သုခကမ္ဘာက ရှီဟောင် - Chapter - 951 အပြင်းအထန်လွန်ကျူးခြင်း
“ရုံယုလည်း လာမှာလား” လူများစွာမှာစိတ်လှုပ်ရှားသွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အာကာသကလန်၏ နံပါတ် ၁ ပါရမီရှင်ပင်။ သူ၏ပါရမီများမှာ ထူးခြားလှသည်။
ပို၍အရေးကြီးသည်မှာ သူသည်ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနှင့် ပေါင်းစည်းပြီးသွားလေပြီ။ သူသည် သူ၏မျိုးဆက်လူငယ်များအားလုံးထက် သာလွန်သွားလေပြီ။
“ဟုတ်တယ် အစ်ကိုရုံယုလည်း လာလောက်တယ်” ခွန်းမော့ ပြောလိုက်သည်။ သူ၏မျက်နှာထက်တွင် အနည်းငယ်စိတ်ကြီးဝင်နေသည့်အပြုံးရှိနေလေသည်။ မည်သို့ပင်ဖြစ်စေ ရုံယု၏နာမည်မှာ အရပ်မျက်နှာပေါင်းစုံတွင် နာမည်ကျော်ကြားလေသည်။ သူ၏နာမည်ကို ကြားလိုက်သည်နှင့် ဂိုဏ်းများစွာမှ ဂျီးနီးယပ်စ်များ၏ အမူအရာများ ပြောင်းလဲသွားမည်သာ။
သူသည် အနှေးနှင့်အမြန်ပင် အဆင့်မြင့်နယ်မြေကို အုပ်စိုးသည့် တာအိုသက်ရှိ ဖြစ်လာမည်သာ။
“အစ်ကို ရုံယုက အရမ်းထူးခြားတယ် .. ပြီးတော့ ကျွန်တော် သူ့အကြောင်းကြားဖူးတာကြာပြီ .. သူ့ကိုသာ တွေ့ခွင့်ရမယ်ဆိုရင် ကျွန်တော်ဂုဏ်တက်သွားမှာပဲ” တစ်စုံတစ်ယောက်မှ ချီးကျူးလိုက်လေသည်။
“ဟုတ်တယ် ကျွန်တော်ကြားတာတော့ ရုံယုက သူ့ရဲ့အဖိုးတန်ပညာကို စကျင့်ကြံနေပြီတဲ့ .. အချိန်ကျလာရင်တော့ သူ့ရဲ့လမ်းညွှန်မှုကို တောင်းခံဦးမယ်” တစ်စုံတစ်ယောက်မှ ထပ်ပြောလိုက်သည်။
အခြားသူများအားလုံးသည်လည်း ခေါင်းညိမ့်လိုက်ကြသည်။
“ကျွန်တော်ကြားတာတော့ ကောင်းကင်ဂျီးနီးယပ်စ် ယွမ်ရှီးရဲ့ ပုံပန်းသွင်ပြင်က အရမ်းကို ထူးခြားတယ် .. ပန်းပွင့်လေးတစ်ပွင့်လိုပဲတဲ့ .. အခု သူမက ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးနဲ့ ပေါင်းစည်းပြီးသွားပြီဆိုတော့ သူမရဲ့စွမ်းအားတွေ တက်လာမှာပဲ .. အာကာသကလန်က တကယ်ကိုပဲ သူရဲကောင်းတွေ ပေါ်ထွက်လာတဲ့နေရာပဲ” အခြားလူတစ်ယောက်မှ ပြောလိုက်သည်။
“အားလုံးပဲ ငါတို့စီနီယာအစ်ကို ရုံယုက အဲဒီဟွမ်လို့ခေါ်တဲ့လူငယ်လေးကို ဖိနှိပ်နိုင်တယ် ဟုတ်တယ်မလား” ခွန်မော့ ပြောလိုက်သည်။ ချင်းရီထံမှ မေးခွန်းထုတ်ခံရပြီးနောက် သူ ယုံကြည်ချက် ကင်းမဲ့သွားခြင်းပင်။ ယခုအချိန်တွင် သူသည် ထိုမေးခွန်းကို ယုံကြည်ချက်ရှိရှိ မေးလိုက်လေ၏။
လူအချို့မှာ သဘောတူလိုက်ပြီး ရုံယု၏နာမည်ကို ချီးကျူးလိုက်ကြလေသည်။
