သုခကမ္ဘာက ရှီဟောင် - Chapter - 1009 ပုံစံအမှန် ပြန်ရောက်ခြင်း
တတိယအကြိမ် …
သူ တတိယအအကြိမ် ပေါ်လာခြင်းပင်…
အားလုံးမှာ ဆွံ့အသွားပြီး သူတို့အမူအရာများလည်း တောင့်ခံသွားလသေည်။ သူတို့သည် သရဲများကို မြင်လိုက်ရခြင်းပင်။
မုန်းစရာအကောင်းဆုံးမှာ သူ၏ပြုံးနေသည့် မျက်နှာပင်။ တစ်ခါထက်တစ်ခါ သူ၏အပြုံးများမှာ ပို၍တောက်ပလာကာ လနှင့်ကြယ်များပင် မယှဉ်နိုင်တော့ပေ။ သူသည်အားလုံးကို အရင်မျက်နှာချင်းဆိုင်လိုက်ပြီး ထိုနေရာတွင် မတ်တပ်ရပ်ကာ ပြုံးနေလေသည်။
“ငါ သရဲမြင်လိုက်ရတာလား .. ဘာလို့ သူပဲလဲ” နောက်ဆုံးတွင် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သ်ည။ ဤသည်မှာ ထူးဆန်းလွန်းသည်။
သူ့ထံတွင် ပုံစံနှစ်မျိုးရှိနေပြီဖြစ်ပြီး ယခုအကြိမ်တွင် တတိယတစ်မျိုး ပေါ်လာလေပြီ။ ဤသည်မှာ အားလုံး၏လက်ခံနိုင်စွမ်းကို စမ်းသပ်နေခြင်းပင်။ လူအုပ်စုကြီးမှာ ဆွံ့အနေကြလေပြီ။
“မဖြစ်နိုင်ဘူး .. သေချာပေါက် မဖြစ်နိုင်ဘူး” အချို့သူများမှာ ဤကဲ့သို့သော ထိတ်လန့်မှုမျိုးကို မခံစားနိုင်တော့ပဲ အော်ဟစ်လိုက်ကြလေသည်။ သူတို့သည် အတွင်းသတင်းအချို့ကို သိထားသောကြောင့် ရှီဟောင်မည်သူဖြစ်သည်ကို သူတို့သိသည်။
“သူကအဆင့်နိမ့်နယ်မြေမှာ သေသွားပြီ .. အဲဒါကိုလည်း အတည်ပြုပြီးပြီ .. သူကဘယ်လိုလုပ် အခေါင်းထဲကနေ ပြန်ခုန်ထွက်လာတာလဲ .. သေချာပေါက် ပြဿနာတစ်ခုခုရှိရမယ် .. ပြဿနာ အကြီးကြီးတစ်ခုကို ရှိရမယ်” ကျွမ်းကျင်သူတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤသည်မှာ ဂိုဏ်းခေါင်းဆောင်များကိုပင် ဆွံ့အသွားစေလေသည်။
အထူးသဖြင့် ဟွမ် သို့မဟုတ် အပြစ်သားနှင့် ဆက်ဆံခဲ့ဖူးပြီး သူနှင့် ရန်စရှိခဲ့ဖူးသူများပင်။ သူတို့ အရှက်ခွဲခံလိုက်ရသည်ဟု သူတို့ခံစားနေရသည်။
ဤသည်မှာ သူတမင်သက်သက် လုပ်နေခြင်းပင်။ ဤလူငယ်လေးသည် မတူညီသည့်ပုံစံဖြင့် သူတို့အား ထပ်ခါတလဲလဲ လှောင်ပြောင်နေခြင်းပင်။ ထိုအပြုံးတစ်ခုတည်းဖြင့်ပင် သိသာထင်ရှားနေလေပြီ။
“သူပဲဆိုတာ ငါ့မယုံကြည်နိုင်ဘူး .. လူအားလုံးက သေပြီလို့ သက်သေပြထားပြီး သူသေတာကို ကိုယ်တိုင်မြင်လိုက်ရတဲ့ ဂိုဏ်းခေါင်းဆောင်တွေလည်း အများကြီပဲ .. အဲဒါကို သူကဘယ်လိုလုပ် အဆင့်မြင့်နယ်မြေပေါ်ကို ရောက်လာရတာလဲ .. ပူးပေါင်းကြံစည်ထားတာတွေ ရှိနိုင်တယ်”
ဤနေရာမှာ မတည်ငြိမ်နိုင်တော့ပဲ လူများစွာသည် ဤကျောက်တိုင်ရှေ့သို့ ပြေးလာကာ သူ၏အကြောင်းကို ကျယ်လောင်စွာပင် ပြောနေကြလေသည်။
“အားလုံးပဲ ဒီကိစ္စမှာ လှည့်စားထားတာ သေချာပေါက်ရှိနေမယ်လို့ ကျုပ်ယုံကြည်တယ် .. ဒါတွေအားလုံးက အတုတွေပဲ” တစ်စုံတစ်ယောက်သည် ဤကိစ္စကို အသိအမှတ်ပြုရန် ငြင်းဆန်နေလေသည်။
ထာဝရရှေးဟောင်းမြေရှိ အပြာရောင်ကျောက်လမ်းကြောင်းပေါ်တွင်…
