သုခကမ္ဘာက ရှီဟောင် - Chapter - 1000 သရဖူခြောက်ခုဘုရင်၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များ
“မင်းက အရှင် သရဖူခြောက်ခုဘုရင်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတယ်ပေါ့” အဖြူရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသားမှ ပြောလိုက်သည်။ သူ၏မျက်ခုံးများမှာ တန်းနေပြီး သူ၏မျက်လုံးများသည်လည်း နေမင်းများကဲ့သို့ပင်။
အခြားသူများလည်း ရှီဟောင်ကို စိုက်ကြည့်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။
သရဖူခြောက်ခုဘုရင် နျင်ချွမ်းသည် ပြိုင်ဘက်ကင်းသည့် ကောင်းကင်ပါရမီရှိသည့်သူပင်။
သူသည် ရှေးယခင်ကတည်းက စွမ်းအားအကြီးဆုံး အဆင့်လွန်ကျွမ်းကျင်သူပင်။ သူသည် သမိုင်းတွင် ခြောက်ကြိမ်ပေါ်လာခဲ့ဖူးသည်။
သူပေါ်လာသည့် ခေတ်တိုင်းတွင် သူသည် မိုးကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်းသည့်သူ ဖြစ်ခဲ့ဖူးကာ အံ့အားသင့်စရာများကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့သည့်သူပင်။
သူသည် အဆင့်လွန်ကျွမ်းကျင်သူအားလုံးကို အနိုင်ယူခဲ့ရုံသာမက သရဖူသုံးခုဘုရင်ကိုလည်း သတ်ပစ်ခဲ့သောကြောင့် သူသည် အဆင့်မြင့်နယ်မြေရှိ စီရင်စုသုံးထောင်လုံးကို တုန်လှုပ်စေခဲ့လေသည်။
သူ့နာမည်ကိုပြောလိုက်သည်နှင့် အားလုံးမှာ သူ၏ပြိုင်ဘက်ကင်းသည့်စွမ်းရည်များကို အမှတ်ရကြမည်သာ။
ယခု ဤအဖြူရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသားခြောက်ယောက်သည် လေးလွှာမှ တစ်ပြိုင်တည်းဆင်းလာကြသောကြောင့် အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ အားလုံးသည် အာရုံစိုက်ကာ သေချာစောင့်ကြည့်နေကြလေ၏။
“တာအိုရောင်းရင်းတို့ … မင်းတို့အချိန်ကိုက်ရောက်လာတာပဲ .. သူ့ကို အတူတူသတ်ရအောင်” အခြားနေရာများမှ လူအုပ်များလည်း တတိယအလွှာသို့ ရောက်လာလေပြီ။
ဤနေရာတွင် လူပေါင်းတစ်ရာကျော်ရှိနေပြီး အားလုံးမှာ အဆင့်လွန်ကျွမ်းကျင်သူများပင်။ သူတို့အားလုံးသည် ခရီးတစ်ခုတည်းကို အတူသွားနေကြသည့် ဂိုဏ်းနှစ်ခုမှ လူများပင်။
“စိတ်မပူပါနဲ့ … ငါတို့ သရဖူခြောက်ခုဘုရင်ရဲ့ အမိန့်ကို လက်ခံထားတယ် .. ငါတို့မှာ သူ့ကိုသတ်ဖို့လုံလောက်အောင် စွမ်းအားကြီးတဲ့ လက်နက်ရှိတယ်” အဖြူရောင်ဝတ်စုံနှင့်လူခြောက်ယောက်မှာ တည်ငြိမ်နေပြီး ရှီဟောင်ကို ရင်ဆိုင်နေရသည့်အတွက်လည်း ကြောက်ရွံ့မနေကြပေ။
