သုခကမ္ဘာက ရှီဟောင် - Chapter - 968 ဘက်ပေါင်းစုံမှ အာရုံစိုက်ခြင်း
ဟွမ် … စွမ်းအားရှိနေသည့် နာမည်တစ်ခု ..
ယခုအချိန်တွင် သူ မည်သူဖြစ်သည်ကို ပေါက်ကြားသွားလေပြီ။ အားလုံးမှာ ထိတ်လန့်သွားကြပြီး ဆူညံသံများမှာ ကောင်းကင်ထက်သို့ပင် ထိုးဖောက်သွားလေ၏။
“ဘယ်လိုလုပ် သူ ဖြစ်နိုင်မှာလဲ .. ကျောင်းအစုတ်လေးက တပည့်က တကယ်ဟွမ်လား …”
ဤသည်မှာ ထိတ်လန့်စရာကောင်းသည့်သတင်းပင်။ လူများစွာမှာ သူတို့အရှေ့တွင်ရှိနေသည့် ခန့်ညားသည့်လူငယ်လေးကို ပြူးကျယ်သည့်မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
“ဘုရားရေ .. သူက ဟွမ်ပေါ့ .. နောက်ဆုံးတော့ ငါသူ့ကို တွေ့ခဲ့ပြီ … သူ့မှာ ဒီလိုမျိုးကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ပညာတွေ ရှိနေတာပဲ”
လူများစွာမှာ ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြလေသည်။
အမှန်တရားမှာ ရုတ်တရက်ဆန်လွန်းလှပြီး မည်သူမျှ မပြင်ဆင်ထားခဲ့ကြပေ။
ဟွမ်သည် ဒြပ်စင်ငါးခုစီရင်စုတွင် ပေါ်လာပြီး ကလန်အားလုံးမှ ထူးခြားပါရမီရှိသူများနှင့် တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် အာကာသကလန်နှင့် ကျေးဇူးတရားနှင့် ရန်ငြိုးများ ရှိလာပြီး ကောင်းကင်ဘုံမြို့ကို မငြိမ်မသက်ဖြစ်အောင် လုပ်ခဲ့လေသည်။
ယခု သူ ဤနေရာသို့ ရောက်လာပြီး သူ မည်သူဖြစ်သည်ကို အားလုံးသိသွားပြီဖြစ်သောကြောင့် အားလုံး၏အာရုံများမှာ သူ့ထံတွင်သာ။
“မြေအောက်လောကသားတော်နဲ့ နေနတ်ဘုရားနွယ်ပင်တို့ကို သတ်ပြီး ခရမ်းရောင်ဟုန်အစစ်ကို ချက်စားခဲ့တယ် .. ထာဝရနန်းတော်ရဲ့သခင်လေးကို အနိုင်ယူခဲ့တယ် .. စစ်ဘုရင်တစ်ယောက်ကိုလည်း သတ်ခဲ့တယ် .. သူ့ရဲ့အောင်မြင်မှုတွေက အရမ်းကို ကြီးကျယ်ခမ်းနားလိုက်တာ”
“အခု သူက ရုံယုကို အနိုင်ယူပြီးတော့ အာကာသကလန်ရဲ့ အဆင့်လွန်လူငယ်ကျွမ်းကျင်သူကို သတ်ခဲ့တယ် .. ဒါက တကယ်ကို ရဲတင်းလွန်းတာလဲ”
လူငယ်များစွာက စိတ်အားထက်သန်စွာဖြင့် ထိုလူငယ်လေးအား ကြည့်နေကြလေသည်။ သူတို့အတွက်မူ ဤလူမှာ သူတို့မျိုးဆက်၏အထူးခြားဆုံးသူပင်။
“ငါ အရင်က မပြောဘူးလား .. သူက ဒီလောက်ချောပြီးတော့ သူ့ရဲ့အရည်အသွေးတွေက အဲဒီလောက်ထူးချွန်နေတာ သူက ဘယ်လိုလုပ် လူတွေပြောနေကြတဲ့ မကောင်းတဲ့ကောင်ဖြစ်မှာလဲ .. သူက ဒီကျောင်းအစုတ်လေးထဲမှာ ယာယီနေနေတာ .. သူက ဟွမ်ပဲ”
