သုခကမ္ဘာက ရှီဟောင် - Chapter - 954 ကောင်းကင်နှင့်မြေကြီးမှ ပြုလုပ်ထားခြင်း
ခွပ်….
ထိုထူးဆန်းသည့်ကျောက်တုံးသည် အသံထွက်လာပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် အက်ကွဲလာပြီးနောက် တာအိုစွမ်းအင်များ ထွက်ပေါ်လာလေသည်။
“အား..”
အာကာသကလန်မှ နတ်ဘုရားများမှာ ထူးဆန်းစွာ အော်ဟစ်နေကြပြီး သူတို့၏မျက်လုံးများလည်း ပြူးကျယ်သွားလေသည်။ ဤသည်မှာ ကျားပါးစပ်ပေါက်မှာ အစာလုယူခြင်းပင်။ အပြင်လူသည် အာကာသကလန်၏နံပါတ် ၁ နတ်မိုင်းတွင်း၌ ပေါ်လာပြီး သူတို့၏ရတနာကိုလာခိုးရဲသည်လား..
“စွမ်းအင်အရင်းအမြစ်” တစ်စုံတစ်ယောက်မှ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ သူ မြင်တာ မမှားမှန်း အတည်ပြုပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး သူ၏မျက်လုံးများလည်း သွေးရောင်လွှမ်းလာသည်။
ရွှီး..
ထိုအချိန်တွင် လူလေးယောက်လည်း လှုပ်ရှားလိုက်ကြသည်။ နတ်ဘုရားလေးယောက်မှာ ရှီဟောင်ထံသို့ တရှိန်ထိုးပင် ပြေးသွားလိုက်ကြလေသည်။
“သတိထား .. ထူးဆန်းတဲ့ကျောက်တုံးကို မထိခိုက်မိစေနဲ့” အစစ်အမှန် နတ်ဘုရားမှ သတိပေးလိုက်သည်။
ရှီဟောင်သည် ထူးဆန်းသည့်ကျောက်တုံးကို အသုံးပြုကာ သူတို့၏သင်္ကေတအလင်းရောင်နှင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ တစ်ဖက်လူများမှာ ဤကျောက်တုံးပျက်စီးသွားမည်ကိုစိုးနေသောကြောင့် သူ တွေဝေမနေတော့ပေ။
“မိစ္ဆာကောင်လေး” အစစ်အမှန် နတ်ဘုရားတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။ သူ ပစ်လွှတ်လိုက်သည့် အရိုးစာသားကို ပြန်ဆွဲလိုက်ရလေသည်။
ဤကျောက်တုံးမှာ အမှန်တကယ်ပင် ကျိုးပဲ့လွယ်လှသည်။ ရှီဟောင်သည် ဤကျောက်တုံးကို သူ၏ကျောပေါ်တွင်သယ်ပြီး ပြေးခြင်းပင်လျှင် ဤကျောက်တုံးတွင် အက်ကွဲကြောင်းများ များစွာ ဖြစ်ပေါ်လာစေသည်။
“မင်းက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ရတနာကို ဖျက်ဆီးချင်နေတာလား .. မြန်မြန်ချထားလိုက် မဟုတ်ရင် မင်းက သမိုင်းမှာ မကောင်းတဲ့သူဖြစ်သွားမှာ .. မင်း ဘဝပေါင်းတစ်ရာဆပ်ရင်တောင် မင်းရဲ့ပြစ်မှုအတွက် ကျေမှာမဟုတ်ဘူး” အစစ်အမှန် နတ်ဘုရားမှ ဒေါသတကြီး ပြောလိုက်သည်။
