သုခကမ္ဘာက ရှီဟောင် - Chapter - 983 ပြန်လည်တွေ့ဆုံရန် ချိန်းဆိုခြင်း
ရှီဟောင်သည် စီရင်စုပေါင်းများစွာကို ဖြတ်သန်းနိုင်သည့် အစီအရင်များကို အသုံးပြုကာ မြို့ကြီးမှ ထွက်လာခဲ့လိုက်သည်။
သူ့ဘာသာသူသာ ပျံသန်းနေလျှင် နှစ်ပေါင်းမည်မျှကြာသွားနိုင်သည်ကို ဘုရားသာ သိလိမ့်မည်။
နတ်ဆိုးစီရင်စု … ရှေးယခင်ကတည်းက နတ်ဆိုးများ ထွက်ပေါ်လာသည့်နေရာ .. နှစ်အနည်းငယ်တိုင်းတွင် ထိုနေရာတွင် တိုက်ပွဲကြီးတစ်ခုဖြစ်နေပြီး ရာဇဝတ်မှုများ သွေးများလွှမ်းမိုးနေသည့် နေရာပင်။
အပင်မျိုးနွယ်စုဖြစ်သည့် နတ်ဆိုးနေကြာဥယျာဉ်မှာ ဤစီရင်စုတွင် ရှိနေခြင်းပင်။ သူသည် အာကာသကလန်ရှိနေသည့် ကောင်းကင်စီရင်စုနှင့်လည်း နယ်နမိတ်ထိစပ်နေ၏။
ရှီဟောင်သည် နတ်ဆိုးစီရင်စုသို့ ရောက်နေခြင်းပင်။ သို့သော်လည်း သူဤစွမ်းအားကြီးသည့်ဂိုဏ်းများကို ရန်စဦးမည်မဟုတ်ပေ။ ဤကလန်များနှင့် သူ့ကြားမှ ဆက်ဆံရေးမှာ မီးနှင့်ရေကဲ့သို့ ဖြစ်နေသော်လည်း ယခုအချိန်သည် သူတို့ထံသို့ သွားလည်သင့်သည့်အချိန်ကောင်းမဟုတ်သေးပေ။
သူ၏အဖိုးကို တွေ့ရန်အတွက် သူရောက်လာခြင်းပင်။ သူတို့ ကွဲကွာနေသည်မှာ အချိန်တစ်ခု ကြာနေပြီဖြစ်ပြီး မကြာမီတွင် သူသည် စီရင်စုသုံးထောင်ပြိုင်ပွဲကို ဝင်ပြိုင်တော့မည်ဖြစ်သောကြောင့် လာရောက်နှုတ်ဆက်ခြင်းပင်။
ဤနေရာမှာ လူသူကင်းမဲ့သည့်နေရာဖြစ်ပြီး လူသားများရှိနေသည့်လက္ခဏာပင်မရှိပေ။ အပင်များလည်း ရှားပါးလှပြီး အတွင်းပိုင်းတွင် မီးတောင်များဖြင့်သာ ပြည့်နေလေသည်။
နတ်ဆိုးနတ်ဘုရားမှာ ဤနေရာတွင် သီးသန့်နေထိုင်နေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူတို့မခွဲခွာခင်တွင် အဖိုး၁၅ သည် နတ်ဆိုးဘုရင်၏သွေးကို စုတ်ယူခဲ့သောကြောင့် ရလဒ်အနေဖြင့် သူ၏ကိုယ်ထဲတွင် ယင်စွမ်းအင်များ ပြည့်နေပြီး မီးတောင်ချော်ရည်ထဲ ဝင်နေမှသာ သက်တောင့်သက်သာ ခံစားရလေသည်။
“အဖိုး…”
အားလုံးမှာ မျှော်လင့်ထားသကဲ့သို့ပင်။ ရှီဟောင်ဘေးနားပတ်လည်တွင် သေချာရှာကြည့်လိုက်သည့်အချိန်တွင် မီးတောင်တစ်ခုအတွင်းတွင်ထိုင်နေသည့် သူ၏အဖိုးကို တွေ့လိုက်ရသည်။
အဖိုး ၁၅ မှာ ထိုင်နေခြင်းဖြစ်သော်လည်း အော်ခေါ်သံကြားလိုက်သည်နှင့် ချက်ချင်းပင် နိုးထလာပြီး ပျော်ရွှင်နေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာလေသည်။
“ကလေး..” သူ ရှီဟောင်ထံသို့ လျှောက်လာလေ၏။
ဤနေရာမှာ သီးသန့်ဖြစ်တည်နေသောကြောင့် အပြင်လောကတွင် ဖြစ်ပျက်နေသည့်အရာများကို သူမသိရပေ။ သို့သော် ရှီဟောင်ကို လျင်မြန်စွာ ပြန်တွေ့နိုင်ခြင်းမှာ ဝမ်းသာစရာကောင်းလှသည်။ မည်သို့ပင်ဆိုစေ သွေးမှာ ရေထက်ပျစ်သည်ပင်။
“အဖိုး .. အဖိုးရဲ့အသားအရေတွေ ပိုကောင်းလာပြီ … ဆံပင်အဖြူတွေတောင်မှ ပြန်နက်လာပြီ .. ကျွန်တော်တို့ နောက်တစ်ခေါက်ပြန်တွေ့ရင် အဖိုးက လုံးဝကို လူငယ်လေး ဖြစ်သွားတော့မယ်ထင်တယ်” ရှီဟောင်သည် သူ၏အဖိုးကို စနောက်နေလေ၏။
“ဟား ဟား…” အဖိုး ၁၅မှာ အလွန်ပင် ပျော်ရွှင်နေလေ၏။ သူ၏ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်မှာ ကုန်သလောက်ရှိနေပြီဖြစ်သည်။ ထို့နောက်တွင် သူ၏မြေးကို ပြသရန်အတွက် သူ၏လက်ကိုလည်း မြှောက်ပြလိုက်လေသည်။