ရှီဟောင်၏နတ်အာရုံများမှာ ထူးခြားလှသောကြောင့် ထာဝရတာအိုပန်းပွင့်ဖတ်ကို အသုံးပြုကာ သူ၏နာမည်ကို သုံးကြိမ်ရေးလိုက်မှန်း ရှီဟောင်ခံစား၍ရသည်။
ထို့ကြောင့်ပင် သူသည် ထိုသူများနှင့် ပူးပေါင်းကာ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး တတ်နိုင်သမျှ ရင်ကော့ခေါင်းမော့ကာ ကောင်းကင်ဘက်ကို ကြည့်လိုက်လေသည်။ သူ၏အပြုံးမှာ ဖြူစင်လွန်းလှပြီး စစ်မှန်လွန်းလှသည်။ သူသည် မျက်လုံးပင် မှိတ်ပြလိုက်လေ၏။
ထို့အပြင်သူသည် လက်ဝေ့ရမ်းပြလိုက်ပြီး အားလုံးကို နှုတ်ဆက်လိုက်လေသည်။
အပြင်ဘက်လောကတွင်ရှိနေသည့်သူများမှာ သွေးအန်နေကြလေပြီ။ ဤကောင်မှာ မျက်နှာအရေထူလှသည်။ တစ်ခြားသူတွေဒေါသထွက်အောင်လို့ တမင်သက်သက်လုပ်နေတာလား…
“ဟူး .. နောက်ဆုံးတော့ ငါ ထာဝရရှေးဟောင်းမြေထဲကို ဝင်နိုင်ခဲ့ပြီ .. အဲဒီအရှက်မရှိတဲ့လူအိုကြီးတွေကို စိတ်ပူစရာမလိုတော့ဘူး .. ငါပြန်လာရင် မင်းတို့အတွက် ဘာအစီအစဉ်တွေရှိနေလဲဆိုတာကို စောင့်ကြည့်နေလိုက်စမ်းပါ”
ရှီဟောင် တီးတိုးပြောလိုက်သည်။ သူပြောသည့်စကားကို အပြင်လူများ မကြားရသော်လည်း သူပါးစပ်လှုပ်လိုက်သည်ကို မြင်လိုက်ကြရသည်။ ဤလူများသည် မည်သူများဖြစ်သနည်း .. ဤနေရာတွင် နတ်ဘုရားများစွာရှိနေသောကြောင့် သူ၏ရည်ရွယ်ချက်ကို နားလည်ကြသည်သာ။
လူအုပ်စုကြီး၏မျက်နှာမှာ ချက်ချင်းပင် မည်းနက်သွားပြီး သူတို့ခံစားချက်များကို ဖိနှိပ်နိုင်ရန် ခက်ခဲနေကြလေသည်။
သူပျော်ရွှင်စွာ ပြုံးနေသည်ကို မြင်ရသည်မှာ သူတို့မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
“အခုကစပြီးတော့ ငါ့ပုံစံအမှန်အတိုင်းပဲ နေတော့မယ်”
ထိုသို့ပြောပြီးနောက် ရှီဟောင်သည် သူ၏မျက်နှာအား ပွတ်သပ်လိုက်သည်။ ထို့နောက်တွင် သူ၏ခြေလက်လေးဘက်နှင့် အရိုးဖြူများမှာ ပဲကြော်ကဲ့သို့ အက်ကွဲလာပြီး သူ၏ခန္ဓာကိုယ်သည်လည်း အလွန်သက်တောင့်သက်သာဖြစ်သွားသည်။
သူ၏ပုံပန်းသွင်ပြင် ပြောင်းလဲသွားလေပြီ။ သူ၏ပုံပန်းသွင်ပြင်သည် ပို၍ချောမောလာသော်လည်း သူ၏မျက်လုံးများမှာမူ ကြည်လင်တောက်ပနေဆဲပင်။
ယခု သူအရွယ်ရောက်လာပြီဖြစ်သောကြောင့် ယခင်က နူးညံ့ကာ မရင့်ကျက်သည့်ပုံပန်းသွင်ပြင်နှင့်ယှဉ်လျှင် သူသည် ချောမောခန့်ညားလာကာ ထာဝရတာအိုအော်ရာကို ထုတ်လွှတ်နေလေသည်။
“ဒီနေ့ကစပြီးတော့ ငါက ငါ့ကိုယ်တိုင်အဖြစ်နဲ့ပဲနေတော့မယ်လို့ ကျိန်ဆိုတယ် .. ဘယ်သူမှ ငါ့ကို ခက်ခဲအောင်လုပ်လို့မရတော့ဘူး” ရှီဟောင် အလေးအနက်ပင် ကျိန်ဆိုလိုက်သည်။ သူသည် ထာဝရရှေးဟောင်းမြေထဲတွင် သန်မာလာအောင်လုပ်ပြီး သူ၏စွမ်းအားများကို အဆမတန်တိုးတက်လာအောင်လုပ်မည်။ သူသည် သူ့လမ်းကြောင်း၏ သခင်ဖြစ်ပြီး အခြားခန္ဓာကိုယ်များအဖြစ် ပြောင်းလဲရန် မလိုအပ်တော့ပေ။
“သူပဲ .. တကယ်သူပဲ”
အပြင်ဘက်လောကတွင် လူအချို့မှာ ထူးဆန်းစွာ အော်ဟစ်နေကြလေ၏။ သူတို့သည် သူ့ကိုလုံးဝမှတ်မိသွားလေပြီ။ သူသည် ထိုယခင်တုန်းက လူငယ်လေးပင်။ သို့သော် သူသည် ယခင်ကထက် ခေါင်းတစ်လုံး ပိုမြင့်လာလေပြီ။
