သုခကမ္ဘာက ရှီဟောင် - Chapter - 985 ဒုစရိုက်မှုနှင့် ခမ်းနားကြီးကျယ်ခြင်း
“အပြစ်သားကလန်တွေ အများကြီးရှိပေမယ့် သူတို့တွေအားလုံးကို ပထမအဆင့်နဲ့ ဒုတိယအဆင့်အပြစ်သားတွေဆိုပြီးတော့ ခွဲထားတယ်”
ရှေးခေတ်ကတည်းကပင် ကျောက်တုံးကလန်၊ မီးကလန်နှင့် အခြားကလန်သုံးဆယ်ကျော်တို့မှာ အပြစ်သားများ၏ အဓိကမျိုးဆက်များပင်။
ဤသည်မှာ ဤအကြီးအကဲပြောလိုက်သည့် လျှို့ဝှက်ချက်ပင်။
ကျောက်တုံးကလန်မှာ ဤခွင့်လွှတ်၍မရနိုင်သည့် ကလန်များထဲမှ တစ်ခုပင်။ ကြည့်ရသည်မှာ သူတို့ကို စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံရှိနေသည့်ပုံပင်။
“သူတို့တွေက အမြဲတမ်း အပြစ်သားသွေးမျိုးဆက်တွေလို့ပဲပြောနေတာ … သူတို့အဲဒီလိုမျိုး ပြောရလောက်အောင် တစ်ခုခုလုပ်ခဲ့လို့လား” ရှီဟောင် မေးလိုက်သည်။
သူသည် ဤစကားလုံးကို ကြားဖူးသည်မှာ အတော်ကြာနေပြီဖြစ်သော်လည်း ဘာကြောင့် ဤစကားလုံးကိုပြောမှန်း သူ မသိပေ။
အသက်ကြီးသည့်လူအိုကြီးသည် သက်ပြင်းချကာ “ဒါက မြင့်မြတ်တဲ့ပစ္စည်းတွေနဲ့ စမ်းသပ်လို့ရတယ် .. စမ်းလိုက်တာနဲ့ အဲဒီလူတွေရဲ့နဖူးမှာ အလင်းပြောက်လေးပေါ်လာတယ် .. စွမ်းအားကြီးတဲ့သူတွေရဲ့နဖူးမှာ အပြစ်သားသွေးတွေစုနေတာ .. မြင့်မြတ်တဲ့ပစ္စည်းနဲ့စမ်းသပ်လိုက်ရင် အလင်းတွေက မီးတုတ်လိုမျိုးပဲ တောက်ပလာတာ .. အကြီးဆုံးအပြစ်သားတွေရဲ့ သွေးမျိုးဆက်တွေဆိုရင် သူတို့နဖူးမှာ သင်္ကေတတွေတောင် ပေါ်လာပြီးတော့ အလင်းတွေက ကောင်းကင်ထက်ထိကို ရောက်တယ်”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။
“အဲဒီမြင့်မြတ်တဲ့ပစ္စည်းတွေကို ဘယ်မှာရှာလို့ရလဲ” သူ မေးလိုက်၏။ သူ ကိုယ်တိုင် ဤပစ္စည်းကို တွေ့ကြုံချင်မိသည်။
“ဒါက အရမ်းကို အလေးအမြတ်ထားတဲ့ပစ္စည်းတွေတော့ မဟုတ်ပါဘူး .. ကလန်အားလုံးမှာရှိတဲ့ပစ္စည်းပဲ .. ကျောက်တုံးကလန်ရှင်းခံလိုက်ရတဲ့အချိန်မှာ ရှေးဟောင်းတိုင်းပြည်မြို့တော်ရှေ့မှာ ကျောက်တုံးကြီးရှိတယ် .. အဲဒီကျောက်တုံးမှာ ကိုယ့်ကိုကိုယ်သွား စမ်းသပ်လို့ရတယ် .. အဲဒီကျောက်တုံးကို ဘယ်သူမှ မယူသွားလောက်သေးဘူး” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် လူအများစုအတွက် ဤသည်မှာ လျှို့ဝှက်ရတနာတစ်ခု မဟုတ်ပေ။ အသုံးမဝင်သည့် ကျောက်တုံးတစ်တုံးသာ။
