သုခကမ္ဘာက ရှီဟောင် - Chapter - 980 စစ်ပွဲစတင်ခြင်း
သဲကန္တာရတွင်သဲမုန်တိုင်းတိုက်နေသကဲ့သို့ပင် ကောင်းကင်ထက်၌ ရွှေရောင်တောက်ပနေလေ၏။ အမှန်တကယ်တွင် ဤသည်မှာ ချီသော်လင်း၏လက်တစ်ဖက်ကြောင့် ဖြစ်ပေါ်လာသည့် လေဟာနယ်ပျက်စီးခြင်းပင်။
ချီသော်လင်း၏ခန္ဓာကိုယ် အစစ်ရောက်မလာသော်လည်း တစ်ဖက်တည်းဖြင့်ပင် ထာဝရနန်းတော်မှ စွမ်းအားကြီးသည်အစေခံကို သတ်ပစ်လိုက်နိုင်လေသည်။ ထိုအစေခံမှာ ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
နတ်ဘုရားမကျောင်းအတွင်းတွင်ရှိနေသည့် သူများအားလုံးမှာ ကြက်သီးထသွားရသည်။
ရလဒ်အနေဖြင့် ဤနေရာတွင် အုတ်အော်သောင်းတင်းဖြစ်သွားလေပြီ။ အားလုံးမှာ သူ ယခင်ကပြောခဲ့သည့် စကားလုံးများ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို တွေ့လိုက်ကြရလေသည်။
အဆင့်လွန်ကျွမ်းကျင်သူနှင့် နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူများ သူ့တပည့်ကို သတ်ချင်ပါက အချိန်မရွေးလာရောက်စိန်ခေါ်လို့ရသည်ဟု သူပြောခဲ့သည်။ သို့သော် အခြားကျွမ်းကျင်သူများသာ သူ၏တပည့်ကို အန္တရာယ်ပေးရန် ကြိုးစားလာပါက သူသေချာပေါက် ခွင့်လွှတ်မည်မဟုတ်ပေ။
ထိုသို့ ကျူးလွန်လာသည့်သူမှာ ထာဝရနန်းတော်မှလူဖြစ်လျှင်ပင် သူ ခွင့်လွှတ်မည်မဟုတ်ကြောင်း ယခု သက်သေပြလိုက်ခြင်းပင်။
သူသည် ရက်စက်သည့်သူပင်။ ဤဂိုဏ်းမှာ များပြားလှသည့် တပည့်များ ရှိသည့်ဂိုဏ်း မဟုတ်ပေ။ သို့သော် တပည့်ပေါင်း ထောင်ပေါင်းများစွာရှိသည့် ဂိုဏ်းပင်လျှင် ချီသော်လင်းမှာ အပြတ်ရှင်းပစ်မည်သာ။
ယခုအချိန်တွင် သူသည် သူ့စကား၏အကျိုးဆက်များကို ပြသနေခြင်းပင်။
“ချီကြီးက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ .. သူ့မှာ မကောင်းတဲ့နာမည်ဆိုးကြီးရှိတယ်ဆိုရင်တောင်မှ ဒီလိုမျိုး လွှမ်းမိုးနိုင်တဲ့စွမ်းအားက သူ့တပည့်အတွက်တော့ အကောင်းဆုံးအကာအကွယ်ကြီးပဲ”
နတ်ဘုရားမကျောင်းမှ အကြီးအကဲများပင်လျှင် သက်ပြင်းချနေလေ၏။ နှစ်ထောင်ပေါင်းများစွာမှာ တစ်ခဏအတွင်းကုန်ဆုံးသွားပြီဖြစ်ပြီး အတိတ်မှ ချီသော်လင်းပင်လျှင် စွမ်းအားကြီးလာပြီး မည်သူမျှ သူ့အား မသတ်ရဲတော့ပေ။
