သုခကမ္ဘာက ရှီဟောင် - Chapter - 960 မလိုချင်သော အနာဂတ်
မည်းနက်နေသည့်တိမ်မဲများရှင်းလင်းသွားသည့်နောက်တွင် မြက်ခင်းပြင်မှာ ပို၍ပင် သန့်ရှင်းလတ်ဆတ်လာသည်။ နေရာတိုင်းတွင် အစိမ်းရင့်ရောင်လွှမ်းခြုံနေလေသည်။
ဖြူဖွေးသန့်စင်နေသည့် ယူနီကွန်းများ ထွက်ပေါ်လာကာ မြင့်မြတ်သည့်အလင်းတန်းများ ထုတ်လွှတ်နေလေသည်။ ယူနီကွန်းများ ရာပေါင်းများစွာ ရောက်လာခြင်းပင်။
မြက်ခင်းပြင်တွင် တိရစ္ဆာန်များကို ထိန်းကျောင်းနေသည့်သူများသာ ဤမြင်ကွင်းကို တွေ့ပါက သူတို့ပီတိဖြာသွားလိမ့်မည်။ သို့သော် အာကာသကလန်မှာ ဤမြင်ကွင်းကို ခံစားရလောက်အောင်ထိ စိတ်အခြေအနေ ကောင်းမနေပေ။ သူတို့မျက်စိရှေ့တွင် ရှိနေသည့် မိုင်းတွင်းများမှာ စုန်းစုန်းမြုတ်နေပြီး မြေပြင်တွင်လည်းနတ်ဘုရားများ၏ သွေးများ လွှမ်းမိုးနေလေသည်။ သူတို့၏ဆုံးရှုံးမှုမှာ ကြီးမားလွန်းလှသည်။
“ဒါက အကြီးဆုံး နတ်မိုင်းတွင်ပဲ … ဒီနှစ်တွေမှာ ဒီတွင်းကနေ ကောင်းကင်ပစ္စည်းတွေအများကြီးကို တူးဖော်ရခဲ့တယ် .. အခုတော့ တစ်မနက်လေးနဲ့ ဖုန်မှု့န်တွေဖြစ်သွားပြီ .. နတ်ဘုရားအစစ်သုံးယောက်တောင်မှ အသတ်ခံလိုက်ရသေးတယ်”
အာကာသကလန်မှကောင်းကင်နတ်ဘုရား မိုလော့၏အမူအရာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေလေသည်။ သူသည် ထိုအပျက်အစီးများကို ကြည့်ပြီးနောက် စွမ်းအားကြီးသည့်အော်ရာများမှာ တောင်တစ်လုံးကဲ့သို့ပင် ထွက်ပေါ်လာပြီး အခြားသူများကို အသက်ရှူကြပ်စေလေသည်။
“ဒါက အရေးမကြီးဘူး .. နတ်မိုင်းတွင်းက ပြန်ဖွင့်လို့ရတယ် .. သည်းမခံနိုင်ဆုံးက ဒါတွေအားလုံးကို ဟွမ် လုပ်သွားတာပဲ .. သူက အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်ပဲ အဲဒါကိုတောင်မှ မင်းတို့က သူ့ကိုဖိအောင်မဖမ်းနိုင်ပဲ သူ့ကိုလွတ်ပေးလိုက်ကြသေးတယ် .. ဒီထက်ရယ်စရာကောင်းတာ ဘာရှိသေးလဲ .. နတ်ဘုရားအစစ်တွေတောင်မှ သူ့ကိုမတားနိုင်ဘူး .. အသုံးကိုမကျဘူး”
မိုလော့ အော်ဟစ်လိုက်သ်ည။ သူ ထပ်သည်းမခံနိုင်တော့ပေ။ ဤနေ့ရက်များအတွင်းတွင်ဖြစ်ပျက်ခဲ့သည့်အရာများမှာ အာကာသကလန်ကို အရှက်ရစေသည်။ သူကဲ့သို့သော ကောင်းကင်နတ်ဘုရားပင်လျှင် မျက်နှာပျက်ယွင်းနေရသည်။
