သုခကမ္ဘာက ရှီဟောင် - Chapter - 961 ကျောက်တုံးလေးမှ ခွန်အားပြသခြင်း
ကျောင်းဝင်ပေါက်ဝတွင် ကျောင်းသားများစွာမှာ လေထဲသို့ ပျံတက်သွားကြလေသည်။
ကျောင်းသားအုပ်ကြီးမှာ ယုလန်နောက်လိုက်ကာ ထိုကျောင်းစုတ်ကြီးထံသို့ ဦးတည်သွားကြလေသည်။
သတင်းပျံ့သွားသည့်အချိန်တွင် ကျောင်းမှာ ပို၍ပင် ဆူညံလာလေသည်။ လူများစွာမှာ အာကာသကလန်သူရဲကောင်းတစ်ယောက်အနောက်သို့ ပြေးလိုက်သွားကြလေသည်။
ရေနဂါးသားရဲမှာ နတ်ဝိဉာဉ်မြင်းဖြစ်ပြီး ဖြူဖွေးသန့်စင်နေသည်။ သူ၏ငွေရောင်အကြေးခွံများ ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်သည်နှင့် လရောင်ကဲ့သို့ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ထိုမြင်းကြီးသည် ယုလန်ကို သယ်ဆောင်ကာ လီပေါင်းသုံးထောင်ကို တစ်ချက်တည်းဖြင့် ခုန်ပေါက်ကာ သွားလိုက်လေ၏။
“မြန်လိုက်တာ ငါတို့လိုက်မမှီနိုင်တော့ဘူး”
လမ်းပြနေသည်သူများမှာ အသက်ပြင်းပြင်းရှူလိုက်ကာ ရပ်တန့်လိုက်ကြသည်။ သူတို့သည် အရှိန်ကို အကုန်တင်ထားသော်လည်း ရေနဂါးသားရဲကြီးကို လိုက်မမှီနိုင်ပေ။
ဤကဲ့သို့သော သားရဲမျိုးမှာ ရှားပါးလှသည်။ သူသည် ရေနဂါးသွေး၊ ဟုန်ဝိဉာဉ်နှင့် မြင်းခန္ဓာကိုယ်ရှိလေသည်။ ဤသားရဲသည် လက်ရှိတွင် အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်သို့ရောက်နေပြီး လက်ရွေးစင်ဟုခေါ်သည့်သူများထက်ပင် ပို၍ စွမ်းအားကြီးသေးသည်။
ယုလန်သည် ဇက်ကြိုးကို ဆွဲပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။
“ကောင်းလိုက်တဲ့နတ်သားရဲကြီး” အနောက်မှလိုက်မီလာသည့်သူများသည် အံ့အားတကြီးပင် ပြောလိုက်ကြလေသည်။ သူတို့အားလုံးမှာ မနာလိုသည့်အကြည့်များ ဖြစ်ပေါ်နေလေသည်။ ဤစီးတော်ယာဉ်မှာ ထူးခြားလွန်းလှသည်။
“သွားကြစို့ ကျုပ်အချိန်မဖြုန်းချင်ဘူး” ယုလန်မှ ပြောလိုက်သည်။
ဤနယ်မြေမှာအတော်လေး ရှေးကျလှသည်။ သစ်ပင်များမှာ ရှေးကျလှပြီး နတ်ဆိုးငှက်အနည်းငယ်လည်း အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ထက်တွင် ပျံသန်းနေလေ၏။ တောင်ကုန်းလေးနှင့်တူသည့် သားရဲအနည်းငယ်လည်း ရှိနေလေသည်။
သို့သော် ထိုအကောင်များမှာ သူတို့အတွက် အန္တရာယ်မဖြစ်စေပေ။ သူတို့အားလုံးမှာ ကျောင်းမှ လက်ရွေးစင်များ ဖြစ်ကြသောကြောင့် သူတို့မှာ ခွန်အားကြီးမားလှသည်။
