သူမ၏မျက်လုံးများမှာလည်း ကြယ်များကဲသို့ပင်။ သူမထံတွင် အေးစက်သည့်အော်ရာနှင့် နှင်းကဲ့သို့ဖြူဖွေးနေသည့် အသားအရေရှိလေသည်။ သူမ၏ဝတ်စုံသည် လေထဲတွင် တလွင့်လွင့်ဖြစ်နေလေ၏။
“ဇနီးလေး မင်း ပိုပြီးတော့ချောလာတယ်” ရှီဟောင်သည် အံ့အားတကြီး သက်ပြင်းချလိုက်လေ၏။
အခြားသူများသာ ဤကဲ့သို့လှပသောသူနှင့်တွေ့ပါက သူတို့သည် သေချာပေါက်ပင် ဂရုတစိုက်ပြုမူကြမည်ဖြစ်ပြီး ရိုင်းပျကြမည်မဟုတ်ပေ။ သူတို့သည် ရှက်ပင်ရှက်နေနိုင်သည်။ သို့သော် ရှီဟောင်မှာ ထိုအုပ်စုထဲတွင် မပါဝင်ပေ။
ယွဲ့ချန်၏မျက်နှာမှာ တည်ငြိမ်နေဆဲပင်။
“ငါတို့မတွေ့ရတာ ၁၅ နှစ်တောင်ရှိနေပြီ” ရှီဟောင်သည် အရှေ့ဘက်သို့လျှောက်သွားလိုက်သည်။
“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ”
“တစ်ရက်မတွေ့ရရင် ဆောင်းဦးရာသီသုံးခါ ကုန်ဆုံးသွားသလိုပဲလေ .. ငါးရက်ဆိုတော့ ၁၅ နှစ်နဲ့ညီမျှတာပေါ့” ရှီဟောင်သည် ထိုစကားများပြောနေသည့်အချိန်တွင် ပါးကြီးနီမနေသကဲ့သို့ စိတ်လည်း လှုပ်ရှားမနေပေ။ ထို့နောက်တွင် သူသည် လက်မောင်းကို ဖွင့်ဟလိုက်ကာ “ငါတို့ပြန်ဆုံတွေ့တာကို ကျင်းပတဲ့အနေနဲ့ တစ်ယောက်ကိုတစ်ယောက် နွေးနွေးထွေးထွေး ဖက်လိုက်ရအောင်”
ယွဲ့ချန် နောက်ဆုတ်လိုက်ပြီး သူမ၏မျက်ဝန်းတွင် လှိုင်းများဖြစ်ပေါ်သွားသည်။
” ကိုယ့်ကိုကိုယ်ထိန်းပါဦး .. လျှောက်လုပ်မနေနဲ့”
သူတို့နှစ်ဦးသည် ဝိဉာဉ်တောင်တွင် မတ်တပ်ရပ်နေပြီး သူတို့အနားတွင် ခရမ်းရောင်စွမ်းအင်များ ဝေ့ဝဲနေသည်။ သူတို့နှစ်ဦးလုံး၏ အဝတ်အနားစများမှာ လေထဲတွင် လွင့်နေပြီး သူတို့ကို ကြီးမြတ်သည့် ဟန်ပန်နှင့်အော်ရာများကို ပေးနေလေသည်။
သူတို့နှစ်ဦးသည် အစိမ်းရောင်လမီးတောက်ကို မည်ကဲ့သို့ယူကြမည်ကို ဆွေးနွေးရင်း ဘေးချင်းယှဉ်လျက် လျှောက်လာလေသည်။
ရှီဟောင်သည် ရုတ်တရက်ပင် ယွဲ့ချန်၏လက်ကို ဆွဲလိုက်ကာ လေးနက်သည့်အမူအရာဖြင့်ပင် “မင်း အောင်မြင်ပြီးတော့ မင်းကို ထာဝရရှေးဟောင်းခေတ်က ချင်းယွဲ့ပြန်ဖြစ်စေချင်တယ်”
ယွဲ့ချန်သည် အနည်းငယ် ကူကယ်ရာမဲ့နေသလို ခံစားနေရသည်။ အခြားသူသာဆိုလျှင် သူမကို ဝေဖန်ရဲမည်လား .. သူမ တစ်ကိုယ်လုံး တောက်ပနေပြီး မြင့်မြတ်သည့်အော်ရာကို ထုတ်လွှတ်နေလေသည်။ သူမသည် ဤလူ၏လက်ကို ရှောင်ဖို့ကြိုးစားသော်လည်း သူ၏ခွန်ပန်ပညာနှင့် ကမ္ဘာမြေကို လက်မများအဖြစ်ကျုံ့ခြင်းပညာမှာ ကောင်းမွန်လွန်းလှသောကြောင့် သူ၏လက်ကို မရှောင်လိုက်နိုင်ပေ။
