သုခကမ္ဘာက ရှီဟောင် - Chapter - 84 ကိုယ်တိုင် တိုးတက်မှု
Chapter – 84 ကိုယ်တိုင် တိုးတက်မှု
ရှီဟောင်က ဝိုးတဝါးပုံရိပ်လေးတွေကိုပဲ မြင်နေရတာပါ။ ဒါက သူ့ကို ချမ်းမြေ့တဲ့နွေးထွေးမှုကို မခံစားရစေပါဘူး။ ပုံရိပ်တွေက ဝိုးတဝါးနဲ့ မရှင်းမလင်းဖြစ်နေတယ်ဆိုရင် သူ့ရဲ့စိတ်နှလုံးသားကို နာကျင်စေပါတယ်။ သူဟာ ဇာတ်သိမ်းကို ကြည့်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း အခိုးအငွေ့တွေဟာ ပိုပိုထူထပ်လာတာကြောင့် သူ က ဘာဆိုဘာမှ မမြင်ရတော့ပါဘူး။
အဲ့သည်အချိန်တွေတုန်းက သူကအရမ်းကို ငယ်ရွယ်လွန်းတဲ့လသားအရွယ်ကလေးတ်ယောက်ပါ။ ဒါ့ကြောင့် အဖြစ်အပျက်မှန်သမျှ ရှင်းရှင်းလင်းလင်းနဲ့ အမှတ်တရတွေအဖြစ် သိမ်းဆည်းထားဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ အခုသူမြင်နေရတယ်ဆိုတာကလည်း သူ့မသိစိတ်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို ထိုးစိုက်နေတဲ့ မှတ်ဥာဏ်အစိတ်အပိုင်းတခုကြောင့်ပါ။ သူ့ရဲ့ စိတ်ခံစားမှုက အစစ်အမှန်ဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။
” ဟောင်အယ်…။ မငိုနဲ့တော့…။ ဒီရွာထဲက လူအားလုံးက မင်းရဲ့ မိသားစု၀င်တွေနဲ့ ဆွေမျို းတွေချည်းပဲ..။”
ရှီယွီဖန်းဟာ ရှီဟောင်ရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို သူ့ရဲ့ လက်နဲ့သုတ်ပေးလိုက်ပါတယ်။
” ကလေးလေး…။ မငိုတော့နဲ့..။ ငါတို့ရှိနေသမျှ မင်းက ညီအစ်ကိုကောင်းဖြစ်လို့ရတယ်..။ မင်းဘေးနားမှာ အမြဲတမ်းစုနေတတ်ကြတာပဲ..။ ပျော်စရာမကောင်းတာကို မတွေးလိုက်နဲ့…။”
ကလေးအုပ်စုကလည်း အော်ဟစ်ပြောဆိုလိုက်ကြပါတယ်။
ရှီဟောင်ဟာ သူ့ရဲ့မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး
” အဘိုး …။ ဆက်ပြောပါဦး..။”
” အာ့သည်နောက်မှာ အဖြစ်အပျက်တွေက အများကြီးကို ဖြစ်သွားခဲ့တာလေ..။ မင်းတို့ မိဘတွေကလည်း ပိုပြီးတော့ ဘာမှသိပ်မပြောနိုင်ခဲ့ကြဘူး..။”
ရှီယွီဖန်းက အတိတ်က အကြောင်းအရာတွေကို ပြန်ပြောပြလိုက်ပါတယ်။
လူငယ်စုံတွဲဟာ ကျောက်ခေတ်ရွာသားတွေက ရှီဟောင်ကို စောင့်ရှောက်ထားပြီး အသက်ဆက်ရှင်ဖို့ သေချာသိသွားတာနဲ့ သူတို့တွေ ထွက်ခွာသွားကြပါတယ်။ အာ့သည်အချိန်တုန်းက ရှီဟောင်ဟာ အရမ်းကို အားနည်းလို့နေသေးပြီး သူက အသက်ခြောက်လပဲရှိပါသေးတယ်။
