သုခကမ္ဘာက ရှီဟောင် - Chapter - 963
“မြန်မြန် ငါတို့မမှီပဲ နေလိမ့်မယ် .. ဒီတိုက်ပွဲကြီးကို ငါ လက်မလွတ်ချင်ဘူး”
နတ်ဘုရားမကျောင်းမှ အချို့ စစ်သင်္ဘောများထွက်လာလေသည်။ စီးတော်သားရဲအချို့လည်း ဟစ်ကြွေးကြကာ ခပ်ဝေးဝေးသို့ လျင်မြန်စွာ ဦးတည်သွားလိုက်လေသည်။
လူများစွာမှာ အဆင့်လွန်တာအိုရိုးရာသို့ ဦးတည်သွားကြလေ၏။
“အစ်မတို့ မြန်မြန်လုပ်ကြ .. ကျွန်မတို့မရောက်ခင် တိုက်ပွဲပြီးသွားရင် ကျွန်မတို့နောင်တရလိမ့်မယ်” ထူးခြားသည့်သွင်ပြင်ရှိသည့်မိန်းမပျိုလေးများ အတူတကွ လှုပ်ရှားလာကြပြီး လူများစွာ၏ အာရုံကို ဖမ်းစားသွားလေသည်။
“ငါရူးသွားတာလား .. အဲဒီလူတွေက အဆင့်ဝင်တဲ့အလှလေးတွေ မဟုတ်ဘူးလား … သူတို့တောင်မှ မတည်ငြိမ်နိုင်တော့ပဲနဲ့ စစ်ပွဲကို သွားကြည့်ကြတော့မှာလား” လူအုပ်ကြီးမှာ ထိတ်လန့်သွားရသည်။
ယခုအချိန်တွင် နတ်ဘုရားမကျောင်းမှာ အုတ်အော်သောင်းတင်းဖြစ်နေလေ၏။ ထိုသတင်းပျံ့သွားသည်နှင့် လူများစွာမှာ ထိုတောင်သို့ထွက်သွားကြသောကြောင့် ယခုအချိန်တွင် ကျောင်း၌ လူပင်မရှိတော့ပေ။
အမှန်တကယ်တွင် သူတို့သာမက မီးစီရင်စု၊ ခွန်စီရင်စုနှင့် အခြားမျိုးဆက်များလည်း သတင်းကြားသည်နှင့် ရွှေ့ပြောင်းခြင်းအစီအရင်များကို အသက်သွင်းကာ အပြေးလေး ရောက်လာကြလေသည်။
အာကာသကလန်မှ ရုံယု — သူတို့လူမျိုးစု၏လူငယ်မျိုးဆက် .. လူငယ်မျိုးဆက်၏ ကောင်းကင်ပါရမီရှိသူဟူသည့် ဂုဏ်ပုဒ်ကို ရထားသည့်သူတစ်ယောက် … သူ၏နာမည်သည် စီရင်စု ၁၀ ခုကို တုန်လှုပ်စေခဲ့ပြီး သူသည်တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။
ထို့အပြင် ဤအောင်မြင်မှုအားလုံးမှာ သူကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနှင့် မပေါင်းစည်းခင်ကပင်။ ယခုအချိန်တွင် သူ မည်မျှအင်အားကြီးနေမှန်း မည်သူမှ မသိနိုင်ပေ။
ထို့ကြောင့်သာ အားလုံးသည် ဤတိုက်ပွဲကို ကြည့်ချင်နေကြခြင်းပင်။ သူ့ကိုနားလည်နိုင်မည့်အခွင့်အရေးကို မည်သူမျှ လက်မလွတ်ချင်ကြပေ။ စီရင်စုသုံးထောင်ပြိုင်ပွဲတွင် အဆင့်တက်ချင်သည့် ရည်မှန်းချက်ကြီးမားသည့် ထူးခြားပါရမီရှိသူများမှာ သူ့အကြောင်းကို ပိုသိချင်ကြမည်သာ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့လမ်းကြောင်းတွင်ရှိနေသည့် တောင်ကြီးတစ်လုံးပင်။
“ရုံယုက လုံးဝကို အဆင့်တက်သွားပြီလား” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
“သူက တစ်စိတ်တစ်ပိုင်း ပြီးသွားပြီးတော့ ပိုပြီးသန်မာလာပြီ .. သူတစ်ညထဲနဲ့တော့ ရလဒ်ကို မရနိုင်ဘူးပေါ့ .. ဒါက အချိန်ပေးရတဲ့ကိစ္စတစ်ခုပဲလေ .. သူအချိန်ပေးလေလေ ပိုကြောက်စရာကောင်းလာလေဖြစ်မှာ”
ဤအကြောင်းကို ဆွေးနွေးနေကြသည်မှာ ဂိုဏ်းကြီးများမှ ထူးချွန်သည့်သူများဖြစ်သည်မှာ သိသာလှသည်။ သူတို့သည် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးအကြောင်း နားလည်ကြသောကြောင့် ရုံယုကို ကြောက်နေကြခြင်းပင်။
