သုခကမ္ဘာက ရှီဟောင် - Chapter - 982 ထာဝရနန်းတော်
“ဒါက တကယ်ကို တိုက်ပွဲကြောင့်ပျက်စီးသွားတဲ့ မူလကျောက်တုံးပဲ” ချီသော်လင်းသည် အရှေ့သို့စိုက်ကြည့်ပြီးနောက် သူ၏အမူအရာမှာ ပို၍ပင် လေးနက်လာလေ၏။
ထွင်းထားသည့်နံရံမှ ထွက်လာသည့် မူလကျောက်တုံးအပိုင်းအကြီးကြီးရှိနေလေ၏။ ထိုကျောက်တုံးအပိုင်းမျက်နှာပြင်တွင် အက်ကွဲကြောင်းများစွာ ရှိနေလေသည်။
မည်ကဲ့သို့သော တိုက်ခိုက်မှုမျိုးဖြစ်ခဲ့သနည်း .. မူလကျောက်တုံးမှ ပြုလုပ်ထားသည့် အဆင့်လွန်ရတနာပင်လျှင် ပျက်စီးသွားလေပြီ။
“သိမ်းလိုက် … အက်ကွဲကြောင်းတွေရှိနေတယ်ဆိုရင်တောင်မှ အပြင်ဘက်လောကာမှာ ဒါက နတ်အဆင့်အဖိုးတန်ပစ္စည်းတွေပဲ .. လျှို့ဝှက်ရတနာတွေလုပ်တဲ့အချိန်မှာ ဒီပစ္စည်းလေး နည်းနည်းလောက်ထည့်လိုက်ရင်ကို သူ့ရဲ့အရည်အသွေးက ချက်ချင်းကို မြင့်တက်သွားလိမ့်မယ်”
ဤကိုးပေခန့်ရှိသည့်အတုံးကြီးကိုသာ အပြင်ဘက်တွင် လေလံဆွဲလိုက်ပါက ဤသည်မှာ အခြားသူများကို လုံးဝထိတ်လန့်သွားစေမည်သာ။
ရှေးခေတ်ကတည်းက မူလကျောက်တုံးမှာ များများစားစား ပေါ်မလာခဲ့ပေ။
သို့သော် ဤကျောက်တုံးကြီးကို အဆင့်လွန်ရတနာဖြစ်အောင် လုပ်၍မရတော့ပေ။ အတွင်းဘက်ပိုင်းတွင် အက်ကွဲကြောင်းများမှာ ပင့်ကူအိမ်ကဲ့သို့ပင် ရှုပ်ထွေးလှသည်။
ရှီဟောင်သည် ထိုကျောက်တုံးကို ကောင်းကင်နှင့်မြေကြီး ရှုံ့အိတ်ထဲသို့ ထည့်လိုက်လေသည်။
“ငါ မကောင်းတဲ့ခံစားချက်တွေ ရနေတယ် … အဲဒီခံစားချက်က အခုပိုဆိုးလာပြီ” ချီသော်လင်း မျက်မှောင်ကြုတ်လိုက်သည်။
သူတို့၏ပြုပြင်မှုများကြောင့် များစွာသော ဓားရာများမှာ တစ်ဖြည်းဖြည်းပျောက်ကင်းလာလေပြီ။
ရှီဟောင် စိတ်ထဲတွင်သက်ပြင်းချလိုက်၏။ ဤနေရာမှာ သူ့ကို အနည်းငယ်ကြောက်ရွံ့စေသည့်ခံစားချက်ကို ပေးနေလေသည်။ ဤမျှပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည့်သူမှာ မည်ကဲ့သို့သော သက်ရှိမျိုးဖြစ်မည်နည်း ..
