သုခကမ္ဘာက ရှီဟောင် - Chapter - 989 ဘုရင်များ ထွက်ပေါ်လာခြင်း
ရှီဟောင်မှာ အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ သူ၏နဖူးမှာ တောက်ပနေပြီး အပြစ်သားသွေးများလည်း စေးပျစ်နေလေသည်။ သူသည် အပြစ်သားသွေးမျိုးဆက်၏ရန်သူဖြစ်သော ဓားတောင်ကြား၏တပည့်ကို သတ်လိုက်ခြင်းဖြစ်သောကြောင့် ဤသည်မှာ ကိစ္စကြီးတစ်ခု မဟုတ်ပေ။
“ညီအစ်ကို .. မြန်မြန်သွားတော့ .. မဟုတ်ရင် ကုကျန်းယွမ်ပြန်လာလိမ့်မယ်” တစ်စုံတစ်ဦးမှ သတိပေးလိုက်သည်။
“နဖူးမှာ ‘အပြစ်သား’ ဆိုတဲ့စာလုံးကို ထွင်းထားပြီးတော့ သူမကို ဒီလိုမျိုးသတ်လိုက်တာက ငါဘယ်သူလဲဆိုတာကို ဖော်ပြဖို့ မလုံလောက်သေးဘူးလား” ရှီဟောင်ပြောလိုက်ပြီး သူသည် ဤနေရာကို အုပ်စိုးနေသည့် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ဤနေရာအား ဝေ့ဝဲကြည့်လိုက်လေ၏။
လူများစွာမှာ တုန်လှုပ်သွားရ၏။ သူ၏နဖူးမှ ထွက်လာသည့် ထူးခြားသည့်သင်္ကေတများနှင့် ပုံမှန်မဟုတ်သည့်မြင်ကွင်းများမှာ ခွင့်မလွှတ်နိုင်လောက်သည့် အပြစ်များ ရှိသည့်သူတစ်ယောက်ပင်။
“သတိထားဦး .. ဘယ်သူမှ ကုကျင်းယွမ်ကို မယှဉ်နိုင်ဘူး” အပြစ်သားသွေးမျိုးဆက်ရှိနေသည့် ကျင့်ကြံသူများမှာ သူ့အား အလောကြီးနေသည့်အသံဖြင့် လျှို့ဝှက်စွာ သတိပေးလာလေ၏။
ရှီဟောင်သည် ဘာမှမပြောပဲ သူ၏အမူအရာမှာ တည်ငြိမ်နေလေ၏။ သူ၏နဖူးထက်ရှိ သင်္ကေတမှာမူ ပို၍ပင် တောက်ပလာလေသည်။
အားလုံး တုန်လှုပ်သွားရ၏။ ဤအပြစ်သားသွေးမျိုးဆက်မှာ တစ်စုံတစ်ခုကို ကြေငြာနေသကဲ့သို့ပင်။ သူသည် အပြစ်သားသွေးမျိုးဆက်တို့၏ ကိုယ်စားလှယ်ဖြစ်လာမည်လား..
“ဒါက အပြစ်သားမဟုတ်ဘူး .. ဒါက ကြီးကျယ်ခမ်းနားမှုပဲ .. အတိတ်က ကြီးကျယ်ခမ်းနားမှုကို တံဆိပ်ခတ်ထားတာ”
ဤလူငယ်လေး၏ စကားသံမှာ လေထဲတွင် ပဲ့တင်ထပ်နေပြီး အားလုံးကို နားကန်းစေမတတ်ပင်။ ဤသည်မှာ တစ်လောကလုံးကို ကြေငြာလိုက်ခြင်းတစ်မျိုးပင်။
“ဒါက ရှက်စရာမဟုတ်ဘူး အတိတ်ကသွေးမျိုးဆက်တွေရဲ့ စုဆောင်းမှုတွေပဲ .. ပြောရမယ်ဆိုရင် ဒီသင်္ကေတက ဘိုးဘေးတွေရဲ့ အောင်မြင်မှုနဲ့ ခမ်နားကြီးကျယ်မှုကို ကိုယ်စားပြုတာ”
ရှီဟောင်သည် အားလုံးကို စီးကြည့်ကာ ပြောလိုက်လေ၏။