နတ်ဘုရားမကျောင်းမှ အဆင့်လွန်တာအိုရိုးရာသို့သွားသည့်လမ်းတစ်လျှောက်တွင် ကျင့်ကြံသူများစွာကို မြင်နိုင်လေသည်။ အချို့သူများမှာ ကောင်းကင်ထက်မှသွားခြင်းဖြစ်ပြီး အချို့သူများမှာ စစ်ရထားများကို စီးသွားကြလေသည်။ ကောင်းကင်ထက်တွင် ရွေ့လျားနေကြသည့် စစ်သင်္ဘောများပင် ရှိလေသည်။
မသိလျှင် ကောင်းကင်နတ်ဘုရား သို့မဟုတ် ဂိုဏ်းခေါင်းဆောင်များ သူသေကိုယ်သေ တိုက်ခိုက်တော့မည့် တိုက်ပွဲရှိနေသကဲ့သို့ပင်။
ကျင့်ကြံသူများမှာ ဤနေရာသို့ အရှိန်တင်ကာ လာကြသောကြောင့် ဤနေရာသို့ရောက်သည်နှင့် အသက်လုရှူနေရလေသည်။ သူတို့ ဤတိုက်ပွဲကြီးကို မလွတ်သွားသည့်အတွက် စိတ်ထဲတွင် ကျိတ်ပြီးပျော်ရွှင်နေကြလေသည်။
ဤနေရာသို့ ရောက်လာသည့်အချိန်တွင် အားလုံးဆွံ့အသွားရသည်။ ဤနေရာသို့ရောက်ရှိနေသည့် သက်ရှိများမှာ များပြားလှသည်။ လူသား၊ ပန်၊ ဟုန်၊ သစ်ပင်၊ အမွေးအတောင်လူမျိုးနှင့် အခြားလူမျိုးစုများလည်း ရှိကြလေသည်။ လူအုပ်ကြီးမှာ မျက်စိမဆုံးနိုင်အောင် ရှိနေလေ၏။
တောင်ထိပ်များမှာ နေရာကောင်းများဖြစ်သောကြောင့် လူများပြည့်နေလေ၏။
လူသားများ အများဆုံးပင်။ ဤနေရာတွင် လူသားများသည် အဓိကကျသော မျိုးနွယ်စုဖြစ်သောကြောင့် တစ်ဝက်ကျော်မှာ လူသားများပင်။
“တကယ်ကို လူတွေအများကြီးပဲ .. လူကြီးတွေရော ဘာလို့ရှိနေတာလဲ .. သူတို့က ဘယ်ကလာတာလဲ”
“ရှူး .. မင်းအသံလျော့ဦး .. သူတို့တွေက ကျောင်းက အကြီးအကဲတွေ .. သူတို့တွေက နတ်ဘုရားအစစ်နယ်ပယ်ရောက်နေပြီ မင်းသိလား .. မင်းသူတို့ကို နည်းနည်းလေးအမှားလုပ်မိတာနဲ့ မင်းဘဝကြီး ခက်ခဲသွားလိမ့်မယ်”
…
ထို့နောက်တွင် လူများနောက်ထပ်ရောက်လာကြသည်ကို သူတို့တွေ့လိုက်ရသည်။ ထိုလူများအားလုံးမှာ သူတို့နှင့်မရင်းနှီးသည့်သူများဖြစ်ပြီး သူတို့ယခင်က တစ်ခါမှ မတွေ့ဖူးပေ။
“ဒါက ဂျောင်းတု လူမျိုးစု ..သူတို့က ဒီနေရာနဲ့ စီရင်စုနှစ်ခုဝေးတယ် .. အဲဒါကိုတောင်မှ ကျွမ်းကျင်သူတစ်အုပ်စုရောက်လာတယ်ဆိုတော့ တစ်ယောက်ယောက်က ယဇ်ပုလ္လင်ကနေ သတင်းပါးလိုက်တာ သေချာတယ် .. အဲဒါကြောင့်မို့လို့ သူတို့ ရွှေ့ပြောင်းခြင်းအစီအရင်ကို သုံးပြီး မြန်မြန်ရောက်လာကြတာ”
ခုံးကောင်အခွံရှိသည့် သက်ရှိများလည်းရှိနေလေသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်များမှာ နဂါးနှင့်တူကာ ကြောက်စရာကောင်းသည့်အော်ရာကို ထုတ်လွှတ်နေလေသည်။ သူတို့သည် အလွန်ပင်စွမ်းအားကြီးကြ၏။ အထူးသဖြင့် နဂါးအော်ရာအနည်းငယ်ကို ထုတ်လွှတ်နေသည့် တစ်ယောက်ပင်။
“ထူးခြားပါရမီရှိတဲ့သူ .. ဂျောင်းတုလူမျိုးစုရဲ့ လူငယ်အဆင့်လွန်ကျွမ်းကျင်သူလည်းလာတယ်” အားလုံးထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ဝုန်း..