ယခင်က ချီလေးမှာ ယခုအချိန်တွင် စွမ်းအားကြီးသည့် ဂိုဏ်းခေါင်းဆောင်အများစုနှင့် တန်းတူရပ်နိုင်ပြီး မည်သူမှလည်း သူနှင့် ရန်သူမဖြစ်ချင်တော့ပေ။ မဟုတ်ပါက သူတို့ကလန်တစ်ခုလုံး တည်ငြိမ်နိုင်မည်မဟုတ်ပေ။
လူငယ်မျိုးဆက်များမှာ ဆွံ့အနေရာမှ လန့်နိုးလာသည့်အချိန်တွင် သူတို့အချင်းချင်းကြား ဆွေးနွေးနေကြလေ၏။
လက်ကြီးမှာ ပျောက်ကွယ်မသွားပဲ ထာဝရနန်းတော်သခင်လေးထံသို့ ဦးတည်လာနေလေသည်။
“ဘုရားရေ .. ထာဝရနန်းတော်သခင်လေးကိုလည်း ဖမ်းတော့မယ် .. သူလည်းသေတော့မှာလား” လူအချို့မှာ ထိတ်လန့်တကြားအော်ဟစ်လိုက်လေ၏။
ကျောင်းမှလူများမပြောနှင့် အခြားဂိုဏ်းမှ ရောက်လာသည့်သူများပင်လျှင် ထိတ်လန့်သွားကြလေသည်။ ထာဝရနန်းတော်သခင်လေးသာ ဤနေရာတွင်သေသွားလျှင် အကျိုးသက်ရောက်မှုများမှာ ကြီးမားလွန်းသွားလိမ့်မည်။
ဤသည်မှာ ထိုအစေခံအိုကြီးနှင့် အဆင့်မတူပေ။ ထာဝရနန်းတော်သခင်လေးကိုယ်တိုင်ပင်ဖြစ်စေ မျိုးဆက်များအတွက်ပင်ဖြစ်စေ ဤသည်မှာ မုန်တိုင်းကြီးတစ်ခု ဖြစ်သွားလိမ့်မည်ပင်။
“ဒါက … သူ တကယ်လုပ်တော့မှာလား”
“ထာဝရနန်းတော်သခင်လေးက တကယ်ကို ကံဆိုးတာပဲ .. အရမ်းသနားစရာကောင်းတယ် .. သူက ဟွမ်နဲ့တွေ့ပြီးတော့ ဒီထူးဆန်းတဲ့တာအိုဆရာချီကို ရန်စမိသွားတယ် .. သူက ဆိုးဆိုးဝါးဝါးကို သေတော့မှာပဲ”
လူအချို့မှာ ကောင်းကင်ထက်သို့ မော့ကြည့်ပြီး တီးတိုးရေရွတ်ကြလေ၏။
အဝါရောင်လက်ကြီးမှာ ထာဝရနန်းတော်သခင်လေးကို တွားသွားသတ္တဝါတစ်ကောင်အား ဖမ်းလိုက်သကဲ့သိုပင် ဖမ်းလိုက်လေ၏။ အရွယ်အစားဖြစ်ဖြစ် ခွန်အားဖြစ်ဖြစ် သူတို့နှစ်ဦးကြားမှ ကွာဟချက်မှာ ကြီးမားလွန်းလှသည်။
“ထာဝရနန်းတော်က ငါ့တပည့်ကို လက်လွတ်စပယ်ထိရဲတယ်ပေါ့ .. ငါသူတို့ကို မသတ်နိုင်ဘူးလို့ ထင်နေတာလား” ချီသော်လင်း ပြောလိုက်သည်။
“သော်လင်း” အရိပ်များထဲမှ နတ်ဘုရားမကျောင်း၏ ကျောင်းအုပ်ဟောင်းမှ ချောင်းဟန့်လိုက်သည်။ ဤသည်မှာ ထာဝရနန်းတော်သခင်လေးကို သတ်လျှင် သူ၏တပည့်သည်လည်း အသက်ရှင်ရန် လွယ်ကူမည်မဟုတ်ကြောင်း သတိပေးလိုက်ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ထိတ်လန့်စရာကြောင်းသည့် စက်ဝန်းကြီးပင်။ ဂိုဏ်းတိုင်းတွင် မျိုးဆက်ဟောင်းများမှ လူငယ်မျိုးဆက်ကို သတ်နေပါက မည်သူမှ သက်သာမည်မဟုတ်ပေ။
