သုခကမ္ဘာက ရှီဟောင် - Chapter - 957 အာကာသလူမျိုးစုကို ရှင်းလင်းခြင်း
ရှီဟောင်သည် အဆင့်တက်သွားပြီး ယခင်ကထက်ပင် ပို၍ စွမ်းအားကြီးသွားလေပြီ။ သူ၏မျက်လုံးမှ ထွက်လာသည့်အလင်းတန်းများမှာ ချွန်ထက်သည့်ဓားများကဲ့သို့ပင်။ ထိုအလင်းတန်းများ တောင်ထိပ်ကိုဖြတ်သွားသည်နှင့် တချွင်ချွင်အသံများ ထွက်ပေါ်လာပြီး ကျောက်နံရံကို ဖြတ်ပစ်လေသည်။
ဝုန်း..
ကြီးမားလှသည့် ကျောက်တုံးကြီးများ လိမ့်ကျလာပြီး လေထဲတွင် မီးခိုးများနှင့် ဖုန်မှုန့်များ ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး ပုံစံပြောင်းသွားလေသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်မှ နဂါးအစစ်အော်သံကဲ့သို့သော အော်သံတစ်ခု ထွက်ပေါ်လာလေ၏။
ဤသည်မှာ သူ့ပါးစပ်မှ ထွက်လာခြင်းမဟုတ်ပဲ သူ၏အသွေးအသားမှ တုံ့ပြန်လာခြင်းပင်။ သူ၏အသွေးအသားများမှ ပဲ့တင်သံများထွက်ပေါ်လာပြီး အရိုးများလည်း လှုပ်ရှားသွားကာ နဂါးအော်သံထွက်ပေါ်လာခြင်းပင်။
ထိုအချိန်တွင် သူ၏ဦးခေါင်းခွံမှ အနီရောင်အလင်းများ ထွက်ပေါ်လာပြီး မီးခိုးကဲ့သို့ပင် ကောင်းကင်ထက်သို့ တက်သွားလေသည်။ ထိုမီးခိုးများမှာ နဂါးအစစ်ဖြစ်သွားပြီး တိမ်များကြား ပျံ့နှံ့သွားကာ လောကကြီးကိုအုပ်မိုးကြည့်နေလေသည်။
“ဒါက…” ချီသော်လင်းပင်လျှင် ကြောက်ရွံ့သွားကာ ရှီဟောင်ကို ကြည့်နေသည့် သူ၏ အကြည့်များလည်း လေးနက်လာလေသည်။
ထိုအချိန်တွင် ရှီဟောင်၏ဆံပင်နက်များ လွင့်မြောနေပြီး သူ၏ခန္ဓာကိုယ်မှာ တစ်လက်မချင်းတောက်ပလာလေ၏။ သူ၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းလှသည့်လှိုင်းများ ထွက်ပေါ်လာလေ၏။ သွေးစွမ်းအင်မှ ဖြစ်ပေါ်လာသည့် နဂါးအစစ်သည် လေထဲသို့ တက်သွားပြီး အဆုံးမရှိသည့် နဂါးအော်သံများကိုပြုလုပ်နေလေသည်။
ထိုအချိန်တွင် ကောင်းကင်ကြီး လွှဲရမ်းသွားပြီး မြေကြီးမှာ တုန်ခါလာလေသည်။
တောင်ဂိတ်တံခါးအစုတ်အပြတ်နားလေးတွင်ရှိနေသည့် နေရာများမှာ တုန်ခါလာလေ၏။
“အဆင့်လွန်ကျွမ်းကျင်နယ်ပယ်နဲ့ ကောင်းကင်ပေါ်ကို သွေးစွမ်းအင်တွေ တက်အောင်လုပ်နိုင်တာကတင် လန့်စရာကောင်းနေပြီ .. ဒါပေမဲ့ အခုက နဂါးအစစ်တောင် လုပ်နိုင်သေးတယ် .. နဂါးကြီးက အရပ် ၈ မျက်နှာလုံးကို လွှမ်းမိုးနိုင်သေးတယ် .. ရှေးခေတ်ကတည်းက ဘယ်သူကများ ဒီလိုမျိုးလုပ်နိုင်လို့လဲ”
ဤသည်မှာ ချီသော်လင်း လန့်သွားရသည့်အကြောင်းရင်းပင်။ ရှီဟောင် ဤအဆင့်သို့ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့နောက်တွင် သွေးရောင်နဂါးကြီးသည် အောက်သို့ဆင်းလာပြီး ရှီဟောင် အနားသို့ရစ်ပတ်လာလေ၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ၏ခန္ဓာကိုယ်မျက်နှာပြင်ကို ပို၍တောက်ပအောင် လုပ်ပေးနေလေသည်။
