သုခကမ္ဘာက ရှီဟောင် - Chapter - 994 သန့်ရှင်းသည့် ချစ်ခြင်းမေတ္တာ
ခေါင်းလောင်းသံမှာ ကြည်လင်ပြတ်သားနေပြီး တောင်များနှင့် မြစ်ချောင်းများကိုပင် ဖြတ်သန်းသွားလေသည်။
ခေါင်းလောင်းသံရှည်ကို ကြားရပြီး ဟော့လင်းအာက လျှော်ပင်ဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများ ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်၏ခံစားချက်များလည်း နိမ့်လိုက်မြင့်လိုက် ဖြစ်နေလေ၏။ သူသည် လက်တစ်ဖက်ဖြင့် သူမ၏မျက်ရည်များကို သုတ်ပေးလိုက်လေသည်။
ဟော့လင်းအာ၏မျက်နှာထက်တွင် အပြုံးများ ရှိနေသော်လည်း စိတ်အားညှိုးငယ်မှုများလည်း ရှိနေလေ၏။ သူမ၏သူငယ်ချင်းဟောင်းကို ပြန်တွေ့ရသည်မှာ အိပ်မက်မက်နေသလိုပင်။ သို့သော်လည်း သူတို့ နောက်တစ်ကြိမ် ပြန်ခွဲခွာရတော့မည်။
ဤခေါင်းလောင်းသံမှာ စီရင်စုသုံးထောင်ပြိုင်ပွဲစတင်သည့်အသံဖြစ်သည်ကို သူမ သိသည်။ ယခုအချိန်တွင် စီရင်စုသုံးထောင်လုံး ဆူညံနေမည်ကိုလည်း သူမ သိသည်။
“ရှင် သေချာပေါက်ပြန်လာမှာ .. ဟုတ်တယ်မလား” ဟော့လင်းအာ တိုးညှင်းစွာ မေးလိုက်၏။ သူမ၏မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းနေလေသည်။
“ပြန်လာမှာ … သေချာပေါက်ကို ပြန်လာမှာ” ရှီဟောင် ပြောလိုက်သည်။ သူတို့ ယခုလေးတင်မှ ပြန်တွေ့ကြခြင်းဖြစ်သော်လည်း စစ်ခေါင်းလောင်းသံ မြည်နေပြီ။ ဤသည်မှာ ထာဝရရှေးဟောင်းလမ်းကြောင်း လျှောက်ချင်သူများအားလုံးကို အသိပေးနေခြင်းပင်။
“နင်က ဘာလို့ နောက်တစ်ခေါက် ထပ်ထွက်သွားမှာလဲ” ဝံပုလွေလေး မကျေမနပ် ပြောလိုက်၏။ သူသည် ခေါင်းမော့ကာ ဟော့လင်းအာကိုတစ်လှည့် ရှီဟောင်ကိုတစ်လှည့် ကြည့်နေလေသည်။ ထိုနောက်တွင် ရှီဟောင် ဘောင်းဘီခြေထောက်ကို ကိုက်ဝါးကာ “မသွားပါနဲ့ … ဒီနှစ်တွေမှာ လင်းအာက အတော်လေး မပျော်မရွှင်ဖြစ်နေတာ … မင်းအသက်ရှင်လျက် ပြန်ပေါ်လာဖို့ကို အမြဲတမ်း မျှော်လင့်နေတာ”
ရှီဟောင်၏နှလုံးသားလေး အားပျော့သွားရသည်။ ယခင်က တက်ကြွနေခဲ့သော်လည်း ယခုမူ တိတ်ဆိတ်သွားသည့် ဤအမျိုးသမီးလေးကို သူကြည့်လိုက်သည်။ အတော်ေလးကို ပြောင်းလဲသွားလေပြီ။