သို့သော် အချို့လူများမှာ အဓိပ္ပာယ်ရှိသည့်အပြုံးများကိုသာ ပြုံးထားကြပြီး ဘာမှမပြောကြပေ။ သူတို့လျှို့ဝှက်သတင်း ကြားထားသေးသည်။ ဟွမ်သည် သေချာပေါက်ပင် ရိုးရှင်းသည့်သူ မဟုတ်ပေ။
ယွဲ့ချန်သည် အနည်းငယ်ပြုံးလိုက်ကာ “သူက သူ့ရဲ့ဂုဏ်သတင်းထက် ပိုတော်ဖို့ မျှော်လင့်ပါတယ်”
“မင်း ဘယ်သူလဲ” ခွန်းမော့မေးလိုက်၏။ သူ ဤအမျိုးသမီးကို သိပ်မကျေနပ်တော့ပေ။ သူ့အား တစ်ခုပြီးတစ်ခု မေးခွန်းထုတ်နေလေသည်။
“သူက ငါ့ရဲ့ ဂိုဏ်းတူညီမလေး ချင်းရီ” ဖုန်းဝူမှ ဝင်ပြောလိုက်သည်။ သူမသည် ရွှေရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး လွှမ်းမိုးနိုင်သည့် ယုံကြည်ချက်တစ်မျိုးလည်း ရှိနေလေသည်။
သူမ စကားပြောလိုက်သည်နှင့် အာရုံများမှာ သူမထံသို့ ရောက်လာလေ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် နတ်ဘုရားမကျောင်း၏ နံပါတ်၁ ဂျီးနီးယပ်စ်ပင်။ သူမသည် ရွေးချယ်ခံထားရသည့် မျိုးဆက်ပင်။ သူမကိုယ်တိုင်က စွမ်းအားကြီးရုံသာမက နောင်အနာဂတ်တင် ကျောင်းကိုပင် အုပ်ချုပ်လိမ့်မည်။
“ဂျူနီယာညီမလေး ဖုန်းဝူက အရင်တုန်းက မူလကောင်းကင်လျှို့ဝှက်နယ်မြေထဲဝင်ဖို့ အဖိတ်ခံခဲ့ရတယ်မလား .. အဲဒီတာ့ ညီမလေးက နတ်ဆိုးဘုရင်ဟွမ်အကြောင်းကို နည်းနည်းလေး ပိုသိမှာပေါ့ .. သူက တကယ်ပဲ ဘယ်လိုပုံစံမျိုးလဲ .. သူက သန်မာလား မသန်မာဘူးလား”
တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ ဤသည်မှာ သာမန်အတိုင်းသာ မေးလိုက်ခြင်းဖြစ်သော်လည်း အာကာသကလန်၏စကားများကို မေးခွန်းထုတ်နေသည်မှာ သိသာလှသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အခြားသူများလည်း အာရုံစိုက်လာကြသည်။
“ကျွန်မ သူနဲ့မတိုက်ခဲ့ရဘူး” ဖုန်းဝူ ပြောလိုက်သည်။ သူမသည် ဂိုဏ်းကို ကိုယ်စားပြုခြင်းဖြစ်သောကြောင့် အတော်လေးပင် လေးနက်နေလေသည်။ ယခင်က သူမ ရှီဟောင်နှင့် ကြေးစာကလေး ယဇ်ပုလ္လင်ထက်တွင် တိုက်ခိုက်တုန်းကပင်လျှင် ဤသို့မဟုတ်ခဲ့ပေ။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ခွန်းမော့သည် ပြုံးလိုက်ကာ “ကျွန်တော်တို့ပြောပြီးသားပဲ ဒီလူက အဲဒီလောက်လည်း အစွမ်းမရှိပါဘူး .. တကယ်လို့စီနီယာအစ်မဖုန်းဝူသာတိုက်မယ်ဆိုရင် သူ့ကိုလွယ်လွယ်လေးနဲ့ အနိုင်ရလောက်တယ်”