ထို့နောက်တွင် နံရံပေါ်၌ သင်္ကေတများပေါ်လာလေသည်။ ထိုသင်္ကေတများမှ အလွန်ထူးဆန်းသည့် မြူများကို ထုတ်လွှတ်နေလေသည်။ ထိုသင်္ကေတများထဲတွင် သူတို့မမြင်ဖူးသည့် ထူးဆန်းသည့်သက်ရှိများပင် ပါဝင်နေလေသည်။
“မကောင်းတော့ဘူး … ဒီသင်္ကေတတွေထဲမှာ ပါနေတဲ့ တာအိုက ပိုပြီးတော့ ထူးဆန်းတယ်”
ချီသော်လင်းသည် ခြေလှမ်းကို အရှိန်လျော့လိုက်ပြီး သူ၏မျက်နှာမှာ လေးနက်လာလေ၏။ သူ၏နဖူးထက်တွင်ပင် ချွေးစက်များ စီးကျနေလေပြီ။ သူ၏မျက်ဝန်းမှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး သူသည် ကောင်းကင်ဘုံရှစ်ခုကို အသက်သွင်းကာ အားကုန်ခုခံနေလေ၏။
ဓားကိုင်ထားသည့် ရုပ်တုတစ်ခုသည် ရုတ်တရက်ပင် ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်လေ၏။
ဓားအလင်းတန်းမှာ သက်တံ့ကဲ့သို့ပင် လေဟာနယ်ကို ဖောက်ထွက်သွားလေ၏။
ရှီဟောင် ဆွံ့အသွားရသည်။
ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။ ဤနေရာကို ဖန်တီးခဲ့သည့်သူမှာ မည်မျှပင် စွမ်းအားကြီးသနည်း .. ထွင်းထားခဲ့သည့်ရုပ်တုပင်လျှင် ဤမျှကြောက်စရာကောင်းနေလေပြီ။ ချီသော်လင်းပင်လျှင် ထိုအလင်းတန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မတွေးရဲပဲ ရှောင်ရှားရုံသာ တတ်နိုင်လေသည်။
“ဓားကိုင်ထားတဲ့ သာမန်ရုပ်တုတစ်ရုပ်ဖြစ်နေလို့ တော်သေးတာပေါ့” ချီသော်လင်း ချွေးစေးများကို သုတ်ကာ ပြောလိုက်သည်။
ရှီဟောင် ဆွံ့အသွားရသည်။ ဤရုပ်တုသာ မှော်ဓားကိုင်ထားသည့် ထာဝရအစစ်တစ်ယောက်ဖြစ်ပါက ထာဝရအလင်းများ ထွက်လာမည်လား… ဤရုပ်တုများတွင် တာအိုအစစ်အမှန်များ ရှိနေသောကြောင့် ဤသည်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့နောက်တွင် တာအိုဆရာချီ၏အမူအရာမှာ အရုပ်ဆိုးလာလေ၏။ အဘယ်ကြောင့်ဆိုသော် ရုပ်တု၏လက်ထဲတွင်ရှိနေသည့်ဓား ကျိုးသွားသောကြောင့်ပင်။ ဤထွင်းထားသည့်ရုပ်တုမှာ ပျက်စီးနေပြီးသားပင်။
“ဒါက ထာဝရ စစ်ရုပ်တုပဲ .. ဒီမှာသာ ကျင့်ကြံရင် လူတစ်ယောက်က ဓားရာတွေ၊ ဓားလမ်းကြောင်းတွေနဲ့ တစ်ခြားရှေးဟောင်းသက်ရှိရုပ်တုတွေကို လုံးဝနားလည်သွားပြီးတော့ သူတို့တစ်ဘဝလုံးအတွက် အကျိုးရှိလိမ့်မယ်…” ရှီဟောင် သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။
“ထာဝရရှေးဟောင်းခေတ်မှာတောင် ဒါက အထင်ကြီးစရာကောင်းတဲ့နေရာ ဖြစ်နေမှာစိုးရတယ်” ချီသော်လင်း ခေါင်းညိမ့်ကာ ပြောလိုက်သည်။
သူသည် ဤနေရာမှ ထွက်မသွားရုံသာမက ဤနေရာတွင် တရားထိုင်ပြီး သီးသန့်လေ့ကျင်ကာ ဤထာဝရရုပ်တုများတွင် ပါနေသည့် ပြိုင်ဘက်ကင်းသည့် ပညာများကို လေ့လာချင်နေလေသည်။
