သုခကမ္ဘာက ရှီဟောင် - Chapter - 971 လောကကြီးကို ကြေငြာခြင်း
ချီသော်လင်းသည် အမှိုက်ပုံအပေါ်တွင်ရပ်နေပြီး သူ၏တာအိုဝတ်စုံမှာ လေထဲတွင် လူးလွန့်နေ၏။ နတ်အလင်းတန်းများထွက်ပေါ်လာကာ ကောင်းကင်ထက်သို့တက်သွားသောကြောင့် အဆင့်လွန်တာအိုရိုးရာတစ်ခုလုံးမှာ အလေးအမြတ်ထားရသည့်နေရာကဲ့သို့ဖြစ်သွားလေသည်။
“ချီလေး .. မင်းကအသက်ကြီးလာပြီးတော့ ကိုယ့်ကိုကိုယ်ရပ်တည်နိုင်တာနဲ့ ကောင်းကင်နတ်ဘုရားတွေကို သတ်မယ်လို့ ပြောနေပြီ .. ဧကရာဇ်လူမျိုးစုတစ်ခုကို ရှင်းပစ်မယ်လို့တောင် ပြောနေပြီ” တာအိုကာကွယ်သူမှ အေးစက်စွာ ပြောလိုက်သည်။ သူသည် အာကာသလူမျိုး မဟုတ်ပေ။ သူ ဘာလူမျိုးဖြစ်သည်ကို မည်သူမျှ မသိကြပေ။ အထူးသဖြင့် သူ၏ဦးခေါင်းထက်တွင်ရှိနေသည့် အနက်ရောင်ဦးချိုတစ်စုံပင်။
“ခင်ဗျားတို့အားလုံးက ကျုပ်ရဲ့ကျောင်းမှာ လာသတ်ဖြတ်နေကြတာကို ကျုပ်က ခင်ဗျားတို့ကိုကြင်နာပြနေရဦးမှာလား .. ကျုပ် ကောင်းကင်ဘုံမြို့ကို သွားလည်ပြီးတော့ သွားသတ်ဖြတ်ရင်ရော ဘယ်လိုလဲ” ချီသော်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် မည်သူမျှ သူ၏စကားများကို ဟာသအဖြစ် မမှတ်ယူပေ။
သူ့ထံတွင် ဤကဲ့သို့ပြုလုပ်နိုင်သည့် စွမ်းအားရှိသည်။
“တာအိုဆရာချီ လွန်မလာပါနဲ့ .. ကျွန်တော်တို့ ကလန်ရဲ့ တာအိုကာကွယ်သူက ခင်ဗျားနဲ့ဆွေးနွေးဖို့အတွက် သူကိုယ်တိုင် ရောက်လာခဲ့တာ .. အဲဒါကို ခင်ဗျားက ဒီလိုမျိုးလုပ်နေတယ် .. ကျွန်တော့်တို့အာကာသကလန်က အားနည်းတယ်လို့ထင်နေတာလား” လူလတ်ပိုင်းအရွယ်ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။
သူသည် သာမန်မဟုတ်ပေ။ သူ၏ခန္ဓာကိုယ်တွင် လျှပ်စီးများဖုံးလွှမ်းနေပြီး အရိုးစာသားများမှာ ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားလေ၏။
သို့သော် ယခုအချိန်တွင် သူသည် တာအိုကာကွယ်သူကို တွဲပေးနေရသည့် ‘တာအိုကလေး’ တစ်ယောက်သာသာပင်။
အမှန်တကယ်တွင် ယခင်က သူသည် တကယ်ပင် တာအိုကာကွယ်သူဘေးတွင် နေရသည့်ကလေးတစ်ယောက်ပင်။ နှစ်ပေါင်းများစွာ ကြာပြီးသွားသည့်နောက်တွင် သူ အရွယ်ရောက်လာကာ ကလန်အားလုံးမှ လူများကို လွှမ်းမိုးနိုင်ခြင်းပင်။
“ကျုပ်သာ တကယ်စည်းကျော်ချင်ရင် အစောကြီးကတည်းက ခင်ဗျားတို့ကို မျက်နှာသာမပေးပဲနဲ့ သတ်ပြီးသွားပြီ .. အဆင့်လွန်ကျွမ်းကျင်သူပဲဖြစ်ဖြစ် နတ်ဘုရားအစစ်ပဲဖြစ်ဖြစ် .. ကောင်းကင်နတ်ဘုရားပဲဖြစ်ဖြစ် ဘာကိုဂရုစိုက်ရမှာလဲ .. သူတို့ဘယ်သူပဲဖြစ်ဖြစ် ငါ သတ်ပြီးသွားပြီ”
ချီသော်လင်းသည် ပုံမှန်အတိုင်းသာ ပြောလိုက်သော်လည်း အားလုံး၏နားထဲတွင် ဤသည်မှာ မိုးခြိမ်းသံနှင့် တူနေသည်။
