သုခကမ္ဘာက ရှီဟောင် - Chapter - 1007 ထာဝရရှေးဟောင်းမြေ
“ဝူး…” ရှည်လျားလှသည့် စစ်ခရာသံထွက်ပေါ်လာပြီး လောကကြီးတစ်ခုလုံးကိုပင် တုန်ခါသွားစေလေသည်။ ဤအသံမှာ ရှေးခေတ်က ယခုခေတ်သို့ ရောက်လာသည့် ပုံစံမျိုးပင်။
ဤသည်မှာ အဆင့်မြင့်နယ်မြေ၏ စစ်ခရာသံဖြစ်ပြီး နဂါးချိုဖြင့်လုပ်ထားသည့်ခရာဖြစ်သည်ဟုပင် ပြောကြလေသည်။ တစ်ချက်မှုတ်လိုက်ရုံဖြင့် စီရင်စုသုံးထောင်လုံးကို ပဲ့တင်ခတ်သွားနိုင်လေ၏၊ ဤခရာကို ကြီးကျယ်ခမ်းနားသည့်ပွဲများတွင်သာ အသုံးပြုခြင်းပင်။
ယနေ့သည် သမိုင်းမှတ်တမ်းတင်ရမည့် နေ့တစ်နေ့ပင်။ ထာဝရတာအိုပန်းအဖူးမှာ နောက်ဆုံးအကြိမ်ဖူးပွင့်လာလေပြီ။
ရှေးဟောင်းမြေအတွင်းတွင် ပွင့်ဖတ်သုံးထောင် ပွင့်အာနေပြီး အလွန်ပင်တောက်ပနေလေသည်။ ဤသည်မှာ အားလုံး၏မျက်လုံးများကိုပင် ကျိန်းစပ်သွားစေလေ၏။ အားလုံးသည် ထိုမြင်ကွင်းကို ဆွံ့အစွာဖြင့်သာ ကြည့်နေကြလေသည်။
ဤသည်မှာ တာအိုဆင့်ကဲပြောင်းလဲခြင်းပင်။ ပန်းပွင့်ဖတ်များတွင် တာအိုတစ်မျိုးရှိနေပြီး ရှေးယခင်ကတည်းကနေ ယခုထိ ပွင့်နေခြင်းပင်။ အားလုံးသည် ပွင့်ဖတ်ပေါင်း ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးခုကို မြင်ပြီးသွားလေပြီ။
ယနေ့တွင် သုံးထောင်မြောက်ပွင့်ဖတ် ပထမဆုံးအကြိမ် ပေါ်လာမည်ပင်။
နတ်မီးတောက် သို့မဟုတ် အစစ်အမှန်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများမပြောနှင့် နှစ်ပေါင်း သန်းပေါင်းများစွာ နေထိုင်ခဲ့သည့် သူများပင်လျှင် ဤမြင်ကွင်းကို သေချာကြည့်နေကြလေသည်။
သူတို့သာ ဤအရာကို နားလည်နိုင်လျှင် သူတို့ ပြန်လည်မွေးဖွားခြင်းပင် ရရှိနိုင်လိမ့်မည်။
ပန်းပွင့်မှာ ကြီးမားလွန်းလှပြီး ပွင့်ဖတ်တစ်ခုစီတိုင်းတွင် လမ်းကြောင်းတစ်ခု ရှိနေလေသည်။ ထိုပန်းပွင့်သည် ကျင့်ကြံသူပေါင်း သိန်းပေါင်းများစွာကို ရစ်ပတ်ကာ ပန်းပွင့်ဖတ်အတွင်းသို့ ပို့ပေးနေကာ သူတို့၏ သက်ဆိုင်ရာ ထာဝရဂိတ်တံခါးသို့ ခေါ်ဆောင်သွားလေသည်။
အားလုံး၏အမူအရာမှာ လေးနက်နေလေသည်။ သူတို့သည် တိတ်တဆိတ်ပင် ပတ်ဝန်းကျင်ကို လေ့လာနေလေသည်။ ဤနေရာတွင်ရှိနေသည့် တာအိုမှာ နားလည်ရန် လွယ်ကူလေသည်။ သူတို့သာ တစ်ခုခုရရှိသွားလျှင် သူတို့တစ်ဘဝလုံးအတွက် အကျိုးရှိသွားနိုင်သည်။
အလင်းမိုးများ ရွာကျလာပြီး မိုးတစ်စက်စီတိုင်းမှာလည်း တောက်ပလှလေသည်။
တစ်စုံတစ်ယောက်သည် မတောင့်ခံနိုင်တော့ပဲ ကျယ်လောင်စွာပင် အော်ဟစ်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မထင်မှတ်ပဲ ဤနေရာတွင် အသိဉာဏ်များ ပွင့်လာပြီး အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်ကို ဖြတ်ကျော်ကာ နတ်မီးတောက် တောက်လောင်လာသောကြောင့်ပင်။ သူတို့၏ ခေါင်းစခြေဆုံး နတ်မီးတောက်များ တောက်လောင်နေလေပြီ။
ဖုန်း..