“အစေခံခြောက်ယောက်ကတောင်မှ ဒီလိုမျိုး ရဲရဲတင်းတင်းလုပ်ရဲတယ်ပေါ့” ရှီဟောင်သူတို့ကို ကြည့်ပြီး ပြောလိုက်သည်။ သူတို့ထံမှ အချိန်အော်ရာများကို မခံစားရသောကြောင့် သူတို့သည် လက်ရှိခေတ်မှလူများပင် ဖြစ်လိမ့်မည်။
“မင်းဘယ်သူနဲ့စကားပြောနေတယ်လို့ မင်းထင်နေတာလဲ” အဖြူရောင်ဝတ်စုံနှင့်လူသည် အေးစက်စွာပင် ပြောလိုက်သည်။
သူတို့အားလုံးသည် သူတို့နယ်ပယ်တွင် ထူးချွန်ကြသည့်သူများပင်။ သူတို့သည် သရဖူခြောက်ခုဘုရင်၏အမိန့်များကိုသာ နာခံပြီး သူ့ကိုသာ လေးစားလေသည်။
“မင်းတို့အားလုံးက ကျွန်တွေမဟုတ်ရင် ဘာလို့အမိန့်တွေကို နာခံနေသေးလဲ” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်လေသည်။ ထို့နောက်တွင် သူသည် အရှေ့ဘက်သို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
ဝုန်းဟူသည့်အသံနှင့်အတူ ယခုလေးတင် ဤနေရာသို့ရောက်လာသည့် အဆင့်လွန်ကျွမ်းကျင်သူပေါင်းတစ်ရာမှာ ထိုအဖြူရောင်ဝတ်စုံနှင့်လူခြောက်ယောက်နှင့်အတူ တိုက်ခိုက်ရန် ပြင်ဆင်နေကြလေသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ကျွမ်းကျင်သူများအားလုံးမှာ ထိုလူခြောက်ယောက်မှ မည်ကဲ့သို့သော ပညာများကို အသုံးပြုမည်ကို စိတ်ဝင်စားနေကြလေသည်။
အသက်ကြီးသည့်သူများနှင့် ကောင်းကင်နတ်ဘုရားများပင်လျှင် အာရုံစိုက်နေကြလေသည်။ သူတို့သည် အသက်ကြီးသော်လည်း နျင်ချွမ်းကို ကြောက်နေကြဆဲပင်။
အဘယ်ကြောင့်ဆိုသော် နျင်ချွမ်းသည် ရှေးဟောင်းကျမ်းစာများစွာကို ကျွမ်းကျင်သည်ဟု ကောလဟာလများ ထွက်ထားသောကြောင့်ပင်။ သူသာ အဆင့်တက်ချင်ပါက သူတက်ပြီးနေလေပြီ။
သူသာ အချိန်ပေးလိုက်ပါက ဤနေရာတွင်ရှိနေသည့်သူများကို အလွယ်တကူပင် ကျော်တက်သွားလိမ့်မည်။
အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်မှ စတင်လှုပ်ရှားလိုက်သည်။ သူ၏လက်ဝါးမှ မီးတန်းတစ်ခုထွက်လာလေ၏။ ဤသည်မှာ မွေးရာပါလီမီးတောက် ဖြစ်ပြီး အလွန်ပင် ပူပြင်းလှသည်။
“ဒါလေးနဲ့ မင်းကငါ့ကို သတ်ချင်နေတာလား” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
ရှီဟောင်သည် သူ၏လက်ကို မြှောက်လိုက်သည်နှင့် စမ်းချောင်းကဲ့သို့ အလွန်ပင် ကြည်လင်ပြာတောက်နေသည့် လျှပ်စီးအလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုလျှပ်စီးသည် ထိုမီးတောက်ကို ဖြတ်သွားလေ၏။ ဤသည်မှာ ရေစွမ်းအင်ပိုင်ဆိုင်ထားသည့် လျှပ်စီးတာအိုအဖိုးတန်ပညာကို အသုံးပြုလိုက်ခြင်းပင်။
