သုခကမ္ဘာက ရှီဟောင် - Chapter - 998 နတ်ဆိုးဘုရင်မှ စွမ်းအားများကို ပြသခြင်း
အဆင့်လွန်ရှေးဟောင်းယဇ်ပုလ္လင်သည် တောင်များထက်ပင် ပိုမြင့်ပြီး တိမ်များနှင့်ပင် ထိနေလေပြီ။ ထို့အပြင် ဤယဇ်ပုလ္လင်၌ ထူးခြားသည့် သဘာဝဥပဒေသများ ဝန်းရံနေလေသည်။ ထို့ကြောင့်ပင် ဤနေရာ၌ဖြစ်နေသည့် တိုက်ပွဲကို အခြားလမ်းကြောင်းများမှ မြင်နိုင်မည်မဟုတ်ပေ။
ရှီဟောင်လမ်းလျှောက်ထွက်လာသည့်အချိန်တွင် မည်သူမျှ သူ့အား အာရုံမစိုက်မိပေ။
ထိုအစား အရှေ့ဘက်တွင် အားလုံး၏အာရုံကို ဆွဲဆောင်နေသည့် အရာတစ်ခု ဖြစ်ပျက်နေလေ၏။ ဒုစရိုက်စီရင်စုမှလူများသည် အားသုံးကာ အတင်းဖြတ်သန်းသွားနေလေ၏။
“မင်းနဲ့ မင်းတို့တွေအားလုံး ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ … မင်းတို့မှာ အပြစ်သားသွေးတွေရှိနေတယ်ဆိုတာ ငါမသိဘူးလို့ ထင်နေတာလား … မင်းတို့တွေက အရှေ့ကို ထွက်လာရဲသေးတယ်ပေါ့ … မင်းတို့တွေ တတ်နိုင်သမျှ ငါနဲ့ဝေးဝေးနေ .. ပြီးတော့ တစ်ခြားသူတွေကို လမ်းဖယ်ပေးလိုက်”
တစ္ဆေဂိတ်မှ နှုတ်ခမ်းပါးပါးနှင့် အမျိုးသမီးမှ ပြောလိုက်ခြင်းပင်။ သူမ၏စကားလုံးများမှာ ထက်ရှလှပြီး သူမ၏မျက်နာလည်း အေးစက်နေလေ၏။ သူမ၏မျက်နှာသည် လှသည်ဟု ပြော၍ရသော်လည်း စက်ဆုပ်ရွံရှာသည့်အကြည့်များလည်း ရှိနေလေသည်။
ယခုတစ်ကြိမ်တွင် မတူညီသည်မှာ ဒုစရိုက်စီရင်စုမှလူများပိုများလာပြီဖြစ်ပြီး သူတိုအားလုံးသည် အဖိုးတန်ပစ္စည်းများကို အသက်သွင်းထားလေသည်။
မီးတိမ်လှိုဏ်ဂူမှ အနီရောင်ဝတ်စုံနှင့် အမျိုးသားသည် သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေလေသည်။ သူသည် အဖိုးတန်ပေတံကို ကိုင်ထားပြီး အေးစက်စွာပင် ကြည့်နေလေသည်။
သူ၏ဘေးနားတွင်ရှိနေသည့် သူများမှာ သိပ်အလေးအနက်မထားသလိုပင်။ သို့သော်လည်း သူတို့အားလုံး သတိကြီးကြီးထားနေဆဲပင်။ သူတို့သည် ဤလူစုကို ကြည့်နေခြင်းမဟုတ်ပဲ လူအုပ်ကြီးတစ်ခုလုံးကို ကြည့်နေခြင်းပင်ဖြစ်ပြီး တစ်စုံတစ်ခုကို ရှာဖွေနေလေသည်။
ရွှေရောင်ကြာပွင့်များသုံးသည့်သူ ပြန်ပေါ်လာမည်ကို သူတို့ကြောက်နေခြင်းပင်။
သူတို့နှစ်ဘက်လုံး အပြင်အထန်တိုက်ခိုက်နေသည့်အချိန်တွင် လူငယ်လေးတစ်ယောက် ဤဘက်သို့ လျှောက်လာသည်ကို အားလုံး တွေ့လိုက်ရသည်။
“မင်း အရင်ဆုံး ဘေးဘက်ကပ်နေဦး ငါတို့ ဒီလူတွေကို ရှင်းပြီးမှဝင်” တစ္ဆေတာအိုဂိတ်မှ အမျိုးသမီးမှ ပြောလိုက်သည်။