ဖုန်းဝူသည် သူ့ကို ကြည့်လိုက်ကာ “သူ့ရဲ့အောင်မြင်မှုတွေကို ကျွန်မသိတယ် … သူက မြေအောက်လောကသားတော်၊ နေနတ်ဘုရားနွယ်ပင်ကို သတ်ခဲ့ပြီးတော့ ခရမ်းရောင်ဟုန်လူမျိုးစုရဲ့ ဂျီးနီးယပ်စ်ကိုတောင်မှ ချက်စားခဲ့သေးတယ်”
ထိုစကားကို ကြားလိုက်သည့်အချိန်တွင် ခွန်းမော့မျက်နှာထက်ရှိ အပြုံးအေးခဲသွားလေ၏။ ဤသည်မှာ သူ့ပါးကို ဖြတ်ရိုက်လိုက်ခြင်းပင်။
ဖုန်းဝူ ပြောလိုက်သည့်သူများအားလုံးမှာ ထူးခြားပါရမီရှိသည့်သူများပင်။ ဤတိုက်ပွဲများမှာ ဟွမ်၏စွမ်းအားကြီးသည့်ခွန်အားကို သက်သေပြနိုင်လေသည်။
လူများစွာမှာ အံ့အားတကြီးဖြင့်ပင် ခွန်းမော့အား ကြည့်လိုက်ပြီး သူ့အစား ရှက်မိသွားကြသည်။
“စီနီယာအစ်မဖုန်းဝူက အမှန်အတိုင်းပြောလိုက်တာပါ … ပြီးတော့ ဒီသတင်းက အပြင်ဘက်မှာ ပျံ့နေတာ ကြာလှပြီ မဟုတ်ဘူးလား” လက်ရှိတွင် ချင်းရီဖြစ်နေသည့် ယွဲ့ချန်မှ ပြောလိုက်သည်။
“အားလုံး ဒီမှာပဲ အဆုံးသတ်လိုက်ကြစို့ .. ကျွန်မသီးသန့်ကျင့်ကြံဖို့သွားတော့မယ်” ဖုန်းဝူ မတ်တပ်ရပ်လိုက်၏။ ထို့နောက်တွင် သူမသည် ချင်းရီကို ပြုံးပြပြီးနောက် ထွက်သွားလေသည်။
အားလုံးလည်း မတ်တပ်ထရပ်လိုက်ကြသည်။ သူမသည် နာမည်ကြီးသည့် ထူးခြားပါရမီရှီသူဖြစ်သည်ကို အားလုံးသိကြသည်။ ယခုအချိန်တွင် သူမသည် ထာဝရလူသားထွင်းစာများကို လေ့လာနေခြင်းဖြစ်သောကြောင့် အချိန်မှာ အလွန်အဖိုးတန်လှသည်။
ကျန်နေသေးသည့်သူများမှာ လူစု မကွဲသေးသော်လည်း သူတို့သည် စကားဆက်ပြောချင်စိတ် မရှိကြတော့ပေ။
ရုတ်တရက်ပင် ကျောင်းထဲမှ မတည်ငြိမ်မှုတစ်ခု ဖြစ်ပေါ်လာပြီး နန်းတော်ထဲမှ ကျွမ်းကျင်သူများပင်လျှင် ခံစား၍ရလေသည်။ သူတို့အားလုံး ထိတ်လန့်သွားကြရသည်။
“ဘာဖြစ်တာလဲ”
“အဲဒီတောင်ဂိတ်တံခါးအစုတ်အပြတ်က တပည့်က ကျောင်းက စီနီယာညီအစ်ကိုတွေကို ဒဏ်ရာရအောင် လုပ်လိုက်တာ”
တစ်ခဏကြာပြီးသည့်နောက်တွင် အားလုံးမှာ ဘာဖြစ်နေသည်ကို နားလည်သွားပြီး အသေးစိတ်သိနိုင်ရန်အတွက် အပြင်ဘက်သို့ ချက်ချင်းပြေးထွက်သွားကြသည်။
“နတ်ဘုရားမကျောင်းကိုတောင် ရန်စရဲရလောက်အောင် ဒီလူက ဘယ်သူလဲ .. သူက ဒီနေရာကို ဘာနေရာမှတ်နေတာလဲ .. သူက ဒီရှေးဟောင်းမျိုးဆက်ကို အထင်သေးနေတာလား” ခွန်းမော့ ပြောလိုက်သည်။
သူ၏မျက်နှာထက်တွင် အပြုံးပါးပါးလေးရှိနေသည်။ သူသည် ဤနေရာကို မေးခွန်းထုတ်လိုက်ခြင်းပင်။ ယခုအချိန်တွင် တစ်စုံတစ်ခု ဖြစ်နေပြီဖြစ်သောကြောင့် သူသည် အခြားသူများကို ခနဲ့လာလေသည်။