“ငါတို့ရောက်ပြီ .. ဒီနေရာပဲ” တစ်စုံတစ်ယောက်မှ အရှေ့ဘက်သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ တောင်တန်းနယ်မြေမှာ ကျယ်ပြန့်လှပြီး တောင်များမှာလည်း ခမ်းနားလှသည်။
“ဒီနေရာလား” ယုလန်ခေါင်းညိမ့်လိုက်သည်။ သူထိုတောင်ကြောကို ကြည့်လိုက်သည်။ ထိုနေရာကိုသာ ရှင်းလင်းထားပါက ထိုနေရာသည်လည်း ဝိဉာဉ်နယ်မြေဖြစ်လာမည်ပင်။ သို့သော် ယခုအချိန်တွင်မူ အလွန်ပင် လူသူကင်းမဲ့နေလေ၏။
အပြာရောင်ကျောက်လမ်းလေးမှာ ချုံနွယ်ပိတ်ပေါင်းများဖြင့် လမ်းပိတ်နေလေပြီ။ သို့သော် အရှေ့ဘက်တွင်ရှိနေသည့် တောင်တန်းကြီးမှာမူ ခမ်းနားကြီးကျယ်သည့်အလင်းတန်းများကို ထုတ်လွှတ်နေဆဲပင်။
ချွမ်း..
ယုလန် လက်များကို မြှောက်လိုက်သည်နှင့် သူ၏လက်ဝါးများမှာ ကောင်းကင်ဘက်သို့ ဦးတည်ပြီးသားပင်။ တောက်ပသည့်အလင်းတန်း ထွက်ပေါ်လာပြီး ရေနဂါးအရိုးမှ ဖန်တီးထားသည့် ကောင်းကင်ရဲဒင်းထွက်ပေါ်လာလေ၏။ ထိုရဲဒင်းမှာ ပြစ်ချက်မရှိ ဖြူဖွေးနေပြီး ရွှေရောင်အနည်းငယ်ရှိကာ ထူးဆန်းသည့်အော်ရာ ထုတ်လွှတ်နေလေသည်။
ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ အော်ရာလဲ .. တောင်ကြားက ‘စီနီယာအစ်ကိုကြီး’ ကတော့ သေချာပေါက်ကို ထိတ်လန့်သွားမည်သာ။ ဤသည်မှာ စိန်ခေါ်မှုတစ်ခုပင်။
တောင်ဂိတ်တံခါးဝထဲတွင် ရှီဟောင်သည် အပြာရောင်ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေခြင်းပင်။ သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး တောင်အောက်ဘက်သို့ ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများမှာ စိုးရိမ်မှုမရှိသကဲ့သို့ ပျော်ရွှင်မှုလည်းမရှိပဲ တည်ငြိမ်နေလေသည်။
သူသည် လက်ရှိတွင် အသက် ၁၈ နှစ်အောက်သာ ရှိသေးသည်။ သူ၏ခန္ဓာကိုယ်မှာပိန်ပါးသေးသွယ်ပြီး သူ၏ဆံပင်နက်များလည်း ကျောထက်တွင် ဖြန့်ကျဲထားလေသည်။ သူ၏ပုံပန်းသွင်ပြင်မှာ လှပလှပြီး သူ၏မျက်လုံးများလည်း တောက်ပနေလေသည်။ သူ့ထံတွင် သတ်ဖြတ်လိုသည့်စွမ်းအင် အနည်းငယ်မျှပင် မရှိပေ။
တောင်အောက်ရှိ လူအားလုံးမှ သူ့အားမြင်လိုက်ရသည်။ အချို့သူများမှာ ထိတ်လန့်တကြားပင် အော်ဟစ်လိုက်လေသည်။