ဟမ်…
တစ်ခဏကြာပြီးသည့်နောက်တွင် တစ်ခုခုမှားယွင်းနေသည်ကို ရှီဟောင်ခံစားလိုက်ရသည်။ အန္တရာယ်ရှိသည့် အငွေ့အသက်တစ်မျိုး လေထဲတွင် ပျံ့လွင့်လာလေ၏။ ထိုလူ၏လက်ဝါးတောက်ပလာကာ ထိုမီးတောက်ကို ပို၍ပြင်းထန်အောင် လုပ်လိုက်လေသည်။ သူကိုင်ထားသည့်လှောင်အိမ်သည်လည်း ကွဲထွက်သွားလေ၏။
ဤသည်မှာ ငှက်နှုတ်သီးဖြစ်ပြီး သိပ်မကြီးပေ။ သို့သော် အနီရောင်တောက်ပနေပြီး မီးတောက်များလည်း ထွက်ပေါ်နေလေသည်။ ထိုနှုတ်သီးသည် အဖြူရောင်ဝတ်စုံနှင့်လူ၏အနီရောင်အလင်းတန်းနှင့် ပေါင်းစပ်သွားကာ သူ၏စွမ်းအားကို အဆမတန် တိုးသွားစေလေသည်။
ဤသည်မှာ သရဖူခြောက်ခုဘုရင် နျင်ချွမ်းမှ ဖန်တီးထားသည့်အဖိုးတန်ပစ္စည်းလား…
အားလုံးထိတ်လန့်သွားကာ သေချာအနီးကပ်ကြည့်နေကြလေ၏။
ငှက်အော်သံထွက်လာပြီးနောက် ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွားလေသည်။ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဇာမဏီငှက်နှင့်တူသည့် နတ်ငှက်တစ်ကောင် ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် ထိုငှက်သည် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ၏ပါးစပ်ကိုဟကာ အော်ဟစ်လိုက်သည်နှင့် အနီရောင်မီးတောက်များထွက်ပေါ်လာပြီး ကောင်းကင်ကြီးကိုပင် ဖုံးလွှမ်းသွားလေသည်။
“စွမ်းအားကြီးလိုက်တာ .. ဒါက မီးတိမ်လှိုဏ်ဂူက နံပါတ်တစ် ကျွမ်းကျင်သူထက်တောင် ပိုပြီးတော့ အထင်ကြီးစရာကောင်းသေးတယ် .. အဲဒါက ဘာအရိုးလဲ” အားလုံး ဆွံ့အသွားရသည်။
အနီရောင်မီးတောက်မှာ လေဟာနယ်ပျက်ယွင်းသွားသည်အထိ တောက်လောင်နေလေသည်။
ရှီဟောင် တည်ငြိမ်နေဆဲပင်။ ထိုငှက်နှုတ်သီးမှာ အဖိုးတန်ပစ္စည်းများထဲမှ ထူးခြားသည့်ပစ္စည်းပင်။ သူမသေခင်ကလည်း ထိပ်တန်းလူငယ်ကျွမ်းကျင်သူ ဖြစ်ခဲ့လေသည်။ သူပင်လျှင် ထိုမီးတောက်၏အပူနှင့် အန္တရာယ်ကို ခံစားနိုင်လေ၏။
ရွှီးဟူသည့်အသံနှင့်အတူ ရှီဟောင်သည် အလင်းဒိုင်းကာတစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏အရှေ့တွင်ရှိနေသည့် အရာအားလုံးကို ကာဆီးလိုက်သည်။
အားလုံး ထိတ်လန့်သွားကြလေသည်။ အပြစ်သားမျိုးဆက်ပင် ဤမျှအလေးအနက်လုပ်နေလျှင် ထိုအနီရောင်ငှက်နှုတ်သီးမှာ မည်မျှပင် ထူးခြားသနည်း…
“ဘာဖြစ်နေတာလဲဆိုတာ ငါနားလည်ပြီ … ဒါက သရဖူခြောက်ခုဘုရင် အရင်တုန်းက သတ်လိုက်တဲ့ မီးတိမ်စာကလေးကလန်က အဆင့်လွန်အမျိုးသမီး ဇာမဏီငှက်ပဲ”