ခဏကြာပြီးသည့်နောက်တွင် သူ ထပ်မရယ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးဒဏ်ရာရသွားခြင်းဖြစ်သော်လည်း သူတို့မတ်မတ်ရပ်နိုင်သေးသည်။ အာကာသကလန်မှ လူသာလျှင် ပြန်သယ်ခံလာရခြင်းပင်။ သူ၏အရိုးများ ကျိုးနေပြီး ကြွက်သားများလည်း ပြင်းပြင်းထန်ထန်ပင် ဒဏ်ရာရနေကာ သွားများလည်း မရှိတော့ပေ။
“ဘယ်သူလုပ်ရဲတာလဲ” သူ စိတ်လွတ်ကာ ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။
ဤလူသည် အာကာသကလန်မှ ဖြစ်ကြောင်းသိသည်နှင့် ထိုလူမှာ သူ့ကို သေချာ ‘ဂရုစိုက်’ လိုက်သည်ဟု တစ်စုံတစ်ယောက်မှ ပြောလိုက်လေသည်။
“အဲဒီလိုမျိုး ဂိုဏ်းအစုတ်အပြတ်လေးက ငါတို့အာကာသကလန်ကို ရန်စရဲတယ်ပေါ့ … သူ အသက်ရှည်ရှည်မနေချင်တော့ဘူးထင်တယ်” ခွန်းမော့ မျက်နှာပျက်သွားလေသည်။
သူသည် အစကတည်းက နန်းတော်ထဲတွင် မပျော်မရွှင်ဖြစ်နေခြင်းပင်။ ယခုကဲ့သို့သော ကိစ္စမျိုးကို ကြုံတွေ့လိုက်ရသည့်အချိန်တွင် ဒေါသထွက်လာမည်ပင် ” သူ ဘယ်မှာလဲ .. ငါအဲဒီဂိုဏ်းကို ဖြေရှင်းချက်သွားတောင်းမယ်”
ခွန်းမော့ထံတွင် ယုံကြည်ချက်ရှိနေ၏။ မည်သို့ပင်ဖြစ်စေ သူသည် အာကာသလူမျိုးစုမှ သူရဲကောင်းခြောက်ယောက်ထဲမှ တစ်ယောက်ပင်။ ဤသည်မှာ ဂိုဏ်းသေးသေးလေးဆိုပါက ထိုဂိုဏ်းမှ အကြီးအကဲများမှာ သူ့ထက်စွမ်းအားကြီးလျှင်ပင် သူတို့ပြန်စဉ်းစားကြရမည်ပင်။ မည်သို့ပင်ဖြစ်စေ သူသည် အာကာသကလန်ကို ကိုယ်စားပြုသည့်သူပင်။
အခြားဂိုဏ်းမှ လက်ရွေးစင်များအားလုံး အံ့အားသင့်သွားကြသည်။ ခွန်းမော့သည် တစ်ဖက်လူကို ဖိအားပေးပြီး သူ့လူကို ထိခိုက်အောင်လုပ်ခဲ့သည့်သူကို ထုတ်ပေးဖို့ တောင်းဆိုတော့မည်ပင်။
“စီနီယာအစ်ကို .. အဲဒီလူက မရိုးရှင်းဘူး ..” တစ်ကိုယ်လုံးချွေးစေးများ ဖုံးလွှမ်းနေသည့် အာကာသကလန်မှ ကျင့်ကြံသူသည် တစ်စုံတစ်ခုကို ရှင်းပြချင်နေလေသည်။
သို့သော် သူသည် သတိလစ်သွားပြီး ဘာမှမပြောနိုင်တော့ပေ။
ယွဲ့ချန်၏အမူအရာမှာ တည်ငြိမ်နေလေ၏။ အမှန်တကယ်တွင် ဤလူသတိလစ်သွားအောင် တိတ်တဆိတ်ပြုလုပ်လိုက်သည့်သူမှာ သူမပင်။
“အဲဒီဂိုဏ်းလေး ဘယ်မှာရှိတယ်ဆိုတာ ဘယ်သူ ငါ့ကို ပြောပြနိုင်မလဲ .. ငါ အဲဒီဂိုဏ်းကို သွားလည်လိုက်ဦးမယ်” ခွန်းမော့ အေးစက်စွာပင် ပြောလိုက်သည်။ နတ်ဘုရားမကျောင်းမှ အခြားဒဏ်ရာရနေသည့်သူများကို သူ ကြည့်လိုက်သည်။