“ငါဝင်ချင်ရင် ဘာလို့ မင်းခွင့်ပြုချက်လိုရမှာလဲ” ရှီဟောင်သည် ရပ်တန့်မသွားပဲ အရှေ့ဘက်သို့ ဆက်လျှောက်သွားလိုက်လေသည်။
“မင်း … တော်တော် အတင့်ရဲတာပဲ”အမျိုးသမီးသည် ရှီဟောင်အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
ထိုအချိန်တွင် အားလုံး ထိတ်လန့်သွားရ၏။ ဤလူငယ်လေးမှာ အတော်အတင့်ရဲလှသည်။ ဤမျိုးဆက်နှစ်ခုမှ လူများကို ဤကဲ့သို့ ပြောရဲသောကြောင့် သူသည်လည်း ရိုးရှင်းမည် မဟုတ်ပေ။
ရှီး…
အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။ မီးတိမ်လှိုဏ်ဂူမှ အနီရောင်ဝတ်စုံနှင့် လူငယ်လေးအနောက်တွင်ရှိနေသည့် လူငယ်ကျွမ်းကျင်သူတစ်ယောက်မှ သူ၏လက်ထဲတွင်ရှိနေသည့် အရိုးကြေးမုံကို လှုပ်ရှားလိုက်လေသည်။
ရလဒ်အနေဖြင့် မည်သူမျှ မထင်ထားသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့လေသည်။ ဤအတိုင်း လွှဲရမ်းလိုက်ရုံဖြင့် လမ်းလျှောက်လာနေသည့် လူငယ်လေး၏နဖူးတောက်ပလာပြီး သူ့တစ်ကိုယ်လုံးမှလည်း တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်နေလေ၏။
သူသည် နေနတ်ဘုရားသားတော်နှင့်တူနေသည်။ သူ၏နဖူးထက်တွင် ‘အပြစ်သား’ စာလုံး ပေါ်လာပြီး အပေါ်ဘက်တွင်ရှိနေသည့် တိမ်များကိုပင် လွှင့်စင်သွားစေလေသည်။
“မင်းပဲ…”
“မင်းကိုတွေ့ပြီ အပြစ်သား သွေးမျိုးဆက်”
အားလုံး ထိတ်လန့်သွားကာ သူတို့၏အမူအရာများ ပြောင်းလဲသွားလေသည်။ သူတို့ရှာနေသည့်သူကို အလွယ်တကူပင် တွေ့လိုက်ရသည်။
သူ့ကို ရှာရန် ခက်ခဲလိမ့်မည်ဟု သူတို့ထင်ထားခြင်းပင်။ သူ ဤဒုစရိုက်စီရင်စုတွင် မရှိတော့ဘူးဟု သူတို့ယုံကြည်ထားခဲ့ခြင်းပင်။ သို့သော်လည်း နောက်ဆုံးတွင် သူပေါ်လာလေပြီ။
“သူပေါ်လာပြီ … သူက မျိုးဆက်တွေအများကြီးကို စိန်ခေါ်တော့မှာလား” အားလုံး၏ မျက်လုံးများ တောက်ပလာလေ၏။ အထူးသဖြင့် ဒုစရိုက်စီရင်စုမှ လူများပင်။ သူတို့အားလုံး၏ သွေးစွမ်းအင်များ ကြွတက်လာပြီး သူတို့သည် အော်နေခြင်းကို ရပ်တန့်၍မရတော့ပေ။ ဤလူသည် သူတို့၏ အကြပ်အတည်းထဲမှ သူတို့အား ကယ်တင်တော့မည်လား…
ရှီဟောင်မှာမူ အလွန်ပင် အေးစက်နေလေ၏။ သူ့ကို လမ်းပိတ်ထားသည့်သူကို ထူးမခြားနားစွာပင် ကြည့်နေလေသည်။
သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကြောင့် မည်သူက ဒုစရိုက်စီရင်စုအား ပစ်မှတ်ထားပြီး အပြစ်သားသွေးမျိုးဆက်များကို ဖိနှိပ်နေသလဲဆိုသည်ကို သူသိလိုက်ရသည်။ လော့ဖူတောင်ကြား၊ တစ္ဆေတာအိုဂိတ်၊ မီးတိမ်လှိုဏ်ဂူနှင့် အခြားသူများပင်။ သူတို့အားလုံးသည် ရှေးအကျဆုံးဖြစ်ပြီး ထိပ်တန်းအဆင့် ဂိုဏ်းကြီးများပင်။
အပြစ်သားသွေးမျိုးဆက်များ စွပ်စွဲခံရသည်မှာ မထူးဆန်းတော့ပေ။ ဤကဲ့သို့သော ပြိုင်ဘက်ကင်းမျိုးဆက်များ လက်တွဲလိုက်သည့်အချိန်တွင် သူတို့သည် ကောင်းကင်ကြီးကို ဖုံးအုပ်ကာ အမှန်တရားကို ဖုံးကွယ်နိုင်မည်ပင်။
ဤလူများသည် ဒုစရိုက်စီရင်စုမှ လူများကို ဘာလို့တစ်ခါတည်း မရှင်းပစ်သလဲဆိုသည်ကိုသာ သူ မသိခြင်းပင်။
“သူတို့က တစ်ခုခုကို စိုးရိမ်နေတာလား” ယခုအချိန်နတွင် ရှီဟောင်သည် အလွန်တည်ငြိမ်နေပြီး ကိစ္စများစွာကို စဉ်းစားနေလေသည်။
ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ချိတ်ပိတ်ပြီးသွားတဲ့အချိန်မှာ နယ်စပ်ကို ကာကွယ်နေတဲ့ အပြစ်သားသွေးမျိုးဆက်တွေက အသက်ရှင်နေတုန်းမို့လို့လား … ဒီလောက်နှစ်တွေကြာလာတာတောင်မှ သူတို့က ဒီလောကကြီးမှာ အသက်ရှင်လျက် ရှိနေသေးတာလား…
ထိုသို့စဉ်းစားမိသွားသည့်အချိန်တွင် ရှီဟောင် တုန်လှုပ်သွားရသည်။ ထိုလူများသာ အသက်ရှင်လျက် ပြန်လာလျှင် မည်သို့ဖြစ်သွားမည်နည်း…
ဤအချက်ကို စဉ်းစားမိသွားသည့်အချိန်တွင် သူ၏သွေးများ ဆူပွက်လာရသည်။
“မင်းတို့အားလုံး နောက်ဆုတ်နေ” ရှီဟောင်သည် ဒုစရိုက်စီရင်စုမှ အဆင့်လွန်ကျွမ်းကျင်သူများကို နောက်ဆုတ်စေလိုက်ပြီး သူတစ်ယောက်တည်း ထိုလူများကို ရင်ဆိုင်လိုက်သည်။
“တစ်ခြားလူတွေကို စုလိုက်” ထိုလူများမှာ စိတ်ထဲတွင် တုန်လှုပ်နေလေပြီ။ အပြစ်သားသွေး များပြားနေခြင်းမှာ ရှီဟောင် သူတို့ကို အသာစီးရမည်ဟု ဆိုလိုခြင်းမဟုတ်သည်ကို သူတို့သိသော်လည်း စိုးရိမ်နေဆဲပင်။ သူတို့သည် အခြားမျိုးဆက်များကို သတင်းပို့လိုက်လေ၏။
တစ်စုံတစ်ယောက်သည် အခြား လမ်းကြောင်း ခုနှစ်ခုကို သတင်းပေးရန် ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။
“မင်းတို့ ဘယ်သူမှ ထွက်သွားဖို့မစဉ်းစားနဲ့” ရှီဟောင် ပြောလိုက်သည်။ သူသည် ချောမောလှပသော်လည်း သူတစ်ယောက်တည်း လမ်းလျှောက်လာသည့်အချိန်တွင် အခြားသူများကို ရင်တုန်စေသည့် ဖိအားတစ်ခုကို ထုတ်လွှတ်နေလေသည်။
“မင်းဒီလိုမျိုး ပြောလိုက်ယုံနဲ့ တားနိုင်မယ်လို့ ထင်နေတာလား” လူတစ်ယောက်သည် နှာခေါင်းရှုံလိုက်ကာ ထွက်သွားရန်အတွက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်လေသည်။
