သုခကမ္ဘာက ရှီဟောင် - Chapter - 965 ဒီတစ်ယောက်က ဟွမ်ပဲ
ဤနေရာတွင် အရိုးစာသားများ သိပ်သည်းစွာ ဖုံးလွှမ်းနေပြီး အတိဒုက္ခလျှပ်စီးများမှာလည်း ကြယ်တာယာစမ်းချောင်းများကဲ့သို့ပင် ရုံယုထံသို့ ကျဆင်းလာလေ၏။ ဤသည်မှာ ကောင်းကင်မှ အပြစ်ပေးခြင်းပင်။
“ကောင်းကင်ရဲ့တံဆိပ်…”
ရုံယု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ခံစားချက်မကောင်းသဖြင့် အာကာသကလန်၏ ကန့်သတ်ထားသည့်အဖိုးတန်ပညာကို နောက်တစ်ကြိမ်အသုံးပြုလိုက်သည်။ သူ၏လက်များ ပေါင်းစည်းသွားပြီး အဆုံးမရှိသည့် သင်္ကေတများကို ဖန်တီးလိုက်လေသည်။ ထိုသင်္ကေတများမှာ ပင်လယ်တစ်စင်းကဲ့သို့ပင် သူ့ကို ဝန်းရံနေလေ၏။
ဖုန်း..
ဤနေရာတစ်ခုလုံးကို အရိုးစာသားများဖုံးလွှမ်းသွားပြီး ဘာမှမမြင်ရတော့ပေ။
အောက်ဘက်တွင် အချို့တောင်များမှာ နှင်းကဲ့သို့ပင် အရေပျော်သွားပြီး လျင်မြန်စွာပင် ပျောက်ကွယ်သွားလေ၏။ အဖိုးတန်ပညာများအောက်တွင် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ကြည့်နေကြသည့်သူအားလုံးမှာ ကျောချမ်းသွားပြီး အနောက်တစ်လှမ်းဆုတ်သွားကြလေသည်။ ဤသည်မှာ မည်ကဲ့သို့သော ကောင်းကင်ခွန်အားဖြစ်သနည်း .. သူတို့အားလုံးမှာ အဆင့်လွန်ကျွမ်းကျင်သူအဆင့်သာ ဖြစ်သော်လည်း ဘယ်နှယောက်ကများ ဤကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း..
ဝုန်း..
ဤနေရာတစ်ခုလုံးတုန်ခါနေပြီး လေဟာနယ်ပင် မှုန်ဝါးနေလေ၏။ အရာအားလုံးမှာ ပေါက်ကွဲတော့မတတ်ပင်။
အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့် အရှေ့ဘက်သို့ အေးစက်စွာ စိုက်ကြည့်နေသည့် ရုံယုကို တွေ့လိုက်ရသည်။ သူ၏လက်မှာသွေးများ စီးကျနေလေ၏။ ယခင်က ဒဏ်ရာရဖူးထားသည့်လက်ပင်။
တိုက်ခိုက်မှုကြီး ကြုံတွေ့ပြီးသည့်နောက်တွင် ထိုဒဏ်ရာမှာ ထပ်မံဟက်တက်ကွဲသွားပြီး ပြန်မကောင်းနိုင်တော့ပေ။ နီရဲနေသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး သွေးထဲမှ နတ်ဆိုးအားများလည်း ထွက်ပေါ်လာလေသည်။
ရှီဟောင်မှာ တည်ငြိမ်နေပြီး သူ၏ခန္ဓာကိုယ်လည်း အဆင်ပြေသည်။ သို့သော်လည်း သူ၏ စိတ်ထဲတွင် ထိတ်လန့်နေခြင်းပင်။ ဤသည်မှာ အရိုးအပိုင်းအစတွင် မှတ်တမ်းတင်ထားသည့် အဖိုးတန်ပညာကို သူအသုံးပြုလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် ဤပညာကို ကျင့်ကြံ၍မပြီးသေးသောကြောင့် စွမ်းအားအကုန်လုံးကို ပြ၍ မရသေးပေ။
ဤပညာကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံပြီးသွားပါက ဤသည်ကို ကောင်းကင်လက်ဟုပင် ခေါ်နိုင်သည်။
သူသည် အာကာသကလန်၏ ထာဝရသံစဉ်ကို အသုံးပြုကာ တာအိုများကို နားလည်အောင်လုပ်သည့်အချိန်တွင် ဤအဖိုးတန်ပညာ၏ စာသားများမှာ သူ၏အသွေးအသားထဲတွင် နောက်တစ်ကြိမ်ပြန်ပေါ်လာသော်လည်း အချို့အရိုးစာသားများမှာ မှုန်ဝါးနေဆဲပင်ဖြစ်ပြီး သူ အကုန်လုံးကို နားမလည်လိုက်ပေ။ သူ အချိန်လိုအပ်သည်။
“နှမြောစရာပဲ နည်းနည်းလေးလိုသေးတယ် .. မဟုတ်ရင် ရုံယုရဲ့ခန္ဓာကိုယ်ကို တစ်စစီဖြစ်အောင် လုပ်ပြီးသွားလောက်ပြီ”
တစ်ဖက်လူကို အထင်သေးမိမှန်း ရှီဟောင် ဝန်ခံရသည်။ သူသည် အာကာသကလန်၏ ထူးခြားပါရမီရှိသည့်သူ ဖြစ်ထိုက်ပါပေသည်။ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနှင့် ပေါင်းစည်းပြီးသည့်နောက်တွင် သူသည် ကြောက်စရာကောင်းသည့်ရန်သူတစ်ယောက် ဖြစ်လာလေပြီ။
အမှန်တကယ်တွင် ရုံယုသည်လည်း အတော်လေး လန့်သွားသည်သာ။ ဤသည်မှာ ကျောင်းအစုတ်အပြတ်လေးသာဖြစ်သော်လည်း ဤကျောင်းတွင် အဘယ်ကြောင့် ဤကဲ့သို့သော မျိုးဆက်ရှိနေသနည်း..