လူများစွာမှာ သူ့အား မျက်လုံးချင်းဆုံမကြည့်ရဲပဲ ခေါင်းငုံ့သွားကြလေသည်။
“ငါတို့ကို အပြစ်သားသွေးမျိုးဆက်လို့ခေါ်နေကြတဲ့သူတွေ .. မင်းတို့ ဘာတွေလုပ်နေကြတာလဲဆိုတာကိုတောင် မင်းတို့နားလည်ကြလား” ထို့နောက်တွင် ရှီဟောင်သည် အေးစက်စွာဖြင့်ပင် “ငါ့အပေါ်ကို အပြစ်ပုံချချင်နေတဲ့သူတွေ .. အဆုံးအဖြတ်ကို လက်ခံရဲတဲ့သူတွေ .. ငါ့ဆီကိုလာလို့ရတယ်”
ဤသည်မှာ စိန်ခေါ်မှုတစ်ခုပင်။ အခြားဂိုဏ်းကြီးများ ထုတ်ပြန်ထားသည့်အမိန့်ကို သူ မကြောက်ပေ။
အခြားဂိုဏ်းများမှ အဆင့်လွန်လူငယ်ကျွမ်းကျင်သူများအမြင်တွင်မူ ဤသည်မှာ ဒေါသထွက်စရာပင်။ အပြစ်သားသွေးမျိုးဆက်မှ ကြောက်စရာကောင်းသည့်လူငယ်တစ်ယောက်ထွက်ပေါ်လာပြီး သူတို့ကို စိန်ခေါ်နေလေသည်။
လရောင်ဖြာကျနေပြီး ထိုလူငယ်လေးမှာ ချောက်ကမ်းပါးထိပ်တွင် တစ်ယောက်တည်း မတ်တပ်ရပ်နေ၏။ သူ၏အဝတ်အစားများမှာ လေထဲတွင် လူးလွန့်နေပြီး သူ၏နဖူးထက်မှ အလင်းတန်းတစ်ခုမှာ ကောင်းကင်ကိုပင် ထိုးဖောက်နေလေသည်။
ကုကျင်းယွမ် ပြန်ရောက်မလာခဲ့ပေ။
ရှီဟောင်သည်လည်း ထိုနေရာတွင် ဆက်မနေတော့ပဲ လေဟာနယ်ရဲဒင်းကို အသုံးပြုကာ မီးမြို့တော်မှ ထွက်လာခဲ့လိုက်သည်။
သူထွက်လာပြီး သိပ်မကြာမီမှာပင် ကောင်းကင်နတ်ဘုရားများ ရောက်ရှိလာလေသည်။ သူတို့မှာ အလွန်ပင် ထိတ်လန့်နေကြလေသည်။ အချိန်မည်မျှသာရှိသေးသနည်း .. တိမ်များကိုပင် ပြန့်ကြဲစေနိုင်သည့် ထို ‘အပြစ်သား’ စာလုံးမှာ ဒုတိယအကြိမ်ပေါ်လာလေပြီ။
ဒုစရိုက်စီရင်စုမှ အချို့ဂိုဏ်းများမှာ ထိုလူကို တွေ့ချင်နေသော်လည်း အခြားစီရင်စုများမှ ကျွမ်းကျင်သူများမှာမူ မည်းမှောင်သည့်မျက်နှာထားများ ဖြစ်နေကြလေ၏။
“ငါတို့ ခြေတစ်လှမ်းနောက်ကျပြန်ပြီ” ကောင်းကင်နတ်ဘုရားတစ်ပါးမှ သက်ပြင်းချကာ ပြောလိုက်လေသည်။
ဤလူကို တွေ့အောင်ရှာရမည်။ အပြစ်သားစာလုံး ကောင်းကင်ထက်၌ ပေါ်လာခြင်းမှာ သမိုင်းတစ်လျှောက်တွင် အကြိမ်အနည်းငယ်သာဖြစ်ဖူးသည်။
ထိုညတွင် မည်သူမှ မတည်ငြိမ်နိုင်တော့ပေ။
ကုကျင်းယွမ်သည် ချန်ကုန်းယန်နှင့်တိုက်ခိုက်နေပြီး ရှေးဟောင်းမျိုးဆက်မှ ဂိုဏ်းခေါင်းဆောင်များပင်လျှင် ထိုတိုက်ပွဲအကြောင်းကို သိချင်နေကြလေ၏။