” သူတို့က ငါ့ကို မလိုချင်ခဲ့ကြဘူးပဲ..။”
ရှီဟောင်ရဲ့ ဝိုင်းစက်နေတဲ့ မျက်၀န်းတွေထဲကနေ မျက်ရည်တွေဟာ တရစပ်ကျဆင်းလာပြန်ပါတယ်။
” မဟုတ်ဘူး..။”
ရှီယွီဖန်းက သူ့ရဲ့ခေါင်းကို ခါရမ်းပြီး ပြောဆိုလိုက်ပါတယ်။
” သူတို့ မလိုချင်ခဲ့တာ မဟုတ်ဘူး..။ ဒါပေမဲ့ သူတို့ထွက်သွားခဲ့ရတယ်..။ သူတို့က အမြဲတမ်း မင်းရဲ့ အခြေအနေကို စိတ်ချချင်နေတာ..။ ဒါ့ကြောင့်လည်း သန့်စင်ခြင်းဆေးရှာဖို့ ထွက်သွားကြတာ..။”
” အာ့ဒီ အချိန်တုန်းက ငါက တော်တော်လေး ငယ်သေးပေမဲ့ တချို့အရာတွေကို မှတ်မိနေသေးတယ်လေ..။”
ဖီးဟိုက သူ့ရဲ့ခေါင်းကိုကုတ်ပြီး ခပ်တိုးတိုးပြောလိုက်ပါတယ်။
” အဲ့ဒီဦးလေးက အရမ်းကို သူရဲကောင်းဆန်ပေမယ့် ကျန်းမာရေးကောင်းတဲ့ ပုံမဟုတ်ဘူး..။ ဒါပေမယ့် အဒေါ်ကတော့ ငါမြင်ဖူးသမျှတွေထဲမှာ အလှဆုံးမိန်းကလေးပဲ..။”
” ငါ့မှတ်မိတာကတော့ ပိုပြီးနက်ရှိုင်းတယ်…။ ကလေးလေးက အသက်ခြောက်လမှာပဲ သူ့မိဘတွေကို ဆုံးရှုံးသွားခဲ့ရတယ်..။ သူတို့တွေကလည်း အာ့သည်အချိန်တဝိုက်မှာပဲ ပျောက်ကွယ်သွားကြတာ…။”
ရှီဂီဇောင်က ခေါင်းညိတ်လိုက်ပါတယ်။
နှစ်အနည်းငယ်ကုန်လန်ခဲ့ပေမယ့် လူငယ်စုံတွဲဟာ ထွက်သွားဖို့အတွက် တွန့်ဆုတ်နေခဲ့ကြပါတယ်။
” ဟောင်အယ်…။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက သူတို့ရဲ့သားလေ..။ သူတို့တွေရဲ့ ရန်သူကြောင့်လည်း အချိန်မရွေးသေဆုံးသွားနိုင်ကြတယ်..။ နောက်ပြီး မင်း ဝေဒနာတွေခံစားနေရတာကို ဆက်ပြီး ကြည့်မနေနိုင်ကြတော့ဘူး..။”
ရွာအကြီးအကဲရှီယွီဖန်းဟာ အတိတ်ကို ပြန်သတိရသွားတဲ့ပုံနဲ့ သေချာလေးကို ရှင်းပြနေပါတယ်။
ရှီဟောင်ရဲ့ မျက်၀န်းတွေထဲကနေ မျက်ရည်တွေ အတောမသတ်နိုင်အောင် ကျဆင်းလို့လာခဲ့ပါတယ်။ သူက လှိုက်လှိုက်လှဲလှဲကို အော်ဟစ်လိုက်ပါတယ်။
” အဖေ …။ အမေ …။ အခု ဘယ်ကိုရောက်နေကြသလဲ..။”
ရွာအကြီးအကဲက ရှီဟောင်ကို အဲ့သည်နှစ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ပြောပြခဲ့တဲ့အတွက် သူ့ရဲ့ အများကြီးကို ရှင်းလင်းသွားပါတယ်။ အဲ့သည်နှစ်တွေတုန်းက ရောက်ရှိလာခဲ့တဲ့ လူငယ်စုံတွဲဟာ အရမ်းကို အစွမ်းထက်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အကြောင်ကိုတော့ များများစားစား မသိကြရပါဘူး။ သူတို့တွေက ရှေးဟောင်းတိုင်းပြည်ကြီးဆီကနေ လာခဲ့ကြတယ်ဆိုတာက လွဲရင်ပေါ့။