ဟော့လင်းအာသည် ခေါင်းငုံလိုက်ပြီး ဝံပုလွေလေး၏ဦးခေါင်းကိုပွတ်ကာ “ဝံပုလွေလေး နင်ဘာတွေ လျှောက်ပြောနေတာလဲ … စီရင်စုသုံးထောင်ပြိုင်ပွဲက စတော့မှာ … ဒီခေတ်က နောက်ဆုံးအခွင့်အရေးပဲ .. အဲဒီတော့ ဒါက အရမ်းအရေးကြီးတယ် … ရှီဟောင် သွားရမှာ”
သူမ ခေါင်းငုံ့ပြီး စကားပြောလိုက်သည့်အချိန်တွင် သူမအဝတ်အစားပေါ်သို့ မျက်ရည်များ စီးကျလာပြီး မြေပြင်ပေါ်သို့ ကျသွားလေသည်။ သူမ၏အသံသည်လည်း အနည်းငယ် တုန်ယင်နေလေ၏။
ရှီဟောင်သည်လည်း မထွက်ခွာချင်သလို ခံစားနေရသည်။ သူတို့ ဤကဲ့သို ခွဲခွာပြီးလျှင် မည်သည့်အချိန်မှ ပြန်ဆုံတွေ့ကြမည်နည်း… နှစ်ပေါင်းမည်မျှကြာသွားမည်ကို မည်သူမှ မသိနိုင်ပေ။ ဤအချိန်အတွင်းတွင် များစွာ ပြောင်းလဲသွားနိုင်သည်။
ရှီဟောင်ပါးစပ်ဟကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း သူ ဘာပြောရမည်နည်း … သူ ဤပြိုင်ပွဲကို တကယ်ပြိုင်ချင်သည်။
“ရှင် ဂရုစိုက်ရမယ် … ဘယ်လိုပြိုင်ပွဲမျိုးပဲဖြစ်ဖြစ် ဘယ်လိုသဘာဝကံကောင်းမှုပဲဖြစ်ဖြစ် အဲဒါတွေက ရှင် အသက်ရှင်လျက်နဲ့ အန္တရာယ်ကင်းကင်းပြန်ရောက်လာဖို့လောက် အရေးမကြီးဘူး .. အရမ်းကြီးမစွန့်စားနဲ့ … ကိုယ့်ကိုကိုယ် ဂရုစိုက်” ဟော့လင်းအာသည် ရှီဟောင် မပြောမီ ပြောလိုက်လေ၏။
ရှီဟောင်သည် တိတ်တဆိတ်ပင် ခေါင်းညိမ့်လိုက်လေ၏။ သို့သော်လည်း သူ၏နှာခေါင်းနှင့် မျက်လုံးများမှာ ပို၍ပင် နာကျင်လာလေသည်။ ဤတည်ငြိမ်သည့်စကားလုံးများမှာ သူ၏စိတ်ခံစားချက်များကို လှုပ်ခတ်စေလေ၏။
ရှီဟောင်၏အသည်းညှာမှာ အနည်းငယ်လှုပ်ခတ်နေပြီး သူ ယခင်က ခံစားခဲ့ဖူးသည့် ခံစားချက်များနှင့် မတူပေ။ စိတ်လှုပ်ရှားနေရသည့်အပြင် ခွဲခွာဖို့ကိုလည်း သူ တွန့်ဆုတ်နေမိသည်။ သူ မသိသည့်ခံစားချက်တစ်မျိုးကလည်း ပိုများနေလေသည်။
သူသည် ယခင်က အမြဲတမ်းပင် ဆူညံစွာ အော်ဟစ်နေပြီး မိန်းမလှလေးများကို ကျောက်တုံးကျေးရွာသို ခေါ်သွားမည်ဟု အမြဲတမ်းပင် ကြွေးကြော်နေခဲ့သည်။
သူ ဤကဲ့သို့ အကြောက်တရားကင်းရခြင်းမှာ ကျောက်တုံးကျေးရွာမှ ဦးလေးကြီးများ၏ လွှမ်းမိုးမှုကြောင့်ပင်။