ကြည့်နေကြသည့်သူများထဲရှိ တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
သရဖူခြောက်ခုဘုရင်သည် ရန်သူပေါင်းများစွာကို သတ်ခဲ့ပြီး ထိုထဲတွင် ဇာမဏီငှက်သွေးမျိုးဆက်မှ မိန်းမပျိုလေး အပါအဝင်ပင်။ သို့သော် သူမ၏အဖိုးတန်အရိုးမှာ ပျက်စီးမသွားခဲ့ပဲ နျင်ချွမ်း၏ ယူဆောင်ခြင်းကို ခံလိုက်ရလေသည်။
ထို့နောက်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာလေသည်။ ထိုမီးတောက်များ ငြိမ်းသတ်သွားသည့်အချိန်တွင် ရှီဟောင်အနား၌ ရွှေရောင်ကြာပန်းများ တစ်ပင်ပြီးတစ်ပင် ထွက်ပေါ်လာလေသည်။ ထိုအပင်များသည် လေဟာနယ်ထဲတွင် အမြစ်တွယ်နေပြီး မီးတောက်များကို တားဆီးပေးထားလေ၏။
သူသည် ထိုအနီရောင်အရိုးကို ထူးဆန်းသည့်မှော်ပုံရိပ်ယောင်ဖြင့် ကာဆီးလိုက်ပြီး ထိုမိန်းကလေးကို နောက်ပြန်လှည့်သွားအောင် လုပ်လိုက်သည်။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံနှင့် ဒုတိယလူမှ လှုပ်ရှားလိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် အဖိုးတန်ဘူး အက်ကွဲသွားပြီး ခရမ်းရောင်အကြေးခွံ ထွက်ပေါ်လာလေသည်။ ထိုအကြေးခွံတွင် လျှပ်စီးများထွက်ပေါ်နေပြီး သင်္ကေတများလည်း ကောင်းကင်ကို အုပ်မိုးသွားကာ ရှီဟောင်ကို တိုက်ခိုက်လာလေသည်။
“ဟမ်…” ဤသည်မှာ သူ့ကို ထိတ်လန့်သွားစေသည်။ ဤသည်မှာ အလွန်ပင် စွမ်းအားကြီးသည့် အခြားအဖိုးတန်ပစ္စည်းတစ်ခုပင်။ ထိုပစ္စည်းသည် လူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ထံသို့ တရှိန်ထိုး ပြေးလာလေသည်။
အားလုံး၏ နှလုံးခုန်နှုန်းများ လျင်မြန်သွားရသည်။ ဤသည်မှာ ထိုအကြေးခွံကြောင့်သာမဟုတ်ပဲ အခြားလူငယ်လေးများလည်း အဖိုးတန်ဘူးများကို ကိုင်ဆောင်ထားသောကြောင့်ပင်။ ဤသည်မှာ ဘာကို ဆိုလိုခြင်း ဖြစ်သနည်း…
“သူတို့က တာအိုခြောက်မျိုးအဆင့်လွန်လက်ကောက်လား” ဂိုဏ်းများစွာမှ နာမည်ကြီးသည့်သူများပင်လျှင် တုန်လှုပ်သွားကာ ယဇ်ပုလ္လင်ကို စိုက်ကြည့်နေကြလေသည်။
နျင်ချွမ်းသည် ခြောက်ကြိမ်ပေါ်လာခဲ့ပြီး ထိုခြောက်ကြိမ်လုံးတွင် ရန်သူများစွာကို သတ်ခဲ့လေသည်။ သူသည် ထိုရန်သူများအားလုံး၏ အဖိုးတန်အရိုးများကို လက်ကောက်အဖြစ်ပြောင်းလဲခဲ့ပြီး လောကခြောက်ခုအဖြစ် ဖန်တီးခဲ့သည်ဟု ပြောကြသည်။ ထိုလက်ကောက်၏စွမ်းအားမှာ မယှဉ်နိုင်လောက်အောင်ပင်။