“ချီလေး .. ငါမင်းကို တစ်ခုပဲမေးမယ် .. မင်း ဒီကောင်လေးကို လွှဲပေးနိုင်မလား” အာကာသကလန်မှ တာအိုကာကွယ်သူမှ ပြောလိုက်သည်။ သူသည် တုတ်ကောက်ကို အမှီပြုကာ ရပ်နေရခြင်းဖြစ်သော်လည်း သူမျက်တောင်ခတ်လိုက်သည့်အချိန်တိုင်းတွင် အလင်းတန်းတစ်မျိုး ထွက်ပေါ်လာလေသည်။
သူသည် ရှီဟောင်ကို ကြည့်နေလေ၏။
ရှီဟောင်စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ဤအကြီးအကဲမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူ၏အကြည့်တစ်ခုတည်းကပင်လျှင် ကောင်းကင်ဓားသွားများ ဆင်းသက်လာသကဲ့သို့ပင်။ ထိုအကြည့်များတွင် သတ်ဖြတ်လိုသည့်စွမ်းအင်များရှိနေပြီး တောင်ထိပ်များကိုပင် ပြိုကျစေနိုင်လေသည်။
ကံကောင်းစွာဖြင့်ပင် ချီသော်လင်းသည် သူ့အနားတွင် ရပ်နေပြီး သူ၏ခန္ဓာကိုယ်မှ မြင့်မြတ်သည့်အလင်းတန်းများ ထုတ်လွှတ်ကာ ထိုသတ်ဖြတ်လိုသည့်အငွေ့အသက်များ အနားကပ်မလာနိုင်အောင် တားဆီးလိုက်လေသည်။
“မပေးဘူး” ချီသော်လင်း ဒဲ့တိုးပင် ငြင်းဆန်လိုက်သည်။
“သူက ငါ့ကလန်က ရှင်းပစ်ဖို့လိုအပ်နေတဲ့ ကပ်ဆိုးကြီးပဲ .. တာအိုဆရာချီ ခင်ဗျား ကျွန်တော်တို့ကို တမင်သက်သက်ဆန့်ကျင်နေတာလား .. အရင်တုန်းက ခင်ဗျားတို့နှစ်ယောက် အဲဒီလောက်ဆက်ဆံရေးမရှိပဲနဲ့” ခပ်ဝေးဝေးတောင်ကြောတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရား မိုလော့ ထရပ်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်လိုက်ပြီး သူ၏ကျိုးသွားသည့်အရိုးများလည်း ပြန်ဆက်ပြီးသွားလေပြီ။ သူ ထိုနေရာသို့ လမ်းလျှောက်လာသည်နှင့် တောင်ကြောတစ်ခုလုံး တုန်ခါသွားသည်။
“ကျုပ် ရှင်းအောင်ပြောပြလိုက်မယ် .. ဟွမ်က ငါ့ရဲ့အဆင့်လွန်တာအိုရိုးရာရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲ .. ဒီစကားလုံးတွေက လေထဲပျောက်သွားရမယ့်စကားတွေ မဟုတ်ဘူး .. တစ်လောကလုံးကို ပြန့်သွားရမယ့်စကားတွေ .. မင်းတို့အားလုံး သေချာနားထောင်ကြ” ချီသော်လင်းမှ အော်ပြောလိုက်သည်။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တောက်ပလာကာ သူ၏အသံမှာ ဆူနာမီကဲ့သို့ပင် လောကကြီးကို ဖြတ်သန်းသွားကာ နေရာတိုင်းတွင် မြည်ဟီးနေလေ၏။
သူသည် တစ်လောကလုံးကို အသိပေးလိုက်ခြင်းလား…
ထိုအချိန်တွင် မီးစီရင်စု၊ နတ်ဘုရားမကျောင်း၊ ခွန်စီရင်စုနှင့် အနီးအနားတွင်ရှိနေသည့်သူများအားလုံးသည် တစ်ခုခုကို အာရုံခံမိသွားကာ ခေါင်းမော့ကြည့်လိုက်ကြလေသည်။