ထိုအချိန်တွင် လေဟာနယ်အက်ကွဲသွားပြီး သက်ရှိတစ်အုပ်စု ထွက်လာလေ၏။ သူတို့အားလုံး၏ အော်ရာမှာ ထူးခြားလှပြီး နတ်အလင်းများကို ထုတ်လွှတ်နေကာ သူတို့အနားတွင် အရိုးစာသားများလည်း လှည့်ပတ်နေလေသည်။
“နတ်ဆိုးလိပ်ပြာ”
ထိုသက်ရှိများပေါ်လာသည်နှင့် သူတို့ကို မှတ်မိသွားသည့်သူများ ရှိလေသည်။
သူတို့ခန္ဓာကိုယ်မှာ တစ်မီတာ နှစ်မီတာခန့်သာရှိပြီး အစင်းကြောင်းများဖုံးလွှမ်းနေကာ တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်နေပြီး အခြားသူများကို ကြောက်ရွံ့စေသည့်ခံစားချက်များ ပေးနေလေသည်။
သန့်စင်သည့် နတ်ဆိုးလိပ်ပြာများမှာ အရွယ်ရောက်သည်နှင့် သူတို့အတောင်ပံများကို လှုပ်ခတ်လိုက်သည်နှင့် ကောင်းကင်တွင် အက်ကွဲကြောင်းများ ထောင်ပေါင်းများစွာ ဖြစ်ပေါ်လာနိုင်လေသည်။ သူတို့သည် အလွန်ပင် စွမ်းအားကြီးလှ၏။
နတ်ဆိုးလိပ်ပြာများ ၁၀ ကောင်ကျော်ရောက်လာသော်လည်း သူတို့ထဲတွင် ထူးခြားသည့်သူများ မပါပေ။ သူတို့ခန္ဓာကိုယ်များ တောက်ပနေရုံသာမက ဦးခေါင်းထက်တွင် ကြောက်စရာကောင်းသည့် ဦးချိုတစ်ချောင်းလည်း ပါရှိလေသည်။ ထို့အပြင်သူတို့ခန္ဓာကိုယ်အနောက်ပိုင်းတွင် ဖီးနှစ်အမွေးအတောင်အနည်းငယ်ပါရှိေ။
အားလုံး အံ့အားသင့်သွားရ၏။ ဒါက နတ်ဆိုးလိပ်ပြာရော ဟုတ်သေးရဲ့လား…
“မြင့်မြတ်တဲ့ သွေးမျိုးဆက်ရှိတဲ့ အသွင်ပြောင်း နတ်ဆိုးလိပ်ပြာ … သူက စွမ်းအားအကြီးဆုံး ထူးခြားပါရမီရှိတဲ့သူလို့လည်း ပြောကြတယ် … ငါတို့ ဒီလိုမျိုး ထူးခြားတဲ့ နတ်ဆိုးလိပ်ပြာကို မြင်ခဲ့တာလား”
အားလုံးသက်ပြင်းချလိုက်ကြ၏။
ဤလူမျိုးစုမှာ အလွန်ပင် စွမ်းအားကြီးလှသည်။ သူတို့သည် သတင်းရသည်နှင့် ဤနေရာသို့ အပြေးလေး ရောက်လာလေသည်။
ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်။ တိုက်ပွဲမှာ မစသေးသော်လည်း စွမ်းအားကြီးသည့်သက်ရှိများ ရောက်နေလေပြီ။
အာကာသကလန်မှ ကျွမ်းကျင်သူများလည်း ရောက်နေလေပြီ။ သူတို့သည် အညှာအတာမဲ့စွာပင် တောင်ဂိတ်တံခါးဝအား စိုက်ကြည့်နေကြလေသည်။
“ရုံယု ဘယ်မှာလဲ .. သူက ဘယ်တစ်ယောက်လဲ .. သူက တော်တော်ထူးခြားတယ်လို့ ငါ ကြားဖူးတယ် .. သူက တကယ်ပဲ ဘယ်လိုပုံစံမျိုးလဲ”
လူများစွာမှာစိတ်ဝင်စားနေကြသော်လည်း ရုံယုကို မမှတ်မိကြပေ။
“ဟမ် ရုံယုက ဘယ်မှာလဲ .. ဒီလူအုပ်ထဲမှ သူမရှိသလိုပဲ” အချို့လူများမှာ သံသယဝင်လာကြလေ၏။
“အဲဒီမိန်းကလေးက ဘယ်သူလဲ .. သူက ဘာလို့ အဲဒီလောက်တောင် လှနေတာလဲ .. သူ့အလှက ရင်သပ်ရှုမောစရာကောင်းတယ်” အာကာသကလန်မှ ယွမ်ရှီးကို တွေ့လိုက်ရသည့် လူအချို့မှ ပြောလိုက်ကြသည်။