ထို့အပြင် သူ၏ပါးစပ်မှ သင်္ကေတများကိုလည်း ထုတ်လွှတ်လိုက်လေ၏။ ထိုသင်္ကေတများမှာ သတ္တုစကားလုံးများအဖြစ်ပြောင်းသွားပြီး အချင်းချင်းပွတ်တိုက်သွားကာ ကြယ်အစုအဝေးကဲသို့ တောက်ပလာလေသည်။ ထိုသင်္ကေတများ ဆက်သွားသည့်အချိန်တွင် ချိန်းကြိုးဖြစ်သွားပြီး ရှီဟောင်ကို ဖိနှိပ်နေလေ၏။
ရှီဟောင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းပေါင်းများစွာသို့ ရွေ့သွားလေ၏။ သူ၏အရှိန်မှာ နတ်ဘုရားများကို ကြောက်လန့်သွားစေလေသည်။
သူက ဘယ်လိုလုပ် အဲဒီလောက်တောင် မြန်နေရတာလဲ .. နတ်ဘုရားလေးယောက်၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူ တကယ် ထွက်ပြေးသွားနိုင်မည်ကို စိုးရိမ်နေကြလေ၏။
“ဒါက တကယ် စွမ်းအင်အရင်းအမြစ်ဖြစ်လောက်တယ် .. နတ်ပစ္စည်းဖြစ်လာတော့မယ့်စွမ်းအင်ပဲ .. ဒါကို ဆုံးရှုံးလိုက်လို့မရဘူး” နတ်ဘုရားလေးယောက်မှာ ဗျာများနေလေပြီ။
ထိုကျောက်တုံးထဲတွင် အဖိုးတန်ပစ္စည်းတစ်ခုခုရှိနေမည်ကို သူတို့ထင်နေကြခြင်းပင်။ ထာဝရသွေး သို့မဟုတ် ထာဝရမျိုးစေ့အဖြစ် အသုံးပြု၍ရနိုင်သည့် တစ်ခုခုရှိနေမည်ဟု သူတို့ထင်နေကြခြင်းပင်။ ဤပစ္စည်းမှာ ဝိဉာဉ်ဖွံ့ဖြိုးနေပြီဖြစ်သည်ဟု သူတို့ယုံကြည်နေကြလေသည်။
ဝုန်း..
သူတို့လေးယောက် နောက်တစ်ကြိမ်လှုပ်ရှားလိုက်သည်။ သို့သော် သူတို့သည် ရှီဟောင်အား တိုက်ခိုက်ခြင်းမဟုတ်ပဲ သူ ထွက်ပြေးသည့်လမ်းကြောင်းများကို တားဆီးခြင်းပင်။ လေထဲတွင် အရိုးစာသားများ ပြည့်နှက်နေလေသည်။
ထိုအချိန်တွင် ရှီဟောင်သည် ထိုတိုက်ခိုက်မှုများကို ရှောင်ရှားရန်အတွက် လက်မခံနိုင်လောက်သည့်နည်းလမ်းကို အသုံးပြုလိုက်လေသည်။ ကျန်းပေါင်းများစွာမှာ တစ်လက်မအဖြစ်သို့ ကျုံ့သွားပြီး အရိုးစာသားများကို ရှောင်ရှားလိုက်လေသည်။
ဤသည်မှာကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းကို အဆုံးစွန်ထိရောက်အောင် အသုံးပြုလိုက်ခြင်းပင်။ သူ၏ခန္ဓာကိုယ်သည်လည်း မှုန်ဝါးသွားပြီး ထိုတိုက်ခိုက်မှုများအားလုံးကို ရှောင်ရှားလိုက်လေသည်။ သူသည် မီးခိုးမှုန်အဖြစ်သို့ ပြောင်းလဲသွားကာ အခြားနေရာတစ်ခု၌ ပြန်ပေါ်လာလေ၏။
“ရပ်လိုက်”
တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သူခြေထောက်စောင့်လိုက်သည်နှင့် ရှေးဟောင်းမိုင်းတွင်းတောက်ပလာကာ ချိန်းကြိုးတစ်ခုပေါ်လာပြီး ချွန်ထက်သည့်လက်နက်တစ်ခုကဲ့သို့ပင် ရှီဟောင်၏ခါးထံသို့ ဦးတည်သွားလေသည်။ ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။