အားလုံးမှာ ဂရုတစိုက်စောင့်ကြည့်နေကြသော်လည်း မည်သည့်အနိုင်အရှုံးသတင်းမှ ရောက်မလာပေ။
နောက်တစ်ရက်မနက်မှသာ သတင်းများ ပျံ့လာလေ၏။ ဓားတောင်ကြားမှ အမွေဆက်ခံသူမှာ နံနက်ခင်း ရွှေရောင်တိမ်တိုက်များကို မျက်နှာမူကာ ဓားသိုင်းများကို လေ့ကျင့်နေလေ၏။ ဤသတင်းမှာ ဒုစရိုက်စီရင်စုတစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။
“ဒါက .. သူက တိုက်ပွဲကနေ အသိဉာဏ်တွေရသွားပြီးတော့ နောက်တစ်ဆင့်တက်တော့မှာလား” အားလုံးထိတ်လန့်သွားရသည်။
ကောင်းကင်နတ်ဘုရားများပင်လျှင် ဆွံ့အသွားကြလေသည်။ တောက်ပသည့်ဓားအလင်းရောင်မှာ ဤလောကကြီးကို ထိန်လင်းစေပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ အရာအားလုံးကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးလေသည်။
သူက ငယ်ငယ်လေးပဲရှိသေးတာကို ဒီလိုကိစ္စမျိုးကို နားလည်သွားပြီလား…
ကုကျင်းယွမ်သာ နတ်ဘုရားတစ်ပါးဖြစ်လာပါက သူသည် အလွန်ပင် ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့ခံစားနေရလေသည်။
ချန်ကုန်းယန်လည်း ပေါ်လာကာ သူသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ပင် အတော်လေးပင် တည်ငြိမ်နေလေ၏။ သူသည် ထွက်ပြူလာသည့်နေမင်းကြီးကို ကြည့်ကာ ထွက်ခွာသွားလေသည်။
“ထူးဆန်းတဲ့နောက်ခံတွေရှိတဲ့ နတ်ဘုရားတွေက သူ့ကိုပစ်မှတ်ထားနေပြီးတော့ သူ့ကို ထိခိုက်အောင် လုပ်ချင်နေကြတာ” တစ်စုံတစ်ယောက်မှ ဤကဲ့သို့သော သတင်းမျိုး ထုတ်လွှတ်လိုက်လေသည်။
ထို့နောက်တွင် အားလုံးကို ထိတ်လန့်သွားစေသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့လေသည်။ ချန်ကုန်းယန်သည် သူ၏မူလအခြေအနေသို့ ပြန်ရောက်သွားပြီး လမ်းလျှောက်ထွက်သွားလေသည်။ ထိုဆိုးညစ်လှသော နတ်ဘုရားများမှာ သူထွက်သွားသည်ကို ကြည့်ရုံသာ တတ်နိုင်ခဲ့လေသည်။
“စွမ်းအားကြီးသည့်နတ်ဘုရားတစ်ချို့က သူ့ကို တိုက်ခိုက်ချင်နေကြပေမယ့် သူတို့ဘာမှမလုပ်နိုင်ပဲနဲ့ ချန်ကုန်းယန်က ကောင်းကင်နဲ့မြေကြီးနဲ့ ပေါင်းစည်းသွားပြီး ထွက်သွားတာကို ကြည့်နေရုံပဲ တတ်နိုင်ကြတော့တာ”
ဤသည်မှာ အရပ်မျက်နှာအားလုံးကို ထိတ်လန့်သွားစေသည်။ ဂိုဏ်းခေါင်းဆောင်အချို့မှာ သက်ပြင်းများချနေကြလေ၏။ ဤလူသာ ကြီးပြင်းလာပါက သူသည် ဤလောက၏ ထိပ်ဆုံးရောက်သွားမည်မှာ သေချာသည်။
