သုခကမ္ဘာက ရှီဟောင် - Chapter - 999 ယောက်ျားလေးတစ်ဦးမှ ဝင်ပေါက်အား ပိတ်ထားခြင်း
“အပြစ်သား သွေးမျိုးဆက်..”
ခပ်ဝေးဝေးတွင်ရှိနေသည့် တစ်စုံတစ်ဦးမှ ရေရွတ်လိုက်သည်။ ထိုနေရာတွင် ကောင်းကင်နတ်ဘုရားအနည်းငယ်ရှိနေပြီး သူတို့သည် အဆင့်လွန်ရှေးဟောင်းယဇ်ပုလ္လင်ကို သတ်ဖြတ်လိုသည့်အကြည့်များဖြင့် ကြည့်နေလေသည်။ ဤကဲ့သို့သောလူမျိုး ပေါ်လာပြန်လေပြီ။
အဆင့်မြင့်သည့်ပုဂ္ဂိုလ်အချို့မှာ အလွန်ပင် မဲမှောင်နေလေ၏။
တစ္ဆေတာအိုဂိတ်၊ မီးတိမ်လှိုဏ်ဂူနှင့် ဖူလော့တောင်ကြားတို့မှ လူများမှာ စိတ်အပျက်ဆုံးပင်။ ရှီဟောင်သည် သူတို့၏ သူရဲကောင်းတပည့်များကို သတ်ခဲ့ပြီး ဤသည်မှာ ခွင့်မလွှတ်နိုင်စရာ လုပ်ရပ်ပင်။
အဆင့်လွန်ရှေးဟောင်းယဇ်ပုလ္လင်ရှေ့တွင်ရှိနေသည့် ရှီဟောင်၏အဝတ်အစားများတွင် သွေးတစ်စက်မှ စွန်းပေမနေသကဲ့သို့ သူ၏မျက်လုံးများလည်း ကြည်လင်နေလေသည်။
“စိတ်ကြီးဝင်နေလိုက်တာ”
“မီးတိမ်လှိုဏ်ဂူနဲ့ လော့ဖူတောင်ကြားကို ဘာထင်နေတာလဲ .. မင်းလိုမျိုး အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်ကများ အဲဒီသူရဲကောင်းအားလုံးကို အထင်သေးရဲတယ်ပေါ့”
တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ အပူချိန်ကို ကျဆင်းစေလေသည်။
ယခုတစ်ကြိမ်တွင် အဆင့်လွန်ရှေးဟောင်းယဇ်ပုလ္လင်ဆီသွားသည့်လမ်းကြောင်းကို တားဆီးရန်အတွက် ထူးချွန်သည့်မျိုးဆက်များကို ပို့ခဲ့သည့် ရှေးဟောင်းဂိုဏ်း ၈ ခု ၉ ခုခန့်ရှိလေသည်။
ဒုန်း….
လေထဲတွင် ကျယ်လောင်လှသည့် အသံတစ်သံထွက်ပေါ်လာလေ၏။ ဤအသံသည် မိုးခြိမ်းသံကဲ့သို့ပင် အားလုံး၏ရင်ကို လှုပ်ခါသွားစေလေ၏။
သူတို့၏ သွေးခုန်နှုန်းများ လျင်မြန်လာပြီး သူတို့၏ ခန္ဓာကိုယ်လည်း တုန်လှုပ်လာသည်။
“ယဇ်ပုလ္လင်ပေါ်ကို တက်လို့ရပြီ” ခံစားချက်မရှိ အနိမ့်အမြင့်မရှိသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။ ဤအသံမှာ သဘာဝဥပဒေသများမှ ဖြစ်ပေါ်လာခြင်းပင်။
လူ ၇ သိန်း ၈ သိန်းထဲတွင် လူအနည်းငယ်သာ လမ်းကြောင်း ၈ ခုမှ အဆင့်လွန်ရှေးဟောင်း ယဇ်ပုလ္လင်ထဲသို့ ဝင်နိုင်ခဲ့ခြင်းပင်။
ရွှီး….
