သုခကမ္ဘာက ရှီဟောင် - Chapter - 956 မတူညီသော လမ်းကြောင်းများ
“ငါလုပ်ချင်နေတုန်းပဲ” ရှီဟောင် နူးညံ့စွာ ပြောလိုက်သည်။ ဤလမ်းကြောင်းမှာ ခက်ခဲလွန်းလှသည်။
သူသည် ဤနေရာတွင် မရပ်တန့်ပဲ အားလုံးနှင့်မတူညီသည့် လမ်းကြောင်းကို သွားချင်မိသည်။ သူသည် မတူညီသည့်လောကကို ကြုံတွေ့ချင်သည်။
“မင်းသေချာစဉ်းစားရမယ် .. သေဆုံးဖို့ရာခိုင်နှုန်းပိုများနေတယ် .. ပြောရမယ်ဆိုရင် ဒါက သေလမ်းပဲ” ချီသော်လင်း တည်ငြိမ်စွာပင် သတိပေးလိုက်သည်။
သူ့အမြင်တွင် ဤကဲ့သို့သော မျှော်လင့်ချက်မှာ ယာယီသာဖြစ်ပြီး သူ ဆက်လုပ်နေမည်ဆိုလျှင် သူအရှေ့မှ လူများကဲ့သို့သာ အရှုံးမှတ်တမ်းတစ်ခု ဝင်သွားလိမ့်မည်။
“မလျှောက်ကြည့်ပဲနဲ့ ဒါက မလျှောက်နိုင်တဲ့လမ်းမှန်း ဘယ်လိုလုပ် သိမှာလဲ .. စမ်းတဝါးဝါးလျှောက်ရင်းနဲ့ မတူညီတဲ့လမ်းကြောင်းတစ်ခုကို တွေ့မှာပါ” ရှီဟောင်သူ့ကိုယ်သူ ပြောလိုက်၏။ ထို့နောက်တွင် သူသည် ချီသော်လင်းကို ကြည့်လိုက်ကာ ယခင် ဤလမ်းကြောင်းကို လျှောက်ခဲ့သည့်သူများအကြောင်းကို မေးလိုက်သည်။
ချီသော်လင်းသည် ဘာမှမပြောပဲ ရှီဟောင်ကိုသာ ကြည့်လိုက်၏။ ရှီဟောင်၏တည်ငြိမ်နေသည့်အမူအရာကို တွေ့လိုက်ရသည့်အချိန်တွင် သူသည် ခေါင်းညိမ့်လိုက်ကာ “ကြည့်ရတာ ငါတစ်ခြားတပည့်နောက်တစ်ယောက်ရှာရတော့မယ် ထင်တယ်”
ရှီဟောင်မှာ အနည်းငယ်ဆွံ့အသွားရသည်။ ဤလူသည် သူ့ကို စောစီးစွာပင် လက်လျော့လိုက်ပြီးလား .. သူသေချာပေါက် သေသွားလိမ့်မည်ဟု ထင်နေတာလား..