ဤသည်မှာ သူ ထာဝရနန်းတော်၏ ရှေးဟောင်း ဘိုးဘေးကို မသတ်နိုင်မချင်းပင်။
သူ ဤသို့ပြောလိုက်သည့်အချိန်တွင် လူများစွာမှာ အသက်အောင့်ထားလိုက်ကြလေသည်။ သူတို့သည် ရလဒ်ဆိုးရွားမည်ကို ကြောက်နေခြင်းသာမက ထာဝရနန်းတော်သခင်လေးမှ သူ၏အထွဋ်အထိပ်ကို မရောက်မည်ကိုလည်း စိုးရိမ်နေကြခြင်းပင်။ အကယ်၍ ကိုယ်ပွားသာ ဤသို့အသတ်ခံလိုက်ရပါက သူတို့အနည်းငယ် နောင်တရလိမ့်မည်ပင်။
ထာဝရနန်းတော်သခင်လေးမှ သူ၏ရွယ်တူများအားလုံးကို လွှမ်းမိုးနိုင်မလားဆိုသည်ကို လူများစွာမှ စိတ်ဝင်စားနေကြလေ၏။
“အပြစ်သားတွေကို ခွင့်လွှတ်ပေးလို့ရတယ် … ဒါပေမဲ့ သူ့အသက်နဲ့လဲဖို့အတွက် ရတနာတွေ ပေးရမယ်”
လေထဲတွင်ရှိနေသည့် လက်ကြီးသည် ထာဝရနန်းတော်သခင်လေးကို လှုပ်ရမ်းလိုက်သည်နှင့် ပထမဆုံးအနေဖြင့် ကြေးနန်းတော် ထွက်ကျလာလေ၏။ ဤသည်မှာ လက်သီးအရွယ်အစားဖြစ်ပြီး ဤသည်မှာ ဂိုဏ်း၏ပြိုင်ဘက်ကင်းသည့် အဆင့်လွန်ရတနာဖြစ်သည့် ထာဝရကြေးနန်းတော်ကို တုပထားခြင်းပင်။
ထို့နောက်တွင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး ထာဝရအမွေးတောင်စစ်ဝတ်စုံ ထွက်ပေါ်လာလေ၏။ အမွေးတောင်များမှာ လေဟာနယ်ထဲတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
ထိုအရာများအပြင် အဖိုးမဖြတ်နိုင်သည့် အဖိုးတန်ဆေးများထည့်ထားသည့် ဗူးများလည်း ထွက်ကျလာလေ၏။
ထာဝရနန်းတော်သခင်လေးမှာ သုန်မှုန်နေလေသည်။ အခြားသူတစ်ယောက်မှ သူ့အား ဤကဲ့သို့ လှုပ်ခါနေသည်မှာ အကြီးမားဆုံး အရှက်ကွဲခြင်းပင်။ နောက်ပိုင်း သူ မည်မျှပင် စွမ်းအားကြီးလာပါစေ ဤအမည်းစက်ကို ဖယ်ရှားနိုင်တော့မည်မဟုတ်ပေ။
သူသည် အံကြိတ်ကာ ဤအရှက်ကွဲခြင်းကို တောင့်ခံထားပြီး သူ၏နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေလေ၏။
“လူငယ်လေး ဒါက သင်ခန်းစာပဲ .. မင်းက ငါ့အဆင့်လွန်သွေးမျိုးဆက်ကို အရှက်ခွဲပြီးတော့ ပျက်စီးနေတဲ့ အစုတ်အပြတ်ကြီးလို့တောင် ပြောသေးတယ် .. နောက်ဆုံးတော့လည်း မင်းငါ့တပည့်ကို ရှုံးသွားတာပဲမလား” ချီသော်လင်း အေးစက်စွာ ပြောလိုက်သည်။