ရှီဟောင်၏ မျက်ခုံးကြားမှ တောက်ပလာပြီး ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအလင်းရောင်သည် နတ်ဓားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လူအုပ်ထဲသို့ ဝင်ရောက်သွားလေ၏။
အတိဒုက္ခဖြတ်ကျော်ခြင်းကို ဖြတ်သန်းပြီးသည့်နောက်တွင် သူ၏ မူလဝိဉာဉ်မှာ အလွန်ပင် သိပ်သည်းလာခဲ့သည်။ ယခုအချိန်တွင် သူ၏ မူလဝိဉာဉ်သည် လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏အနားတွင်ရှိနေသည့်သူအားလုံးကို ထိတ်လန့်သွားစေလေသည်။ သူတို့၏ မူလဝိဉာဉ်ကို လက်နက်အဖြစ်ပြောင်းရန် ကြံစည်နေသည့်သူအားလုံးမှာ ကြောင်အသွားကြလေ၏။
“အား…”
လူအုပ်ထဲမှ လူ ၆ယောက် ၇ယောက်ခန့်သည် သူတို့၏နဖူးကို အုပ်ကိုင်ကာ အော်ဟစ်နေကြလေ၏။ သူတို့၏လက်ကြားမှ သွေးများစီးကျလာကာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားလေသည်။ ထို့နောက်တွင် အလင်းမိုးအဖြစ်ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။
ထိုသူများမှာ တစ္ဆေတာအိုဂိတ်နှင့် မီးတိမ်လှိုဏ်ဂူမှ လူများပင်။ သူတို့သည် လမ်းမပိတ်ခဲ့သော်လည်း လူအုပ်ထဲတွင် ဝင်ရောက်ရှာဖွေခဲ့သည့်သူများပင်။ သို့သော်လည်း သူတို့သည် ယခုအချိန်တွင် အခြားသူများနောက် လိုက်သွားလေပြီ။
“အတင့်ရဲလိုက်တာ…”
ခပ်ဝေးဝေးတွင်ရှိနေသည့် နတ်ဘုးရားများမှာ ဒေါသထွက်နေလေ၏။ ဤလမ်းကြောင်းတွင်ရှိနေသည့် သူတို့၏တပည့်များအားလုံး အသတ်ခံလိုက်ရကာ မည်သူမျှ မလွတ်ပေ။
အဓိကအကြောင်းရင်းမှာ ဤလူများထံတွင် သင်္ကေတများ ရှိနေသောကြောင့် ရှီဟောင်၏ စုံစမ်းစစ်ဆေးခြင်းမှ မလွတ်မြောက်နိုင်ပေ။ လူအုပ်ထဲတွင် ပုန်းနေလိုက်လျှင် သူတို့လွတ်မြောက်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အဆုံးတွင် သူတို့ကျရှုံးခဲ့လေသည်။
ရှီဟောင်သည် တောက်ပလာကာ ဤနေရာမှ ပျောက်ကွယ်သွားလေ၏။ သူသည် ယဇ်ပုလ္လင်ထက်သို့ တက်သွားလိုက်ခြင်းပင်။
ဤနေရာမှာ ဆူညံသွားလေ၏။ ကျွမ်းကျင်သူ ထောင်ပေါင်းများစွာသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ယဇ်ပုလ္လင်ထက်သို့ တက်သွားကြလေသည်။
အပြစ်သားသွေးမျိုးဆက်သည် ဂိုဏ်းကြီးများ၏ တပည့်နှစ်ယောက်ကို သတ်လိုက်လေပြီ၊ ဤသည်မှာ သူတို့၏ စွမ်းအားကြီးသည့် ပြိုင်ဘက်များကို ရှင်းလိုက်ခြင်းနှင့် အတူတူပင်။
တစ်ချိန်တည်းမှာပင် သူ၏သတ်ဖြတ်သည့်နည်းလမ်းမှာ သူတို့စိတ်ကို တုန်လှုပ်သွားစေသည်။ ဤကဲ့သို့သောကိစ္စမျိုးမဖြစ်သည်မှာ ဘယ်နှစ်နှစ်ပင် ရှိနေပြီလဲ … အပြစ်သားသွေးမျိုးဆက်မှာ ထင်ထားသည့်အတိုင်း စွမ်းအားကြီးနေလေသည်။