“သူပဲ … အဆင့်လွန်တာအိုရိုးရာက စီနီယာအစ်ကိုကြီး .. သူက တစ်ယောက်တည်းဖြစ်နေတာတောင်မှ တိုက်ပွဲကြီးကို မကြောက်ဘူးပဲ .. သူ အခု ရှုံးတော့မယ်”
ခပ်ဝေးဝေးတွင်ရှိနေသည့် သူများမှာ အလောတကြီးပင် ရောက်လာကြလေသည်။ တိုက်ပွဲမစသေးသောကြောင့် သူတို့ ကံကောင်းသည်ဟု ခံစားနေရလေသည်။ နောက်ဆုံးတွင်တော့ သူတို့သည် တိုက်ပွဲကြီးတစ်ပွဲကို ကိုယ်တိုင် ကြည့်နိုင်ဖို့ အခွင့်အရေး ရနေလေပြီ။
လာကြသည့်သူများမှာ နတ်ဘုရားမကျောင်းတစ်ခုတည်းမှမဟုတ်ပဲ ရှေးဟောင်းလဂူ၊ နတ်ကျောက်ကမ်းပါးကျောင်းနှင့် အခြားကျောင်းများမှ ထူးခြားပါရမီရှိသည့်သူများ ပါဝင်လေသည်။ သူတို့အားလုံးသည် ဤစစ်ပွဲကို လာကြည့်ကြခြင်းပင်။
“ဒီတိုက်ပွဲက သရေကျမယ်ဆိုတာ ငါပြောရဲတယ် .. တစ်ယောက်က အာကာသကလန်ရဲ့ သူရဲကောင်းခြောက်ယောက်ထဲက တစ်ယောက် .. ယုလန်ကနာမည်ကြီးပဲ … စီနီယာအစ်ကိုကြီးကလည်း တော်တော်လေးကို ထူးခြားတယ်”
“မင်း အဲဒီ’စီနီယာအစ်ကိုကြီး’ ကို အဆင့်သတ်မှတ်ထားတာ အရမ်းမြင့်မနေဘူးလား .. အာကာသကလန်ကို ဧကရာဇ်ကလန်လို့ ခေါ်ခဲ့တာလေ .. ယုလန်ဆိုတာကလည်း သူတို့ရဲ့အကောင်းဆုံးထဲက တစ်ယောက် ခွန်မော့ထက် ပိုပြီးတော့ သန်မာတယ် .. အနိုင်ရဖို့အတွက် သူ့စွမ်းအားအကုန်လုံးကိုတောင် သုံးရမှာမဟုတ်ဘူး”
တောင်အောက်တွင် လူများ ပို၍များပြားလာသည်။
“မင်းက အဲဒီအရူးလား” ယုလန်သည် ကောင်းကင်ရဲဒင်းကို မြှောက်ကာ မေးလိုက်သည်။ သူသည် ငွေရောင်စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အဝတ်အစားမှာ ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေလေသည်။
သူသည် အမှန်တကယ်ပင် ချောမောလှပသည်ဟု ပြော၍ရသည်။ သူ၏ခရမ်းရောင်ဆံပင်များမှာ ဖြာကျနေပြီး အသားအရေမှာလည်း ကျောက်စိမ်းကဲ့သို့ပင်။ သူ၏မျက်လုံးများလည်း တောက်ပလှသည်။
သူသည် မြင့်မြတ်သည့်အလင်းတန်းများထုတ်လွှတ်နေသည့် အဖြူရောင်ရေနဂါးပေါ်တွင် ထိုင်နေခြင်းပင်။
ဤမျှချောမောလှသည့် လူငယ်ကျွမ်းကျင်သူတစ်ယောက်မှာ ကျောင်းသူအချို့၏မျက်လုံးများကို တောက်ပလာစေလေသည်။
“တကယ်ကို ဖြောင့်တာပဲ” သူ့ထံမှ ထုတ်လွှတ်သည့် စွမ်းအားကြီးသည့်လှိုင်းတစ်ခုတည်းကပင်လျှင် သူ၏ထူးခြားသည့်ကျင့်ကြံဆင့်ကို သက်သေပြနိုင်လေသည်။
“ဟွမ် .. သူ့နာမည်က မြက်ခင်းပြင်တစ်ခုလုံးကို တုန်လှုပ်ပြီး ဒီနယ်မြေတစ်ခုကို ထိတ်လန့်သွားစေပေမယ့် ယုလန်က တကယ်ချောမောခန့်ညားတယ်လို့ ငါထင်တယ်”