ချီသော်လင်း အင်္ကျီလက်ကို လွှဲရမ်းလိုက်သည်နှင့် အရိုးစာအုပ်ပုံကြီး ကျလာကာ ရှီဟောင်ကို လွှမ်းခြုံသွားလေသည်။ ဤသည်မှာ ဘိုးဘေးများမှ ထားခဲ့သည့် ရှေးဟောင်းစာအုပ်များပင်။
ရှီဟောင်မှာ အလွန်ပင် ထိတ်လန့်သွားရသည်။ စာအုပ်မှာ တောင်အသေးတစ်လုံးကဲ့သို့ ပုံနေပြီး အရိုးများလည်း နေရာတိုင်းတွင် ပျံ့ကြဲနေလေသည်။ အချို့မှာ ရွှေရောင်၊ အချို့မှာ ငွေရောင်၊ အဖြူရောင်ဖြစ်ကာ ခရမ်းရောင်စွမ်းအင်များ သယ်ဆောင်ထားလေသည်။ ထိုစာအုပ်ထဲတွင် သာမန်ပစ္စည်းတစ်ခုမှ မပါပေ။
ထိုအရိုးအပိုင်းအစများမှာ အလွန်ပင်အိုဟောင်းနေသည့် ခံစားချက်ကို ပေးစွမ်းလေသည်။ ထိုထဲတွင် အတိတ်မှလူများ၏ အတွေ့အကြုံများ လမ်းကြောင်းများကို မှတ်တမ်းတင်ထားလေသည်။
ရှီဟောင်သည် ထိုစာအုပ်ပုံထဲမှ တစ်အုပ်ကို ကျပန်းဆွဲလိုက်ပြီး သေချာဖတ်ကြည့်လိုက်သည်။ သူသည် ချက်ချင်းပင် ထိုစာအုပ်ထဲ၌ နှစ်မြှုပ်သွားလေ၏။
“ပင်လယ်သားရဲပြက္ခဒိန် .. နှစ် ကိုးရာနဲ့ ၃၆၈၅၂ မှာ ခွန်ယုက အားလုံးကို တောက်ပစေတဲ့ ကောင်းကင်သင်္ကေတနဲ့အတူ မွေးဖွားလာခဲ့တယ်…”
ထိုအထိ ဖတ်ပြီးသွားသည်နှင့် ရှီဟောင် အလွန်ပင် ထိတ်လန့်သွားရသည်။ ဤသည်မှာ ပင်လယ်သားရဲနယ်မြေမှ ရှေးဟောင်းသက်ရှိပင်ဖြစ်ပြီး သူ မွေးဖွားလာသည့်အချိန်တွင် ပုံမှန်မဟုတ်သည့်အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။ သူဆက်လက်ဖတ်ပြီးသည့်နောက်တွင် ဤလူမှာ သာမန်မဟုတ်သည်ကို သူ သိသွားရသည်။
“ခွန်းယု ကောင်းကင်ပေါ်ကို တက်သွားတာနဲ့ ကြယ်တွေ မှေးမှိန်သွားလိမ့်မယ် .. အသက် ၁၉ နှစ်မှာ သူက ပင်လယ်ထဲက ထွက်လာပြီးတော့ စီရင်စုသုံးထောင်လုံးက ထူးခြားပါရမီရှိတဲ့သူတွေကို ဖိနှိပ်ထားခဲ့တယ် ..နောက်တော့ သူက ရှေးဟောင်းမီးတောက်ကို မသုံးပဲနဲ့ တစ်ခြားတာအိုလမ်းကြောင်းကို ရွေးချယ်ခဲ့တယ် .. နောက်ဆုံးတော့ သူ သေသွားခဲ့တယ်”
ဤလူ၏အသက်မှာ အလွန်တိုသော်လည်း ရှေးယခင်တွင် ကြီးကျယ်ခမ်းနားခဲ့သည်။ ကံမကောင်းစွာဖြင့်ပင် မတူညီသည့်လမ်းကြောင်းကို ရှာဖွေရန်အတွက် သူ သေဆုံးခဲ့ရသည်။
ခွန်ယု၏ဘဝအကြောင်းကို မှတ်တမ်းတင်ထားသည့်သူများရှိသောကြောင့် ရှီဟောင်သည် ထိုမှတ်တမ်းများကို သေချာလေ့လာလိုက်သည်။