ရှည်လျားသည့်ခန္ဓာကိုယ်၊ အနက်ရောင်ဆံပင်ရှည်၊ ကောင်းမွန်လှသည့် မျက်နှာသွင်ပြင်၊ ရှည်လျားသည့်မျက်တောင်မွေး၊ တောက်ပဝိုင်းစက်နေသည့် မျက်လုံးများနှင့် ကျောက်စိမ်းကဲ့သို့ တောက်ပနေသည့် အသားအရေတို့ကို ပေါင်းစပ်လိုက်သည့်အချိန်တွင် သူ၏ပုံစံမှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင် ထူးခြားသွားလေသည်။
“ဘယ်လိုလုပ်သူ ဖြစ်နိုင်မှာလဲ” ယခုအချိန်တွင် မြေအောက်လောကမှလူများ ပေါက်ကွဲလာလေပြီ။
‘လူသေက ပြန်ပေါ်လာပြီ … ငါတို့ရဲ့အကြံအစည်တွေကို ဖျက်ဆီးပစ်ခဲ့တာသူပဲ” စစ်ရထားလုံးမှ ရက်စက်ကာ အေးစက်လှသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။
နတ်ဘုရား ၇ ပါးသည် အဆင့်နိမ့်နယ်မြေသို့ သွားရောက်ခဲ့သော်လည်း သူတို့အားလုံးကို လူငယ်တစ်ယောက်မှ တားဆီးခဲ့သည်။ ထိုလူငယ်မှာ ဤလူပင်ဖြစ်သည်။ သူသည် အသက်ရှင်နေဆဲဖြစ်ပြီး အဆင့်မြင့်နယ်မြေသို့ပင် ရောက်နေလေပြီ။
“ဟောင်အာ…”
ချင်းကလန်ထံမှ နှလုံးကွဲကြေနေသည့်အသံ ထွက်ပေါ်လာလေ၏။
ချင်းရိနင်၏ မျက်ဝန်းတွင် မျက်ရည်များဖုံးလွှမ်းနေပြီး သူမအရှေ့တွင်ရှိနေသည့် ပုံရိပ်ကို မယုံကြည်နိုင် ဖြစ်နေလေသည်။ သူမသည် ဤကဲ့သို့သော အိပ်မက်မှ နိုးထခဲ့ရသည်မှာ ဘယ်နှကြိမ်ပင် ရှိနေပြီဖြစ်သနည်း… သူမခေါင်းအုံးသာ မျက်ရည်များဖြင့် စိုရွှဲခဲ့ခြင်းပင်။
သူမသည် အဆင့်နိမ့်နယ်မြေမှ ကလေးအကြောင်းကို အမြဲတမ်းစဉ်းစားနေခဲ့ပြီး သူမတို့ နောက်ထပ်ဘယ်သောအခါမှ ပြန်မဆုံနိုင်တော့ဘူးဟု သူမယုံကြည်နေခဲ့ခြင်းပင်။
သို့သော် ယနေ့ ဤနေရာ ဤထာဝရရှေးဟောင်းမြေတွင် ဤလူငယ်လေးသည် အသက်ရှင်လျက်ရှိနေပြီး သူမကို တောက်ပစွာ ပြုံးပြနေလေသည်။
သူမအနားတွင်ရှိနေသည့်သူများမှာ သူမကို ထိတ်လန့်တကြား ကြည့်နေကြလေ၏။ သူမက ရှီဟောင်၏ အမေလား … အဆင့်လွန်လူငယ်လေး၏ အမေလား…
ချင်းကလန်မှ လူများမှာ ဆွံ့အနေကြလေ၏။ ဤကဲ့သို့သောမြင်ကွင်းမျိုး မြင်ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ ဤလူငယ်လေးမှာ ကျန်းမာစွာပင် အသက်ရှင်နေသေးသည်။
“ကောင်းကင်ဘုံက နောက်ဆုံးတော့ ငါ့ကို ကြည့်ပေးပြီ .. ငါ့ကလေးကို ငါ့ဆီပြန်ခေါ်လာပေးပြီ…” ချင်းရိနင်သည် ငိုနေဆဲဖြစ်သော်လည်း မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေလေသည်။
ရှီကျီလင်းသည်လည်း အသက်ရှူနှုန်းများ မြန်ဆန်နေလေ၏။ သူ၏သားအကြီး အသက်ရှင်နေသေးသည်။ လောကကြီးမှာပို၍ အရောင်စုံလာသည်ဟု သူခံစားလိုက်ရလေသည်။
“ကောင်းတယ် ဟောင်အာ .. သားက အဖေတို့ထက်တောင် အများကြီး သန်မာသေးတယ် .. ကိုယ့်အားကိုကိုယ်ပြီးတော့ ရှင်သန်နိုင်ရုံသာမက အဆင့်မြင့်နယ်မြေကိုတောင် ရောက်အောင်လာနိုင်တယ်” ရှီကျီလင်း၏ မျက်ဝန်းမှလည်း မျက်ရည်များ စီးကျလာလေပြီ။