သူမသည် ထူးခြားလွန်းလှသောကြောင့် လူအာရုံစိုက်ခံရသည်ကို မကြိုက်ဘူးဆိုလျှင်ပင် ဤသည်ကို ရှောင်လွှဲ၍ရမည်မဟုတ်ပေ။ သူမသည် ရှည်လျားသွယ်လှပြီး သူမ၏ခရမ်းရောင်ဆံပင်များမှာ နူးညံ့လှပြီး သူမခါးနားထိသို့ ဖြာကျနေလေသည်။
သူမ၏အသားအရေမှာ နူးညံ့လှပြီး မျက်ဝန်းများမှာ ဆောင်းဦးရေကဲ့သို့ ကြည်လင်လှသည်။ သူမ၏မျက်တောင်မွှေးများမှာ ရှည်လျားလှပြီး နှုတ်ခမ်းများလည်း နီရဲနေလေသည်။ သူမ၏မျက်နှာထက်တွင် အပြုံးတစ်ခု ရှိမနေသော်လည်း သူမ၏သွင်ပြင်မှာ လူများစွာကို စိတ်လှုပ်ရှားအောင် လုပ်နိုင်နေဆဲပင်။
“သူက အာကာသကလန်က ယွမ်ရှီးလို့ခေါ်တဲ့ မိန်းမပျိုလေး … သူက အဆင့်နိမ့်နယ်မြေက လာတယ်လို့ ပြောကြတယ် .. အခု သူက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနဲ့ ပေါင်းစပ်ပြီးသွားပြီ .. သူက ဂိုဏ်းရဲ့အတောက်ပဆုံးပုလဲလုံးလေး တစ်လုံး ဖြစ်လာတော့မှာ”
အတွင်းသတင်းများကို သိနေသည့်သူအချို့မှ ပြောလိုက်ကြသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးသက်ပြင်းချလိုက်ကြသည်။ အာကာသကလန်မှပုလဲလုံးလေး .. ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနှင့် ပေါင်းစည်းထားသောသူဖြစ်သောကြောင့် အပြင်လူများ သူမကို မေ့လိုက်၍ရပြီ။ သူမကို ကလန်အပြင်မှ လက်ထပ်ခွင့်ပြုကြမည်မဟုတ်ပေ။
အထူးသဖြင့် ကလန်တွင် ရုံယုကဲ့သို့သော စွမ်းအားကြီးသည့် အဆင့်လွန်လူငယ်လေးရှိနေသည်။ ကလန်မှ စွမ်းအားကြီးသည့်သွေးမျိုးဆက်ကို အလေးထားပါက သူတို့သည် ဤနှစ်ယောက်ကို တွဲပေးရန် ကြိုးစားကြမည်သာ။
အူး..
ကောင်းကင်ဝံပုလွေများ အူလိုက်ကြလေ၏။ ထို့နောက်တွင် အရှေ့ဘက်မှ ရွှေရောင်ဝဲကတော့တစ်ခု ပေါ်လာပြီး ရှေးဟောင်းသစ်ပင်များကို တစ်စစီဖြစ်အောင်လုပ်ပြီး ကျောက်တုံးကြီးများကိုလည်း လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။
ဤသည်မှာ တောင်ကြောကို ဖျက်ဆီးနေခြင်းပင်။ ထိုဝဲကတော့နှင့်အတူ ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ပါလာလေသည်။ နောက်ဆုံးတွင် ရွှေရောင်ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ဤပုံရိပ်မှာ ရွှေရောင်ဆံပင်ရှိပြီး သူ၏မျက်လုံးများလည်း သိမ်းငှက်ကဲ့သို့ပင် စူးရှလှကာ သူ၏အော်ရာမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။
“မီးစီရင်စုမြက်ခင်းပြင်က ထူးခြားပါရမီရှိတဲ့ ရွှေရောင်ဝံပုလွေ” တစ်စုံတစ်ယောက်မှာ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။
ဝုန်း..