ဤလူငယ်လေးကို ရင်ဆိုင်ရန် ခက်ခဲလှသည်။ သူ၏ညာလက်ရှိ ဒဏ်ရာမှာ ကုသရန်ခက်ခဲလေသည်။
အားလုံးမှာ တိတ်ဆိတ်နေလေ၏။ ဤသည်မှာ သူတို့ထင်ထားသည်ထက် ပိုနေသည်။ ဤကျောင်းအစုတ်အပြတ်မှ လူငယ်လေးမှာ စွမ်းအားကြီးလှပြီး ဧကရာဇ်ကလန်၏ နံပါတ် ၁ အဆင့်လွန်လူငယ်ပင်လျှင် သူ့ကို မဖိနှိပ်နိုင်ပေ။
“တော်ပြီ .. ဒီမှာပဲ အဆုံးသတ်မယ်” ရုံယုမှ ပြောလိုက်သည်။ သူ၏အော်ရာထွက်ပေါ်လာပြီး ထိတ်လန့်စရာအကောင်းဆုံး နတ်ခွန်အားလှိုင်းလည်း ထွက်ပေါ်လာကာအောက်ဘက်တွင်ရှိနေသည့် မြေကြီးကို အက်ကွဲသွားစေပြီး ခပ်ဝေးဝေးတွင်ရှိနေသည့် တောင်ထိပ်များကို အက်ကွဲစေလေသည်။ သူ၏အော်ရာမှာ အလွန်ပင်စွမ်းအားကြီးလှပြီး ဤသည်မှာ နဂါးအစစ်တစ်ကောင်နိုးထလာပြီး လောကကြီးကို ဖရိုဖရဲဖြစ်အောင် လုပ်တော့မည့်ပုံပင်။
အားလုံးမှာ တုန်လှုပ်သွားကြလေ၏။
သို့သော် ထိုတစ်ခဏအတွင်းမှာပင် ဤကဲ့သို့ ကြောက်စရာကောင်းသည့်အော်ရာ ပျောက်ကွယ်သွားလေ၏။ လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခြင်းပင်။
တစ်ချိန်တည်းမှာပင် ရုံယုလည်း ဤလောကကြီးမှ ပျောက်ကွယ်သွားလေသည်။
ဘာဖြစ်တာလဲ .. အားလုံးမှာ သူ့ကိုလိုက်ရှာရင်း ဆွံ့အနေကြလေ၏။
“ရုံယုက ထူးခြားပါရမီရှိတဲ့သူပဲ .. ဒါက သူ့ရဲ့အဖိုးတန်ပညာပဲ .. သူ အခု သူ့ပညာတွေကို ပြနေတာ” အချို့လူများမှာ အမှန်တရားကိုသိကြလေသည်။
ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများမှာ ထိတ်လန့်နေကြလေ၏။ ဤအဖိုးတန်ပညာမှာ ထူးခြားလှပြီး သူ့ကို ကောင်းကင်နှင့်မြေကြီးမှ ပျောက်ကွယ်သွားအောင်လုပ်နိုင်ပြီး နတ်ဘုရားများပင် သူရှိသည့်နေရာကို မသိကြပေ။
ထို့အပြင် ဤသည်မှာ သူ၏အဖိုးတန်ပညာ၏ တစ်စိတ်တစ်ပိုင်းသာရှိသေးသည်။
ရုံယုသာ ဤစွမ်းရည်ကိုအသုံးပြုပြီး တစ်ချက်တည်းဖြင့် သေအောင် ရိုက်ချပါက မည်သူက သူ့ကို ခုခံနိုင်မည်နည်း..