“အား .. လက်တွေ ပြန်ပေါက်လာပြီ .. ကောင်းလိုက်တာ” ရှီဟောင် အပျော်လွန်သွားရသည်။ အဖိုး ၁၅ ၏ ပျက်စီးသွားသည့်လက်မှာ ပြန်ကောင်းသွားလေပြီ။
“ကလေး မင်းအစောကြီးပြန်လာတာပဲ … အပြင်ဘက်လောကမှာ ဘာတွေ ကြုံတွေ့ခဲ့ရလို့လဲ” အဖိုး ၁၅ မေးလိုက်သည်။
“အဲဒီလောက်လည်း ဒုက္ခမများပါဘူး … ကျွန်တော် ကောင်းကောင်းအိပ်တယ် .. ကောင်းကောင်းစားတယ် .. အခွင့်အရေးကောင်းတွေကိုတောင် တွေ့ခဲ့သေးတယ်” သူ၏အဖိုး စိတ်ပူမည်စိုးသောကြောင့် ဆိုးရွားသည့်အရာများကို ရှီဟောင် မပြောပြတော့ပေ။
“ဒီကောင်စုတ်လေးကတော့ ငါ့ကို ဖုံးကွယ်ချင်နေသေးတယ် .. မင်းပုံစံကို ကြည့်လိုက်တာနဲ့ မင်းတမင်သက်သက်သတင်းကောင်းတွေကိုပဲ ပြောနေတယ်ဆိုတာ သိသာတယ် .. ပြောစမ်းပါ .. အဖိုးက အပြင်လူမှ မဟုတ်တာ” အဖိုး ၁၅ ၏ မျက်ဝန်းများမှာ အရာအားလုံးကို ထိုးဖောက်မြင်နေနိုင်သကဲ့သို့ပင်။
ရှီဟောင်သည် ဤကာလအတွင်း သူကြုံတွေ့ခဲ့ရသည့်အရာအားလုံးကို အမှန်အတိုင်းပြောပြသည့်အချိန်တွင် အဖိုး ၁၅ ဒေါသထွက်သွားလေ၏။ “အာကာသကလန်က အရမ်းလွန်လွန်းသွားပြီ”
တစ်ချိန်တည်းမှာပင် သူ၏မြေးလေးသည် အထင်ကြီးစရာကောင်းသည့်ဆရာတစ်ယောက် ရခဲ့သောကြောင့် သူ ဝမ်းသာသည်။
မြေးအဖိုးနှစ်ဦးမှာ ပြောစရာများ မကုန်ဆုံးနိုင်အောင် ရှိနေလေ၏။ သူသည် စီရင်စုသုံးထောင်ပြိုင်ပွဲကို ဝင်ပြိုင်မည့်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် နှစ်ပေါင်းများစွာ ကြာသွားနိုင်သည့်အကြောင်း သူ၏အဖိုးကို ပြောပြလိုက်သည်။
“ဟောင်အာ .. မင်း သေချာပေါက် ဂရုစိုက်ရမယ် .. အဖိုးတို့ အဆင့်သတ်မှတ်ချက်တွေမလိုဘူး .. အသက်ရှင်ဖို့ပဲ လိုတာ” အဖိုး ၁၅ သူ့အား ဖက်လိုက်လေ၏။ သူသည် သံမဏိလူသားဖြစ်သော်လည်း ယခုအချိန်တွင် လူအိုကြီးမှာ မျက်ရည်များ စီးကျတော့မတတ်ပင်။
ရှီဟောင်သည်လည်း သူ၏အဖိုးကို ဖက်ကာ “စိတ်မပူပါနဲ့အဖိုး … ကျွန်တော်သေချာပေါက် အသက်ရှင်လျက် ပြန်လာမှာပါ .. ဘယ်သူမှ ကျွန်တော့်ကို အနိုင်မယူနိုင်ဘူး”
အခြားမည်သူ့အတွက်မှမဟုတ်လျှင်တောင် သူ၏အဖိုးအတွက် သူအသက်ရှင်လျက် ပြန်လာရမည်။
“ဒါယူသွား…” အဖိုးသည် မူလရှေးဟောင်းမှတ်တမ်းနှင့် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ထုတ်လိုက်ကာ သူနှင့်အတူ ယူသွားရန် ပြောလိုက်သည်။ အကြိမ်ပေါင်းများစွာ လေ့လာပြီးသည့်နောက်တွင် ဤလက်ဝါးအရွယ်အစားခန့်ရှိသည့် အရိုးဖြူလေးမှာ မရိုးရှင်းဘူးဟု သူ ခံစားနေရသည်။ ဤပစ္စည်းမှာ တစ်နည်းနည်းဖြင့် အသုံးဝင်နိုင်သည်။
ရှီဟောင်ခေါင်းညိမ့်လိုက်ကာ ထိုပစ္စည်းများကို ယူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် စွန့်ပစ်နယ်မြေမှ အနောက်ဘက်အုတ်ဂူသားရဲတောင်တွင် ဤသင်္ကေတ၌ ပြောင်းလဲမှုတစ်ချို့ဖြစ်ပေါ်ခဲ့ပြီး ထူးခြားသည့်အရည်အချင်းများကို ပြသနိုင်ခဲ့သောကြောင့်ပင်။
“အဖိုး ဒါက ကောင်းကင်ပြုပြင်ခြင်းကျောက်တုံး” သူ၏အဖိုးကို ပေးလိုက်သည်။