ဤအကြောင်းအရာများကို ပြောနေသည့်အချိန်တွင် လူအိုကြီး၏ မျက်ဝန်းများမှာ အသက်မဲ့နေပြီး ဝမ်းနည်းမှုထဲတွင် နစ်မျောနေလေသည်။
ရှီဟောင်သည် ဤရွာထဲတွင် အချိန်တစ်ခဏခန့်နေခဲ့ပြီးနောက် မေးခွန်းအချို့ကို မေးမြန်းခဲ့လေသည်။ ထို့နောက်တွင် သူသည် အဖိုးတန်ပစ္စည်းတစ်ပုံကို ချန်ထားခဲ့ကာ ထိုအပျက်အစီးများထံသို့ ဦးတည်သွားလိုက်သည်။
“သူက ငါ့ရဲ့ကျောက်တုံးကလန်က လူငယ်လေးလား … အတိတ်နဲ့ပစ္စုပ္ပန်တွေအားလုံးကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတစ်ယောက် ပေါ်လာပြီးတော့ ငါတို့ကလန်ရဲ့ အရှက်ရမှုကို ပြန်အဖတ်ဆယ်ပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ..” လူအိုကြီး ရေရွတ်လိုက်၏။ ထို့နောက်တွင် သူ၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာလေသည်။
မကြာမီတွင် ရှီဟောင်သည် ထိုအပျက်အစီးများထံသို့ ပြန်ရောက်သွားလေ၏။ မြို့ရှေ့တွင် ကြီးမားလှသည့် ကျောက်တုံးကြီးတစ်တုံး ရှိနေပြီး ရှေးဟောင်းအငွေ့အသက်များကို ပေးနေလေ၏။ ထိုကျောက်တုံးမျက်နှာပြင်တွင် သွေးစက် အစက်အပြောက်များလည်း ရှိနေလေ၏။ ထိုသွေးစက်များမှာ ကျောက်တုံးပေါ်တွင် စွန်းထင်းနေခြင်းမဟုတ်ပဲ ကျောက်တုံး အတွင်းပိုင်းတွင် ရှိနေခြင်းပင်။
ရှီဟောင်လက်လှမ်းလိုက်သည်နှင့် လူအိုကြီး ပြောလိုက်သကဲ့သို့ပင် သူ၏သွေးစွမ်းအင်များ ထွက်ပေါ်လာလေသည်။
တစ်ခဏအတွင်းမှာပင် သွေးစွမ်းအင်များမှာ မြစ်ချောင်းတစ်ခုကဲ့သို့ စီးဆင်းလာလေ၏။ ထို့နောက်တွင် သူ၏နဖူးရိုးပေါ်၌ ထူးဆန်းသည့် ရှေးဟောင်းသင်္ကေတစ်ခု ထွက်ပေါ်လာပြီး တောက်ပစွာ ထွန်းလင်းနေလေသည်။
ဤသည်မှာ အကြီးအကဲပြောလိုက်သည့်ပုံစံမဟုတ်ပေ။ ဤသည်မှာ ရှုပ်ထွေးကာ ထူးဆန်းသည့် ကြယ်စမ်းချောင်းတစ်ခု ကွေ့ပတ်စီးဆင်းနေသကဲ့သိုပင်။
ထို့အပြင် အလင်းတန်းမှာ ပို၍ပင် တောက်ပလာပြီး အဆုံးသတ်တွင် ရွှီးဟူသည့်အသံနှင့်အတူ ကောင်းကင်ထက်သို့ တက်သွားလေသည်။
“ဘုရားရေ … အဲဒါက ဘာကြီးလဲ”
ခပ်ဝေးဝေးတွင်ရှိနေသည့်လူများသည် မယုံကြည်နိုင်စွာပင် ကောင်းကင်ကို မော့ကြည့်ပြီး ထိတ်လန့်စွာ အော်ဟစ်နေကြလေသည်။
အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ထိုးဖောက်သွားကာ ဤနယ်မြေတစ်ခုလုံးကို ထိန်လင်းသွားစေလေသည်။ ဤအလင်းမှာ ထူးဆန်းလွန်းလှပြီး စွမ်းအင်လှိုင်းများလည်း ထွက်ပေါ်နေလေသည်။