သူသည် ဖုန်းဝူကို ကြောက်ရွံ့မိသော်လည်း ဤလူများကိုမူ အလွန်ယုံကြည်ချက်ရှိသည်။
တစ်စုံတစ်ယောက်သည် အခြေအနေများကိုရှင်းပြချင်သော်လည်း သူတို့သည် ယွဲ့ချန်၏ လျှို့ဝှက်သတင်းပေးပို့မှုကို ရလိုက်သောကြောင့် ပါးစပ်ပိတ်သွားကြလေသည်။
“စီနီယာအစ်ကို ကျွန်တော်အစ်ကို့ကို ခေါ်သွားပေးမယ်” ဤလူများသည် ထိုဂိုဏ်းငယ်လေးအကြောင်းကို မရှင်းပြပဲ ခွန်းမော့ကို ထိုနေရာသို့ ပို့ပေးလိုက်လေသည်။
ခေါင်းကိုးလုံးမြွေလူမျိုးစု၊ ယင်ယန်ကျောင်း၊ မြင့်မြတ်အမွေးအတောင်လူမျိုးစုနှင့် အခြားဂိုဏ်းမှ လက်ရွေးစင်များပင်လျှင် စိတ်ဝင်စားလာကြသည်။ ခွန်းမော့ သူ၏ခွန်အားကို မည်ကဲ့သို့ ပြသမည်ကို သူတို့ကြည့်ချင်မိသည်။
“လမ်းပြပါ” ခွန်းမော့ပြောလိုက်သည်။
ဒဏ်ရာရနေသည့်သူများသည် ခေါင်းညိမ့်လိုက်ကာ ချက်ချင်းပင် စုတ်ပြတ်နေသည့် တာအိုရိုးရာသို့ လမ်းပြပေးလိုက်လေသည်။ ဤသည်မှာလည်း ယွဲ့ချန်၏တောင်းဆိုချက်ပင်။
ရှေးဟောင်းလဂူ၊ နတ်ချောက်ကမ်းပါးကျောင်းမှ ရောက်လာသည့်လက်ရွေးစင်များလည်း အတော်လေး များပြားလှသည်။ သူတို့သည် ယခင်က နတ်ဘုရားမကျောင်းနှင့် ဆက်သွယ်ရန် လာခဲ့ကြသော်လည်း ယခုအချိန်တွင် သူတို့အားလုံးလည်း လိုက်လာခဲ့ကြလေသည်။
နတ်ဘုရားမကျောင်းမှ လူများမှလွဲလျှင် ထိုဂိုဏ်းအစုတ်လေး၌ ဘာဖြစ်နေသည်ကို သူတို့မသိကြပေ။
အုပ်စုထဲတွင် ယွဲ့ချန်သည် ကျက်သရေရှိလှပြီး အပြုံးတစ်ခုကို ချိတ်ဆွဲထားလေ၏။ သို့သော် သူမဘာမှမပြောပေ။
လမ်းတစ်လျှောက်လုံးတွင် ခွန်းမော့၏မျက်လုံးများမှာ ရန်ငြိုးများဖြင့် ပြည့်နှက်နေလေ၏။ သူသည် အာကာသကလန်၏အာဏာကို အသုံးပြုကာ ထိုလူကို တောင်းဆိုရန် ပြင်ဆင်ထားခြင်းပင်။
သူ့အမြင်တွင် အာကာသကလန်သည် ယခင်ကလောက် မခမ်းနားတော့သော်လည်း လွယ်လွယ်စိန်ခေါ်၍ရသည့် ဂိုဏ်းတစ်ခု မဟုတ်သေးပေ။
“ဒီလမ်းကြောင်းမှာတောင် ချုံပင်တွေကြီးပဲ .. ကြည့်ရတာ ဒီမျိုးဆက်က အင်အားကျနေပြီးတော့ နောက်ခံလည်း သိပ်ပြီးတော့ အင်အားမကြီးဘူးထင်တယ်” ယင်ယန်ကျောင်းမှ လက်ရွေးစင်မှ ပြောလိုက်သည်။