လူငယ်စုံတွဲဟာ သန့်စင်သောဆေးဝါးတွေကို ရှာဖွေဖို့အတွက် ထွက်ခွာသွားခဲ့ကြပြီး သဘာဝဘေးအန္တရာယ်တွေနဲ့ ကြောက်စရာကောင်းလွန်းတဲ့ အတိုင်းတိုင်းအပြည်ပြည်ကို ဖြတ်ကျော်ကြရပါလိမ့်မယ်။ သူတို့ဟာ ရှေးဟောင်းနတ်ဘုရားတောင်တန်းဘက်ကို သွားခဲ့ရင်တော့ အဲ့သည်က ရှေးဟောင်းမျိုးနွယ်တွေက သူတို့အတွက် အခွင့်အလမ်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့တွေဟာ သန့်စင်ဆေးဝါးတစ်ခုတစ်လေလောက်ရှာတွေ့တာနဲ့တင် အဲ့သည်ရှေးဟောင်းမျိုးနွယ်တွေကို တိုက်ခိုက်ဖို့ ဘယ်တော့မှ လက်တွန့်နေမှာ မဟုတ်ပါဘူး။
” မိုးမခနတ်ဘုရား..။ ကျွန်တော် .. ကျွန်တော်ရဲ့ မသိစိတ်ထဲက မှတ်ဥာဏ်အပိုင်းအစတွေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်ချင်တယ်..။ ကူညီပေးနိင်မလား..။”
ရှီဟောင်ဟာ မိုးမခပင်ကြီးရှေ့ကို တိတ်ဆိတ်စွာလျှောက်သွားပြီး ပြောဆိုလိုက်ပါတယ်။ သူက အရမ်းကို မျှော်လင့်ထားခဲ့ပါတယ်။
” ငါ စွမ်းအားနစ်မြုပ်ခြင်းကျင့်ကြံဖို့ ရှိတယ်..။ မင်းရဲ့ အမွေခံသွေးစွမ်းအားတွေ ပိုပြီးအစွမ်းထက်လာမဲ့ နောက်တစ်နှစ် နှစ်နှစ်လောက် စောင့်ပေးဦး..။”
အရမ်းအရမ်းကို အံ့သြစရာကောင်းလောက်အောင် မိုးမခသစ်ပင်အိုကြီးက အမှန်တကယ်ကို တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။
“ကောင်းပါပြီ…။”
ရှီဟောင်ရဲ့ မျက်၀န်းတွေ ဝိုင်းစက်သွားပါတယ်။ သူက လက်သီးနုနုလေးတွေကို ဆုပ်လိုက်ပြီး မျှော်လင့်ချက်တွေနဲ့ ပြည့်လျှံတက်သွားသလိုပါပဲ။ သူ့ရဲ့ အရမ်းကို အားနည်းနေတဲ့အခြေအနေတွေကြောင့်ပဲ သူ့ရဲ့မိဘတွေဟာ သူ့ကို ခေါ်မသွားနိုင်ခဲ့ပဲ ဆေးဝါးရှာဖို့နဲ့ ရန်သူကို ရှောင်တိမ်းဖို့ပါ တပြိုင်နက်လုပ်ခဲ့ရပါတယ်။ ရှင်္ီဟောင်ဟာ အခြေအနေအရပ်ရပ်ကို ကောင်းကောင်းနားလည်သဘောပေါက်သွားပြီး အရာရာကို တွက်ဆမိသွားပါတယ်။ ဒါ့ကြောင့် သူရွေ့ရမဲ့ အရွေ့တွေအတွက် ရှင်းလင်းတဲ့ လမ်းကြောင်းကို တွေ့ရှိသွားပါတယ်။