“ဒီပစ္စည်းနဲ့သာ ပေါင်းစည်းလို့ရသေးရင် မြေးလေးက တစ်ဆင့်တက်သွားမှာ … နှမြောစရာပဲ” အဖိုး ၁၅ သည် ခေါင်းခါလိုက်ကာ သူမလိုချင်ကြောင်းပြောလိုက်သည်။
ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးသည် တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီးသွားသည်နှင့် ဤကျောက်တုံးကို ထိုလူလက်ထဲမှ ထုတ်လိုက်လျှင်ပင် အခြားသူများ ဤကျောက်တုံးနှင့် ပေါင်းစည်းနိုင်တော့မည်မဟုတ်ပေ။
ခွပ်.. ရှီဟောင်သည် ထိုကျောက်တုံးကို နှစ်ပိုင်းခွဲလိုက်ပြီး တစ်ပိုင်းကို အဖိုး ၁၅ လက်ထဲသို့ ထည့်လိုက်သည်။ “ဒီကျောက်တုံးက တစ်ခြားသူတွေနဲ့ ပေါင်းစည်းလို့မရတော့ဘူးဆိုရင်တောင်မှ ဒီကျောက်ကို အမှုန့်ဖြစ်အောင် လုပ်ပြီးတော့ အဖိုးတန်နတ်ဆေးလိုမျိုးသုံးလို့ရသေးတယ်”
ခွဲခွာရတော့မည့်အချိန်တွင် နှစ်ယောက်လုံး တွန့်ဆုတ်နေကြလေသည်။
“ဟုတ်သားပဲ ဟောင်အာ .. ဒီမှာ ရှေးဟောင်းမီးတောက်တစ်ခုခု ရှိလောက်တယ် .. ဘာလို့လဲဆိုတော့ ဒီမှာ မီးတောင်တွေအများကြီးရှိနေတာ” အဖိုး ၁၅ ပြောလိုက်၏။ သူ၏မြေးလေးကို ထိုမီးမျိုးစေ့ကို သိမ်းယူပြီး သူ၏ခွန်အားကို တိုးတက်အောင် လုပ်စေချင်သောကြောင့်ပင်။
“မလိုဘူးအဖိုး .. ကျွန်တော် တစ်ခြားနည်းလမ်းကို စဉ်းစားလိုက်မယ်” ရှီဟောင် ခေါင်းခါလိုက်သည်။ သူသည်လည်း ထာဝရရှေးဟောင်းစတေးခြင်းဘာသာစကားအားလုံးကို သူ၏အဖိုးအား လက်ဆင့်ကမ်းလိုက်လေသည်။ ကံစပ်လျှင် သူ၏အဖိုးလည်း ရှေးဟောင်းမီးတောက်ကို ရနိုင်လိမ့်မည်ပင်။
နောက်ဆုံးတွင်တော့ ခွဲခွာရမည့်အချိန် ရောက်လာလေပြီ။ မြေးအဖိုးနှစ်ယောက်လုံးမှာ မျက်ရည်များကို မတားဆီးနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်ခွဲခွာပြီးလျှင် ဘယ်အချိန်မှ ပြန်တွေ့နိုင်မည်ကို သူတို့မသိပေ။ နှစ်အနည်းငယ်ဖြစ်နိုင်သလို နှစ်ပေါင်းတစ်ရာလည်း ကြာနိုင်သည်။ ဘယ်တော့အခါမှ ပြန်မတွေ့ရတော့သည်လည်း ဖြစ်နိုင်သည်။
စီရင်စုသုံးထောင်ပြိုင်ပွဲမှာ သာမန်ကျင့်ကြံသူများအတွက် အဆင်ပြေသော်လည်း သဘာဝအခွင့်အရေးကြီးများကို လိုချင်သည့်သူများအတွက်မူ ဤသည်မှာ အသက်လုရမည့်တိုက်ပွဲပင်။
ရှီဟောင် ထွက်ခွာခဲ့လိုက်သည်။ နတ်ဆိုးစီရင်စုမှ ထွက်ခွာလာသည်နှင့် သူသည် အထူးသတိထားနေလေ၏။ သူသည် လှည့်ပတ်သွားလာနေပြီး ဤစီရင်စုမှ ထွက်လာသည်နှင့် ကြီးမားလှသည့် ပြောင်းရွှေ့ခြင်းအစီအရင်ကို အသုံးပြုကာ ဒြပ်စင်ငါးခုစီရင်စုထံသို့ ဦးတည်သွားလိုက်သည်။
“နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနဲ့ လိပ်ပြာဧကရာဇ်လည်း အဲဒီမှာ ရှိသေးလားမသိဘူး” သူတို့သည် နေရာတစ်ခုတွင် စောင့်နေရန် စီစဉ်ခဲ့ကြသော်လည်း အချိန်များစွာကုန်လွန်ခဲ့ပြီဖြစ်သောကြောင့် ထိုနှစ်ယောက် ထိုနေရာတွင် ရှိပါဦးမလား…
အပြာရောင်ကျောက်လမ်းလေးဘေးတစ်လျှောက်တွင် ရှေးဟောင်းသစ်ပင်များ မိုးထိုးနေလေသည်။ ဤသည်မှာ ရှေးဟောင်းသစ်ပင်အနည်းငယ်ရှိနေသည့် မြို့ငယ်လေးပင်။
ရှီဟောင်သည် ဤနေရာတွင် တစ်ခဏခန့်ရပ်တန့်လိုက်၏။ ထို့နောက်တွင် သူသည် အနီးအနားတွင်ရှိနေသည့် တောင်ကြောနားသို့ ပျံသန်းသွားလိုက်သည်။
ရွှီး..