သူသည် ယခင်က အလှလေးများနှင့်တိုက်ခိုက်ပြီး သူတို့ကို ကျောက်တုံးကျေးရွာသို ခေါ်သွားရန် သူဆုံးဖြတ်ခဲ့ဖူးသည်။ သူသည် ကလန်တစ်ခု၏ပုလဲလုံးလေးဖြစ်သည့် နတ်သမီးတစ်ပါးနှင့်ပင် တိုက်ခိုက်ခဲ့သေးသည်။ သို့သော် ဤကိစ္စများမှာ သူ၏နှလုံးသားကို ဤမျှတုန်ယင်အောင် မလုပ်နိုင်ပေ။
အနာဂတ်တွင် ဘာဖြစ်လာမည်ကို သူ မသိသောကြောင့် လက်ရှိအချိန်ကိုသာ သူ ဂရုစိုက်သည်။ ဤကဲ့သိုသော ခံစားချက်မှာ သူ့အား မူးဝေသွားစေလေသည်။
ဤကဲ့သို့သော သန့်ရှင်းသည့် စောင့်ဆိုင်းခြင်း၊ ရှုပ်ထွေးမှုများမရှိပဲ အတိတ်ကို ပြန်လည်သတိရခြင်း ဤကဲ့သို့သော အပြုအမူများမှာ အလှတရားအစစ်ဖြစ်ပြီး သူ့အား စိတ်လှုပ်ရှားစေသည်။
ဤသည်မှာ အတိတ်တုန်းက ခံစားချက်များနှင့် မတူပေ။ ဤသည်မှာ အလှတရား၏ဆွဲဆောင်မှု၊ စိတ်ဆန္ဒတို့၏ ညို့ငင်မှုတို့ကြောင့်မဟုတ်ပဲ သန့်ရှင်းသည့် အကျိုးသက်ရောက်မှုပင်။
“အလှလေး ဘယ်နှယောက်ကို ရှင် ကျောက်တုံးကျေးရွာကို ခေါ်သွားပြီးပြီလဲ” ဟော့လင်းအာသည် မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး ရုတ်တရက်ပင် ရယ်မောကာ မေးလိုက်သည်။
“တစ် နှစ် သုံး …” ရှီဟောင်သည် ဂရုတစိုက် လက်ချိုးရေနေသည့်ပုံစံ လုပ်လိုက်လေ၏။
“အဲဒီလောက်တောင် များတာလား” ဟော့လင်းအာသည် သူ၏နားရွက်များကို ဆွဲလိုက်လေ၏။ သူမ၏မျက်နှာထက်တွင် မျက်ရည်များ ရှိနေဆဲဖြစ်သော်လည်း အတိတ်မှ ပျော်ရွှင်တက်ကြွသည့်ပုံရိပ်လည်း အနည်းငယ် ပေါ်လာလေသည်။
“နောက်ဆုံးတော့ သူတို့အားလုံး ထွက်ပြေးသွားခဲ့တာ … ငါသူတို့ကို လိုက်ဖမ်းရဦးမှာ” ရှီဟောင်သည် ကျယ်လောင်စွာပင် ရယ်မောကာ ပြောလိုက်လေ၏။
“အဓိပ္ပာယ်မရှိတာ” ဝံပုလွေလေးသည် မကျေမနပ်ပင် ပြောလိုက်လေ၏။ သူသည် အကြိမ်အနည်းငယ်ခန့် အူလိုက်ပြီး ရှီဟောင်၏ဘောင်းဘီများကို အတင်းဆွဲဖြဲပစ်လိုက်လေ၏။ ဤသည်မှာ ရှီဟောင်ကို ဆွံအသွားစေသည်။
ဤသည်မှာ ဝံပုလွေလား … အမဲလိုက်ခွေးလား…
“ရှင် … အသက်ရှည်ရှည်နေနိုင်လေ ကောင်းလေပဲ” ဟော့လင်းအာ နူးညံ့စွာ ပြောလိုက်သည်။ ဤနေရာတွင် ဆုံရခြင်းမှာ သူမအား ဤလောကကြီးမှာ ပို၍အရောင်တောက်ပလာပြီး ပိုမိုလှပလာသည်ဟု ခံစားရစေသည်။
မီးပိုးစာပင်များမှာ အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေပြီး ဤနေရာကို နွေးထွေးအောင် လုပ်ပေးနေလေသည်။