သို့သော်လည်း စိတ်လှုပ်ရှားနေကြသည့်လူအချို့လည်း ရှိနေလေသည်။ ဥပမာအားဖြင့် ရွှေရောင်ဝံပုလွေ၊ နတ်ဆိုးလိပ်ပြာ၊ ကျောင်းတု ၊ သွေးပင်လယ်သခင်လေးတို့ပင်။ နောက်ဆုံးတွင်တော့ ကောင်းကင်ဘုံမှ အာကာသကလန်ကို ချီးမြှင့်ထားသည့် နတ်စွမ်းရည်ကို သူတို့မြင်နိုင်လေပြီ။
သူတို့အပြင် အာကာသကလန်လည်း စိတ်လှုပ်ရှားနေသည်သာ။ နောက်ဆုံးတွင်တော့ သူတို့ကလန်မှ အဆင့်လွန်လူငယ်လေး စွမ်းအားပြသသည်ကို မြင်ရတော့မည်။ ဤတိုက်ပွဲ အဆုံးသတ်တော့မည်။
ဤလူများမှာ ယခင်က ဤပညာကို မမြင်ဖူးသော်လည်း ရုံယု၏အဖိုးတန်ပညာမှာ မည်မျှကြောက်စရာကောင်းသည်ကို သူတို့သိသည်။ ဤပြိုင်ဘက်ကင်းပညာမှာ သူနှင့်အလိုက်ဖက်ဆုံးပင်။
ယွမ်ရှီး၏ခရမ်းရောင်အဝတ်အစားများ လေထဲတွင် လွန့်လူးနေလေသည်။ သူမသည် အလွန်ပင်လှပလှပြီး ယခုအချိန်တွင် သူမသည် တိုက်ပွဲကို တည်ငြိမ်စွာပင် ကြည့်နေလေ၏။
တစ်ခြားတစ်ဖက်တွင်ရှိနေသည့် ယွဲ့ချန်မှာမူ ကျက်သရေရှိလှပြီး သူမ၏ အမူအရာများမှာ အေးချမ်းလှသည်။ သူမထံတွင် စိုးရိမ်နေသည့်အမူအရာတစ်စက်ကလေးမှပင် မရှိပေ။
ရှီဟောင်သည် တောင်တစ်လုံးကဲ့သို့ပင် မြဲမြံစွာ ရပ်နေလေ၏။ သူသည် တောင်များနှင့်မြစ်များကို စီးမိုးကြည့်ကာ “ရုံယု .. ဒါက မင်းရဲ့ပညာလား .. မင်းက အမှောင်ထဲမှာ ပုန်းနေဖို့ပဲ တတ်တာလား”
“ငါက မင်းကို ကောင်းကင်ဘုံကနေ ကြည့်နေတာ .. အားလုံးဒီမှာ အဆုံးသတ်သင့်ပြီ”
ရုံယု၏အသံထွက်ပေါ်လာသော်လည်း မည်သည့်အရပ်မှလာမှန်း မသိရပေ။
ဝုန်..
ရုတ်တရက်ပင် လေဟာနယ်ထဲ၌ လန့်စရာကောင်းသည့် တုန်ခါမှုများ ဖြစ်ပေါ်လာလေသည်။ ရှီဟောင်၏မျက်လုံးများ နာကျင်သွားရသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသည့်သင်္ကေတများ ရုတ်တရက် ထွက်ပေါ်လာလေ၏။
“ကောင်းကင်ရဲ့အဆုံးအဖြတ် – အလင်းဆုံးရှုံးခြင်း”
ရုံယု၏အေးစက်သည့်အသံ ထွက်ပေါ်လာလေသည်။
ရှီဟောင်၏မျက်လုံးများ နာကျင်နေလေ၏။ သူ၏မျက်လုံးရှေ့မှ အလင်းတန်း ပြန်ဆုတ်သွားပြီး အဆုံးမရှိသည့်အမှောင်ထု ဝင်ရောက်လာလေသည်။ သူသည် လက်သီးကို ဆန့်တန်းကာ အသံလာရာနေရာသို့ ထိုးလိုက်သော်လည်း သူ ဘာကိုမှ မထိုးမိလိုက်ပေ။
ဝုန်း..
သို့သော် အားကောင်းသည့်မှော်စွမ်းအားတစ်ခုမှ သူ၏ခေါင်းအနောက်သို့ ရိုက်ခတ်လာလေသည်။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှပြီး အရိုးစာသားများလည်း ပင်လယ်ကဲ့သို့ပင် ထွက်ပေါ်လာလေသည်။
ရှီဟောင်၏မျက်လုံးထဲတွင် ဘာမှမမြင်ရပဲ အမည်းရောင်သာဖြစ်နေသော်လည်း သူ့ကိုချောင်းရိုက်ရန်မှာ ဤမျှ မလွယ်ကူပေ။ သူသည် လျင်မြန်စွာပင် ထိုစွမ်းအားကို ရှောင်လိုက်လေ၏။
“ကောင်းကင်ရဲ့အဆုံးအဖြတ် – အသံဆုံးရှုံးခြင်း” ရုံယု၏အေးစက်နေသည့်အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာလေ၏။ ထူးဆန်းသည့်မှော်ဥပဒေသတစ်ခု ထွက်ပေါ်လာပြီး ဤကောင်းကင်နှင့်မြေကြီးကို ဝန်းရံသွားလေသည်။
အသံအားလုံးပျောက်ကွယ်သွားပြီး လောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားသည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ သူ၏နားများကန်းသွားလေပြီ။
“မင်းမှာ နောက်ဆုံးစကားရှိလား..”