“မင်းရဲ့ အဲဒီစိတ်ဝင်စားနေတဲ့မျက်လုံးတွေကို ရပ်လိုက်တော့ .. သူက ဟွမ်ထက် ဘယ်လိုမှ စွမ်းအားမကြီးနိုင်ဘူး”
လူများစွာမှာ တိုးတိတ်စွာပင် ဆွေးနွေးနေကြလေ၏။
သို့သော် အားလုံးမှာ တောင်ထိပ်ပေါ်တွင် တည်ငြိမ်စွာရပ်နေသည့် လူငယ်လေးကို တွေ့လိုက်ရသည်။
“သူက နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့ ပြောကြတာမလား .. သူက ဘာလို့အဲဒီလောက်တောင် ချောမောခန့်ညားနေရတာလဲ”
လူအများစုမှာ ရှီဟောင်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ အထူးသဖြင့် ထိုကျောင်းသူများသာ။ သူတို့အားလုံးထိတ်လန့်သွားကြလေသည်။ ဤသည်မှာ သူတို့အခုတလော ပြောနေကြသည့် ‘စီနီယာအစ်ကိုကြီး’ လား..
“ငါမင်းကို ပြောနေတာ .. မင်းကြားလား” ယုလန်အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်သည်။
ရှီဟောင်သည် အောက်ဘက်သို့ငုံ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်နေသည့်အသံဖြင့်ပင် “မင်းငါ့ကိုစိန်ခေါ်ချင်ရင် မင်းတက်လာခဲ့လေ”
“မင်းက စိန်ခေါ်ဖို့ထိုက်တန်တဲ့သူလို့ မင်းထင်နေတာလား .. ငါဒီကိုလာတာ မင်းခေါင်းကို ဖြတ်ဖို့ပဲ .. ငါ့အတွက် သေရည် ပြင်ပေးထားတဲ့သူတွေ အများကြီးရှိတယ် .. အဲဒီတော့ မင်းခေါင်းကို ဖြတ်ပြီးရင် ငါ သွားသောက်လိုက်ရုံပဲ” ယုလန်မှ ပြောလိုက်၏။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ပင် တောင်တန်းတစ်လျှောက် မြည်ဟည်းနေလေ၏။
“အထင်ကြီးစရာကောင်းလိုက်တာ .. သူ့ဆီမှာ ရှေးဟောင်းသူရဲကောင်းပုံရိပ်ရှိနေတာပဲ” လူအချို့မှာ အထင်ကြီးစွာပင် သက်ပြင်းချလိုက်လေသည်။
“မင်းအသက်ကို စွန့်လွှတ်လိုက်တော့” ယုလန်အော်ဟစ်လိုက်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ တောင်ထိပ်ပေါ်သို့ တက်သွားလေသည်။
ရေနဂါးမှာ အလွန်ပင် ခွန်အားကြီးလှပြီး တောင်များနှင့် ရှေးဟောင်းဂူထိပ်များကိုပင် စုတ်ဖြဲပစ်နိုင်လေသည်။ ဤသားရဲကြီးမှာ သာမန်မြေပြင်ပေါ်တွင် လမ်းလျှောက်သကဲ့သို့ပင် ချော်ရည်ထဲသို့ ဝင်နိုင်ပြီး မြေအောက်ယင်ကမ္ဘာကြီးထဲသို့လည်း ဝင်နိုင်လေသည်။
ဝုန်း..
ရေနဂါးကြီးသည် မြေပြင်ပေါ်တွင် ရပ်တန့်နေခြင်းမဟုတ်ပဲ လေဟာနယ်တွင် ရပ်နေခြင်းပင်။
“သတ်..”