“ဟမ် … အဲဒီလူနဲ့အတူတူလျှောက်လာတာက ဂျူနီယာညီမလေးချင်းရီ မဟုတ်ဘူးလား .. သူက ဘယ်သူလဲ” ယွဲ့ချန်နှင့် ရှီဟောင် အတူတူလျှောက်လာသည်ကို ကျောင်းသူအချို့မှ မြင်လိုက်ကြလေသည်။
သူတို့နှစ်ဦးလုံးသည် လေထဲမှ သွားနေခြင်းဖြစ်ပြီး သူတို့သွားသည့်လမ်းတစ်လျှောက်တွင် ရောင်စုံအလင်းများထွက်ပေါ်နေလေသည်။ ခပ်ဝေးဝေးမှကြည့်လျှင် သူတို့သည် ဤလောကသို့ဆင်းသက်လာသည့် ထာဝရစုံတွဲကဲ့သို့ပင်။
“ဘေးဘက်ကနေကြည့်ရင်တော့ သူက ကောင်းကင်လှေကားကို တက်နိုင်သွားတဲ့ ဂျီးနီးယပ်စ်နဲ့ နဲနဲတူနေသလိုပဲ” မိန်းမပျိုလေးမှ မျက်တောင်ခတ်ကာ ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် တပ်ကူအဖွဲ့သည် လူအုပ်ကြီးကို ဦးဆောင်ကာ ထိုမိစ္ဆာတပည့်ကို ရှာဖွေရန်ရောက်လာလေသည်။
“ဘာ… ချင်းရီက လူတစ်ယောက်နဲ့ထွက်သွားတယ်ဟုတ်လား .. မကောင်းတော့ဘူး… အဲဒီကောင်က မိစ္ဆာတပည့်ပဲ .. သူမက ဘာလို့ သူနဲ့ထွက်သွားတာလဲ .. သူမကို မြန်မြန်သွားကယ်” အခြေအနေကို နားလည်ပြီးသွားသည့်နောက်တွင် လူများစွာမှ အော်ဟစ်လိုက်သည်။
“အဓိပ္ပာယ်မရှိတာ .. အဲဒီစီနီယာအစ်ကိုက မိစ္ဆာတပည့်နဲ့မတူပါဘူး .. သူက ကောင်းကင်လှေကားကိုဖြတ်နိုင်တဲ့ ဂျီးနီယပ်စ်နဲ့တူတယ် .. ရှင်တို့အားလုံး သူ့ကို မနာလိုလို့ တမင်သက်သက်ချောက်ချနေကြတာမလား” တစ်ချို့ ကျောင်းသူလေးများမှ ပြောလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လူအုပ်ကြီးမှာ ထူးဆန်းစွာပင် အော်ဟစ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။
လူအချို့မှာ ထူးဆန်းသည့်ခံစားချက်များ ခံစားနေရသည်။ သူတို့မှားသွားတာလား .. အဲဒီလူက တကယ်ပဲ ကောင်းကင်လှေကားမှာ တစ်ခါပဲပေါ်လာပြီး ပျောက်သွားတဲ့သူလား…
“ငါတို့ အမှတ်မှားတာ မဖြစ်နိုင်ဘူး .. ဂျူနီယာညီမလေး ချင်းရီကို အရင်ဆုံးပြန်ခေါ်လာခဲ့” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သို့သော် သူတို့မှာ စိတ်ပျက်အားလျော့နေလေပြီ။
လူများစွာမှာ မခံမရပ်နိုင်ဖြစ်ကြပြီး သူတို့၏ဒေါသများကို အဆင့်လွန်တာအိုရိုးရာ ကျောင်းအစုတ်ပေါ်သို့ ပုံချလိုက်ကြသည်။
“ဒီဂိုဏ်းက ပြန်အသက်ဝင်လာပြီ .. ဒီနေ့ ငါတို့ အဲဒီလူကို ဝိုင်းဖမ်းရမယ်”
ဒေါသများမှာ ထွက်ပေါက်လိုအပ်နေသောကြောင့် လူအုပ်ကြီးသည် အချင်းချင်းစုစည်းလိုက်ကာ ထိုအပျက်အစီးများထံသို့ ဦးတည်သွားလိုက်ကြသည်။
မီးစီရင်စု၏ မြက်ခင်းပြင်ဒေသတွင်…