“ဒါက .. အပြစ်သားရဲ့သွေးတွေကို စမ်းသပ်တာပဲ .. ဒီအလင်းက တိမ်တွေကိုတောင် ဖောက်ထွက်သွားနိုင်တယ်”
ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေပြီး ဒုစရိုက်စီရင်စုတွင်ရှိနေသည့် ဂိုဏ်းအားလုံး သတိပြုမိကြလေသည်။
“ဘယ်အပြစ်သားရဲ့သွေးက အဲဒီလောက်တောင် စွမ်းအားကြီးတာလဲ … အလင်းတန်းက ကောင်းကင်ကိုတောင် ထိုးဖောက်သွားတာလား .. အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး”
နေရာအနှံ့မှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။
ရှီဟောင်လည်း ဆွံ့အသွားသည်သာ။ ထိုကျောက်တုံးကလား .. သူ၏နဖူးထက်မှသင်္ကေတကြောင့်လားမသိသော်လည်း အသံတစ်သံကို သူ ကြားနေရသည်။
“ငါတို့တွေက အပြစ်သားမျိုးဆက်တွေ မဟုတ်ဘူး .. ငါတို့ဘိုးဘေးတွေရဲ့ အောင်မြင်မှုက ပြိုင်ဘက်ကင်းတယ် .. သူတို့တွေက ရှေ့တန်းကနေ တိုက်ခိုက်ခဲ့ကြတာ .. ဒီနေ့အထိလည်း တိုက်ခိုက်နေတုန်းပဲ .. သူတို့ရဲ့သွေးတွေ အရိုးတွေနဲ့ ခမ်းနားကြီးကျယ်မှုကို ဖန်တီးခဲ့ကြတာ”
အသံမှာ ရှေးကျပြီး ဝမ်းနည်းဖွယ်ကောင်းလှသည်။ ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည်ပင် မျက်ရည်ကျတော့မတတ်ပင်။
ရှီဟောင်သည် ထိုနေရာတွင်သာ မလှုပ်မယှက်ဖြစ်နေလေ၏။ သူသည် ထိုကျောက်တုံးကြီးနှင့် တစ်သားတည်းဖြစ်သွားပြီး သူ၏နဖူးထက်ရှိ သင်္ကေတမှာ ပို၍ပင် တောက်ပလာလေသည်။
“ငါတို့တွေက အပြစ်သားတွေ မဟုတ်ဘူး … ငါတို့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက သန့်ရှင်းတဲ့သွေးတွေ … ဒါက ငါတို့အောင်မြင်မှုတွေကို မှတ်တမ်းတင်ထားတဲ့ ငါတို့ရဲ့ဂုဏ်ကျက်သရေပဲ”
ထိုအသံမှာ ခမ်းနားလှပြီး ရှီဟောင်၏နှလုံးကို တုန်ယင်စေသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် သူများမှာ ထိတ်လန့်ဆွံ့နေကြလေ၏။
“ဘယ်လိုလူက ဒီလောက်များတဲ့ အပြစ်သားသွေးတွေရှိနေတာလဲ .. ရှေးဟောင်းဘိုးဘေးက ပြန်လာတာလား” တစ်စုံတစ်ယောက်မှ တီးတိုးရေရွတ်လိုက်သည်။
“ဒါက ဂိုဏ်းအားလုံးကို လန့်သွားစေပြီးတော့ ဒီသတင်းက စီရင်စုအားလုံးကို ပြန့်သွားမှာ သေချာတယ်”