“ကျွန်တော်တို့အမှားကို သိပါပြီ” လူတစ်စုမှာ သူနှင့်မျက်နှာချင်းမဆိုင်ရဲသောကြောင့် ခေါင်းငုံ့ကာ နေလေသည်။ သူတို့၏ခန္ဓာကိုယ်များမှာ တုန်ယင်နေပြီး အများစုမှာ ကောင်းကင်နတ်ဘုရား၏ဖိအားကြောင့် မြေကြီးပေါ်တွင် ဒူးထောက်နေလေသည်။
“မင်းတို့အမှားကို သိတော့ရော ဘာလုပ်ရမှာလဲ” အခြားကောင်းကင်နတ်ဘုရားတစ်ပါးမှ အော်လိုက်သည်။ “ပျောက်သွားတဲ့ ‘ထာဝရအစေ့’ကို ပြန်ယူနိုင်လား .. အဲဒါက အဖိုးမဖြတ်နိုင်တဲ့ပစ္စည်းပဲ .. အာကာသဧကရာဇ်ကို ဖန်တီးနိုင်တဲ့ပစ္စည်းပဲကွ”
ဤကောင်းကင်နတ်ဘုရားနှစ်ယောက်အတွက် သည်းမခံနိုင်ဆုံးအရာမှာ ဤသည်ကို သူတို့သတ်ရမည့် ဟွမ် လုပ်သွားသည်ဟူသည့်အချက်ပင်။
ရှီဟောင်သည် ပုန်ကန်ကာ လက်စားချေနေခြင်းပင်။ အတိတ်ကဖြစ်ခဲ့သည့်အဖြစ်အပျက်တွင် သူတို့လည်းရှိနေခဲ့သောကြောင့် သူတို့သည် အတွင်းကျကျလျှို့ဝှက်ချက်များကို သိနေသည်သာ။
သူတို့ရှီဟောင်ကို အနက်ရောင်အကျဉ်းထောင်ထဲသို့ အကျဉ်းသားတစ်ဦးအဖြစ် ပို့ပြီး အရက်စက်ဆုံးနည်းလမ်းများကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို အပေါက်များဖြစ်အောင်လုပ်ခဲ့သည်။
ရှီဟောင်ထွက်သွားသည့်နေ့ကတည်းက သူတို့ကြားတွင် ကောင်းသည့်ဆက်ဆံရေးတစ်ခု မရှိနိုင်တော့ပေ။
သူက စပြီးတော့ လက်စားချေနေပြီလား..
သို့သော် ကောင်းကင်နတ်ဘုရားနှစ်ယောက်မှာ နောင်တမရမိပေ။ အာကာသကလန်၏ ဆုံးဖြတ်ချက်မှာ ကလန်တစ်ခုလုံးကောင်းဖို့အတွက်ပင်။ သူတို့သာ ခွန်ပန်နှင့် လျှပ်စီးဧကရာဇ်၏ပညာများကို ရနိုင်လျှင် သူတို့ကလန်၏စွမ်းအားတိုးလာနိုင်သည်။
သူတို့သာ အချိန်ပေးလိုက်လျှင် အာကာသကလန်သည် သူတို့၏ ပြိုင်ဘက်ကင်းသည့်ဧကရာဇ်ကလန်ကို ပြန်ရလာနိုင်သည်။
သို့သော် အာကာသအကြီးအကဲဟောင်းနှင့် သဘောတူညီချက်ယူထားသည့် ရီချင်းရှန် ရုတ်တရက် ပေါ်လာပြီး ရှီဟောင်အား ထွက်သွားခွင့်ပြုလိုက်ရသည်။ ဤသည်မှာသူတို့ခန့်မှန်းထားသည့်အထဲတွင် မပါပေ။
“တာအိုကာကွယ်သူကိုယ်တိုင်လာမယ်လို့ ငါသတင်းရလိုက်တယ် .. မင်းတို့ကိုယ့်ကိုကိုယ် ပြင်ဆင်ထားကြ” ကောင်းကင်နတ်ဘုရားမိုလော့မှ အေးစက်စွာ ပြောလိုက်သည်။
“ဘာကြီး … ကြီးမြတ်တဲ့တာအိုကာကွယ်သူ..” အားလုံးဆွံ့အသွားကြသည်။ ကလန်မှ တာအိုကာကွယ်သူတွင် ကြောက်စရာကောင်းသည့်နောက်ခံရှိလေသည်။ သူရဲကောင်းခြောက်ယောက်ကြောင့်သာမဟုတ်ပါက သူသည် ကလန်မှကိုးကွယ်ရသည့် ဂါးဒီးယန်းဝိဉာဉ်ဖြစ်လာမည်သာ။