ကျောက်ခေတ်ရွာသားတွေဟာ သည်အရပ်ဒေသဟာ လူသားတွေအတွက် အရမ်းကို အဆင်ပြေတယ်ဆိုတာကို တွေ့ရှိသွားကြပါတယ်။ အရမ်းကို ညစ်ပတ်ဆိုးရွားပြီး ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးတွေလည်း သစ်တောထဲမှာ များများစားစား မရှိပါဘူး။ အရမ်းကိုကြီးမားတဲ့ သားရဲငှက်တွေနဲ့ ကြမ်းကြုတ်တဲ့ သားရဲတစ်ချို့ရှိပေမယ့် သူတို့တွေ ကိုင်တွယ်နိုင်စွမ်းရဲ့အောက်မှာပဲ ရှိနေပါသေးတယ်။
နက်ပြာရေအိုင်ထဲမှာလည်း ပြောရရင် ငါးအမျိုးအစားပေါင်းများစွာ နေထိုင်နေပါတယ်။ အထူးသဖြင့်တော့ နဂါးပါးသိုင်းမွေးရွှေငါးတွေဟာ အဖိုးတန်ဆေးဝါးတွေကို အမှန်တကယ်ဖန်တီးနိုင်တာကြောင့် ရွာသားတွေဟာ ပျော်ရွှင်ရသလို အံ့လည်းအံ့သြကြရပါတယ်။ သူတို့တွေရဲ့ အခုလိုမျိုး နေ့စဉ်ရက်ဆက်ကံကောင်းမှုတွေဟာ အတိတ်ရက်စွဲတွေတုန်းက ခရမ်းတောင်ကလန်၊ လဲ့ကလန် နဲ့ ရွှေဝံပုလွေနယ်မြေတွေတောင် အခွင့်အရေးမရှိခဲ့ကြပါဘူး။
” ကျုပ်တို့အနေနဲ့ သည်နေရာကို ရောက်နေပေမယ့် အပြင်မှာ ဘယ်လိုအခြေအနေတွေဖြစ်နေလဲဆိုတာ အတိအကျသိဖို့ လေ့လာသင့်နေပြီ..။ ကျုပ်တို့ရဲ့ တောင်တန်းဒေသ တစ်ခုခုများ ဖြစ်နေပြီလဲဆိုတာ သိရဖို့ တော်တော်ဝေးဝေးထိ သွားကြည့်ရလိမ့်မယ်..။”
ရှီလင်ဟူက ပြောဆိုလိုက်ပါတယ်။
” ဦးလေးဟူ ..။ ကျွန်တော်တို့ သွားကြတာပေါ့ ..။ ကျွန်တော်တို့နောက်ကို လိုက်ပြီး အဒေါ်စိမ်းက ဂရုစိုက်ပေးပါလိမ့်မယ်..။”
ကလေးတွေအုပ်စုရဲ့ မျက်လုံးတွေဟာ မနာလို၀န်တိုစိတ်တွေဖြစ်ပေါ်လာချိန်မှာပဲ ရှီဟောင်ဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ကျောပေါ် ခုန်တက်လိုက်ပါတယ်။ အကြေးခွံလင်းယုန်စိမ်းကြီးဟာ တောင်ပံတစ်ချက်ခပ်လိုက်တာနဲ့ လေပြင်းတိုက်ခိုက်သံတွေဖြစ်ပေါ်လာပြီး မိုးတိမ်တိုက်တွေကြားထဲ တဟုန်ထိုးမြင့်တက်သွားပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ သားရဲငှက်တွေဟာ သူတို့ရဲ့ ဦးတည်ရာကို သူတို့ဘာသာရှာနိုင်ကြပါတယ်။ အကြေးခွံလင်းယုန်စိမ်းငှက်ကြီးဟာ တဖြည်းဖြည်းပျံသန်းလိုက်ရင်း မြန်မြန်ဆန်ဆန်ပဲ သူသွားရမဲ့ နေရာကို ရှာတွေ့သွားပါတယ်။ သူရဲ့ ပျံသန်းမှုဟာ ငွေရောင်လျှပ်စီးတစ်ခုအလား အရမ်းအရမ်းကို မြန်ဆန်နေခဲ့ပါတယ်။
” ယ ..။ ဘာတွေ ဖြစ်သွားခဲ့တာလဲ..။ ဘာဖြစ်လို့ တောင်တွေပြိုကျနေတာတုန်း..။”
ရှီဟောင်ဟာ အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်။ လီရာပေါင်းများစွာ ပျံသန်းပြီးတဲ့နောက်မှာ သူတို့ဟာ မြေပြင်ပေါ်မှာ ကြီးမားတဲ့ အဖြစ်အပျက်တွေဖြစ်သွားတာကြောင့် ထူးဆန်းတဲ့ဖြစ်ရပ်တွေကို ရှာတွေ့လိုက်ကြပါတယ်။