နတ်ဘုရားမကျောင်းမှ ကျောင်းသူအချို့၏မျက်ဝန်းများ တောက်ပလာလေ၏။ သူတို့သည် လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကြလေသည်။ သူတို့သည် အစောပိုင်းက အခြားသူများနှင့် စကားများခဲ့ကြသည်မှာ ဤကိစ္စကြောင့်ပင်။
“စွမ်းအားကြီးလွန်းတယ် … သူက ဟွမ်ပဲ .. ကောင်းကင်ပြုပြင်ခြင်း ဒဏ္ဍာရီတောင်မှ သူ့ကို အနိုင်မယူနိုင်ဘူး”
လူများစွာမှာ စိတ်လှုပ်ရှားနေကြသည်။ အချို့သူများမှာ ရိုသေကျိုးနွံ့သွားပြီး အခြားသူများမှာမူ ကြောက်ရွံ့နေကြလေ၏။ စစ်မြေပြင်မှ လူငယ်လေး မည်မျှစွမ်းအားကြီးသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့သည် တည်ငြိမ်အောင်လုပ်နိုင်ရန် ခက်ခဲနေလေသည်။
ယခုအချိန်တွင် စိတ်ဓာတ်အကျဆုံးသူကိုပြပါဆိုလျှင် အာကာသကလန်ဖြစ်မည်။ ယခုအချိန်တွင် သူတို့သည် အဆုံးမရှိသည့် ချောက်ကမ်းပါးပေါ်တွင် ရပ်နေသကဲ့သို့ပင်။ သူတို့အရှေ့တွင်ရှိနေသည့် အရာအားလုံးမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
ဤရလဒ်မှာ သူတို့ကို ထိတ်လန့်ကာ အရှက်ရစေသည်။
နတ်အဆင့်ကျွမ်းကျင်သူများအားလုံး တောက်ပလာပြီး မီးတောက်များ လောင်ကျွမ်းလာကာ သတ်ဖြတ်လိုသည့် အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ လျှံတက်လာလေသည်။ သူတို့သည် ယခုအချိန်တွင် လေဟာနယ်ကိုသာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ဤလူငယ်ကို လိုက်မမှီနိုင်ဖြစ်နေသည်။ သူ၏ဓားချက်ကျလာသည်ကိုသာ သူတို့တွေ့နေရလေသည်။
“အား..” ထိုနတ်ဘုရားများ ဟစ်ကြွေးလိုက်ကြသည်။ သူတို့သည် အလွန်ပင် ကြောက်လန့်နေကြ၏။ အဆုံးမသတ်နိုင်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်နေပြီး သစ်ပင်ထောင်ပေါင်းများစွာမှ သစ်ရွက်များ ကြွေကျလာလေသည်။
တစ်စုံတစ်ယောက်သည် ရုံယုကို သယ်လိုက်ပြီး သူ၏ဒဏ်ရာများ မြန်မြန်ပျောက်အောင် ကူညီပေးလိုက်သည်။ လျှပ်စီးအရိုးစာသားများ သူ၏ခန္ဓာကိုယ်ကို မတိုက်စားအောင် လုပ်ပေးလိုက်လေသည်။
ရုံယုမှာ သူ၏ခန္ဓာကိုယ်တစ်ဝက်ကို ဆုံးရှုံးသွားပြီး သွေးများလည်း နေရာအနှံ့စီးကျနေလေ၏။ သူ၏မျက်နှာမှာလည်း ဖြူဖျော့နေလေသည်။
အာကာသကလန်မှ လူငယ်မျိုးဆက်အတွက်မူ ဤသည်မှာ ကြီးမားလှသည့်ရိုက်ချက်တစ်ခုပင်။
ရုံယုမှာ သာမန်လူ မဟုတ်ပေ။ သူသည် အာကာသကလန်ကိုကိုယ်စားပြုသည့် သူတစ်ယောက်ဖြစ်သည်။