“ကြီးမြတ်တဲ့သူက ဒီနှစ်တွေမှာ အကျပိုင်း ရောက် နေပြီမဟုတ်ဘူးလား” တစ်စုံတစ်ယောက်မှ နူးညံ့စွာပြောလိုက်သည်။
တာအိုကာကွယ်သူမှာ သင်္ချိုင်းကုန်းသို့ ခြေတစ်လှမ်း လှမ်းနေပြီဆိုသည်ကို အားလုံးသိကြသည်။ သူ၏အသက်မှာ ကုန်ဆုံးတော့မည်ဖြစ်ပြီး တိုက်ပွဲများကို မတိုက်နိုင်တော့ပေ။ သူကဘာလို့ ဒီတစ်ခေါက် သူကိုယ်တိုင်ထွက်လာဖို့ ဆုံးဖြတ်လိုက်တာလဲ…
“မင်းတို့အားလုံးလုပ်လိုက်တဲ့ ကြီးမြတ်တဲ့ကိစ္စတွေကြောင့်ပဲလေ” အခြားကောင်းကင်နတ်ဘုရားတစ်ယောက်မှဆူပူလိုက်သည်။
ကောင်းကင်နှင့်မြေကြီး စွမ်းအင်အရင်းအမြစ်ဝန်းရံနေသည့် ပြိုင်ဘက်ကင်းသည့် ရတနာကိုဆုံးရှုံးလိုက်ရသောကြောင့်သာ မဟုတ်ပါက တာအိုကာကွယ်သူမှာ ဘယ်လိုလုပ် ထိတ်လန့်သွားရမည်နည်း … ထို့ကြောင့်ပင် သူ၏နောက်ဆုံးစွမ်းအားအနည်းငယ်ကို ထုတ်လွှတ်ကာ ထွက်လာရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
“ကြီးမြတ်တဲ့တာအိုကာကွယ်သူက သူ့ရဲ့နောက်ဆုံးလက်ကျန်စွမ်းအင်ကိုသုံးပြီးတော့ ဟွမ်ကို ရှင်းရမှာ … ဒါက မင်းတို့တွေရဲ့ နုံအမှုကြောင့်ပဲလေ” မိုလော့မှ ဒေါသတကြီးတူပူလိုက်သည်။
ထိုအချိန်တွင် သူရပ်နေသည့်အနားတွင်ရှိနေသည့် လေထုမှာ ယိုယွင်းလာပြီး အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။ ထိုအနားတွင်ရှိနေသည့် ကောင်းကင်နှင့်မြေကြီးမှာ ဖုံများ ဖုံးလွှမ်းနေလေ၏။
နတ်ဘုရားအစစ်များအပါအဝင် လူအုပ်ကြီးမှာ ဒူးထောက်လိုက်ကြသည်။
တာအိုကာကွယ်သူ၏ရည်ရွယ်ချက်မှာ သူ့ဘဝ၏ နောက်ဆုံးမီးတောက်လေးကိုအသုံးပြုကာ ဟွမ်ရှိနေသည့်နေရာကိုရှာဖို့ပင်။
ဤသည်မှာ တာအိုကာကွယ်သူသည် ဤလောကမှ ထွက်သွားတော့မည်ဟု ဆိုလိုခြင်းပင်။
တစ်ချိန်တည်းမှာပင် သူတို့ထိတ်လန့်သွားရသည်။ တာအိုကာကွယ်သူ ဤသို့ပြုလုပ်လိုခြင်း၏ နံပါတ် ၁ အချက်မှာ ‘ထာဝရအစေ့’ ကြောင့်ဖြစ်ပြီး နံပါတ် ၂ အချက်မှာ သူသည် အဆင့်နိမ့်နယ်မြေမှ ဤလူငယ်လေးကို အလေးထားသောကြောင့်ပင်။
“အဲဒီလူငယ်လေးက တကယ်ကြောက်ဖို့ကောင်းတယ် .. တာအိုကာကွယ်သူထွက်လာဖို့ ထိုက်တန်ပါတယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ သူ၏မျက်နှာထက်တွင် သူ၏အတွင်းစိတ်ကို ဖော်ပြနေလေ၏။