“မြန်မြန်ကြည့်လိုက် သူက အပေါ်ကို တက်သွားတာမဟုတ်ပဲနဲ့ ဦးတည်ချက် ပြောင်းလိုက်ပြီ” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
ရှီဟောင်သည် နတ်လူဝံတစ်ကောင်ကဲ့သို့ ခွန်အားကြီးလှပြီး အဆင့်လွန်ရှေးဟာင်းယဇ်ပုလ္လင်ကို ဖြတ်သန်းကာ အခြားနေရာသို့ ဦးတည်သွားလိုက်လေသည်။
“သူက တစ်ခြားလမ်းကြောင်းက လူတွေကိုလည်း သွားသတ်တော့မယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“တကယ်ကို ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးတာပဲ … တစ်ခြားနေရာက လူတွေကို သတ်ဖို့အတွက် သူက ရှေးဟောင်းယဇ်ပုလ္လင်ကို ဖြတ်သွားတာလား…”
အားလုံး ဆွံ့အသွားရ၏။ ဤသည်မှာ မည်မျှပင် စွမ်းအားကြီးသနည်း… သာမန်လူသာဆိုလျှင် တောင်ဖိအားကို ခံစားရကာ သူတို့၏လှုပ်ရှားမှုများမှာ နှေးကွေးသွားမည်သာ။
သို့သော်လည်း ရှီဟောင်သည် မြေပြင်ထက်တွင် လမ်းလျှောက်နေသကဲ့သို့ပင်။
အဆင့်လွန်ရှေးဟာင်းယဇ်ပုလ္လင်သည် အလွန်တရာပင် ကြီးမားလှသည်။ သူ၏အရွယ်အစားသည် တောင်များထက်ပင် ကြီးမားပြီး ယဇ်ပုလ္လင်တစ်ခုလုံး မည်းနက်နေလေသည်။
ထို့ကြောင့် လမ်းကြောင်းရှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဝေးလွန်းလှသည်။ ဤမျှဝေးကွာလှသည့် အကွာအဝေးကိုပင် ရှီဟောင်သည် လျှင်မြန်စွာ ဖြတ်သန်းသွားလာနေ၏။ သူသည် ထိုရှေးဟောင်းမျိုးဆက်ဂိုဏ်းမှ တပည့်များအားလုံးကို သွားရောက်စစ်ဆေးမည်ပင်။
“အဆင့်လွန်ကျွမ်းကျင်သူ အစုတ်အပြတ်လေးက ဒီလိုမျိုးလုပ်ရဲတယ်ပေါ့ … သူက ငါတို့ရှေးဟောင်းမျိုးဆက်တွေကို အထင်သေးတာပဲ”
ဤတိုက်ပွဲကို စောင့်ကြည့်နေသည့် သက်ရှိများမှာ ဒေါသထွက်သွားကြပြီး သူတို့မျက်လုံးများလည်း အေးစက်သွားကြလေသည်။ ဤလူဘာလုပ်မည်ကို သိချင်ကြသောကြောင့် သူတို့လည်း လိုက်သွားကြလေ၏။
“သူ ရောက်လာပြီ”
အဆင့်လွန်ရှေးဟောင်းယဇ်ပုလ္လင်ထက်မှ တစ်စုံတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤသည်မှာ သတင်းလာပို့သည့် လော့ဖူတောင်ကြားမှ တစ်ယောက်ပင်။
“မကောင်းတော့ဘူး .. သူက မီးတိမ်လှိုဏ်ဂူနဲ့ တစ္ဆေတာအိုဂိတ်ဘက်ကနေ လာတာမလား … အဲဒီဘက်က လူတွေအားလုံး အသတ်ခံလိုက်ရတာလား…”
ဤလမ်းကြောင်းကို စောင့်ကြပ်နေသည့်သူများ၏ အမူအရာများ ပြောင်းလဲသွားပြီး သူတို့ထိတ်လန့်ကြောက်ရွံ့သွားကြရသည်။
“မင်းတို့ ကိုယ့်ဘာသာကိုယ် ပြန်သွားကြမလား … ဒါမှမဟုတ် ငါပို့ပေးရမလား”