ဤသည်မှာ သူတို့ကလန်၏ အနာကျင်ဆုံးနေရာကို ရိုက်ချလိုက်ခြင်းပင်။
“အား .. ဒါ တကယ် အစစ်မဖြစ်နိုင်ဘူး” လူငယ်အချို့ ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး အမှန်တရားကို လက်မခံနိုင်ဖြစ်နေကြသည်။
လူများစွာမှာ အာကာသကလန်ကို စာနာသည့်အကြည့်များဖြင့် ကြည့်နေကြလေသည်။ သူတို့သည် မည်သူ့ကိုမဆို ရန်စ၍ရသော်လည်း ဤကဲ့သို့သော မကောင်းဆိုးဝါးလေးကိုမှ ရန်စမိသွားလေသည်။
အာကာသကလန်မှ ယွမ်ရှီး ထိတ်လန့်သွားရသည်။ ဤလူမှာ အဆင့်နိမ့်နယ်မြေမှလာသည့် ရှီဟောင်တစ်ဖြစ်လဲ ဟွမ်ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ၏ခန္ဓာကိုယ် တုန်ယင်လာလေ၏။
သူနှင့်တိုက်ခိုက်နေသည့်သူမှာ ဟွမ်ဖြစ်ကြောင်းကို ရုံယုမှ လျှို့ဝှက်သတင်းပို့ခဲ့သေးသည်။
ယခုအချိန်တွင် တိုက်ပွဲကြီး အဆုံးသတ်သွားလေပြီ။ ဟွမ်ဖြစ်ကြောင်းလည်း ပေါက်ကြားသွားလေပြီ။
ဤလူငယ်လေးမှာ အဆင့်နိမ့်နယ်မြေမှ တက်လာခဲ့ခြင်းဖြစ်ပြီး သူသည် ယခင်က နတ်ဆိုးဘုရင်၏စွမ်းအားကို ပြသခဲ့သလို မကောင်းသည့်ကောင်အဖြစ်လည်း ပြောခံရလေသည်။
ဤလူငယ်လေးသည် သူ၏လမ်းကို သူကိုယ်တိုင်ဖောက်ခဲ့ခြင်းဖြစ်ပြီး ဂိုဏ်းအားလုံးကို တုန်လှုပ်စေနိုင်သည့် ဟွမ်ဟူသည့်နာမည်ကို ထူထောင်နိုင်ခဲ့သည်။
ယွမ်ရှီးမှာ ဆွံ့အနေလေ၏။
ခပ်ဝေးဝေးတွင်ရှိနေသည့် ချင်းရီ၏မျက်နှာထက်တွင် အပြုံးပါးပါးလေးရှိနေလေ၏။ သူမသည် စစ်မြေပြင်ကို တည်ငြိမ်စွာပင်ကြည့်နေလေ၏။
ဤလူငယ်လေးတွင် စွမ်းအားကြီးသည့်ပညာများရှိနေပြီး ရှုံးနိမ့်မည်မဟုတ်ကြောင်းကို သူမ သိသည်။ သူသည် ကောင်းကင်ပြုပြင်ခြင်းဒဏ္ဍာရီကို ကြုံတွေ့ရလျှင်ပင် ဤလူငယ်မှာ သူ့ကိုယ်သူ ကာကွယ်နိုင်ဦးမည်ပင်။ အဘယ်ကြောင့်ဆိုသော် သူမဤကောင်ကို သေချာသိသည်။ ထင်ထားသည့်အတိုင်းပင်။
“သူက ဟွမ်ဆိုတာကို ဂျူနီယာညီမလေး ချင်းရီက အစကတည်းက သိနေတာလား” ဖုန်းဝူမှ မေးလိုက်သည်။
“ကြက်ကန်းဆန်အိုး တိုးသွားတာပါ” ချင်းရီမှ ပြုံးပြီး ပြောလိုက်သည်။
“နှမြောစရာပဲ .. သူ အစက ကောင်းကင်လှေကားကို ဖြတ်နိုင်ပြီးတော့ ငါတို့ နတ်ဘုရားမကျောင်းကို ဝင်နိုင်တော့မှာ .. ဒါပေမဲ့ မထင်မှတ်ထားတာတွေ ဖြစ်သွားခဲ့တယ်” အကြီးအကဲတစ်ယောက်မှ ရင်ဘတ်ပုတ်ကာ ဒေါသတကြီး ပြောနေလေ၏။
သို့သော် သူတို့ဘာပြောနိုင်မည်နည်း .. ဤလူငယ်လေးကို ထိုကောင်စုတ်မှယူသွားသောကြောင့် သူတို့ဘယ်လိုလုပ်ပြန်ရနိုင်တော့မည်နည်း..