ပြောလိုက်သည့်သူမှာ သာမန်ဂိုဏ်းခေါင်းဆောင်တစ်ယောက်မဟုတ်ပေ။ သူသည် အဆင့်မြင့်နယ်မြေရှိ အကြီးမားဆုံးမျိုးဆက်ထဲမှ တစ်ခုဖြစ်သည့် အနောက်ဘက်ဂိုဏ်းခေါင်းဆောင်ပင်။
ချန်ကုန်းယွမ်နှင့် ကုကျန်းယန်ပေါ်လာခြင်းမှာ ရှေးဟောင်းပြိုင်ဘက်ကင်းသူရဲကောင်းများမှာ မည်မျှပင် ကြောက်စရာကောင်းသည်ကို သတိပေးလိုက်သလိုဖြစ်သွားသည်။ ယခုအချိန်တွင် သူတို့သည် စွမ်းအားကင်းမဲ့နေသလို ခံစားနေရလေ၏။
ထာဝရနန်းတော်မှသခင်လေးသည် စွမ်းအားအကြီးဆုံးနည်းလမ်းများဖြင့် ပေါင်းစည်းပြီးသွားပါက သူသည်လည်း ပြိုင်ဘက်ကင်းသူရဲကောင်းတစ်ယောက် ဖြစ်လာမည်လား…
ဤည ကုန်ဆုံးသွားပြီး နောက်တစ်နေ့မနက် အလင်းရောင်ထွက်ပေါ်လာသည်နင့် ကောလဟာလများမှာ နေရာတိုင်းတွင် ပျံ့နှံ့နေလေပြီ။
ကုကျန်းယွမ်နှင့် ချန်ကုန်းယန် ထွက်ပေါ်ခြင်းအပြင် ဤကဲ့သို့ ဆူညံနေသည့် အခြားအကြောင်းရင်းတစ်ခု ရှိသေးသည်။
အပြစ်သားမျိုးဆက်ထွက်ပေါ်လာခြင်း၊ နဖူးတွင် ထွက်ပေါ်လာသည့် ‘အပြစ်သား’ စကားလုံးမှ အလင်းတန်းထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကိုပင် ထွန်းလင်သွားစေခြင်း… ဤသတင်းများမှာ ရှေးဟောင်းသူရဲကောင်းနှစ်ဦး ထွက်ပေါ်လာသည့်သတင်းကဲ့သို့ပင် ရိုက်ခတ်နိုင်လေသည်။
သူ မည်သူဖြစ်လောက်မည်ကို လူများစွာ ခန့်မှန်းနေကြလေ၏။ သူသည် တစ်ချိန်လုံး ငြိမ်နေမည်မဟုတ်ပေ။
“အဲဒီတုန်းက သူ့ကို မြင်လိုက်ရတဲ့သူတွေရှိတယ် … သူ့ရဲ့ဒေါသက ဟွမ်နဲ့တူတယ်တဲ့ .. သူပဲဖြစ်ရမယ်”
ဤသည်မှာလည်း ခန့်မှန်းခြေသာဖြစ်ပြီး သက်သေပြရန် မဖြစ်နိုင်ပေ။
သို့သော် ‘ထာဝရရှေးဟောင်း’ နယ်မြေအတွင်းသို့ ဝင်လိုက်သည်နှင့် ဤသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့မှန်း အားလုံးသိကြသည်။ အဘယ်ကြောင့်ဆိုသော် အကြောင်းပြချက်အမျိုးမျိုးကြောင့် မည်သူမှ သူတို့၏ပင်ကိုယ်ပုံစံကို မဖုံးကွယ်နိုင်ကြပဲ အားလုံး ပေါက်ကြားသွားမည်သာ။
“သူဘယ်သူပဲဖြစ်ဖြစ် သူ့ရဲ့ခန္ဓာကိုယ်အစစ် ထွက်လာမှာပဲ”
“ဟွမ်မှာ တစ်ခြားပုံစံရှိနေဦးမယ်လို့ ငါခံစားရတယ် .. သူဘယ်သူပဲဖြစ်ဖြစ် ငါတို့နောက်ပိုင်းသိရမှာပဲ”
..