ယခုအချိန်တွင် ဤဇနီးမောင်နှံသည် ပျော်ရွှင်နေကြသော်လည်း အဆုံးမရှိသည့် ရှက်ရွံ့မှုကိုလည်း ခံစားနေကြရလေသည်။ သူတို့သည် ရှီဟောင်ကို ကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ပဲ ငယ်စဉ်ကတည်းက သူ့ဘဝခါးသီးအောင် လုပ်ခဲ့သည်ဟု သူတို့ခံစားနေရသည်။
ထို့အပြင် သူ၏နောက်ဆုံးထွက်သက်ကိုပင် သူတို့ကြည့်ခဲ့ရပြီး အရေးကြုံလာသည့်အချိန်တွင် သူတို့ဘာမှမလုပ်နိုင်ခဲ့ပေ။
သူတို့ကို အနာကျင်ဆုံး အရှက်ရဆုံးဖြစ်စေသည်မှာ ရှီဟောင်သည် သူမသေခင်တွင် သူ၏အဆင့်လွန်အရိုးကိုထုတ်ကာ သူ၏ညီလေးကို ပေးခဲ့ခြင်းပင်။
ထို့နေ့တွင် သူတို့ဝိဉာဉ်များ ပျောက်ဆုံးသွားပြီး လောကကြီးတစ်ခုလုံး မှုန်မှိုင်းသွားသည်ဟု သူတို့ခံစားလိုက်ရသည်။ ချင်းဟောင်ခန္ဓာကိုယ်တွင်ရှိသည့် ထာဝရအရိုးဖြင့် သူတို့သားအကြီးဆုံးကို ကယ်တင်နိုင်မလားဟု သူတို့မျှော်လင့်နေခဲ့ကြသော်လည်း တစ်ခဏခန့် တွေဝေနေခဲ့ကြသောကြောင့် အခွင့်ကောင်းကို လွဲချော်ခဲ့ရကာ နောက်ဆုံးတွင် သူတို့သားကြီးကပင် သူ၏အရိုးကိုထုတ်ကာ သူတို့၏ သားငယ်ကို ပေးခဲ့သည်။
ထိုအကြောင်းစဉ်းစားမိသည့်အချိန်တိုင်းတွင် သူတို့သည် ရှီဟောင်မှာ အလွန်ပင် သနားစရာကောင်းသည်ဟု သူတို့ခံစားလိုက်ရသည်။ သူသည် ငယ်စဉ်ကတည်းက ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်း မခံရသကဲ့သို့ ဒုက္ခပေါင်းစုံကိုလည်း ရင်ဆိုင်ခဲ့ရသည်။
“ဒါက ရှီဟောင်ပဲ .. အဆင့်နိမ့်နယ်မြေကို လှုပ်ခါစေနိုင်ခဲ့တဲ့ ကျောက်တုံးလေးက တစ်ခုခုပဲ .. ငါတို့အားလုံးက သူသေသွားပြီလို့ ထင်နေကြတာ” အတွင်းသတင်းများကို သိထားသည့် တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ .. သူက ဘယ်လိုလုပ် အသက်ရှင်နေတာလဲ” နတ်ဆိုးနေကြာဥယျာဉ်ဂိုဏ်းခေါင်းဆောင်မှ အေးစက်စွာ ပြောလိုက်သည်။ သူ၏အသံတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များပါနေကာ သူသည် ချင်းကလန်ဘက်ကိုပင် ကြည့်လိုက်လေသည်။
ထာဝရကောင်းကင်နတ်ဘုရား၏မျက်နှာမှာ တည်ငြိမ်နေပြီး ဤကိစ္စကို အာရုံမထားပေ။
ဂါး…
မြေအောက်ကလန်မှ အရိုးဖြူတောင်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုတောင်ကို အနက်ရောင်မြူများရစ်ဆိုင်းနေပြီး အရိပ်ကြီးတစ်ခုမှလည်း အုပ်မိုးနေလေသည်။ ဤသည်မှာ မြေအောက်အရှင်ပင်။ သူ၏မျက်နှာမှာ အရောင်ကင်းမဲ့နေပြီး အလွန်ပင် ဖြူလျော်နေလေသည်။ သူအော်ဟစ်လိုက်သည်နှင့် မြေအောက်စွမ်းအင်များ ထွက်ပေါ်လာပြီး သေစေလောက်သည့်အော်ရာများလည်း လေထဲတွင် ပျံ့လွင့်လာလေသည်။
ယခင်က မြေအောက်လောက၊ သားရဲပင်လယ်၊ ထာဝရနန်းတော်၊ ကောင်းကင်နိုင်ငံ၊ နတ်ဆိုးနေကြာဥယျာဉ်နှင့် စွမ်းအားကြီးသည့်သူ ၁၀ ယောက်ကျော်တို့သည် အရင်းအမြစ်များစွာကို အသုံးပြုကာ ကောင်းကင်၏အလိုဆန္ဒကို စိန်ခေါ်ခဲ့လေသည်။ သို့သော်လည်း သူတို့သည် လူအနည်းငယ်ကိုသာ ပို့နိုင်ခဲ့ခြင်းပင်။