“ဒါက အဲဒီလက်ကောက်မဟုတ်ဘူးဆိုရင်တောင် အဲဒီလက်ကောက်နဲ့ဆင်တဲ့ အဖိုးတန်ပစ္စည်းပဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဤလျှပ်စီးအလင်းတန်းသည် အလွန်တောက်ပကာ စွမ်းအားကြီးသော်လည်း ကောင်းကင်အတိဒုက္ခကိုဖြတ်သန်းဖူးသည့် သူ့အတွက်တော့ ဤသည်မှာ စိုးရိမ်စရာမဟုတ်ပေ။ သူသည် လျှပ်စီးကို ဖြတ်သန်းခွင့်ပြုလိုက်ပြီး ထိုလျှပ်စီးများကို စုတ်ယူလိုက်လေသည်။
ထို့နောက်တွင် သူ၏လက်ဝါးတောက်ပလာကာ ပြုပြင်ထားသည့် လျှပ်စီးတာအိုနတ်ခွန်အားများအားလုံးကို အပြင်ဘက်သို့ ပို့လွှတ်လိုက်လေ၏။
ထိုအဖြူရောင်ဝတ်စုံနှင့် အမျိုးသားများအားလုံး၏ အမူအရာများ ပြောင်းလဲသွားကာ သူတို့သည် စတင်လှုပ်ရှားလာလေသည်။
“ကပ်ဆိုးနဂါးဓား … သတ်…” တတိယအဖိုးတန်ဘူး ပေါက်ကွဲသွားပြီးနောက် အရောင်စုံသည့်သွားတစ်ချောင်း ထွက်ပေါ်လာလေ၏။ ထိုသွားသည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ပါးစပ်ထဲတွင်လည်း ထက်ရှလှသည့် ဓားတစ်လက်ပေါ်လာလေသည်။ ထိုဓားသည် ရှီဟောင်ထံသို့ ဦးတည်သွားကာ ထိုလျှပ်စီးအလင်းတန်းကို ဖြတ်ချလိုက်လေ၏။
“ပျောက်ကွယ်စေ”
စတုတ္ထမြောက် အဖြူရောင်ဝတ်စုံနှင့်လူမှ အော်ဟစ်လိုက်သည်။ ထို့နောက်တွင် အဖိုးတန်ဘူး ပေါက်ကွဲသွားကာ ပုလဲလုံးတစ်လုံး ပေါ်လာလေသည်။ ဘေးပတ်ဝန်းကျင်မှာ ချက်ချင်းပင် မှုန်ဝါးသွားကာ ရှီဟောင်သည် ထူးဆန်းသည့်အခြေအနေတစ်ခုသို့ ရောက်ရှိသွားလေသည်။
သဲကန္တာရ၊ ပင်လယ်၊ နန်းတော် .. ဤသည်မှာ တံလျှပ်တစ်ခုကဲ့သို့ပင်။
“အဲဒါက ခုံးကောင်သားရဲရဲ့တာအိုကနေ လုပ်ထားတဲ့ ပုလဲလုံးပဲ .. သူလည်း သရဖူခြောက်ခုဘုရင်သတ်လိုက်တဲ့ ရှေးဟောင်းကျွမ်းကျင်သူပဲ”
လူများမှာ ရှီဟောင်ကို မမြင်နိုင်တော့ပဲ နှင်းများသာ မြင်နေရလေ၏။ ဤသည်မှာ ခုံးကောင်သားရဲ၏ လေဟာနယ်ကူးပြောင်းခြင်းပင်။
ထို့နောက်တွင် အခြားနှစ်ယောက်၏ အဖိုးတန်ဘူးလည်း ပေါက်ကွဲသွားလေသည်။ ရလဒ်အနေဖြင့် အလင်းတန်းခြောက်ခုသည် ကောင်းကင်ထက်သို့ တက်သွားကာ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ အရိုးစာသားများမှာ ပင်လယ်ရေလှိုင်းကဲ့သို့ အလွှာလိုက်ဖြစ်နေပြီး အရှေ့ဘက်သို့ ဖိနှိပ်လာကြလေ၏။
အဆင့်လွန်ကျွမ်းကျင်သူပေါင်း ထောင်ပေါင်းများစွာမပြောနှင့် ကြည့်နေကြသည့် အသက်ကြီးသည့်သူများပင် လှုပ်ရှားသွားကြသည်။ ထိုအရိုးခြောက်ခု ပေါင်းစည်းသွားကာ အလွန်ပင်စွမ်းအားကြီးသည့် တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာကို သူတို့စွမ်းအားဖြင့် လွှမ်းခြုံသွားလေသည်။
ဒုန်း..