ဤနေ့မှစကာ ဟွမ်သည် အဆင့်လွန်တာအိုရိုးရာ၏ တစ်ဦးတည်းသောမျိုးဆက်ဖြစ်သည်ဟူသည့် အချက်မှာ ခိုင်မြဲသွားလေပြီ။ သူသည် တစ်ကိုယ်တော် ကျင့်ကြံသူ မဟုတ်တော့ပေ။ သူ့ကို တိုက်ခိုက်ချင်သည့်မည်သူမဆို အကျိုးဆက်ကို အရင်စဉ်းစားရတော့မည်။
“ခင်ဗျား….” ကောင်းကင်နတ်ဘုရားမိုလော့၏အမူအရာ ပြောင်းလဲသွားလေ၏။ လေထုအခြေအနေမှာ တင်းမာနေလေပြီ။ ချီသော်လင်းမှ သူ၏ဆုံးဖြတ်ချက်ကို ပြန်မပြင်သည်မှာ သေချာသည်။
တောင်ကြောတွင်ရှိနေသည့် လူများစွာမှာ ထိတ်လန့်သွားပြီး ဆွေးနွေးသံများ ထွက်ပေါ်လာလေသည်။
အထူးသဖြင့် အသက်ကြီးသည့်ပုဂ္ဂိုလ်များပင်။ ဤတာအိုဆရာ၏စိတ်ကို သူတို့နားလည်သည်။ တစ်စုံတစ်ယောက်သာ သူ့ကိုဒေါသထွက်အောင် လုပ်ပါက သူသည် ကောင်းကင်ကိုပင် ပြောင်းပြန်လှန်ပစ်လိမ့်မည်။
“ဟူး .. အသက်ကြီးလာတာတောင်မှ အခုထိ လက်မခံနိုင်သေးဘူး .. ချီလေး ငါတို့ နည်းနည်းလောက်တိုက်ကြရင်ရော” တာအိုကာကွယ်သူမှ ပြောလိုက်သည်။ သူ၏ဦးခေါင်းထက်ရှိ ဦးချိုတောက်ပလာပြီး သူ၏မျက်ဝန်းများတွင်လည်း နတ်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
သူ့ထံတွင် အချိန်သိပ်မရှိတော့သဖြင့် သူ လှုပ်ရှားရမည်။ ဤနှစ်များတွင် ရှီဟောင်သည် သူတို့ဂိုဏ်းအတွက် ကပ်ဆိုးကြီးသယ်လာမည့်မြင်ကွင်းကို သူမြင်နေခဲ့ရသည်။
“ကိစ္စမရှိဘူး” ချီသော်လင်း၏အဖြေမှာ အလွန်ပင် ဒဲ့တိုးဆန်လွန်းလှသည်။ သို့သော် နောက်ဆုံးတွင် သူသည် တာအိုကာကွယ်သူကို ကြည့်ကာ “ခင်ဗျားရဲ့သွေးစွမ်းအင်က ခြောက်ကပ်နေပြီ .. ခင်ဗျားတိုက်နိုင်သေးလို့လား”
“ကိစ္စမရှိဘူး .. အခုတလော ငါ မသေမျိုးနတ်ဆေးရည်တစ်စက်သောက်လိုက်ရတယ် .. အဲဒီဆေးရည်က ငါ့ရဲ့လက်ကျန်အသက်ကို နှစ်ပေါင်းနည်းနည်းလောက် ဆွဲဆန့်ပေးနိုင်တယ် .. နည်းနည်းလောက်တိုက်ခိုက်ရတာက ပြဿနာမရှိဘူး” တာအိုကာကွယ်သူမှ ပြောလိုက်သည်။ သူသည် ချက်ချင်းပင် ကောင်းကင်ထက်သို့ တရှိန်ထိုး ပြေးတက်သွားလိုက်လေ၏။
အားလုံးထိတ်လန့်သွားရသည်။ တာအိုကာကွယ်သူကို ကြည့်ရသည်မှာ အလွန်ပင် အိုမင်းလှပြီဖြစ်သောကြောင့် သူသည် ဤမျှလျင်မြန်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
ချီသော်လင်းမှာ တည်ငြိမ်နေလေ၏။ ရွှီးဟူသည့်အသံနှင့်အတူ သူသည်လည် ကောင်းကင်ထက်တွင် ပေါ်လာလေသည်။
ထိုအချိန်တွင် အာကာသကလန်မှ လူများမှာ ရှီဟောင်အား စိုက်ကြည့်နေပြီး လေထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
မိုလော့သည်လည်း ထို့အတူပင်။ ယခုအချိန်တွင် သူသာ ဘာမှမစဉ်းစားပဲ ဤကပ်ဆိုးကောင်ကြီးကို ရှင်းပစ်လျှင် ချီသော်လင်း တကယ်ဒေါသထွက်မည်လား..