“ကံမကောင်းစွာနဲ့ပဲ အချိန်သိပ်မကျန်တော့ဘူး .. ငါရထားတဲ့ အရိုးအပိုင်းအစအရဆိုရင်တော့ ငါတို့ ဒီမှာ ကြာကြာနေလို့မရတော့ဘူး .. ငါတို့ဘာယူသွားနိုင်မလဲဆိုတာ ကြည့်ရအောင် .. ငါတို့ဒီဂူတစ်ခုလုံးကို ယူသွားနိုင်ရင်တော့ ဒါက လုံးဝကို ကောင်းကင်ကိုဆန့်ကျင်နိုင်တာပဲ” ချီသော်လင်း ပြောလိုက်သည်။
ထို့နောက်တွင် ချီသော်လင်းသည် များပြားလှသည့်ဖိအားကို ကြံ့ကြံ့ခံကာ ရှီဟောင်ကို ခေါ်ပြီး ထာဝရမိုင်းတွင်း၏ အတွင်းပိုင်းသို့ သွားလိုက်လေသည်။ အတိအကျပြောရမည်ဆိုလျှင် ဤသည်မှာ ထာဝရစွမ်းအင်များပြည့်နှက်နေသည့် ကြီးမားလှသည့် ရှေးဟောင်းနန်းတော်ကြီးပင်။
ဤနေရာမှာ ထူးဆန်းလွန်းလှပြီး သူတို့သည် ထာဝရလူသားများနေထိုင်ရာသို့ ရောက်သွားသကဲ့သို့ပင်။ အသက်တစ်ရှိုက်ရှူလိုက်သည်နှင့် သူတို့တစ်ကိုယ်လုံ ပေါ့ပါးသွားရသည်။
“တော်တော်အထင်ကြီးစရာကောင်းတဲ့ ရှေးဟောင်းနတ်နန်းတော်ကြီးပဲ .. တကယ်ကို မယုံကြည်နိုင်လောက်အောင်ပဲ” တာအိုဆရာချီပင်လျှင် မျက်လုံးများ ပြူးကျယ်နေလေ၏။
ဤနန်းတော်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေလေ၏။ နန်းတော်၏နံရံလေးခုမှာမူ သာမန်မဟုတ်ကြပေ။ နံရံများပေါ်တွင် ရုပ်ပုံများစွာကို ထွင်းထုထားလေ၏။ ငှက်များ၊ ပန်းများနှင့် ပိုးကောင်းများသာမက ရှေးဟောင်းစတေးခံသက်ရှိများ၊ နေ၊ လနှင့် အခြားသက်ရှိများ၊ ထာဝရပစ္စည်းများစွာ ရှိလေသည်။
ဤရုပ်ပုံများတွင် ဖိအားများကို ကန့်သတ်ထားသောကြောင့် ဤနေရာတွင် ဖိအားများ မရှိတော့ပေ။
“ငါတို့ ယာယီတော့ လုံခြုံသွားပြီ” ချီသော်လင်း ပြောလိုက်သည်။
“တာအိုဆရာ .. ဆရာလိုအပ်တဲ့ အဆင့်လွန်ရတနာတွေကို မြန်မြန်ရှာသင့်တယ် … ကျွန်တော်ဒီမှာ ခဏလောက်ထိုင်လိုက်ဦးမယ် … အသိအမြင်နည်းနည်းလောက်ရမလားလို့” ရှီဟောင် ပြောလိုက်၏။
“ဟုတ်ပြီ သတိထားဦး .. ငါ့နားကနေ ဝေးဝေးမနေနဲ့” ချီသော်လင်း ပြောလိုက်သည်။
ထို့နောက်တွင် ရှီဟောင်သည် ချက်ချင်း ထိုင်ချလိုက်လေ၏။ သူသည် စိတ်ကိုရှင်းလင်းလိုက်ကာ သူသည် လောကကြီးတစ်ခုပြီးတစ်ခုသို့ ဝင်ရောက်တော့မည့်ပုံစံ ပြင်ဆင်လိုက်လေ၏။
ထို့နောက်တွင် ချီသော်လင်းကိုပင် ထိတ်လန့်သွားစေနိုင်သည့် မယုံကြည်နိုင်စရာကောင်းလောက်သည့် အရာတစ်ခု ဖြစ်ပျက်ခဲ့လေသည်။ သူသည် ရှီဟောင်အား အံ့အားတကြီး ကြည့်လိုက်လေဩ။
ရှီဟောင်၏ဦးခေါင်းနောက်တွင် အလင်းကွင်းတစ်ကွင်းရှိနေလေ၏။ ထို့နောက်တွင် ထိုအလင်းကွင်းမှာ တစ်ဖြည်းဖြည်းသိပ်သည်းလာပြီး မှန်ကဲ့သို့ပင် ကြည်လင်တောက်ပလာလေ၏။ သူသည် ရှေးဟောင်းဘုန်းကြီး ကျင့်ကြံသူတစ်ယောက်နှင့် တူနေလေ၏။