ဟော့လင်းအာ၏အပြုံးများမှာ သန့်စင်လှသည်။ သူမ၏မျက်နှာထက်တွင် မျက်ရည်စက်များ ရှိနေဆဲပင်။ သူမက ပြူးကျယ်ဝိုင်းစက်နေသည့် မျက်ဝန်းများတွင် အမြဲတမ်း မြူခိုးများ ရစ်ဆိုင်းနေတတ်လေသည်။
ရှီဟောင်သည် မနေနိုင်တော့ပဲ ဟော့လင်းအာကို သူ၏လက်မောင်းများကြားထဲသို ပွေ့ဖက်လိုက်ကာ သူမ နား အနားသို့ “ကျေးဇူးတင်ပါတယ်” ဟု ကပ်ပြောလိုက်သည်။
ဟော့လင်းအာ ဘာမှမပြောပေ၊ ဤနေရာမှာ အလွန်ပင် အေးချမ်းနေလေ၏။ သူတို့အနားတွင် လူငယ်တစ်ယောက်၏စစ်ဝတ်စုံကို မြှုပ်နှံထားသည့် အုတ်ဂူတစ်ခုရှိနေပြီး သူတို့၏ခြေထောက်အောက်နားတွင် မီးခိုးရောင် ဝံပုလွေလေးတစ်ကောင်ရှိနေသည်။ သူတိုနှစ်ဦးလုံး မတ်တပ်ရပ်လိုက်ကာ အေးဆေးငြိမ်သက်သည့် မြင်ကွင်းတစ်ခုကို ဖန်တီးနေလေသည်။
ဤနေရာမှာ တိတ်ဆိတ်ငြိမ်သက်လွန်းလှသောကြောင့် မီးတောက်ပိုးစာကောင်များ သစ်ရွက်ဝါးစားနေသည့်အသံကိုပင် ကြားနေရလေသည်။
ခေါင်းလောင်းသံကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာလေ၏။
“ရှင် သွားသင့်ပြီ” ဟော့လင်းအာ တီးတိုးပြောလိုက်သည်။
ဤအသံမှာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ နောက်ဆုံးတွင်တော့ ရှီဟောင် ထွက်သွားရမည်သာ။
“လောစရာမလိုဘူး … ဒါက ‘ထာဝရရှေးဟောင်းမြေ’ က လူတွေကို ရွေးတာပဲရှိသေးတယ် … အချိန်ရသေးတယ်” သူသည် စိုးရိမ်ခြင်း၊ တွန့်ဆုတ်ခြင်းများ ရှိနေသည့်မျက်ဝန်းများကို ကြည့်ကာ ပြောလိုက်သည်။
ဟော့လင်းအာသည် အမှန်တကယ်ကို အလွန်စိုးရိမ်နေခြင်းပင်။ ရှီဟောင် ထွက်သွားလိုက်သည်နှင့် သူဘယ်တော့မှ ပြန်မရောက်လာတော့မည်ကို သူမ ကြောက်သည်။
စီရင်စုသုံးထောင်ပြိုင်ပွဲတွင် ဘာဖြစ်လာမည်ကို ပြောနိုင်ရန် ခက်ခဲသည်။
မရေအတွက်နိုင်သည့်နှစ်ပေါင်းများစွာ ကတည်းကပင် ဤပြိုင်ပွဲတွင် မရေမတွက်နိုင်သည် ကျွမ်းကျင်သူများ သေဆုံးခဲ့ကြသည်။ ‘နံပါတ်တစ်’ ဖြစ်ချင်သည့်သူအချို့မှာ ကံဆိုးမိုးမှောင်ကျကာ ကြွေလွင့်သွားကြလေသည်။
ယခင်က နံပါတ် ၁ နေရာရရှိခဲ့ဖူးသည့် ရှေးဟောင်းလူထူးဆန်းများပင်လျှင် ပြန်ပေါ်လာသည့်အချိန်တွင် ကြောက်စရာကောင်းသည့် ပြိုင်ဘက်များနှင့်တွေ့ပြီး သေဆုံးသွားကြသည်သာ။