သူသည် လျှို့ဝှက်ရတနာသုံးခုကို ကောက်ကိုင်လိုက်ပြီး ထိုပစ္စည်းများအား ကြည့်လိုက်၏။ ထို့နောက်တွင် ထာဝရအမွေးတောင်ဝတ်စုံကို ထာဝရနန်းတော်သခင်လေးအား ပစ်ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဤမျိုးဆက်၏ သင်္ကေတအဖိုးတန်အဝတ်အစားပင်။
တစ်စုံတစ်ယောက်သာ ဤဝတ်စုံကို ဝတ်ဆင်ပါက သူတို့အတွက် သင့်တော်မည်မဟုတ်ပေ။ ထို့အပြင် ရှီဟောင်ထံတွင် ဤနတ်ဝတ်စုံနှင့် ယှဉ်နိုင်သည့် ပျက်စီးနေသည့်ချပ်ဝတ်တန်ဆာရှိနေသည်ကို သူ သိသည်။
ထို့နောက်တွင် သူ လေဟာနယ်ရဲဒင်းကို ကောက်ကိုင်လိုက်သည်။ အခြားသူများမပြောနှင့် မျိုးဆက်ဟောင်းမှ လူအိုကြီးများပင်လျှင် လိုချင်စိတ်ကြောင့် မျက်လုံးများ တောက်ပလာလေသည်။
ဤရဲဒင်းနှင့်ဆိုလျှင် လူတစ်ယောက်မှာ လေဟာနယ်ကိုထိုးဖောက်ကာ ခပ်ဝေးဝေးသို့ ထွက်ပြေးသွားနိုင်လေသည်။
“ဒီအဖိုးတန်ရဲဒင်းက သိပ်မဆိုးဘူး .. ဒီပေါ်မှာ မင်းတို့ထာဝရနန်းတော်က တံဆိပ်တွေသိပ်မရှိဘူး .. ဒါက မင်းရဲ့ပစ္စည်းမဟုတ်ဘူး .. အဲဒီတော့ ဒါကို တိုက်ပွဲ နစ်နာကြေးအဖြစ် ယူလိုက်မယ်” ထို့နောက်တွင် ထိုရဲဒင်းကို ရှီဟောင်အား ပစ်ပေးလိုက်လေသည်။
ဤလူအိုကြီး .. သူသည် တကယ်ကို ယဉ်ကျေးမနေတော့ပဲ သူ လိုချင်သည်များကို ယူနေလေသည်။ ဤသည်မှာ အခြားသူများကို မျက်လုံးများ နီရဲသွားစေလေ၏။
ရှီဟောင်မှာ အလွန်ပင် စိတ်လှုပ်ရှားနေလေ၏။ အဆင့်မြင့်နယ်မြေသို့ ရောက်ကတည်းက သူ ဤရဲဒင်းကြီးကို လိုချင်နေခြင်းပင်။ ယနေ့ သူ့လက်ထဲရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤသည်မှာ သူ၏တိုက်ခိုက်နိုင်စွမ်းကို သေချာပေါက်တိုးလာစေမည်သာ။
ထာဝရနန်းတော်သခင်လေးမှ အကြိမ်များစွာ တိုက်ပြီးသည့်နောက်တွင် ဤရဲဒင်း၏အစွမ်းကို သူသိသည်။ ဆေးလုံးမီးဖိုကြောင့်သာမဟုတ်ပါက သူတစ်စစီဖြစ်နေလောက်လေပြီ။
အရေးအကြီးဆုံးမှာ ဤရဲဒင်းနှင့်ဆိုလျှင် ကောင်းကင်နတ်ဘုရားများကိုလည်း သူ ကြောက်စရာမလိုတော့ပေ။ သူတို့သာ ချီသော်လင်းကဲ့သို့ တိတ်တဆိတ်ရောက်လာပြီး လေဟာနယ်ကို ချိတ်ပိတ်မပစ်လျှင်ပေါ့…
“မင်းရဲ့ ဒီကြေးနန်းတော်အစုတ်ကိုလည်း ပြန်ယူသွားလို့ရတယ်” ချီသော်လင်းသည် ကြေးနန်းတော်ကို ကောက်ယူကာ ထာဝရနန်းတော်သခင်လေးထံသို့ ပစ်ပေါက်ပေးလိုက်လေသည်။ ထို့နောက်တွင် သူသည် လေဟာနယ်ကို ဖျက်ဆီးလိုက်ကာ ထာဝရနန်းတော်သခင်လေးကို ခပ်ဝေးဝေးသို့ ပစ်ပေါက်လိုက်လေ၏။