ယုလန် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် အားလုံး ထိတ်လန့်သွားရသည်။ သူထုတ်လွှတ်သည့်အော်ရာမှာ စွမ်းအားကြီးလွန်းလှသည်။ ဤသည်မှာ သူတို့ကိုပင် တုန်လှုပ်သွားစေလေသည်။
ယခုအချိန်တွင် ယုလန်သည် သူ၏စွမ်းအားအကြီးဆုံးအခြေအနေကို ပြသနေလေသည်။ သူ၏ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် အရိုးစာသားများ လွှမ်းခြုံနေလေသည်။
ထို့အပြင် သူသည် စွမ်းအားအကြီးဆုံး နတ်စွမ်းရည်နှင့် အဖိုးတန်ပညာများကို ပြသနေခြင်းပင်။ သူသည် တစ်ချက်တည်းဖြင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်ပြီး နောက်ပြန်ဆုတ်ရန်မစဉ်းစားထားပေ။
သူသည် စွမ်းအားကြီးသည့်ရန်သူကို သတ်နိုင်သည်ဟု ယုံကြည်နေသောကြောင့် သူသည် ခမ်းနားစွာဖြင့်ပင် အနိုင်ယူလိုခြင်းပင်။
ရှီဟောင်ခေါင်းညိမ့်လိုက်၏။ ဤလူမှာ တကယ်ပင် ထူးခြားလှပြီး ထူးချွန်သည့်ပါရမီရှိသူတစ်ယောက်ဖြစ်ထိုက်သည်။ သာမန်အခြေအနေများတွင်သာဆိုလျှင် သူတို့သေချာပေါက် တစ်ခဏခန့်တော့ တိုက်မည်ပင်။
သို့သော် ဤလူမှာ စိတ်ကြီးဝင်လွန်းနေပြီး တစ်ချက်တည်းဖြင့် သူ၏ခေါင်းကို ဖြတ်ချင်နေလေသည်။ သူ၏နတ်စွမ်းရည်များနှင့် တိုက်ခိုက်နိုင်စွမ်းအားလုံးမှာ စွမ်းအားကြီးသည့်ရိုက်ချက်အဖြစ်သို့ ပေါင်းစည်းသွားခြင်းပင်။
“အဲဒီလိုဆိုမှတော့ မင်းဖြစ်ချင်တဲ့အတိုင်း လုပ်ပေးရတာပေါ့” ရှီဟောင်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
“သွားသေလိုက်တော့” ယုလန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ရေနဂါးထံမှ စွမ်းအားများကို ချေးငှားယူထားသောကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ငွေရောင်ဖြစ်နေသည်။ သားရဲကြီးသည်လည်း ယုလန်၏ စွမ်းအားများကို ချေးငှားထားပြီး သူတို့နှစ်ဦးမှာ တစ်ယောက်တည်းဖြစ်သွားလေသည်။ သူတို့သည် ထိတ်လန့်စရာအကောင်းဆုံး၊ ကြောက်စရာအကောင်းဆုံးစွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေကြလေသည်။
ယုလန် အော်ဟစ်လိုက်သည်နှင့် ထိုရဲဒင်းကြီးသည် လောကကြီးတစ်ခုလုံးကို လင်းထိန်အောင်လုပ်လိုက်လေ၏။ ဤသည်မှာ နတ်နေမင်းကြီးပေါက်ကွဲထွက်တော့မည်နှင့် တူနေသည်။
ချွမ်ဟူသည့်အသံနှင့်အတူ ရှီဟောင်ညာလက်ထဲတွင် ရွှေရောင်လှံတံတစ်ချောင်း ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်လည်း တောက်ပလာကာ လျှပ်စီးကြောင်းများ စီးဆင်းနေလေ၏။ ဤသည်မှာ သူရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသကဲ့သို့ပင်။
စစ်လှံတံမှာ သူ၏လက်ထဲတွင် ရှိနေပြီး သူ၏မျက်လုံးများလည်း လေးနက်နေလေ၏။ ကျယ်လောင်စွာအော်ဟစ်ပြီးသည့်နောက်တွင် သူလည်း လှုပ်ရှားလိုက်လေသည်။
ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် စစ်လှံတံများမှာ လျှပ်စီးများဖြင့် ပြုလုပ်ထားခြင်းပင်။
ဒုန်း..