ရှီဟောင်၏ခန္ဓာကိုယ် တောက်ပလာကာ ကမ္ဘာမြေကို လက်မများအဖြစ်သို့ ပြောင်းလဲခြင်းပညာကို အသက်သွင်းလိုက်ပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်လေ၏။
အားလုံး တုန်လှုပ်သွားရ၏။ ဤသည်မှာ မည်မျှပင် လျင်မြန်သည့် အရှိန်ဖြစ်သနည်း … သူတို့မျက်စိရှေ့မှာပင် ဤလူငယ် ပျောက်ကွယ်သွားခြင်းပင်။
ဝုန်း…
တစ်ချိန်တည်းမှာပင် နတ်အလင်းတန်းများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ ဤလူငယ်လေး၏ လက်သီးချက်တစ်ခုသာ ဖြစ်သော်လည်း လျှပ်စီးတစ်ခုကဲ့သို့ပင် ကောင်းကင်တစ်ခွင်ကို ဖြတ်သန်းသွားလေသည်။
ဤသည်မှာ တောက်ပလွန်းလှသည်။
“အား…” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် နတ်လက်နက်နှင့် လျှို့ဝှက်ပညာများကို အသုံးပြုကာ ဤတိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း အားလုံးမှာ အချည်းနှီးသာ။
ဤသည်မှာ အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်နေသည့် ဂိုဏ်းကြီးမှ လက်ရွေးစင်သူရဲကောင်းပင်။ သို့သော်လည်း သူသည် ကျီးကန်းတစ်ကောင်ကဲ့သို့ပင် လေထဲတွင် ပေါက်ကွဲသွားလေသည်။
ဤလူငယ်လေး၏ လက်သီးချက် တစ်ချက်တည်းဖြင့် နတ်အဆင့် မှော်ပစ္စည်းကို ဖျက်ဆီးပစ်လိုက်နိုင်လေသည်။
ရွှီး ဟူသည့်အသံနှင့်အတူ အရိပ်တစ်ခု တောက်ပလာပြီး သူသည် စစ်မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ရောက်လာလေသည်။ သူ၏အဝတ်အစားများမှာ လေထဲတွင် လူးလွန့်နေပြီး သူ၏မျက်လုံးများလည်း ကြည်လင်လှသည်။ သူ၏ခန္ဓာကိုယ်တွင်လည်း မြင့်မြတ်သည့်အလင်းတန်းများ ဝန်းရံနေလေသည်။
ဤပညာများမှာ အားလုံးကို ထိတ်လန့်သွားစေလေသည်။
မီးတိမ်လှိုဏ်ဂူမှ အနီရောင်ဝတ်စုံနှင့် လူငယ်လေး လှုပ်ရှားလာလေသည်။ သူ၏ အဖိုးတန်ပေတံကို ထုတ်လိုက်သည်နှင့် တောက်ပသည့် အနီရောင်အလင်းတန်းများ တောက်ပလာလေသည်။
တစ်ချိန်တည်းမှာပင် တစ္ဆေတာအိုဂိတ်မှ အမျိုးသမီးလည်း လှုပ်ရှားလိုက်လေ၏။ သူမ၏လက်ဝါးမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာကာ ရေနဂါးတစ်ကောင်၏အကြောပေါ်လာလေသည်။ ထိုအကြောသည် ကြိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။