သူတို့သည် မြေအောက်တွင် အစီအရင်အချို့ လုပ်ထားသည်မှာ သိသာသည်။ ဤအစီအရင်များမှာ အစစ်အမှန် နတ်ဘုရားကိုပင် သတ်ပစ်နိုင်သည်။
ရှီဟောင်၏အမူအရာ ပြောင်းလဲသွားလေ၏။ သူ၏နောက်ကျောဘက်တွင် အတောင်ပံတစ်စုံပေါ်လာပြီး လှုပ်ခါသွားလေသည်။ သူသည် အစကအလင်းတန်းတစ်ခုအနေဖြင့် ပြေးနေခြင်းဖြစ်သော်လည်း ရုတ်တရက်ပင် ဦးတည်ချက်ပြောင်းလိုက်လေ၏။
ဤသည်မှာ ခွန်ပန်ပညာပင်။
ထိုနတ်ချိန်းကြိုးတန်းသည် လေဟာနယ်ကို ထိန်းချုပ်ကာ မိုင်းတွင်းကို နှစ်ပိုင်းခွဲပစ်လိုက်လေ၏။ ထိုချိန်းကြိုးသည် မြေကြီးပေါ်သို့လည်း ထိုးဖောက်သွားလေ၏။
ဤချိန်းကြိုးမှာ မည်မျှပင် ကြောက်စရာကောင်းသည်ကို စဉ်းစားကြည့်နိုင်သည်။
ယခုအချိန်တွင် အာကာသကလန်မှ ကျွမ်းကျင်သူများအားလုံး သတိအနေအထားနှင့် ဖြစ်သွားကြလေသည်။ သူတို့သည် ဤနေရာသို့ ရောက်လာကြပြီး သူတို့၏ခန္ဓာကိုယ်များမှာ နေလုံးလေးကဲ့သို့ပင် တောက်ပလာကြလေသည်။
အားလုံး၏နှလုံးသွေးများ ထွက်ပေါ်လာကာ ဒေါသထွက်လာကြလေသည်။ မည်သူက ဤကဲ့သို့ ပြုလုပ်ရဲမည်နည်း…
ဂိုဏ်းကြီးများပင်လျှင် ဤကဲ့သို့ ပြုလုပ်ရဲမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စစ်ပွဲကြေငြာခြင်းနှင့် အတူတူပင်။ ဂိုဏ်းနှစ်ခုမှ တိုက်ခိုက်ကြပြီး မရေတွက်နိုင်သည့်သေဆုံးခြင်းများ ဖြစ်ပေါ်လာစေလိမ့်မည်ဖြစ်ပြီး ရလဒ်များလည်း အလွန်ပင် ဆိုးဝါးလိမ့်မည်။
ရှီဟောင် ဆက်ပြေးနေပြီး မြင့်မြတ်သည့်အလင်းတန်း နောက်တစ်ခု ထွက်ပေါ်လာလေ၏။ ဤသည်မှာ လှိုဏ်ဂူကြီးတစ်ခုလုံးကို ကန့်သတ်သွားလေ၏။ ထိုအလင်းတန်းမှာ သူ့ကိုလွှမ်းခြုံတော့မတတ်ပင်။
ကံကောင်းစွာဖြင့်ပင် ထိုလှိုဏ်ဂူတွင် ကန့်သတ်ချက်များ သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် လူများစွာမှာ ဤနေရာသို့ နေ့တိုင်း ပစ္စည်းများ လာရောက်တူးဖော်သောကြောင့်ပင်။ ကြောက်စရာကောင်းသည့်အစီအရင်များစွာရှိနေလျှင် သူတို့လူကိုပင် ပြန်ပြီးထိခိုက်နိုင်လေသည်။
ရှီဟောင်သည် တစ်ချိန်လုံးပြေးနေခြင်းဖြစ်ပြီး ထိုသို့ပြေးနေသည့်အချိန်တွင် သူ၏ ကျောထက်ရှိ ထူးဆန်းသည့်ကျောက်တုံးမှ အက်ကွဲသံများ ထွက်ပေါ်နေလေသည်။ တာအိုစွမ်းအင်များလည်း ထွက်ပေါ်နေလေ၏။