အခြားတစ်ဖက်တွင် ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်လာလေသည်။ ကျောထက်တွင် နတ်ဓားတစ်ချောင်းလွယ်ထားသည့် အလွန်ပင်အေးစက်ကာ ကျက်သရေရှိလှသည့်အမျိုးသမီးတစ်ဦး လေဟာနယ်ထဲမှ ထွက်လာလေသည်။ သူမသည် နယ်မြေပျက်စီးခြင်းသင်္ကေတကို အသုံးပြုခဲ့ခြင်းပင်။
ဤသည်မှာ အားလုံးကိုထိတ်လန့်သွားစေသည်။ နယ်မြေပျက်စီးခြင်းသင်္ကေတသည် လေဟာနယ်ပျက်စီးခြင်းသင်္ကေတနှင့် နယ်ပယ်ပျက်စီးခြင်းသင်္ကေတကြားတွင် ရှိနေခြင်းပင်။ ဤသည်မှာ အလွန်ပင် အဖိုးတန်လှပြီး စီရင်စုများကို ဖြတ်သန်းသွားလာစေနိုင်လေသည်။
ဒါက ဘယ်သူလဲ .. ဒီတိုက်ပွဲကို လာကြည့်ဖို့အတွက်နဲ့ သူမက ဒီလိုမျိုးအဖိုးတန်သင်္ကေတကို သုံးလိုက်တယ် …
“သူက ဓားနန်းတော်က မြင့်မြတ်သည့်မိန်းမပျိုပဲ .. သူ့ရဲ့ဓားကြောင့် နာမည်ကြီးတယ် .. သူက စီရင်စု၁၀ ခုမှာ ပြိုင်ဘက်ကင်းတယ်”
ထို့နောက်တွင် အသက် ၂၀ စွန်းစွန်းလောက်သာရှိသေးသည့် အနီရောင်ဆံပင်နှင့်လူငယ်တစ်ယောက် ရောက်လာလေသည်။ သူ၏ကျောဘက်တွင် အတောင်ပံတစ်စုံရှိနေပြီး သူ့တစ်ကိုယ်လုံးမှာ အနီရောင်အလင်းတန်းများ တောက်ပနေလေသည်။ ဤသည်မှာ ကြောက်စရာကောင်းလှသည့် ရန်လိုသည့်သွေးအော်ရာပင်။
ဤလူကို တစ်ချက်ကြည့်လိုက်သည်နှင့် သူသည် ငရဲမှလာသကဲ့သို့ပင်။ ဤသည်မှာ ထိုနေရာတွင်ရှိနေသည့်သူများကို ကြက်သီးထသွားစေသည်။
“ဒါက သွေးပင်လယ်က သခင်လေးပဲ .. အဲဒီစီရင်စုက နတ်ဘုရားမစီရင်စုနဲ့ အနည်းဆုံး စီရင်စု တစ်ရာဝေးတယ် .. သူက ဘာလို့လာတာလဲ” အကြီးအကဲတစ်ယောက်မှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မီးစီရင်စုမှာ နတ်ပစ္စည်းတွေအများကြီးရှိတယ် .. ပြီးတော့ ရှေးဟောင်းမီးတောက်တွေလည်းရှိတယ်လေ .. သူ့ကိုယ်သူတိုးတက်အောင်လုပ်ဖို့အတွက်လာရင်း ဒီတိုက်ပွဲနဲ့ လမ်းကြုံသွားတာနေမှာပေါ့” အခြားအကြီးအကဲတစ်ဦးမှ ပြောလိုက်သည်။
ထို့နောက်တွင် သူတို့ဘေးမှလူများထံသို့ လှည့်လိုက်ပြီး ဤလူအားလုံးမှာ ဂျီးနီးယပ်စ်များဖြစ်ပြီး စီရင်စုသုံးထောင်ပြိုင်ပွဲတွင် တောက်ပလာမည့်သူများဖြစ်သည်ဟု ပြောကြလေသည်။
“ရုံယုကို ပြိုင်ဘက်လို့သတ်မှတ်ပြီး သူ့ကိုလာလေ့လာတဲ့သူတွေအားလုံးက စွမ်းအားကြီးတဲ့သူတွေချည်းပဲ”
ရွှေရောင်ဝံပုလွေ၊ နတ်ဆိုးလိပ်ပြာ၊ ဓားနန်းတော်မှမြင့်မြတ်သောမိန်းမပျို၊ သွေးပင်လယ်သခင်လေး .. အားလုံးမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ကျွမ်းကျင်သူများပင်။ သူတို့၏သက်ဆိုင်ရာနယ်ပယ်တွင် ထိပ်ဆုံးသို့ရောက်နေသူများပင်။