ယခုကျန်ခဲ့သည့်သူများမှာ ခေတ်ပေါင်းများစွာထိ ရေခဲလှိုဏ်ဂူထဲတွင် နှစ်မြှုပ်နေခဲ့သည့်သူများပင်။ သူတို့သည် စွမ်းအားအကြီးဆုံး အကောင်းဆုံးသူများပင်။
ရှီဟောင်သည် ဟော့လင်းအာကို အဖော်ပြုပြီး တဲရှေ့တွင် ဥယျာဉ်လေးတစ်ခုကို ပြုလုပ်ပေးခဲ့သည်။ မီးပိုးစာပင်လေးနှစ်ပင်ကိုလည်း စိုက်ခဲ့ကာ တောက်ပသည့်ပန်းပွင့်များရှိသည့် အပင်ကိုလည်း ထိုအပင်များအောက်တွင် စိုက်ပျိုးခဲ့သည်။
“ရှင်ပြန်လာတဲ့အချိန်ကျရင် … ဒီနှစ်ပင်က သစ်ကိုင်းတွေနဲ့ ဝေဆာနေပြီးတော့ ဥယျာဉ်မှာလည်း တောက်ပတဲ့ပန်းတွေနဲ့ ပြည့်နေလောက်ပြီ” ဟော့လင်းအာ ပြောလိုက်သည်။
ဤတစ်ကြိမ်ခွဲခွာခြင်းမှာ ကြာမြင့်လိမ့်မည်။ ရှေးခေတ်မှ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်များ၏ ခန့်မှန်းချက်အရဆိုလျှင် အနည်းဆုံး ၁ နှစ် ၂ နှစ် ဖြစ်ပြီး အကြာဆုံးမှာ နှစ်ပေါင်း ထောင်ချီ သောင်းချီသွားနိုင်သည်။
ဤသည်မှာ ထာဝရပန်းပွင့်လာမည့် နောက်ဆုံးအကြိမ်ပင်။ ‘ထာဝရရှေးဟောင်းမြေ’မှ နောက်ဆုံးအကြိမ်ပွင့်လာခြင်းဖြစ်သောကြောင့် ဤသည်မှာ ထူးခြားမည်သာ။
“မင်း အဆင်ပြေဖို့ မျှော်လင့်တယ် .. အဲဒါမှ ငါပြန်လာတဲ့အချိန်ကျရင်လည်း မင်းငါ့ကို ဒီလိုမျိုး တောက်တောက်ပပလေး ပြုံးပြနေနိုင်မှာ” ရှီဟောင် ပြောလိုက်သည်။
သူသည် အနည်းငယ်စိတ်ပျက်ပြီး စိတ်ရှုပ်နေမိသည်။ သူတို့ယခုလေးတင်မှ ပြန်လည်ပေါင်းစည်းနိုင်ခြင်းဖြစ်သော်လည်း ယခု ပြန်ခွဲရတော့မည်။
သူ့ကိုယ်သူအတွက် သူ စိတ်မပူပေ။
သူပြန်လာသည့်အချိန်တွင် ဟော့လင်းအာကို နောက်တစ်ကြိမ်တွေ့နိုင်ဖို့သာ သူမျှော်လင့်သည်။ ဤလောကတွင် အနိုင်ယူနိုင်ရန် အခက်ခဲဆုံးအရာမှာ အချိန်ပင်။ အရာဝတ္တု ပစ္စည်းများမှာ အရင်အတိုင်းသာရှိနေနိုင်သော်လည်း လူသားများမှာ ပြောင်းလဲသွားနိုင်သည်။
“ရှင် အဆင်ပြေနေသရွေ့ပေါ့” ဟော့လင်းအာ သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ .. ငါ့ရဲ့လမ်းကြောင်းကို ငါက သီချင်းလေးငြီးပြီးတော့သွားမှာပါ … ငါက ဒီခေတ်ရဲ့အကြီးကျယ် အခမ်းနားဆုံးသူ ဖြစ်အောင်လုပ်မှာ .. ငါမင်းကို ပြန်လာတွေ့တဲ့အချိန်ကျရင် ငါသေချာပေါက် အဆင့်တက်ပြီးသားဖြစ်နေမှာ”