နတ်သက်တံ့တစ်ခု ထွက်ပေါ်လာပြီး ရှီဟောင်၏ဦးခေါင်းထံသို့ ဦးတည်လာနေလေသည်။ ဤသက်တံ့မှာ မြန်ဆန်လွန်းလှသည်။
ရှီဟောင်သည် ဤသက်တံ့အား လျင်မြန်စွာ ရှောင်လိုက်သော်လည်း ထိုသက်တံ့မှာ သူ့အနောက်သို့ ထပ်ကြပ်မကွာလိုက်လာကာ သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်လေသည်။
ဒုန်း..
“ဒီတောင်ကို ငါဖွင့်ထားတာ .. ဒီသစ်ပင်တွေလည်း ငါစိုက်ထားတာ .. မင်းဖြတ်ချင်ရင် ဖြတ်သန်းခပေးရမယ်” ထိုနတ်သက်တံ့မှ ထူးဆန်သည့်အသံတစ်ခု ထွက်ပေါ်လာလေ၏။
ထို့နောက်တွင် ရှီဟောင်သည် မျက်တောင်တစ်ချက်မခတ်ပဲ ဆေးလုံးမီးဖိုကိုထုတ်လိုက်ပြီးနောက် အဖုံးဖွင့်ကာ ထိုနတ်သက်တံ့ကို သိမ်းဆည်းလိုက်လေ၏။
“လူငယ်လေး မင်းကတော်တော်ယုတ်မာတာပဲ .. ထာဝရအုတ်ဂူကျိန်စာကို သုံးပြီးတော့ ငါ့ကိုရင်ဆိုင်ချင်တယ်ပေါ့” ဤသည်မှာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်။ ထို့နောက်တွင် သူထွက်ကျလာကာ ရှီဟောင်အရှေ့သို့ ကျလာလေ၏။
ထို့နောက်တွင် လိပ်ပြာဧကရာဇ်ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းတစ်ခုကဲ့သို့ ရှီဟောင်ဆံပင်ပေါ်သို့ ဆင်းသက်လာလေ၏။
ရှီဟောင်သည် အလွန်ပင် ပျော်ရွှင်နေလေ၏။ ဤကောင်များမှာ တစ်ချိန်လုံးသူ့ကို ဤနေရာတွင်သာ စောင့်နေခဲ့ပြီး ထွက်မသွားခဲ့ပေ။ သူတို့ကိုရှာစရာမလိုတော့ပေ။
“လူငယ်လေး … မင်းကို အကြာကြီးစောင့်နေရတာ .. ငါကြားတာတော့ ကြိုးနီလေးတစ်ချောင်းကြောင့် မင်းက လီပေါင်း ထောင်ပေါင်းများစွာကို ပါသွားပြီးတော့ မင်းဇနီးဖြစ်လာမယ့်မိန်းကလေးတစ်ယောက်ကြောင့် မင်းသေမလိုဖြစ်ခဲ့တယ်ဆို” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ရယ်မောကာ ပြောနေလေ၏။
“မကောင်းတဲ့ကောင် .. မင်းက တွေ့တာနဲ့ အနာကိုဆားနဲ့ပက်တော့တာပဲ” ရှီဟောင် ထိုကျောက်တုံးကို ကောက်ကိုင်လိုက်လေ၏။
“အား … တော်တော့ ခွေးကောင် … မင်းရဲ့လက်က ဘာလို့အဲဒီလောက်တောင် မာနေတာလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ အော်ဟစ်လိုက်သည်။
“မင်းက တော်တော်လေးကို ကျိုးကြောင်းမဆီလျော်တာပဲ … မင်းထွက်သွားတာ အချိန်အကြာကြီးပဲ .. ငါတို့က ဒီမှာစောင့်နေရင်း ဘာလုပ်နေရမှာလဲ .. မင်းဘာသာမင်း နေရာတိုင်းမှာ ဒုက္ခတွေ့နေတာလေ .. စိတ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်တွေ ကြုံနေရတာ … မင်းက ငါတို့ကိုတောင်မခေါ်ဘူး” ဤအကျင့်မကောင်းသည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် လောကကြီးတစ်ခုလုံး ကမောက်ကမဖြစ်နေသည်ကို မြင်ချင်နေခြင်းပင်။ ထို့နောက်တွင် သူ့ကို မခေါ်သွားသည့်အတွက် ရှီဟောင်အား အလျော်တောင်းနေလေ၏။
ရှီဟောင်သည် အပြင်ဘက်သို့ ရိုက်ချလိုက်ကာ “ငါ့ကို အာရုံလွဲဖို့ မကြိုးစားနဲ့ .. တစ်ခုခုဖြစ်နေပြီမလား .. ပြော ..ငွေရောင်လေးဘယ်ရောက်သွားပြီလဲ”
ငွေရောင်ဆိုသည်မှာ အိပ်ပျော်နေသည့် ငွေရောင်ဖီးနှစ်ကို ဆိုလိုခြင်းပင်။ ဤငွေရောင်ဖီးနှစ်မှာ ငွေရောင်ဆံပင်နှင့်မိန်းကလေးဖြစ်မည်ကို ရှီဟောင်သေချာပေါက် သိနေလေပြီ။