ဤမှောင်မဲအေးစက်နေသည့်လောကကြီးထဲတွင် ရှီဟောင်သည် ရုံယု၏စကားသံကိုသာ ကြားရလေသည်။ သူ၏အာရုံများမှာ အခြားမည်သည့်အသံ၊ မည်သည့်မြင်ကွင်းကိုမှ မခံစားနိုင်တော့ပေ။
ဤအဖိုးတန်ပညာများမှာ ထူးဆန်းလှသည်။
“ကောင်းကင်အဆုံးအဖြတ် — သွေးသားများကို ဆုံးရှုံးခြင်း” ရုံယု၏အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာလေ၏။ ဤသည်မှာ သေလောက်သည့်ရိုက်ချက်ပင်။ အန္တရာယ်အစစ် ရောက်လာလေပြီ။ အရိုးစာသားများမှာ နေရာအနှံ့ရှိနေပြီး သူ့ကို ဝန်းရံထားလေသည််။
ဝုန်း…
ရှီဟောင်သည် မမြင်မကြားနိုင်သော်လည်း သူ၏စိတ်အတွင်းမှ အန္တရာယ်အငွေ့အသက်ကို ခံစားနေနိုင်ဆဲပင်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် သင်္ကေတများ ထွက်ပေါ်လာပြီး သူ၏လက်တွင်လည်း တံဆိပ်များထွက်ပေါ်လာကာ မည်သည့်အချိန်မဆို တိုက်ခိုက်ရန် အဆင်သင့်ပင်။
ဒုန်း..
နတ်တူများက သူ၏အသွေးအသားများကို တစ်လက်မချင်းစီ တိုက်ခိုက်နေသကဲ့သို့ပင်။ ထိုသင်္ကေတများမှာ သူ၏အသွေးအသားများကို နေရာပေါင်းစုံမှ တိုက်ခိုက်နေလေသည်။
ရှီဟောင် အလွန်ပင် တုန်လှုပ်သွားရသည်။ သူ၏ခန္ဓာကိုယ်ကို ကာကွယ်သည့်အရိုးစာသားများထွက်ပေါ်လာပြီး သူ၏လက်များတွင် လက်သီးတံဆိပ်ဖြစ်ပေါ်လာသော်လည်း သူ့ကိုယ်သူ မခုခံနိုင်သေးပေ။
တစ်ဖက်လူ၏ အဖိုးတန်ပညာမှာ အလွန်ပင်သီးသန့်ဆန်လှသည်။ ထိုပညာတွင် ဟာကွက်များ မရှိပေ။ ဤသည်မှာ လူတစ်ယောက်တည်းကို ရှင်းပစ်ရန်အတွက် အသုံးပြုခြင်းပင်။
ဤသည်မှာ အတိတ်က ပုံစံနှင့်မတူတော့ပေ။
လေထဲတွင် ကြီးမားသည့် နတ်ဆိုးစက်ဝန်းကြီးတစ်ခု ရှိနေသည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ ထိုစက်ဝန်းမှာ သူ၏အသွေးအသားများကို ဖျက်ဆီးရန်အတွက် လေထဲတွင် ဝေ့လည်နေလေ၏။
အမှန်တကယ်တွင် အရိုးစာသားများမှဖြစ်ပေါ်လာသည့် နတ်ဆိုးစက်ဝန်းကြီးတစ်ခု တကယ်ရှိနေလေ၏။
“သတ်”
ရှီဟောင်ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နော်တွင် ကပ်ဆိုးလျှပ်စီးကြီးနောက်တစ်ကြိမ်ထွက်ပေါ်လာပြီး နေရာပေါင်းစုံမှ တိုက်ခိုက်နေလေသည်။ ဤသည်မှာ တားမြစ်ထားသည့် ဧရိယာအကျယ်ကြီးကို တိုက်ခိုက်၍ရသည့် နတ်စွမ်းရည်တစ်ခုပင်။
“မင်းကြိုးစားနေလည်း အလကားပဲ .. ဒါက လောကကြီးကို အုပ်စိုးနေတဲ့ပညာပဲ .. အသံနဲ့အလင်းကို သုံးပြီးတော့ မင်းရဲ့အသွေးအသားတွေကို ဖျက်ဆီးပစ်မှာ” ရုံယုမှ အေးစက်စွာ ပြောလိုက်သည်။
သူမည်သည့်နေရာတွင်ရှိနေမှန်းကို မသိရပေ။ သူသည် သေမျိုးလောကကို အုပ်မိုးကြည့်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ဝုန်း…
ကောင်းကင်လျှပ်စီးထွက်ပေါ်လာပြီး နတ်ဆိုးစက်ဝန်းကို ဖောက်ခွဲပစ်လိုက်ကာ အရိုးစာသားများကို မှေးမှိန်အောင် လုပ်လိုက်လေသည်။ ထိုနတ်ဆိုးစက်ဝန်းမှာ ရှီဟောင်၏အသွေးအသားများကို မဖျက်ဆီးနိုင်တော့ပေ။
“ကောင်းကင်ရဲ့အဆုံးအဖြတ် – မူလဝိဉာဉ်ကို ဖျက်ဆီးခြင်း” ရုံယု အော်ဟစ်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူသည် လေးနက်ကာ အေးစက်နေလေ၏။ သူ၏အဖိုးတန်ပညာကို အဆုံးစွန်ထိဖြစ်သွားစေရန်အတွက် ကြောက်စရာကောင်းသည့်နည်းလမ်းများကိုပင် အသုံးပြုခဲ့လေသည်။