မြေကမ္ဘာဟာ အက်ကွဲနေပြီး သေခြင်းတရားကလည်း လေထုထဲမှာ ပြည့်နှက်နေပါတယ်။ တောင်နဲ့မြစ်တွေဟာ ပြိုကျနေပြီး သူတို့မရှိတော့တာကြောင့် လူသားတွေဘ၀ဟာ ရေရှည်ရပ်တည်ဖို့ မလွယ်ကူတော့ပါဘူး။
ကြီးမားခိုင်ခ့ံ့ပြီး ကြီးမားတဲ့ မြို့ရိုးကြီးတွေကလည်း ပျက်စီးယိုယွင်းနေပါပြီ။ ကြီးမားလှတဲ့ မြို့ကြီးတွေကလည်း ဖျက်စီးခံခဲ့ရပြီး ဘယ်နေရာကိုပဲ ကြည့်ကြည့် သွေးပင်လယ်တွေသာ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် ဘယ်သူ့ရဲ့ အရိုးစုကိုမှတော့ မတွေ့ခဲ့ကြရပါဘူး။
( တွေ့မလား.. အကောင်လိုက်မြိုချသွားတာကိုး..😊)
လီပေါင်းတစ်ထောင်ကျော်လောက် သွားမိတဲ့အချိန်အထိ လူသားမျိုးနွယ်တွေနဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခုတစ်လေကိုတောင် မတွေ့ရသေးပါဘူး။ အင်အားကြီးကလန်တော်တော်များများက ဖျက်ဆီးခံခဲ့ကြရပြီး သူတို့ရဲ့ လက်နက်နယ်မြေတွေကလည်း သုဿ န်တစပြင်တွေအလား ဖြစ်သွားခဲ့ပါတယ်။
“ဧရာမ ခြေရာကြီး ရှိတယ်…။!”
သူတို့တွေဟာ မိုးတိမ်တွေကြားကနေ စီးမိုးပြီး မြေပြင်ပေါ်က အဆမတန်ကြီးမားလွန်းတဲ့ ခြေရာကြီးကို စူးစိုက်ကြည့်လိုက်ပါတယ်။ မှန်ပါတယ်။ အရမ်းကိုကြီးမားလွန်းတဲ့ ဧရာမခြေရာကြီးကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားကို မြင်နေရပါတယ်။ ဒါက တောင်တန်းဒေသရဲ့ အမှတ်အသားတွေဖြစ်တဲ့ တောင်ကြီးတောင်ငယ်တွေကို အမှန်တကယ်ဖြိုဖျက်ပစ်နိင်ပါတယ်။
ရှီဟောင်ဟာ အဆမတန်ကြီးမားနေတဲ့ ဧရာမခြေရာကြီးကို ကြည့်ပြီး သတ္တဝါကြီးရဲ့ မူလအစစ်အမှန်ခန္ဓာကိုယ်ကို မြင်ယောင်ကြည့်လိုက်ကာ အတွေးထဲမှာတောင် တုန်လှုပ်လို့သွားပါတယ်။
သူတို့တွေဟာ နည်းနည်းလောက်ထပ်ပြီး ပျံသန်းပြီးနောက်မှာ အနည်းငယ်နက်ရှိုင်းပြီး မှောင်မိုက်နေတဲ့ မြေပြင်တစ်ခုကို တွေ့လိုက်ရပါတယ်။ သူတို့တွေဟာ မယုံနိုင်လောက်အောင် ဖြစ်နေကြပြီး သတိထားလေ့လာကြည့်လိုက်တဲ့ အခါမှာ သူတို့ဟာ အမှန်တကယ်ကိုပဲ ရက်စက်ကြမ်းကြတ်တဲ့ သားရဲငှက်ကြီးတစ်ကောင်ရဲ့ ခြေသည်းတွေနဲ့ တူးထုတ်ထားတဲ့ ခြေရာတွေကို မြင်လိုက်ရပါတယ်။
” ဒါ.. ဒါက ငှက်မိစ္ဆာကြီး…။”
ရှီဟောင်ဟာ သတိလက်လွတ်ပြုတ်ကျမတတ် ဖြစ်သွားပါတယ်။
******