မူလကောင်းကင်လျှို့ဝှက်နယ်မြေ ဖွင့်သည့်အချိန်၌ အခြားသက်ရှိများကို သူနှင့်အတူ ခေါ်မသွားရသည့် တင်းကြပ်သည့်စည်းမျဉ်းရှိနေသောကြောင့် သူတစ်ယောက်တည်းသာ ဝင်သွားခဲ့ရ၏။ ငွေရောင်ဖီးနှစ်မှာ အိပ်ပျော်နေသောကြောင့် ရှီဟောင်သည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးအား အပ်ထားခဲ့ခြင်းပင်။
“အဲဒီငှက်စုတ်က ငါ့ကို ကြောက်သွားတာ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ စိတ်ကြီးဝင်နေသည့်အမူအရာဖြင့် ပြောနေလေသည်။
“အဓိပ္ပာယ်မရှိတာ” သူ လိမ်နေကြောင်း ရှီဟောင်သိသည်။ ရှီဟောင်သည် လျင်မြန်စွာပင် လိပ်ပြာဧကရာဇ်အား မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်ခန်းမ မည်သည့်နေရာတွင် ပေါ်လာခဲ့သည်ကို သူမ သိထားသည်။
လိပ်ပြာဧကရာဇ်သည် သူ့အား နတ်အာရုံအနည်းငယ်ကို ကူးပြောင်းပေးပြီး ထိုငွေရောင်ဖီးနှစ်သည် နိုးထလာပြီးသည့်နောက်တွင် လှပသည့် ငွေရောင်ဆံပင်နှင့်အမျိုးသမီးအဖြစ်သို့ ပြောင်းလဲသွားကြောင်း ပြောပြလေသည်။ ထို့နောက်တွင် ထိုမိန်းကလေးသည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနောက်သို့ လီပေါင်းများစွာ ပြင်းထန်စွာ လိုက်ရိုက်လေ၏။ ထို့နောက်တွင် သူမထွက်သွားခဲ့လေသည်။
“မင်းပြောတော့ မင်းသူ့ကို လိုက်ရိုက်တာဆို” ရှီဟောင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို မေးလိုက်သည်။
“သောက်ငှက် .. သူက ဖီးနှစ်ရဲ့မျိုးဆက်ပဲ … သူက ပြင်းထန်တဲ့ဒဏ်ရာကနေ ပြန်ကောင်းလာပြီး နတ်မီးတောက်ကြားကနေ ထွက်လာတာနဲ့ အရင်ကထက် ပိုပြီးတော့ စွမ်းအားကြီးလာတယ် .. သူကငါ့ကို သေလောက်အောင်ကို ဒေါသထွက်နေတာ .. မင်း ဘာရယ်နေတာလဲ ခွေးကောင် .. မင်းက သူ့ရဲ့ငွေရောင်အမွေးတွေကို ဖြတ်ပစ်ပြီးတော့ သူ့ကို ခိုတစ်ကောင်ဖြစ်အောင် လုပ်ခဲ့တာလေ .. နောက်ဆုံးတော့ သူက သူ့ရဲ့ဒေါသတွေအကုန်လုံးကို ငါ့ပေါ်လာပုံချခဲ့တာလေ .. အဲဒီဖီးနှစ်မီးတောက်တွေက တကယ်ကို သည်းမခံနိုင်စရာကောင်းလွန်တယ် .. ငါက သောက်ရမ်းကံဆိုးသွားတာ…”
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဒေါသတကြီးဖြင့်ပင် ခုန်ပေါက်နေပြီး ဆက်တိုက်ပင် ကျိန်ဆဲနေလေသည်။ သူသာ အပြေးမမြန်လျှင် သူ့ကိုဖမ်းမိသွားလောက်လေပြီ။
ယခင်က ထိုငွေရောင်ဖီးနှစ်ကို အခြားသူများ မှတ်မိသွားမည်စိုးသောကြောင့် ရှီဟောင်သည် တောက်ပနေသည့် သူမ၏အဖိုးတန်အမွေးအတောင်များကို ဖြတ်ပစ်ပြီး သူမအား ‘ပုံစံပြောင်း’ ပေးလိုက်ခြင်းပင်။ ထိုငွေရောင်ဆံပင်နှင့် အမျိုးသမီးမှာ ဒေါသထွက်လွန်းသောကြောင့် သတိလစ်မတတ်ဖြစ်သွားလေသည်။
“မင်းက တစ်ခြားလူတစ်ယောက်ရဲ့ကောင်မလေးကို ကြည့်ပေးနေရတာလေ .. အဲဒီတော့ မင်းအပေါ်ကို ဒေါသမပုံချရင် ဘယ်သူ့ကို သွားပုံချရမှာလဲ” ရှီဟောင်သည် အနည်းငယ်မျှပင် မစာနာပဲ ရယ်မောကာ ပြောနေလေ၏။
“ခွေးကောင် ငါမင်းကို ပြန်လုပ်မှာ .. အဲဒီကောင်မလေးကို အနိုင်ကျင့်ခဲ့တာက မင်းနော် .. ဟုတ်ပြီလား .. အဲဒါကိုငါကဘာလို့ ခေါင်းခံရမှာလဲ” တောက်ပနေသည့် သူမ၏အဖိုးတန်အမွေးအတောင်များကို ဖြတ်ပစ်ခံရသည့်အတွက် ဒေါသတကြီးပင် အော်ဟစ်နေလေသည်။
သို့သော် ချက်ချင်းပင် သူ၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး တံတွေးများစီးကျလာလေသည်။ သူသည် တောက်ပသည့်အရောင်များ ထွက်ပေါ်နေသည့် ကျောက်တုံးကို ကြည့်နေလေသည်။
“ဒါက …”