ရှေးခေတ်ကတည်းကပင် စီရင်စုတိုင်းမှ အံ့အားသင့်စရာကောင်းသည့်လူငယ်လေးများ ထွက်ပေါ်လာမြဲပင်။ သို့သော် အများစုမှာ သေဆုံးသွားကြပြီး အချို့မှာလည်း နောက်ပိုင်းကျလျှင် ပျောက်ဆုံးသွားသည်သာ။ ထိုလူများမှာ ဧကရာဇ်ကလန်ကို မစိုးရိမ်စေပေ။
သို့သော် ယခုတစ်ခေါက်တွင်မူ မတူတော့ပေ။ တာအိုကာကွယ်သူသည် မသေဆုံးမီ ကျန်သည့်စွမ်းအင်အကုန်လုံးကို အသုံးပြုတော့မည်။ သူကဘာကိုကြိုမြင်ထားသနည်း… ထို ကောင်းကင်ကိုဆန့်ကျင်နိုင်သည့်ကျင့်ကြံသူများမှာ သူတို့၏သွေးစွမ်းအင်များ ကုန်ခမ်းပြီး သူတို့၏တိုက်ပွဲစွမ်းအားများလည်းကျဆင်းသွားသော်လည်း သူတို့၏နတ်အသိစိတ်မှာမူ အချို့ထူးဆန်းသည့်အရာများကို မြင်နိုင်လေသည်။
ထိုအကြောင်းကို တွေးမိသွားသည့်အချိန်တွင် အားလုံး ချွေးစေးများ ပြန်လာကြသည်။ ဤသည်မှာ လုံးဝမကောင်းနိုင်ပေ။ တာအိုကာကွယ်သူမှာ မကောင်းသည့်အနာဂတ်ကို ကြိုမြင်ထားသည်ထင်သည်။
ထို့ကြောင့်ပင် သူသည် သူ့ဘဝ၏နောက်ဆုံးလက်ကျန်ခွန်အားကို ဟွမ်၏တည်နေရာကို ရှာရန်အတွက် အသုံးပြုခဲ့ခြင်းပင်။
“အကျိုးသက်ရောက်မှုက ဘယ်လောက်တောင်မှ ပြင်းထန်လဲဆိုတာကို မင်းတို့သိပြီလား” မိုလော့ ဆူပူလိုက်သည်။ ပတ်လည်တွင်ရှိနေသည့် အနက်ရောင်အက်ကွဲကြောင်းများမှာ ပို၍ပင် ကြောက်စရာကောင်းလာပြီး မြက်ခင်းပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။
အခြားကောင်းကင်နတ်ဘုရားတစ်ယောက်လည်း အော်ဟစ်လိုက်သည်။ “ဒီအခြေအနေကို ဖြေရှင်းနိုင်တဲ့တစ်ခုတည်းသော အဖြေက တာအိုကာကွယ်သူရောက်မလာခင် မင်းတို့အဲဒီလူကို မြန်မြန်ရှာတွေ့ပြီး သူ့ကိုဖမ်းထားဖို့ပဲ”
မြက်ခင်းပြင်တစ်ခုလုံးမှာ အေးစက်သွားလေသည်။ အားလုံးမှာထိတ်လန့်တကြားပင် တိတ်ဆိတ်နေကြလေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ဖန်တီးထားခဲ့သော ပြဿနာကို သူတို့သိကြလေသည်။
“တပ်ဖွဲ့အားလုံးကို ထုတ်လိုက် .. ငါ့တို့ကလန်နဲ့ ဆက်စပ်နေတဲ့မျိုးဆက်တွေအားလုံးကို ပို့လိုက် .. သဲလွန်စတွေ့ရဖို့ ငါတို့ နေရာတိုင်းမှာ ရှာဖို့လိုတယ်” မိုလော့မှ ပြောလိုက်သည်။
“နားလည်ပါပြီ” အားလုံးမှာ ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြသည်။ ငြင်းဆိုသည့်သူများမှာ သေချာပေါက် သေသွားရမည်ပင်။ မည်သူမျှ ကောင်းကင်နတ်ဘုရား၏ဒေါသကို မဆွရဲပေ။