ရလဒ်အနေဖြင့် လူအယောက်တစ်ရာကျော်မှာ လမ်းကြောင်းမှ ဖယ်ရှားခံလိုက်ရပြီး မြေပြင်ပေါ်သို့ ကျရောက်သွားလေသည်။
“မဟုတ်ဘူး..” ထိုလူများသည် မကျေနပ်စွာဖြင့်ပင် အော်ဟစ်လိုက်ကြလေသည်။ သူတို့သည် ထာဝရဂိတ်အနားသို့ ရောက်ပြီး ထာဝရရှေးဟောင်းမြေထဲသို့ ရောက်တော့မည်ဖြစ်သော်လည်း အဆင့်တက်သွားသောကြောင့် သူတို့ဖယ်ရှားခံလိုက်ရလေပြီ။
ဤသည်မှာ လူအနည်းငယ်ကို နိုးထသွားစေပြီး သူတို့ကို ဂရုစိုက်ရန် သတိပေးလိုက်သလိုပင်။
“နှမြောစရာပဲ” ခပ်ဝေးဝေးတွင်ရှိနေသည့် နာမည်ကြီးသည့်သူတစ်ချို့ သက်ပြင်းချလိုက်ကြလေသည်။ သူတို့တပည့်များ ကျလာသည်ကို မြင်လိုက်ရသည့်အချိန်တွင် လူအချို့မှာ မျက်နှာပျက်သွားကြလေသည်။
ထာဝရပန်းပွင့်တစ်ဖတ်စီတိုင်းမှ လူတစ်ထောင်ခန့် ပို့ပေးနေသောကြောင့် ဤပန်းပွင့်မှာ မည်မျှပင် ကြီးမားသည်ကို စဉ်းစားကြည့်နိုင်သည်။
တောက်ပနေသည့် ပွင့်ဖတ်တစ်ခုစီတိုင်းတွင် အလင်းမိုးနှင့်ပေါင်းစည်းထားသည့် အလင်းဂိတ်တံခါးတစ်ခု ရှိနေလေသည်။ ဤဂိတ်တံခါးများမှာ ရှေးဟောင်းလျှို့ဝှက်မြေနှင့် ချိတ်ဆက်ထားခြင်းပင်။
အချို့သူများမှာ ပို၍ပင် ကံကောင်းကြလေသည်။ သူတို့နတ်မီးတောက်ရသည်နှင့် ချက်ချင်းပင် ဂိတ်တံခါးထဲသို့ ပြေးဝင်သွားလိုက်ကြကာ အထဲဘက်ဝင်သွားပြီးသည့်နောက် ဆက်လက်လေ့လာကြလေသည်။
“မြန်မြန်လုပ် ဒီမှာ အချိန်မဖြုန်းနဲ့ .. အထဲဘက်မှာလည်း ငါတို့လေ့လာနိုင်တဲ့တာအိုတွေရဦးမှာ” တစ်စုံတစ်ယောက်မှ သူ၏အဖော်များကို ပြောလိုက်လေသည်။
ပွင့်ဖတ်သုံးထောင်မှာ ရှည်လျားသွယ်လျကာ တောက်ပလာပြီး ထိုပွင့်ဖတ်များ အားလုံး ပေါင်းလိုက်သည့်အချိန်တွင် လှပလွန်းလှသည်။
အားလုံးသည် အထဲဘက်သို့ လျင်မြန်စွာ သွားကြလေသည်။ အပြင်ဘက်တွင် လူအနည်းငယ်သာ ကျန်ခဲ့တော့လေသည်။
ရှီဟောင်လည်း ထိုလူများထဲမှ တစ်ယောက်ပင်။ သူသည် ဘေးဘယ်ညာကြည့်ကာ ဝတ်ဆံဖိုထံသို့ သွားမည့်လမ်းကိုရှာနေသော်လည်း ထိုနေရာတွင် မည်သည့်တံခါးမှ မရှိသည်ကို တွေ့လိုက်ရသောကြောင့် သူအလျော့ပေးရုံသာ တတ်နိုင်လေသည်။