သူသည် အခြားကောင်းင်နတ်ဘုရားနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
“သူက ဘာမဆိုလုပ်မယ့်အရူးကောင်ပဲ”
“ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးကို အရင်ပြန်ယူလိုက်ရင်ရော” မိုလော့ပြောလိုက်သည်။
မိုလော့သည် ရှီဟောင်အား အေးစက်စွာ စိုက်ကြည့်နေလေသည်။ သူ မတိုက်ခိုက်သေးသော်လည်း သူ၏မူလဝိဉာဉ်မှာ ထက်ရှသည့်ဓားသွားကဲ့သို့ တောက်ပလာပြီး ကြောက်စရာကောင်းသည့်အလင်းမိုးတစ်ခုကို ထုတ်လွှတ်နေလေသည်။
သူအနည်းငယ် အလောကြီးနေသည်။ သူ ရှီဟောင်ကို မသတ်နိုင်လျှင်ပင် ရှီဟောင်၏နှလုံးထဲတွင် အစေ့တစ်ခု ချန်ထားခဲ့၍ရသည်။ ထိုအစေ့မှ အမြစ်တွယ်သွားသည်နှင့် သူ၏တာအိုနှလုံးသား ပျက်စီးသွားလိမ့်မည်။
သူသာ သတိထားပြီးလုပ်လျှင် ချီသော်လင်းကိုပင် ဖုံးကွယ်နိုင်လိမ့်မည်။ ထို့ကြောင့်ပင် သူသည် ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးကို ပြန်ယူရန် လောမနေပဲ ဤရက်စက်သည့်တိုက်ခိုက်မှုကို အရင်ပြုလုပ်ရန်ဆုံးဖြတ်လိုက်ခြင်းပင်။
ထို့နောက်တွင် သူ၏မျက်ခုံးကြားမှ နတ်အလင်းတန်းမှေးမှိန်သွားပြီး သူသည်လျှို့ဝှက်စွာဖြင့်ပင် နတ်မျိုးစေ့တစ်ခုကို ပြုလုပ်လိုက်လေသည်။ သူ၏ရှေးဟောင်းပညာကို ပြသရန် အသင့်ပြင်ထားလိုက်လေသည်။ ဤပညာကို ‘နတ်ဆိုးမျိုးစေ့’ ဟု ခေါ်လေသည်။
ဤပညာမှာ အလျှို့ဝှက်ဆုံးဖြစ်ပြီး ရှာတွေ့နိုင်ရန် ခက်ခဲလေသည်။ ဤပညာမှာ သူ အမှတ်မထင်တွေ့ခဲ့သည့်ပညာပင်။
သို့သော် နတ်ဆိုးမျိုးစေ့ကို ပစ်လွှတ်တော့မည့်အချိန်တွင် ရှီဟောင်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်လေသည်္။ မူလရှေးဟောင်းမှတ်တမ်းထဲတွင် ရှိနေသည့် အရိုးစာသားများ တောက်ပလာပြီး မျက်နှာပြင်ထက်တွင် ပေါ်လာလေသည်။
ဝုန်း..
ထို့အပြင် ကောင်းကင်ထက်မှ ကြီးမားလှသည့်လက်ဝါးကြီးတစ်ဖက် ကျရောက်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားလေသည်။ တောင်ကြောတစ်ခုလုံးကို ဝန်းရံသွားပြီး မိုလော့ကို ဖိချပစ်လေ၏။ ဤလက်ဝါးကို ရှောင်ရှားရန်ခက်ခဲလှသည်။
“ဘာ…” သူ ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော လျှို့ဝှက်ပညာပင်လျှင် ထုတ်ဖော်ခံလိုက်ရသည်လား..