အားလုံးသည် ကျယ်လောင်လှသည့်အသံတစ်သံကို ကြားလိုက်ရပြီးနောက် ထိုနေရာတစ်ခုလုံး လှုပ်ခါရမ်းသွားလေ၏။ ထို့နောက်တွင် မြင့်မြတ်သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဖြူရောင်ဝတ်စုံနှင့်လူကို လွင့်ထွက်သွားအောင်လုပ်ပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
ခုံးကောင်သားရဲပုလဲလုံးကိုင်ထားသည့် သူသည်လွင့်ထွက်သွားကာ ယဇ်ပုလ္လင်ပေါ်မှ ကျသွားလေသည်။
အားလုံး ဆွံ့အသွားရသည်။ စကားတွေပြောနေကြသည့် နာမည်ကြီး လူကြီးများပင်လျှင် တုန်လှုပ်သွားကြလေ၏။ ဤအပြစ်သားမျိုးဆက်မှာ အထင်ကြီးစရာကောင်းလွန်းလှသည်။ ဤကဲ့သို့သော အဖိုးတန်ပစ္စည်းကိုပင် အနိုင်ယူနိုင်ပြီး ထိုလူကို လွင့်ထွက်သွားအောင် လုပ်နိုင်သည်လား …
“ပေါင်းစည်းမယ်”
အဖြူရောင်ဝတ်စုံနှင့်လူ အော်ဟစ်လိုက်သည်။ သူတို့အားလုံး၏ အဖိုးတန်ပစ္စည်းများကို လွတ်လိုက်သည်နှင့် ထိုသားရဲသွား၊ ငှက်နှုတ်သီး၊ သားရဲအရိုးနှင့် အခြားပစ္စည်းများမှာ အပေါ်ဘက်သို့ တက်သွားပြီး ပေါင်းစည်းသွားကာ တောက်ပသည့်အလင်းတန်းများ ဖြစ်ပေါ်လာလေသည်။
“အတူတူ အသက်သွင်းမယ်” သူတို့ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ထိုအဖိုးတန်လက်ကောက် တောက်ပလာပြီး တောက်ပသည့်အလင်းတန်းခြောက်ခုမှာလည်း ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။
“ဘုရားရေ .. ဒါက တကယ်ပဲ နျင်ချွမ်းရဲ့ တာအိုခြောက်မျိုးအဆင့်လွန်လက်ကောက်များလား”
ရှီဟောင်မပြောနှင့် အောက်ဘက် တော်တော်ဝေးဝေးတွင်ရှိနေကြသည့် အဆင့်လွန်ကျွမ်းကျင်သူများပင်လျှင် သူတို့ရင်ဘတ်ကို ဖိနေသည့် ဖိအားတစ်ခုကို ခံစားနေရလေသည်။ ဤသည်မှာ အလွန်ပင် မသက်မသာဖြစ်ရပြီး သူတို့သည် သတိလစ်တော့မတတ်ပင်။
“သရဖူခြောက်ခုဘုရင် နျင်ချွမ်းက စွမ်းအားကြီးလိုက်တာ” တစ်စုံတစ်ယောက် သက်ပြင်းချကာ ပြောလိုက်သည်။
အဖိုးတန်ပညာခြောက်ခုမှ ဟန်ချက်ညီညီပင် တောက်ပနေလေသည်။
ရှီဟောင်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့်ပင် လူလေးယောက်ကို ကိုင်ပေါက်ပစ်လိုက်လေ၏။
ဤလူများမှာ နာမည်ကြီးသည့် အဆင့်လွန်ကျွမ်းကျင်သူများဖြစ်ကြသော်လည်း အဆုံးတွင် သူတို့သည် အသံတစ်သံပင် မထွက်နိုင်ပဲ ပေါက်ကွဲသွားကာ ပြာအဖြစ် ပြောင်းလဲသွားလေ၏။