ကောင်းကင်ထက်တွင် သင်္ကေတတစ်ခု ထွက်ပေါ်လာလေ၏။ ဝေးကွာလွန်းလှသည့် နေရာတွင်ရှိနေသည့် သူတစ်ဦးသည် သူတို့၏ကလန်စောင့်ရှောက်သည့် ကြေးမုံမှတစ်ဆင့် ထိုသင်္ကေတမှာ ‘အပြစ်သား’ ဟူသည့် စာလုံးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ပြီးပြည့်စုံသည့် ‘အပြစ်သား’ စာလုံးပေါ်လာပြီး ဤသည်မှာ မှန်ကိုင်ထားသည့် ထိုသူကို သွေးများ အေးခဲသွားစေလေသည်။
“အပြစ်သားသွေးက စာလုံးအဖြစ်ပြောင်းနေတယ် .. ငါတို့အဲဒီလူကို ရှာရမယ်”
ရှေးဟောင်းသက်ရှိတစ်ဦးသည် ထိုကဲ့သို့ ကောက်ချက်ချလိုက်လေ၏။
ကျောက်တုံးတိုင်းပြည် အပျက်အစီးများအနီးတွင်ရှိနေသည့်သူများမှာ ထိုစာလုံးများကို သေချာမြင်လိုက်ကြရလေ၏။ သို့သော် မည်သူမျှ အနားမကပ်ရဲကြပေ။
ကမ္ဘာမြေအဆုံးတွင် ဖြတ်သွားသည့် မြေးအဖိုးနှစ်ယောက်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ ဤဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။
“အဖိုး .. အဲဒီစာလုံးက ‘အပြစ်သား’ စာလုံးလား”
“ဟုတ်တယ် .. ဒီလိုမျိုး ကောင်းကင်ထက်မှာ တောက်ပအောင်လုပ်နိုင်တဲ့သူမျိုးလည်း ရှိတယ်လား .. အရင်တုန်းက နာမည်ကြီးခဲ့တဲ့သူတွေတောင်မှ တာအိုပုံစံနည်းနည်းလောက်ကိုပဲ လုပ်နိုင်တာ”
“ဒါပေမဲ့ အဖိုး .. အဖိုး အရင်တုန်းကပြောတော့ ဒီစာလုံးရဲ့အဓိပ္ပာယ်က ‘အပြစ်သား’ကို ကိုယ်စားပြုတာမဟုတ်ပဲနဲ့ ခမ်းနားမှုတစ်မျိုးကို ကိုယ်စားပြုတာဆို”
“ဟုတ်တယ် .. နှမြောစရာကောင်းတာက အခုတော့ အဲဒီစာလုံးက အပြစ်သားအတွက်ဖြစ်သွားပြီ .. သူ့ရဲ့မူလအဓိပ္ပာယ်လည်း ပျောက်သွားပြီ”
သူတို့နှစ်ဦးသည် မိုးကပ်စက်ဝိုင်းမှ ပျောက်ကွယ်သွားလေ၏။
ရှီဟောင်လက်များ တုန်ယင်နေလေ၏။ သူ၏နားထဲတွင် ဝမ်းနည်းစရာကောင်းသည့်အသံကို ကြားနေရဆဲပင်။
“ငါတို့တွေက .. အပြစ်သားရဲ့သွေးတွေ စီးဆင်းနေတဲ့သူ မဟုတ်ဘူး .. ငါတို့ဘိုးဘေးတွေက ကောင်းကင်နဲ့မြေကြီးကို ချိတ်ပိတ်တဲ့နေရာမှာ တိုက်ခိုက်နေကြတုန်းပဲ .. သူတို့တွေက နောက်မဆုတ်ပဲနဲ့ကို သွေးလွှမ်းနေတဲ့ တိုက်ပွဲကို တိုက်နေကြတာ .. နယ်စပ်တွေကို ကာကွယ်နေကြတာ…”
ဤဝမ်းနည်းဖွယ်ကောင်းသည့်အသံများမှာ အခြားလောကတစ်ခုမှ ထွက်ပေါ်လာသည့်ပုံပင်။ ထိုအသံတွင် ကြီးကျယ်ခမ်းနားမှုတစ်မျိုးရှိသကဲ့သို့ ဝမ်းနည်းမှုလည်း ရှိနေသကဲ့သို့ပင်။
