သုခကမ္ဘာက ရှီဟောင် - Chapter - 974 သုံးလောက အခေါင်း
မီးစီရင်စုမှာ ကျယ်ပြန့်ကာ အဆုံးမရှိသည့်နေရာတစ်ခုပင်။
မြက်ခင်းပြင်အတွင်းပိုင်းတွင် ဆရာတပည့်နှစ်ယောက် ကောင်းကင်ထက်မှ ဆင်းသက်လာလေသည်။
“ဆရာ စိတ်ငြိမ်နေမှရမယ် .. ဆရာစိတ်လွတ်သွားလို့မရဘူး” သူဒေါသထွက်လာပြီး အခေါင်းကို တိုက်ရိုက်ကြီးဖွင့်လိုက်မည်ကို ရှီဟောင် ကြောက်နေဆဲပင်။ ဤသို့လုပ်လိုက်ပါက သူတို့အန္တရာယ်များလိမ့်မည်။
“လမ်းပြ” ချီသော်လင်း၏အမူအရာမှာ လေးနက်နေလေ၏။ သူ၏ရွှေရောင်တာအိုဝတ်စုံမှာ လွင့်မျောနေပြီး ကောင်းကင်ဘုံရှစ်ခုပညာလည်း သူ့အလိုလို ပေါ်လာလေသည်။
သူတို့နှစ်ဦးသည် လေးညှို့မှ လွတ်လိုက်သည့်မြှားကဲ့သို့ပင် မြေကြီးအတွင်းပိုင်းထဲသို့ ဝင်ရောက်သွားကြလေသည်။ သူတို့သည် ကမ္ဘာမြေလှုပ်ရှားခြင်းပညာများကို အသုံးပြုကာ မြေကြီးထဲသို့ ဝင်သွားကြလေ၏။
မြေအောက်၌ အတော်လေးပင် တိတ်ဆိတ်နေလေ၏။ ဤသည်မှာ ရှီဟောင် သုံးလောကအခေါင်းကို ရွှေ့စဉ်က တူးထားခဲ့သည့် ဂူကြီးပင်။ ဤသည်မှာ မှောင်မဲလွန်းပြီး ကိုယ့်လက်ကိုယ်ပင် မမြင်ရပေ။
သူတို့ ထိုအနားသို့ရောက်သွားသည်နှင့် ချီသော်လင်းကဲ့သို့သော စွမ်းအားကြီးသည့် သူပင်လျှင် ဆံပင်မွှေးများ မုတ်ဆိတ်မွှေးများပင် ထောင်သွားလေသည်။ သူ၏အဝတ်အစားများ လွင့်မျောလာပြီး နတ်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ဘေးဘက်တွင် သူတို့နှစ်ဦးလုံးကို ကာကွယ်ပေးထားသည့် ပုံစံမရှိသည့်အလင်းကွင်းတစ်ခု ဖြစ်ပေါ်နေလေသည်။
မြေအောက်ကမ္ဘာမှာ လင်းထိန်သွားလေသည်။ မြေပြင်ပေါ်တွင် တောက်ပနေသည့် အရိုးစုကိုးခုမှာ မညီမညာလဲကျနေပြီး အစိမ်းရောင်သံချေးတက်နေသည့် ကြီးမားလှသည့် ကြေးအခေါင်းကြီးလည်း ရှိနေလေသည်။
“ဒါက တကယ် .. သုံးလောကအခေါင်းပဲ” ချီသော်လင်းသည် တုန်ယင်နေသည့်လက်ကို ထုတ်လိုက်ပြီးနောက် ထိုအခေါင်းနားသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။ သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများပြည့်နှက်နေလေ၏။
“စိတ်လျော့” ရှီဟောင် သတိပေးလိုက်သည်။
ချီသော်လင်းသည် ထိုနေရာတွင်ရပ်နေလေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သင်္ကေတများဖုံးလွှမ်းနေပြီး မြေအောက်လောကတစ်ခုလုံးကို တောက်ပနေစေလေသည်။
နဂါးအရိုးစုကိုးခုမှာ ဖြူဖွေးနေပြီး ကြေးအခေါင်းမှာ ရှေးဟောင်းအငွေ့အသက်များပြည့်နှက်နေလေ၏။ ထိုနှစ်ခုပေါင်းလိုက်သည့်အချိန်တွင် ထူးဆန်းသည့်မြင်ကွင်းတစ်ခု ဖြစ်သွားလေသည်။
ပင်လယ်လှိုင်းများကဲ့သို့ပင် အဆုံးမရှိသည့် ဟစ်ကြွေးသံ၊ သတ်ဖြတ်သံများလည်း ထွက်ပေါ်နေလေသည်။
ရှီဟောင်ထိတ်လန့်သွားရ၏။ သူယခင်လာတုန်းက ဤကဲ့သို့မဟုတ်ပေ။ သူတို့ကြေးအခေါင်းကို မထိရသေးပဲနဲ့ ဘာလို့ဒီလိုမျိုးထူးဆန်းတဲ့ တုံ့ပြန်မှုမျိုး ဖြစ်နေတာလဲ..