“ဘာ .. သူက နတ်ဘုရားမကျောင်းနဲ့ ကောင်းကင်လှေကားကို တက်သွားတဲ့ ဟွမ်လား” ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် ကျောင်းသားအချို့မှာ တုန်လှုပ်သွားရသည်။
“ဒါက စီနီယာအစ်ကို…” လူများစွာမှာ ဆွံ့အသွားလေ၏။ သူတို့သည် ယခင်က ဤလူကို စက်ဆုပ်ရွံ့ရှာပြီး ဖိအားပေးချင်ခဲ့ကြသည်။ ဤလူမှာ ဤကဲ့သို့သော လူဖြစ်လိမ့်မည်ဟု သူတို့က ဘယ်လိုလုပ်သိနိုင်မည်နည်း .. ကျောင်းအစုတ်လေး၏ တပည့်ဆိုသည်မှာ အပေါ်ယံသက်သက်သာ။ သူက ရန်စ၍ မရသည့်သူပင်…
“သူက နတ်ဘုရားမကျောင်းရဲ့ ကောင်းကင်လှေကားကို အောင်မြင်ခဲ့တာလား” ကလန်အားလုံးမှ ကျင့်ကြံသူများ ဤစကားကို ကြားလိုက်သည်နှင့်အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားမကျောင်းမှာ နာမည်ကြီးလွန်းလှသောကြောင့်ပင်။ ကောင်းကင်လှေကား မည်မျှခက်ခဲသည်ကို မည်သူက မသိပဲနေမည်နည်း…
“ဟုတ်တယ် .. သူက ဟွမ်မို့လို့ ကောင်းကင်လှေကားကို အောင်မြင်ခဲ့တာပဲ”
ထိတ်လန့်ပြီးသည့်နောက်တွင် သူတို့အားလုံး စိတ်သက်သာရာ ရသွားကြပြန်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဟွမ်ဖြစ်နေသောကြောင့်ပင်။
အခြားရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် အားလုံးမှာ ဟွမ်ကို အသိအမှတ်ပြုလိုက်ခြင်းပင်။ အဆင့်မြင့်နယ်မြေရှိ ထူးခြားလူငယ်များကြားတွင် သူက ထိပ်ဆုံး၌ ရပ်တည်နိုင်လိမ့်မည်ဟု သူတို့ယုံကြည်နေကြခြင်းပင်။
ရှီဟောင်သည် ထိုနေရာတွင် ရပ်နေပြီး သူ၏လက်ထဲတွင် ထူးဆန်းသည့်ကျောက်တုံးတစ်တုံးလည်း ရှိလေသည်။ ထိုကျောက်တုံးမှ ရောင်စုံအလင်းများ ထွက်နေလေပြီ။ ထိုကျောက်တုံးမှာ ဖြူဖွေးနေပြီးနောက် နေဝင်ဆည်းဆာကဲ့သို့သော အနီရောင်မျိုး ဖြစ်သွားပြန်လေသည်။ ထို့နောက်တွင် ခရမ်းရောင်အဖြစ် ပြောင်းလဲသွားပြန်လေသည်။
ဤသည်မှာ လက်သီးအရွယ်အစားသာရှိသည့် ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးပင်။ သို့သော် သူ၏စွမ်းအင်လှိုင်းများမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။
ထို့အပြင် သူ၏အလင်းတန်းများမှာ တောက်ပလွန်းလှသည်။ အနီရောင်တောက်ပနေလျှင် ကောင်းကင်ကြီးတစ်ခုလုံး အနီရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