“ဟုတ်တယ် ဒီဂိုဏ်းက လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းများစွာကတည်းက ပျက်စီးသွားတာ .. အခုတလောကမှ သူတို့နောက်ထပ်တပည့်တစ်ယောက်ကို ခေါ်ထားတာ” ဒဏ်ရာရထားသည့် နတ်ဘုရားမကျောင်းမှ စီနီယာကျောင်းသားတစ်ယောက်မှ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ခွန်မော့မှာ ပို၍ပင် ယုံကြည်ချက် ရှိလာသည်။ ဤသည်မှာ သာမန်ဂိုဏ်းလေးထက်ပင် ပိုသေးနေသေးသည်။ ဤကဲ့သို့သော ဂိုဏ်းသေးသေးလေးက တပည့်လေးက အာကာသကလန်က တပည့်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်လား .. သူ၏ရင်ထဲတွင် ဒေါသတရားများ ပြည့်နှက်သွားရသည်။
အခြားသူများလည်း ထိတ်လန့်သွားရသည်။ ဤဂိုဏ်းမှာ အတော်လေးပင် အားနည်းလှသည်။
ထို့နောက်တွင် ဤဂိုဏ်းမှာ ကျဆင်းနေသည့်ဂိုဏ်းတစ်ခုဖြစ်သည်ဟု အားလုံးယုံကြည်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းသို့သွားသည့်လမ်းတစ်လျှောက်မှာ မြက်ပင်ချုံပင်များ ဖုံးလွှမ်းနေပြီး မြေပြင်သည်လည်း မညီမညာဖြစ်နေသည်။ ဂိုဏ်းတစ်ဂိုဏ်း၏ လက္ခဏာကိုပင် မမြင်ရချေ။
“ကျွန်တော်တို့ ရောက်တော့မယ် .. ရှေ့မှာပဲ” နတ်ဘုရားမကျောင်းမှ သူများ လမ်းပြလိုက်သည်။
ခွန်းမော့မှာ ကြာကြာလျှောက်လေ စိတ်တိုလာလေလေပင်။ ဒီနေရာကို ဘယ်လိုအစုတ်အပြတ်နေရာမျိုးလဲ ..
နောက်ဆုံးတော့ သူတို့ရောက်လာလေပြီ။ တောင်ဂိတ်တံခါးပေါက်ဝတွင် ပျက်စီးနေသည့် အပြင်အဆင်များရှိသေးသော်လည်း ကျန်သည့်နေရာများမှာမူ အမှိုက်များ ပြည့်နှက်နေလေ၏။
ဒါက ဂိုဏ်းလား .. ဒါက အပျက်အစီးအကြွင်းအကျန်တွေပဲ ရှိတာကို…
အားလုံးမှာ ဤမြင်ကွင်းကို မြင်ပြီး ဆွံ့အသွားကြသည်။
ခွန်းမော့မှာ ပို၍ပင် ဒေါသထွက်သွားရသည်။ ဤသတင်းသာ ပေါက်ကြားသွားပါက သူတို့သည် ပျက်လုံးကြီးတစ်ခု ဖြစ်နေတော့မည်။
ထို့နောက်တွင် သူ နောင်တရသွားသည်။ သူ ဤနေရာသို့ မလာခဲ့သင့်ဘူးဟု ခံစားရသည်။ ဤနေရာမှာ သူ လာရန်အတွက် မထိုက်တန်ပေ။ “ဒီမှာ ဘယ်သူရှိလဲ ထွက်ခဲ့စမ်း”
အခြားသူများအားလုံးမှာ ရယ်ချင်သော်လည်း အောင့်ထားကြရလေသည်။
နတ်ဘုရားမကျောင်းမှလူများသာလျှင် စိုးရိမ်နေခြင်းပင်။
ပေါင်းပင်များ ပေါက်နေသည့် အပြာရောင်ကျောက်တုံးကြီးအနောက်မှ ရှီဟောင်သည် မဲမှောင်နေသည့် မျက်နှာဖြင့် ထွက်ပေါ်လာလေသည်။ ချီသော်လင်း ဆူသည်ကို ခံလိုက်ရသောကြောင့် သူ၏စိတ်အခြေအနေမှာ မကောင်းပေ။
“မင်း ဘာတွေ လာအော်နေတာလဲ .. ထွက်သွားစမ်း” သူ စိတ်မကြည်သည့်အသံဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ခွန်းမော့သည် ပေါက်ကွဲလုမတတ် ဒေါသထွက်သွားရသည်။ စုတ်ပြတ်နေသည့်နေရာမှ လူက သူ့အား ဤကဲ့သို့ လာပြောရဲသည်လား ..