ထိုအချိန်တုန်းက မြေအောက်အရှင်သည် အဆင့်လွန်အဆင့် ပြိုင်ဘက်ကင်းရတနာဖြစ်သည့် လေဟာနယ်သားရဲအရိုးစုကိုပင် အသုံးပြုခဲ့ခြင်းပင်။
ထို့အပြင် ကောင်းကင်နိုင်ငံသည်လည်း လေဟာနယ်ထာဝရရွှေများပါဝင်နေသည့် လေဟာနယ်မီးဖိုကို အသုံးပြုခဲ့သည်သာ။
“ပုရွက်ဆိတ်အစုတ်အပြတ်လေးကများ ငါတို့အစီအစဉ်ကို နှောက်ယှက်ရဲတယ် .. အဆင့်မြင့်နယ်မြေကိုတောင် တက်လာလိုက်သေးတယ် .. မင်းထွက်လာတာနဲ့ မင်းရဲ့သွေးနဲ့ နတ်ဆိုးဓားကို ယဇ်ပူဇော်ပစ်မယ်” သွေးရောင်စစ်ရထားလုံးအတွင်းမှ ကောင်းကင်နိုင်ငံအရှင်မှ အေးစက်စွာ ပြောလိုက်သည်။
အားလုံး ဆွံ့အသွားရ၏။ ဤသည်မှာ မလှုပ်ရှားသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည့် အဆင့်မြင့်နယ်မြေမှ ကြောက်စရာကောင်းသည့် ခေါင်းဆောင်များပင်။ သူတို့တွေက လူငယ်လေးအတွက်နှင့် ဤမျှလုပ်ကြတော့မည်လား..
“ငါ့ထာဝရနန်းတော်က အစေခံကို သတ်ပစ်တယ် .. ဒါက ဒီအတိုင်းခွင့်လွှတ်ပေးလိုက်ဖို့ မဖြစ်နိုင်ဘူး” ထာဝရနန်းတော်မှလူလည်း ပြောလိုက်သည်။
…
ဤသည်မှာ အဆင့်နိမ့်နယ်မြေမှလာသည့် ရှီဟောင်မှန်း အားလုံး သေချာသွားကြရသည်။
ထာဝရရှေးဟောင်းမြေအတွင်းတွင်…
ရှီဟောင်သည် ခေါင်းမော့လိုက်ကာ “အခု ငါ့ကို လူတွေအများကြီးကြည့်နေကြလိမ့်မယ်လို့ ငါလောင်းရဲတယ်”
သူပြောသည်မှာ မှန်သည်။ သို့သော် မည်မျှများပြားသည့်လူများ ကြည့်နေသည်ကိုတော့ သူသိနိုင်မည်မဟုတ်ပေ။ ဤနေရာသို့ ရောက်လာနိုင်သည့် အဆင့်မြင့်နယ်မြေမှ ကျွမ်းကျင်သူများအားလုံးနီးပါး သူ့ကို ကြည့်နေခြင်းပင်။ ‘မျက်လုံးတစ်သောင်းရဲ့အာရုံစိုက်ရာ’ ဟူသောစကားပင်လျှင် ဤအခြေအနေကို မဖော်ပြနိုင်ပေ။
“တစ်ချို့လူအိုကြီးတွေတော့ အခုချိန်မှာ ဒေါသထွက်နေလောက်ပြီ .. ဟက် .. ဒါပေမဲ့ ဒေါသထွက်လို့ရော ဘာအသုံးဝင်မှာလဲ .. ကောင်းကင်နိုင်ငံရဲ့ လိပ်အိုကြီးက အရက်စက်ဆုံးပဲ .. ခင်ဗျားက ကျုပ်ကိုသတ်ချင်နေတာလား .. စိတ်မပူနဲ့ ကျုပ်ထွက်လာမယ့်အချိန်ကိုစောင့်နေ .. ခင်ဗျားတို့ကို အပိုင်းပိုင်းဖြစ်ပြီးတော့ တစ္ဆေဘိုးဘိုးအတွက် လက်စားချေပေးမယ် .. ပြီးတော့ ခင်ဗျားအထဲဘက်ကို တပည့်တွေပို့သေးတယ်မလား .. ခင်ဗျားတို့ကို သတ်ဖြတ်ခြင်းတာအိုကျင့်ကြံသူလို့ ခေါ်ကြတယ်မလား … ခင်ဗျားတို့ရဲ့ လုပ်ကြံတဲ့နည်းလမ်းတွေက ပြိုင်ဘက်ကင်းတယ်မလား … ကျုပ်ပြန်ထွက်လာတဲ့အချိန်ကျရင် ခင်ဗျားတို့ရဲ့ ခိုးကြောင်ခိုးဝှက်နဲ့ စွမ်းရည်မရှိတဲ့ ပညာတွေအားလုံးကို စိန်ခေါ်ပြမယ်”
အားလုံးသည် သူပြောသည်ကို မကြားနိုင်သော်လည်း သူ၏နှုတ်ခမ်းလှုပ်ပုံကို ကြည့်ပြီး သူ၏ရည်ရွယ်ချက်ကို သိနိုင်လေသည်။ သူတို့အားလုံး ဆွံ့အသွားရကာ အချို့သူများမှာ ကျယ်လောင်စွာပင် အော်ရယ်လိုက်ကြလေသည်။ သူသည် ကောင်းကင်နိုင်ငံအရှင်ကိုပင် ဟာသလုပ်ရဲသည်လား..