နောက်ဆုံးတွင် သူသည် နောက်ဆုံးတွင် ပွင့်လာသည့် အခုသုံးထောင်မြောက်ပွင့်ဖတ်ပေါ်တွင်သာ အာရုံစိုက်လိုက်လေ၏။ သူသည် ရုတ်တရက်ပင် ထိုပွင့်ဖတ်ပေါ်သို့ တက်ပြီး တရှိန်ထိုးတက်သွားလေသည်။
နှမြောစရာကောင်းသည်မှာ ကြီးမားလှသည့်အားတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ပြန်တွန်းလိုက်သောကြောင့် သူ၏မူလနေရာပြန်ရောက်သွားလေသည်။
“အသစ်ထွက်လာတဲ့ပွင့်ဖတ်က ဒီလောကကြီးနဲ့ပိုပြီးတော့ စည်းချက်ညီလောက်တယ် .. နားလည်အောင်လုပ်ဖို့ ထိုက်တန်တယ် .. ငါသွားရမယ်”
ရှီဟောင်၏ခန္ဓာကိုယ်တောက်ပလာကာ သူနောက်တစ်ကြိမ်ကြိုးစားလိုက်သည်။ သို့သော်လည်း သူကျရှုံးဆဲသာဖြစ်ပြီး အခြားတာအိုစွမ်းအင်လှိုင်းတစ်ခုကြောင့် နောက်ပြန်လွင့်သွားလေသည်။
အကြိမ်ပေါင်းများစွာ ကြိုးစားပြီးသည့်နောက်တွင် သူလက်လျော့ရုံသာ တတ်နိုင်တော့လေသည်။ သူအခြားလမ်းများကို ရှာကြည့်ချင်သော်လည်း ကြည့်ရသည်မှာ အလုပ်ဖြစ်မည့်ပုံ မပေါ်ပေ။ သူသည်ရွေးချယ်စရာမရှိပဲ အရှေ့သို့ တက်သွားရုံသာ တတ်နိုင်လေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် လူများစွာမှာ ဆွံ့အသွားရသည်။ ဒီတပည့်က ဘယ်မျိုးဆက်ကလဲ .. သူကအမြဲတမ်း ပြဿနာတွေပဲ ရှာနေတာ .. အခြားသူများမှာ မဝင်နိုင်မည်ကို စိုးရိမ်နေသည့်အချိန်တွင် သူသည် အပြင်ဘက်သို့သာ ကန်ထွက်နေသည်။
ရှီဟောင်ဝင်သွားသည့်အချိန်တွင် ဂိတ်တံခါးသုံးထောင်လုံး ပိတ်သွားပြီး ပျောက်ကွယ်သွားလေပြီ။
သူသည် နောက်ဆုံးဝင်သွားသည့်သူပင်။
“ဒီတစ်ယောက်က .. အလားအလာအနည်းဆုံးဖြစ်လောက်မယ်” အပြင်ဘက်မှ လူအချို့ တီးတိုးပြောနေလေသည်။
အဘယ်ကြောင့်ဆိုသော် ပထမဆုံးဝင်သွားသည့် သူတစ်သိန်းတွင် ကောင်းကင်ပါရမီရှိသူများလည်း ပါဝင်လေသည်။ ချွင်းချက်များရှိခဲ့လျှင်ပင် သူတို့သည် ထိုအယောက်တစ်သိန်းအောက်တော့ ရောက်မည်မဟုတ်ပေ။
ကျန်ခဲ့သည့်သူများမှာ အရည်အချင်းနိမ့်ကျသည့်သူများပင်။
“ဒါက .. သူ တမင်သက်သက်နောက်ကျအောင် လုပ်တာလား .. မဟုတ်ရင် သူနောက်ဆုံးမှ ဝင်မှာ မဟုတ်ဘူး .. ဒါပေမဲ့ သူကောင်းကင်ပါရမီအဆင့်ထဲဝင်မလားဆိုတာတော့ ပြောရခက်တယ်”