ဤသည်မှာ ရှားပါးသည့်ရတနာစာအုပ်တစ်အုပ်ပင်။ ကြီးမြတ်သည့်တာအိုမျိုးဆက်များထံ၌ပင်လျှင် မိတ္တူရှိမည် မဟုတ်ပေ။ ပြောရမည်ဆိုလျှင် ဤသည်မှာ နောင်လာမည့်မျိုးဆက်များကို လမ်းမှားစေနိုင်သောကြောင့် ဤသည်မှာ တာဘိုစာအုပ်များပင်။
ရှီဟောင်သည် စာအုပ်ပုံထဲတွင် နှစ်မြှုပ်နေပြီး စာကြောင်းတိုင်းကို အကြိမ်ပေါင်းများစွာ ဖတ်ရှုနေလေ၏။ သူသည် ခွန်ယု၏နည်းလမ်းများမှ ကောင်းခြင်းနှင့်ဆိုးခြင်းများကို လေ့လာဆန်းစစ်နေလေသည်။
သူထိုစာအုပ်ကို ချထားလိုက်ပြီး အကြောင်းအရာအားလုံးကို အလွတ်မှတ်ထားလိုက်သည်။
ထို့နောက်တွင် ရှီဟောင်သည် အခြားရှေးဟောင်းစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး စတင်ဖတ်လိုက်သည်။ ဤသည်မှာ အထင်ကြီးစရာကောင်းသည့် အခြားပုဂ္ဂိုလ်တစ်ယောက်ဖြစ်သောကြောင့် ရှီဟောင် စိတ်တည်ငြိမ်နိုင်ရန် ခက်ခဲနေလေ၏။
“ရွှေမီးတောက်ပြက္ခဒိန် နှစ်ပေါင်း တစ်သန်းနှစ်သိန်းလေးသောင်းသုံးထောင်နှစ်ရာကိုးဆယ့်တစ် .. ကောင်းကင်မှာ ဧကရာဇ်ငါးပါး ထွက်ပေါ်လာခဲ့တယ် .. ဒါပေမဲ့ သူတို့ရဲ့ အထွဋ်အထိပ်ကာလကို ကျော်လွန်ပြီးသွားတဲ့အချိန်မှာ ဟော့ကျင်းမိုပေါ်လာတယ်..”
ဤအရိုးစာအုပ်ကို ဖတ်ပြီးသွားသည့်အချိန်တွင် ရှီဟောင် အလွန်တုန်လှုပ်သွားခဲ့ရသည်။
ယခင်က ရွှေမီးတောက်လူမျိုးစုမှာ အကောင်းဆုံးကလန် ၁၀ ခုထဲမှ တစ်ခုဖြစ်ပြီး ဧကရာဇ်ကလန်ဟုလည်း သိကြသည်။ ထိုခေတ်အခါတုန်းက ထိန်းချုပ်ခဲ့သည့် ဧကရာဇ် ငါးယောက်ရှိခဲ့ပြီး ထိုဧကရာဇ်များ အသက်ကုန်ဆုံးတော့မည့်အချိန်တွင် ဟော့ကျင်းမို၏ ပြိုင်ဘက်ကင်းသည့်ဒဏ္ဍာရီကို ပို၍မြင့်အောင်လုပ်ချင်ခဲ့သော်လည်း သူတို့ရှုံးနိမ့်ခဲ့ကြသည်။
“ဧကရာဇ်ငါးယောက်က သူငယ်ချင်းဟောင်းကို ဖိတ်ခေါ်ခဲ့တယ်။ တာအိုကို မီးတောက်အဖြစ်သိပ်သည်းစေလိုက်ပြီးတော့ ဟော့ကျင်းမိုအတွက် ဝိဉာဉ်ကျောက်ပြားတစ်ချက်ကို လုပ်ပေးခဲ့တယ် .. ဒါပေမဲ့ တာအိုမျိုးစေ့က ရှုံးနိမ့်သွားပြီးတော့ ဧကရာဇ်ငါးယောက်လည်း ပျောက်ကွယ်သွားတယ် .. အချိန်တွေကြာလာတာနဲ့အမျှ ရွှေမီးတောက်အဖိုးတန်ပန်းအိုးတံဆိပ်လည်း ပျောက်ကွယ်သွားတော့တယ်”
ရှီဟောင် သက်ပြင်းချလိုက်၏။ ဤသည်မှာ သနားစရာကောင်းလွန်းလှသည်။