လူအချို့မှာလည်း သွေးအန်သွားချင်လေသည်။ ဥပမာအားဖြင့် ထိုသတ်ဖြတ်ခြင်းတာအို နတ်ဘုရားများပင်။ သူတို့အားလုံး၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ လက်သီးဆုတ်ထားသောကြောင့် သူတို့လက်ဆစ်များပင် ဖြူဆုတ်နေလေပြီ။
“ငါနဲ့ရှင်းချင်နေတဲ့သူတွေ မနည်းလောက်ဘူး ဟုတ်တယ်မလား .. မြေအောက်လောကက ကောင်တွေလည်း ကောင်းတာမဟုတ်ဘူး .. လူတစ်ဝက်သရဲတစ်ဝက်တွေ .. အချိန်ကျလာရင် ငါမင်းတို့ကိုလည်း လာရှင်းမယ် .. ဟုတ်သားပဲ .. ငါမြေအောက်ကလန်က သက်ရှိတွေကို မစားဖူးသေးဘူး .. အချိန်ကျလာရင် ငါ မြေအောက်ကလန်က လူသားပုံစံမဟုတ်တဲ့သက်ရှိတွေကို ကင်စားကြည့်ဦးမယ် .. တစ္ဆေသရဲတွေရဲ့ အရသာက ဘယ်လိုနေလဲလို့..”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လူများစွာမှာ သူတို့လျှာကို ကိုက်မိတော့မလိုပင်။ သူတို့အားလုံး ဆွံ့အသွားကြကာ အချို့လူများမှာ ရယ်မိမလိုပင် ဖြစ်သွားကြသည်။ ဒီလူငယ်လေးက အားလုံးကို စားရဲတာလား…
“ငါဟာသလုပ်နေတာ မဟုတ်ဘူး သိလား” ရှီဟောင် ရေရွတ်လိုက်သည်။
“ထာဝရနန်းတော်က အရမ်းကို ကြောင်သူတော်ကြွက်သူခိုး လုပ်နိုင်လွန်းတယ် .. အရင်တုန်းက သူတို့က ငါ့ရဲ့အဆင့်လွန်မျိုးဆက်ကို ရိုက်နှက်ခဲ့တယ် .. အခုတော့ငါက ထာဝရရှေးဟောင်းမြေထဲမှာ … ခင်ဗျားတို့ရဲ့မျိုးရိုးဆက်ခံတဲ့သူကို ရှစ်ပိုင်းလောက်ကွဲသွားအောင် ကျုပ်ရိုက်ပေးမယ် .. ဟုတ်သားပဲ အဲဒီထာဝရနန်းတော်က အမွေဆက်ခံတဲ့သူက သူထွက်လာတဲ့အချိန်တိုင်း အစေခံအိုကြီးတွေ အမြဲတမ်း သူ့နောက်လိုက်နေတာ .. သူက ထာဝရနန်းတော်ထဲမှာ အိပ်နေတဲ့လူအိုကြီးတဲ့ … မိမစစ်ဖမစစ်ကလေးတော့ မဟုတ်ဘူးမလား”
အားလုံးဆွံ့အသွားကြရလေသည်။ ဤကောင်၏ပါးစပ်မှာ ရက်စက်လွန်းလှသည်။
တစ်ချိန်တည်းမှာပင် လေထဲတွင်ရှိနေသည့် ထိုရှေးဟောင်းကြေးနန်းတော်ကြီးမှာ အနည်းငယ်လှုပ်ခါသွားသည်ဟု အားလုံးခံစားလိုက်ရသည်။ အထဲဘက်တွင်ရှိနေသည့်သူမှာ တော်ရုံစိတ်ဆိုးသွားခြင်းမဟုတ်မှန်း သိသာလှသည်။
“အာကာသကလန်ရော လာလား… သူတို့ကျေးဇူးရှင်ရဲ့သွားတွေကို ကန်ခဲ့တဲ့ အဲဒီလူယုတ်မာတွေ .. ငါဘယ်သူလဲဆိုတာ မင်းတို့အစောကြီးကတည်းက သိပြီးသားမလား .. ဒါပေမဲ့ ဒီတစ်လျှောက်လုံး ဘာမှမပြောခဲ့တာက ငါ့ရဲ့ခွန်ပန်ပညာနဲ့ တစ်ခြားဟာတွေကို ခိုးချင်လို့မလား .. တကယ်ကို တန်ဖိုးမရှိတဲ့အမှိုက်ကောင်တွေ..” ရှီဟောင် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အာကာသကလန်မှလူများ၏ အမူအရာများ ပြောင်းလဲသွားသည်။ ဤကောင်မှာ ရဲတင်းလွန်းလှပြီး အပြစ်ပေးရန် လိုအပ်နေလေပြီ။ သူသည် ဂိုဏ်းအားလုံးရှေ့တွင် အာကာသကလန်၏ လျှို့ဝှက်ချက်များကို ထုတ်ပြောလိုက်လေပြီ။