သူ၏အနောက်တွင်ရှိနေသည့် နတ်အလင်းကွင်းသည် မထင်မှတ်စွာပင် ဤပုံရိပ်များကို တစ်ခုပြီးတစ်ခု ပြသနေလေ၏။ ဓားလမ်းကြောင်း၊ ဓားခုတ်ရာ၊ ရုပ်တုများ၊ နေ၊ လနှင့် သက်ရှိမျိုးစုံကို ပြသနေလေ၏။
“ဒီကောင့်မှာ ဒီလိုမျိုး စွမ်းရည်ရှိနေတာလား” ချီသော်လင်း ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤပြသနေသည့်ပုံရိပ်များမှာ ကျောက်နံရံပေါ်တွင် ပေါ်နေသည့် ပုံရိပ်များနှင့် အတူတူပင်။ ထိုပုံရိပ်များတွင် ကြီးကျယ်သည့် အနက်အဓိပ္ပာယ်များ ပါဝင်နေလေ၏။
“တာအိုဆရာ .. ဆရာ ဘာပြောတာလဲ” ရှီဟောင်သည် စိတ်ရှုပ်ထွေးသွားကာ ချီသော်လင်းအား မော့ကြည့်လိုက်လေ၏။
သူစကားပြောလိုက်သည့်အချိန်တွင် သူ့ အနောက်တွင်ရှိနေသည့် နတ်အလင်းကွင်းပျောက်ကွယ်သွားလေသည်။ ထိုအလင်းကွင်းကို သူ လုံးဝသတိမထားမိပေ။
ချီသော်လင်းသည် ထိတ်လန့်စွာဖြင့်ပင် “ကိစ္စမရှိဘူး .. မင်းဆက်လုပ် .. ငါ့ကိုစိတ်မပူနဲ့ .. စိတ်မပျံ့နဲ့ .. မင်းအရင်တုန်းက ကျင့်ကြံသလိုပဲ ကျင့်ကြံနေ”
ရလဒ်အနေဖြင့် ရှီဟောင် ထိုရုပ်ပုံများကို နားလည်ရန် ကြိုးစားလိုက်သည့်အချိန်တွင် သူ၏ဦးခေါင်းထက်၌ ထိုအလင်းကွင်းနောက်တစ်ကြိမ်ထွက်ပေါ်လာလေသည်။
ချီသော်လင်းသည် ထိုကြေးမုံနှင့်တူသည့် နတ်အလင်းကွင်းကို ကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်ပုံပေါ်သော်လည်း ဘာမှမပြောတော့ပေ။
ထို့နောက်တွင် အချိန်ကုန်သွားမည်စိုးသောကြောင့် သူ လှည့်ထွက်သွားလိုက်သည်။ သူ အလျင်အမြန်ပြုလုပ်ရန်လိုအပ်သောကြောင့် သူ၏အရှေ့တွင်ရှိနေသည့် နတ်ဘုရားများ စုပြုံနေသည့်နေရာသို့ ပြေးသွားလိုက်လေသည်။
ထို့နောက်တွင် ရှီဟောင်သည် ဤရှေးဟောင်းရုပ်တုများကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်၏။ ထိုအချိန်တွင် သူ၏အနောက်ဘက်တွင်ရှိနေသည့် ထူးဆန်းသည့်အလင်းမှာ ပို၍ပင် တောက်ပလာပြီး ထိုပုံရိပ်များအားလုံးကို ပြသနေလေသည်။
ဤအရာများကို ပထမဆုံးအကြိမ်နားလည်ရန် ကြိုးစားလိုက်သည့်အချိန်တွင် ဤအရာမှာ အလွန်ခက်ခဲကြောင်း သူတွေ့ရှိလိုက်သည်။ အချိန်ခဏလေးအတွင်း နားလည်အောင်ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ချီသော်လင်း ဘာပစ္စည်းကို ရရှိသွားသလဲဆိုသည်ကို သိရှိရန်အတွက် သူအရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။
သို့သော် သူ၏ဦးခေါင်းအနောက်ဘက်တွင်ရှိနေသည့် အလင်းကြေးမုံမှာမူ ပျောက်ကွယ်မသွားပဲ ထွန်းလင်းနေဆဲပင်။
တာအိုဆရာချီမှာ ထိုနေရာတွင် ရပ်နေပြီး အလွန်ထိတ်လန့်နေလေ၏။
“ဒါတွေက…” ရှီဟောင်လည်း ထိတ်လန့်နေသည်သာ။
ဤသည်မှာ နတ်ဘုရားများပင်။ ထိုနတ်ဘုရားများကို ပူဇော်နေသည်များမှာ တောက်ပသည့်အလင်းတန်းများ စီးဆင်းနေသည့် များစွာသော ထာဝရရတနာများပင်။ ထိုပစ္စည်းများအားလုံးကို မြူများဖုံးလွှမ်းနေပြီး ဤမြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။