“အကောင်းဆုံးပဲ” ချီသော်လင်း ခေါင်းညိမ့်လိုက်သည်။ သူ့ထံမှ ဤကဲ့သို့ ချီးကျူးမှုရခြင်းမှာ ရှားပါးသည့်ကိစ္စပင်။ ဤနာမည်ဆိုးဖြင့် ကျော်ကြားသည့်သူမှာ အခြားသူများကို အလွယ်တကူ မချီးကျူးတတ်သည်ကို သူ့အကြောင်းသိသောသူများ သိကြသည်။
” ဆရာ .. ကျွန်တော် အပြင်ဘက်ကမ္ဘာကို ခဏလောက်သွားကြည့်ချင်တယ်” ရှီဟောင်ပြောလိုက်သည်။
“အဲဒါဆိုလည်း သွား .. မင်း ဘာကိုမှစိုးရိမ်နေစရာမလိုဘူး” ချီသော်လင်း နွေးထွေးစွာ ပြုံးပြီး ပြောလိုက်သည်။
အပြင်ဘက်လောကမှာ အုတ်အော်သောင်းတင်းဖြစ်နေလေ၏။
မီးစီရင်စု၏ သတ္တုတွင်းအတွင်းတွင် ကောင်းကင်နှင့်မြေကြီးမှ အာဟာရပေးနေသည့် ထူးဆန်းသည့်ကျောက်တုံးရှိကြောင်း သတိပေးချက်ရသည်နှင့် ရောက်လာကြခြင်းပင်။
စွမ်းအင်အရင်းအမြစ်များ စီးဆင်းနေပြီးထာဝရအစေ့ကို ထောက်ပံ့ပေးထားသောကြောင့် ဤကဲ့သို့သော အဆင့်လွန်ရတနာမှာ ရှားပါးလွန်းလှသည်။ သီးသန့်ကျင့်ကြံရာမှ ထွက်လာသည့်ကောင်းကင်နတ်ဘုရားများရှိကြပြီး ဤသည်မှာလည်းတစ်ယောက်တည်းမဟုတ်ပေ။ သူတို့သည် မီးစီရင်စုသို့ လျင်မြန်စွာပင် အပြေးလေး ရောက်လာကြသည်။
ကံမကောင်းစွာဖြင့်ပင် သူတို့နောက်ကျသွားလေပြီ။ နတ်ပစ္စည်းကို ဆုံးရှုံးလိုက်ရမှန်း သိလိုက်ရသည့်အချိန်တွင် သူတို့သည် ချက်ချင်းပင် ရူးမတတ်ဖြစ်သွားကြသည်။
ရုံယုနှင့် ယွမ်ရှီးကို နတ်ဘုရားမကျောင်းတွင် ထားခဲ့ပြီးသည့်နောက်တွင် သူတို့သည် မီးစီရင်စု၏ မြက်ခင်းပြင်ဘက်သို့ သွားကာ မြေလှန်ရှာကြလေသည်။
ဤဆုံးရှုံးမှုမှာ တန်ဖိုးသတ်မှတ်၍မရနိုင်လောက်အောင်ပင်။ ထိုကဲ့သို့သော “ထာဝရအစေ့’ တွင် အခွင့်အရေးကောင်းများစွာ ပါရှိသည်။ ဤသည်မှာ ကလန်အတွက် အလွန်အရေးကြီးသည်။
“အာကာသကလန်က မီးစီရင်စုကို ကောင်းကင်နတ်ဘုရားနှစ်ယောက်တောင် လွတ်လိုက်တာ … သူတို့ဒီလိုမျိုး ထွက်လာရအောင် ဘာနတ်ပစ္စည်းတွေများ ပေါ်လာလို့လဲ”
နတ်ဘုရားမကျောင်းနှင့် ကပ်နေသည့် ဖုဖုန်းမြို့မှ လူများမှာ ဤအကြောင်းအရာကို ဆွေးနွေးနေကြလေသည်။
ရှီဟောင်သည် ဤမြို့သို့ရောက်လာပြီး တိတ်တဆိတ်ပင် နားထောင်နေသည်။ ဤနှစ်ရက်အတွင်း ဖြစ်ပျက်သွားသည့် ဆူပူလှုပ်ရှားမှုကို သူနားထောင်နေလေသည်။
ကြီးမားသည့်ဆူပူမှုကြီးတစ်ခု တကယ်ဖြစ်ခဲ့သည်သာ။ ကောင်းကင်နတ်ဘုရားနှစ်ယောက်သည် စိတ်လွတ်သွားကာ မြက်ခင်းပြင်တစ်လျှောက် အော်ဟစ်နေပြီး ဘေးဘက်တွင်ရှိနေသည့် ဂိုဏ်းများစွာကို ထိတ်လန့်သွားစေသည်။ သူတို့သည် အဖိုးတန်သည့်ပစ္စည်းတစ်ခုခု ပျောက်သွားခြင်းဖြစ်လိမ့်မည်ဟု အားလုံးခန့်မှန်းနေကြလေသည်။