ဤနေရာမှာ ရာဇဝတ်မှုများ ထူပြောသည့်နေရာဖြစ်ပြီး လူဆိုးသူခိုးများ လှည့်လည်သည့်နေရာပင်။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ရှားပါးအဖိုးတန်သည့် နတ်ပစ္စည်းများနှင့် ရှေးဟောင်းမိုင်းတွင်းများရှိနေသောကြောင့် အဆင့်မြင့်နယ်မြေမှ ဂိုဏ်းကြီးများမှာ ဤနေရာတွင် စခန်းချပြီး ကောင်းကင်ပစ္စည်းများကို တူးဖော်ကြလေသည်။
“ငါကြားတာတော့ ဒီနေရာမှာ ၇ ရောင်စပ်ထာဝရရွှေထွက်တဲ့ ထာဝရမိုင်းတွင်းကြီးရှိတယ်ဆို” ရှီဟောင် မေးလိုက်သည်။
ယွဲ့ချန် ခေါင်းညိမ့်ပြလိုက်၏။ ထိုထာဝရမိုင်းတွင်းမှာ အလွန်ပင် ထူးဆန်းကာ ကြောက်စရာကောင်းလှသည်။ ထိုမိုင်းတွင်းမှ ၇ ရောင်စပ်ထာဝရရွှေထွက်သော်လည်း မည်သူမျှ မထုတ်နိုင်သေးပေ။
ရှေးယခင်ကတည်းက လောကကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် ဂိုဏ်းခေါင်းဆောင်များစွာ ထိုမိုင်းတွင်း အတွင်း၌သေဆုံးကြရသည်ဟု ကောလာဟလများရှိလေသည်။
“ဖုန်းဝူက အဲဒီအဆင့်လွန်အဖိုးတန်ပစ္စည်းကို အရမ်းလိုအပ်နေတာ .. ဒါပေမဲ့ နတ်ဘုရားမကျောင်းက တစ်ခြားနည်းလမ်းနဲ့ပဲ လုပ်ပေးနေရတာ” ယွဲ့ချန်မှ ပြောလိုက်သည်။
“အဲဒါဆိုရင် ငါ အဲဒီရွှေနောက် မလိုက်တော့ဘူး .. ဒါပေမဲ့ အချိန်ရှိရင်တော့ အဲဒီနတ်လှိုဏ်ဂူထဲသွားလည်ပြီးတော့ ပစ္စည်းတစ်ချို့တစ်လေလောက်တော့ သွားယူဦးမှပါ” ရှီဟောင် တိတ်တဆိတ်ပင် ပြောလိုက်သည်။
ဂိုဏ်းများမှာ သူတို့၏တပည့်များတိုးတက်လာစေရန်အတွက် ဤနေရာသို့ ပို့ကြသည်ကို သူ ကြားဖူးသည်။
ပြောရမည်ဆိုလျှင် မီးစီရင်စု၏အကန့်အသတ်မရှိသည့် နတ်မြေနှင့်ယှဉ်လျှင် ဤမြက်ခင်းပြင်မှ ထောင့်တစ်နေရာစာလေးသာ။
“ဒီနေရာပဲ” ရှီဟောင် လက်ညှိုးထိုးပြလိုက်သည်။ သူတို့သည် မည်သည့်တားဆီးမှုမှ မကြုံရပဲ သူတို့ဦးတည်ရာသို့ ရောက်လာခဲ့လေပြီ။
ကြီးမားလှသည့် တောင်ကြားမှာ အလွန်ပင်ငြိမ်းချမ်းပြီး နက်ရှိုင်းလှသည်။ ဤနေရာကိုအမှောင်ထုမှ လွှမ်းခြုံထားပြီး ကြီးမားလှသည့် သားရဲကြီးမှ သူ၏ပါးစပ်ပေါက်ကို ဖွင့်ထားသကဲ့သို့ပင်။
“ဒီနေရာလား” ယွဲ့ချန် စိတ်လှုပ်ရှားသွားရသည်။ ဤမြေအောက်ချောက်ကမ်းပါးကြီးမှာ ကျယ်ပြန့်လှပြီး လီပေါင်းတစ်သောင်းကျယ်ဝန်းလေသည်။
ပြောရမည်ဆိုလျှင် ဤနေရာတွင် နာမည်ကြီးသည့်နတ်တွင်းများနှင့် တောရိုင်းသားရဲတိရစ္ဆာန်များမရှိသောကြောင့် ဤနေရာမှာ ကျတ်တီးမြေဖြစ်နေသည်။ သို့သော် ဤသည်မှာ သူတို့ကို နှောက်ယှက်မည့်သူ မရှိဘူးဟု ဆိုလိုခြင်းပင်။