“မျိုးဆက်သေးသေးလေးက တပည့်လေးပဲ နေမှာပေါ့ .. မဟုတ်ရင် အရင်ရောက်အောင် သွားရမယ်ဆိုတာကို သူဘယ်လိုလုပ် မသိပဲနေမှာလဲ” တစ်စုံတစ်ယောက်မှ ခေါင်းခါကာ ပြောလိုက်သည်။
ရှီဟောင်သည် နောက်ဆုံးမှ ဝင်လိုက်ခြင်းဖြစ်သော်လည်း လူအချို့၏အာရုံစိုက်ခြင်းကို ခံနေရဆဲပင်ဖြစ်ပြီး ဆွေးနွေးစရာခေါင်းစဉ်တစ်ခု ဖြစ်လာနေဆဲပင်။ သို့သော် ကောင်းသည့်စကားများတော့ မဟုတ်ပေ။
“တာအိုလူငယ်လေးတို့ .. ပွင့်ဖတ်သုံးထောင်ထဲမှာ အတူတူအလုပ်လုပ်ကြပါ” ဂိုဏ်းခေါင်းဆောင်တစ်ဦးမှ ပြောလိုက်သည်။
သူတို့ဤသည်ကို နေ့တိုင်းအသက်သွင်းနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သုံးစွဲရသည့်စွမ်းအားမှာ များပြားလွန်းလှသောကြောင့်ပင်။
ဝုန်း..
အရှေ့ဘက်မှ ဂိုဏ်းခေါင်းဆောင်တစ်စုသည် သူတို့၏ မှော်စွမ်းအားကို အသက်သွင်းလိုက်လေသည်။ ကောင်းကင်နှင့်မြေကြီးမှာ ချက်ချင်းပင် လောင်ကျွမ်းနေသကဲ့သို့ဖြစ်လာပြီး အလင်းတန်းများမှာလည်း ပင်လယ်ကြီးကဲ့သို့ပင် တောက်ပလာလေ၏။
ပွင့်ဖတ်သုံးထောင်မှာ ချက်ချင်းပင် တောက်ပလာပြီး နတ်စွမ်းအားများကို စုတ်ယူလိုက်လေသည်။ ထိုပွင့်ဖတ်များမှာ အလွန်ပင်တောက်ပလာပြီး ကြေးမုံများကဲ့သို့ပင် တောက်ပလာကာ မြင်ကွင်းအားလုံးကို ပြသနေလေ၏။
ထာဝရရှေးဟောင်းမြေထဲတွင်…
ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် လမ်းကြောင်းများရှိနေပြီး လမ်းများမှာ မတ်စောက်သည့်လျှောစောက်ပုံစံများပင်။
သံသယဖြစ်စရာမလိုစွာပင် ကျောက်လှေကားပေါင်း သုံးထောင် ရှိလေသည်။
အဆင့်လွန်ကျွမ်းကျင်သူ ငါးသန်းခန့်မှာ ထိုကျောက်လမ်းများပေါ်တွင် လျှောက်နေကြပြီး မည်သူမျှစကားမပြောကြပေ။ သူတို့အားလုံးသည် ထိပ်ဆုံးသို့ ပထမဆုံးရောက်သည့်သူ ဖြစ်ချင်နေကြခြင်းပင်။
“အားလုံး ပုံမှန်ပဲ .. အရင်တုန်းကအတိုင်းအတူတူပဲ … ဒီကျောက်လမ်းသုံးထောင်က မတူညီတဲ့တာအိုဂိတ်တွေကို ခေါ်သွားလိမ့်မယ္ … ဒီလမ်းပေါ်မှာရှိတဲ့သူတွေက ဖိအားကြီးတွေကို ခံစားရလိမ့်မယ်” ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ ပြောလိုက်သည်။
ဤလမ်းကြောင်းမှာ ရှေးခေတ်ကတည်း မပြောင်းလဲခဲ့ပေ။