“သူတို့ ထာဝရရွှေကို တူးဖော်ရပြီးတော့ တစ်ခြားသူက အဲဒီရွှေကို ခိုးသွားလို့လား”
တစ်စုံတစ်ယောက်မှ ဤကဲ့သို့ ကောက်ချက်ချလိုက်သည်နှင့် အားလုံးမှာ ချက်ချင်းပင် ထိတ်လန့်သွားရသည်။ ထို့နောက်တွင် သူတို့နှလုံးသွေးများပင် ကြွတက်လာလေသည်။ ထိုကဲ့သို့သော ရွှေမျိုးပေါ်လာသည်နှင့် ဆူပူမှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်များကြားတွင် တိုက်ပွဲများ ဖြစ်လာနိုင်သည်။
ရှေးဟောင်းထာဝရခေတ်တွင်ပင်လျှင် အလွန်ပင်ရှားပါးလွန်းသည့် အဖိုးတန်ပစ္စည်းများရှိသည်။ ထာဝရတစ်ယောက်ဖြစ်လာချင်လျှင် ထာဝရပစ္စည်းများဖြင့် ပြုလုပ်ထားသည့် သင့်တော်သည့်လက်နက်ရှိရမည်သာ။
ယခုခေတ်တွင်ဆိုလျှင် ပြောစရာပင်မလိုပေ။ ထို ‘ကောင်းကင်ပစ္စည်း’ များမှာ ရှားပါးနေပြီဖြစ်ပြီး တစ်ခုတစ်လေတွေ့ဖို့ရန်ပင် မဖြစ်နိုင်တော့ပေ။
ဖုဖုန်းမြို့မှာ ဆူပူနေလေ၏။ လူများမှာ ထိုရတနာကို တွေ့ချင်နေကြလေသည်။
“အဲဒီအဖိုးတန်ပစ္စည်းကို ဘယ်သူခိုးသွားတာလဲဆိုတာ အာကာသကလန်က မပြောသေးဘူးလား” ရှီဟောင်သည် မြို့ထဲမှလူများကို မေးလိုက်သည်။
လူအိုကြီးတစ်ယောက်သည် ခေါင်းခါလိုက်ကာ “လူသားတစ်ယောက်ကာ သူတို့ရဲ့ကောင်းကင်ရတနာကို ခိုးသွားတာတဲ့ .. အဲဒီလူ သူတို့ပစ္စည်းကို ပြန်မပေးရင် သူ့ကို နောင်တရအောင်လုပ်ပြီး သေဖို့တောင်းဆိုရလောက်တဲ့အထိ လုပ်ပစ်မှာတဲ့”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် နှာခေါင်းရှုံ့မိသွားသည်။
သူ အာကာသကလန်မှ ထွက်လာကတည်းက သူသည် ဟွမ်အကြောင်း သတင်း မကြားရသေးပေ။ သူတို့သည် သူ၏မူလပုံစံအမှန်ကို မဖော်ထုတ်သောကြောင့် သူတို့သည် သူ့အား အကောက်ကြံရန် ကြံစည်နေသေးကြောင်း သိသာသည်။
အာကာသကလန်မှ သူမည်သူဖြစ်သည်ကို မထုတ်ဖော်ခြင်းမှာ သူ့ထံတွင် လျှပ်စီးဧကရာဇ်၏ပညာများရှိရုံသာမက အဆင့်နိမ့်နယ်မြေမှ ခွန်ပန်ပညာလည်းရှိသည်ကို အခြားသူများ သိသွားမည်စိုးသောကြောင့်ပင်။ အာကာသကလန်မှာ အားလုံးကို လိုချင်နေပြီး အဆင့်မြင့်နယ်မြေမှ အခြားသူများမသိခင် ရှီဟောင်ကို ဖမ်းလိုခြင်းပင်။
“သတင်းကောင်း .. ရတနာသူခိုး ဘယ်မှာရှိနေသလဲဆိုတာ သိသွားပြီတဲ့”
ရုတ်တရက်ပင် ဖုဖုန်းမြို့ထဲ၌ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလေ၏။ တစ်စုံတစ်ယောက်မှာ နောက်ဆုံးရသတင်း ယူလာလေပြီ။