ရှီဟောင် ဘေးနားပတ်လည်သို့ လျင်မြန်စွာ ကြည့်လိုက်သည့်အချိန်တွင် အခြားအရိုးစာအုပ်များလည်း အတူတူပင် ဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုစာအုပ်များအားလုံးမှာ ရှေးဘိုးဘေးများ၏ လမ်းကြောင်းများကို မှတ်တမ်းတင်ထားခြင်းပင်။ ထိုစာအုပ်များအားလုံးမှာ အဖိုးတန်သည့်အတွေ့အကြုံများဖြစ်ပြီး ရှားပါးစာအုပ်ဟုပင် ပြော၍ရသည်။
ဤအရိုးစာအုပ်များကို ရရှိနိုင်ရန် ခက်ခဲလှသည်။ ဤစာအုပ်များသာ အခြားသူလက်ထဲရောက်သွားပါက ဤသည်မှာ သမိုင်းဝင်လျှို့ဝှက်စာများသာဖြစ်လိမ့်မည်။ သို့သော် သူ့အတွက်မူ ဤသည်မှာ ကောင်းကင်အဖိုးတန်စာအုပ်များပင်။
“ဒါတွေက..” ရှီဟောင်သည် ချီသော်လင်းအား ခေါင်းမော့ကြည့်လိုက်သည်။ လူတစ်ယောက်တည်းမှ ဤကဲ့သို့သော စာအုပ်များစွာကို ပိုင်ဆိုင်ထားရန်မှာ ခက်ခဲလွန်းလှသည်။
“အားလုံးက ငါ ခိုးထားတာတွေ” ချီသော်လင်းမှာ အလွန်ပင် တည်ငြိမ်နေလေ၏။ အနည်းငယ်ပင်ဂုဏ်ယူနေသလိုပင်။
ရှီဟောင် ဆွံ့အသွားရသလို သူ အနည်းငယ်ပင် လေးစားသွားရသည်။ ဤလူကို ဂိုဏ်းများစွာမှ ပေါင်းတိုက်သည်မှာ မထူးဆန်းတော့ပေ။ ဤအရိုးစာအုပ်များပင်လျှင် တောင်လိုပုံနေလေပြီ။ အခြားအဖိုးတန်ပညာများဆိုလျှင် ပြောစရာမလိုတော့ပေ။
ရှီဟောင်သည် သူ့အား ရွံရှာသွားခြင်းမရှိပဲ လေးစားခြင်းသာရှိသည်။ အပြင်ဘက်လောကမှလူများအမြင်တွင် သူတို့သည် ဆရာတူတပည့်ဖြစ်နေနိုင်သည်။
“ဒီလောကကြီးမှာ ဂျီးနီးယပ်စ်က မင်းတစ်ယောက်တည်းမဟုတ်ဘူး .. လူအများကြီးက မတူတဲ့လမ်းကို လျှောက်ချင်ခဲ့ကြတယ် .. ဒီလူအိုကြီးက သူတို့ထဲက တစ်ယောက်ပဲ” ချီသော်လင်း ပြောလိုက်သည်။
သူလည်း ရှုံးနိမ့်သွားသည်မှာ သေချာသည်။ ကံကောင်းသွားသည်မှာ သူသည် ထိုအဆင့်လွန်လူငယ်လေးများကဲ့သို့ မသေဆုံးသွားပဲ အသက်ရှင်နိုင်ခဲ့သည်။
ထိုလမ်းကြောင်းတွင် သူ မည်မျှလျှောက်လှမ်းခဲ့ကြောင်း ပြောပြနေလေသည်။ ရလဒ်ကို ရှင်းရှင်းလင်းလင်းသိလိုက်ရသည့်အချိန်တွင် သူသည် အသက်စွန့်မနေတော့ပဲ အရှုံးပေးလိုက်လေသည်။
“ထူးချွန်တဲ့သူ .. ဒီစကားလုံးမှာ အဓိပ္ပာယ်အများကြီးရှိတယ် .. သေမှာမှန်းသိရဲ့နဲ့ရှေ့ဆက်တိုးတာကို နုံအတယ်လို့ခေါ်တယ်” ချီသော်လင်း ပြောလိုက်၏။ သူ နောက်ပြန်ဆုတ်လိုက်သည့်အတွက် အရှက်ရသည်ဟု မခံစားရပဲ ဂုဏ်ယူစရာဖြစ်သည်ဟု သူ ခံစားနေရသည်။
ချီသော်လင်းသည် ကောင်းမွန်သည့်ရည်ရွယ်ချက်ဖြင့် ပြောသည်ကို သူ သိသည်။