“အဖိုးတန်ပစ္စည်းတွေ အများကြီးပဲ”
ထိုအရာကို မြင်သွားသည့်အချိန်တွင် ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ ထိုဗူးများအားလုံးတွင် မြင့်မြတ်ဆေးပင်များဖြင့် ပြုလုပ်ထားသည့် ထူးခြားပစ္စည်းများ ရှိနေသည်သာ။ နတ်ဆေးပင်များပါဝင်သည့် အဖိုးတန်ဆေးလုံးများပင် ရှိသေးသည်။
ထို့နောက်တွင် သူသည် ထိုဆေးများအားလုံးကို သိမ်းဆည်းလိုက်လေ၏။ ဤအောင်ပွဲတွင် သူ၏အမြတ်အစွန်းများ များပြားလှသည်။ အခြားအရာများမပြောနှင့် ဤအဖိုးတန်ဆေးများပင်လျှင် အဖိုးမဖြတ်နိုင်ပေ။
ချီသော်လင်း၏လက်ကြီးမှာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
သူထွက်သွားမှသာ အားလုံး အော်ဟစ်နိုင်ကြလေ၏။ အချို့သူများမှာ တံတွေးမြိုချပြီး ရှီဟောင်အား မနာလိုစွာ ကြည့်နေကြလေသည်။
ထို့နောက်တွင် ရှီဟောင်သည် ခေါင်းမော့ကာ ယွဲ့ချန်၏ မူလခန္ဓာကိုယ်အား ကြည့်လိုက်သည်။ သူလျင်မြန်စွာ တုံ့ပြန်လိုက်သော်လည်း သူ၏လှုပ်ရှားမှုများမှာ နှေးကွေးလွန်းနေလေသည်။ သူမသည် နယ်မြေပျက်စီးခြင်းသင်္ကေတကို အသုံးပြုကာ ဤနေရာမှ ပျောက်ကွယ်သွားလေပြီ။
သူသည် လေဟာနယ်ရဲဒင်းနှင့် အခြားအဖိုးတန်သင်္ကေတများကို အသုံးပြုကာ သူမနောက်သို့ ပြေးလိုက်ချင်သော်လည်း ချင်းရီမှ သူ့အား တားမြစ်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် အောင်မြင်နိုင်ချေ နည်းပါးသည်ကို သူမ သိနေသောကြောင့်ပင်။
ဤတိုက်ပွဲသတင်းမှာ ဂိုဏ်းအားလုံးသို့ ပျံ့နှံ့သွားလေသည်။
ဂိုဏ်းများစွာမှာ ရှီဟောင်အား ပို၍သတိထားလာသည်မှာ သိသာသည်။
သို့သော် သူတို့သည် ထာဝရနန်းတော်သခင်လေးကိုလည်း လျော့မတွက်ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူသာ မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းပြီးသွားပါက ပို၍ပင် ကြောက်စရာကောင်းလာလိမ့်မည်။ သူ၏မူလခန္ဓာကိုယ်မှာ စီရင်စုသုံးထောင်ပြိုင်ပွဲတွင် သေချာပေါက် ပေါ်လာလိမ့်မည်ပင်။
ဒုတိယဂတုံး ထွက်သွားလေပြီ။ ရှီဟောင်အဆင်ပြေသည်ဟု သိပြီးသည့်နောက်တွင် သူ စိတ်အေးသွားရသည်။ ထို့ကြောင့် သူ၏ဂိုဏ်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။