“မိုးမခနတ်ဘုရား .. ကျွန်တော်ခင်ဗျားရဲ့ ခြေရာအတိုင်း လိုက်လာမှာ” သူ လက်သီးများကို တင်းကြပ်စွာ ဆုတ်ပြီး ပြောလိုက်သည်။ ထို့နောက်တွင် သူသည် ဟော့လင်းအာဘက်သို့ လှည့်လိုက်ကာ “ငါ့ကို စောင့်နေ .. ငါပြန်လာတဲ့အချိန်ကျရင် မင်းကိုခေါ်ပြီးတော့ လောကကြီးရဲ့အံ့ဩဖို့ကောင်းတာတွေကို လိုက်ပြမယ်”
သူသည် ငယ်ရွယ်မှုများ ပြည့်နှက်နေပြီး ကောင်းကင်ကြီးကို မော့ကြည့်နေသည့် မျက်လုံးများလည်း တောက်ပနေလေသည်။
“အချိန်ကြာလာတာနဲ့အမျှ လောကကြီးက မှုန်ဝါးလာပြီးတော့ အားလုံးက ပျောက်ကွယ်သွားလိမ့်မယ် … ရှင် အသက်ရှင်လျက် ပြန်လာရင်ကို ရပါပြီ” ဟော့လင်းအာ ပြောလိုက်သည်။
“မင်း အဆင့်မြင့်နယ်မြေကို ရောက်လာပြီးတဲ့အချိန်မှာ…” ရှီဟောင် သူမအား မေးလိုက်သည်။
တိုင်းပြည်တစ်ပြည်၏ မင်းသမီးတစ်ပါး ဖြစ်ခဲ့ဖူးသည့်သူက အဘယ်ကြောင့် အဝတ်ကြမ်းများကို ဝတ်ပြီး အဝတ်များကိုလည်း မြစ်ကမ်းပါးဘေးတွင် ကိုယ်တိုင် လျှော်ဖွပ်နေရသနည်း..
“ဒီနေရာက အဆင့်နိမ့်နယ်မြေမှ မဟုတ်တာ..” ဟော့လင်းအာ ပြောလိုက်သည်။
အဆင့်နိမ့်နယ်မြေမှ တိုင်းပြည်တစ်ပြည်၏ဘုရင်မှာ အဆင့်မြင့်နယ်မြေမှ ကောင်းကင်နတ်ဘုရားနှင့် ကျွမ်းကျင်သူမျိုးစုံရှေ့တွင် လူအများ ကိုးကွယ်ရာတစ်ခု မဟုတ်တော့ပေ။
ဤသည်မှာ အစမှ ပြန်လည်စတင်ခြင်းနှင့် အတူတူပင်။
သို့သော် သူတို့သားအဖသည် မီးကလန်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သောကြောင့် သူတို့ ရောက်ခါစတွင် သူတို့ကို အင်ပါယာနန်းတော်ပေးပြီး ရက်ရက်ရောရောဆက်ဆံသေးသည်။
ဝိဉာဉ်ဆေးပင်များကို စိုက်ပျိုးပြီး ထိုဆေးပင်များ မြင့်မြတ်ဆေးပင်သို့ ပြောင်းလဲသွားသည့်အချိန်တွင် ကိစ္စများမှာ ရှုပ်ထွေးလာလေသည်။
မြင့်မြတ်ဆေးပင် ၁၀ ပင် အတန်းလိုက် ပေါက်လာသောကြောင့် မည်သူက စိတ်မလှုပ်ရှားပဲနေမည်နည်း .. ဤသည်မှာ ဂိုဏ်းခေါင်းဆောင်များ၏ မျက်လုံးများ နီရဲသွားအောင် လုပ်ဖို့ လုံလောက်လေသည်။
မီးဧကရာဇ်မှာ ဆုံးဖြတ်ချက် ပြတ်သားသည့်သူပင်။ သူသည် အမြော်အမြင်ရှိကာ ရေရှည်မြင်တတ်သည့်သူပင်။ မြင့်မြတ်ဆေးပင်ကို ပေးလိုက်ပြီး နန်းဆောင်များကိုလည်း ပြန်အပ်လိုက်ကာ ဟော့လင်းအာကို ခေါ်၍ မီးကလန်မှ ထွက်လာခဲ့လိုက်လေသည်။