ရှေးဟောင်းမိုင်းတွင်း၏အတွင်းပိုင်းတွင် မရေမတွက်နိုင်သည့်အနက်ရောင်လှိုဏ်ဂူများ ရှိနေလေ၏။ အချို့ဂူများမှာ လမ်းခွဲပေါင်းများစွာရှိနေပြီး ဝင်္ကပါနှင့်တူနေသည်။ ရှီဟောင်သည် လမ်းခွဲတစ်ခုထဲသို့ ချိုးချလိုက်ပြီး အရှေ့ဘက်သို့ ဆက်ပြေးသွားလိုက်သည်။
ဤသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်က တူးခဲ့သည့် လှိုဏ်ဂူအသစ်များပင်။ ရှေးခေတ်တွင် ပင့်ကူအိမ်ကဲ့သို့များပြားပြီး ကျယ်ပြန့်လှသည့်လှိုဏ်ဂူများစွာ ရှိခဲ့လေသည်။
ဤသည်မှာ ရှီဟောင်လွတ်မြောက်ရန်အတွက် ပိုလွယ်ကူစေသည်။ ယခုအချိန်တွင် အစစ်အမှန် နတ်ဘုရား ၁၁ ယောက်မှာ သူ့နောက်သို့လိုက်ပြီး သူ့ကိုရပ်တန့်နိုင်ရန် ကြိုးစားနေကြလေ၏။
ရုတ်တရက်ပင် ကျယ်လောင်လှသည့်အက်ကွဲသံကြီး ထွက်ပေါ်လာလေ၏။ ရှီဟောင်၏ကျောထက်တွင်ရှိနေသည့် ထူးဆန်းသည့်ကျောက်တုံးထံမှ ထွက်ပေါ်လာခြင်းပင်။ ထိုကျောက်တုံးသည် မူလက လေးကျန်းရှည်သော်လည်း ယခုအချိန်တွင် တစ်ကျန်းမှာ ပြတ်ကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
“မပျက်လောက်ဘူးမလား” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤသည်မှာ ကျိုးပဲ့လွယ်လွန်းလှသည််။
“မင်း ဒီလိုမျိုး လုပ်ရဲတယ်လား .. မင်း အကြိမ်တစ်ထောင်သေသွားရင်တောင်မှ မင်းလုပ်ခဲ့တဲ့ပြစ်မှုအတွက် ကျေမှာမဟုတ်ဘူး” အစစ်အမှန် နတ်ဘုရားများမှာ စိုးရိမ်လာလေ၏။ ဤအခြေအနေမှာ ဆိုးရွားလွန်းလှသည်။
‘ထာဝရမျိုးစေ့’ အပြင် ထိုကျောက်တုံးထဲတွင် ကောင်းကင်ရတနာထက်သာလွန်သည့် မြင့်မြတ်ရတနာရှိလိမ့်မည်ဟု သူတို့ယုံကြည်နေကြသည်။ ဤကျောက်တုံးသာ ပျက်စီးသွားပါက သူတို့အတွက် ဆိုးရွားလွန်းသွားလိမ့်မည်။
မဟုတ်ပါက ဤပစ္စည်းမှာ အာကာသကလန်၏ လျှို့ဝှက်စွမ်းအားဖြစ်လာပြီး သူတို့ဂိုဏ်းကို ကာကွယ်ပေးနိုင်လိမ့်မည်။
ရှီဟောင် နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် ထိုပြုတ်ကျသွားသည့် တစ်ကျန်းအရွယ်အစားအပိုင်းအစလေးမှာ အဓိကအစိတ်အပိုင်းမဟုတ်ပေ။ သူ၏တာအိုစွမ်းအင်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ထိုကျောက်တုံးကြီးမှ ထွက်နေသည့် မြူများမှာ ပို၍ပင် ထူထပ်လာသည်။
သူ ထိုကျောက်တုံးကို မဖယ်ရှားပစ်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုကျောက်တုံးကိုဒိုင်းကာအဖြစ်သုံးပြီး သူ့အနောက်မှလူများ၏တိုက်ခိုက်မှုများကို ကာကွယ်နေခြင်းပင်။