“ငါတို့လည်း အရင်တုန်းက မသိခဲ့ဘူး .. သူက အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာ” အာကာသကလန်မှလူများသည် ချက်ချင်းပင် သူ၏စကားကို ငြင်းလိုက်ကြလေသည်။
“သူတို့ရဲ့စရိုက်အတိုင်းဆိုရင် ဒါကိုငြင်းဖို့အတွက် သူတို့သေချာပေါက် လုပ်နိုင်သမျှအားလုံးကို လုပ်လိမ့်မယ် .. သူတို့တွေက အမြဲတမ်း စိတ်ထဲက တစ်မျိုး အပြင်ကတစ်မျိုး လုပ်တဲ့လူတွေ .. ကျေးဇူးတရားတွေကို မေ့ပြီးတော့ တရားမျှတမှုကို ချိုးဖောက်တဲ့သူတွေ” ရှီဟောင် ပြောလိုက်သည်။
အပြင်ဘက်လောကတွင်ရှိနေသည့် အာကာသကလန်မှာ အမုန်းတရားများ ကြီးထွားလာနေလေပြီ။ ဤသည်မှာ သူတို့ကို ပိတ်ပြောလိုက်ခြင်းဖြစ်သောကြောင့် သူတို့ဘာများ ပြောနိုင်တော့မည်နည်း…
“တစ္ဆေတာအိုဂိတ်၊ မီးတိမ်လှိုဏ်ဂူ၊ လော့ဖူတောင်ကြားနဲ့ တစ်ခြားသူတွေ … ခင်ဗျားတို့အားလုံးက ဒုစရိုက်စီရင်စုကို အမြဲတမ်းဖိနှိပ်ထားကြတာ … ခင်ဗျားတို့က တကယ်တမ်းတော့ အရှက်မရှိတဲ့သူတွေ … ကျုပ်ရဲ့ဘိုးဘေးတွေက ပျက်စီးနေတဲ့နယ်စပ်ကို ကာကွယ်ပေးနေတဲ့အချိန်မှာ ခင်ဗျားတို့က သူတို့မျိုးဆက်တွေကို အသရေဖျက်ပြီးတော့ သူတို့ကို အကျဉ်းသားလိုမျိုး ဆက်ဆံကြတယ်”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အဆင့်မြင့်နယ်မြေတွင်ရှိနေသည့် ဂိုဏ်းများအားလုံး တုန်လှုပ်သွားရသည်။
“ခင်ဗျားတို့ဂိုဏ်းမှာ ထူးခြားပါရမီရှိတဲ့သူတွေ၊ ရှေးဟောင်းလူထူးဆန်းတွေရှိတယ်လို့ ခြိမ်းခြောက်တာကို မှတ်မိသေးတယ် .. ကျုပ်သူတို့နဲ့တွေ့ဖို့ကို စောင့်နေမယ် .. သူတို့အားလုံးက သေချာပေါက် ထာဝရရှေးဟောင်းမြေထဲမှာ အသတ်ခံရလိမ့်မယ်”
အပြင်ဘက်တွင်ရှိနေသည့် ထိုဂိုဏ်းများမှာ ရူးတော့မည်။
“ဟုတ်သားပဲ … ငါ့မှာ တစ်ခြားနာမည်တစ်ခု ရှိသေးတယ် … အဆင့်နိမ့်နယ်မြေမှာတုန်းက လေဟာနယ်နတ်ဘုရားနယ်မြေကနေတစ်ဆင့် ဝိဉာဉ်နယ်မြေကို ငါရောက်ဖူးပြီးသား .. ငါက လူတစ်စုကို လီပေါင်းရာပေါင်းများစွာ လိုက်ခဲ့တာ .. အဲဒီတုန်းက ငါ့နာမည်က ဟောင်ထျန်း…”
ထိုစကားကို ပြောပြီးသည့်နောက်တွင် ရှီဟောင်သည် တောက်ပစွာပင် ထပ်ပြုံးလိုက်လေသည်။ သိပ်မထင်ရှားသည့် သူ၏လေးခုမြောက်ပုံစံကို သူကိုယ်တိုင်ပင် ဖော်ထုတ်လိုက်လေသည်။
ဤသည်မှာ … သူ တမင်သက်သက်လုပ်လိုက်ခြင်းပင်။ ဤအပြုံးမှာ မျိုးဆက်များစွာ အတွက်မူ သူတို့ကို တမင်သက်သက်လှောင်ပြောင်နေခြင်းပင်။
“မင်း သေချာပေါက် ထာဝရရှေးဟောင်းမြေထဲမှာ သေရမယ်” တစ်စုံတစ်ယောက်မှ ကျိန်ဆဲလိုက်သည်။
“အနာရှိတဲ့သူတွေအားလုံး ဒေါသတကြီး အံကြိတ်နေလောက်ပြီ ဟုတ်တယ်မလား” ရှီဟောင်သည် တည်ငြိမ်စွာဖြင့်ပင် လေဟာနယ်ကို ကြည့်လိုက်ကာ “ကောင်းကင်ဘုံတောင်မှ ငါ့ကို လွတ်ထားလိုက်ပြီ .. ငါ့ကို အခေါင်းထဲကနေ ပြန်ထွက်လာခွင့်ပေးပြီးတော့ ကျန်းကျန်းမာမာနေခိုင်းတယ် .. မင်းတို့ရဲ့တပည့်တွေအတွက် မင်းတို့ဆုတောင်းထားလိုက်တော့”