ဟွမ်ကိုရှင်းပစ်ရန်အတွက် သူတို့နှင့်ဆက်ဆံရေးကောင်းသည့်ဂိုဏ်းအားလုံးကို ရှီဟောင်ကို ရှာဖွေရာတွင် ကူညီပေးရန် တောင်းဆိုခဲ့လေသည်။
သူတို့သည် မည်မျှကုန်ဆုံးခဲ့သည်ကို မသိချင်။ သူတို့လိုချင်သည်မှာ ရလဒ်တစ်ခုတည်းသာ။
သို့သော် ဟွမ်သည် အဆင့်နိမ့်နယ်မြေမှ ရှီဟောင်ဖြစ်ကြောင်း အာကာသကလန်မှ မကြေငြာသေးပေ။ ဤသည်မှာ သူ၏အဖိုးတန်ပညာများကို သူတို့လိုချင်နေသေးမှန်း ပေါ်လွင်သည်။
ရှီဟောင်သည် သတင်းကြားသော်လည်း အလေးမထားခဲ့ပေ။
ရှီဟောင်သည် တောင်ဂိတ်တံခါးဝတွင် မတ်တပ်ရပ်လိုက်ပြီး အောက်ဘက်သို့ကြည့်ကာ ” ငါ ဘယ်သူလဲဆိုတာ ပေါ်တော့မှာမလား”
သူသည် အံ့အားသင့်စရာကောင်းစွာပင် တည်ငြိမ်နေပြီး ကြောက်ရွံ့မှုကို မခံစားမိပေ။ ထိုအစား သူ၏လမ်းကြောင်းကို သူ ပို၍ ရှင်းရှင်းလင်းလင်းမြင်လာသည်။ သူ ပို၍သန်မာလာရန် လိုအပ်သည်။
“ငါဧကရာဇ်ဖြစ်လာရင် ဘယ်သူက ငါ့ကိုဒီလိုမျိုး အရှက်ခွဲရဲမှာလဲ .. ငါ့ရဲ့ အဖိုးတန်ပညာကို ခိုးပြီးတော့ ငါ့ကို ဖမ်းထားရဲမှာလား”
ရှီဟောင် သက်ပြင်းချလိုက်သည်။ စီရင်စုသုံးထောင်ရှိနေသည့် အဆင့်မြင့်နယ်မြေမှာ အားကြီးသူမှ အားနည်းသူကို အနိုင်ယူသည့်နေရာပင်။
နတ်ဘုရားမကျောင်းထဲရှိ သူရဲကောင်းခြောက်ယောက်ထဲတွင် မတည်ငြိမ်နိုင်သည့်သူများရှိနေသည်။
‘ထာဝရအစေ့’ ပေါ်လာသည်ဟု ကြားသည်နှင့် ရုံယုနှင့်ယွမ်ရှီးမှလွှဲလျှင် ကျန်သည့်သူများအားလုံးမှာ အလောတကြီးပင် ထွက်လာကြလေသည်။ ကလန်မှ ရာထူးကြီးသည့်သူများလည်း သူတို့အား လာခွင့်ပြုထားလေသည်။
“ငါ တကယ်ဟွမ်ရဲ့အလောင်းကို အပိုင်းပိုင်းလုပ်ပစ်လိုက်ချင်တယ် .. သူက ငါ့ကလန်ကို လာစော်ကားရဲတယ် .. သူ သေသင့်တယ်” ယုလန်ပြောလိုက်၏။ သူသည် အဖြူရောင်ဝတ်စုံဝတ်ထားပြီး ခရမ်းရောင်ဆံပင်ရှိလေသည်။
သူသည် အာကာသကလန်မှ အထူးချွန်ဆုံးတပည့်တစ်ယောက်ဖြစ်ပြီး သူ၏ကျင့်ကြံဆင့်မှာလည်း မြင့်မားလှသည်။ သူသည် ရုံယုသည်စိန်ခေါ်ရဲပြီး သူနှင့်တိုက်ရဲသည့်သူဖြစ်သည်။
သူသည် ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးကို မရခဲ့သော်လည်း သူသည် သူရဲကောင်းခြောက်ယောက်နှင့် အဆင့်သိပ်မကွာလှပေ။ သူရဲကောင်းစာရင်းထဲမှ ထွက်သွားရသည့် ခွန်းမော့ထက်ပင် ပို၍အဆင့်မြင့်သေးသည်။