ထိုအချိန်တွင် စစ်လှံတံကြီးသည် ကောင်းကင်ရဲဒင်းဘေးနားသို့ရောက်သွားပြီး ယုလန်၏ရင်ဘတ်ကို ထုတ်ချင်းဖောက်သွားကာ လေထဲတွင် သွေးများ ပျံ့လွင့်သွားလေသည်။
လောကကြီးတစ်ခုလုံးမှာ တိတ်ဆိတ်သွားသကဲ့ပင်။ အားလုံးမှာ မျက်လုံးများ ပြူးကျယ်နေပြီး သူတို့မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြလေသည်။ သူတို့အားလုံး ထိတ်လန့်နေကြလေ၏။
ယုလန်သည် မည်မျှပင် စွမ်းအားကြီးသနည်း .. သူ၏အော်ရာမှာ အမြင့်ဆုံးသို့ရောက်နေပြီး အဆုံးမရှိသည့် မြင့်မြတ်သည့်အလင်းတန်းများကိုလည်း ထုတ်လွှတ်နေခြင်းပင်။
ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။ ဤနေရာတွင် အချိန်များ ရပ်တန့်နေသကဲ့သို့ပင်။
ရိုက်ချက် တစ်ချက်တည်းဖြင့်ပင် ကျောင်းအစုတ်မှလူငယ်လေးသည် ဧကရာဇ်ကလန်မှ အထူးချွန်ဆုံးလူငယ်တစ်ယောက်ဖြစ်သည့် ယုလန်ကို သတ်လိုက်လေသည်။
လူအားလုံးမှာ ပါးစပ်အဟောင်းသားဖြင့်ပင် ကျောင်းဝသို့ကြည့်လိုက်ကြသည်။
ထိုနေရာတွင် လူငယ်လေးတစ်ယောက်သည် လေထဲတွင်ရပ်နေပြီး သူ၏ရွှေရောင်ဝတ်စုံသည်လည်း တောက်ပနေလေသည်။ သူ၏မျက်လုံးများမှာ တောက်ပနေပြီး သူ၏လက်ထဲတွင်ရှိနေသည့် စစ်လှံတံသည် လေဟာနယ်ထဲတွင် ယုလန်အား ဆွဲချိတ်ထားလေသည်။
ယုလန်၏မျက်လုံးများမှာ အလွန်ပင် ပြူးကျယ်နေပြီး သူ၏ပါးစပ်မှာ သွေးများစီးကျနေလေသည်။ သူသည် ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခုကို ပြောချင်နေလေသည်။
သူသည် ဤသည်ကို လက်မခံနိုင်ပေ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း … သူသည် ဧကရာဇ်ကလန်၏စွမ်းအားအကြီးဆုံးမျိုးဆက်ထဲမှ တစ်ယောက်ပင်။ သူက ဘယ်လိုလုပ် ကျောင်းအစုတ်အပြတ်လေး၏ မျိုးဆက်ကို ရှုံးရမည်နည်း..