မည်သည့်အကြောင်းမှန်းမသိရသော်လည်း သူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေလေသည်။ သူ၏စိတ်ခံစားချက်သည်လည်း ထိုအသံကို ပြန်လည်တုံ့ပြန်နေလေသည်။ သူသတိဝင်လာသည့်အချိန်တွင် သူ၏မျက်နှာထက်၌ မျက်ရည်များ စိုရွှဲနေလေပြီ။
နောက်ဆုံးတွင် ထိုကျောက်တုံးကြီးပေါ်မှ သူ၏လက်ကို ဖယ်လိုက်သည်နှင့် သူ၏နဖူးထက်ရှိ သင်္ကေတလည်း ပျောက်ကွယ်သွားလေသည်။ ကောင်းကင်ထက်ရှိ အလင်းတန်းလည်း ပျောက်ကွယ်သွားလေပြီ။
သူ၏မေးစေ့ကို ထိကြည့်လိုက်သည့်အချိန်တွင် မျက်ရည်များ ရှိနေဆဲဖြစ်သောကြောင့် ဖြစ်ပျက်သွားခဲ့သည်များမှာ အိပ်မက်တစ်ခု မဟုတ်ပဲ အစစ်အမှန်များ ဖြစ်နေခြင်းပင်။
သို့သော် သူသည် တွေဝေမနေပဲ သူ၏လက်ထဲတွင်ရှိနေသည့် လေဟာနယ်ရဲဒင်းဖြင့် လေဟာနယ်ကို ဖွင့်ဟလိုက်ပြီး ထိုထဲသို့ခုန်ဝင်လိုက်လေသည်။
လေဟာနယ်ပြန်ပိတ်သွားသည့်အချိန်တွင် ဤနေရာမှာ နောက်တစ်ဖန်ပြန်လည်ငြိမ်းချမ်းသွားလေသည်။
မကြာမီတွင် လျှပ်စီးတစ်စင်းကဲ့သို့ ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုပုံရိပ်မှာ ကောင်းကင်နတ်ဘုရားဖြစ်နေလေ၏။
သူသည် ဤနေရာနှင့်အနီးဆုံးတွင် ရှိနေသည့် ကျွမ်းကျင်သူပင်။
ထို့နောက်တွင် ကောင်းကင်ထက်မှ ပုံရိပ်များစွာ ထွက်ပေါ်လာလေ၏။
မကြာမီတွင် ဖရိုဖရဲစွမ်းအင်များဝန်းရံထားသည့် သူပင်လျှင် ကောင်းကင်ထက်မှ ရောက်ရှိလာလေ၏။ သူသည် အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှမပြောပဲ ဤနေရာကိုသာ လှည့်ပတ်ကြည့်နေလေသည်။
“အပြစ်သားတွေ ဖြစ်ပေါ်လာပြီးတော့ နဖူးကနေ အလင်းတန်း ထွက်ပေါ်လာပြီးတော့ ကောင်းကင်ကိုတောင် ထိုးဖောက်သွားတယ် … မသိတဲ့သူဆိုရင် သူတို့ရဲ့ဘိုးဘေး ပြန်လာတယ်လို့ ထင်နေဦးမယ်” အချိန်အတော်ကြာပြီးမှသာ ရှေးကျသည့်အသံတစ်သံ ထွက်ပေါ်လာလေ၏။ ထိုအသံတွင် မည်သည့်လှိုင်းမှ မပါရှိပဲ ခံစားချက်များ ကင်းမဲ့နေလေသည်။
ထို့နောက်တွင် သူတို့ထွက်သွားကြလေ၏။
မကြာမီတွင် အခြားအုပ်စုများ ထပ်ရောက်လာကြလေသည်။
“အပြစ်သားသွေးတွေက အားလုံးကို လောင်ကျွမ်းသွားပြီ .. နဖူးရိုးကနေ ထွက်တဲ့အလင်းက အားလုံးကို မီးမြှိုက်သွားပြီ .. ငါတို့ ဘာကိုမှအာရုံခံလို့မရတော့ဘူး”
ဤသည်မှာ ကောင်းကင်ထက်တွင် ထွန်းလင်းလာသည့် ‘အပြစ်သား’ ဟူသည့်စာလုံးသာဖြစ်သော်လည်း အားလုံးကို ထိတ်လန့်သွားစေလေသည်။
သူ၏အပြုအမူများမှာ ဤသို့ဖြစ်လာနိုင်သည်ကို ရှီဟောင် မသိစရာအကြောင်း မရှိပေ။