ထို့နောက်တွင် ဂိုဏ်းခေါင်းဆောင်များစွာ စုပေါင်းကာ ကျောက်လမ်းအဆုံးတွင်ရှိနေသည့် မြင်ကွင်းကိုမြင်နိုင်အောင် လုပ်လိုက်ကြသည်။
ဤနေရာမှာ တောက်ပလှပြီး စိတ်ကူးယဉ်ကမ္ဘာနှင့်ပင် တူနေလေ၏။ သို့သော်လည်း အဆင့်လွန်ကျွမ်းကျင်သူများမှာ ဤနေရာသို့ မဝင်လျှင် သူတို့ဘေးပတ်လည်ကို လျှောက်သွားရန်အတွက်မူ မှုန်ဝါးလွန်းလှသည်။
“ဒီလောကကြီးထဲကို ဝင်လိုက်တာနဲ့ သူတို့နာမည်တွေ ပွင့်ဖတ်ပေါ်မှာ ပေါ်လာလိမ့်မယ် … အဲဒီအချိန်ကျရင် ငါတို့အဲဒီလူတွေကို လေ့လာလို့ရပြီ .. သူတို့ပတ်ဝန်းကျင်ကိုလည်း လေ့လာကြည့်လို့ရတယ်”
အဆင့်မြင့်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်များမှာ ဤအရာများအားလုံးကို ကြုံတွေ့ဖူးပြီးသားဖြစ်သောကြောင့် စိတ်မပူကြပေ။ ၁၀ ရက်အတွင်း မည်သူမျှ ထိပ်ဆုံးမရောက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်လှေကားများမှာ ဖြတ်သန်းနိုင်ရန် ခက်ခဲလှသည်။
သို့သော် ဤလမ်းမှာ အဆင့်လွန်ကျွမ်းကျင်သူများကို ပြဿနာဖြစ်စေမည် မဟုတ်ပေ။ အားလုံးဖြတ်သန်းခွင့်ရလိမ့်မည်။ စောစောရောက်သွားသည့်သူ ရှိလာနိုင်သောကြောင့် အာရုံစိုက်နေကြခြင်းပင်။
“ဒီကောင် ဘာလုပ်နေတာလဲ…”
ပွင့်ဖတ်တွင် ကျောက်လမ်းတစ်ခု၏မြင်ကွင်းကို ပြသနေလေ၏။ အဆင့်လွန်ကျွမ်းကျင်သူသည် ထိုင်ချကာ အခြားသူများနောက်ကျောကို မေးစေ့ပွတ်ကာ ထိုင်ကြည့်နေလေသည်။
“နောက်ဆုံးဝင်သွားတဲ့လူငယ်လေးပဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဖရိုဖရဲစွမ်းအင်များ ရစ်ဆိုင်းနေသောကြောင့် သူ၏ကျောကိုသာ မြင်ရသော်လည်း သူတို့ လူမှားမည် မဟုတ်ပေ။
“သူ မတ်တပ်ရပ်လိုက်ပြီ … မဟုတ်ဘူး … ပြန်ထိုင်ပြန်ပြီ … သူက အပြာရောင်ကျောက်လှေကားကို တူးနေတာဟ…” လူအုပ်စုမှာ ဆွံ့အနေလေပြီ။
“ဒီကျောက်တုံးအောက်မှာ ရတနာ ဒါမှမဟုတ် တစ်ခုခုရှိနေတာလို့ ထင်နေတာလား … ဘာဟာသကြီးလဲ”
ထာဝရရှေးဟောင်းမြေအတွင်းရှိ အပြာရောင် ကျောက်လှေကားပေါ်တွင် …
လေထဲတွင် မြူများရစ်ဆိုင်းနေပြီး တာအိုအော်ရာလည်း ထူထဲလှလေ၏။ တစ်ချိန်တည်းမှာပင် များပြားလှသည့်ဖိအားလည်းရှိနေလေသည်။ အပေါ်တက်သွားလေလေ ဖိအားများလေလေပင်။