“မင်းက ဒီလူအိုကြီးကို ဘာထင်နေတာလဲ ..ငါက ကလန်ပေါင်းများစွာကနေ ပညာတွေခိုးခဲ့တာ .. နတ်ဆိုးမျိုးစေ့ကိုလည်း ငါ နားလည်တယ် .. မင်းက တကယ့်ကျွမ်းကျင်သူရှေ့မှာ မင်းရဲ့စွမ်းရည်တွေကို ထုတ်ပြဲရဲတယ်ပေါ့” ချီသော်လင်းအသံမှာ အေးစက်နေလေ၏။ ထိုလက်ဝါးတွင် အရိုးစာသားများ ထွက်ပေါ်လာပြီး အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။
“အား…”
မိုလော့ကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် သနားစဖွယ် အော်ဟစ်နေလေ၏။ သူ ဤရိုက်ချက်ကို မခံနိုင်ပေ။ သူ ထုတ်လိုက်သည့် မှော်ပစ္စည်းများအားလုံးမှာ ပျက်စီးသွားပြီး သူ၏သွေးသားများလည်း တစ်လက်မချင်း အက်ကွဲလာလေသည်။ ကောင်းကင်ထက်တွင် သွေးများ ဖုံးလွှမ်းသွားလေ၏။
“တော်တော့” တာအိုကာကွယ်သူမှ အော်ပြောလိုက်သည်။ ချီသော်လင်းကို ရပ်တန့်ရန်အတွက် တောက်ပသည့်အလင်းများ ထွက်ပေါ်လာလေ၏။
“မင်းတို့အားလုံးက ငါ့နယ်မြေမှာ ဒီလိုမျိုးတိုက်ခိုက်ရဲကြတယ်ပေါ့ .. မင်းတို့က သေချင်နေတာပဲ” ချီသော်လင်းသည် မလှုပ်မရှားရပ်နေရင်းဖြင့်ပင် အောက်ဘက်သို့ ရိုက်ချလိုက်လေ၏။
မိုလော့ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများစိုရွှဲနေလေ၏။ သူ၏စွမ်းအားကြီးသည့်အသွေးအသားများ ပေါက်ကွဲသွားပြီး အရိုးများလည်း တစ်စစီဖြစ်နေလေပြီ။ ဤကြီးမားလှသည့်လက်ကို ခုခံရန်မှာ သူ့အတွက်မဖြစ်နိုင်သည့် ကိစ္စပင်။ သူ၏သွေးမှာ တောင်တစ်ခုလုံးကို အနီရောင်ခြယ်သလိုက်လေသည်။
နောက်ဆုံးတွင် မူလဝိဉာဉ်သာ ကျန်တော့လေသည်။
“အကြီးအကဲ ကျွန်တော့်ကို ကယ်ပါ” မိုလော့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် အလွန်တရာပင် ကြောက်လန့်နေလေပြီ။
“မင်းအပြစ်နဲ့မင်းပဲ” ချီသော်လင်းမှ အေးစက်စွာ ပြောလိုက်သည်။ သို့သော် သူသည် မိုလော့အား အလွတ်ပေးလိုက်လေ၏။ “ငါမင်းကို မင်းရဲ့မူလဝိဉာဉ်ကို အလွတ်ပေးလိုက်မယ် .. မင်းနှစ်ပေါင်းများစွာ ကျင့်ကြံပြီးတော့ မင်းအတွက် သင့်တော်တဲ့ခန္ဓာကိုယ်ကို ရှာခွင့်ပေးလိုက်မယ် .. အဲဒီအချိန်ကျရင် လေ့ကျင့်တဲ့အနေနဲ့ ငါ့တပည့်ကို မင်းကိုသတ်ခိုင်းလိုက်မယ်”