“ငါတို့က သူ့ရဲ့ပြိုင်ဘက်မဟုတ်တာ နှမြောစရာပဲ .. ရုံယုတောင်မှ သူနဲ့တိုက်ရင် နိုင်ချင်မှနိုင်မှာ” အခြားလူတစ်ယောက်မှ ပြောလိုက်သည်။ သူသည် သူရဲကောင်းခြောက်ယောက်မှ နောက်ဆုံးတစ်ယောက်ပင်။
“သူက နတ်ဘုရားအစစ်တွေကိုတောင် သတ်ခဲ့တာဆိုတော့ သေချာပေါက် သူ့မှာ လျှို့ဝှက်ရတနာရှိနေမှာပဲ .. ပြီးတော့သူက အထူးပညာတွေသုံးမှာပဲ .. သူ့ရဲ့တကယ့်တိုက်ခိုက်နိုင်စွမ်းက အဲဒီလောက်မကောင်းလောက်ဘူး” အခြားလူတစ်ယောက်မှ ပြောလိုက်သည်။
အမှန်တကယ်တွင် ဤသည်မှာ အပြင်ဘက်လောကတွင်ရှိနေသည့်သူအားလုံး ယုံကြည်ထားသည့်အရာပင်။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်မှာ မည်မျှပင် စွမ်းအားကြီးနေပါစေ သူ၏စွမ်းအားကို အသုံးပြုပြီး နတ်ဘုရားအစစ်ကို သတ်နိုင်မည်မဟုတ်ပေ။
“တစ်ခြားကိစ္စတွေမပြောနဲ့ဦး .. အဲဒီတောင်အစုတ်အပြတ်က ‘စီနီယာအစ်ကိုကြီး’ လို့ခေါ်တဲ့သူက ဒီလိုမျိုး ငါတို့ကို လာစိန်ခေါ်နေတာကို ငါတို့က သူ့ကိုဒီတိုင်းအသက်ရှင်လျက် လွတ်ထားရမှာလား” ယုလန်မှ အေးစက်စွာ ပြောလိုက်သည်။
သူ၏ကလန်သားများ ရှုံးနိမ့်သွားကြောင်း သူသတင်းရထားပြီးသားပင်။ နံပါတ် ၈ သူရဲကောင်း ခွန်းမော့ပင်လျှင် သူ၏ကျင့်ကြံဆင့်ပျက်စီးသွားကြောင်းကို သူသိထားသည်။ သူသည် ထိုနေရာသို့သွားချင်နေသည်မှာ ကြာလှလေပြီ။
‘စီနီယာအစ်ကိုကြီး’ ဟုခေါ်သည့်ထိုသူမှာ နတ်ဘုရားမကျောင်းထဲသို့ ရောက်လာပြီး သူ့ကိုစိန်ခေါ်သည့်သူများကို ရှင်းပစ်မည်ဟု ကြေငြာလိုက်ခြင်းမှာ သူ့ကိုပို၍ ဒေါသထွက်စေသည်။
“မင်း လက်လွတ်စပယ်လုပ်လို့မရဘူး .. သူက အတော်လေးကိုစွမ်းအားကြီးတယ်လို့ ပြောကြတယ် မဟုတ်ရင်သူက ခွန်းမော့ကို ဖျက်ဆီးလိုက်နိုင်မှမဟုတ်ဘူး ..ငါတို့ အလောတကြီးမလုပ်သင့်ဘူး” ၆ ယောက်မြောက်သူရဲကောင်းမှ ပြောလိုက်သည်။
“မင်းက ဘာတွေကို ကြောက်နေတာလဲ .. ငါခွန်းမော့ဒဏ်ရာတွေကို မြင်ပြီးသွားပြီ .. အဲဒီလူရဲ့ခွန်အားကို ငါနားလည်တယ် .. သူက ငါ့ထက် မသန်မာဘူး .. တစ်ဆင့်လျှော့ပြီးတော့ သူကငါနဲ့အဆင့်တူတယ်ဆိုရင်တောင်မှ ကောင်းကင်နတ်ဘုရားလုပ်ပေးထားတဲ့ လျှို့ဝှက်ရတနာနဲ့ဆိုရင် သူ့ကို လွယ်လွယ်လေး သတ်လိုက်လို့ရတယ်” ယုလန်မှ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါတို့အလောတကြီးမလုပ်တာ အကောင်းဆုံးပဲ .. ငါ့ကလန်မှာကိစ္စတွေအများကြီးဖြစ်သွားတာ .. အဲဒီတော့ ငါတို့ တည်တည်ငြိမ်ငြိမ်လုပ်ရင် အကောင်းဆုံးပဲ” ၆ ယောက်မြောက်သူရဲကောင်းမှ ပြောလိုက်သည်။