“ကောင်းကင်နတ်ဘုရားနှစ်ယောက် ဒေါသထွက်လာကြပြီးတော့ သူတို့လျှို့ဝှက်နည်းလမ်းကို သုံးလိုက်ကြတာ .. သူတို့တွေ့တဲ့သဲလွန်စနောက်ကို ခွဲလိုက်ပြီးတော့ မျိုးဆက်နည်းနည်းလောက်ကို ပစ်မှတ်ထားလိုက်တာ … သူတို့ ကြီးကြီးမားမားလှုပ်ရှားတော့မယ်ထင်တယ်”
ရှီဟောင် ထိတ်လန့်သွားရသည်။ အာကာသလန်က နုံအနေတာလား .. ဒါမှမဟုတ် ရူးသွားတာလား .. သူမည်သူဖြစ်သည်ကို ဖော်ထုတ်ပြသခဲ့ပြီးဖြစ်သော်လည်း သူတို့က ဘာကြောင့် အခြားသူများအပေါ် ဒေါသပုံချနေသနည်း…
“သူတို့က ဘယ်မျိုးဆက်တွေကိုသံသယဝင်ပြီးတော့ ဖိနှိပ်နေတာလဲ” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
“ကောင်းကင်နတ်ဘုရားနှစ်ယောက်က ဒေါင်းကလန်ရဲ့နတ်မိုင်းတွင်းကို အရင်သွားခဲ့တာတဲ့ .. သူတို့အစက အားသုံးပြီးတော့ဝင်ခဲ့ပေမယ့် သူတို့မဝင်နိုင်ခဲ့ဘူး .. နောက်တော့ သူတို့ တစ်ခြားအားနည်းတဲ့ မျိုးနွယ်စုတွေဆီကို သွားခဲ့ကြတာ”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်ချက်ချင်းပင် ထိတ်လန့်သွားရသည်။ အာကာသကလန်သည် ဒေါင်းကလန်အား ဒုက္ခပေးရန် ကြိုးစားနေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံမြို့တွင် ဒေါင်းနတ်အရှင်မှ သူ့အားကာကွယ်ပေးခဲ့သောကြောင့်ပင်။
ကံကောင်းစွာဖြင့်ပင် ဒေါင်းကလန်မှာ အစကတည်းကပင် စွမ်းအားကြီးသည့်ကလန်ဖြစ်သောကြောင့် အာကာသကလန်မှာ ဧကရာဇ်ကလန်ဖြစ်ခဲ့လျှင်ပင် သူတို့ ဒေါင်းကလန်အား လွယ်လွယ်နှင့် ရန်စ၍ မရပေ။
ဤကလန်မှာ သူတို့ရန်စ၍ရသည့်ကလန် မဟုတ်မှန်း သိလိုက်သည့်အချိန်တွင် ထိုကောင်းကင်နတ်ဘုရားနှစ်ယောက်မှာ နောက်ဆုတ်သွားလေ၏။
သို့သော် သတင်းများမှာ ရှီဟောင်အား ဒေါသထွက်လာလေ၏။ သူသည် ချက်ချင်းပင် အာကာသလန်၏ ရည်ရွယ်ချက်ကို နားလည်သွားရသည်။
“ဒါက တော်တော်လေးကို ထူးဆန်းတယ် … ဒါပေမဲ့ ကောင်းကင်နတ်ဘုရားနှစ်ယောက်က မီးကလန်နဲ့ တစ်ခြားကလန်တွေကို သံသယဝင်ပြီးတော့ ဖြေရှင်းချက် တောင်းဖို့အတွက် သူတို့ရဲ့ရှေးဟောင်းမိုင်းတွင်းထဲကို ဝင်ခဲ့ကြတာတဲ့”
“အဲဒီလူတွေက ဒုစရိုက်စီရင်စုကမလား .. သူတို့အားလုံးက အဆင့်နိမ့်နယ်မြေက လာတာထင်တယ်”
အဆင့်မြင့်နယ်မြေတွင် မီးကလန်နှင့် အခြားကလန်များရှိသော်လည်း သူတို့အားလုံးမှာ အဆင့်နိမ့်နယ်မြေမှလာခြင်းပင်။ ရှီဟောင် ဘယ်လိုလုပ် မဆက်စပ်မိပဲ နေမည်နည်း .. သူသည် ချက်ချင်းပင် ဟော့လင်းအာနှင့် အခြားသူများကို တွေးမိသွားသည်။
အဆင့်နိမ့်နယ်မြေမှ ထိုဂိုဏ်းများမှာ အဆင့်မြင့်နယ်မြေတွင်လည်း အုတ်မြစ်ရှိနေသည်ဟု ဆိုလိုခြင်းပင်။ ရှီဟောင်သည် ယနေ့မှ သူတို့သတင်းကြားရခြင်းဖြစ်သောကြောင့် တည်ငြိမ်အောင် ပြုလုပ်ရန် ခက်ခဲနေသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်သည် အံကြိတ်လိုက်ပြီး သူ၏စိတ်ထဲတွင် ဒေါသမီးများ တောက်လောင်နေလေပြီ။