ယုန်ဖြူလေးသည် ရှီဟောင်နှင့် သဘောတူညီမှုတစ်ခု လုပ်သွားလေ၏။ ဤသည်မှာ စီရင်စုသုံးထောင်ပြိုင်ပွဲတွင် သူတို့မဟာမိတ်ဖွဲ့ပြီး ကံကောင်းခြင်းများကို အတူတကွ ရယူရန်ပင်။ ထို့နောက်တွင် သူမအဝေးသို့ ခုန်ထွက်သွားလေ၏။
ဖက်တီးလေးသည်လည်း သူ၏လက်ကို ဝေ့ရမ်းကာ ထွက်ခွာသွားလေ၏။
ညမှာတိတ်ဆိတ်နေပြီး လရောင်အောက်တွင် ရှီဟောင်နှင့် ချင်းရီတို့ လမ်းလျှောက်နေကြလေ၏။
“ကျွန်မသွားတော့မယ် .. စီရင်စုသုံးထောင်ပြိုင်ပွဲက စတော့မှာ” ချင်းရီ နူးညံ့စွာ ပြောလိုက်သည်။ သူမသည် နတ်ဘုရားမကျောင်းတွင် ယှဉ်ပြိုင်မည်မဟုတ်ပဲ အခြားနေရာကို ရှာဖွေမည်ပင်။
ရှီဟောင် သူမနှင့် အတူသွားရန် ပြောလိုက်၏။
ချင်းရီသည် ခေါင်းခါလိုက်လေ၏။ သူမသည် ထူးဆန်းသည့်တာအိုမြေကို အရင်သွားကာ ရက်အနည်းငယ်ကျင့်ကြံရမည်။
သူမ၏မူလခန္ဓာကိုယ်နှင့် ရင်ဆိုင်ရန် သူမ စဉ်းစားနေသည်ကို ရှီဟောင်သိသည်။ အရာအားလုံးမှာ မကြာခင်တွင်စတင်မည့်ပြိုင်ပွဲတွင် ဖြစ်ပျက်မည်သာ။
“ကောင်းပြီလေ .. ပြိုင်ပွဲမှာ ပြန်တွေ့ကြတာပေါ့ … စွမ်းအားကြီးတဲ့ရန်သူတွေအားလုံးကို ငါ ဘယ်လိုအနိုင်ယူမလဲဆိုတာကို စောင့်ကြည့်ထား .. အချိန်ကျလာရင် အစားကောင်းတွေစားဖို့အတွက် မင်းကို ဖိတ်လိုက်မယ်” ရှီဟောင် ရယ်မောကာ ပြောလိုက်သည်။
ချင်းရီ ဆွံ့အသွားရသည်။ သူသည် စွမ်းအားကြီးသည့်သက်ရှိမျိုးစုံကို ကင်စားရန် ပြောနေမှန်း သူမသိသည်။
လရောင်အောက်တွင် သူတို့နှစ်ဦးသည် ပုခုံးချင်းယှဉ်ကာ ခပ်ဝေးဝေးသို့ လမ်းလျှောက်သွားကြလေသည်။ သူတို့သည် လိုက်ဖက်ညီကာ ငြိမ်းချမ်းသည့် တာအိုလက်တွဲဖော်များပင်။
နတ်ဘုရားမကျောင်းမှ ဤမြင်ကွင်းကို တွေ့လိုက်သည့်သူများရှိသော်လည်း မည်သူမျှသူတို့ကို မနှောက်ယှက်ကြပေ။
ချင်းရီသည် တိတ်တဆိတ်ပင် ထွက်ခွာသွားပြီး ရှီဟောင်လည်း အဆင့်လွန်တာအိုရိုးရာသို့ ပြန်လာခဲ့လိုက်သည်။
“ငါ ထွက်သွားတော့မယ်” သူပြန်ရောက်ရောက်ချင်း ချီသော်လင်း ဤသို့ ပြောလိုက်လေသည်။
“လူအိုကြီး ခင်ဗျားက အရမ်းကို စုတ်ပဲ့တာပဲ .. ခင်ဗျားလည်း ချင်းရီလိုမျိုး လိုက်လုပ်ချင်နေတာလား” ရှီဟောင် ရေရွတ်လိုက်သည်။ ချင်းရီသည် မကြာခင်ကပင် ဤစကားကို ပြောခဲ့ခြင်းဖြစ်ပြီး ယခု ဤလူအိုကြီးလည်း ဤစကားကို ပြောနေပြန်လေပြီ။