ထိုနေ့တွင် သတင်းများမှာ နေရာအနှံ့ ပျံ့နှံ့သွားလေသည်။ အချို့လူငယ်ဂျီးနီးယပ်စ်များမှာ စိတ်လှုပ်ရှားနေကြလေသည်။
ခရမ်းရောင်တောင်တစ်လုံးရှေ့တွင် သွေးရောင်ဆံပင်ရှိသည့် လူငယ်လေးတစ်ယောက်သည် သူ၏အချုပ်အနှောင်များမှ လွတ်မြောက်အောင် ရုန်းကန်လှုပ်ရှားနေလေ၏။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် အစေခံအိုကြီးမှာမူ ထိတ်လန့်နေလေသည်။ ဤသည်များမှာ ထိပ်တန်းအဖိုးတန်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့်နတ်ချိန်းကြိုးများပင်။ ထိုချိန်းကြိုးများတွင် သဘာဝဥပဒေသများကိုလည်း ပေါင်းစပ်ထားခြင်းပင်။ နတ်ဘုရားအစစ်များပင် ဤချိန်းကြိုးများကို ဘာမှမလုပ်နိုင်သော်လည်း ဤလူငယ်လေးမှာမူ ချိန်းကြိုးကို ဖျက်ဆီးပစ်လေပြီ။
“လူအိုကြီးက ငါပြဿနာရှာမှာစိုးလို့ ငါ့ကို ဖမ်းထားတာ .. ဒါပေမဲ့ သူကငါ့ကို ဖမ်းနိုင်မှာတဲ့လား .. သွားကြစို့ အခု သတ်ဖြတ်ဖို့အချိန်ရောက်ပြီ ..ကောင်းကင်လောင်ကျွမ်းစေခြင်းပညာက ရှေးဟောင်းဘိုးဘေးအဆင့်ထိရောက်နေပြီ … အဲဒီတော့ ဒီပညာကို လောကကြီးကို ပြသပေးရမှာပေါ့”
“ထာဝရနန်းတော်က သခင်လေးက အဲဒီကြေးနန်းတော်အစုတ်ထဲမှာ ခန္ဓာကိုယ်ပေါင်းစည်းနေပြီးတော့ ထွက်မလာဘူးဆိုတော့ ငါသူ့ကို သတ်လို့မရတော့ဘူး .. အဲဒီတော့ ငါဒုစရိုက်စီရင်စုကို သွားရမယ်ထင်တယ် … ရှေးဟောင်းရေခဲလူသားနှစ်ကောင် တစ်ချိန်တည်းထွက်လာတာဆိုတော့ ငါ့အတွက် အစားကောင်းအသောက်ကောင်းတွေရပြီ”
“မသွားရဘူး” အစေခံအိုကြီး အကြံပေးလိုက်သည်။
သို့သော် ယခုအချိန်တွင် ဤလူငယ်လေးမှာ ရပ်တန့်မသွားပေ။ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဤဆံပင်အနီရောင်နှင့်လူငယ်လေးမှာ ဤနေရာမှ ပျောက်ကွယ်သွားလေ၏။ သူရှိနေခဲ့သည့်နေရာတွင် အက်ကွဲကြောင်းကြီးတစ်ခု ရှိနေလေသည်။
“မကောင်းတော့ဘူး” အစေခံအိုကြီးမှာ စိုးရိမ်ပူပန်နေသော်လည်း ဤသည်မှာ ဘာမှအသုံးမဝင်ပေ။
ထို့နေ့တွင် အစိမ်းရောင်စီရင်စုကြီး လှုပ်ခတ်သွားလေ၏။ ဤဂိုဏ်းမှ ရှေးဟောင်းဘိုးဘေး ၄ ဦးမှာ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ခဲ့သော်လည်း သူတို့လေးယောက်လုံး ပေါက်ကွဲသွားလေသည်။
ထို့နောက်တွင် ဤစီရင်စုနှင့် ကပ်လျက်တွင်ရှိနေသည့် မီးခိုးရောင်နေနဂါးလူမျိုးစု၏ နံပါတ် ၁ ကျွမ်းကျင်သူမှာ သူ၏နဂါးအရေခွံအစုတ်ခံရပြီး ခါးပတ်အဖြစ် အသုံးပြုခြင်း ခံလိုက်ရလေသည်။
ထို့နောက်တွင် ထိုနယ်မြေနှင့် ထိစပ်နေသည့် တောက်ပခြင်းစီရင်စုတွင်ရှိနေသည့် ထူးခြားပါရမီရှိသူသည် ပြာမှုန့်အဖြစ် လောင်ကျွမ်းသွားလေသည်။
..
ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးကို လူတစ်ဦးတည်းမှ လုပ်ဆောင်ခဲ့သောကြောင့်ပင်။ သူသည် စီရင်စုပေါင်းများစွာကို ဖြတ်သန်းကာ လမ်းတစ်လျှောက်တွင်ရှိနေသည့် လူငယ်ကျွမ်းကျင်သူများစွာကို သတ်ပစ်ခဲ့လေ၏။ ထိုသူများအားလုံးမှာလည်း သူတို့ကလန်၏ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူများသာ။
“ကောင်းကင်လောင်ကျွမ်းစေခြင်းပညာ ပေါ်လာပြီ… ဒီပညာကို အမြင့်ဆုံးထိရောက်အောင်လုပ်ထားပေမယ့် သူ့ရဲ့စွမ်းအားတွေကို ဒီထက်ပိုတိုးတက်အောင် လုပ်လို့ရသေးတယ် .. ဒီပညာမှာ ပြိုင်ဘက်ကင်းတဲ့စွမ်းအားတွေရှိတယ် .. ဒီပညာက မထင်မှတ်ထားပဲနဲ့ ဒီလောကကြီးမှာ နောက်တစ်ခေါက်ပေါ်လာပြီ”
ဤသတင်းပျံ့နှံ့သွားသည့်အချိန်တွင် အုတ်အော်သောင်းတင်းဖြစ်သွားကြပြန်လေ၏။
ထို့အပြင် ဤဆံပင်အနီရောင်နှင့်လူငယ်မှာ ရှေးဟောင်းပြိုင်ဘက်ကင်းသူရဲကောင်းများဖြစ်သည့် အိပ်စက်နေသည့်ကျွမ်းကျင်သူများကို လိုက်ရှာနေခြင်းဖြစ်ကြောင်း အားလုံးကြားလိုက်ရသည်။ သူသည် အမှန်တကယ်ပင် စစ်ပွဲများကို ကြိုက်နှစ်သက်သည့်နတ်ဆိုးတစ်ယောက်ပင်။
သူသည် ထိုကဲ့သိုပင် လမ်းတစ်လျှောက်ရှိလူများကို သတ်ရင်း ဒုစရိုက်စီရင်စုသို့ ရောက်သွားလေ၏။
“ငါ့နာမည်က ကျီယန်ဖိန်း … ငါနဲ့အသက်တူတဲ့သူထဲက ဘယ်သူငါနဲ့တိုက်ရဲလဲ” ဆံပင်အနီရောင်နှင့်လူငယ်လေးမှာ အလွန်ပင် ရိုင်းစိုင်းကာ စိတ်ကြီးဝင်နေလေသည်။
ထိုနေရာတွင်ရှိနေသည့် အသက်ကြီးသည့်သူများ၏မျက်လုံးများ အေးစက်လာကာ သူ့ကိုရှင်းပစ်လိုကြလေသည်။ သို့သော် ဤလူသည် အလွန်ပင် ရိုင်းစိုင်းနေသော်လည်း သတိလက်လွတ်နေတတ်သည့်သူ မဟုတ်ပေ။ သူသည် ဆက်တိုက်ပင် လှုပ်ရှားနေလေ၏။
ထို့အပြင် သူ့ထံတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖွင့်နိုင်သည့် လျှို့ဝှက်ရတနာတစ်ခုရှိနေပြီး ထိုပစ္စည်းဖြင့် ချက်ချင်းထွက်ပြေးသွားလေသည်။
ကံမကောင်းစွာဖြင့်ပင် ကုကျင်းယွမ်နှင့်ချန်ကုန်းယန်တို့မှာ ဒုစရိုက်စီရင်စုမှ ထွက်ခွာသွားပြီဖြစ်သောကြောင့် သူနှင့်တိုက်ရဲသည့်သူ မရှိတော့ပေ။ ထို့ကြောင့်ပင် သူ ထွက်ခွာသွားလေ၏။
“စိတ်ဝင်စားစရာကောင်းသားပဲ”
ဤသည်မှာ ဒုစရိုက်စီရင်စုတွင်သာဖြစ်ပြီး ထိုနေတွင် အဖြူရောင်ဝတ်စုံနှင့်လူတစ်ဦး ပေါ်လာခြင်းပင်။ သူ၏ခြေအိတ်များပင်လျှင် ဖြူဆွတ်နေပြီး ဖုန်တစ်စက်မှပင် မရှိပေ။ သူ၏ငွေရောင်ဆံပင်များ ဖြာကျနေပြီး အလင်းရောင်များ တောက်ပနေလေ၏။ သူ၏မျက်နှာမှာ အစစ်ဟု မထင်ရလောက်အောင်ပင် ချောမောခန့်ညားလှပြီး မိန်းကလေးများထက်ပင် ပိုလှနေသေးသည်။