ဤအခြေအနေထိပင် ရောက်နေပြီဖြစ်သောကြောင့် အာကာသကလန်မှာ ဤသည်ကို ရည်ရွယ်ချက်ရှိရှိလုပ်နေသည်မှာ သိသာသည်။ ဤသည်မှာ ခြိမ်းခြောက်ခြင်းနှင့် သတိပေးခြင်းပင်။ အာကာသကလန်သည် သူနှင့် မီးကလန်ကို ဆက်စပ်မိသွားပြီး သူခိုးသွားသည့် ‘ထာဝရအစေ့’ကို ပြန်ပေးရန် ဖိအားပေးနေခြင်းပင်။
“မီးစီရင်စုထဲကနေ ရထားတဲ့အတွင်းသတင်းတွေ ရှိသေးတယ် .. အဲဒီကောင်းကင်နတ်ဘုရားနှစ်ပါးက တကယ်အဲဒီနယ်မြေတွေကို အလောတကြီးသွားပြီးတော့ သူတို့ကို ဖိအားပေးကြတယ်တဲ့”
ကောင်းကင်နတ်ဘုရားနှစ်ယောက်သည် ဖြေရှင်းချက်မပေးလျှင် ထိုဂိုဏ်းများရှိ လူများအားလုံးကို ရှင်းလင်းပစ်မည်ဟု ခြိမ်းခြောက်လေသည်။
ထိုသတင်းကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်၏မျက်လုံးများ အေးစက်သွားရသည်။ ထို့နောက်တွင် သူသည် ဖုဖုန်းမြို့မှထွက်ပြီး မြက်ခင်းပြင်ထဲသို့ ဝင်ရောက်သွားလိုက်သည်။
ထို့နောက်တွင် သူသည် အာကာသလန်၏ မိုင်းတွင်းသို့ ရောက်လာပြီး အေးစက်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်လိုက်လေ၏။
“အာကာသကလန် ငါ ပြန်လာပြီ .. မင်းတို့အားလုံးကို သတ်ပစ်ဖို့ ငါ ပြန်လာပြီ”
ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။ သူပထမဆုံးဝင်သွားသည့်နေရာမှာ အလယ်အလတ်ရှိသည့်မိုင်းတွင်းပင်။ ထိုနေရာကို နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူများ စောင့်ကြပ်နေသော်လည်း နတ်ဘုရားအစစ်များ မရှိပေ။
မီးတောက်များဝန်းရံနေသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်တောက်ပလာလေ၏။ ခပ်ဝေးဝေးမှကြည့်လျှင် သူသည် ဤလောကသို့ဆင်းသက်လာသည့် စစ်နတ်ဘုရားကဲ့သို့ပင်။ ကောင်းကင်ထက်သို့ ရွှေရောင်မီးတောက်များ ထွက်ပေါ်နေပြီး ထိုနေရာတွင် အသံများ ဆူညံလာသည်။
“ဘယ်သူလဲ”
ထိုနေရာတွင်ရှိနေသည့် ကျွမ်းကျင်သူများမှာ ချက်ချင်းပင် သတိကြီးကြီးဖြစ်လာပြီး ချက်ချင်းပင် ထိုနေရာသို့တရှိန်ထိုး ပြေးလာလေသည်။
ဤနေရာတွင် နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူ နှစ်ယောက်ရှိနေ၏။ ရှီဟောင်ကို တွေ့လိုက်သည့်အချိန်တွင် သူတို့ချက်ချင်းပင် ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ရှီဟောင်ကို မှတ်မိနေသောကြောင့်ပင်။ သူက ဟွမ် မဟုတ်ဘူးလား .. သူသည် ဘာမှဖုံးကွယ်ထားခြင်းမရှိပဲ သူ၏ပုံစံအမှန်ဖြင့် ပေါ်လာခြင်းပင်။