“လူငယ်လေး မင်း ဘယ်သူနဲ့စကားပြောနေတာလဲဆိုတာ မင်းသိလား .. မင်းရဲ့အကြီးအကဲတွေကို ခေါ်လိုက် .. ငါ သူတို့နဲ့ ဆွေးနွေးစရာရှိတယ်” ခွန်းမော့ အေးစက်စွာပင် ပြောလိုက်သည်။
သူသည် ဒေါသထွက်နေသော်လည်း သူ၏အနောက်တွင် ဂိုဏ်းပေါင်းစုံမှ လူများရှိနေသေးသောကြောင့် သူ လွန်လွန်ကျူးကျူး မလုပ်ရဲပေ။
ရှီဟောင်၏မျက်နှာထားမှာ ပို၍ပင် မဲမှောင်သွားရသည်။ လူအိုကြီးသည် သူ့ကို တောင်ကြီးတစ်လုံးကို သယ်ပြီး အရူးလိုပြေးခိုင်းနေသောကြောင့် သူပင်ပန်းလို့သေတော့မည်။ သူ ယခုမှ ပြန်လာရခြင်းဖြစ်သော်လည်း တစ်စုံတစ်ယောက်မှ ဤကဲ့သို့လာပြောသောကြောင့် သူ ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း…
အမှန်တကယ်တွင် ဤလူမှာ အာကာသကလန်မှ ကျွမ်းကျင်သူဖြစ်ကြောင်းကို သူ သတိမထားမိပေ။ မဟုတ်ပါက သူ၏မျက်နှာမှာ ဤထက်ပင် ပို၍ မည်းမှောင်သွားလိမ့်မည်။
“မင်းရဲ့ဂိုဏ်းအကြီးအကဲကို မြန်မြန် မခေါ်သေးဘူးလား .. ငါပြောတာ မကြားဘူးလား .. မင်းနားလေးနေတာလား .. ငါသူ့ကို ပြောစရာရှိတယ်” ခွန်းမော့သည် မောက်မာစွာပင် ပြောလိုက်လေ၏။
အနောက်ဘက်တွင် ရှိနေသည့် အခြားဂိုဏ်းများလူများမှာ ပြဇာတ်တစ်ခုကို ကြည့်နေသကဲ့သို့ပင် ကြည့်နေကြလေ၏။
နတ်ဘုရားမကျောင်းမှ လူများ၏ မျက်နှာထားသာ ထူးဆန်းနေလေသည်။ သူတို့သည် အသက်ပင်ရဲရဲမရှူရဲကြပေ။
ဝုန်း..
မဲမှောင်နေသည့်မျက်နှာထားဖြင့်ပင် ရှီဟောင်သည် ကြောက်စရာကောင်းသည့်အရှိန်ဖြင့်ပင် လှုပ်ရှားလိုက်လေ၏။ သူသည် ခွန်ပန်ပညာနှင့် ကမ္ဘာမြေကိုလက်မများအဖြစ်ပြောင်းလဲခြင်းကို အသုံးပြုလိုက်ခြင်းပင်။
ထို့အပြင် သူ့ထံမှ များပြားလှသည့် သွေးစွမ်းအင်များလည်း ထွက်ပေါ်နေလေသည်။ ဤသည်မှာ သမိုင်းမတင်မီခေတ်က ကြီးမားလှသည့်သားရဲကြီး စိတ်ဆိုးဒေါသထွက်နေသကဲ့သို့ပင်။
ခွန်းမော့၏သူငယ်အိမ်များ ကျုံ့သွားရ၏။ သူသည် အလွန်စွမ်းအားကြီးသည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း သူ သတိမထားမိပဲ အမှားလုပ်မိသွားသည်ကို တွေ့လိုက်ရသည်။ သူသည် ထူးဆန်းသည့်နယ်ပယ်တစ်ခု၏အကျဉ်းချခြင်းခံလိုက်ရကာ မရှောင်နိုင်တော့ပေ။
ရှီဟောင်သည် သူ၏တစ်ခုတည်းသော ကောင်းကင်လမ်းကြောင်းကို အသုံးပြုလိုက်သော်လည်း သေချာ ဖုံးကွယ်ထားလေသည်။ ရန်သူကိုဖမ်းပြီးသွားသည်နှင့် သူ ထိုကောင်းကင်လမ်းကြောင်းကို ပြန်သိမ်းလိုက်သည်။
“မင်း .. လွတ်စမ်း…” ခွန်မော့ နောက်တစ်ကြိမ် ရုန်းလိုက်သော်လည်း သူ မလွတ်မြောက်နိုင်ပေ။ တစ်ဖက်လူသည် မည်သည့်အဖိုးတန်ပညာကိုမှ အသုံးပြုခြင်းမဟုတ်ပဲ သူ၏ခွန်အားတစ်ခုတည်းကိုသာ အသုံးပြုခဲ့ခြင်းပင်။
ဖုန်း..