ထိုသူများအပြင် နတ်ချောက်ကမ်းပါးကျောင်းမှ မုကျီရှောင်းနှင့် ကျိုးရှောင်တိ၊ နတ်ဘုရားမကျောင်းမှ ဖုန်းဝူ၊ ချင်းရီနှင့် အခြားသူများလည်း ရှိနေလေသည်။
“ရုံယုက ဟိုမှာ…”
အချိန်မည်မျှကြာသွားမှန်း မသိတော့သည့်အချိန်တွင် တောင်ဂိတ်တံခါးမှာ တစ်ခုခုထူးဆန်းနေမှန်း အားလုံးသတိပြုမိလိုက်သည်။ ကြောက်စရာကောင်းသည့်အော်ရာများလည်း အပြင်ဘက်သို့ ပျံ့လွင့်နေလေ၏။
ထိုအချိန်မှသာ မြက်ခင်းပြင်တွင် မည်သည့်အချိန်ကတည်းကရှိနေမှန်း မသိသည့်ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေ၏။ သူသည် အပျက်အစီးများကြားတွင် ရပ်နေခြင်းပင်။
ဤသည်မှာ ရုံယုပင်။
“တိုက်ခိုက်ဖို့အတွက် ထွက်လာခဲ့” ရုံယု၏အသံမှာ သံလိုက်ဓာတ်တစ်မျိုးရှိနေပြီး အေးစက်မှုလည်း အနည်းငယ်ရှိနေလေသည်။
ဝုန်း..
တာအိုရိုးရာအတွင်းတွင် များပြားလှသည့် ကျောက်တုံးကြီးများမှာ ပေါက်ကွဲနေပြီး အမှိုက်များလည်း လေထဲသို့ လွင့်တက်နေလေသည်။ ထိုနေရာတွင် အလွန်ပင် ကြောက်စရာကောင်းသည့် နယ်မြေတစ်ခု ဖြစ်ပေါ်လာလေ၏။
ရုံယုသည် ဤမျှအလေးအနက်ထားနေသောကြောင့် အားလုံးထိတ်လန့်သွားရသည်။ သူသည် ဤကျဆင်းနေသည့်မျိုးဆက်အတွက် အားကုန်သုံးကာ တိုက်ခိုက်တော့မလို့လား…
‘စီနီယာအစ်ကိုကြီး’သည် အထင်ကြီးစရာကောင်းကာ ထူးခြားသည့်သူဟု ပြော၍ရသော်လည်း ရုံယုမှာ ပို၍စွမ်းအားကြီးသည်ဟု သူတို့ခံစားနေဆဲပင်။
သို့သော် ယခုမြင်ကွင်းမှာ အားလုံးကို လေးနက်သွားစေလေ၏။ ဒါက .. ကျားနဲ့နဂါးကြားက တိုက်ပွဲလား..
“ဒီ ‘စီနီယာအစ်ကိုကြီး’ က ရုံယု ဒီလိုမျိုး လုပ်ရလောက်အောင်ထိ စွမ်းအားကြီးတယ်လို့တော့ ငါ့ကိုလာမပြောနဲ့နော် .. ဒါက နည်းနည်းတော့ ရယ်ချင်စရာကောင်းနေသလိုပဲ…”
“ဒါက နည်းနည်းတော့ လက်မခံချင်စရာကောင်းတယ်.. သူကဘာလို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ”
အခြားသူများလည်း လှောင်ပြောင်လိုက်ကြလေသည်။ “မင်းတို့အားလုံး ဘာနားလည်လို့လဲ ..ဒါက ရုံယုလုပ်နေကျပုံစံပဲ .. ကျားတစ်ကောင်က ယုန်တစ်ကောင်ကို အမဲလိုက်ဖို့အတွက် အားကုန်ကြိုးစားကြတယ် .. သူက ရန်သူကို ဘယ်တော့မှ မထင်မသေးသလို လက်လွတ်စပယ်လည်း မလုပ်ဘူး”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လူများစွာမှာ သက်သာရာရသွားကြလေ၏။ ရုံယုမှာ တကယ်ပင် ကျားတစ်ကောင်ပင်။ ပြောရမည်ဆိုလျှင် ဤ ‘စီနီယာအစ်ကိုကြီး’ မှာ ပို၍အားနည်းသင့်သည်ဟု ယုံကြည်ထားကြခြင်းပင်။