“ကောင်းကင်ပြုပြင်ခြင်းကျောက်တုံး” ရှီဟောင်သည် ထိုကျောက်တုံးကို မြှောက်ကိုင်ရင်း ပေါ့ပါးစွာပင် ပြောလိုက်သည်။
“အာဝူး.. ငါ့ကိုပေး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ပါးစပ်ဟကာ ထိုကျောက်တုံးကိုကိုက်ရန် ပြင်ဆင်လိုက်သည်။
ရှီဟောင် ဘေးဘက်သို့ ရှောင်လိုက်လေ၏။
“အစ်ကိုကြီး .. ငါဘယ်လောက်တောင် သစ္စာရှိသလဲဆိုတာ မင်းမမြင်ဘူးလား .. ကိုယ့်ရဲ့လုံခြုံရေးကိုတောင် ထည့်မတွက်ပဲနဲ့ အသက်ကို စွန့်စားပြီးတော့ မင်းနောက်ကို သတ္တိရှိရှိလိုက်ခဲ့တာ … မင်းငါ့ကို ဒီကျောက်တုံးပေးရမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အခြားသူများ ကြက်သီးထလောက်အောင် ပြောနေလေသည်။
“အဲဒီငွေရောင်ဖီးနှစ်ငါ့ကို ဒုက္ခပေးသွားတာကို ဘယ်သူက ဂရုစိုက်နေလို့လဲ .. ငါတို့နောက်တစ်ခေါက်ပြန်တွေ့ရင် သူ့ ရှေ့မှာတင်ကို ငါကိစ္စတွေအားလုံးကို ဖြေရှင်းပေးမယ်”
“မဟုတ်ဘူး .. အဲဒီလောက် လှပကျက်သရေရှိပြီးတော့ အေးချမ်းတဲ့ ငွေရောင်ဆံပင်နဲ့မိန်းကလေးက မင်းအပိုင်ပဲ … မင်း ကြိုက်သလိုရှင်းလို့ရတယ် … တကယ်လို့ သူကပြဿနာရှာရင် ငါသူ့ကို ဖမ်းပေးထားမယ်”
“မင်းက သူ့ရဲ့ငွေရောင်အမွေးတွေကို ညှပ်ဖို့ မင်းကိုယ်တိုင် ကူလုပ်ပေးခဲ့တာလေ .. ဒီလိုကိစ္စမျိုးကို တစ်လောကလုံးကို အသိပေးပေးမယ်လို့ ငါကတိပေးတယ် .. ကောင်းကင်အောက်မှာ ရှိနေတဲ့သူအားလုံး သိသွားအောင် လုပ်ပေးမယ် .. သူရွေးစရာမရှိပဲနဲ့ မင်းကို လက်ထပ်စေရမယ်..”
…
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ .. မင်းငါ့ကို ထပ်ပြီးတော့ ပြဿနာတွေ ရှာမပေးနဲ့တော့ ဟုတ်ပြီလား” ရှီဟောင်သူ့အား စိုက်ကြည့်လိုက်သည်။ ဤကောင်သည် ခြိမ်းခြောက်ပြီး အကူအညီတောင်းနေလေသည်။
ရှီဟောင်သည် ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးကို တစ်ဝက်ခွဲပြီး သူ၏အဖိုးကို တစ်ဝက်ပေးခဲ့ပြီး ဤတစ်ဝက်မှာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးအတွက်ပင်။
“အစ်ကိုကြီး .. ခင်ဗျားက အရမ်းမိုက်တာပဲ … ကံမကောင်းစွာနဲ့ပဲ ကျွန်တော်က ယောက်ျားလေးဖြစ်နေလို့ မဟုတ်ရင်တော့ ခင်ဗျားကို အပိုင်သိမ်းခိုင်းလိုက်ပြီ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အရှက်မရှိပြောပြီးနောက် ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးအား တစ်လုပ်တည်းဖြင့် စားလိုက်လေသည်။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တောက်ပလာလေ၏။ အနီရောင်အဖြစ်ပြောင်းပြီးနောက် ခရမ်းရောင်အဖြစ် ပြန်ပြောင်းသွားကာ ထို့နောက်တွင် အဖြူရောင်ဖြစ်သွားလေသည်။ အရောင်များမှာ ဆက်တိုက်ပင်ပြောင်းလဲနေလေ၏။
“မင်း ဒီကျောက်တုံးနဲ့ပေါင်းနိုင်တာလား” ရှီဟောင် ထိတ်လန့်သွားရသည်။
“ဒါပေါ့ .. ဒါက ကျောက်တုံး .. ငါကလည်းကျောက်တုံးပဲလေ .. ငါတို့က အနှေးနဲ့အမြန်တော့ပေါင်းသွားမှာပဲ .. သခင်ရွေးတယ်ဆိုတဲ့ကိစ္စက တစ်ခြားသက်ရှိတွေအတွက်ပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ဂုဏ်ယူစွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်နှလုံးခုန်နှုန်းများ မြန်ဆန်လာလေသည်။ ဤကဲ့သို့သော ကိစ္စမျိုးလည်း ရှိနေသည်လား..