ကလန်တိုင်းမှ ကျွမ်းကျင်သူများ ထိတ်လန့်တုန်လှုပ်သွားရသည်။ ဤသည်မှာ စွမ်းအားကြီးလွန်းလှသည်။ ဤလူမှာ တာအိုဆရာချီလား .. ဂိုဏ်းအားလုံးကလိုက်ဖမ်းခဲ့သည့်သူလား .. ယခုအချိန်တွင်တော့ သူသည် မုန်တိုင်းတစ်ခု ဖန်တီးတော့မည့်ပုံပင်။ မည်သူမျှ သူ့အား မရပ်တန့်နိုင်ပေ။
ကောင်းကင်ထက်တွင်ရှိနေသည့် တာအိုကာကွယ်သူ မျက်နှာပျက်သွားလေသည်။ “ချီလေး .. မင်းလွန်လွန်းလာပြီ .. ဒီနှစ်တွေမှာ မင်း ဘယ်လောက်စွမ်းအားကြီးလာလဲဆိုတာ ကြည့်ကြတာပေါ့”
ထိုအချိန်တွင် သူ၏သွေးစွမ်းအင်များ ကောင်းကင်ထက်သို့ စီးဆင်းသွားပြီး စီရင်စုသုံးခုလုံးကို တုန်လှုပ်သွားစေလေသည်။ ဂိုဏ်းများမှာ ကျွမ်းကျင်သူဘယ်နှယောက်လောက် ခေါင်းမော့ကြည့်မှန်းပင် မသိရပေ။
သူ၏ဘေးဘက်တွင်ရှိနေသည့် လေဟာနယ်ပွင့်ထွက်သွားပြီး လီပေါင်းမည်မျှထိ ရှည်လျားသွားမှန်းပင် မသိရပေ။ လောကကြီးတစ်ခုလုံးမှာ ပြိုကွဲထွက်တော့မတတ်ပင်။
ထိုအချိန်တွင် သူသည် အသက်မကြီးတော့ပေ။ သူ၏သွေးသားများ တောက်ပနေပြီး သူ၏ခန္ဓာကိုယ်မှာ ဖြောင့်တန်းနေလေသည်။ သူ၏ဦးခေါင်းထက်မှာ နက်မှောင်နေသည့်ဆံပင်များ ဖြာကျနေပြီး ချက်ချင်းပင် ငယ်ရွယ်စဉ်ဘဝသို့ ပြန်ရောက်သွားလေ၏။ သူ၏အသက်ဓာတ်မှာလည်း များပြားလှသည်။
“ဟာသပဲ .. ကြည့်ရတာ ထာဝရနတ်ဆေးရည်က အစွမ်းပြနေပြီထင်တယ် ..ငါ့ရဲ့ ကောင်းကင်ဘုံရှစ်ခု စွမ်းအားကို စမ်းသပ်ဖို့ အခွင့်ကောင်းပဲ” ချီသော်လင်း တည်ငြိမ်စွာ ပြောနေလေ၏။
ချီသော်လင်းသည် အပြင်ဘက်လေဟာနယ်တွင် ရပ်နေလေသည်။ သူသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး သူ့အနားတွင် အဆုံးမရှိသည့်မြူများဝန်းရံနေပြီး နတ်အလင်းတန်းများလည်း လောကကြီးကို အလင်းပေးနေလေ၏။
သူသည် ကောင်းကင်ဘုံရှစ်ခုပညာကို ပြသနေလေ၏။ သူသည် စွမ်းအားအကြီးဆုံး အဖိုးတန်ပညာ ၈ ခုကို ပေါင်းစည်းလိုက်ပြီး နားကန်းစေလောက်သည့် တာအိုအသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