ဝုန်း ဟူသည့်အသံနှင့်အတူ ရှီဟောင်၏မျက်ခုံးကြားတွင် ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏မူလဝိဉာဉ်မှာ ဦးခေါင်းခွံထဲမှ ဆွဲထုတ်ခံနေရကာ သူ၏အသွေးအသားနှင့် ကင်းကွာသွားအောင် လုပ်နေလေ၏။
ဤသည်မှာ ပြင်းထန်သည့်ကိစ္စတစ်ခုပင်။ သူ၏အသွေးအသားနှင့် မူလဝိဉာဉ်သာ ကင်းကွာသွားပါက သူ ဒုက္ခရောက်သွားလိမ့်မည်။ သူ၏အသွေးအသားများကို တစ်ဖက်လူမှ ဖျက်ဆီးပစ်လိုက်မည်ဖြစ်ပြီး သူ၏မူလဝိဉာဉ်သည်လည်း အသွေးအသားများမှ ကင်းကွာသွားသည်နှင့် ဤသည်မှာ အမြစ်မရှိသည့်သစ်ပင်ဖြစ်သွားလေပြီ။
ဤသည်မှာ မည်ကဲ့သို့သော ထူးဆန်းသည့်နတ်ဘုရား ပညာရပ် ဖြစ်သနည်း။
ရှီဟောင်သည် ဤပညာကို ရင်ဆိုင်နေရလေ၏။ တစ်ဖက်လူကို သူ မမြင်ရပဲ အဖိုးတန်ပညာများမှာ နေရာအနှံ့မှ သူ့ထံသို့ ဦးတည်လာနေသည်။ ဤတိုက်ခိုက်မှုမှ လွတ်မြောက်ရန် ခက်ခဲလှသည်။
တစ်ချိန်တည်းမှာပင် သူသည် တစ်ဖက်လူကို တိုက်ခိုက်ချင်သော်လည်း သူ ပစ်မှတ်ကို ရှာမတွေ့သေးပေ။ ဤသည်မှာ သူ့ကို အလွန်အရေးနိမ့်သည့်အခြေအနေကို ဖြစ်ပေါ်စေသည်။
ဖူး..
ရှီဟောင် သွေးတစ်ပွက်အန်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် အလင်းဆုံးရှုံးခြင်း၊ အသံဆုံးရှုံးခြင်းနှင့် အသွေးအသားဖျက်ဆီးခြင်းတို့မှာ ဆက်လက်တိုက်ခိုက်နေဆဲပင်။ မူလဝိဉာဉ်ဖျက်ဆီးခြင်းနှင့်ပေါင်းလိုက်မည်ဆိုလျှင် ဤပညာများကို ရင်ဆိုင်ရန်မှာ သူ့အတွက် ခက်ခဲလွန်းနေသည်။
ရှီဟောင်၏အသွေးအသားများကို နတ်ဆိုးစက်ဝန်းမှ တိုက်ခိုက်နေပြီး သူ၏မူလဝိဉာဉ်ကို နတ်ချိန်းကြိုးမှ ရစ်ပတ်ထားပြီး ဆွဲထုတ်နေလေသည်။
“ငါ ဘာလို့ သူ့ကိုဒဏ်ရာရအောင် မလုပ်နိုင်တာလဲ” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။ သူသည်ဒဏ်ရာရကာ သွေးထွက်နေသော်လည်း ဤသည်မှာ သိပ်မပြင်းထန်လှပေ။
အလင်းမြင်ကွင်းတစ်ခုပေါ်လာကာ သူ၏တစ်ခုတည်းသော ကောင်းကင်လမ်းကြောင်း ထွက်ပေါ်လာလေ၏။
သို့သော် သူ၏ကောင်းကင်လမ်းကြောင်းမှာ အပြည့်အဝမပွင့်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလမ်းကြောင်းမှာ ကြီးမားသည့်ဖိအားကို ခံစားနေရသောကြောင့်ပင်။ သူ အပြည့်အဝပေါ်လာရန်အတွက် လေထဲတွင်ရှိနေသည့်ဖိအားကို ကျော်ဖြတ်နိုင်ရန် လိုအပ်သည်။
ထိုအချိန်တွင် သူ၏စိတ်ထဲသို့ အလင်းတန်းတစ်ခု ဖြတ်ဝင်သွားသည်။ သူ ယခုတော့ နားလည်သွားလေပြီ။ အလင်း၊ အသံ၊ အသွေးအသား၊ မူလဝိဉာဉ်ဖျက်ဆီးခြင်းနှင့် အခြားအရာများမှာ သူ့ကို ဆုံးဖြတ်ချက်မှားယွင်းအောင် ပြုလုပ်ထားသည့် ပုံရိပ်ယောင်များသာ။
အခြားအဖိုးတန်ပညာများမှာ လေဟာနယ်နှင့်ဆက်စပ်နေသည့်ပညာများသာ။
ဤဉာဏ်အလင်းပွင့်ခြင်းကြောင့် သူသည် ယခုအချိန်တွင် လေဟာနယ်လှောင်အိမ်တစ်ခုထဲသို့ ရောက်နေခြင်းဖြစ်ကြောင်း နားလည်သွားစေသည်။ တစ်ဖက်လူမှ သူ့ကို တိုက်ခိုက်နေသည့်အရာများမှာ သူ့ကိုလမ်းလွှဲသွားအောင်လုပ်သည့် စကားလုံးများသာ။ အဖိုးတန်ပညာအစစ်မှာ အကွာအဝေးတာအိုပင်။
ဤသည်မှာ တကယ်ပင် ထူးခြားလွန်းလှသည်။ ဤဉာဏ်အလင်းသာမရပါက လူများမှာ ဘာကြောင့်မှန်းမသိပဲ သေသွားရမည်သာ။ စွမ်းအားကြီးသည့်ထူးခြားပါရမီရှိသူများပင်လျှင် ဤသည်ကို နားလည်နိုင်ရန် မလွယ်ကူပေ။
နားလည်ပြီးသွားသည့်နောက်တွင် သူ၏စွမ်းအားအကြီးဆုံး နတ်စွမ်းရည်ဖြင့် ဤလှောင်အိမ်မှ လွတ်မြောက်အောင်လုပ်ရန်မှာ အထိရောက်ဆုံးနည်းလမ်းဖြစ်သည်ကို သူ သိသွားရသည်။
ဝုန်း..