“ဒါက နျင်ချွမ်းရဲ့ တာအိုခြောက်မျိုးအဆင့်လွန်လက်ကောက်မဟုတ်ဘူး .. ဒါပေမဲ့ အဲဒီလက်ကောက်နဲ့ဆင်တယ် .. ဒီပစ္စည်းမှာလည်း နျင်ချွမ်းရဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေပါတယ် .. ဒါက သူ့အနားမှာ အချိန်အကြာကြီးနေပြီးတော့ ရလာတဲ့ အငွေ့အသက်ပဲ”
ကောင်းကင်နတ်ဘုရားတစ်ပါး ပြောလိုက်သည်။
“ဟားဟား .. နျင်ချွမ်းက တကယ်ကို အထင်ကြီးစရာကောင်းတဲ့သူပဲ .. သူကိုယ်တိုင်တိုက်စရာတောင်မလိုဘူး .. သူတစ်ခြားသူကို လုပ်ပေးထားတဲ့လက်ကောက်ကတောင်မှ အပြစ်သားသွေးမျိုးဆက်ကို သတ်နိုင်တော့မယ်” အခြားလူတစ်ယောက်မှ ရယ်မောကာ ပြောလိုက်သည်။
ဤစစ်မြေပြင်တွင်ရှိနေသည့် ပုံရိပ်များ မှုန်ဝါးလာကာ မြင့်မြတ်သည့်အလင်းတန်းများ တောက်ပလာလေ၏။ ထိုလက်ကောက်မှ ထုတ်လွှတ်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို အားလုံးခံစားလိုက်ရသည်။ ဤသည်မှာ လူသားတစ်ယောက်မှ လုပ်နေသကဲ့သို့ပင်။
“ထင်ထားတဲ့အတိုင်းပဲ .. ဒါက သရဖူခြောက်ခုဘုရင်ရဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်ပဲ .. အားကောင်းလိုက်တာ”
အားလုံး ဆွံ့အသွားရသည်။
“မင်းလက်လျော့လိုက်တော့ .. သရဖူခြောက်ခုဘုရင်က မင်းကိုအသေလိုချင်နေတာဆိုတော့ ကောင်းကင်ကတောင်မှ မင်းကို အလွတ်ပေးနိုင်မှာမဟုတ်ဘူး … ဖိနှိပ်ပြီး သတ်မယ်” ထိုအဖြူရောင်ဝတ်စုံနှင့်လူများ အော်ဟစ်လိုက်ကြကာ လက်ကောက်ကို အသက်သွင်းလိုက်ကြသည်။
ဝုန်း..
ရုတ်တရက်ပင် တိုက်ပွဲအလယ်တွင်ရှိနေသည့် ထိုလူငယ်ထံမှ အရိုးစာသားများ ထွက်လာလေ၏။ သူသည် ဘီလူးကြီးတစ်ကောင်ကဲ့သို့ပင် ကြည်လင်ပြတ်သားသည့် အသံဖြင့်ေအာ်ဟစ်လိုက်သည်။ သူ့အနားတွင် တောက်ပနေသည့် ချပ်ဝတ်တန်ဆာရှိနေသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာလေသည်။
ဤသည်မှာ သင်္ကေတများပင်ဖြစ်ပြီး မည်သည့်အဖိုးတန်ပညာများကို ပေါင်းပြီး ရလာသည့် သင်္ကေတမှန်း မသိပေ။ သူသည် ရုတ်တရက်ပင် လက်ဗလာဖြင့် ထိုအဖိုးတန်လက်ကောက်ကို ဆုတ်ကိုင်လိုက်လေသည်။
မှုန်ဝါးနေသည့်အလင်းတန်းများ၊ ကောင်းကင်သို့ပင် လျှံတက်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ … ဤအရာများမှာ သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ပေ။
“ဘာ..” အားလုံး ဆွံ့အသွားရသည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် သင်္ကေတများကို မထိုးဖောက်နိုင်ပေ။
ခလွမ်း..