အဆုံးမရှိသည့်လောကကြီးတွင် သင်္ကေတများ ပြည့်နှက်သွားပြီး လျှပ်စီးများလည်း ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားလေသည်။ ဖီးနှစ်အစစ်တစ်ကောင်သည် မီးတောက်များကို ထုတ်လွှတ်လျှက် ဟစ်ကြွေးနေပြီး ပန်သည်လည်း သူ၏အတောင်ပံများကို ဖြန့်ကားထားလေသည်။ နဂါးအစစ်သည်လည်း ဟစ်ကြွေးနေပြီး ကြယ်များလည်း အတူတကွချိတ်ဆက်သွားပြီး လှိုင်းငယ်များ ဖြစ်ပေါ်လာလေသည်။ ခပ်ဝေးဝေးတွင် ကြောက်စရာကောင်းသည့်တာအိုအလင်းများ ဖြန့်ကျက်နေလေ၏။
ဖူး…
နောက်ဆုံးတွင် တာအိုကာကွယ်သူသည် သွေးအန်သွားပြီး တစ်ကိုယ်လုံး လွင့်ထွက်သွားလေ၏။ သူ၏စွမ်းအားအကြီးဆုံး နတ်စွမ်းရည်များ ပြန့်ကျဲသွားပြီး သူလည်း ပြင်းထန်စွာ ဒဏ်ရာရသွားလေသည်။
ထိုသို့အရေးကြီးသည့်အချိန်တွင် သူသည် အသက်အစားထိုးသည့်နည်းလမ်းကို အသုံးပြုလိုက်သည်။ သူ့နေရာတွင် ဦးချိုနှစ်ချောင်းကို အစားထိုးလိုက်လေ၏။ နောက်ဆုံးတွင် ဦးချိုများ ပျက်စီးသွားပြီး သွေးများစွန်းပေလျက် အောက်သို့ပြုတ်ကျသွားလေသည်။
တာအိုကာကွယ်သူသည် ခပ်ဝေးဝေးသို့ ဦးတည်သွားပြီး ပြန်လှည့်မလာတော့ပေ။
တာအိုကာကွယ်သူက စွမ်းအားမကြီးခြင်း မဟုတ်ပေ။ ကောင်းကင်ဘုံရှစ်ခုပညာမှ စွမ်းအားကြီးလွန်းနေခြင်းပင်။ ထို့အပြင် သူတို့နှစ်ဦးလုံးသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ရန်အတွက် သူတို့၏စွမ်းအားအကြီးဆုံးပညာများကို အသုံးပြုကြသောကြောင့် တစ်ဖက်ကတော့ ရှုံးနိမ့်မည်သာ။
ဤကဲ့သို့သော တိုက်ပွဲမှာ တစ်ချက်တိုက်ခြင်းသည် အချက်ပေါင်းတစ်ထောင်နှင့် ညီမျှသည်။
“ဘယ်သူက ငါ့ကို ချီလေးလို့ ခေါ်ရဲလဲ” ချီသော်လင်းသည် တောင်ဂိတ်တံခါးဝရှေ့တွင် ဆင်းသက်လိုက်လေ၏။
ရှီဟောင် စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။ ဤလူအိုကြီးမှာ သဘောထားသေးသိမ်လှသည်။ ဤတာအိုဆရာ သူ၏ခွန်အားကို ပြသခြင်းမှာ အာကာသကလန်၏ တာအိုကာကွယ်သူမှ သူအား ချီလေးဟု ခေါ်ခြင်းကြောင့်ဖြစ်မည်ကို သူ သေချာပေါက် ပြောရဲသည်။
တာအိုကာကွယ်သူသာ ဤအကြောင်းကို သိသွားပါက သူ သွေးအန်သွားမည်သာ။ သူသာ အစောကြီးကတည်းက ဒါကို သိခဲ့လျှင် ကိုယ့်သေတွင်း ကိုယ်တူးမည်မဟုတ်ပေ။
ဤတောင်ကြောတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
အားလုံးမှာ ဆွံ့အနေကြလေ၏။ ချီသော်လင်းက ဧကရာဇ်ကလန်ရဲ့ တာအိုကာကွယ်သူကို အနိုင်ယူခဲ့တာလား ..