“ဒါကို ထာဝရမိုင်းတွင်းလို့ခေါ်တာ မဆန်းတော့ဘူး .. ဒါက ဒီလိုမျိုးကိုး…” တာအိုဆရာချီ သက်ပြင်းချလိုက်သည်။
ဤပစ္စည်းတစ်စုစီတိုင်းမှာ အတိတ်နှင့် ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေသည့်အရာများပင်။ မည်သည့်ပစ္စည်းမဆို အဆင့်မြင့်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်များ၏ မျက်လုံးများကို နီရဲစေပြီး အချင်းချင်းသတ်ဖြတ်စေကာ တိုက်ပွဲကြီးများ ဖြစ်နိုင်စေသည်အထိ ဖြစ်သွားစေနိုင်လေသည်။
“ကောင်းကင်ပြစ်ချက်ကျောက်တုံး၊ လောကကျောက်တုံး၊ မူလကျောက်တုံး …” သာမန်ကာလျှံကာ ကြည့်လိုက်ရုံဖြင့်ပင် အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားပြီး လောကကြီးတွင် တွေ့ရှိနိုင်ရန် ခက်ခဲသည့် အဆင့်လွန်ရတနာ လေး ငါးခုလောက်ကို တွေ့လိုက်ရလေ၏။
ချီသော်လင်း လှုပ်ရှားလိုက်၏။ သူသည် အင်္ကျီလက်ကိုမြှောက်လိုက်ပြီး ထိုအရာများကို ယူတော့မည့်အချိန်တွင် အလင်းနှင့် အရိပ်များ ထွက်ပေါ်လာပြီး ထိုပစ္စည်းများ ပျောက်ကွယ်သွားလေ၏။ ဘာမှကို မကျန်တော့ခြင်းပင်။
“ဘာ… ပုံရိပ်ယောင်လား … ဒီပစ္စည်းတွေကို တစ်ယောက်ယောက်က ယူသွားပြီ” သူ၏နဖူးတွင် အကြောများ ထောင်ထလာလေ၏။ ဤသည်မှာ နှမြောစရာကောင်းလွန်းလှသည်။
“ဒီမှာ” ရှီဟောင် လက်ညှိုးထိုးပြလိုက်၏။ အခြားတစ်ဖက်တွင် ပစ္စည်းအချို့ ရှိနေသေးသည်။
“လေဟာနယ်ရွှေ၊ ငါးဆင့်ပြောင်းလဲခြင်းရွှေ၊ ထာဝရလော့ရွှေ…” ချီသော်လင်း၏မျက်လုံးထဲတွင် မီးတောက်များ ကခုန်နေသကဲ့သို့ ဖြစ်နေ၏။ သူသည် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ရန် ခက်ခဲနေလေသည်။
သူ၏အင်္ကျီလက်ကို လှုပ်လိုက်သည်နှင့် ထိုပစ္စည်းများအားလုံး နောက်တစ်ကြိမ်ပျောက်ကွယ်သွားလေသည်။
“မုန်းစရာကောင်းလိုက်တာ” ချီသော်လင်း ညည်းတွားလိုက်သည်။
ရှီဟောင်သည်လည်း အလွန်နှမြောနေသည်သာ။ သူသည် အဖိုးတန်တောင်တစ်ခုထဲသို့ ဝင်ခဲ့သော်လည်း ဘာမှမရခဲ့ပေ။ ဤထက် ဘာမှမဆိုးနိုင်တော့ပေ။ ဤသည်မှာ ဆရာတပည့်နှစ်ဦးကို အလွန်ပင် စိတ်ရှုပ်ထွေးစေလေသည်။
“နဂါးအစစ်ဦးချို၊ ဖီးနှစ်နှုတ်သီး…”
ဆရာတပည့်နှစ်ယောက်မှာ ရူးသွပ်တော့မတတ်ပင်။ သူတို့မြင်ရသည့် ရတနာများမှာ ဒဏ္ဍာရီများတွင်သာ ရှိသည့်ပစ္စည်းများပင်။ သို့သော် ကံဆိုးစွာဖြင့်ပင် ချီသော်လင်းသည် ထိုပစ္စည်းများကို တစ်ခုမှ မယူနိုင်သေးပေ။