“သရဖူခြောက်ခုဘုရင် နျင်ချွမ်းပေါ်လာပြီ”
ဤသတင်း ဘယ်ကပြန့်လာမှန်းမသိသော်လည်း လောကကြီးကို တုန်လှုပ်သွားစေလေသည်။ ရှေးဟောင်းလူထူးဆန်း နျန်ချွမ်းသည် ခြောက်ကြိမ်သာ ပေါ်လာခဲ့ပြီး လောကကြီးကို အုပ်စိုးခဲ့လေ၏။ သူ၏နတ်စွမ်းရည်များမှာ ပြိုင်ဘက်ကင်းပင်။
သူသည် ဒုစရိုက်စီရင်စုတွင်ပေါ်လာကာ အားလုံးကို ထိတ်လန့်သွားစေလေသည်။ ဤသည်မှာ သရဖူခြောက်ခုဘုရင်ဖြစ်ပြီး ရှေးခေတ်မှ ယခုခေတ်တိုင် အင်အားကြီးနေဆဲဖြစ်သည့် လူထူးဆန်းတစ်ယောက်ပင်။ သူမွေးဖွားလာကတည်းက သူ၏လမ်းကြောင်းမှာ ဖြောင့်ဖြူးနေပြီး အားလုံးမှာလည်း ပြီးပြည့်စုံလေသည်။
“ငါက အပြစ်သားသွေးမျိုးဆက်အတွက်လာတာ .. နဖူးကနေ မြင့်မြတ်တဲ့အလင်းတန်းထွက်လာတဲ့မျိုးဆက်က ငါ့ရဲ့သားကောင်ပဲ .. မြင့်မြတ်တဲ့တာအိုတွေကို ကာကွယ်ရမယ်”
ဤသည်မှာ နျန်ချွမ်းပြောလိုက်သည့်စကားပင်။ သူသည် လတ်တလောတွင်ပေါ်လာသည့် စွမ်းအားအကြီးဆုံးအပြစ်သားမျိုးဆက်ကို သတ်တော့မည်။
သို့သော် သူ စိတ်ပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ဤပြောင်းလဲမှုများကို သတိမထားမိပဲ ရှေးအကျဆုံးသော တောင်ကြောထဲသို့ ဝင်ရောက်သွားလေပြီ။
“မိုးရွာတော့မယ် .. ဒါက လီပေါင်းထောင်ပေါင်းများစွာကို နစ်မြှုပ်စေမယ့် မိုးကောင်းပဲ .. လျှပ်စီးတွေလည်း လျှပ်လာမှာ .. ဒါက အခွင့်ကောင်းပဲ .. ငါ အဆင့်အမြင့်ဆုံးကို ရောက်အောင်လုပ်သင့်တယ်” ရှီဟောင်ပြောလိုက်သည်။
ဤသည်မှာ သူအစောကြီးကတည်းက ပြင်ဆင်ထားသည့်အရာပင်။ သူသည် လျှပ်စီးမုန်တိုင်း၏လျှပ်စီးဖြင့် ထာဝရရှေးဟောင်းနယ်မြေတွင်သာရှိသည့် ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ကာ သူ၏မူလဝိဉာဉ်နှင့် အသွေးအသားများကို ပြုပြင်ရန် စီစဉ်ထားခြင်းပင်။
သူသည် လျှပ်စီးဧကရာဇ်၏အဖိုးတန်ပညာများကို လေ့လာထားသောကြောင့် ဤသည်မှာ ထိုပညာများကို အသုံးပြုရန် အချိန်ကောင်းပင်။
အဘယ်ကြောင့်ဆိုသော် ရှီဟောင်မှ ဖိအားကြီးကို ခံစားနေရလေ၏။ စွမ်းအားကြီးသည့်သူများစွာ ထွက်ပေါ်လာပြီး ခေတ်ပေါင်းများစွာမှ ဘုရင်များလည်း ပြန်ရောက်လာလေပြီ။ ထို့ကြောင့် သူသည်လည်း သူ၏စွမ်းအားများကို တတ်နိုင်သမျှ အမြင့်ဆုံးသို့ရောက်အောင် လုပ်ထားရမည်။
“လျှပ်စီးက အရမ်းထူးဆန်းတယ် .. ထူးဆန်းတဲ့အဖိုးတန်အရည်တွေရှိနေတဲ့ ထာဝရကန်ရောပဲ … ငါအဲဒီကန်ကို ရအောင်ယူမယ်”
စွမ်းအားကြီးလေ လျှပ်စီးအတိဒုက္ခဖြတ်ကျော်ခြင်းမှာ ပို၍ကြောက်စရာကောင်းလေပင်။ သူသည် အသက်လုရမည်သာ။