“မတူတဲ့လူတွေက မတူတဲ့မြင်ကွင်းကို မြင်ရတယ်” ချီသော်လင်း ပြောလိုက်သည်။ သူ၏ခံစားချက်များမှာ အတက်အကျမမှန်သော်လည်း သူ၏ဒေါသကြောင့် စဉ်းစားနိုင်စွမ်း မပျောက်သေးပေ။ သူကဲ့သို့သော ကျင့်ကြံဆင့်မြင့်သည့်သူများမှာ ဤအခြေခံအမှားလောက်ကို လုပ်မည်မဟုတ်ပေ။
အဲဒီထူးဆန်းတဲ့မီးတောက် ဘယ်ရောက်သွားပြီလဲ .. ရှီဟောင် ဘေးနားပတ်လည်ကို ကြည့်လိုက်သော်လည်း မတွေ့ရပေ။
“ဆရာ.. အရင်တုန်းက သုံးလောကအခေါင်းနောက်ကို လိုက်ဖို့အတွက်နဲ့ ဆရာ့ရဲ့အသက်ကိုစွန့်စားခဲ့ပြီး အဆင့်လွန်ခန်းမကိုလည်း ကျရှုံးစေခဲ့တယ် .. ဒီနေ့ ကျွန်တော်ဒီအခေါင်းကို တွေ့ရပြီ” ချီသော်လင်း ပြောလိုက်သည်။
ရှီဟောင် ထိတ်လန့်မသွားပေ။ အဆင့်လွန်တာအိုရိုးရာ၏ တာအိုဆရာမှာ အဆင့်လွန်ခန်းမ၏ နောက်ဆုံးမျိုးဆက်ဖြစ်မည်ကို သူခန့်မှန်းပြီးသားပင်။ ဤမျိုးဆက်မှာ ရှေးယခင်ကတည်းက ထာဝရနန်းတော်နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့ခြင်းပင်။
“ဆရာ .. ဒီကြေးအခေါင်းက အရမ်းအရေးကြီးတယ်လို့ ဆရာပြောခဲ့ဖူးတယ် .. ဒါက ထာဝရရှေးဟောင်းခေတ်ကလာပြီးတော့ ကျွန်တော်တို့မျိုးဆက်နဲ့ပတ်သတ်တဲ့ အရေးကြီးတဲ့သတင်းတွေရှိတယ်လို့ ပြောခဲ့တယ် .. အဲဒါကြောင့်မို့လို့ ဆရာက ဒီအခေါင်းကိုရှာပြီးတော့ ဖွင့်ချင်ခဲ့တာ .. ဒီနေ့ ကျွန်တော် ဒီအခေါင်းရှေ့မှာ ရပ်နေပြီ .. ဒါပေမဲ့ ဆရာ့ရဲ့အိပ်မက်ကို ဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာကို ကျွန်တော် မသိဘူး” ချီသော်လင်း ပြောလိုက်သည်။
ရှီဟောင်သွေးများ အေးခဲသွားရသည်။ သူသည် လျင်မြန်စွာဖြင့်ပင် “တာအိုဆရာ အလျင်စလိုမလုပ်ပါနဲ့ .. ဒါကိုမြင်ပြီးတော့ ဆရာ့ရဲ့ဆရာကို သတိရသွားတာမလား .. ဆရာ့အုတ်ဂူကို အရိုအသေပေးပြီးတော့ အခေါင်းတွေမှာ ဆရာကြီးရဲ့ ခြေရာလက်ရာတွေ ရှိမရှိ ကြည့်လို့ရတယ် … ဒါပေမဲ့ ဆရာ ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်လို့မရဘူး”
အဆင့်လွန်တာအိုရိုးရာရဲ့ဆရာမှာ ယခင်က မည်မျှပင် စွမ်းအားကြီးခဲ့သနည်း… သို့သော်လည်း ဤအခေါင်းကိုဖွင့်လိုက်သည့်အချိန်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ထိုဒဏ်ရာကြောင့်ပင် ထာဝရနန်းတော်၏ဘိုးဘေးနှင့်အခြားသူများ တိုက်ခိုက်ခြင်းကို ခံလိုက်ရကာ သေဆုံးသွားခဲ့သည်။
“ငါနားလည်ပါတယ်” ချီသော်လင်းခေါင်းညိမ့်လိုက်၏။ သူအလျင်စလို လုပ်မည်မဟုတ်ပေ။