ရှီဟောင်သည် ဟိုနေရာထိုင်လိုက် ဒီနေရာထိုင်လိုက်ဖြင့် အပြာရောင်ကျောက်တုံးများကို လေ့လာနေလေ၏။ ဤကျောက်တုံးများ ထူးခြားမှုရှိမရှိ၊ တာအိုသင်္ကေတများရှိမရှိကို သူလေ့လာနေခြင်းပင်။
ကံမကောင်းစွာဖြင့်ပင် သူ စိတ်ပျက်သွားရသည်။ ဤနေရာတွင် မည်သည့်သင်္ကေတမှ ရှိမနေပေ။ သို့သော် သူသာ ဤနေရာတွင် တာအိုများကိုနားလည်အောင်လုပ်လျှင် သူသည် သဘာဝဥပဒေသအပိုင်းအစများကို ပို၍ထိတွေ့နိုင်လိမ့်မည်။
သူသည် မတ်တပ်ထရပ်လိုက်ကာ ကျယ်ပြောလှသည့် အပြာရောင်ကျောက်လှေကားနှင့် များပြားလှသည့် ပုံရိပ်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ငါ ဒီတစ်ခေါက် တစ်ခြား ကျောက်လှေကားနဲ့ သွားနိုင်ပါ့မလား”
တစ်ခဏခန့်စဉ်းစားပြီးသည့်နောက်တွင် သူ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အခြားလမ်းကြောင်းများရှိမရှိကို သူရှာကြည့်ရမည်။
သူသည် နောက်ဆုံးပွင့်ဖတ်ပေါ်တွင် ပွင့်ခဲ့သည့် ထာဝရဂိတ်နှင့် နောက်ဆုံးကျောက်လှေကားလမ်းကြောင်းကို စဉ်းစားနေခြင်းပင်။
ဖုန်း…
သူသည် နယ်ခြားနံရံများကို ဖောက်ကာ အခြားလမ်းကြောင်းများသို့ သွားရန် ကြိုးစားလိုက်၏။ ယခုတစ်ကြိမ်တွင် သူအောင်မြင်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤလှေကားများကို ခြားထားသည့်စွမ်းအားမှာ သိပ်အားမကောင်းပေ။
ရှီဟောင်အတော်လေး စိတ်ကျေနပ်သွားရသည်။ သူသည် အခြားလမ်းကြောင်းပေါ်သို့ တက်လိုက်၏။ တစ်ခဏခန့်ရပ်တန့်ပြီးသည့်နောက်တွင် သူသည် အခြားနယ်ခြားနံရံများကို ဖျက်ဆီးလိုက်ကာ နောက်ဆုံးပွင့်ဖတ်နှင့်ချိတ်ဆက်ထားသည့် လမ်းကြောင်းထံသို့ ဦးတည်သွားနေလေ၏။
ထိုကဲ့သို့ ဖြတ်ရင်းနှင့်ပင် သူ ရောက်ရှိသွားလေသည်။
“သူ ဘာလုပ်နေတာလဲ…”
အပြင်ဘက်လောကတွင် လူများစွာမှာ သံသယဝင်နေလေသည်။ ဤကောင်သည် အရေးမပါသည့်အရာများကို တည်တည်ငြိမ်ငြိမ်ဖြင့်ပင် လုပ်နေလေ၏။
ကံမကောင်းစွာဖြင့်ပင် ဖရိုဖရဲစွမ်းအင်များထွက်ပေါ်လာပြီး သူတို့ကဲ့သို့သော စွမ်းအားကြီးသည့်သူများပင်လျှင် မှုန်ဝါးဝါးပုံရိပ်လေးသာ မြင်နိုင်ပြီး သူ၏ပုံပန်းသွင်ပြင်အမှန်ကို မမြင်နိုင်ပေ။