“သူ များလား” ထိုအချိန်တွင် သူ၏ခေါင်းထဲရှင်းလင်းလာသည်။ ယခုလေးတင် ဤလူမှာ သူ၏အရိုးစာသားများအားလုံးကို လျစ်လျူရှုကာ အကာအကွယ်များကို ထိုးဖောက်ပြီး သူ့ကိုတစ်ချက်တည်းဖြင့် အဆုံးသတ်ခဲ့လေသည်။
ဒီလိုနည်းလမ်းမျိုးက .. သူက ဟွမ် မဟုတ်ဘူးလား .. ဟွမ်ထံတွင် မှော်စွမ်းအားခုခံနိုင်စွမ်းရှိသည်ဟု ပြောကြလေသည်။
သူသည် ကျန်ရှိနေသေးသည့် အရိုးစာသားများကို အသုံးပြုကာ ရှေးဟောင်းရတနာတစ်ခုကို အသက်သွင်းကာ မသေခင်နောက်ဆုံးတိုက်ခိုက်မှုကို ပြုလုပ်ရန် ကြိုးစားလိုက်သည်။
သို့သော် အားလုံးမှာ နောက်ကျသွားလေပြီ။
ဖူး..
ရှီဟောင်လက်ကို လှုပ်လိုက်သည်နှင့် ရွှေရောင်စစ်လှံတံကြီးတုန်ခါလာပြီး ယုလန်ကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်လေသည်။
အားလုံး တုန်လှုပ်သွားရ၏။ ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားဖြစ်သနည်း .. လှံတံတစ်ခုတည်းဖြင့် အာကာသကလန်၏ စွမ်းအားအကြီးဆုံးမျိုးဆက်ကို သတ်နိုင်သည်။
ထိုအချိန်တွင် ခပ်ဝေးဝေးမှ အသံတစ်သံ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နှက်နေသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
ဤသည်မှာ အာကာသကလန်၏သူရဲကောင်းခြောက်ယောက်ထဲမှ တစ်ယောက်ပင်။ သူသည် ယုလန်ကို ကယ်တင်ရန်အတွက် အပြေးလေး ရောက်လာခြင်းပင်။
ဤလူသည် သတင်းကြားသည်နှင့် ချက်ချင်းလိုက်လာသည်မှာ သိသာသည်။ သို့သော်လည်း သူ ခြေတစ်လှမ်းနောက်ကျသွားလေပြီ။
ထိုအချိန်တွင် ရှီဟောင်လှုပ်ရှားလိုက်လေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး ဤသည်မှာ ရွှေရောင်နတ်မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ပင်။ ရှီဟောင်သည် သူ၏လက်ထဲတွင်ရှိနေသည့် လှံတံကို လှုပ်ရှားလိုက်လေ၏။
ဤသည်မှာ လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာဖြင့် ဖန်တီးထားသည့်လှံတံတစ်ခုပင်။ သင်္ကေတများမှာ အလွန်စွမ်းအားကြီးလှပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်စေနိုင်စွမ်းရှိသ်ည။
ထို့အပြင် သူသည် ခွန်ပန်သင်္ကေတများကိုပင် ပေါင်းထည့်ထားခဲ့ခြင်းပင်။ အဖိုးတန်ပညာနှစ်ခုဖြင့် ဤလှံတံကို ဖန်တီးထားခြင်းပင်။
တစ်စက္ကန့်အတွင်းမှာပင် အပြင်ဘက်အာကာသမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာခဲ့သကဲ့သို့ပင်။ ယခုရောက်လာသည့်လူငယ်လေး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။
ထို့နောက်တွင် လှံတံပေါက်ကွဲသွားပြီး ရွှေရောင်အလင်းများ ထွက်ပေါ်လာလေ၏။ ထိုလူမှာ ချက်ချင်းပင် ပေါက်ကွဲသွားလေ၏။
အားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ မည်ကဲ့သို့သော နတ်ခွန်အားဖြစ်သနည်း .. တောင်ဂိတ်တံခါးဝတွင် လူငယ်လေးသည် အာကာသကလန်မှ စွမ်းအားကြီးသည့် သူရဲကောင်းများကို ဤကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက် သတ်နေလေသည်။
တစ်ခဏခန့် တိတ်ဆိတ်ပြီးသွားသည့်နောက်တွင် ဤနေရာမှာဆူညံသံများဖြင့် ပွက်လောရိုက်သွားလေသည်။