ရှီဟောင် ထိုလက်ကောက်ကို ဆွဲလိုက်သည်နှင့် ငှက်နှုတ်သီး၊ သွား၊ သားရဲအရိုးနှင့် အခြားပစ္စည်းများအားလုံး လွင့်ထွက်သွားကာ နေရာခြောက်ခုသို့ လွင့်ထွက်သွားလေ၏။
“ဒါ … သူ သရဖူခြောက်ခုဘုရင် ဖန်တီးထားတဲ့အဖိုးတန်ပညာကို ဖျက်ဆီးလိုက်ပြီ…”
ကြည့်နေကြသည့်သူအားလုံး ထိတ်လန့်သွားရသည်။
“မင်း…” စစ်မြေပြင်တွင်ရှိနေသည့် အဖြူရောင်ဝတ်စုံနှင့်လူခြောက်ယောက်၏အမူအရာ ပြောင်းလဲသွား၏။ သူတို့ အလွန်ပင် ထိတ်လန့်နေလေပြီ။ သရဖူခြောက်ခုဘုရင် ဖန်တီးထားသည့်အဖိုးတန်ပစ္စည်းကို ဖျက်ဆီးပစ်နိုင်သည့်သူ ရှိနေသည်လား… ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
ကပ်ဆိုးများ သူတို့အပေါ်တွင် ကျရောက်လာလေပြီ။
ရှီဟောင်သည် ရက်စက်စွာဖြင့်ပင် သတ်ဖြတ်နေလေ၏။ သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာကာ အဖြူရောင်ဝတ်စုံနှင့်လူများအားလုံး အသတ်ခံလိုက်ရလေပြီ။
“ပြေး…” ကျန်နေသည့်လူအုပ်ကြီးမှာ ထိတ်လန့်နေကြလေသည်။ ဤစွမ်းအားကို သူတို့ခုခံနိုင်စရာ အကြောင်းမရှိပေ။ သူတို့အားလုံး ယဇ်ပုလ္လင်အောက်သို့ တရှိန်ထိုး ပြေးဆင်းသွားလိုက်ကြသည်။
ကံမကောင်းစွာဖြင့်ပင် ရှီဟောင်သည် သူတို့ကို ထွက်ပြေးနိုင်မည့် အခွင့်အရေး မပေးပေ။ သူ၏ကိုယ်ပွားများအားလုံး လှုပ်ရှားသွားကာ သူတို့နောက်သို့ လိုက်သွားပြီး အညှာအတာကင်းမဲ့စွာပင် အသက်များကို ချွေယူနေလေ၏။
ဖူး ဟူသည့်အသံများအောက်တွင် လူအုပ်ကြီးမှာ လဲကျသွားလေသည်။
တိုက်ပွဲအပြင်ဘက်တွင်ရှိနေသည့် တစ်စုံတစ်ယောက်သည် တီးတိုးလေးဟစ်ကြွေးလိုက်ကာ ကြောက်စရာကောင်းသည့်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ နတ်ဘုရားများကို ဒေါသထွက်သွားစေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်စေလေသည်။
ရှီဟောင်သည် အောက်ဘက်တွင်ရှိနေသည့် အဆင့်လွန်ကျွမ်းကျင်သူများကို ကြည့်ပြီးနောက် တိုက်ပွဲအပြင်ဘက်သို့ ကြည့်လိုက်သည်။
တစ်ခဏခန့် ရပ်တန့်ပြီးသည့်နောက်တွင် သူသည် ယဇ်ပုလ္လင်အပေါ်ဘက်သို့ တရှိန်ထိုး တက်သွားလေသည်။ သူ အချိန်မဖြုန်းချင်တော့ပေ။ ထိုကျောက်ပန်းကန်လုံးအတွင်းတွင်ရှိနေသည့် အဆင့်လွန်အရည်ကိုယူချင်နေပြီ။ ဤစစ်ဆေးမှုကို ဖြတ်သန်းပြီးသည်နှင့် သူ စွန့်ပစ်နယ်မြေသို့ သွား၍ရလေပြီ။
အတွဲ – ၅၀ ပြီး၏။