“အဲဒါကြောင့်မို့လို့ပဲ ငါ့ဒေါသကို ဖောက်ထုတ်ပစ်ချင်နေတာလေ .. လမ်းဘေးက ခွေးတွေကြောင်တွေတောင်မှ ငါ့ကလန်ခေါင်းပေါ် ချီးတက်ပါနေတယ် .. စိတ်တိုချင်စရာကောင်းလိုက်တာ”
“ငါ စီနီယာအစ်ကို ရုံယုကို မေးလိုက်မယ်” ၆ ယောက်မြောက်သူရဲကောင်းမှ ပြောလိုက်၏။ တစ်ဖက်လူလည်း သူ့ကို သဘောတူကြောင်းခေါင်းညိမ့်ပြလေသည်။
ယုလန်သည် မာနကြီးကာ စိတ်ကြီးဝင်နေသည့်သူပင်။ ရုံယုသာ ထူးခြားပါရမီရှိသူမဟုတ်လျှင် သူသည် ရုံယုထက်ပင် ပို၍စွမ်းအားကြီးလိမ့်မည်ဟု ခံစားနေရခြင်းပင်။ ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးရရှိထားသည့်သူများမှာလည်း ထိုအတိုင်းသာ။
“အစ်ကို ယုလန် အဲဒီကျောင်းအစုတ်အပြတ်ကကောင် ပြောတာကို အစ်ကိုကြားလိုက်လား .. သူက အစ်ကိုတို့အားလုံး သူ့ကိုလာပြီးတော့ စိန်ခေါ်မှာကို စောင့်နေတာတဲ့ .. သူက အစ်ကိုတို့အားလုံးကို ရှင်းပစ်မယ်လို့ ကြုံးဝါးထားတာ”
ယုလန်ထွက်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် လူအချို့မှ ဤသို့ပြောလိုက်လေသည်။
ယုလန် လမ်းလျှောက်ထွက်လာခြင်းပင်။ သူ၏မျက်နှာနှာပို၍ပင် ပျက်ယွင်းလာကာ “သူကဘာမို့လို့ ငါ့အာကာသကလန်ကိုတောင် ရန်စရဲတာလဲ … ငါရှုခင်းတွေကြည့်ပြီး ပြန်လာတာနဲ့ သူ့ကို သက်သက်သာသာနဲ့ရှင်းပစ်မှာ”
ကျောင်းအတွင်ရှိလူများမှာ သူ မည်သူဖြစ်သည်ကို သိပြီးသွားသည့်နောက်တွင် သူတို့အချင်းချင်းဆွေးနွေးနေကြပြီးနောက် အံ့အားသင့်သည့်အမူအရာများ ဖြစ်ပေါ်လာလေသည်။
“အာကာသကလန်က တော်တော်လေးကို ဆိုးဝါးနေပြီပဲ .. ဟွမ်ရဲ့အရှက်ခွဲတာကို ခံလိုက်ရတယ် .. သူတို့ ဟွမ်ကို ဘယ်လိုဖမ်းမှာလဲဆိုတာကို ငါ သိချင်မိတယ်”
“ဟမ် … သူရဲကောင်းခြောက်ယောက်က အခုထက်ထိ အဲဒီကျောင်းအစုတ်ကို သွားမလည်သေးဘူးလား … သူတို့တွေ အဲဒီ’စီနီယာအစ်ကိုကြီး’ ကို မြန်မြန်ဖိနှိပ်ပစ်မယ်ထင်ထားတာ .. သူတို့အခုထိ မသွားပဲနေလိမ့်မယ်လို့ မထင်ထားဘူး .. သူတို့ကြောက်နေလို့များလား”
ထိုဆွေးနွေးသည့်အသံကို ကြားလိုက်ရသည့်အချိန်တွင် ယုလန်၏မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးလာလေသည်။ သူသည် အလွန်ပင် ချောမောခန့်ညားလှပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခြင်းပင်။ သို့သော် ယခုအချိန်တွင် သူ့ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