သူတို့နှစ်ဦးလုံး ချောက်နက်ကြီးထဲသို့ ဆင်းလာကြပြီး တစ်ခဏကြာပြီးသည့်နောက်တွင် သူတို့အောက်ခြေသို့ ရောက်ရှိသွားသည်။ ထို့နောက်တွင် ရှီဟောင်သည် ကြီးမားလှသည့်အက်ကွဲကြောင်းထဲသို့ ဝင်သွားလိုက်သည်။
“ဒါတွေက .. ထာဝရရှေးဟောင်းခေတ်ရဲ့ သမိုင်းဝင်အကြွင်းအကျန်တွေလား” ယွဲ့ချန် ထိတ်လန့်သွားရသည်။
ဤနေရာမှာ မှောင်မဲနေခြင်းမဟုတ်ပဲ အလင်းရောင်များတောက်ပနေသည့် သင်္ကေတအချို့ရှိနေသေးသည်။
“အတိတ်က ဖုန်မှုန့်တွေ ဖြစ်သွားပြီ .. အချိန်တွေရဲ့တိုက်စားမှုအောက်မှာ ကြီးကျယ်ခမ်းနားမှုတွေ ဘယ်လောက်တောင် မြှုပ်နှံခံလိုက်ရပြီလဲ” ယွဲ့ချန် သူမကိုယ်သူမ ပြောလိုက်သည်။
ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သို့သော် ယခုအချိန်မှာ သူတို့အတိတ်ကိုလွမ်းဆွတ်ရမည့် အချိန်မဟုတ်ပေ။ စီရင်စုသုံးထောင်ပြိုင်ပွဲမှာ နီးကပ်လာနေပြီဖြစ်သောကြောင့် သူတို့ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်ရမည်။ သူတို့နှစ်ဦးလုံးသည် အပျက်အစီးများကြားသို့ လျှောက်သွားပြီး ထိုမီးတောက်ကို ရှာဖွေလိုက်သည်။
တစ်နာရီခန့်ကြာပြီးသွားသည့်နောက်တွင် သူတို့သည် နူးညံ့မှုတစ်မျိုးကို ခံစားလိုက်ရသည်။
“ဒီနေ့ည လအလင်းရောင်က ဘာလို့ဒီလောက်တောင် နူးညံ့နေတာလဲ …” ထိုစကားကို ပြောပြီးသည့်နောက်တွင် ရှီဟောင် ခေါင်းမော့ကာ ကြည့်လိုက်သည်။ ထိုအချိန်တွင် ယွဲ့ချန်သည်လည်း ခေါင်းမော့ကာ အံ့အားတကြီး ကြည့်နေလေသည်။
သူတို့ဦးခေါင်းထက်တွင် အလွန်ပင်လှပလှသည့် အစိမ်းရောင်လတစ်စင်းရှိနေသည်။ ထိုလမှ ရောင်စုံမြူကဲ့သို့သော မီးတောက်လေးထွက်ပေါ်နေပြီး လစွမ်းအင်မှာလည်း ရေတံခွန်ကဲ့သို့ပင် အောက်ဘက်သို့ဖြာကျနေလေသည်။
“အစိမ်းရောင်လမီးတောက်” ရှီဟောင် အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မြေအောက်ဖြစ်နေသောကြောင့် မည်သည့်လရှိမည်နည်း .. ဤသည်မှာ သေချာပေါက် ရှေးဟောင်းမီးတောက်ပင်။
ယွဲ့ချန်သည်လည်း တည်ငြိမ်အောင် လုပ်ရန်ခက်ခဲနေလေသည်။ သူမ၏လှပသည့်မျက်နှာထက်တွင် အပျော်များပြည့်နှက်နေလေသည်။ သူမသည် တုန်ယင်နေသည့်အသံဖြင့်ပင် “သေချာပေါက် ဒါပဲ”
ထိုအချိန်တွင် သူတို့နှစ်ဦးလုံး ပူလောင်လှသည့် အပူကို ခံစားလိုက်ရသည်။ ကောင်းကင်ထက်တွင်ရှိနေသည့်လရောင်မှာ အောက်ဘက်သို့ကျဆင်းလာပြီး သူတို့၏အဝတ်အစားများကို လျင်မြန်စွာလောင်ကျွမ်းစေကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားစေသည်။