ယခုအချိန်တွင် သူသည် တောင်ပုလေးတစ်လုံးထက်တွင် ရပ်နေပြီး သူ၏အတွေးထဲတွင် နစ်မြောနေလေသည်။
အချိန်မည်မျှကုန်ဆုံးသွားမှန်း မသိသည့်အချိန်မှသာ သူသည် အသိတရားပြန်ဝင်လာပြီး သူ့ကိုယ်သူ ပြောလိုက်သည်။ “အပြစ်သားသွေးမျိုးဆက် .. ငါမဟုတ်ဘူး…”
သူသည် ယခုအချိန်ထိတိုင် ထိုခံစားချက်ကို ခံစားနေရဆဲပင်။ သူ၏ဘိုးဘေးများမှာ အပြစ်သားများမဟုတ်ပဲ ယခုထက်ထိတိုင် ရှေ့တန်းတွင် တိုက်ခိုက်နေဆဲပင်။
ဤခံစားချက်မှာ သူ့ကို အသိဉာဏ်တစ်မျိုး ပေးနေပြီး သူ နောက်တစ်ဆင့်တက်သွားလေပြီ။
“ငါ အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ် စက်ဝန်းကို ရောက်တော့မှာလား”
ရှီဟောင်၏မျက်လုံးများ တောက်ပသွားရ၏။ သူသည် အစကတည်းက အဆင့်တက်ခါနီးဖြစ်နေသော်လည်း ယခု သူ၏ခံစားချက်များ ပြင်းထန်သည့်အချိန်တွင် သူသည် အဆင့်တက်တော့မလိုပင်။
သို့သော် သူ ရပ်တန့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် အမှားတစ်ခုကြောင့် သူ နတ်မီးတောက်နယ်ပယ်သို့ ရောက်ရှိသွားနိုင်သည်။
အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်၏စက်ဝန်းသို့ ရောက်သည်နှင့် နတ်မီးတောက်နယ်ပယ်သို့ရောက်ရန်အတွက်မှာ ဆံချည်မျှင်သာ လိုတော့သည်။
ရှီဟောင်သည် အစကတည်းက အစီအစဉ်ရှိပြီးသားပင်။ ရက်အနည်းငယ်ခန့် စောင့်ဆိုင်းကာ ကောင်းကင်နှင့်မြေကြီး၏ သဘာဝကံကောင်းမှုတစ်မျိုးကို ရယူပြီး ထိုပစ္စည်းကို အသုံးပြုကာ ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်မီ သူ့ကိုယ်သူသန့်ရှင်းအောင်လုပ်ရန် စီစဉ်ထားခြင်းပင်။
‘ထာဝရရှေးဟောင်း’ သို့ မဝင်မှီတွင် သူသည် အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်မှသာလျှင် သူ၏ရန်သူများအားလုံးကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လိမ့်မည်။
“ဘယ်သူက ငါ့ကို အပြစ်သားမျိုးဆက်လို့ ထပ်ခေါ်ရဲသေးလဲ .. ဘာကိုအပြစ်သားလဲ” ရှီဟောင် ဤသည်ကို လက်မခံနိုင်ပေ။
စိတ်တည်ငြိမ်သွားသည့်နောက်တွင် သူသည် မီးတိုင်းပြည်သို့ အလည်သွားရန် ဆုံးဖြတ်လိုက်သည်။ ဟော့လင်းအာမှာ ထိုနေရာသို့ ရောက်နေလောက်ပြီ။ သူမ ဘယ်လိုနေလဲ သူ မသိသေးပေ။
ဒုစရိုက်စီရင်စုနှင့် စီရင်စုပေါင်း ရာချီကွာဝေးသည့် ကောင်းကင်ဘုံစီရင်စုတွင်ပင် ဤသတင်း ပျံ့နှံ့နေလေပြီ။