ရှင်းလင်းသည့်ခြေသံများ ထွက်ပေါ်လာပြီး ချောမောလှပသည့်လူငယ်လေးတစ်ယောက် ထွက်ပေါ်လာလေ၏။ လူများစွာမှာ ဤ’စီနီယာအစ်ကိုကြီး’ ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ ဤလူမှာ အလွန်ပင်ငယ်ရွယ်လွန်းလှသောကြောင့် သူတို့အားလုံး ထိတ်လန့်သွားကြလေသည်။
အချို့ထူးခြားပါရမီရှိသူများနှင့်ယှဉ်လျှင် ဤလူငယ်လေးမှာ အသက် ၁၈ ပင်မပြည့်သေးပေ။ သူ၏မျက်လုံးများမှာ အလွန်ပင်သန့်စင်လွန်းလှပြီး သလင်းကျောက်ကဲ့သို့ပင် ကြည်လင်လှသည်။
သို့သော် မည်သူမျှ သူ့ကို အထင်မသေးရဲပေ။ အာကာသကလန်မှ ယုလန်ကို လှံတံတစ်ချက်တည်းဖြင့် သတ်နိုင်သောကြောင့် သူ့ထံတွင် ကြောက်စရာကောင်းသည့်စွမ်းအားရှိနေမည်သာ။
“ဒီမှာပဲ” ရှီဟောင်ပြောလိုက်သည်။ သူခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားကာ ခပ်ဝေးဝေးရှိတောင်ထိပ်တွင် ပေါ်လာလေသည်။ တိုက်ပွဲကြောင့် အဆင့်လွန်တာအိုရိုးရာပျက်စီးသွားမည်ကို သူ မလိုလားပေ။
ဝုန်း…
ရုံယုသည် ရှီဟောင်နောက်သို့ လိုက်သွားပြီး လှုပ်ရှားလိုက်လေသည်။ သူ အချိန်မဖြုန်းချင်တော့ပေ။ သူ၏လက်ဝါးတောက်ပလာကာ ရောင်စုံနတ်အလင်းတန်းငါးတန်း ထွက်ပေါ်လာလေ၏။ အလင်းတန်းတစ်ခုစီမှာ တောင်ကြောတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ယခုအချိန်တွင် လေဟာနယ်ပင်လျှင် ကန့်သတ်နယ်မြေဖြစ်သွားလေသည်။ နတ်အလင်းရောင်များထုတ်လွှတ်ထားသည့် တောင်ကြောငါးခုသာ ကောင်းကင်ထက်မှ ဆင်းသက်လာလေ၏။
ဤသည်မှာ အနောက်ဘက်ဂိုဏ်းမှ မူလခံလာသည့် တောင်ငါးလုံးတံဆိပ် နတ်စွမ်းရည်ပင်။ သူ ဤပညာကို သုံးလိမ့်မည်ဟု မထင်ထားသောကြောင့် အားလုံးအံ့အားသင့်နေကြလေသည်။
ဤနတ်စွမ်းရည်ကို အသုံးပြုရန်အတွက် မြေဒြပ်စင်၏ထူးဆန်းနက်နဲမှုကို နားလည်ရန်လိုအပ်သကဲ့သို့ လေဟာနယ်ဥပဒေသများကိုလည်း နားလည်ရန် လိုအပ်လေသည်။ ထိုမှသာ နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သည့် တောင်များ ဖြစ်ပေါ်လာမည်သာ။
တောင်များ ဆင်းသက်လာလျှင် လူတစ်ယောက်တည်းမပြောနှင့် ကျင့်ကြံသူ တစ်သောင်းပင်လျှင် ဖိနှိပ်ပြီး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး အသတ်ခံရမည်သာ။
ဒုန်း..