“ထာဝရချည်နှောင်ခြင်း ကြိုး” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤသည်မှာ သာမန်လက်နက်မဟုတ်ပဲ သူမတို့ ဂိုဏ်းမှ ရှေးဟောင်းတာအိုဆရာကိုယ်တိုင် ဖန်တီးထားသည့် လျှို့ဝှက်ရတနာပင်။ ဤလက်နက်သည် အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်တွင်သာ အလုပ်လုပ်နိုင်သော်လည်း ဤသည်ကို အဆင့်လွန်လက်နက်ဟု သတ်မှတ်၍ရသည်။
ဤပစ္စည်း၏တန်ဖိုးမှာ မသေးလှပေ။ ဤနေရာသို့ ဤကဲ့သို့ လူသတ်လက်နက်နှင့်လာပြီး ဤသည်မှာလည်း တစ်ခုတည်းမဟုတ်ပေ။ အလွန်ရှေးကျသည့်ဂိုဏ်းများမှာ အပြစ်သားသွေးမျိုးဆက်များကို ဤမျှပင် အလေးထားသည်လား…
မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်လာမည်ဆိုးသောကြောင့် သူတို့သည် နဖူးမှ မြင့်မြတ်သည့်အလင်းတန်းများ ထွက်လာသည့်သူကို သတ်ပစ်ချင်နေခြင်းမှာ သိသာလှသည်။
တစ်ချိန်တည်းမှာပင် အခြားသူများလည်း လှုပ်ရှားလာကြလေ၏။ လူအနည်းငယ်မှာ ကူညီပေးရန်အတွက် နေရာပေါင်းစုံမှ ပြေးလာကြလေသည်။
ရှီဟောင်ဘေးပတ်လည်တွင် ရွှေရောင်ကြာပွင့်များ ဝန်းရံနေပြီး အဆုံးမရှိသည့် အလင်းတန်းများကို ထုတ်လွှတ်နေလေသည်။ ဤသည်မှာ ရွှေရောင်လှိုင်းလုံးကြီးများ မြင့်လိုက် နိမ့်လိုက်ဖြစ်နေသကဲ့သို့ပင်။ ဤအလင်းများသည် အဖိုးတန်ပေတံကို တားဆီးလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် လက်ဗလာဖြင့် ထာဝရချည်နှောင်ခြင်းကြိုးကို ဖမ်းဆုပ်လိုက်သည်။ သူ၏လက်ဝါးထဲတွင် ကြယ်များ တစ်ခုပြီးတစ်ခု ပေါ်လာလေ၏။ ထိုကြယ်များအားလုံးမှာ လျှပ်စီးများကြောင့် ဖြစ်ပေါ်လာခြင်းပင်။
“သတ်…”
တိုက်ပွဲကြီး စတင်နေလေပြီ။ လူတစ်စုသည် ရှီဟောင်အား တိုက်ခိုက်နေခြင်းဖြစ်သော်လည်း သူသည် ခြေလှမ်းတစ်ဝက်မျှပင် နောက်ဆုတ်မသွားပေ။ သူသည် အရှေ့သို့ ဆက်တိုးသွားပြီး သူတို့နှင့် ပွဲကြီးပွဲကောင်းတစ်ခုကို ဆင်နွှဲနေလေ၏။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းမှ ပုံရိပ်များတစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ဤသည်မှာ ဝိဉာဉ်ခန္ဓာကိုယ်များဖြစ်ပြီး ခပ်ဝေးဝေးသို့ ထွက်သွားနေပြီဖြစ်သည့် လူများကို လိုက်ဖမ်းနေလေသည်။
ဖူး…
ရှီဟောင်၏ ကိုယ်ပွားများမှာ တောင်နှင့်မြစ်များကိုပင် စားသုံးနိုင်ပြီး သူတို့၏ခွန်အားများလည်း ကောင်းကင်ထက်သို့ပင် စီးဆင်းသွားလေသည်။ သူတို့၏ပြိုင်ဘက်များမှာ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားပြီး သွေးမိုးများ ရွာသွန်းနေလေပြီ။