ရှီဟောင်သည် ခွန်းမော့အား စာခြောက်ရုပ်ကဲ့သို့သဘောထားကာ ထိုးကြိတ်လိုက်၏။ ခွန်းမော့ လဲကျလုနီးပါးပင်ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသည့် အရိုးများ အက်ကွဲသွားလေ၏။ ထို့နောက်တွင် ရှီဟောင်သည် သူ့အားနောက်တစ်ကြိမ်ကောက်မလိုက်ပြီး လက်သီးဖြင့် အချက်အနည်းငယ် ထိုးလိုက်သည်။ သူ၏သွားများပင် ထွက်ကျသွားလေ၏။ သူ၏မျက်လုံးများ မည်းမှောင်နေပြီး သူ၏နှာခေါင်းပင် ကျွံဝင်သွားလေ၏။ သူသည် သနားစရာကောင်းအောင် အော်ဟစ်နေလေ၏။
ဘေးဘက်တွင်ရှိနေသည့် ဂိုဏ်းများမှ ဂျီးနီးယပ်စ်များမှာ ဆွံ့အသွားကြသည်။ သူတို့သည် တံတွေးကိုပင် ခက်ခက်ခဲခဲမြိုချလိုက်ရသည်။ သူတို့မြင်နေရသည့်အရာများကို သူတို့မယုံကြည်နိုင်ဖြစ်နေကြလေ၏။
ဤသည်မှာ အာကာသကလန်မှ သူရဲကောင်းခြောက်ယောက်မှ တစ်ယောက်ဖြစ်သော်လည်း သူသည် အရုပ်တစ်ရုပ်ကဲ့သို့ပင် ရိုက်နှက်ခံနေရလေသည်။
ဤသည်မှာ ဤလူအုပ်ကြီးကို ထိတ်လန့်သွားစေသည်။
“ဒီကောင်က တကယ်ပဲ ဘယ်သူလဲ” ရှီဟောင်သည် ခွန်းမော့ကို ထိုးကြိတ်လိုက်ပြီး နတ်ဘုရားမကျောင်းမှလူများကို မေးလိုက်သည်။
ဤလူအုပ်ကြီးမှာ ဆွံ့အသွားရသည်။ ဤသည်မှာ ပြင်းထန်လွန်းလှသည်။ သူက အခုမှ ဒီလူ ဘယ်သူလဲ မေးနေတာလား..
ခွန်မော့မှာ တစ်ကိုယ်လုံးနာကျင်နေပြီး ရှက်လွန်းသဖြင့် သတိလစ်တော့မတတ်ပင်။
“ငါ ဘယ်သူလဲဆိုတာ မင်းသိလား .. ငါ ဘယ်ကလန်က လာတာလဲဆိုတာ မင်းသိလား” သူသည်ဒေါသထွက်လွန်းသဖြင့် သူ၏ အသံများပင် တုန်ယင်နေလေသည်။ သူသည် နာကျင်မှုကို သည်းခံကာ ကျယ်လောင်စွာပင် အော်ဟစ်လိုက်၏။
“မင်းက ဘယ်ကလန်က လာတာလဲ” ရှီဟောင်သည် မည်းမှောင်နေသောမျက်နှာဖြင့် မေးလိုက်လေသည်။