ချီသော်လင်း အနားကပ်လာသည်နှင့် ကြေးအခေါင်းမှာ တောက်ပလာပြီး ကျောက်စိမ်းကဲ့သို့ကြည်လင်လာလေသည်။ ယခင်ကနှင့်မတူစွာပင် မသေဆုံးနိုင်သည့် စွမ်းအားကြီးသောအော်ရာများကို ထုတ်လွှတ်နေလေသည်။
“စွမ်းအားကြီးလေ ပိုပြီးတော့ ပုန်ကန်လေပဲ” ရှီဟောင်ထိတ်လန့်သွားရသည်။
ချီသော်လင်းလည်း အတော်လေး တုန်လှုပ်သွားရသည်။ သူ၏မူလဝိဉာဉ်မှာ ကောင်းကင်ဓားသွားနားသို့ နီးကပ်လာသကဲ့သို့ပင် ခံစားနေရသည်။
“အထင်ကြီးစရာကောင်းလိုက်တာ .. ထာဝရရှေးဟောင်းခေတ်က ဆင်းသက်လာတဲ့ ရှေးပစ္စည်း ဖြစ်ထိုက်ပါတယ်” ချီသော်လင်း ပြောလိုက်သည်။
ဝုန်း…
ချီသော်လင်း၏ခန္ဓာကိုယ်အနားတွင် အရိုးစာသားများ ဝေ့ဝဲနေလေသည်။ သူသည် ကောင်းကင်ဘုံရှစ်ခုပညာကို ပြသနေပြီး အဖိုးတန်ပညာများကို တစ်ခုပေါ်တစ်ခု ထပ်ကာ ပြသနေ၏။ သူ၏အော်ရာလည်း ချက်ချင်းပင် ပြောင်းလဲသွားလေ၏။
သူ၏ဦးခေါင်းထက်တွင် ကြယ်များလင်းလက်နေပြီး တစ်ခုနှင့်တစ်ခုဆက်ကာ ကြယ်မြစ်ကြီးတစ်ခု ဖြစ်နေလေသည်။ သူ၏ဘေးနားတွင် ကောင်းကင်နဂါးများရှိနေပြီး ဖီးနှစ်ငှက်အော်သံများလည်း ထွက်ပေါ်နေလေသည်။ ပန်များသည် သူတို့၏အတောင်ပံများကို ဖြန့်ကျက်ကာ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေလေသည်…
ရှီဟောင် တုန်လှုပ်သွားရသည်။ ဤကဲ့သို့သော စွမ်းအားမှာ တကယ်ကြောက်စရာကောင်းလှသည်။ ပညာများကို ဤကဲ့သို့ပြသသည်မှာ ပညာအားလုံးကို ပေါင်းပြသည်ထက် ပို၍ ကြောက်စရာကောင်းလေသည်။
သို့သော် ကြေးအခေါင်းသည်လည်း သာမန်မဟုတ်ပေ။ သူ၏သံချေးများအားလုံး ပျောက်ကွယ်သွားပြီး ကျောက်စိမ်းတုံးကဲ့သို့ ကြည်လင်လာလေသည်။
“ငါ ဒုက္ခခံစားရတော့မှာလား .. လှိုင်းတွေကြောင့် ငါတစ်စစီဖြစ်တော့မှာလား” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ လူအိုကြီးကို ဤနေရာသို့ ခေါ်လာခဲ့သည်မှာ မှားယွင်းသွားပြီဟု သူ ခံစားနေရသည်။
“စိတ်မပူပါနဲ့ .. ဘာလုပ်ရမလဲဆိုတာ ငါသိပါတယ် .. ငါ့ကိုယ့်သေတွင်းကို ကိုယ် မတူးပါဘူး” ချီသော်လင်း စိတ်ထဲမှ အသံပို့လွှတ်လိုက်သည်။ သူသည် ကြီးမားလှသည့်ဖိအားကို ခံစားနေရပြီး အသက်ပြင်းပြင်းရှူနေရလေသည်။
သူ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင်ရှိနေသည့် အရိုးစာသားများ တောက်လောင်လာပြီး ကောင်းကင်ဘုံရှစ်ခုလည်း အမြင့်ဆုံးအနေအထားသို့ ရောက်လာလေသည်။ ထိုအခါမှသာ သူသည် အခေါင်းကြီးအနားသို့ ကပ်နိုင်ပြီး ထိုအထဲသို့ ဝင်သွားနိုင်လေသည်။ ထို့နောက်တွင် အခေါင်းလေးကို လက်လှမ်းကာ ထိလိုက်သည်။
ဝုန်း..