လေထဲတွင် မြင့်မြတ်သည့်စွမ်းအင်များ ပျံ့လွင့်နေသည်။ တောက်ပသည့်အလင်းတန်းများစွာမှာ ရှီဟောင်၏လက်ဝါးအတွင်းမှ ထွက်နေခြင်းပင်။
ရှီဟောင်မှာ ဂိုဏ်းအားလုံး၏ အာရုံစိုက်ရာနေရာဖြစ်နေမည်မှာ ပြောစရာပင်မလိုပေ။
“ဟွမ် .. မင်းက ငါတို့အာကာသကလန်ကို ထပ်ခါထပ်ခါပစ်မှတ်ထားခဲ့တယ် .. ဒီနေ့တော့ မင်းကို အသက်ရှင်ခွင့်မပေးနိုင်တော့ဘူး”
အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာလေ၏။ ဤသည်မှာ အာကာသကလန်မှကျွမ်းကျင်သူတစ်ယောက်ပင်။ နတ်မီးတောက်များထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း လေထဲတွင် ထွက်ပေါ်လာလေ၏။
အားလုံး စိတ်လှုပ်ရှားသွားရသည်။ ဘာဖြစ်တော့မည်ကို သူတို့သိသည်။
ဟွမ်နှင့် အာကာသကလန်တို့မှာ မီးနှင့်ရေပင်။
အာကာသကလန်သားများမှာ ခေါင်းစခြေဆုံးဒေါသထွက်နေကြသော်လည်း အလျင်စလို မလုပ်ကြတော့ပေ။
သူတို့ယခင်က အလျင်စလိုလုပ်ခဲ့ခြင်းမှာ ရုံယု ရှုံးသွားမည်ကို စိုးရိမ်နေသောကြောင့်သာ။
သို့သော်လည်း သူတို့ ရုံယုကို မကယ်တင်နိုင်ခဲ့ပေ။ သူ၏ခါးကို တိုက်ခိုက်ခြင်းခံခဲ့ရပြီး ကောင်းကင်ပြုပြင်ခြင်းကျောက်တုံး ဆုံးရှုံးသွားသည်ကိုသာ သူတို့ကြည့်လိုက်ရသည်။
“ကျုပ်ကိုလာပြီးတော့ အပြစ်ပုံချနေသေးတယ် .. ခင်ဗျားတို့အရှက်မရှိဘူးလား .. ကျုပ် ခင်ဗျားတို့ကို မျှမျှတတမဆက်ဆံခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုလောက်ကို ပြောပြစမ်းပါ”
ထိုလူငယ်လေးမှာ အလွန်ပင် တည်ငြိမ်လှသည်။ သူ၏ကောင်းကင်လမ်းကြောင်းမှာ တောက်ပနေပြီး ရွှေရောင်နေမင်းကြီးတစ်ခုကဲ့သို့ သူ့ကိုရစ်ပတ်ထားလေသည်။
“မင်းက ငါတို့ကောင်းကင်ဘုံမြို့ကို ခိုးဝင်ပြီးတော့ ငါ့ကလန်ရဲ့အဆင့်လွန်ရတနာဖြစ်တဲ့ ပျံသန်းခြင်းထာဝရကျောက်တုံးကို လိုချင်နေခဲ့တာ .. ပြီးတော့ မင်းက ငါတို့ကလန်ကို အသရေဖျက်သေးတယ် .. အခု မင်းက မီးစီရင်စုကို လာတယ်။ ငါတို့ ကလန်က ကျွမ်းကျင်သူတွေကိုသတ်ပြီးတော့ ငါတို့ရဲ့နတ်မိုင်းတွင်းကိုလည်း ဖျက်ဆီးခဲ့တယ် .. မင်းက ကောင်းကင်ကအပြစ်ပေးခံရဖို့ ထိုက်တန်တယ်” နတ်ဘုရားတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