မည်သို့ပင်ဖြစ်စေ ဤလမ်းမှာ ခက်ခဲလှပြီး မည်သူမျှ မအောင်မြင်ခဲ့သေးပေ။ ဤသည်မှာ ကောင်းကင်ပါရမီရှိသူများ အဆုံးသတ်သွားသည့်လမ်းကြောင်းပင်။
“ကျွန်တော်သိပါတယ်” ရှီဟောင်ခေါင်းညိမ့်လိုက်၏။ နောက်ဆုံးတွင် သူသည် ထိုစာအုပ်များထဲသို့ စိတ်နှစ်လိုက်ပြီး လမ်းကြောင်းများနှင့် ပညာများကို နားလည်အောင်လုပ်လိုက်သည်။
ဤသည်မှာ အောင်မြင်မှုအတွက် မြေဆီများပင်။ ရှေးလူများ၏ ဗဟုသုတကိုယူမှသာ သူ အောင်မြင်နိုင်ချေရှိလိမ့်မည်။
အပြင်ဘက်ကမ္ဘာမှာ ဆူညံလှုပ်ရှားနေလေ၏။ အထူးသဖြင့် မီးစီရင်စု၏ နတ်မိုင်းတွင်းနယ်မြေပင်။ သို့သော် ဤသည်မှာ ရှီဟောင်နှင့် မသက်ဆိုင်ပဲ သူသည် သူ၏တာအိုလမ်းကြောင်းရှာခြင်းတွင်သာ အာရုံစိုက်ထားလေသည်။
သူသည် သိုင်းပညာကို စွဲလမ်းနေသည့်သူကဲ့သို့ပင် အချိန်တိုင်း ချီသော်လင်းကို မေးခွန်းထုတ်နေလေ၏။ သူသည် မစားမသောက် မအိပ်ပဲ လေ့လာခြင်းတွင်သာ စိတ်နှစ်ထားလေ၏။
ချီသော်လင်းသည် အခြားတပည့်တစ်ယောက်ကို ရှာတော့မည်ဟုပြောသော်လည်း သူသည် လမ်းညွှန်မှုပေးနေဆဲပင်။
နောက်ဆုံးတွင် ရှီဟောင်သည် သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီး အရာအားလုံးကို တိတ်တဆိတ်သာ လေ့လာနေလေ၏။
“တကယ့်ကို သေလမ်းပဲ..” သူ နူးညံ့စွာ ပြောလိုက်သည်။ သူ ချီသော်လင်းနှင့်ဆွေးနွေးသော်လည်း နတ်ပစ္စည်းများ၊ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်နှင့်ပင်လျှင် သူ၏ရှုံးနိမ့်နိုင်ခြေမှာ များနေဆဲပင်။
“ငါ ဘာကိုမှစိုးရိမ်မနေတော့ပဲနဲ့ အရင်ဆုံးလျှောက်ကြည့်တာပေါ့” ရှီဟောင်၏မျက်လုံးများမှာ ပြတ်သားနေလေ၏။
မြေပြင်ပေါ်တွင်ရှိနေသည့် ထို’ကောင်းကင်ပစ္စည်း’ မှာ တည်ငြိမ်နေလေပြီ။ ထိုပစ္စည်းကို စွမ်းအင်အရင်းအမြစ်မှ လွှမ်းခြုံထားပြီး ကောင်းကင်နှင့်မြေကြီးမှ ထောက်ပံ့ပေးထားပြီး သဘာဝဥပဒေသမျိုးစုံကို စုတ်ယူနေလေ၏။
ချီသော်လင်းနှင့် ဆွေးနွေးပြီးသည့်နောက်တွင် ထိုထာဝရရွှေကို ထောက်ပံ့ပေးနေသည့် ကောင်းကင်နှင့်မြေကြီးမှာ တာအိုမျိုးစုံကို ချိတ်ဆက်ထားသည်ဟု သူ ခံစားနေရသည်။ ထိုပစ္စည်းနှင့်ချိတ်ဆက်ရန် အကောင်းဆုံးနေရာမှာ မျက်ခုံးနှစ်ခုကြားပင်။
ရှီဟောင်၏မူလဝိဉာဉ်သည် ကောင်းကင်နှင့်မြေကြီးကို မီးဖိုအဖြစ်သုံးပြီး သဘာဝတာအိုဥပဒေသများကို အသုံးပြုနိုင်မည့်နေ့အတွက် ပြင်ဆင်နေလေ၏။