“ရိုင်းစိုင်းတဲ့ကောင် .. မင်း ဘာတွေလျှောက်ပြောနေတာလဲ .. မင်းကို ကြည့်နေရလောက်အောင် ငါ့အချိန်တွေ ပေါများနေတယ်လို့ ထင်နေတာလား” ချီသော်လင်း ပြောလိုက်သည်။
ရှီဟောင်သည် ချက်ချင်းပင် လေးနက်သွားကာ သူ၏အမူအရာကို ချက်ချင်းပြင်လိုက်လေ၏။
“သုံးလောကအခေါင်းကနေ ထာဝရအလင်း ၁၀ ခုထွက်သွားတာ … အကန့်အသတ်မဲ့ စွန့်ပစ်နယ်မြေအတွင်းပိုင်းမှာ ပြဿနာတက်နေပြီ .. ငါသွားကြည့်ရမယ်” သူမျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဤရက်များတွင် သူလျှို့ဝှက်စုံစမ်းခဲ့ပြီး နောက်ဆုံးတွင် သတင်းအချို့ရခဲ့သည်။
ရှီဟောင်ထိတ်လန့်သွားကာ “ဝင်သွားတဲ့သူတွေအားလုံး သေသွားတဲ့ဟာကို .. ခင်ဗျားလည်း စွန့်စားမလို့လား”
“အဲဒါက သေတွင်းတွေ .. ဟုတ်တယ် .. ဒါပေမဲ့ အချို့ဂိုဏ်းတွေနေနေတဲ့ နေရာတွေလည်း ရှိတယ် .. ငါဘာကိုမှ စွန့်စားမှာ မဟုတ်ဘူး” ချီသော်လင်း ပြောလိုက်သည်။
ရှီဟောင် တည်ငြိမ်သွားရသည်။ ဤလူအိုကြီး အသက်ရှင်နေသည်မှာ ကြာလှပြီဖြစ်ပြီး အခြားဂိုဏ်းများပင်လျှင် သူ့အား မရှင်းထုတ်နိုင်သောကြောင့် သူ့ထံတွင် အသက်ကယ်နည်းလမ်းများ သေချာပေါက်ရှိနေမည်သာ။ ရူးရူးမိုက်မိုက်အသေသွားခံမည် မဟုတ်ပေ။
ထို့နောက်တွင် သူသည် နောက်တစ်ကြိမ် မျက်မှောင်ကြုတ်သွားလေ၏။ သူသည် ယခုမှ သူ့အားထောက်ပံ့ပေးမည့်သူ ရခဲ့ခြင်းဖြစ်သော်လည်း ဤလူလည်း ထွက်ခွာသွားတော့မည်လား…
“ထွက်မသွားခင် ငါမင်းကို အရေးကြီးကိစ္စလေးတွေ ပြောစရာရှိတယ် .. ပြီးရင် ငါတို့ မီးစီရင်စုက အရေးကြီးတဲ့နေရာတစ်ခုကို သွားလည်မယ် .. ပြီးရင် ငါအချိန်အကြာကြီး ပျောက်သွားတော့မှာ .. အဲဒီတော့ မင်း ဂရုစိုက်နေ”
ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ သူသည်လည်း နတ်ဘုရားပစ်ချက်ကျောက်တုံးနှင့် ဧကရာဇ်လိပ်ပြာကို ရှာဖွေရန်အတွက် ထွက်သွားမည်သာ။
“မှတ်ထား .. ပြိုင်ပွဲစတာနဲ့ ထာဝရနန်းတော်ကကောင်ကို ငါ့အတွက်သတ်ပေး … အဆင့်လွန်သွေးမျိုးဆက် မျက်နှာပျက်ရအောင် မလုပ်နဲ့” ချီသော်လင်း လေးနက်စွာ ပြောလိုက်သည်။
အတွဲ – ၄၉ ပြီး၏။