ထိုသို့ပြောပြီးနောက် ရှီဟောင်သည် ရုတ်တရက်ပင် ခေါင်းမော့လိုက်၏။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အော်ရာများ ထွက်ပေါ်လာပြီး သူသည် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ဖြစ်လာလေ၏။
“အဲဒီလူတွေ ငါ့ကို ရန်မစရင်ကောင်းလိမ့်မယ် … မဟုတ်ရင် ငါ သတ်သင့်တဲ့သူကိုသတ်ပြီး စားသင့်တဲ့သူတွေအားလုံးကို စားပစ်မယ် .. ငါ့အိပ်ရာကို နွေးအောင် လုပ်ပေးသင့်တဲ့သူအားလုံးကို ငါ့ကိုအဖော်ပြုခိုင်းမယ်” သူသည် ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်လေ၏။
ဂိုဏ်းကြီးများစွာသည် ဒေါသထွက်သွားသော်လည်း စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ သူတို့သည် ကိစ္စများစွာကို တွေးလိုက်မိလေပြီ။
ဤလူငယ်လေးတွင် အဆင့်လွန်အရိုးနှစ်ခုရှိသော်လည်း ငယ်စဉ်က အဆင့်လွန်အရိုးတစ်ခုကို ဆုံးရှုံးလိုက်ရပြီး အရွယ်ရောက်လာသည့်အချိန်တွင်လည်း ကျန်နေသည့်အရိုးတစ်ခုကိုလည်း သူမသေခင် သူ၏ညီလေးအား ပေးခဲ့လိုက်ရသည်။
သာမန်အားဖြင့်ဆိုလျှင် သူသေဆုံးသွားရမည်ဖြစ်သော်လည်း သူသည် အသက်ရှင်နေနိုင်ဆဲဖြစ်ပြီး ယခင်ကထက်ပင် ပိုသန်မာလာလေသည်။
အားလုံးမှာ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ဤလူငယ်လေးမှာ … အထင်ကြီးစရာကောင်းလှသည်။ အဆင့်လွန်အရိုးမရှိတော့သော်လည်း သူသည် ပြိုင်ဘက်ကင်းနေဆဲပင်။
“နောက်ဆုံးတော့ ငါအားကုန်သုံးပြီး တိုက်ခိုက်လို့ရပြီ .. ငါ့ကိုယ်ငါ ဖိနှိပ်စရာမလိုတော့ဘူး …ငါ့ရဲ့အဖိုးတန်ပညာတွေအားလုံးကို သုံးလို့ရပြီ” ရှီဟောင် ပြောလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏အနောက်ဘက်တွင် ခွန်ပန်အတောင်ပံတစ်စုံပေါ်လာပြီး ထိုအတောင်ပံများတွင် နတ်အလင်းများ စီးဆင်းနေလေ၏။
ဤကဲ့သို့သော အော်ရာမှာ ပြင်းထန်လွန်းလှသောကြောင့် သူ၏အနောက်ဘက်တွင်ရှိနေသည့် သက်ရှိများစွာကို ထိတ်လန့်စေလေသည်။ အချို့သူများသည် ထိတ်လန့်သွားကာ တိတ်တဆိတ်ပင် လှုပ်ရှားလိုက်လေ၏။
သူ၏အတောင်ပံကို အနည်းငယ်လှုပ်ခါလိုက်သည်နှင့် ဝုန်းဟူသည့်အသံကျယ်ကြီး ထွက်ပေါ်လာကာ လှုပ်ရှားလာသည့် သက်ရှိများအားလုံး သွေးမြူများ အရိုးအကျိုးအကြေများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
နတ်ဆိုးဘုရင်တစ်ယောက်၏ စွမ်းရည်ကို အပြည့်အဝပြသနေလေပြီ။
ဤသည်မှာ အဆင့်မြင့်နယ်မြေတွင်ရှိနေသည့် သူအားလုံးကို ထိတ်လန့်သွားစေသည်။ သူသည် အားကုန်သုံးကာ တိုက်ခိုက်တော့မည်ဖြစ်သဖြင့် ဤသည်မှာ ဟွမ် သို့မဟုတ် အပြစ်သားထက်ပင် ပို၍ စွမ်းအားကြီးနိုင်သည်။ မည်ကဲ့သို့သော မုန်တိုင်းမျိုး ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်တော့ပေ။