စီရင်စုသုံးထောင်၏ဂျီးနီးယပ်စ်ပြိုင်ပွဲစတင်သည်နှင့် သူသည် ထာဝရရွှေနေရာအစားဝင်ပြီး ‘ဥ’ ထဲတွင် ပုန်းခိုနေပြီး သူ့ကိုယ်သူ တောက်လောင်အောင် လုပ်မည်။
“အမ်..” ချီသော်လင်း၏ကာကွယ်မှုအောက်မှာပင် ရှီဟောင်သည် ထိုနတ်ပစ္စည်းပတ်လည်တွင်ရှိနေသည့် စွမ်းအင်အရင်းအမြစ်ကို လမ်းကြောင်းပြောင်းလိုက်လေ၏။ စွမ်းအင်ရင်းမြစ်၏အလေးချိန်မှာ အချိန်နှင့်အမျှ ပြောင်းလဲနေသောကြောင့် ထိုပြောင်းလဲမှုမှာ ရှီဟောင်၏နဖူးကို ကွဲထွက်မတတ်ဖြစ်စေသည်။
ကံကောင်းစွာဖြင့်ပင် ချီသော်လင်းသည် အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလွန်းလှပြီး ကြမ်းတမ်းလှသည့် ကောင်းကင်ဘုံကိုးခုပညာကို လက်ဆင့်ကမ်းပေးခဲ့သည်။ ခွန်ပန်ပညာ၊၊ လျှပ်စီးဧကရာဇ်၏ပညာနှင့် အခြားပညာများထွက်ပေါ်လာပြီး ထိုပစ္စည်းကို ဝန်းရံလိုက်ကာ တည်ငြိမ်အောင်လုပ်လိုက်သည်။
“ဒါက ကောင်းကင်ဘုံကိုးခုရဲ့ပညာပဲ .. အဖိုးတန်ပညာတွေကို ထောက်ပံ့ပေးနိုင်တဲ့ပညာ .. ငါအရင်က မင်းကိုမသင်ပေးခဲ့တာက မင်း ဒဏ်ရာရသွားမှာစိုးလို့ .. ဘာလို့လဲဆိုတော့ ဒီကျင့်ကြံဆင့်မှာ မင်း ဒါကို သုံးလို့ရဦးမှာ မဟုတ်ဘူး”
ချီသော်လင်းသည် သူ၏အကြောင်းပြချက်ကို လေးနက်စွာပင် ပြောလိုက်သည်။ သူသာ ဤပညာကိုသင်ယူချင်လျှင် သူ၏ကျင့်ကြံဆင့်မှာ အလွန်မြင့်နေမှ ရလိမ့်မည်။ အသွေးအသား၊ အရိုးစာသား၊ ဝိဉာဉ်နှင့် အခြားအရာများမှာ အတိုင်းအတာတစ်ခုအထိ ဟန်ချက်ညီနေရမည်သာ။
ရှီဟောင်မှာ ချွင်းချက်ပင်။ သူ၏သွေးသားနှင့် အခြားအရာများမှာ အတော်လေးပင် စွမ်းအားကြီးသောကြောင့် ‘ပုံကြမ်း’ကိုပြသနိုင်လေသည်။
ပြောရမည်ဆိုလျှင် ဤပညာကို သုံးလိုက်သည်နှင့် အဆင့်လွန်ကျွမ်းကျင်သူနှင့် နတ်မီးတောက်ကျင့်ကြံသူများ၏ခန္ဓာကိုယ်များ ပျက်စီးသွားလိမ့်မည်။ သူတို့သည် အလွန်ပင် စွမ်းအားကြီးသည့် ခန္ဓာကိုယ်တစ်ခုကို လိုအပ်သည်။ ဤသည်မှာ အခြေခံအကျဆုံးလိုအပ်ချက်တစ်ခုပင်။
ဤနတ်ပစ္စည်းကို ဖိနှိပ်ရမည်ဖြစ်သောကြောင့်သာမဟုတ်လျှင် ချီသော်လင်း ဤပညာကို လက်ဆင့်ကမ်းပေးဦးမည် မဟုတ်ပေ။
သူ၏ဦးခေါင်းခွံထဲတွင် အရိုးသင်္ကေတများ တောက်ပနေသည်ကို ရှီဟောင်ခံစားနေရသည်။ သူသည် ကြီးမားလှသည့်ဖိအားတစ်ခုကိုလည်း ခံစားနေရသည်။