ရှီဟောင်သည် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏ပြိုင်ဘက်ကင်းအဖိုးတန်ပညာဖြစ်သည့် ပြန်လည်ဝင်စားခြင်းပညာကို ပြသလိုက်သည်။
ယခုအချိန်တွင် သူသည် အချိန်စွမ်းအားကို ပြသနေရုံသာမက လွှမ်းမိုးနိုင်သည့်နတ်ခွန်အားကိုလည်း ပြသနေလေသည်။ သူ၏လက်သီးမှ အလင်းတန်းပေါင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ပေါက်ကွဲသွားလေသည်။
ဖူး..
ရုံယု သွေးအန်သွားပြီး ထိတ်လန့်သည့်အမူအရာဖြစ်သွားလေသည်။ တစ်ဖက်လူမှာ သူ့အဖိုးတန်ပညာ၏လျှို့ဝှက်ချက်ကို နားလည်သွားပြီး သူ၏လှောင်အိမ်ထဲမှ ချိုးဖောက်နိုင်လေပြီ။
လေဟာနယ်က တုန်ခါလာပြီး သူလည်း ဒဏ်ရာရသွားသည်သာ။ သူ၏ခန္ဓာကိုယ်လွှဲရမ်းလာပြီး သူ၏ပါးစပ်မှသွေးများအန်ထွက်လာကာ အဝတ်အစားများကို နီရဲသွားစေလေသည်။
လေဟာနယ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီး အထူးလှောင်အိမ်လည်း မတည်မငြိမ်ဖြစ်လာလေ၏။ ရှီဟောင်သည် ချက်ချင်းပင် သူ၏အမြင်အာရုံ၊ အကြားအာရုံများပြန်ရသွားပြီး သူ၏မူလဝိဉာဉ်လည်း တည်ငြိမ်သွားသည်။
“မင်း တကယ်ကို သိသွားပြီပေါ့” ရုံယုသည် သူ၏နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တောက်ပလာကာ ကြောက်စရာကောင်းသည့် စွမ်းအင်များ ထွက်ပေါ်လာလေသည်။ သူ၏စွမ်းအားများမှာ လျင်မြန်စွာပင် များပြားလာလေသည်။
“ဒါက ငါဖွင့်ထားတဲ့ အကွာအဝေးလှောင်အိမ်ပဲ … ငါ မင်းကို တစ်သက်လုံးဖမ်းထားချင်လည်းရတယ် …. ဒီနေရာမှာ ငါက ဥပဒေပဲ .. ဒီကနေ ထွက်သွားဖို့ကို မင်း မေ့ထားလိုက်တော့” ရုံယုမှ အေးစက်စွာ ပြောလိုက်သည်။
ဤနေရာသည် အပြင်ဘက်လောကမှ သီးသန့်ရှိနေသည့်နေရာပင်။
ရုံယုသည် လေထဲသို့ တက်သွားပြီး ရှီဟောင်အား အုပ်မိုးကြည့်ကာ “လေဟာနယ်တာအိုရဲ့ သက်ရောက်မှုအောက်မှာ ငါက အရှင် .. မင်းက အကျဉ်းသားပဲ … ဒါက ငါ့ရဲ့လောကပဲ”
ရှီဟောင်သည် တည်ငြိမ်စွာဖြင့်ပင် “မင်းက ဒီလိုယုံကြည်ထားတယ်ဆိုတော့ မင်းရဲ့ဒီလောကလေးထဲမှာပဲ ငါ မင်းကို သတ်ပေးမယ်”
သူသည် ဤနေရာမှ အလောတကြီး ထွက်ခွာသွားရန်မလုပ်ပဲ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“လေဟာနယ်ပေါင်းစည်းခြင်း.. အာရုံများကို ဖျက်ဆီးခြင်း” ရုံယု အော်ဟစ်လိုက်ပြီး သူ၏ထူးဆန်းသည့်အဖိုးပညာများကို အသုံးပြုကာ ရှီဟောင်ကို အကျဉ်းချလိုက်လေသည်။
သို့သော် ယခုအချိန်တွင် ရှီဟောင်သည် ပြင်ဆင်ပြီးသွားလေပြီ။ သူသည် အကြောက်အလန့်ကင်းမဲ့နေပြီး သူ၏ကောင်းကင်လမ်းကြောင်းကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။ ကြီးမားလှသည့်ဖိအားရှိနေဆဲဖြစ်သော်လည်း သူအောင်မြင်သွားခဲ့သည်။
ထိုထူးဆန်းသည့်အားများမှာ သူ့အနားသို့ မကပ်နိုင်တော့ပေ။
“ဟမ်..” ရုံယုထိတ်လန့်သွားရ၏။ မထင်မှတ်ပဲ သူ၏လေဟာနယ်တာအိုအောက်တွင် သူတို့၏ကိုယ်ပိုင်နယ်မြေတစ်ခုကို ဖန်တီးနိုင်သည့်သူရှိနေသည်။ ဤသည်မှာ သူ၏နှလုံးခုန်နှုန်းများကို မြန်ဆန်စေသည်။