တောင်များတွင် ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများစွာ ရောက်နေကြခြင်းပင်။
လတ်တလောတွင် ဤကိစ္စမှာနာမည်ကြီးနေပြီး လူများစွာလည်း ဤသတင်းကို ကြားကြသည်သာ။
“ငါကြားတာတော့ အာကာသကလန်က သူ့ရဲ့အဖိုးတန်ပညာတွေကို ရဖို့အတွက် အကောက်ကြံခဲ့သေးတယ်တဲ့”
“ဒီတစ်ခေါက်တော့ ဟွမ်က တကယ်ကို ရဲတင်းတာပဲ .. အာကာသကလန်ရဲ့ နတ်မိုင်းတွင်းတွေကို ဖျက်ဆီးခဲ့တယ် .. သူ့ပညာက တကယ်ကို လန့်ဖို့ကောင်းတယ်”
အချို့လူများမှာ သူ့ကိုနှိမ့်ချကြပြီး အချို့သူများမှာ သူ့အား ထောက်ခံကြလေသည်။ ဤနေရာတွင်သက်ရှိများစွာရှိနေသောကြောင့် သူတို့အတွေးများလည်း မတူညီနိုင်ကြပေ။ သို့သော် လျှပ်စီးကို ထန်းလက်ဖြင့် မကာနိုင်ပေ။ အမှန်တရားမှာ အနှေးနှင့်အမြန်ပေါ်လာမည်သာ။
“ဟာသတွေ .. ကျုပ်က ခင်ဗျားတို့ကလန်က ကောင်းကင်အမျိုးသမီးကို ကယ်ပေးခဲ့တယ် … ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို ကောင်းကင်ဘုံမြို့မှာ အကျဉ်းချထားခဲ့ကြတယ် .. ခင်ဗျားတို့က ကျုပ်ရဲ့အဖိုးတန်ပညာတွေကို လိုချင်လို့ ကျုပ်ကို အနက်ရောင်အကျဉ်းထောင်ထဲဖမ်းထားခဲ့တယ် .. ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ ခင်ဗျားတို့ကလန်ထက် ပိုရှက်စရာကောင်းတာ ရှိသေးလို့လား …” ရှီဟောင် ကျယ်လောင်စွာ ပြောလိုက်သည်။
ကျွမ်းကျင်သူအချို့အမြင်တွင်မူ ငြင်းခုံခြင်းမှာ အသုံးမဝင်ပေ။ လုပ်ရပ်ကသာ အရေးကြီးသည်။ သို့သော် အာကာသကလန်ရှေ့တွင် ထုတ်ဖော်ပြောလိုက်ခြင်းအားဖြင့် ဤသည်မှာ အမှန်တရားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူများမှာ ဤအကြောင်းကို ဆွေးနွေးကြမည်သာ။ ဤသည်မှာ အာကာသကလန်အား ဒေါသမီးများ လောင်ကျွမ်းစေလိမ့်မည်ပင်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ယွမ်ရှီးသည် ခေါင်းငုံ့ထားပြီး သူမ၏မျက်နှာမှာ နီရဲလေ၏။
ရှီဟောင် ဆက်ပြောလိုက်သည်။ “နတ်တွင်းတွေကို ဖျက်ဆီးပစ်တာက ခင်ဗျားတို့အာရုံစိုက်တာကို လိုချင်လို့ .. ဒါပေမဲ့ ခင်ဗျားတို့ အာကာသကလန်က တကယ်ကို ကျနေပြီပဲ .. ဧကရာဇ်လူမျိုးစုဆိုတာ အလကားပဲ .. မင်းတို့ရဲ့ ကျွမ်းကျင်သူလို့ခေါ်ကြတဲ့သူတွေကလည်း ခွေးတွေ ကြက်တွေကျနေတာပဲ .. ခင်ဗျားတို့ အဆင့်လွန်လူငယ်လို့ခေါ်တဲ့သူတွေတောင်မှ တစ်ချက်လေးတောင် မတိုက်နိုင်ခဲ့ဘူး”