ရှီဟောင်သည် ဝုန်းကနဲပင် ယဇ်ပုလ္လင်၏လှေကားပေါ်သို့ ခုန်ဆင်းလိုက်ကာ လမ်းကြောင်းကို တားဆီးလိုက်ပြီး ဤလူအုပ်ကို ကြည့်လိုက်သည်။
“သူက အဆင့်လွန်ရှေးဟောင်းယဇ်ပုလ္လင်ကနေ ဒီလောက်အမြင့်ကြီး ခုန်နိုင်တယ်ပေါ့” တစ်စုံတစ်ယောက် ဆွံ့အစွာ ပြောလိုက်လေသည်။
အဆင့်လွန်ရှေးဟောင်းယဇ်ပုလ္လင်ပေါ်တွင်ရှိနေသည့် ဖိအားမှာ ကြောက်စရာကောင်းလွန်းလှသည်။ စွမ်းအားကြီးသည့် အဆင့်လွန်ကျွမ်းကျင်သူများ တက်လာလျှင်ပင် သူတို့၏လှုပ်ရှားမှုများမှာ နှေးကွေးသွားမည်ပင်။ မည်သူမျှပျံသန်းနိုင်မည်မဟုတ်ပဲ တက်၍သာ ရလေသည်။
တစ်စုံတစ်ယောက်သည် အရိုးကြေးမုံကို မြှောက်လိုက်ပြီး သူရှိနေသည့်ဘက်သို့ ထွန်းလင်းစေလိုက်လေသည်။
ထိုအချိန်တွင် ရှီဟောင်၏ နဖူးမှ မြင့်မြတ်သည့်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင်ရှိနေသည့် တိမ်တိုက်များကို ဖယ်ရှားပစ်လေသည်။
“ဘုရားရေ .. သူပဲ”
ယခုအချိန်တွင် မည်သူရောက်လာပြီဖြစ်မှန်း အားလုံးသိသွားကြလေပြီ။
“အပြစ်သားသွေးမျိုးဆက် .. မင်းက တော်တော်လေးကို အတင့်ရဲနေတာပဲ … ငါတို့မင်းကို လာမရှာတာတောင်မှ မင်းက ငါတို့ဆီကို လာရဲတယ်ပေါ့ … မင်းက ဒီမှာ ပြဿနာလာရှာတာလား” သူတို့ထဲမှ တစ်ယောက်သည် ဒေါသမထိန်းနိုင်ပဲ မေးလိုက်လေသည်။
“အရင်ဆင်းလာခဲ့လိုက်စမ်းပါ .. ရှင့်ကို ကိစ္စတုံးပေးမယ်” အမျိုးသမီးတစ်ယောက် ရယ်မောကာ ပြောနေလေသည်။ သူမသည် သတိကြီးကြီးထားနေဆဲဖြစ်သော်လည်း ဒေါသမထိန်းနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤမျိုးဆက်များသည် ဒုစရိုက်စီရင်စုကို အထင်သေးနေကျဖြစ်ပြီး ဤသည်မှာ သူတို့၏မွေးရာပါ စိတ်ထားနှင့်ပင် တူနေလေပြီ။
“ကြည့်ရတာ ငါမင်းတို့ကို ပို့ပေးရမယ်နဲ့တူတယ်” ရှီဟောင်သည် အပိုစကား ပြောမနေတော့ပဲ တိုက်ခိုက်လိုက်လေသည်။
ထိုအချိန်တွင် ဤနေရတစ်ခုလုံး အလင်းတန်းများ တောက်ပလာကာ အရိုးစာသားများလည်း တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာကာ ယဇ်ပုလ္လင်၏ နေရာအတော်များများကို ဖုံးလွှမ်းသွားလေသည်။
တိုက်ပွဲကြီးစတင်နေပြီဖြစ်ပြီး ဤသည်မှာ အတော်လေး ပြင်းထန်သည့် တိုက်ပွဲပင်။
ဤလူများမှာ ဤသည်ကို လက်ခံကြမည်မဟုတ်ပေ။ အချို့သူများမှာ အဆင့်လွန်လက်နက်များကို ကိုင်ထားကြလေ၏။
ဖူး…
သို့သော် မကြာခင်မှာပင် ထိုမိန်းကလေးမှ နာကျင်နေသည့်အော်ဟစ်သံကြီးထွက်ပေါ်လာကာ သူမ၏မျက်ခုံးကြားမှ သွေးများလွင့်စင်ထွက်လာလေ၏။ ရှီဟောင်၏ လက်ညှိုးတစ်ချောင်းတည်းဖြင့် သူမ၏ ဦးခေါင်းခွံ အက်ကွဲသွားလေပြီ။ သူမ၏ အလောင်းသည် အပြင်ဘက်သို့ လွင့်ထွက်သွားလေ၏။