“ဒီနေရာက နေရာအလွတ်ကြီးလို့တော့ ငါ့ကိုလာမပြောနဲ့နော် .. ဒီလိုသာဆိုရင်တော့ ဒီနေရာတစ်ခုလုံးကို ငါ ဖျက်ဆီးပစ်လိုက်မှာ” တာအိုဆရာချီမှာ ဒေါသထွက်နေလေပြီ။ ထို့နောက်တွင် သူသည် အမြင့်ဆုံးနေရာ၊ ဗဟိုကျသည့်နေရာထံသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ရှားပါးအဖိုးတန်သည့် ပစ္စည်းများ ရှိနေလေသည်။
အဖြူရောင်မြူများ ပျောက်ကွယ်သွားသည့်အချိန်တွင် ထိုနေရာ၌ မည်သည့်ပုံရိပ်ယောင်မှ မရှိတော့ပေ။ ဤနေရာမှာ အခြားနေရာများနှင့် အတော်လေးကွာခြားလေသည််။
“အဲဒီမှာ ကျောက်တုံးတစ်တုံးရှိတယ်” ရှီဟောင် အံ့အားသင့်စွာ ပြောလိုက်သည်။
ချီသော်လင်းသည်လည်း စိတ်လှုပ်ရှားသွားလေ၏။ အမြင့်ဆုံးနေရာတွင် ပစ္စည်းတစ်ခု ရှိနေလေသည်။ သူသည် အင်္ကျီလက်ကို လှုပ်ရမ်းလိုက်ပြီး ထိုပစ္စည်းအား ယူလိုက်သည်။
ထို့နောက်တွင် သူမျက်နှာ ပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုပစ္စည်းကို လေ့လာကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ မည်သည့်ရှားပါးရတနာမှမဟုတ်ပဲ လက်သီးအရွယ်အစား အနက်ရောင်ကျောက်တုံးလေးသာ။
“ဒါက ကျောက်အဖုံးပဲ … အရင်တုန်းက အဖိုးတန်ပစ္စည်းတစ်ခုကို ဒီကျောက်နဲ့ဖုံးထားတာ .. အခုတော့ … မရှိတော့ဘူး”
ချီသော်လင်းသည် ဒေါသတကြီးဖြင့်ပင် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ဟစ်ကြွေးလိုက်သည်။
“ကြည့်ရတာ ထာဝရရှေးဟောင်းတစ်ယောက်ယောက်က သုံးသွားပြီထင်တယ် .. ဒီနေရာက အဖိုးတန်နန်းတော်ပဲကို” ရှီဟောင် ပြောလိုက်သည်။
ချီသော်လင်းသည် ထိုပုံရိပ်ယောင်များဘက်သို့ အင်္ကျီလက်ကို ဆက်တိုက်ဝေ့ရမ်းလိုက်လေ၏။ ထို့နောက်တွင် ဝုန်းဟူသည့်အသံနှင့်အတူ နောက်ဆုံးတွင်တော့ အဖိုးတန်ပစ္စည်း သုံးခု လေးခုခန့် တုံ့ပြန်လာလေသည်။
သို့သော် ထိုပစ္စည်းများအားလုံးကို ချိတ်ပိတ်ထားလေ၏။ အချိန်များစွာကုန်လွန်သွားပြီး ထိုအတားအဆီးများမှာ အားလျော့လာကာ အက်ကွဲနေပြီဖြစ်သော်လည်း ဖယ်ရှားပစ်နိုင်ရန် ခက်ခဲနေဆဲပင်။
အူး…
ရုတ်တရက်ပင် ရှေးဟောင်းနန်းတော်အတွင်းမှ ထူးဆန်းသည့်အော်သံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံတွင် စွမ်းအားကြီးသည့် ခြိမ်းခြောက်နိုင်သည့်လှိုင်းတစ်ခု ပါဝင်နေလေသည်။
“ငါ့အတွက် ဖွင့်ပေး” ချီသော်လင်း အော်ဟစ်ကာ ကောင်းကင်ဘုံရှစ်ခု ပညာရပ်ကို ပြသလိုက်သည်။ သူ၏ပါးစပ်မှ သွေးတစ်ပွက်ထွက်ပေါ်လာပြီး ထိုသွေးများမှာ အလင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ၏ကိုယ်ပိုင်အဖိုးတန်ပညာနှင့်အတူပေါင်းစည်းလိုက်ကာ အဖိုးတန်ပစ္စည်း၏ ချိတ်ပိတ်ထားသည့်အရာကို တိုက်ခိုက်နေလေသည်။
ဝုန်း..
ထို့နောက်တွင် သူသည် ရှီဟောင်လက်ကိုဆွဲကာ နောက်လှည့်မကြည့်စတမ်း နန်းတော်မှထွက်ပြေးသွားလေ၏။
ဝုန်း..