ဒုစရိုက်စီရင်စုမှ လူများသည် စိတ်လှုပ်ရှားလွန်းသောကြောင့် မျက်ဝန်းများမှမျက်ရည်များ စီးကျလာလေသည်။ အစောပိုင်းက သူတို့သည် စိတ်နှလုံးညှိုးငယ်ကာ အရှက်ခွဲခံနေခဲ့ရသော်လည်း ယခုအချိန်တွင် တစ်စုံတစ်ယောက် ရောက်လာပြီး မရပ်မနားသတ်ဖြတ်နေသောကြောင့် သူတို့၏သွေးစွမ်းအင်များကို ကြွတက်လာစေလေသည်။
“အဆင့်လွန်လက်နက်တွေက အသုံးမဝင်ဘူးလား”
ဘေးနားတွင်ရှိနေသည့် အဆင့်လွန်ကျွမ်းကျင်သူများသည် သတိကြီးကြီးဖြင့် နေလေသည်။ လူပေါင်းထောင်ပေါင်းများစွာ ရှိနေသော်လည်း သူတို့အားလုံး ဆွံ့အနေကြလေ၏။
ဝုန်း…
ရှီဟောင်၏လက်သီးချက် ကျရောက်လာပြီး ထိုသွေးရောင်အဖိုးတန်ပေတံကို လွင့်ထွက်သွားအောင် လုပ်လိုက်လေ၏။ ထိုပေတံသည် သွေးရောင်လျှပ်စီးအဖြစ်သို့ ပြောင်းလဲသွားကာ မီးတိမ်လှိုဏ်ဂူမှ အနီရောင်ဝတ်စုံနှင့် လူငယ်လေးကို သတ်မိမလိုပင် ဖြစ်သွားလေသည်။
ရှီဟောင်၏လက်ဝါးမှ အဆုံးမရှိသည့် လျှပ်စစ်များ ထွက်ပေါ်လာကာ ကြယ်တန်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုကြယ်များသည် ထာဝရချည်နှောင်ခြင်းကြိုးနှင့် တိုက်ခိုက်နေလေ၏။ လျှပ်စီးများ အဆက်မပြတ် ထွက်ပေါ်လာပြီး နဂါးအော်သံကဲ့သို့သော အသံများထွက်လာသည်အထိ ထိုကြိုးကို ပေါက်ကွဲစေလိုက်လေသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ဂိုဏ်းမျိုးစုံမှ နာမည်ကြီးများနှင့် ကောင်းကင်နတ်ဘုရားများ ထိတ်လန့်နေကြလေ၏။ အဆင့်လွန်လက်နက်များ မလုံလောက်သောကြောင့်မဟုတ်ပဲ ဤလူငယ်လေးမှ အထင်ကြီးစရာကောင်းလွန်းနေခြင်းပင်။ သူသည် အဆင့်လွန်လူသားများထဲမှ ထူးချွန်သည့် ပါရမီရှိသည့်သူပင်။
အဆင့်လွန်လူသားများနှင့် ရင်ဆိုင်လျှင် အဆင့်လွန်လက်နက်တစ်ခု နှစ်ခုနှင့် မလုံလောက်ပေ။
သူသည် လူတစ်ယောက်တည်းဖြစ်သာ်လည်း သူ၏ခွန်အားမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖိနှိပ်နိုင်ပြီး ရန်သူအားလုံးကို အပေါ်ဆီးမှ ဆက်ဆံနိုင်လေသည်။
ဝုန်း…
တိမ်မီးတောက်သည် နောက်တစ်ကြိမ်လွင့်ထွက်သွားလေ၏။
ရှီဟောင်သည် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင်။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် နတ်အလင်းတန်းများကြောင့် လေဟာနယ်ပျက်စီးသွားလေသည်။ သူသည် အလွန်ပင် စွမ်းအားကြီးသည့် လက်သီးချက်ဖြင့် ထိုးချလိုက်ခြင်းပင်။
“အား….”