“တစ်ခုခုတော့မှားနေပြီ .. ငါ့ရဲ့အရှိန်နဲ့ဆိုရင် အစောကြီးကတည်းက ငါ ဒီရှေးဟောင်းဂူထဲက ထွက်နေနိုင်လောက်ပြီ ..ငါ ဘာလို့ ဒီဂူတွေကို ပတ်ပြေးနေရတာလဲ”
ရှီဟောင်သည် မူမမှန်သည်ကို သတိထားမိသွာသည်။ သူ၏ဦးတည်ချက်ကို ခန့်မှန်းနိုင်သည့်အာရုံပျက်စီးသွားပြီး သူ့ကိုဦးဆောင်ပေးနေသည့် အစီအရင်များရှိနေလေသည်။
ဝုန်း…
ရှီဟောင်သည် လမ်းကြောင်းအတိုင်း လျှောက်မနေတော့ပဲ ကျောက်နံရံများကို ဖြိုချကာ လမ်းဖောက်လိုက်လေ၏။
ဝုန်း…
ရုတ်တရက်ပင် ကြီးမားလှသည့်အားတစ်ခု ထွက်ပေါ်လာလေ၏။ ထိုအားမှာ မြေအောက်မှ ရုတ်တရက် ထွက်ပေါ်လာခြင်းပင်။ နတ်ဘုရားတစ်ပါးမှ တိုက်ခိုက်လိုက်ခြင်းပင်။
ရှီဟောင်သည် ထူးဆန်းသည့်ကျောက်တုံးဖြင့် ကာထားချင်လျှင်ပင် မလုပ်နိုင်တော့ပေ။ ဤနေရာတစ်ခုလုံးတွင် အရိုးစာသားများလောင်ကျွမ်းနေလေပြီ။
ထိုအချိန်တွင် ကျောက်နံရံများ ပေါက်ကွဲသွားပြီး ကြီးမားလှသည့်လေဟာနယ်တစ်ခု ဖြစ်ပေါ်လာလေ၏။ နတ်ဘုရားများစွာ ပေါ်လာကာ ဤနေရာတစ်ခုလုံးကို ဖြတ်တောက်ပစ်လိုက်လေ၏။
“သူ သေသွားပြီလား” သူတို့ထဲမှ တစ်ယောက်မှ မေးလိုက်သည်။
မြင်ကွင်းအလယ်တွင် တောက်ပနေသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။ ထိုအလင်းမှာနူးညံ့ကာ မြင့်မြတ်ပြီး အရိုးစာသားမှ ဖျက်ဆီးခြင်းစွမ်းအင်ကို တားဆီးလိုက်လေသည်။
“အကာအကွယ်သင်္ကေတ .. ဒီပစ္စည်းက ဘယ်အဆင့်တောင် ရောက်နေပြီလဲ” နတ်ဘုရားများစွာ ထိတ်လန့်တကြားပြောလိုက်ကြသည်။
ထိုအလင်းအလယ်တွင် ရှီဟောင်သည် ကြီးမားလှသည့်ကျောက်တုံးကြီးကို သယ်ဆောင်ထားပြီး ထိခိုက်မှုမရှိပေ။ သူ့အနားတွင် အလင်းလွှာတစ်လွှာ ထွက်ပေါ်လာပြီး သူ့ကို ဝန်းရံသွားလေ၏။ ဤသည်မှာ လောကသုံးခုအခေါင်းမှ သူ ယူလာသည့်ပစ္စည်းတစ်ခုပင်။
ဤသည်မှာ ရှီဟောင်စွန့်စားရဲသည့်အကြောင်းရင်းတစ်ခုပင်။ ထိုကြေးအဖိုးတန်ဘူး ပေါက်ကွဲသွားသော်လည်း ဖျက်ဆီးခြင်းကို တားဆီးနေနိုင်ဆဲပင်။
သူ စိတ်ပူသည့်တစ်ခုတည်းသောအရာမှာ ဤကိစ္စကြောင့် ဤသင်္ကေတကြီး ပျက်စီးသွားမည်ကိုပင်။ ထိုသို့သာဆိုလျှင် အလွန်နှမြောစရာကောင်းလိမ့်မည်။
“ဒဏ်ရာတောင် မရသွားဘူးလား” ရှီဟောင် ဝမ်းသာသွားရသည်။ နတ်ဘုရားအစစ်၏တိုက်ခိုက်မှုမှာ ထိုရှေးဟောင်းသင်္ကေတကို အက်ကွဲရာလေးတစ်ခုပင် မဖြစ်စေပေ။ ဤသည်မှာ လုံးဝပင် မထိခိုက်သောကြောင့် အကြိမ်များစွာ အသုံးပြု၍ရသည်ဟု ဆိုလိုခြင်းပင်။
ရွှီး..