အမှန်တကယ်တွင် အပြစ်သားဟူသည့်စာလုံးပေါ်လာခြင်းမှာ ဂိုဏ်းများစွာကို လှုပ်ခတ်သွားစေသည်သာ။ သို့သော် ဤကလန်မှ ထိုလူမှာ မည်သူဖြစ်သည်ကို သူတို့သိသည်ဟု ခံစားနေရလေသည်။
“ကျောက်တုံးကလန် အပျက်အစီးတွေ .. အဲဒါက လူငယ်လေးတစ်ယောက် ဟုတ်တယ်မလား” ကောင်းကင်နတ်ဘုရားမှ အေးစက်စွာ ပြောလိုက်သည်။
လတ်တလောတွင် သူတို့သည် အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်ကြောင့် အရှက်ကွဲခဲ့ရ၏။ ရုံယုမှာ ထက်ပိုင်းဖြတ်ခံလိုက်ရပြီး တာအိုကာကွယ်သူလည်း ရှုံးနိမ့်သွားခဲ့ကာ ပြက်လုံးတစ်ခု ဖြစ်ခဲ့ရသည်။
ဤသို့သော အခြေအနေမျိုးပင်လျှင် သူတို့သည် ရှီဟောင်မည်သူဖြစ်သည်ကို ထုတ်ဖော် မပြောသေးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရှီဟောင်ကို ဖမ်းကာ ခွန်ပန်နှင့် အခြားအရာများကို လိုချင်နေဆဲဖြစ်သောကြောင့်ပင်။
“သူ ဘယ်မှာလဲဆိုတာကို သိဖို့အတွက် ငါ့ရဲ့ဂမ္ဘီရဉာဏ်ကို ကွန့်မြူးလိုက်မယ်” တာအိုကာကွယ်သူ ပေါ်လာလေ၏။ သူ၏ဦးခေါင်းထက်ရှိ ကျိုးပျက်သွားသည့် ဦးချိုလေးမှာ ယခုမှ ပြန်ပေါက်နေဆဲဖြစ်ပြီး လုံးဝပြန်မကောင်းသေးပေ။ သူ၏ဖြူဖျော့နေသည့်မျက်နှာမှာ ပို၍ပင် ဖြူရော်နေလေသည်။
“အရှင်” ကောင်းကင်နတ်ဘုရားများမှ အော်ဟစ်လိုက်ကြသည်။
“အရှင် .. အရှင်မလုပ်သင့်ပါဘူး .. ချီသော်လင်းက ရူးနေတဲ့သူ .. ကျွန်တော်တို့ အဲဒီလူငယ်ကို ရှာနိုင်ရင်တောင်မှ ပြန်ရတာက ဆုံးရှုံးလိုက်ရတာကို ကာမိမှာ မဟုတ်ဘူ” ကောင်းကင်နတ်ဘုရား မိုလော့မှ အကြံပေးလိုက်သည်။
“ချီသော်လင်းက စွန့်ပစ်နယ်မြေကို ဝင်သွားပြီ … အခု ငါလုပ်မယ့်ဟာက ဘာခြေရာလက်ရာမှ ကျန်ခဲ့မှာ မဟုတ်ဘူး .. ဒီလူငယ်လေးရဲ့ဘဝကို အဆုံးသတ်ပေးဖို့က ကောင်းကင်ရဲ့အလိုဆန္ဒပဲ”
အားလုံးမှာ ထိတ်လန့်သွားကြတာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
“တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းတစ်ခု ပြင်ဆင်ထား .. ငါ့ရဲ့အစီအစဉ်ကို လုပ်မယ် .. ခွန်ပန်ပညာနဲ့ တစ်ခြားဟာတွေကို ယူပြီးတော့ သူ့ကို အဆုံးသတ်ပေးလိုက်မယ်” တာအိုကာကွယ်သူ၏မျက်လုံးများမှာ အေးစက်နေပြီး ပျက်စီးနေသည့် ဦးချိုမှ အေးစက်သည့်အလင်းများ ထုတ်လွှတ်နေလေသည်။