မီးတိမ်လှိုဏ်ဂူ၏ သူရဲကောင်းကျွမ်းကျင်သူ … သူတို့ဂိုဏ်းတွင် ထိပ်တန်းစာရင်းဝင်သည့် လူငယ်လေးသည် ဤကဲ့သို့သော လျှို့ဝှက်ရတနာကို အသုံးပြုထားသော်လည်း သူ့ကိုယ်သူ မကာကွယ်နိုင်ပေ။ အဖိုးတန်ပေတံ လွင့်ထွက်သွားပြီး သူလည်း သွေးအန်သွားလေ၏။
ဝူး….
လက်သီးချက်ကြောင့် ဖြစ်လာသည့် လေများတိုက်ခတ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ဟက်တက်ကွဲသွားလေ၏။
ဒုန်း….
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတုန်ခါသွားကာ မီးတိမ်လှိုဏ်ဂူမှ လူငယ်လေးမှာ ပေါက်ကွဲသွားလေ၏။ သူ၏စိတ်နှင့် ဝိဉာဉ်လည်း ပျက်စီးသွားလေသည်ꩻ အဖိုးတန်ပေတံမှာမူ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ထဲသို့ ထွက်ပြေးသွားပြီး သူ၏မူလနေရာမှ ပျောက်ကွယ်သွားလေသည်။
ရှီဟောင်သည် တစ်ဖက်လှည့်ပြီး ထိုအမျိုးသမီးကို ကြည့်လိုက်သည်။
“သူ့ကို အတူတူသတ်ကြမယ်” တစ္ဆေတာအိုဂိတ်မှ အမျိုးသမီး အော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူမ တကယ် ကြောက်လန့်နေလေပြီ။ လူမျိုးစုတစ်ခု၏ ထူးခြားပါရမီရှိသည့်သူပင် ဤမျှ စွမ်းအားမကြီးနိုင်ဘူး မဟုတ်လား…
အဆင့်လွန်လက်နက်များပင် တစ်ဖက်လူကို ဘာမှမလုပ်နိုင်ပေ။
ဤသည်မှာ သူမကို ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေပြီး ယခင်က စိတ်ကြီးဝင်နေသည့် ပုံစံများလည်း ပျောက်ကွယ်သွားလေပြီ။
ရွှေရောင်ကြာပွင့်များ နေရာတိုင်းတွင် ပွင့်လာကာ ထိုထာဝရချည်နှောင်ခြင်းကြိုးကို ဖျက်ဆီးပစ်လိုက်လေသည်။
ဖူး….
ရှီဟောင်၏ လက်တစ်ဖက်သည် ထူးခြားသည့်ကောင်းကင်ဓားတစ်လက်ကဲ့သို့ လှုပ်ရှားသွားကာ ထိုအမျိုးသမီး၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်လေ၏။ သွေးများလွင့်စင်ထွက်လာကာ ခေါင်းမရှိတော့သည့်အလောင်းလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
ရှီဟောင် လမ်းလျှောက်လာလိုက်သည်။ သူ၏လက်များတွင် သွေးများ ပေကျံနေလေသည်။ သူသည် ရှေးဟောင်းဂိုဏ်းနှစ်ခု၏ သူရဲကောင်းတပည့်များကို တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် သတ်ပစ်လေသည်။
လက်သီးအလင်းတန်းမှာ ကောင်းကင်သို့ရောက်သည်အထိ လင်းလက်နေပြီး သွေးစွမ်းအင်များမှာလည်း ပင်လယ်လှိုင်းများကဲ့သို့ပင်။ ရှီဟောင်သည် စစ်မြေပြင်တွင် တစ်ယောက်တည်းရပ်နေပြီး သူ့အနားတွင် အလောင်းများ ပုံနေလေ၏။ အားလုံးအသတ်ခံလိုက်ရကာ ဤနေရာကို သွေးရောင်ဖြင့် ဆေးခြယ်လိုက်လေသည်။