ချီသော်လင်း သွေးတစ်ပွက်အန်သွားလေ၏။ သို့သော် သူသည် ခေါင်းမာစွာဖြင့်ပင် ထိုအခေါင်းကို ဖွင့်နေဆဲပင်။
“တာအိုဆရာ .. ကိုယ့်ကိုကိုယ်ဖိအားမပေးပါနဲ့ .. ဆရာ အထဲကို ကြည့်ချင်ရင် ကျွန်တော် ဆရာ့ကို ကူဖွင့်ပေးမယ် … ဒီလိုမျိုး လုပ်နေတာက အန္တရာယ်များလွန်းတယ်” ရှီဟောင် အနောက်မှနေ၍ အော်လိုက်သည်။
“မတူညီတဲ့ ကျင့်ကြံဆင့်ရှိတဲ့သူတွေက မတူတဲ့အရာတွေကို မြင်ရမှာ” ချီသော်လင်း ခေါင်းခါလိုက်သည်။ အမြင့်ဆုံးအဆင့် ရောက်နေသည့်သူများသာ လျှို့ဝှက်ချက်အစစ်ကို တွေ့နိုင်လိမ့်မည်။
သူသည် အချိန်မရွေးလဲကျသွားမည့်သူကဲ့သို့ပင် ယိမ်းထိုးနေလေ၏။ သို့သော် သူသည် အခေါင်းအစွန်းကို မနေဆဲပင်။
ထိုအချိန်တွင် ထာဝရတာအိုအဖိုးတန်အသံများ ထွက်ပေါ်လာလာပြီး ချီသော်လင်း တစ်ကိုယ်လုံး လှုပ်ခါသွားလေ၏။ ထို့နောက်တွင် သူနောက်တစ်ကြိမ် သွေးအန်သွားလေ၏။
“လူအိုကြီး ရပ်လိုက်တော့ … ခင်ဗျားတကယ်ပဲ ကျွန်တော့်ကို တာအိုဆရာလုပ်ခိုင်းမလို့လား” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဖုန်း..
ချီသော်လင်းတစ်ကိုယ်လုံး လွင့်ထွက်သွားပြီး မြေကြီးထဲသို့ နစ်ဝင်သွားလေ၏။ မြေကြီးတွင် လူသားပုံစံအပေါက်ကြီး ဖြစ်သွားလေသည်။
ရှီဟောင်သည် ထိတ်လန့်စွာဖြင့်ပင် ထိုတွင်းထဲသို့ လိုက်ဝင်သွားလိုက်သည်။
သူ လီပေါင်းတစ်ရာသွားပြီးမှသာ ချီသော်လင်းကို တွေ့လိုက်ရသည်။ သူသည် ကျောက်တုံးများအောက်တွင် ပိတ်မိနေလေ၏။ သူ၏ပါးစပ်တွင် သွေးများပေပွနေပြီး သူ၏အခြေအနေမှာ အတော်လေး ဆိုးဝါးလှသည်။
သူ၏ရွှေရောင်တာအိုဝတ်စုံလည်း စုတ်ပြဲသွားလေပြီ။ ကောင်းကင်ဘုံရှစ်ခုပညာမှ ကာကွယ်ပေးထားခြင်းကြောင့်သာ မဟုတ်ပါက သူသည် တစ်စစီဖြစ်နေလောက်လေပြီ။
“ကြောက်စရာကောင်းလိုက်တာ … ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ အဆင့်လွန်ရတနာဖြစ်ထိုက်ပါပေတယ်” ချီသော်လင်း သက်ပြင်းချကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏မျက်လုံးများ တောက်ပလာလေ၏။ “ဆရာချန်ထားခဲ့တဲ့ အော်ရာတွေကို ငါအာရုံခံမိလိုက်တယ် .. အထဲမှာ တံဆိပ်တစ်ခု ရှိနေတယ် .. အဲဒါက ငါ့အတွက်ချန်ထားပေးခဲ့တဲ့ သင်္ကေတလား.. ငါ ဒီအခေါင်းအောက်ခြေကို ရောက်အောင် သွားမယ်”
“တာအိုဆရာ .. မစွန့်စားပါနဲ့တော့ .. ဆရာအသက်အန္တရာယ်ရှိလိမ့်မယ်” ရှီဟောင် ကန့်ကွက်လိုက်သည်။