ထိုစကားများကြားလိုက်ရသည်နှင့် အာကာသကလန်မှာ မျက်နှာပျက်ယွင်းသွားလေ၏။ သူတို့သည် ဒေါသကြောင့် ပေါက်ကွဲတော့မတတ်ပင်။
ပတ်ဝန်းကျင်မှာ ပို၍ပင် ဆူညံလာလေ၏။ ဤစွမ်းအားကြီးသည့်လူငယ်လေးမှာ တကယ်ကို မယဉ်ကျေးလွန်းသည်။ သူသည် အာကာသကလန်၏အနာကို သွားဆွရဲလေသည်။
ထို့အပြင် သူ၏စကားကို ချေပနိုင်ရန် ခက်ခဲလေသည်။
အဘယ်ကြောင့်ဆိုသော် ဟွမ် မီးစီရင်စုတွင် မွှေနှောက်ခဲ့သည်ကို အားလုံးသိကြလေသည်။
အာကာသကလန်မှ လူငယ်သူရဲကောင်းများ ရှုံးသွားသည့်ကိစ္စမှာ ပို၍ပင် ချေပရန် ခက်ခဲလေသည်။ အားလုံးမှာ ယခု မျက်စိရှေ့တွင် ထိုမြင်ကွင်းကို မြင်လိုက်ရခြင်းပင်။
ယခု ဟွမ်သည် အနာဟောင်းကို ဆွနေခြင်းပင်။ ဤစကားလုံးမှာ ထိုတိုက်ပွဲများထက်ပင် ဖျက်ဆီးနိုင်စွမ်း ပိုမြင့်လေသည်။ နတ်တွင်းများဖျက်ဆီးခြင်းနှင့် ရုံယု ရှုံးနိမ့်ခြင်းထက် ပို၍ ခံရခက်သည်။
အာကာသကလန်မှ လူများမှာ မျက်လုံးများ နီရဲလာကြလေ၏။
“မကောင်းဆိုးဝါးလေး မင်းပါးစပ်က မကောင်းတာတွေနဲ့ ပြည့်နေတာပဲ .. မင်း ငါ့ကလန်ကို အပုပ်ချတယ် .. ကျန်တာတွေအားလုံးထားလိုက် … မင်းငါ့တို့ကလန်ရဲ့မိုင်းတွင်းတွေ ဖျက်ဆီးပြီးတော့ ငါ့ကလန်သားတွေကို သတ်တာနဲ့တင်ကို မင်းက ဒီလောကကြီးမှာ နေဖို့ မထိုက်တန်တော့ဘူး” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။
“ယွမ်ရှီး .. မင်းရဲ့ ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းကိုထုတ်ပြီး သူ့ကို သတ်လိုက်” ရာထူးမြင့်သည့်အကြီးအကဲတစ်ယောက်မှ သူမကို လျှို့ဝှက်စွာ ပြောလိုက်သည်။
ယွမ်ရှီး ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ရုတ်တရက်ခေါင်းမော့လိုက်လေသည်။
“ဒါက ငါတို့ကလန် အရှက်ခွဲခံရတာပဲ .. မင်းတို့မျိုးဆက်ထဲက တစ်ယောက်ယောက်သာ သူ့ကို သတ်နိုင်ရင် ငါတို့ နည်းနည်းအဖတ်ဆယ်နိုင်လိမ့်မယ်” ထိုအသံမှ အေးစက်စွာ ပြောလိုက်သည်။
ယွမ်ရှီး ထိတ်လန့်သွားရ၏ နောက်ဆုံးတွင် သူမသည် ခေါင်းမော့ကာ ထိုလူငယ်လေးကို ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်သည်လည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ထိုနေရာသို့ ကြည့်လိုက်လေသည်။