အလင်းရောင်ပျောက်ကွယ်သွားသည်နှင့် ရှီဟောင်သည် ထိုနေရာမှ ပျံသန်းသွားလေ၏။ နတ်ဘုရားများမှာ မျက်နှာပျက်ယွင်းသွားပြီး သူ့နောက်သို့ လျင်မြန်စွာ လိုက်သွားကြသည်။
ဤလူထံတွင် သူတို့ထင်ထားသည်ထက်ပင် ပိုသည့် အဖိုးတန်သင်္ကေတရှိနေလေသည်။ သူက ဘယ်လိုလုပ် သာမန်ဂိုဏ်းက လူဖြစ်မည်နည်း.. သူ၏နောက်ခံမှာ လုံးဝပင် သာမန် မဟုတ်နိုင်ပေ။
လေထဲတွင် ကျိုးပဲ့သံထွက်ပေါ်လာလေ၏။ ယခုအချိန်တွင် ပို၍ပင် ကြည်လင်ထင်ရှားနေလေ၏။ ကျောက်တုံး၏နှစ်ကျန်း ပျက်စီးသွားပြီး ရှီဟောင်ပင်လျှင် သတိအနေအထားဖြစ်သွားသည်။ သူသည် လက်ထဲတွင်ရှိနေသည့်အစိတ်အပိုင်းကို လွှင့်ပစ်လိုက်ပြီး မြေပြင်ပေါ်တွင်ကျနေသည့် အပိုင်းကို ကောက်ယူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအပိုင်းမှာ တာအိုစွမ်းအင်၏အရင်းအမြစ်ပင်။
အနောက်ဘက်တွင်ရှိနေသည့် အာကာသကလန်မှ နတ်ဘုရားများ၏ မျက်လုံးများ မဲမှောင်လာပြီး သူတို့သည် ထိတ်လန့်ကြောက်ရွံ့နေကြလေ၏။ ဤအတိုင်းသာအခိုးခံလိုက်ရပါက သူတို့အပြစ်တင်ခံရလိမ့်မည်။
“အော်ရာက ပိုပြီးတော့သိပ်သည်းလာပြီ .. ဒါက လူတစ်ယောက်ကို လုံးဝပြောင်းလဲစေနိုင်တဲ့ ‘ထာဝရအစေ့’ ပါဝင်နေတယ်”
အစစ်အမှန် နတ်ဘုရားမှာ စိတ်ထဲတွင် တုန်လှုပ်နေပြီး သူ၏သွေးများ ကြွတက်လာရသည်။ အာကာသကလန်သာ ဤပစ္စည်းကို ရသွားပါက သူတို့သည် ထူးခြားသည့်လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်မည်သာ။
မြေပြင်မှာ တစ်စစီဖြစ်သွားပြီး ရှီဟောင်သည် ရှေးဟောင်းမိုင်းတွင်းအတွင်းမှ ထွက်ပြေးသွားလိုက်သည်။ ထိုအချိန်တွင် အစစ်အမှန် နတ်ဘုရားများလည်း ထွက်ပေါ်လာပြီး သူ့ကို ရပ်တန့်နိုင်ရန် ကြိုးစားကြလေသည်။ ယခုအချိန်တွင် သူတို့သည် အကျိုးဆက်ကို မစဉ်းစားတော့ပဲ ရက်စက်စွာပင် တိုက်ခိုက်နေလေ၏။
“အထင်ကြီးစရာကောင်းလိုက်တာ”
ရှီဟောင် ထိတ်လန့်သွားရ၏။ သူသာ နည်းနည်းကံဆိုးသွားပါက သဘာဝဥပဒေသများကြောင့် ရှင်းခံနေရလောက်လေပြီ။ အာကာသကလန်မှ နတ်ဘုရားများမှာ ရူးသွပ်သွားပြီထင်သည်။ ကျောက်တုံးပျက်စီးသွားသော်လည်း သူတို့ ရှီဟောင်ကို ဖမ်းထားရဦးမည်ပင်။
အချပ်အနှောင်ထဲမှ ထွက်ပြေးသည့်အချိန်တွင် အကာအကွယ်သင်္ကေတ နောက်တစ်ကြိမ်တောက်ပလာပြီး သူ့ကို ကာကွယ်ပေးလေသည်။ ထို့နောက်တွင် သူသည် မြက်ခင်းပြင်ထဲသို့ ပျောက်ကွယ်သွားပြီး လျင်မြန်စွာ ပြေးသွားလေ၏။
“မင်း မလွတ်နိုင်ပါဘူး”
တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် အနီရောင်ဓားသွားကို ထုတ်လိုက်လေ၏။ ထိုဓားသည် လျင်မြန်စွာပင် ရှီဟောင်ရှိနေသည့်ဘက်သို့ ရောက်လာလေ၏။
“ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းလား” ရှီဟောင် ထိတ်လန့်သွားရ၏။ ထို့နောက်တွင် သူသည် အစွမ်းကုန်ပြေးလေတော့သည်။
သို့သော် ဤမှော်ပစ္စည်းမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှပြီး အစစ်အမှန် နတ်ဘုရား၏ထိန်းချုပ်မှုအောက်တွင် သူ့နောက်သို့ လိုက်လာလေ၏။ အနီရောင်အလင်းတန်းမှာ တစ်ဖြည်းဖြည်းပင် ကြီးမားလာပြီး သေမင်းလက်နက်ကဲ့သို့ပင် ကျဆင်းလာလေ၏။
ခပ်ဝေးဝေးမှပင်လျှင် သူ၏ကျောမွေးများ ထောင်သွားပြီး ကြက်သီးလည်း ထွက်ပေါ်လာလေ၏။ ဤမှော်ပစ္စည်းမှာ သူ့ခေါင်းကို ဖြတ်ရန်အတွက် သူ့လည်ပင်းထံသို့ ဦးတည်လာနေခြင်းပင်။
“ဒီအကာအကွယ်သင်္ကေတကို မပျက်စီးစေချင်ဘူး” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ဤရိုက်ချက်အောက်တွင် သူ၏ခန္ဓာကိုယ်ပေါ်မှ အဖိုးတန်သင်္ကေတပျက်စီးသွားမည်ကို စိုးရိမ်နေခြင်းပင်။
သို့သော် ထူးဆန်းမှုများ ဖြစ်ပေါ်လာလေ၏။ သူ၏ကျောပေါ်မှ ကျောက်တုံးလှုပ်ရှားသွားပြီး မြူများ ထွက်ပေါ်လာပြီး ရေတံခွန်ကဲ့သို့ပင် သူ၏ခန္ဓာကိုယ်ကို ဝန်းရံသွားလေသည်။
သူသည် တောင်ကြီးတစ်လုံးကိုသယ်ထားရသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းလေးလံလာလေ၏။ သူ၏ပုခုံးများပင် နာကျင်လာရသည်။
သူ၏အသွေးအသားများမှာ အခြားအဆင့်လွန်ကျွမ်းကျင်သူများထက် ပိုသာနေသောကြောင့်သာမဟုတ်ပါက သူသည် ထိုအလေးချိန်ကြောင့် ပိပြားသွားပြီး အသားပြားဖြစ်နေလောက်လေပြီ။
“ရပ်လိုက်”
အနောက်ဘက်မှ နတ်ဘုရားများမှာ ကျယ်လောင်စွာပင် အော်ဟစ်နေကြလေ၏။ သူတို့သည် အနီရောင်ဓားသွားကို ကြောက်လန့်တကြားပင် ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှီဟောင်၏အရှိန်မှာ လျင်မြန်စွာပင် လျော့နည်းသွားသည်ကို သူတို့သတိထားမိလိုက်သောကြောင့်ပင်။ ထိုကျောက်တုံးတွင် ထူးဆန်းသည့်ပြောင်းလဲမှုဖြစ်ပေါ်လာပြီး ရှီဟောင်မှာ မြေကြီးထဲသို့ နစ်ဝင်သွားမတတ်ပင်။
အာကာသကလန်မှ အစစ်အမှန် နတ်ဘုရားများမှာ အရှိန်လျော့လိုက်ပြီး ရှီဟောင်ထံသို့ ဦးတည်သွားလိုက်သည်။
ရှီဟောင်သည် အံကြိတ်လိုက်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ အခုမှဘာလို့ ထူးဆန်းတဲ့ဟာတွေ လာဖြစ်နေရတာလဲ .. ကြည့်ရသည်မှာ သူ့ထံတွင်ရှိနေသည့် ရှေးဟောင်းသင်္ကေတကိုသာ သူ အားကိုးနိုင်တော့မည်ထင်သည်။ သို့သော်လည်း ဤကျောက်တုံးကို ယူသွားနိုင်ပါ့မလားဆိုသည်ကို သူ မသိပေ။
အားလုံးဆင်းသက်လာပြီး ကြီးမားလှသည့်လက်ဝါးကြီးများ များစွာ ကျဆင်းလာလေသည်။ ဤသည်မှာ ရှီဟောင်ကို ဖိနှိပ်ချင်နေသည့်သူများပင်။
ဝုန်း..