သူသည် သတင်းများကို တစ်ခုပြီးတစ်ခု ကြားနေရပြီး ထိုသတင်းအားလုံးမှာ သူ့ကိုပို၍ ဒေါသထွက်စေသည်။ သူ၏စိတ်ကြီးဝင်ကာ မာနကြီးသည့်ပုံစံနှင့်ဆိုလျှင် ဤသည်မှာ လုံးဝသည်းမခံနိုင်သည့်ကိစ္စပင်။
အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးမရှိသော်လည်း ကလန်မှ သူရဲကောင်းခြောက်ယောက်စာရင်းထဲတွင်ပါသေးသည်ပင်။
“ဘယ်သူလမ်းသိလဲ .. ငါအဲဒီလူကို သွားသတ်မယ် … ကောင်းကင်ကြီး ဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်နက်သလဲဆိုတာတောင်မသိတဲ့ ဂိုဏ်းအစုတ်အပြတ်ကကောင်ကများ သူ့ကိုယ်သူ ဘာထင်နေတာလဲ … ငါသူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ်” ယုလန်မှ အေးစက်စွာ ပြောလိုက်သည်။
ထိုစကားများမှာ လူများစွာ၏အာရုံကို ဖမ်းစားသွားသည်သာ။ လူများစွာမှာ သူတို့လမ်းပြပေးမည်ဖြစ်ကြောင်း ပြောလာလေသည်။
“ငါ့ကလန်က လူတွေ ငါ့ကိုမေးရင် ငါ့အတွက် အရက်တစ်အိုး ပြင်ထားပေးဖို့ သူတို့ကို ပြောလိုက် … အဲဒီအရူးကောင်ရဲ့ခေါင်းကို ယူလာပြီးရင် ငါသောက်မယ် .. ပြီးတော့ ခွန်းမော့ကို သတင်းစောင့်နေဖို့ ပြောပေးပါဦး … သူ့ကို ဒေါသပြေစေမယ့် သတင်းလို့” ယုလန်မှ ပြောလိုက်သည်။
ကျောင်းဝင်ပေါက်မှာ ချက်ချင်းပင် လူစည်ကားသွားလေသည်။ သတင်းကြားပြီးသွားသည့်နောက်တွင် လူဘယ်နှယောက်ခန့် လှုပ်ရှားသွားမှန်းမသိသော်လည်း ကျင့်ကြံသူများစွာ ရောက်ရှိလာပြီး တိုက်ပွဲအား စိတ်ဝင်တစား လာကြည့်ကြလေသည်။
ယုလန် လေချွန်လိုက်သည်နှင့် ဖြူဖွေးနေသည့် ရေနဂါးကြီးရောက်ရှိလာကာ လေထဲတွင် ဟစ်ကြွေးနေလေ၏။ ဤသားရဲမှာ မြင်းကိုယ်နှင့် ရေနဂါးခေါင်းရှိလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အကြေးခွံများ ဖုံးလွှမ်းနေပြီး တောက်ပသည့်အရောင်များလည်း ထွက်ပေါ်နေလေသည်။ ဤသည်မှာ နတ်ဝိဉာဉ်မြင်းဖြစ်ပြီး ကြောက်စရာကောင်းသည့်အော်ရာတစ်ခုကိုပင် ထုတ်လွှတ်နေလေသည်။ ဤသားရဲမှာ သာမန်လူငယ်ကျွမ်းကျင်သူများထက်ပင် ပို၍ စွမ်းအာကြီးလေသည်။
“လမ်းပြပါ … ငါသူ့ကို သွားသတ်မယ်” သူ သားရဲပေါ်သို့ တက်လိုက်သည်။
အတွဲ – ၄၈ ပြီး၏။