“မင်းက ပေါ်လာရဲသေးတာလား”
“ဟားဟား .. မင်းက သေချင်နေလို့ ဒီကိုလာတာပဲ”
သူတို့နှစ်ဦးမှာ ပျော်ရွှင်စွာပင် ရယ်မောနေကြလေ၏။ သူတို့ ဟွမ်နှင့်တွေ့နေရလေပြီ .. သူတို့သာ ဟွမ်ကိုဖမ်းနိုင်လျှင် သူတို့အတွက် ဆုလာဘ်ကြီးတစ်ခု စောင့်နေမည်သာ။
သို့သော် မကြာခင်မှာပင် သူတို့စိတ်ထဲတွင် တုန်လှုပ်လာလေသည်။ ဟွမ် ဤနေရာကို လာရဲသည်ဆိုသည်မှာ သူ ယုံကြည်ချက်ရှိနေပြီး သူတို့အား မကြောက်သောကြောင့်ပင်။
ရှီဟောင်၏မျက်လုံးများမှာ ရွှေရောင်မီးအိမ်နှစ်ခုကဲ့သို့ပင်။ ရှီဟောင်သည် သူတို့ထံသို့ တရှိန်ထိုး ပြေးလာလေသည်။
“သတ်..”
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အဖိုးတန်ပစ္စည်းများကို ထုတ်ကာ ရှီဟောင်အား တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။ အရိုးစာသားများ သိပ်သည်းစွာ ထွက်ပေါ်လာပြီး ချက်ချင်းပင် မြက်ခင်းပြင်ကို ဖုံးလွှမ်းသွားလေ၏။ သူတို့၏ မြင့်မားလှသည့်ကျင့်ကြံဆင့်ဖြင့် ရှီဟောင်အား ဖိနှိပ်လိုခြင်းပင်။
ခွပ်…
ရှီဟောင်သည် လက်သီးတစ်လုံးပစ်သွင်းလိုက်ပြီး အဖိုးတန်ပစ္စည်းများကို ထိုးဖောက်သွားကာ လေထဲတွင် ပေါက်ကွဲစေလိုက်လေသည်။ ထို့နောက်တွင် တောက်ပသည့်အလင်းများ ထွက်ပေါ်လာလေ၏။
“ဘာကြီးလဲ .. ဒါက နတ်မီးတောက်မှော်ပစ္စည်းလေ .. သူက ဒါကို လက်ဗလာနဲ့ ဖျက်ဆီးလိုက်တာလား”
သူတို့နှစ်ဦး၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် အခြားမှော်ပစ္စည်းတစ်ခုလည်း ပျက်စီးသွားကာ ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပြောင်းလဲသွားလေသည်။
“မှော်ခုခံနိုင်စွမ်း .. ကောလဟာလတွေက တကယ်ကို မှန်တာပဲ”
သူတို့နှစ်ဦးမှာ နောက်ဆုံးတွင် နားလည်သွားရသည်။ မှော်ပစ္စည်းများမှာ ကန့်သတ်ခံလိုက်ရပြီး စွမ်းအင်များ လျော့ကျသွားလေ၏။ ထို့ကြောင့်ပင် ထိုပစ္စည်းများမှာ လျင်မြန်စွာ ပျက်စီးသွားခြင်းပင်။
ရှီဟောင်သည် အချိန်တိုအတွင်း မှော်စွမ်းအင်များကို ခုခံနိုင်သွားသည်ဟု သူတို့သတင်းရထားသည်သာ။ သူတို့ကိုယ်တိုင် ကြုံတွေ့လိုက်ရသည့်အချိန်မှသာ ဤသည်မှာ ဘယ်လောက်ကြောက်စရာကောင်းမှန်း သူတို့ သိလိုက်ရသည်။
ရှီဟောင်သည် တရှိန်ထိုးပြေးသွားပြီး မီးတောက်များကို ထုတ်လွှတ်လိုက်သည်။ သူသည် မီးတောက်များကြားမှ ထွက်လာသည့်သူကဲ့သို့ပင်။
သူတို့နှစ်ဦးသည် ဒေါသထွက်နေသကဲ့သို့ အနည်းငယ်လည်း ရယ်ချင်နေကြသည်။ ဤလူမှာ အဆင့်လွန်ကျွမ်းကျင်သူသာဖြစ်သော်လည်း သူတို့ကဲ့သို့ နတ်ဘုရားများကို တိုက်ခိုက်ချင်နေသေးသည်လား .. ဟွမ်သည် ကောင်းကင်ကိုတွန်းလှန်နိုင်သည့် ဂျီးနီးယပ်စ်တစ်ယောက်ဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်မှာ သိပ်မမြင့်သေးပေ။