ရုတ်တရက်ပင် ရှီဟောင်၏ကျောထက်မှ ကျောက်တုံးကြီး ကွဲထွက်သွားပြီး ကြောက်စရာကောင်းသည့်တာအိုစွမ်းအင်များ ထွက်ပေါ်လာလေသည်။ ဤသည်မှာ အားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။
ရှီဟောင်သည် ပို၍ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူ၏လက်ထဲတွင် အကာအကွယ်သင်္ကေတထွက်ပေါ်လာပြီး တောက်ပသည့်အလင်းများကိုထုတ်လွှတ်ကာ သူ့ကို ဝန်းရံလိုက်လေသည်။
တစ်ချိန်တည်းမှာပင် အာကာသကလန်မှ အစစ်အမှန် နတ်ဘုရားများလည်း လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်သည်။ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး ထိုအက်ကွဲကြောင်းများမှာ သူတို့ထံသို့ ဦးတည်လာနေခြင်းပင်။
အကာအကွယ်သင်္ကေတတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။ ဤသည်မှာ သူ့ကို သတိဝင်သွားစေသည်။
ကမ္ဘာလေးမှ ပေါက်ကွဲမှုပင်လျှင် ဤသင်္ကေတကို ပျက်စီးအောင်မလုပ်နိုင်သည်ကို သိထားရန်လိုအပ်သည်။
“ဒါက ကောင်းကင်နဲ့မြေကြီးကိုပြောင်းပြန်စုတ်ယူတာပဲ .. ဒီကျောက်တုံးထဲမှာ ပြိုင်ဘက်ကင်းတဲ့ပစ္စည်းတစ်ခုခု ပါနေလောက်တယ်”
အာကာသကလန်မှ နတ်ဘုရားများမှ ကျယ်လောင်စွာပင် အော်ပြောလိုက်သည်။ သူတို့သည် ပျော်ရွှင်သွားသကဲ့သို့ ကြောက်လည်းကြောက်ရွံ့သွားရသည်။ အဘယ်ကြောင့်ဆိုသော် အက်ကွဲကြောင်းများမှာ ပို၍ပျံ့နှံ့လာလေပြီ။ အချို့လူများမှာ ထိခိုက်သွားပြီး သူတို့ခန္ဓာကိုယ်များ ပေါက်ကွဲသွားလေသည်။ အချို့သူများမှာ သွေးအန်သွားပြီး ထိုနေရာတွင်ပင် လဲကျသေဆုံးမတတ်ပင်။
ထူးဆန်းသည့်ကျောက်တုံးကြီးမှာ တစ်စစီဖြစ်သွားပြီး စွမ်းအင်အရင်းအမြစ်ထဲတွင် ရှိနေသည့်တစ်စုံတစ်ခု ပြုတ်ကျလာလေသည်။ ဤပစ္စည်းမှာ တစ်ခါတစ်ရံတွင် ငရုတ်ကျည်ပွေ့အရွယ်အစားရှိသော်လည်း တစ်ခါတစ်ရံတွင် တစ်လက်မခန့်သာရှိလေသည်။
“ဘုရားရေ .. ဒါမပျက်စီးသွားလောက်ဘူးမလား” အစစ်အမှန် နတ်ဘုရားများမှာ စိုးရိမ်နေကြလေ၏။ ဤကဲ့သို့သော ပစ္စည်းမျိုးကို သေချာမထိန်းသိမ်းပါက နှမြောစရာကောင်းလွန်းလှသည်။
ဤကျောက်တုံးမှ စွမ်းအင်များ ထွက်မလာတော့သည်ကို တွေ့လိုက်ရသည့်အချိန်တွင် ရှီဟောင်သည် ထိုပစ္စည်းကို ကောက်ယူပြီး ပြေးလိုက်လေသည်။
“လိုက်..” အစစ်အမှန် နတ်ဘုရားများ မျက်နှာပျက်သွားကာ ရှီဟောင်နောက်သို့ လိုက်ကြလေသည်။
နောက်ဆုံးတွင် ရှီဟောင်ပျောက်ကွယ်သွားလေ၏။ သူသည် ဖုဖုန်းမြို့ထဲတွင် လဲခဲ့သည့် လေဟာနယ်ပျက်စီးခြင်းသင်္ကေတများကို အသုံးပြုခဲ့ခြင်းပင်။ ထို့နောက်တွင် ကမ္ဘာမြေကိုလက်မများအဖြစ်ပြောင်းခြင်းနှင့် ခွန်ပန်ပညာကို အသုံးပြုကာ ထွက်ပြေးခဲ့ခြင်းပင်။
သူသည် နယ်ပယ်ပျက်စီးခြင်းသင်္ကေတနှစ်ခုကို အပျက်အစီးများကြားတွင် ရှာတွေ့ခဲ့သော်လည်း သူ မသုံးချင်သေးပေ။