“ဟား ဟား.. ငါအဆင့်တက်တော့မယ် .. ငါက လုံးဝပြီးပြည့်စုံတဲ့ ပြောင်းလဲမှုကြီးဖြစ်တော့မယ် .. နောင်ကျရင် ဒီလောကမှာ ငါက နံပါတ် ၁ ကျောက်တုံးဖြစ်တော့မယ် .. လူငယ်လေး ငါ့ကို မြန်မြန်ချီးကျူးလိုက်တော့ .. နောင်ကျရင် ဒီအစ်ကိုကြီးက မင်းကိုကာကွယ်ပေးမယ်” ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးကို စားသုံးပြီးသည့်နောက်တွင် သူသည် နောက်တစ်ဖန်ဇောင်းကြွလာပြန်လေသည်။
“မင်း မကောင်းတဲ့ကောင် .. မင်းလိုချင်တာရပြီဆိုတော့ မင်းရဲ့ကျေးဇူးရှင်ကို မေ့သွားပြီပေါ့” ရှီဟောင် ပြောလိုက်သည်။
“မင်းဒုက္ခရောက်အောင် ငါလုပ်ပေးမယ်လေ .. အဲဒီငွေရောင်ဆံပင်နဲ့ကောင်မလေးက ငါ့ကို လီပေါင်း ထောင်ပေါင်းများစွာ လိုက်ခဲ့တာ .. ငါ့ကို ဖမ်းမိတော့မလို့ပဲ .. အဲဒီတော့ မင်းကိုပြန်ပြီးဒုက္ခပေးရမှာပဲ” သူသည် ယုံကြည်ချက်အပြည့်ဖြင့်ပင် ပြောနေလေ၏။ ထို့နောက်တွင် သူသည် ကျယ်လောင်စွာဖြင့်ပင် “ဒီနေ့ကစပြီးတော့ ငါ့နာမည်ကို ကံကြမ္မာကျောက်တုံးလို့ ပြောင်းမယ်” ဟု ကြေငြာလိုက်လေသည်။
သို့သော် သူ၏မျက်လုံးများမှာ နောက်တစ်ကြိမ် ပြူးကျယ်သွားပြန်လေ၏။ သူသည် ရှီဟောင်လက်ထဲမှ ကျောက်တုံးအပိုင်းအစလေးကို ကြည့်နေလေသည်။ ထိုကျောက်တုံးတွင် မည်သည့်အလင်းတန်းများမှာ မရှိသော်လည်း တာအိုအော်ရာများ ရှိနေလေသည်။
“ဒါက .. ဘာကြီးလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး တုန်လှုပ်နေလေသည်။
“မူလကျောက်တုံး” ရှီဟောင်သည် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
“အစ်ကိုကြီး .. မင်းက ငါ့ရဲ့ချစ်အစ်ကိုကြီးပဲ .. ငါ့ကိုပေး .. ငါ့ကိုအဲဒီကျောက်တုံးပေးရမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် နောက်တစ်ကြိမ်ပစ်ဝင်လာပြီး သွားရည်များလည်း လွင့်စင်ထွက်လာလေ၏။ ထို့နောက်တွင်သူသည် ကျောက်လက်တစ်စုံကို ထုတ်လိုက်ပြီး ရှီဟောင်၏ခြေထောက်ကို ဖက်တွယ်ထားလေသည်။
ရှီဟောင်သည် သူ့အား ရွံ့ရှာစက်ဆုပ်စွာကြည့်ပြီး လျစ်လျူရှုလိုက်လေသည်။
“အစ်ကိုကြီး .. ငါ့ကို မူလကျောက်တုံးပေး .. ငါ အဲဒီကျောက်တုံးနဲ့ပေါင်းပြီးသွားတာနဲ့ သေချာပေါက် နံပါတ် ၁ ကျောက်တုံးဖြစ်လာမှာ .. နောက်ကျရင် မင်း ဘာမှလုပ်စရာမလိုတော့ဘူး .. ငါအားလုံးလုပ်ပေးမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် သားရည်များကို သုတ်ကာ ဂတိပေးနေလေ၏။
ရှီဟောင်သည် သူ၏လက်ထဲတွင်ရှိနေသည့် ကျောက်တုံးကို ချိန်ဆနေလေ၏။ ဤသည်မှာ အပိုင်းအစလေးသာဖြစ်သည်။ အကွာအဝေးမှော်ပစ္စည်းထဲတွင် အများကြီးရှိနေသေးသည်။
“ချစ်ကိုကြီး .. မင်းဘာပဲခိုင်းခိုင်း ငါအားလုံးကို အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ပေးမယ်လို့ ဂတိပေးတယ်”
သူသည် ရှီဟောင်၏ ခြေထောက်ကို ဖက်တွယ်ထားရင်း ပြောနေလေ၏။
“အစ်ကိုကြီး .. ငါမင်းအိပ်ရာကို နွေးအောင်လုပ်ပေးမယ်” နောက်ဆုံးတွင် သူသည် ဤအဆင့်ထိ နှိမ့်ချလိုက်လေ၏။
“ထွက်သွားစမ်း” ရှီဟောင် သူ၏ခြေထောက်ကို ကန်ထုတ်လိုက်လေသည်။
“အာ … ငါအဲဒီလိုမျိုး ဆိုလိုချင်တာမဟုတ်ဘူး … ငါပြောချင်တာက မင်းရဲ့အိပ်ရာကို နွေးအောင်လုပ်ပေးဖို့ လူခေါ်ပေးမယ်လို့ပြောတာ .. အဲဒီဆံပင်ငွေရောင်နဲ့ကောင်မလေးက တော်တော်လေးကို စိတ်ကြီးဝင်နေတာမလား .. ငါသူ့ကို ဖမ်းလာပြီး အစ်ကိုကြီးရဲ့အိပ်ရာကို နွေးအောင်လုပ်ပေးမယ် ကြည့်နေ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ရင်ဘတ်ကိုပုတ်ကာ ပြောနေလေသည်။ သူသာ မူလကျောက်တုံးနှင့် ပေါင်းစည်းပြီးသွားပါက မည်သည့်ဂိုဏ်းက မြင့်မြတ်အမျိုးသမီးကိုမဆို သွားဖမ်းပေးနိုင်ကြောင်း ပြောသေးသည်။