“မကောင်းတော့ဘူး … သူ့ရဲ့မှော်ခုခံနိုင်စွမ်းက ဘာလို့အဲဒီလောက်တောင် ကြာနေတာလဲ .. သူ ရွှေရောင်ဗောတိသီးကို စားပြီးသွားတာများလား”
သူတို့နှစ်ဦးမှာ ထိတ်လန့်နေကြလေ၏။ သူတို့သည် အချိန်ကို တွက်ချက်ကာ ရှီဟောင်၏ မှော်ခုခံနိုင်စွမ်းပြယ်သွားလောက်ပြီဆိုသည့်အချိန်မှ တိုက်ခိုက်ခြင်းပင်။ သို့သော် သူတို့သည် ကန့်သတ်ခံနေရဆဲပင်။
ဖူး…
နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်မှာ ချက်ချင်းပင် အေးခဲသွားလေ၏။ ရှီဟောင်၏လက်သီးမှာ သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး သူ့ကို ပေါက်ကွဲသွားစေလေသည်။
သွေးများ လွင့်စင်ထွက်လာပြီး ကျွမ်းကျင်သူတစ်ယောက် အသက်ဆုံးရှုံးသွားလေပြီ။
အခြားတစ်ယောက်၏မျက်နှာမှာ ဖြူဖျော့သွားကာ ချက်ချင်းပင် ထွက်ပြေးသွားလေ၏။ သူက အဆင့်လွန်ကျွမ်းကျင်သူရောဟုတ်ရဲ့လား .. ဘာလို့ နတ်ဘုရားတစ်ယောက်ကို လွယ်လွယ်လေးနဲ့ သတ်လိုက်နိုင်တာလဲ..
“မင်းက ဘယ်သွားမလို့လဲ .. အာကာသကလန်က သူတို့ခွန်အားကိုသုံးပြီး အားလုံးကိုဖိနှိပ့်နေတာမလား .. ဒီနေ့ ငါလာပြီ .. ငါလာပြီးတော့ ဒီနေရာကို အပြတ်ရှင်းပေးမယ်” ရှီဟောင် ကြွေးကြော်လိုက်သည်။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှပြီး ထိုလူအား ချက်ချင်းပင် ဖမ်းမိသွားလေ၏။
“အား..
နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူမှာ ပြန်ဆုတ်သွားသော်လည်း သူ၏ပျက်စီးရမည့်ကံတရားကို မရှောင်လွဲလိုက်နိုင်ပေ။ သူသည် အပိုင်းပိုင်းဖြစ်သွားပြီး မြက်ခင်းပြင်တွင် သွေးများ နီရဲသွားလေ၏။
ထိုအချိန်မှသာ ရှီဟောင်၏ မှော်ခုခံနိုင်စွမ်းမှာ တစ်ဖြည်းဖြည်းကုန်ဆုံးသွားလေသည်။
လေထဲတွင်ကျယ်လောင်လှသည်အသံတစ်သံ ထွက်ပေါ်လာပြီး မိုင်းတွင်းတစ်ခုလုံးမှာ ပျက်စီးသွားလေသည်။
ထို့နောက်တွင် သူသည် ချက်ချင်းပင် အရှေ့ဘက်သို့ ပြေးသွားလိုက်၏။ အရှေ့ဘက်တွင် အခြားမိုင်းတွင်းတစ်ခု ရှိနေသေးသည်။
“မင်း ဘယ်သူလဲ” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“သူက ဟွမ်ပဲ .. သူ့ကို မလွတ်စေနဲ့” ဤသည်မှာလည်း အခြား နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်ပင်။
“ဟုတ်တယ် ငါက ဟွမ် .. မင်းတို့အားလုံးကိုသတ်မဲ့သူ” ရှီဟောင် အော်ဟစ်လိုက်သည်။ ထို့နောက်တွင် သူသည် အရှေ့ဘက်သို့ပြေးသွားလိုက်ပြီး ရက်စက်စွာပင် တိုက်ခိုက်လေသည်။
ဖူး..