ထို့နောက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူလေးယောက်၏ခါးကို ဖြတ်သွားလေသည်။ သွေးများစီးကျလာပြီး ရှီဟောင်၏ခြေရင်းတွင် အလောင်းများ ပုံသွားလေ၏။
ဤနေရာတွင်ရှိနေသည့်သူအားလုံးသည် ဤတိုက်ခိုက်မှုကို သူတို့တတ်နိုင်သမျှ ခုခံနေသော်လည်း သေဆုံးရမည့်သူတို့၏ကံတရားကို မရှောင်လွဲနိုင်ပေ။ သူတို့တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြလေ၏။ ထိုနေရာတွင်လူငယ်တစ်ယောက်သာ ကျန်ခဲ့ပြီး သူ၏ခြေထောက်အောက်တွင်ရှိနေသည့် ယဇ်ပုလ္လင်မှာမူ နီရဲနေလေပြီ။
“အပြစ်သားသွေးမျိုးဆက်က ရှေးဟောင်းဂိုဏ်းကြီးတွေကို စိန်ခေါ်နေတာပဲ … အရမ်းကို မိုက်တာပဲ”
အဆင့်လွန်ကျွမ်းကျင်သူများ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ ရှီဟောင်သည် အခြားနေရာနှစ်ခုတွင်လည်း တိုက်ခိုက်ပြီးသွားပြီး လူအုပ်စုလိုက်ကြီးကို သတ်ခဲ့သည်ကို သူတို့မသိကြသေးပေ။
သူ့ကို အထင်အကြီးဆုံးသူများမှာ ဒုစရိုက်စီရင်စုမှ ကျင့်ကြံသူများပင်။ သူတို့သည် စိတ်အားတက်ကြွလာပြီး ကျယ်လောင်စွာပင် ချီးကျူးကြလေ၏။
“ချီးပဲ .. သူ နောက်ထပ်ရွေ့နေပြန်ပြီ” ကောင်းကင်နတ်ဘုရားများပင်လျှင် ဒေါသထွက်သည့်အမူအရာများဖြစ်နေလေပြီ။ သူသည် ရှီဟောင်အား အေးစက်စွာ စိုက်ကြည့်နေလေ၏။
ထင်ထားသည့်အတိုင်းပင် ရှီဟောင်သည် နဂါးတစ်ကောင်ကဲ့သို့ပင် ယဇ်ပုလ္လင်၏အခြားနေရာတစ်ခုကို ထွက်သွားလေသည်။
ယခုအချိန်တွင် ဤနေရာမှာ လုံးဝကို ဆူညံနေလေပြီ။ အခြားနေရာများမှ အဆင့်လွန်ကျွမ်းကျင်သူများစွာလည်း ဤအကြောင်းကို သိနေလေပြီ။
တိုက်ပွဲအပြင်ဘက်တွင်ရှိနေသည့်သူများသည်လည်း ထိုလူငယ်လေး၏ လှုပ်ရှားမှုအတိုင်း လိုက်သွားကြလေ၏။
ရှီဟောင်သည် ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းကို အသုံးပြုလိုက်သည်။
နောက်ဆုံးတွင် ငါးနေရာမှ လူများမှာ သူ့ကိုရှုံးနိမ့်သွားလေပြီ။ ထိုအချိန်တွင် ကျန်သည့်အခြားနေရာသုံးခုမှ လူများမှာ ယဇ်ပုလ္လင်ထက်သို့ တက်သွားလေပြီ။
“သူသေသင့်တယ်…”
တိုက်ပွဲအပြင်ဘက်တွင်ရှိနေသည့် နတ်ဘုရားအစစ်နှင့် အခြားသူများသည် လက်သီးများကို ဆုတ်ကာ တိုက်ပွဲကို ကြည့်နေလေ၏။ သေဆုံးသွားသည့်သူများမှာ သူတို့တပည့်များဖြစ်သောကြောင့် ဤသည်မှာ သူတို့ကို အတော်လေး သုန်မှုန်စေလေသည်။
သူတို့တပည့်များကို သူတို့မျက်စိရှေ့တွင်ပင် သတ်နေသောကြောင့် ဤသည်မှာ သူတို့ကို အရှက်ခွဲနေခြင်းပင်။