ကြီးမားသည့်ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပျက်ခဲ့သည်ကို အသက်ကြီးနေသည့်သူများအားလုံး သိကြသည်။ ဤကောင်းကင်နတ်ဘုရားချီသော်လင်းမှာ ယခုအချိန်တွင် စွမ်းအားအကြီးဆုံး ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်နေလေပြီ။
သူ၏အသက်မှာမူ အခြားသူများထက် အတော်လေး ငယ်ရွယ်သေးသည်။ ဤသည်မှာ ကြီးမားသည့် တိုးတက်မှုကြီးပင်။
ဝုန်း…
ဤနေရာတွင် ဆူညံသံများ ထွက်ပေါ်လာသည်။
အာကာသကလန်မှ ကောင်းကင်နတ်ဘုရားနှင့် အခြားတပည့်များအားလုံး၏မျက်နှာများမှာ ဖြူဖျော့နေလေပြီ။
ဤသည်မှာ အာကာသအကြီးအကဲဟောင်းသာလျှင် ချီသော်လင်းကို ဖိနှိပ်နိုင်တော့မည်ဟု ဆိုလိုခြင်းပင်။ သို့သော် အကြီးအကဲဟောင်းက ဘယ်အချိန်ထိ အသက်ရှင်နိုင်ဦးမည်နည်း…
ချီသော်လင်းတွင် ဆံပင်ဖြူများနှင့် မုတ်ဆိတ်များရှိသော်လည်း သူ၏သွေးစွမ်းအင်များမှာ အမြင့်ဆုံးတွင် ရောက်နေသည်။ ပြောရမည်ဆိုလျှင် သူသည် ယခုမှ တက်လာသည့်သူဖြစ်သောကြောင့် သူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်နေဦးမည်ပင်။
သူသာ ငယ်ရွယ်ချင်လျှင် တစ်ခဏအတွင်းငယ်သွားအောင် လုပ်၍ရသည်။
“ကောင်းကင်ဘုံရှစ်ခုပညာက တော်တော်လိုသေးတာပဲ .. တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကို မယှဉ်နိုင်သေးဘူး .. ငါတိုးတက်အောင်လုပ်ဖို့လိုသေးတယ်” သူ့ကိုယ်သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
ထို့နောက်တွင် ချီသော်လင်းသည် ရုတ်တရက်ပင် ခေါင်းမော့လိုက်ကာ အရပ်မျက်နှာအနှံ့သို့ ဝေ့ဝဲကြည့်လိုက်ကာ “ဟွမ်က ငါ့ရဲ့အဆင့်လွန်တာအိုရိုးရာသွေးမျိုးဆက်ရဲ့ အမွေဆက်ခံသူဖြစ်ကြောင်းကို ဒီနေ့ ငါအသိပေးလိုက်မယ်”
သူ အလေးအနက်ပြောနေခြင်းပင်။ ဤသည်မှာရှီဟောင်ကို အခြားသူများ လုပ်ကြံခြင်းမှ ကာကွယ်ရန်ပင်။
“ဒါပေမဲ့ ဘယ်အဆင့်လွန်ကျွမ်းကျင်သူမဆို သူ့ကိုလာသတ်လို့ရတယ်..”
နောက်ထပ်ပြောလိုက်သည့်စကားမှာ အားလုံးကို ဆွံ့အသွားစေလေသည်။
“နတ်မီးတောက်နယ်ပယ်လည်းရတယ် .. မင်းတို့ သူ့ကို ကြိုက်သလိုလာတိုက်” ချီသော်လင်း ထပ်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်၏မျက်ခုံးများ စုကျုံ့သွားသည်။
ဒီလူအိုကြီးက ဘာကိုပြောချင်နေတာလဲ … သူက တစ်လောကလုံးကို ရှီဟောင်ရဲ့ရန်ဘက်ဖြစ်သွားအောင် လုပ်နေတာလား..
“ဒါပေမဲ့ ကောင်းကင်နတ်ဘုရားတွေ သူ့ကို ထိခိုက်ချင်တယ်ဆိုရင်တော့ ငါမယဉ်ကျေးတာကို အပြစ်မတင်ကြနဲ့ .. ငါ မင်းတို့ဂိုဏ်းရဲ့ ကံကြမ္မာကို ရှင်းပစ်ပြီးတော့ မင်းတို့တပည့်တွေအားလုံးကို ခေါင်းဖြတ်ပစ်မယ်” ချီသော်လင်း၏အသံမှာ ပဲ့တင်ထပ်နေလေ၏။
ဤအခြေအနေသို့ ရောက်နေပြီဖြစ်သောကြောင့် အားလုံးနားလည်သွားကြသည်။
ချီသော်လင်းသည် လူငယ်မျိုးဆက်များကြားမှ တိုက်ပွဲကို စိတ်မဝင်စားပေ။ လွန်ခဲ့သည့်နှစ်များစွာက သူ၏တပည့်နှစ်ယောက်ကို ဝိုင်းတိုက်သည့်အချိန်တုန်းက ကဲ့သို့ပင်။
သို့သော် ကောင်းကင်နတ်ဘုရားများသာ သူ၏တပည့်များကို ပစ်မှတ်ထားလာပါက မည်သူပင် ဖြစ်ပါစေ သူသည် ထိုသူများထံသို့ အလည်သွားပြီး သတ်ဖြတ်ပေးမည်သာ။