ဤအသံထွက်ပေါ်လာပြီးသည့်နောက်တွင် ကြောက်စရာကောင်းသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။
ဆရာတပည့်နှစ်ယောက်မှာ အန္တရာယ်မှ လက်မတင်လေး လွတ်လာခြင်းပင်။
သူတို့လှည့်ကြည့်လိုက်သည့်အချိန်တွင် ထာဝရမိုင်းတွင်းရှိနေသည့် တောင်ကြီးမှာ မြေကြီးထဲသို့ ပြန်ဝင်သွားနေသည်ကို တွေ့လိုက်ရ၏။ ထို့အပြင် ဂူဝင်ပေါက်တွင် လူသားပုံရိပ်တစ်ခု ပေါ်လာပြီး ထိုပုံရိပ်မှ အလင်းရောင်ခုနှစ်မျိုး ထွက်ပေါ်နေလေ၏။ ထိုပုံရိပ်မှာ သူတို့အား စိုက်ကြည့်နေလေသည်။
“ခုနှစ်ရောင်စပ် ထာဝရရွှေ” ချီသော်လင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ သူ မပြေးခဲ့သင့်ပေ။ ဤသည်မှာ လူထူးလူဆန်းတစ်ဦးဖြစ်ပြီး အဆင့်လွန်ရတနာတစ်ခု ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“တာအိုဆရာ စိတ်မပျက်ပါနဲ့ .. အဲဒီထာဝရရွှေက အသိဉာဏ်ရှိနေပြီထင်တယ် .. သူ့ရဲ့လူသားပုံစံကို ကြည့်လိုက် .. အမျိုးသမီးတစ်ယောက်နဲ့ တူနေသလိုပဲ”
“လူသားပုံစံဖြစ်တော့လဲ ဘာဖြစ်လဲ” ချီသော်လင်း ဒေါသထွက်နေလေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲတွင်ရှိနေသည့် ပစ္စည်းနှင့်ယှဉ်လျှင် ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
ရှီဟောင်ဆွံ့အသွားရသည်။ ထာဝရရွှေမှာ အလွန်ပင်ထူးခြားလှပြီး ချီသော်လင်းသည် ထိုပစ္စည်းနှင့် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ သို့သော် အချို့အကြောင်းရင်းများကြောင့် သူမသည် ရှေးဟောင်းဂူမှ ထွက်မလာပေ။
သူတို့သာ တောင်ကြီးနှင့် ထာဝရမိုင်းတွင်းကို သယ်ဆောင်သွားချင်ပါက ဤသည်မှာ ဖြစ်နိုင်တော့မည်မဟုတ်မှန်း သိသာလှသည်။
ဤသည်မှာ အရိုးစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်းပင်။ သူတို့သည် အခွင့်အရေးကောင်းကို လက်လွတ်သွားရလေပြီ။ တောင်ကြီးမှာ မြေကြီးထဲသို့ နစ်ဝင်သွားပြီး သဲလွန်စမကျန်အောင်ပင် ပျောက်ကွယ်သွားလေပြီ။
ဤတောင်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာကြာပြီးမှ တစ်ကြိမ်ပေါ်လာခြင်းပင်။
“တာအိုဆရာ .. ဆရာ ဘာရလိုက်တာလဲ” ရှီဟောင် ချီသော်လင်း၏လက်ကို ကြည့်လိုက်သည်။
ချီသော်လင်း မျက်မှောင်ကြုတ်လိုက်သည်။ သူဤပစ္စည်းကို မသိပေ။ ဤသည်မှာ မည်သည့်အလင်းရောင်မှ သိပ်မထွက်သည့် မီးခိုးရောင်ကျောက်တုံးတစ်တုံးပင်။ ဤကျောက်တုံးကိုသာ အမှိုက်ပုံကြားထဲပစ်လိုက်ပါက မည်သူမျှ သတိထားမိမည်မဟုတ်ပေ။
ထို့နောက်တွင် သူသည် စိတ်ပျက်သည့်ပုံစံမဟုတ်တော့ပဲ အံ့အားသင့်သည့်ပုံစံဖြစ်ပေါ်လာလေသည်။ အဘယ်ကြောင့်ဆိုသော် သူ မည်မျှပင် အားစိုက်ထည့်နေပါစေ ဤပစ္စည်းမှာ အနည်းငယ်မျှပင် အရာမယွင်းသွားပေ။