အခြား ပရိတ်သတ်များမှာ ပို၍ပင် စိတ်လှုပ်ရှားနေကြလေ၏။ ဤသည်မှာ သူတို့နှင့်ဘာမှမသက်ဆိုင်သောကြောင့် ဤသည်မှာ စိတ်ဝင်စားစရာကောင်းသည့် မြင်ကွင်းပင်။
ရှီဟောင်သည် ယဇ်ပုလ္လင်အပြင်ဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများမှ အေးစက်နေသည့် လျှပ်စစ်တန်းနှစ်ခုမှာ ထိုထိပ်တန်းအဆင့်ဝင်ဂိုဏ်းများမှ အကြီးအကဲများပေါ်သို့ ကျရောက်နေလေသည်။ သူ ဘာမှမပြောသော်လည်း ဤအကြည့်ကပင်လျှင် ထိုလူများကို ပို၍စိတ်တိုသွားအောင် လုပ်နိုင်လေ၏။
ရှီဟောင်သည် ကြီးမားလှသည့် ယဇ်ပုလ္လင်ကို မော့ကြည့်ကာ အပေါ်ဘက်သို့ လျင်မြန်စွာ ပြေးတက်သွားလေသည်။
အနက်ရောင်ရှေးဟောင်းယဇ်ပုလ္လင်မှာ စုစုပေါင်း အလွှာကိုးလွှာရှိလေ၏။ တစ်လွှာတက်လိုက်တိုင်းတွင် သူရင်ဆိုင်ရသည့် ဖိအားမှာ အဆပေါင်းများစွာ ပိုများလာလေ၏။
သို့သော် ရှီဟောင်လှုပ်ရှားလိုက်သည့်အချိန်တွင် သူဖြတ်သွားသည့် အဆင့်လွန်ကျွမ်းကျင်သူများမှာ ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အရှိန်မှာ လျင်မြန်လွန်းလှပြီး မည်သည့်ဖိအားမှ မခံစားရသကဲ့သို့ပင် ပထမဆုံးအလွှာသို့ တရှိန်ထိုး တက်သွားလေသည်။
ထို့နောက်တွင် သူ့အရှိန် အနည်းငယ် နှေးကွေးသွားကာ နောက်တစ်ဆင့်သို့ ဆက်တက်သွားလေသည်။
အားလုံးမှာ အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် လူများစွာမှာ ပထမအဆင့်တွင် ရုန်းကန်နေရဆဲပင်။ သူတို့၏နဖူးတွင် ချွေးများရွှဲစိုနေပြီဖြစ်ပြီး သူတို့၏အရိုးများလည်း ကျိုးကြေတော့မတတ်ပင်။
ရွှီးဟူသည့်အသံနှင့်အတူ ရှီဟောင်သည် နောက်တစ်ဆင့်သို့ ခုန်တက်သွားလေ၏။ သူ၏အရှိန်မှာ အနည်းငယ် နှေးကွေးသွားသော်လည်း သူသည် တတိယအလွှာသို့ ဆက်သွားနေဆဲပင်။
“သူရူးနေပြီ .. သူက တကယ်ကို လူထူးဆန်းပဲ .. ဒီလိုမျိုးဖိအားအောက်မှာတောင် သူ့ရဲ့ခန္ဓာကိုယ်က ဘယ်လိုလုပ် ဒီလောက်မြန်မြန်သွားနိုင်နေတာလဲ”
အဆင့်လွန်ရှေးဟောင်းယဇ်ပုလ္လင်မှာ ကြီးမားလွန်းလှပြီး ထိုယဇ်ပုလ္လင်ကို တွယ်တက်နေသည့် ကျင့်ကြံသူမှာလည်း ပုရွက်ဆိတ်အုံကဲ့သို့ပင် ထောင်ပေါင်းများစွာရှိနေလေသည်။ အားလုံးမှာ ခေါင်းမော့ကာ အော်ဟစ်လိုက်ကြလေသည်။
အခြားသူများမှာ တစ်ဆင့်တက်နိုင်ရန်အတွက် အံကြိတ်ကာ ကြိုးစားနေသည့်အချိန်တွင် သူသည် ဤကဲ့သို့ တရှိန်ထိုးပြေးသွားနေလေ၏။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်သည် တတိယအလွှာ၏ အမြင့်ဆုံးနေရာသို့ ရောက်နေလေပြီ။ ထိုအချိန်တွင် သူ ဆွံ့အသွားရသည်။ ဤနေရာတွင် နေရာ ၈ ခုလုံးပေါင်းစုံသွားကာ အပေါ်တက်ရန် လမ်းကြောင်းတစ်ကြောင်းသာ ရှိနေလေသည်။