“မင်းရဲ့ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားပြီလဲ” ရှီဟောင်သည် သူ့အား ဆွံ့အစွာပင် ကြည့်လိုက်လေ၏။
“မူလကျောက်တုံးအတွက်ဆိုရင် ဘာမဆို လုပ်ပေးမယ် … ငါဘာမဆိုလုပ်နိုင်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ အရေထူလှလေ၏။
“ယူလိုက် .. လျှောက်အော်မနေနဲ့တော့” ရှီဟောင်သည် ထိုကျောက်တုံးကို အစိတ်စိတ်အမွှာမွှာလုပ်ပြီး ပြန့်ကျဲအောင်လုပ်လိုက်သောကြောင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ ဆွံ့အသွားရသည်။ ထို့နောက်တွင် သူသည် မရပ်မနားအော်ဟစ်နေလေတော့သည်။
“အစ်ကိုကြီး .. နောင်ကျရင် ကျွန်တော် အစ်ကိုကြီးကို ဘယ်လိုမျိုး ပြုစုမလဲဆိုတာ စောင့်ကြည့်ထားလိုက်” သူသည် နောက်ဆုံးတွင်တော့ ကျေးဇူးမကန်းရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ထံတွင် မူလကျောက်တုံးထပ်ရှိနေသေးသည်ဟု သူ ခံစားနေရသောကြောင့်ပင်။
ရှီဟောင်သည် သူ့အား အရေးမစိုက်တော့ပဲ လိပ်ပြာဧကရာဇ်ဘက်သို့ လှည့်လိုက်ကာ “ဒီတစ်ခေါက်တော့ ငါမင်းအတွက် လက်ဆောင်သိပ်မပါလာတော့ဘူး .. ဒါပေမဲ့ ငါတို့တွေ ‘ထာဝရရှေးဟောင်းနယ်မြေ’ ထဲကို ဝင်တော့မှာ .. အဲဒီမှာ ကောင်းကင်နတ်ဘုရားအသီးတွေနဲ့ အဖိုးတန်ဆေးပင်မျိုးစုံရှိတယ် .. မင်းအဲဒီမှာ စိတ်ကြိုက်စားပြီးတော့ မြန်မြန်အဆင့်တက်နိုင်မှာ သေချာတယ်”
ထို့နောက်တွင် သူတို့သည် ဤနေရာမှ ထွက်ခွာလိုက်ပြီး ဖိန်းကျွန်းသို့ ဦးတည်သွားလိုက်လေသည်။ စီရင်စုသုံးထောင်ပြိုင်ပွဲစတင်သည်နှင့် ဂိုဏ်းအားလုံးမှတပည့်များထံတွင် ကြောက်စရာကောင်းသည့် ဝှက်ဖဲများ ရှိမည်သာ။ သူသည်လည်း အသေအချာပြင်ဆင်ထားရန် လိုအပ်သည်။
သူသည် ကောင်းကင်မြစ်ကြောင်းတစ်လျှောက်သွားပြီး သူ၏အသွေးအသားများ တစ်စစီပေါက်ကွဲထွက်မတတ် သည်းခံကာ ကောင်းကင်မြစ်ရေများစွာကို ယူလိုက်ပြီး ဆေးလုံးမီးဖိုထဲသို့ ထည့်လိုက်လေသည်။
ထာဝရအုတ်ဂူမှ မြေကြီးအနည်းငယ်ကိုလည်း ယူလိုက်သည်။
ကံကောင်းစွာဖြင့်ပင် သူသည် လျှပ်စီးဧကရာဇ်၏အဖိုးတန်ပညာများကို လေ့လာခဲ့ပြီး ဤနေရာ၏ကျိန်စာကိုလည်း နားလည်နေခြင်းကြောင့်သာ။ မဟုတ်ပါက သူသည် ယခင်တစ်ခေါက်ကကဲ့သို့ပင် မြေကြီးလေးနည်းနည်းအတွက်နှင့် လဝက်ခန့် ကြာသွားနိုင်သည်။
“သွားကြစို့ .. ငါတို့သွားသင့်ပြီ .. ပြိုင်ပွဲက စတော့မှာ” ရှီဟောင် ပြောလိုက်သ်ည။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေး- “ငါတို့ ဘယ်ကို သွားကြမှာလဲ”
“ဒုစရိုက်စီရင်စု” ရှီဟောင် ပြောလိုက်သည်။ ထိုနေရာတွင် အဆင့်နိမ့်နယ်မြေမှ သက်ရှိများစုဝေးကြသည်ဟု ပြောကြလေသည်။ မီးစီရင်စုသည် ထိုနေရာတွင် အခြေတည်ခြင်းဖြစ်သောကြောင့် ဟော့လင်အာလည်း ထိုနေရာတွင် ရှိနေလောက်သည်။
ဒုစရိုက်စီရင်စု .. ဤနာမည်မှာ ရှီဟောင်ကို အလွန်ပင် ဒေါသထွက်စေလေသည်။
“စီရင်စုသုံးထောင်ရဲ့ပြိုင်ပွဲကြီး .. ငါလာပြီ .. ဘာဂျီးနီးယပ်စ် .. ဘာရှေးဟောင်းလူထူးဆန်းတွေလဲ .. ငါ မင်းတို့အားလုံးကို ဖြုတ်ချပေးမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ အော်ဟစ်လိုက်သည်။