နတ်အလင်းတန်းတစ်ခုကောင်းကင်ထက်သို့ တက်သွားကာ တောင်ငါးလုံးမှာ တစ်စစီဖြစ်သွားလေ၏။ အဆင့်လွန်တာအိုရိုးရာမှ လူငယ်လေးသည် လက်သီးတစ်ဖက်ကို ကောင်းကင်ထက်သို့ မြှောက်ထားပြီး ထိုနေရာတွင် ရပ်နေလေသည်။
ကြောက်စရာကောင်းလိုက်တာ .. ဤသည်မှာ အားလုံး၏စိတ်ထဲတွင် တွေးနေသည့်အရာပင်။
သူ မည်မျှသန်မာသည်ကို သူတို့အားလုံးသိကြသော်လည်း ဤမျှအထင်ကြီးစရာကောင်းလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ အခြားသူများသာ တောင်ငါးလုံးတံဆိပ်ကို ချိုးဖျက်လိုပါက သူတို့အားလုံးသည် အရိုးစာသားနှင့် လျှို့ဝှက်ပညာများကို အသုံးပြုရမည်သာ။ သို့သော် ဤလူငယ်လေးသည် လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့လေသည်။
အူဝူး…
သားရဲပေါင်း တစ်သောင်း အော်ဟစ်လိုက်ကြကာ သူတို့၏အသံများမှာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်လေသည်။ ကျင့်ကြံသူများစွာမှာ သူတို့၏ဝိဉာဉ်များတုန်လှုပ်သွားသည်အထိ ထိတ်လန့်သွားကြသည်။ ဤသည်မှာခုခံနိုင်ရန် ခက်ခဲလွန်းသည့် ဖိအားတစ်ခုပင်။
ရုံယု လှုပ်ရှားလိုက်လေ၏။ သူ၏လက်သီးကို ဝေ့ရမ်းလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးတွင် အလင်းရောင်များဖုံးလွှမ်းသွားလေ၏။ သားရဲပုံရိပ်များမှာ နေရာတိုင်းတွင်ရှိနေပြီး ကောင်းကင်ကြီးကို ဖုံးလွှမ်းနေပြီး နေမင်းကိုပင် ပိတ်ကာထားလေသည်။ သူ၏အော်ရာမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် စွမ်းအားကြီးလွန်းလှသည်။
“သားရဲတစ်သောင်းလက်သီးချက်”
အချို့အကြီးအကဲများပင်လျှင် အနည်းငယ်လှုပ်ရှားသွားကြသည်။ ရုံယု နားလည်ထားသည့် လျှို့ဝှက်ပညာမှာ ထူးခြားလှသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းလက်သီးပညာဟု သိထားကြသည့် သားရဲပင်လယ်၏ပညာတစ်ခုပင်။
ယခုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၌ သားရဲတစ်သောင်း၏ဟစ်ကြွေးသံများထွက်ပေါ်လာလေ၏။ ထိုသားရဲများထဲတွင် ဖီရှူး၊ ကျားဖြူ၊ ရာကျီသာမက နဂါးအစစ်၊ ချီလင်းနှင့် အလွန်ကြောက်စရာကောင်းသည့် သားရဲများလည်း ပါရှိလေသည်။
သားရဲတစ်သောင်းလှုပ်ရှားလာသည်နှင့် ကောင်းကင်နှင့်မြေကြီးကိုပင် ပြိုကွဲသွားစေနိုင်သည့် သက်ရောက်မှုများဖြစ်ပေါ်လာစေလေသည်။
သို့သော် လုံးဝမထင်ထားသည့်ကိစ္စမှာ ရှီဟောင်သည် ထိုနေရာတွင်သာ အကြောက်အလန့်ကင်းမဲ့စွာရပ်နေပြီး သားရဲတစ်သောင်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေလေသည်။
ရုံယု၏မျက်ဝန်းတွင် နတ်အလင်းတန်းများ ထွက်ပေါ်လာလေ၏။ သူ မျက်မှောင်ကြုတ်သွားရသည်။ ရှီဟောင်ထံတွင် မှော်စွမ်းအား ခုခံနိုင်စွမ်းရှိသည်ကို သိနေသောကြောင့် သူသည် အစက ရှီဟောင်ကိုအဝေးကနေ တိုက်ခိုက်ဖို့ စီစဉ်ထားခြင်းပင်။
သူသည် ဤ ‘စီနီယာအစ်ကိုကြီး’ကို လေ့ကျင့်သည့်ပစ်မှတ်အဖြစ် အသုံးပြုလိုခြင်းပင်။ သို့သော် သူသည် ဤလူကို ဘာမှမလုပ်နိုင်ပဲဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့နောက်တွင် ရုံယုသည် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ပင် တောင်များကိုစုတ်ဖြဲပစ်ကာ တောင်ထိပ်နှစ်ပိုင်းကို ဘေးဘက်သို့ ပစ်လွှတ်လိုက်ကာ ရှီဟောင်ကို လေထဲတွင် ကန်လိုက်လေသည်။
အားလုံး၏အသက်ရှူသံများ ရပ်တန့်သွားရသည်။ ဤသည်မှာ မည်ကဲ့သို့သော နတ်ခွန်အားဖြစ်သနည်း… တောင်ထိပ်တစ်ခုကို စုတ်ဖြဲလိုက်သည်မှာ စာရွက်တစ်ရွက်ကို ဖြဲလိုက်သကဲ့သို့ပင်။
ဝုန်း…
လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး နှစ်ဘက်လုံးမှ လက်သီးတံဆိပ်များကို ပြုလုပ်လိုက်ကြလေသည်။
“သွေး..”
“အခုမှ စတိုက်တာကို တစ်ယောက်ယောက်က သွေးထွက်သွားပြီ..”
ဤသည်မှာ အလွန်ပင် ပြင်းထန်လှသည့် တိုက်ပွဲပင်။ မကြာမီတွင် ဘယ်သူသေပြီး ဘယ်သူအနိုင်ရမည်ကို ဆုံးဖြတ်ရတော့မည်လား..