နောက်ဆုံးတွင် သူတို့သားအဖသည် ဤနေရာသို့ ရောက်ရှိလာပြီး အလွန်ရိုးရှင်းသည့်ပုံစံဖြင့် နေထိုင်ကြလေသည်။
“လောကကြီးရဲ့ ချမ်းသာမှုတွေ၊ ကြီးကျယ်ခမ်းနားမှုတွေကို ငါခံစားပြီးပြီ .. ဒီလိုမျိုး သာမန်ဘဝကိုလည်း ငါအတော်လေး ကျေနပ်တယ်” ဟော့လင်းအာ ပြောလိုက်သည်။
ရှီဟောင် ခေါင်းညိမ့်လိုက်၏။ ချမ်းသာကြွယ်ဝခြင်းကို ကြုံတွေ့ပြီးသည့်နောက်တွင် သာမန်ဘဝမှာ ပို၍စစ်မှန်သည်ကို သိသွားကြလိမ့်မည်။ လူတစ်ယောက်၏အရေးအကြီးဆုံး အစိတ်အပိုင်းမှာ စိတ်ကျန်းမာရေးပင်။
“မီးဧကရာဇ်ကရော” ရှီဟောင်မေးလိုက်၏။
“အဖေက လောကကြီးကို လှည့်ပတ်သွားလာဖို့ ထွက်သွားပြီ .. သူထွက်သွားတာ တစ်နှစ်ကျော်နေပြီ” ဟော့လင်းအာသည် စိုးရိမ်သည့်ပုံစံဖြင့် ပြောလိုက်လေသည်။ ထို့နောက်တွင် သူသည် ရှီဟောင်ကို ကြည့်လိုက်ကာ “ရှင် .. သေချာပေါက် ပြန်လာရမယ်နော်”
“မီးဧကရာဇ်က အသိဉာဉ်ဗဟုသုတ ပြည့်စုံတဲ့သူပါ .. အဲဒီတော့ သူ ဘာမှ ဖြစ်မှာမဟုတ်ဘူး .. သူပြန်လာလိမ့်မယ်” ရှီဟောင် နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက်တွင် သူသည် အကြီးကျယ်အခမ်းနားဆုံးဂုဏ်ပုဒ်ဖြင့် ပြန်လာခဲ့မည်ဟု ကတိပေးလိုက်လေသည်။
သူသည် လျှပ်စီးအတိဒုက္ခရည်ကို ချန်ထားခဲ့ကာ ခရီးထွက်ခဲ့ရလိုက်လေသည်။
“နှုတ်ဆက်ပါတယ် .. နောက်မှ ပြန်တွေ့ကြမယ်” ရှီဟောင်သည် ခြေလှမ်းကျယ်ကြီးဖြင့် လမ်းလျှောက်ထွက်သွားလိုက်သည်။
သူအတော်ဝေးဝေးသို့ ရောက်သွားသည့်တိုင်အောင် သူနောက်ပြန်လှည့်ကြည့်လိုက်သည်နှင့် မီးပိုးစာပင်တောအုပ်အစပ်နားတွင် သူ့ကို လက်ဝေ့ရမ်းပြနေသည့် သူမကို မြင်နိုင်လေသည်။
“ဒီတစ်ခေါက်က ဘယ်နှစ်နှစ်တောင်မှ ခွဲရမှာလဲ .. နှစ်တစ်ရာလား .. ဒါမှမဟုတ် နှစ်တစ်ထောင်ကျော်လား” ရှီဟောင် မသိပေ။ နောက်ဆုံးတွင် သူ၏မျက်လုံးထဲမှ နွေးထွေးသည့်အရည်များကို သူဆက်မထိန်းနိုင်တော့ပေ။
“ငါပြန်လာမယ်လို့ ကတိပေးတယ်” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက်တွင် သူသည် ကောင်းကင်ထက်သို့ တရှိန်ထိုး ပြေးသွားလိုက်ပြီး လောကကြီး၏အစွန်အဖျားသို့ ပျောက်ကွယ်သွားလေသည်။
” ငယ်က ချစ်.. နှစ်တစ်ရာ ( သို့မဟုတ် ) ထာဝရတိုင်စေ … “