သူသာ ဤသည်ကို စောစောသိခဲ့ပါက ဤနေရာသို့သာ အရင်လာခဲ့မည်ပင်။ သူအခြားနေရာများကို သွားနေမည်မဟုတ်တော့ပေ။
ရှီဟောင်သည် ထိုနေရာတွင် လမ်းပိတ်ရပ်လိုက်ကာ အောက်ဘက်ကို စီးကြည့်လိုက်လေ၏။
“မင်း…”
အခြားနေရာမှ တက်လာသည့်သူအချို့မှာ ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွားရသည်။ အပြစ်သားသွေးမျိုးဆက်သည် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ လူများစွာကို သတ်ဖြတ်နေသည်ဟု သူတို့သတင်းရခဲ့ပြီးသားပင်။
“မင်း ဘာလုပ်ချင်နေတာလဲ” တစ်စုံတစ်ယောက်မှ ကြိမ်းမောင်းလိုက်သည်။
“မင်းက ငတုံးလား .. ငါ ဘာလုပ်ချင်နေတာလဲဆိုတာ မသိသာဘူးလား” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။ သူသည် လက်နောက်ပစ်ထားကာ သူ၏အင်္ကျီများမှာ လေထဲတွင် လူးလွန့်နေလေ၏။ သူ၏မျက်လုံးများမှာ နတ်မီးအိမ်များကဲ့သို့ တောက်ပနေလေသည်။
“ရှင် ဘယ်လိုပြဿနာမျိုးရှာမိသွားပြီလဲဆိုတာ ရှင်သိလား .. ရှင်ဒီမှာ လွန်လွန်ကျူးကျူးတွေ လုပ်လို့ရပေမယ့် ရှင်အပြင်ဘက်လောကကို ပြန်ရောက်သွားတာနဲ့ တစ်ခြားသူတွေ သတ်တာ ခံရမှာပဲ” မိန်းကလေးတစ်ယောက်မှ ပြောလိုက်သည်။
အခြားသူများလည်း ဒေါသထွက်နေကြလေ၏။ အရင်ဆုံးတိုက်ခိုက်သည့်သူများမှာ သူတို့ဖြစ်သင့်သော်လည်း အဆုံးတွင် တစ်စုံတစ်ယောက်မှ သူတို့အား လမ်းပိတ်ကာ တိုက်ခိုက်နေလေပြီ။
“မင်းတို့မျိုးဆက်တွေက ဘာများတန်ဖိုးရှိနေလို့လဲ .. မတရားမှုပေါ်လာတဲ့တစ်နေ့မှာ အပြစ်သားသွေးမျိုးဆက်တွေအတွက် အလင်းရောင် ပေါ်လာမှာပဲ .. ဒီနေ့ ငါဒီမှာရပ်နေတော့ မင်းတို့တွေတစ်ယောက်မှ ဒီကနေဖြတ်ဖို့ မစဉ်းစားနဲ့”
ရှီဟောင် ပြောလိုက်သည်။
ထောင်ပေါင်းများစွာသည့် အဆင့်လွန်ကျွမ်းကျင်သူများဖြစ်စေ … များပြားလှသည့် စောင့်ကြည့်နေကြသည့်သူများပင်ဖြစ်စေ အားလုံး ထိတ်လန့်သွားကြသည်။
“လျှာရိုးမရှိ လျှောက်ပြောနေတယ် .. သတ်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ဤလူအုပ်သည်လည်း သူ၏ပြိုင်ဘက်မဟုတ်သေးသည်မှာ သိသာသည်။ ဤလူအုပ်တွင် လူတစ်ရာကျော်ပါသော်လည်း ယခုအချိန်တွင် သွေးများမှာ မြစ်ကဲ့သို့ပင် စီးဆင်းနေလေပြီ။
“အား .. ငါနာလို့သေတော့မယ်” ပြိုင်ပွဲအပြင်ဘက် ပွဲကြည့်နေသည့်ဘက်မှ နာမည်ကြီးသည့်သူတစ်ယောက်၏ အော်သံ ထွက်ပေါ်လာလေ၏။
“မင်း .. ဒီကိုမလာခဲ့နဲ့”
အဆုံးသတ်တွင် အားလုံး ပြိုလဲကျသွားလေသည်။
ဖူး..