“ထာဝရပစ္စည်း..” နောက်ဆုံးမှသာ သူ ဤကဲ့သို့ ကောက်ချက်ချရဲလေသည်။
ဤသည်မှာ သတ္တုလည်းမဟုတ် ကျောက်တုံးလည်းမဟုတ်သည့် ကောင်းကင်ပစ္စည်းပင်။ ဤပစ္စည်းမှာ အလွန်ပင်မာကျောလှပြီး လူတစ်ယောက်ခေါင်း အရွယ်အစားရှိလေသည်။ ဤပစ္စည်းဖြင့် လျှို့ဝှက်ရတနာပြုလုပ်နိုင်သည်။
“တာအိုဆရာ .. ဒီတစ်ခေါက် ကျွန်တော်တို့ရလာတာ မဆိုးဘူး” ရှီဟောင် မနာလိုဖြစ်မိသည်။ ထာဝရမိုင်းတွင်းသည် ရှေးခေတ်ကတည်းက ရှိနေခြင်းဖြစ်ပြီး ဤဂူထဲသို့ ဝင်ပြီး အဆင့်လွန်ရတနာများ ရယူချင်နေသည့်သူများ ဘယ်လောက်တောင်ရှိနေမည်နည်း .. သို့သော် အားလုံး ကျရှုံးခဲ့သည်။
ချီသော်လင် ဤတစ်ကြိမ်အောင်မြင်ခဲ့ခြင်းမှာ သူသည် ဤအခွင့်အရေးကို နှစ်ပေါင်းထောင်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ခြင်းဖြစ်သောကြောင့်ပင်။
“လူငယ်လေး .. မင်းရဲ့အကျိုးကျေးဇူးတွေကလည်း ငါ့ထက်တော့ မနည်းပါဘူး” ချီသော်လင်းသည် သူ့အား ထိတ်လန့်တကြားကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော်က ဘာအကျိုးကျေးဇူးရခဲ့လို့လဲ” ရှီဟောင် ပြောလိုက်သည်။
“စိတ်မပူနဲ့ … နောင်ကျရင် သူ့ဘာသာသူ ထွက်လာလိမ့်မယ် .. ပြီးတော့ မင်းကို သတိပေးလိုက်မယ် .. နောင်ကျရင် လျှို့ဝှက်နက်နဲတဲ့တာအိုတွေရှိနေတဲ့နေရာကိုတွေ့ရင် မင်းအဲဒီနေရာမှာ ရပ်ပြီးတော့ အဲဒီတာအိုတွေကို သေချာလေ့လာ .. မင်း ချက်ချင်းနားမလည်နိုင်ဘူးဆိုရင်တောင်မှ မင်းလေ့လာခဲ့ရမယ်” ချီသော်လင်း ထပ်တလဲလဲသတိပေးလိုက်သည်။
နောက်ဆုံးတွင် သူတို့ခွဲခွာရမည့်အချိန်ရောက်လာလေပြီ။ ရှီဟောင်သည် တစ်ခုခုကို တွေးမိသွားကာ “တာအိုဆရာ .. အဆင့်လွန်ခန်းမက အဆင့်နိမ့်နယ်မြေကလာတဲ့ လိပ်ကြီးရဲ့ကျောပေါ်မှာ ရှိတာ”
“ငါသိတယ် .. ငွေရောင်ဖီးနှစ်က အဲဒါကို အရင်ဆုံးတွေ့သွားတာ .. ဒါပေမဲ့ ထာဝရနန်းတော်ရဲ့သခင်လေးနဲ့ တစ်ခြားအစေခံအိုကြီးတွေက အဲဒီလိပ်နောက်ကို လိုက်ခဲ့ကြတာ” ချီသော်လင်း ပြောလိုက်သည်။
ရှီဟောင်ဆွံ့အသွားသော်လည်း စိတ်သက်သာရာရသွားသည်။ ဤသည်မှာ ထူးခြားပါရမီရှိသူအနည်းငယ်ပင် သိသည့်ကိစ္စပင်။ ထိုစဉ်က သူတို့သည် ငွေရောင်ဆံပင်နှင့် အမျိုးသမီးနောက်သို့ လိုက်ခဲ့သောကြောင့် ချီသော်လင်း မသိပဲနေမည်လား…
“ငါတို့မျိုးဆက် ပြန်ထွက်လာနိုင်အောင်လို့ ငါလုပ်မှာ” ချီသော်လင်း၏တစ်ကိုယ်လုံးတောက်ပလာလေ၏။ ထို့နောက်တွင် သူသည် လေဟာနယ်ကို စုတ်ဖြဲကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ရှီဟောင်သည်လည်း သူ၏ခရီးကို ဆက်သွားလိုက်သည်။ သူသည် မီးစီရင်စု၊ နတ်ဘုရားမစီရင်စုနှင့် ဤနေရာကို စွန့်ခွာကာ သူ၏ခရီးလမ်းကို ဆက်ခဲ့လေသည်။