ထို့နောက်တွင် ဤနေရာမှာ တိတ်ဆိတ်သွားပြီး ကောင်းကင်နတ်ဘုရားများအားလုံး နောက်ပြန်ဆုတ်သွားလိုက်ကြသည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူတို့အလွန်ထိတ်လန့်လာကြလေသည်။ သူတို့သည် အဖိုးတန်ပညာများကို ရယူကာ ဤကပ်ဆိုးကြီးကို အဆုံးသတ်ချင်သော်လည်း ချီသော်လင်း သိသွားမည်ကိုလည်း စိုးရိမ်မိသည်။
“အခု တာအိုကာကွယ်သူ လှုပ်ရှားနေပြီဆိုတော့ သူအသက်ဆက်ရှင်နိုင်စရာ မရှိတော့ဘူး”
“သူသေသွားရင်တောင်မှ အဆင်ပြေတယ် .. မဟုတ်ရင် သူက ငါ့ကို အမြဲတမ်း မသက်မသာ ခံစားရစေတယ်”
ကောင်းကင်နတ်ဘုရားများစွာမှာ တိတ်တဆိတ်ပင် စောင့်ဆိုင်းနေကြလေ၏။
ရုတ်တရက်ပင် လေဟာနယ်က အက်ကွဲလာပြီး လေးလံသည့်ပစ္စည်းတစ်ခု ပြုတ်ကျလာလေသည်။
အာကာသကလန်မှ ရာထူးမြင့်သည့်သူများအားလုံး ပျော်ရွှင်စွာပင် မတ်တပ်ထရပ်လိုက်လေ၏။
တစ်စုံတစ်ယောက် မြေပြင်ပေါ်သို့ ကျလာသည်ဟု သူတို့ခံစားလိုက်ရသည်။ သူတို့တကယ် အောင်မြင်သွားပြီလား..
အဟွတ်..
ချောင်းဟန့်သံထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်နေသည့်အခန်းထဲတွင်ရှိနေသည့် သင်္ကေတများ မှေးမှိန်သွားလေသည်။ ယခုအချိန်တွင် သူတို့သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေပြီ။
“အရှင်..” သူတို့ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။
တာအိုကာကွယ်သူသည် ကြမ်းပြင်ပေါ်တွင် လဲနေပြီး သွေးများစွာကို အန်နေလေသည်။ သူ၏ပါးစပ်တွင် သွေးစီးကြောင်းများ ရှိနေလေသည်။ သူသည် ထိုလူကို ခေါ်မလာနိုင်ပဲ သူသာလျှင် မြေပြင်ပေါ်၌ လဲကျနေလေ၏။
“ဘာဖြစ်တာလဲ” ကောင်းကင်နတ်ဘုရားမိုလော့မှ သတိကြီးကြီးဖြင့် မေးလိုက်၏။ ထို့နောက်တွင် သူ၏ဒဏ်ရာများကို ကုသပေးရန်အတွက် အပြေးလေး ရောက်လာလေသည်။
သို့သော် တာအိုကာကွယ်သူ၏ပါးစပ်မှ သွေးများ မရပ်မနားစီးကျလာလေသည်။
“ငါ့ရဲ့ဂမ္ဘီရဉာဏ်က အလုပ်မလုပ်ဘူး ..” သူသည် ထိတ်လန့်စွာပင် ရေရွတ်နေလေ၏။ “ငါအနာဂတ်ကို ကြည့်လိုက်တဲ့အချိန်မှာ ဖရိုဖရဲစွမ်းအင်တွေကို တွေ့လိုက်ရတယ် .. သူနောက်ပြန်လှည့်သွားတဲ့အချိန်မှာ သူ့နောက်မှာ ဘာမှမရှိတော့ဘူး”
“အရှင် .. အရှင်ဘာပြောချင်တာလဲ”
“အရှင်က အဲဒီမကောင်းဆိုးဝါးလေးအကြောင်းကို ပြောနေတာလား”
“ဟုတ်တယ် သူပဲ” သူသည် ပို၍ပင် ဖြူဖျော့လာကာ “သူက .. ဒီသမိုင်းမှာ မပါဝင်ဘူး”