“ငါတို့သာ သူ့နာမည်သိရင် ပွင့်ဖတ်ပေါ်မှာ သူ့နာမည်ရေးပြီး အမှန်တရားကို သိအောင် လုပ်လို့ရတယ်”
“ထားလိုက်တော့ ဒီကျောက်လှေကားတွေက အရင်တုန်းက အတူတူပဲ ဘာမှမထူးခြားဘူး … သူ့ကို လေ့လာဖို့ စွမ်းအင်တွေအများကြီးသုံးနေရတာ မတန်ဘူး” တစ်စုံတစ်ယောက်မှ ခေါင်းခါကာ ပြောလိုက်သည်။
လူတစ်ယောက်ကို လေ့လာချင်လျှင် သူတို့နာမည်ကို ပွင့်ဖတ်ပေါ်တွင်ရေးရန်အတွက် မှော်စွမ်းအင်များစွာကို အသုံးပြုရလေသည်။ သို့မှသာ ကြည်လင်သည့်ပုံရိပ် ထွက်ပေါ်လာမည်ပင်။
ထို့ကြောင့်ပင် သရဖူခြောက်ခုဘုရင် နျင်ချွမ်း၊ ထာဝရနန်းတော်သခင်လေးနှင့် အခြားရှေးဟောင်းလူထူးဆန်းများ၏ နာမည်များကိုပင် မည်သူမျှ မရေးသေးခြင်းပင်။ သူတို့ ထိုတောက်ပသည့်လောကထဲ ဝင်သွားမည့်အချိန်ကို စောင့်နေကြခြင်းပင်။
တစ်ခဏကြာပြီးသည့်နောက်တွင် နေ့တစ်နေ့၏ အဆုံးသတ်သို့ ရောက်လာလေပြီ။ အားလုံးသည် အတူတကွ အလုပ်လုပ်ခဲ့ကြသော်လည်း သူတို့ထပ်မတောင့်ခံနိုင်တော့ဘူးဟု ခံစားနေရသည်။ သူတို့သည် မှော်စွမ်းအားများကို ထပ်မထုတ်နိုင်တော့သဖြင့် ပွင့်ဖတ်သုံးထောင်လည်း မှေးမှိန်သွားလေပြီ။
အမှန်တကယ်တွင် နောက်လာမည့် ၆ရက် ၇ ရက်အတွင်း မည်သူမျှ မှော်စွမ်းအားများကို ထုတ်မည်မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်လွန်ကျွမ်းကျင်သူများ ကျောက်လမ်းကြောင်းတစ်လျှောက်လျှောက်သွားကြရမည်ကို အားလုံးသိနေကြသောကြောင့်ပင်။ သမိုင်းတွင် အမြန်ဆုံးပင်လျှင် ၁၀ ရက်ထက်မနည်းပေ။
ဤအချိန်အတောအတွင်းတွင် စွန့်ပစ်နယ်မြေအပြင်ဘက်၌ ကျောက်စိမ်းကျောက်တိုင် အခုသုံးထောင် ပေါ်လာခဲ့သည်။ ထိုကျောက်တိုင်များမှာ မှန်ကဲ့သို့ပင် ကြည်လင်နေလေသည်။
မှတ်တိုင်တစ်ခုစီမှာ ပွင့်ဖတ်တစ်ခုစီကို ကိုယ်စားပြုသည်မှာ သိသာလှသည်။
ဂိုဏ်းခေါင်းဆောင်နှင့်အခြားသူများသည် ပွင့်ဖတ်မှမြင်ကွင်းကို ဤကျောက်တိုင်ပေါ်သို့ ပြောင်းရွှေ့ကြည့်နိုင်လေသည်။ ထိုမှတ်တိုင်ပေါ်သို့ ရွှေ့လိုက်သည်နှင့် အားလုံးမြင်ရမည်ပင်။