သွေးမိုးများကျဆင်းလာပြီး နတ်ဘုရားနှစ်ယောက်လုံးမှာ လျင်မြန်စွာပင် အသတ်ခံလိုက်ရလေသည်။ ထို့အပြင် မိုင်းတွင်းတစ်ခုလုံးမှာလည်း ပျက်စီးသွားလေ၏။
…
“ဘုရားရေ .. သတင်းထူးကြီး .. အာကာသကလန်က ထာဝရပစ္စည်းကို ခိုးသွားတဲ့သူ ပေါ်လာပြီ .. အဲဒါဘယ်သူလဲဆိုတာ မင်းတို့ယုံနိုင်မှာတောင် မဟုတ်ဘူး .. သူက ဟွမ်တဲ့”
ထိုမိုင်းတွင်းများမှာ ဖုဖုန်းမြို့နှင့်သိပ်မဝေးသောကြောင့် သတင်းမှာ လျင်မြန်စွာပင် ပျံ့နှံ့သွားလေသည်။
“ဟွမ် နောက်တစ်ခေါက် လှုပ်ရှားလာပြီ .. သူက အာကာသကလန်ရဲ့ နတ်မိုင်းတွင်းရှစ်ခုကို ဆက်တိုက်ဖျက်ဆီးပစ်နေတာ .. သူ့ကို တားလို့မရတော့ဘူး .. သူ နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူ ၁၀ ယောက်ကျော်ကို သတ်ပြီးသွားပြီ”
ထိုသတင်းများ ပျံ့နှံ့သွားသည့်အချိန်တွင် ဖုဖုန်းမြို့မှာ အုတ်အော်သောင်းတင်းဖြစ်လာလေသည်။
ဤနှစ်များအတွင်းတွင် အာကာသကလန်နှင့် မတည့်သည့်ဂိုဏ်းများရှိသော်လည်း သူတို့သည် ဤကဲ့သို့ မလုပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကလန်များကြားမှ စစ်ပွဲကို ဦးတည်သွားနိုင်သောကြောင့်ပင်။ ယခုအချိန်တွင် တစ်စုံတစ်ယောက်မှ လုပ်ရဲနေလေပြီ။
ဟွမ် နောက်တစ်ကြိမ်ပြန်ပေါ်လာပြီး သူ၏လုပ်ရပ်များမှာ ရက်စက်လွန်းလှသည်။
ဤသည်မှာ အာကာသကလန်၏ ဂုဏ်သိက္ခာကို စိန်ခေါ်လိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် ထိုကောင်းကင်နတ်ဘုရားနှစ်ယောက်ကို လှောင်ပြောင်လိုက်ခြင်းပင်။ အားလုံးကို သူလုပ်ခြင်းဖြစ်သည်ဟု ဟွမ်ပြောနေသော်လည်း သူတို့သည် နုံအလွန်းကာ အခြားလူများကို ပြဿနာရှာနေလေသည်။
ကောင်းကင်နတ်ဘုရားနှစ်ယောက်၏ ‘ကမူးရှူးထိုးမှု’ မှာ အခြားသူများအတွက် ပြက်လုံးဖြစ်လာတော့မည်ပင်။
သို့သော် အရေးအကြီးဆုံးမှာ အာကာသကလန်၏ အရေးကြီးသည့်နေရာများကို ဖျက်ဆီးရဲသည့် ဟွမ်၏စွမ်းအားပင်။ ဤသည်မှာ မီးစီရင်စုကို ဖရိုဖရဲဖြစ်စေရုံသာမက အဆင့်မြင့်နယ်မြေရှိ ကျန်သည့်ဂိုဏ်းများကိုလည်း ရိုက်ခတ်သွားမည်သာ။
“ကောင်းတယ် .. အာကာသကလန်က ကြည့်မကောင်းဘူးလို့ ငါ တွေးနေတာကြာပြီ”
“သတ် .. ဒီလိုမျိုးပဲ ဖြစ်သင့်တာ”
စိတ်လှုပ်ရှားကာ လိုက်ပါလာသည့်လူများစွာလည်း ပေါ်ထွက်လာလေသည်။