“မင်းပဲ” သူ အစကတည်းက သံသယဝင်နေခြင်းဖြစ်သော်လည်း ယခုအချိန်တွင် ပိုသေချာသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ဟွမ်သည်လည်း ဤကဲ့သို့သောပုံစံပင်။
“ဟုတ်တယ် .. ဒီတစ်ယောက်က ဟွမ်ပဲ .. ငါတို့အရင်က တွေ့ဖူးပါတယ်” ရှီဟောင်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် ရုံယုသည် မထိန်းနိုင်ပဲ ကျယ်လောင်စွာပင် အော်ဟစ်လိုက်လေ၏။
“ငါ မင်းကို ရှာနေတာ” သူ ဟစ်ကြွေးလိုက်သည်။
ဟွမ်သည် သူတို့အာကာသကလန်၏နတ်တွင်းများကို ဖျက်ဆီးပြီး ကလန်မှ ကျွမ်းကျင်သူများကိုလည်း သတ်ပစ်ခဲ့သည်။ သူတို့ကို လူရယ်စရာဖြစ်အောင်လည်း လုပ်ခဲ့သေးသည်။ ပို၍အရေးကြီးသည်မှာ ဟွမ်သည် သူတို့၏ထာဝရရတနာကို ခိုးသွားခဲ့သေးသည်။ သူ့ကို အလွတ်မပေးနိုင်။
ထို့အပြင် ရှီဟောင်သည် ကျောင်းအစုတ်အပြတ်လေးကို ကိုယ်စားပြုပြီး သူတို့ကလန်၏ စွမ်းအားအကြီးဆုံးတပည့်များကို သတ်ပစ်ကာ အာကာသကလန်၏ ဂုဏ်သိက္ခာကို အဆုံးစွန်ထိရောက်အောင်ချပစ်ခဲ့သည်။
“ငါမင်းကို သတ်ပစ်မယ်” ရုံယု ဟစ်ကြွေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲကို အဆုံးသတ်ရမည်သာ။
“ငါ ဘယ်သူလဲဆိုတာကို မင်းသိသွားပြီဆိုတော့ မင်းနဲ့တိုက်ရတာပေါ့”
ရှီဟောင်၏ခန္ဓာကိုယ်တောက်ပလာကာ ခွန်ပန်ပညာပေါ်လာလေသည်။ သူသည် ဤအဖိုးတန်ပညာ၏အစွမ်းကို အကုန်မသုံးသည်မှာ ကြာလှပြီ။ သူ မည်သူဖြစ်သည်ကို အခြားသူများသိသွားမည်စိုးသောကြောင့်ပင်။ ယခု သူ ဤပညာကို ထုတ်သုံးတော့မည်။
“သတ်..” နှစ်ဘက်လုံးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤတိုက်ပွဲမှာ အလွန်ထိတ်လန့်စရာကောင်းလွန်းလှသည်။ လေဟာနယ်လှောင်အိမ်မှာ တုန်ခါလာပြီး နှစ်ဘက်လုံးမှာ နတ်သွေးများထွက်လာသည်အထိ ရူးသွပ်စွာပင် တိုက်ခိုက်နေကြလေ၏။
“ဟုန်…” ရုံယု ဟစ်ကြွေးလိုက်သည်။ သူ၏ဆံပင်များလည်း ရှုပ်ပွနေလေပြီ။ သူသည် လေဟာနယ်တာအိုကို အသုံးပြုရုံသာမက အာကာသကလန်၏အဖိုးတန်ပညာဖြစ်သည့် ကောင်းကင်တံဆိပ်ကိုလည်း အသုံးပြုခဲ့လေသည်။
သူတို့နှစ်ဦးသည် အချက်ပေါင်း လေးရာ ငါးရာခန့် တိုက်ခိုက်ပြီးသွားလေပြီ။
ရှီဟောင်သည် အချိန်ကြာလာသည်နှင့် သတ္တိရှိလာလေပင်။ နောက်ဆုံးတွင် သူသည် ကောင်းကင်လမ်းကြောင်းကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ သူသည် ခွန်ပန်ပညာကို အဆုံးစွန်အထိ အသုံးပြုပြီး သူ့ထံတွင် မည်သည့်စိုးရိမ်မှုမှလည်း မရှိပေ။
“ငါ အားကုန်မတိုက်ရတာ ကြာပြီ .. ခွန်ပန်ပညာက အိပ်နေရတာ ကြာနေပြီ .. မင်းတို့ အာကာသကလန်က ဒီပညာကို လိုချင်နေတာမလား .. ဒီမှာ ငါ မင်းကို ပြပေးမယ်” ရှီဟောင် အော်ဟစ်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူသည် တွေဝေမနေတော့ပဲ သူ၏ခန္ဓာကိုယ်နှင့် အရိုးစာသားများကို ပေါင်းစည်းလိုက်ကာ သူ၏ဝိဉာဉ်နှင့်တစ်သားတည်းဖြစ်စေလိုက်သည်။ သူ၏တိုက်ခိုက်နိုင်စွမ်းမှား ချက်ချင်းပင် အဆင့်တစ်ခုအထိသို့ တက်သွားလေသည်။