“ဒီတာအိုဆရာချီရဲ့ မျက်လုံးတွေ ကန်းနေတယ်လို့ မင်း ထင်နေတာလား .. ငါက ဘာလို့ ကိုယ့်ကိုကိုယ်သေအောင်လုပ်မှာလဲ ..စိတ်မပူနဲ့ ဘယ်အချိန်ရပ်ရမလဲဆိုတာကို ငါသိပါတယ်” ချီသော်လင်း ပြောလိုက်သည်။ သူသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ ကြေးအခေါင်းထဲတွင် နောက်တစ်ကြိမ် ပေါ်လာလေသည်။
ရှီဟောင် ထိတ်လန့်သွားကာ သူ့နောက်မှ လိုက်သွားလိုက်သည်။ သူတို့၏ကျင့်ကြံခြင်းလမ်းကြောင်းမှာ အလွန်ရှည်လျားမှန်း ဤအချိန်မှသာ သူ စဉ်းစားမိသွားသည်။ အနည်းဆုံးတော့ သူတို့ ယခုအချိန်တွင် လမ်းဆုံးကို မမြင်ရသေးပေ။ သူတို့ထိပ်ဆုံးရောက်နေပြီဟု မည်သူက ပြောရဲမည်နည်း .. ဤလူအိုကြီးပင် ဒဏ်ရာရသေးသည်။
ချီသော်လင်း၏ခန္ဓာကိုယ်တောက်ပလာကာ ကောင်းကင်ဘုံရှစ်ခုပညာမှာ နောက်တစ်ကြိမ် လည်ပတ်လာလေ၏။ သူသည် ကြေးအိုးပေါ်တွင် ထိုင်လိုက်လေ၏။
“ဖွင့်မယ်” ချီသော်လင်း ဟစ်ကြွေးလိုက်သည်။ သူ၏ပညာမှာအမြင့်ဆုံးသို့ ရောက်နေသောကြောင့် သူသည် အခေါင်းအဖုံးကို နောက်တစ်ကြိမ် ဖွင့်လိုက်နိုင်လေသည်။
“ဆရာရဲ့ သတိပေးတဲ့သင်္ကေတ” ချီသော်လင်း ထိတ်လန့်သွားရသည်။ သူသည် ပျက်စီးနေသည့် တံဆိပ်အစိတ်အပိုင်းတစ်ခုကို အာရုံခံမိလိုက်သည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ရှီဟောင်လည်း ထိတ်လန့်သွားသည်သာ။ အဆင့်လွန်ခန်းမ၏ဆရာမှာ မည်မျှပင်စွမ်းအားကြီးသောကြောင့် သုံးလောကအခေါင်းထဲတွင် တံဆိပ်တစ်ခု ချန်ရစ်ထားခဲ့နိုင်သနည်း ..
သို့သော် ချီသော်လင်းနောက်တစ်ကြိမ်လွင့်ထွက်သွားပြီး သွေးအန်သွားလေသည်။
သို့သော် သူသည် လက်မလျော့ပဲ ကြေးအခေါင်းကိုဖွင့်ရန် တစ်ကြိမ်ပြီးတစ်ကြိမ်ကြိုးစားနေလေသည်။ အဆင့်လွန်ဆရာအိုကြီးမှ သူ့အတွက်ချန်ထားပေးခဲ့သည့် တံဆိပ်တွင် ဘာရှိနေသည်ကို သူသိချင်သည်။
၆ ကြိမ်မြောက်တွင် သူအောင်မြင်သွားသည်။ သူသည် မွှေးပျံ့နေသည့် နတ်စိတ်ဝိဉာဉ်အပိုင်းအစလေးကို အာရုံခံမိလိုက်သည်။
“လာပြီ .. သူတို့လာနေပြီ…” ထိုစကားလုံးများသည် နတ်အာရုံသင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားကာ ချီသော်လင်းဦးခေါင်းထဲသို့ ဝင်ရောက်သွားလေ၏။ ဤသည်မှာ သူ့ကို ထိတ်လန့်ကြောက်ရွံ့ခြင်းကိုခံစားရစေသည်။
ရှီဟောင်သည်လည်း နတ်အာရုံများကို ထုတ်လွှတ်နေသည့် ရှေးဟောင်းစာလုံးများကို မြင်လိုက်သည်သာ။
အဆင့်လွန်ခန်းမ၏ဆရာကြီးမှာ ရှေးခေတ်ကတည်းက ပြိုင်ဘက်ကင်းခဲ့သည့်သူပင်။ သူသည် ချီသော်လင်းထက်ပင် ကျင့်ကြံဆင့် မြင့်သေးသည်။
ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ဤပျက်စီးနေသည့် တံဆိပ်ဖြင့်သူ၏နောင်လာနောက်သားများကို ဘာပြောချင်နေသနည်း..