ထို့နောက်တွင် အလင်းမိုးရွာကျလာပြီး ထိုခန္ဓာကိုယ်များ ပျောက်ကွယ်သွားလေ၏။
အဆင့်လွန်ကျွမ်းကျင်သူပေါင်း ထောင်ပေါင်းများစွာမှာ တိတ်ဆိတ်နေကြလေ၏။ သူတို့အားလုံးသည် ဆွံ့အနေကြကာ သူတို့၏ ဝိဉာဉ်များလည်း တုန်ရီနေလေသည်။ ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားဖြစ်သနည်း…
ခပ်ဝေးဝေးတွင်ရှိနေသည့် ဂိုဏ်းပေါင်းစုံမှ နာမည်ကြီးသည့်သူများနှင့် ကောင်းကင်နတ်ဘုရားများလည်း တုန်ယင်နေကြလေ၏။
ရှီဟောင်သည် ခပ်ဝေးဝေးသို့ အေးစက်စွာ ကြည့်လိုက်သည်။ ဂိုဏ်းတစ်ခုဆီမှ အကြီးအကဲများ … အထူးသဖြင့် မီးတိမ်လှိုဏ်ဂူဂိုဏ်းနှင့် တစ္ဆေတာအိုဂိတ်မှ ကောင်းကင်နတ်ဘုရားများ ထိတ်လန့်သွားကြရသည်။ အပြစ်သားသွေးမျိုးဆက်က ဘာလုပ်ချင်နေတာလဲ … သူတို့ကို စိန်ခေါ်မလို့လား”
“သူတို့အားလုံးကိုသတ်” ဒုစရိုက်စီရင်စုမှ လူများမှာ ပြန်လည် အသိဝင်လာပြီး သွေးစွမ်းအင်များ ကြွတက်လာကြလေသည်။
ရှီဟောင်သည် အရှေ့ဘက်သို့ လျှောက်သွားပြီး ခမ်းနားလှသည့် အဆင့်လွန်ရှေးဟောင်းယဇ်ပုလ္လင်ကို ချဉ်းကပ်လိုက်သည်။ “မင်းတို့အားလုံးက လမ်းပိတ်ပြီတော့ ဒီလိုမျိုးလုပ်ရဲတယ်ဆိုတော့ ငါလုပ်တာကိုလည်း အပြစ်မတင်ပါနဲ့”
သူသည် ယဇ်ပုလ္လင်နားသို့ ချဉ်းကပ်လိုက်ကာ ရုတ်တရက်ပင် အပေါ်ဘက်သို့ မော့လိုက်ကာ “ငါဒီမှာရှိနေသရွေ့ တစ္ဆေတာအိုဂိတ်၊ လော့ဖူတောင်ကြား၊ မီးတိမ်လှိုဏ်ဂူက မျိုးဆက်တွေအားလုံး …. မင်းတို့တွေတစ်ယောက်မှ ပုလ္လင်ပေါ်တက်ဖို့ မစဉ်းစားနဲ့ … တက်လာဖို့ကြိုးစားတဲ့သူမှန်သမျှကို ငါချွင်းချက်မရှိပဲ သတ်ပစ်မှာ”
ထိုစွမ်းအားကြီးသည့် မျိုးဆက်များ၏ တပည့်များအားလုံးမှာ ဤနေရာတွင်သာ ပိတ်မိနေပြီး ဤစစ်ဆေးခြင်းကို မဖြတ်နိုင်တော့ဘူးလား…
ဤသည်မှာ ရူးချင်စရာ ကောင်းလွန်းလှသည်။
ဤသည်မှာ ထိုဂိုဏ်းများ၏ ကံကောင်းမှုများကို ဖြတ်တောက်ပစ်လိုက်ခြင်းပင်ဖြစ်ပြီး ထာဝရရှေးဟောင်းထဲသို့ ဝင်ရောက်နိုင်မည့်အခွင့်အရေးကို လုယူခံလိုက်ရခြင်းပင်။
ရှီဟောင်သည် တောင်တစ်လုံးကဲ့သို့ပင် ပုလ္လင်ရှေ့တွင် ရပ်နေပြီး ဂိုဏ်းအားလုံးကို တားဆီးကာ ဤနေရာတွင်ရှိနေသည့် ရန်သူအားလုံးကို ဖိနှိပ်ထားလေသည်။