ထိုအချိန်တွင် ရုံယုရင်ဆိုင်နေရသည့်ဖိအားမှာ အဆပေါင်းများစွာ တိုးသွားလေသည်။
“ပညာရပ်အားလုံးကို ပျက်ပြယ်စေတဲ့ ခွန်ပန်”
ရှီဟောင် ဟစ်ကြွေးလိုက်ပြီး သူ၏ခန္ဓာကိုယ် တောက်ပလာလေ၏။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွှေရောင်အမွှေးအတောင်များထွက်ပေါ်လာလေ၏။
ဤသည်မှာ အမွေးအတောင်အစစ်မဟုတ်ပဲ အရိုးစာသားများမှ ဖြစ်ပေါ်လာခြင်းပင်။
“သတ်…”
ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏နတ်အမွေးအတောင်များအားလုံး တောက်ပလာပြီး မသေဆုံးနိုင်သည့်အော်ရာတစ်ခုကို ထုတ်လွှတ်နေလေသည်။ ထို့နောက်တွင် ထိုအတောင်များအားလုံး ပေါက်ကွဲသွားလေ၏။ ပညာရပ်များအားလုံးကို ဖျက်ဆီးခြင်းဆိုသည်ကို ဤကဲ့သို့ ဖျက်ဆီးခြင်းပင်။ ဤသည်မှာ ရုံယုကို ကြောက်ရွံ့သွားစေသည်။
ဤသည်မှာ ခွန်ပန်အစစ်၏အမွေးအတောင်များပင်ဖြစ်ပြီး အရေအတွက်မှာ ထောင်ပေါင်းများစွာ ရှိလေသည်။ သူတို့သည် ကောင်းကင်မြှားအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးကို ဖောက်ဝင်သွားကာ အလွန်လျင်မြန်သည့်အရှိန်နှုန်းဖြင့် တရှိန်ထိုးသွားခြင်းပင်။
“လေဟာနယ်တာအို” ရုံယုမှ အော်ဟစ်လိုက်ပြီး ဤတိုက်ခိုက်မှုကို အကွာအဝေးဥပဒေနှင့် တားဆီးလိုခြင်းပင်။
ထို့အပြင် သူ၏လက်နှစ်ဘက်ပေါင်းစည်းသွားပြီး ကောင်းကင်တံဆိပ်ကိုပြုလုပ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်ကာ အမွေးအတောင်အနည်းငယ်ကို ဖျက်ဆီးလိုက်သည်။
သို့သော် ဤသည်မှာ ရှီဟောင်၏အဖိုးတန်ပညာကို အဆုံးစွန်အထိ အသုံးပြုထားခြင်းပင်။
လေဟာနယ်တာအိုသည် ဤသည်ကို တားဆီးရုံသာတတ်နိုင်ပြီး ကောင်းကင်တံဆိပ်လည်း ဤမြှားအားလုံးကို မဖျက်ဆီးနိုင်ပေ။
ဖူး..
ခွန်ပန်အမွေးအတောင်များသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းကာ အမွေးအတောင်များစွာကို ရုံယု၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေသည်။
“အား..”
ရုံယု ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာလေ၏။ လှောင်အိမ်မှာမတည်မငြိမ်ဖြစ်လာပြီး ခွန်ပန်ပညာကြောင့် ပျက်စီးသွားလေ၏။ ထို့နောက်တွင် သူတို့နှစ်ဦးလုံး အပြင်လောကသို့ ပြန်လည်ရောက်ရှိလာလေသည်။
အားလုံးထိတ်လန့်သွားရ၏။ သူတို့ပျောက်သွားသည်မှာ တစ်ခဏလေးသာရှိသေးသော်လည်း ရုံယုတစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းနေလေပြီ။
“ဘာဖြစ်ခဲ့တာလဲ”
“အာကာသကလန်ရဲ့ နံပါတ် ၁ လူငယ်ကျွမ်းကျင်သူရဲ့ခန္ဓာကိုယ်မှာ ဘာလို့ ရွှေရောင်နတ်အမွေးတွေ ရှိနေတာလဲ”
အားလုံးမှာ ထိတ်လန့်ဆွံ့အသွားရသည်။