“ဒါလည်းကောင်းတာပါပဲ .. ကောင်းကင်ပညာကို လှောင်အိမ်အဖြစ်သုံးပြီးသုံးတော့ ထာဝရရွှေကို ဖမ်းထားမယ် … ဒါက မင်းရဲ့အဖိုးတန်ပညာနဲ့တစ်ခြားဟာတွေကို ထက်မြက်စေတယ်” ချီသော်လင်း ပြုံး၍ ပြောလိုက်သည်။
ရှီဟောင် အလေးအနက်လေ့လာလိုက်သည့်အချိန်တွင် ထင်ထားသည့်အတိုင်းပင် ဤသည်မှာ အကျိုးရှိလေ၏။ သူ ခံစားနေရသည့်ဖိအားများမှာ သူ့ကို ကောင်းကင်ဘုံကိုးထပ်ပညာအား အသက်သွင်းအောင် ပြုလုပ်ပေးနေလေသည်။ ဤသည်မှာလည်း ကျင့်ကြံခြင်းတစ်မျိုးပင်။
ထို့အပြင် ရှီဟောင်သည် ထိုအခွံကို လေ့လာပြီး သဘာဝဥပဒေသများကို အရယူနေလေ၏။ ဤသည်မှာ သူ၏မူလဝိဉာဉ်အတွက် အလွန်ပင် အကျိုးရှိလေ၏။ သူသည် ထာဝရရွှေနေရာတွင် အစားမဝင်သေးသော်လည်း ထိုအခွံကို လေ့လာနေသည်။
အပြင်ဘက်ကမ္ဘာမှာ မတည်ငြိမ်ပေ။ ဂိုဏ်းများစွာမှ တပည့်များမှာ ပြိုင်ပွဲကို စောင့်ကြိုနေကြလေသည်။ ရုံယုနှင့် ယွမ်ရှီးလည်း အဆင့်လွန်တာအိုရိုးရာကို ရောက်လာလိမ့်မည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။
ထို့အပြင် မီးစီရင်စုလည်း အုတ်အော်သောင်းတင်းဖြစ်နေလေ၏။ အာကာသကလန်၏ နတ်မိုင်းတွင်းမှာ ကပ်ဘေးဒုက္ခခံစားနေရလေသည်။
ဝုန်း…
တောင်ဂိတ်တံခါးအစုတ်အပြတ်လေးအတွင်းတွင် ရှီဟောင်၏ဦးခေါင်းခွံမှ ကြောက်စရာကောင်းသည့်မီးတောက်များ ထွက်ပေါ်လာလေ၏။ သူ၏နတ်အာရုံများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ဤသည်မှာ ချီသော်လင်းကိုပင် မျက်လုံးများ ပြူးကျယ်သွားစေသည်။
“ဒီကောင်စုတ်လေး .. အတိဒုက္ခဖြတ်ကျော်ခြင်းနတ်ကြာပန်းရှိတဲ့ကန်ကို သွားဖို့ အမြဲတမ်းပူဆာနေတာ .. ကြည့်ရတာ သူ ဆေးတစ်မျိုးမျိုးကို စားပြီးတော့ သူ့ရဲ့နတ်အာရုံအဆင့်မြင့်အောင် လုပ်ထားတာထင်တယ် .. အခု ဆေးအစွမ်းတွေ ပြလာပြီ”
ချီသော်လင်းသည် မည်ကဲ့သို့သော သူဖြစ်သနည်း .. တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဘာဖြစ်နေသည်ကို သူ အကြမ်းဖျင်းသိသွားလေပြီ။။ သူသည် ချက်ချင်းပင် ထိတ်လန့်သည့်အမူအရာဖြစ်သွားကာ “ရွှေရောင်ဗောတိသီးလား .. အဲဒီလိုမျိုးအော်ရာရှိနေတယ် .. သူ .. အောင်မြင်နိုင်တယ်”
သူ အနည်းငယ် ထိတ်လန့်နေဆဲပင်။ ဤကျင့်ကြံနယ်ပယ်ကို ကြိုးစားဖူးသည့်သူများစွာရှိခဲ့သော်လည်း အားလုံးမှာ ပေါက်ကွဲသွားခဲ့သည်သာ။