မိန်းကလေးတစ်ယောက်သည် လည်ပင်းပေါ်တွင် ဓားကိုလှုပ်ရှားလိုက်ပြီး သူမဘဝကို သူမကိုယ်တိုင် အဆုံးသတ်လိုက်လေသည်။ ထို့နောက်တွင် သူမသည် အလင်းမိုးအဖြစ် ပြောင်းလဲသွားကာ ဝိဉာဉ်နယ်မြေမှ ထွက်သွားလေသည်။
ထိုဂိုဏ်းများမှ ကျန်ခဲ့သည့်သူများမှာ ဆွံ့အနေလေပြီ။ ဤသည်မှာ အလွန်အရှက်ရစရာကောင်းသည့် ဖြစ်ရပ်ပင်။
“ဒီ … ဒီလိုမျိုး အမုန်းတရားမျိုးကို ဘယ်လိုလုပ် သည်းခံရမလဲ” ပြိုင်ပွဲအပြင်ဘက်မှ နတ်ဘုရားများ ဟစ်ကြွေးလိုက်သည်။
ဤသည်မှာ သည်းမခံနိုင်သည့် ကိစ္စပင်။ သူတို့သည် ရှေးကျကာ စွမ်းအားကြီးသည့်မျိုးဆက်ဖြစ်သော်လည်း သူတို့တပည့်များမှာ ယုံကြည်ချက် ပျောက်ဆုံးသွားသည်အထိ အသတ်ခံနေရပြီး တိုက်ပွဲမှထွက်ခွာရန်အတွက် ကိုယ့်ကိုကိုယ်ပင် အဆုံးသတ်သွားလေပြီ။ ဤသတင်းသာ ပေါက်ကြားသွားပါက ဤသည်မှာ ဟာသတစ်ခု ဖြစ်သွားမည်သာ။ ဤသည်မှာ ရှက်စရာကောင်းလွန်းလှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီဟောင် ထိုလူအုပ်ကြီးကို ရှင်းပစ်လိုက်လေသည်။
“မင်းက သန်မာပေမယ့် ဒီနေ့တော့ မင်းရဲ့ကပ်ဆိုးကြီးကနေ မင်းထွက်ပြေးနိုင်မှာ မဟုတ်ဘူး” ရုတ်တရက်ပင် တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဤသည်မှာ အဖြူရောင်ဝတ်စုံဝတ်ထားသည့် လူခြောက်ယောက်ဦးဆောင်လာသည့် လူအုပ်ကြီးတစ်ခုပင်။ ထိုလူခြောက်ယောက်လုံးသည် အဖိုးတန်ဘူးတစ်ခုစီကို ကိုင်ထားကြပြီး မြင့်မြတ်သည့်အလင်းတန်းများလည်း သူတို့ကို ဝန်းရံထားလေသည်။ သူတို့သည် တစ်လှမ်းချင်း လျှောက်လာနေလေ၏။
ရှီဟောင် ဆွံ့အသွားရ၏။ သူတို့သည် လေးလွှာမှ ဆင်းလာကြခြင်းပင်။ သူတို့အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူတို့သည် ပိုမြင့်သည့်အလွှာသို့ ရောက်နေသော်လည်း သူ့အတွက် ပြန်ဆင်းလာကြခြင်းပင်။
“သရဖူခြောက်ခုဘုရင်က မင်းအသက်ကိုလိုချင်နေတာ .. အဲဒီတော့ ဘယ်သူကမှ မင်းကံကြမ္မာကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး .. ကောင်းကင်ဘုံတောင်မှ မင်းကို မကယ်နိုင်ဘူး” ထိုခြောက်ယောက်ထဲမှ တစ်ယောက် ပြောလိုက်သည်။
“မင်းက ငါ့ကိုသတ်မှာလား” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
“သရဖူခြောက်ခုဘုရင်ရဲ့ ပညာတွေကိုသုံးပြီးတော့ ငါတို့မင်းကို သတ်မှာ” တစ်စုံတစ်ယောက်သည် အမြင့်မှနေ၍ ရှီဟောင်အား စီးကြည့်ကာ ပြောလိုက်သည်။
“သရဖူခြောက်ခုဘုရင်ဟုတ်လား .. အဲဒီကောင်က သူ့ကိုယ်သူ ဘာထင်နေတာလဲ .. မင်းတို့အားလုံးသေချင်နေကြတာဆိုတော့ ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။