ချီသော်လင်းမှာ ခေါင်းစခြေဆုံး တုန်ယင်နေလေ၏။ ဤအဆင့်လွန်လူသားမှာ သူ့ကို အခြေခံရအောင်သာ သင်ပေးခဲ့ပြီး သူ့အတွက် ဘာပညာမှ မပေးခဲ့သော်လည်း ဤဆရာမှာ သူ၏ရင်ထဲတွင် အရေးကြီးသည့်သူပင်။ သို့သော် ယခုအချိန်တွင် ဤအဆင့်လွန်လူသားပင် တုန်ယင်နေလေသည်။
ချီသော်လင်းသည် ဆက်တိုက်ပင် အနောက်ဆုတ်နေပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေသည်။ သူသည် ကြေးအခေါင်းမှ ခွာလိုက်ကာ မြေပြင်ပေါ်တွင် ထိုင်ချပြီး တိတ်တဆိတ်တွေးတောနေလေ၏။
“ရှေးခေတ်ကတည်းက ရှိနေခဲ့တဲ့ ရှေးဟောင်းသက်ရှိကို ဖမ်းမိမှပဲ အားလုံးကို သိနိုင်မယ်ထင်တယ်” ရှီဟောင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
အချိန်အကြာကြီး ကြာပြီးမှသာ ချီသော်လင်း မျက်လုံးများ ပွင့်လာလေသည်။ သူ၏ဒဏ်ရာများလည်း အတော်သက်သာသွားလေပြီ။ သူသည် ကောင်းကင်ရှစ်ခုကို လည်ပတ်စေလိုက်ပြီးနောက် “နောက်ဆုံးတစ်ခေါက်”
ဝုန်း..
နဂါးအရိုးစုကိုးခု တောက်ပလာပြီး ရှေးဟောင်းအခေါင်းသည်လည်း ရွှေရောင်နေမင်းကဲ့သို့ပင် အဆုံးမရှိသည့် တောက်ပမှုများကို ထုတ်လွှတ်နေလေသည်။
ဝုန်း..
ချီသော်လင်းမှာ ထိတ်လန့်စွာဖြင့်ပင် နောက်ဆုတ်သွားလေည်။ သူသည် ခြေတစ်လှမ်းဆုတ်တိုင်း တစ်ခါသွေးအန်နေလေသည်။ သို့သော် ကြေးအခေါင်းတွင် ထူးဆန်းသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေသည်။ ထိုအခေါင်းမှာ သူ့ဘာသာသူ ပွင့်လာလေ၏။
ရှီဟောင်သာမက ချီသော်လင်းပါ ဆွံ့အသွားရသည်။ သူနောက်ဆုံးတစ်ကြိမ် ကြိုးစားလိုက်ခြင်းဖြစ်သော်လည်း ဤကဲ့သို့သောရလဒ်မျိုး ဖြစ်ပေါ်နေလေသည်။
ထိုအခေါင်းမှ အလင်းမိုး ရွာသွန်းလာလေ၏။
ရုတ်တရက်ပင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် ရပ်နေလေ၏။
ရှီဟောင်မပြောနှင့် ချီသော်လင်းပင်လျှင် တစ်ကိုယ်လုံးကြက်သီးထသွားရသည်။
နှစ်ပေါင်းထောင်ပေါင်းများစွာကြာနေပြီးဖြစ်သည့် ကြေးအခေါင်းမှ တစ်စုံတစ်ယောက် ထွက်ပေါ်လာလေသည်။
ထောင်ပေါင်းများစွာသော အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုလူမှာ အချိန်မြစ်ပေါ်တွင် ရပ်နေသကဲ့သို့ပင်။