သို့သော် အောင်မြင်ခဲ့သည့်သူ အနည်းငယ်ကို ချီသော်လင်း သိသည်။ မဟုတ်ပါက ဤကဲ့သို့သော ရှေးဟောင်းပညာမျိုး ကျန်ခဲ့မည် မဟုတ်ပေ။ ဤသည်မှာ အရိုးစာအုပ်များထဲတွင် မရေးထားရုံသာ။
ရှီဟောင်သည် ကျောက်တောင်ကြီးကဲ့သို့ပင် ထိုနေရာတွင် မလှုပ်မယှက်ထိုင်နေလေ၏။ သူ၏ဦးခေါင်းခွံမှာ တောက်ပနေဆဲဖြစ်ပြီး သူ၏ဆံပင်များပင်လျှင် ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေလေ၏။
ရွှေရောင်ဗောတိသီးမှာ သူ၏နတ်အာရုံများနှင့် မူလဝိဉာဉ်ကို အားကောင်းစေမှန်း သူ သိသော်လည်း အောင်မြင်ပြီးသည့်နောက်တွင် သူ တစ်ခါမှမသုံးရသေးပေ။
သူ၏မူလဝိဉာဉ်မှာ စွမ်းအားကြီးလာပြီး ဆေးစွမ်းပြနေလေပြီ။ သူ၏စိတ်ခွန်အားမှာ လျင်မြန်စွာပင် ကြီးထွားနေလေသည်။
သူ၏ဦးခေါင်းခွံထဲတွင် နတ်အာရုံများ ပြောင်းလဲနေသည်ကို တွေ့နိုင်သည်။ နောက်ဆုံးပြောင်းလဲမှုမှာ မြင့်မြတ်သည့်အလင်းတန်းများ ထုတ်လွှတ်နေသည့် ပုံရိပ်လေးပင်။ ဤသည်မှာ အလွန်ပင် စွမ်းအားကြီးလှသည်။
“အရင်ကထက် နည်းနည်းလေးပိုပြီးတော့ စွမ်းအားကြီးလာတာပဲ” သူ၏မူလဝိဉာဉ်ပြောင်းလဲခြင်းကို သူ သေချာခံစားမိနေသည်။ ဤသည်မှာ လူသားပုံစံသို့ ပြောင်းလဲသွားလေပြီ။
သူ၏အသွေးအသားလည်း တောက်ပလာပြီး အရိုးစာသားများမှာ တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာကာ သူ့အား ဝန်းရံသွားလေသည်။ သူ၏မွှေးညှင်းပေါက်မှ ကြောက်စရာကောင်းသည့်သွေးစွမ်းအင်များ ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားလေသည်။ ခပ်ဝေးဝေးမှကြည့်လျှင် ဤသည်မှာ ကြောက်စရာကောင်းသည့်သွေးမြူကြီး ကောင်းကင်ကြီးကို ဖုံးလွှမ်းနေသကဲ့သို့ပင်။
နောက်ဆုံးတွင် ဝုန်းဟူသည့်အသံထွက်ပေါ်လာပြီး သွေးစွမ်းအင်များ သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာလေသည်။
သူ အဆင့်တက်နိုင်သွားပြီ…
ရှီဟောင်၏မျက်ဝန်းများ တောက်ပလာပြီး ကျန်းပေါင်းရာကျော်ရှည်လျားသည့်ဓားသွားများ ထုတ်လွှတ်နေသကဲ့သို့ပင်။ သူသည် အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်နေလေပြီ။
သူ၏မူလဝိဉာဉ်စွမ်းအားကြောင့် သူ၏ကျင့်ကြံဆင့်ပင်လျှင် တက်သွားလေပြီ။
ရှီဟောင်သည် မတ်တပ်ရပ်လိုက်ပြီး တောင်ဂိတ်တံခါးဘက်သို့ ကြည့်လိုက်သည်။