သုခကမ္ဘာက ရှီဟောင် - Chapter - 1010 တောက်ပနေသည့် ရှေးဟောင်းလောက
ထာဝရရှေးဟောင်းမြေအတွင်းရှိ ကျောက်လှေကားတစ်ခုပေါ်တွင် ဖရိုဖရဲစွမ်းအင်များ ရှိနေလေသည်။
ရှီဟောင်သည် ထိုသူများကို ကျောပေးထားလေသည်။
“သွားကြစို့”
ဤသက်ရှိအုပ်စုမှာ သူ့အား ရန်မစရဲတော့ပဲ ကျောက်လမ်းအဆုံးတွင်ရှိနေသည့် ရောင်စုံလောကထဲသို့ ဝင်ရောက်သွားလေသည်။
သူတို့ကို ကျောပေးထားသည့်ဤလူငယ်လေးထံတွင် တိမ်များထိပင်ရောက်နေသည့် အတောင်ပံတစ်စုံရှိနေပြီး ထိုအတောင်ပံမှ အားလုံးကို တုန်လှုပ်စေသည့် ဖိအားများကို ထုတ်လွှတ်နေလေသည်။
ထိုအတောင်ပံများကို အနည်းငယ်မျှ လှုပ်လိုက်ရုံဖြင့် စွမ်းအားကြီးသည့်လူတစ်စုကို အစိတ်စိတ်အမွှာမွှာဖြစ်စေသည်။ သူသည် မည်မျှပင် စွမ်းအားကြီးနေသနည်း…
“တစ်ယောက်ယောက် ထာဝရရှေးဟောင်းမြေရဲ့ လျှို့ဝှက်မြေထဲကို ဝင်သွားပြီ”
အပြင်ဘက်လောတွင်ရှိနေသည့် နတ်ဘုရားအစစ်အချို့သည် ကျောက်တိုင်များကိုကြည့်ပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်ကြလေသည်။
ကောင်းကင်နတ်ဘုရားများပင် ထိတ်လန့်သွားကြသည်။ ကျောက်တိုင်တစ်ခုသည် သက်ရှိတစ်ယောက်၏ မြင်ကွင်းကို ဖော်ပြနေလေ၏။ ထို့နောက်တွင် ကျောက်တိုင်များစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး နတ်အလင်းများလည်း ကောင်းကင်ထက်သို့ပင် စီးဆင်းသွားလေသည်။
နောက်ဆုံးတွင် သူတို့အာရုံသည် ဟွမ်မှ အပြစ်သား၊ အပြစ်သားမှ ရှီဟောင်၊ ရှီဟောင်ထံမှ ရှေးဟောင်းလူထူးဆန်းများထံသို့ ရောက်သွားလေပြီ။
နတ်မြှားတစ်ချောင်းမှ ကောင်းကင်ကို ထိုးဖောက်သွားသကဲ့သို့ တာအိုစွမ်းအင်နှင့် ရောင်စုံနတ်အလင်းတန်းများသည် လေဟာနယ်ကို ပျက်ယွင်းသွားစေလေသည်။ တစ်စုံတစ်ယောက်သည် အပြာရောင်ကျောက်လှေကားမှ ထွက်လာပြီး အခြား ကောင်းကင်နှင့်ကမ္ဘာမြေကြီးထဲသို့ ဝင်ရောက်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် အခြားလမ်းကြောင်းမှ လူအနည်းငယ်လည်း ထွက်လာကြလေသည်။
အပြာရောင်ကျောက်လမ်းသုံးထောင်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး တာအိုသံများလည်း လေထဲတွင် ထွက်ပေါ်လာလေသည်။
“ကိုးရက်မြောက်ပဲရှိသေးတယ် တစ်ယောက်ယောက်က ထာဝရရှေးဟောင်းမြေကို ဖြတ်နိုင်သွားပြီလား… ဒါက သမိုင်းတွေထက်ကို တစ်ရက်စောတာပဲ”
ကောင်းကင်နတ်ဘုရားများပင် ထိတ်လ့န်သွားကြလေ၏။ သူတို့အားလုံးသည် ထာဝရရှေးဟောင်းမြေ၏မြင်ကွင်းမျိုးစုံကို ကြည့်နေကြလေသည်။
“ဒီလူတွေက အရင်ကထက်တောင် ပိုပြီးတော့ စွမ်းအားကြီးလာပြီ … အဲဒါကြောင့် အရင်တုန်းက မှတ်တမ်းအားလုံးကို ဖြတ်ကျော်သွားနိုင်တာ … အဲဒါကြောင့်မို့လို့ သူတို့ဒီနေရာကို တစ်ရက်စောရောက်နေတာ” ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်လေသည်။
ဤလူများထွက်လာသောကြောင့် ရှေးဟောင်းလမ်းကြောင်းတစ်ခုလုံး ပြောင်းလဲသွားလေ၏။ ဖိအားများ လျော့ကျသွားကာ အခြားသူများ၏ လှုပ်ရှားမှုများလည်း ပို၍လျင်မြန်လာလေသည်။
အပြင်ဘက်တွင်ရှိနေသည့် ကြေးနန်းတော်ကြီးသည် လှုပ်ရမ်းလာကာ သားရဲအရိုးဖြင့်လုပ်ထားသည့် လိုက်ကာကို တစ်ယောက်ယောက်မှ ဖယ်လိုက်ပြီး ပွင့်ဖတ်များကိုကြည့်ကာ ထာဝရရှေးဟောင်းမြေမှ မြင်ကွင်းကို ကြည့်နေလေ၏။
ခရမ်းရောင်စစ်ရထားလုံးမှ ခရမ်းရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းနှစ်ခုသည် လေဟာနယ်ကိုဖြတ်ကျော်ကာ ထာဝရတာအိုပန်းပွင့်ဖတ်များပေါ်သို့ ကျရောက်သွားသည်။
စွမ်းအားကြီးသည့်သူများအားလုံး လှုပ်ရှားသွားကာ ဤသည်ကို သေချာစောင့်ကြည့်နေကြလေ၏။
ကျောက်တိုင်အချို့ပေါ်တွင် တောက်ပသည့်အရိပ်များကို မြင်နေရသည်။ ဤသည်မှာ ပုံရိပ်ယောင်နှင့်တူနေပြီး အိပ်မက်ထဲသို့ ရောက်နေသကဲ့သို့ပင်။
“ဒါက ထာဝရရှေးဟောင်းမြေထဲက မြင်ကွင်းလား…” နတ်မီးတောက်နယ်ပယ်နှင့် အစစ်အမှန်နယ်ပယ်မှ ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ သူတို့သည် စိုးရိမ်စွာကြည့်နေပြီး သူတို့အသက်ရှူသံများပင် မြန်ဆန်လာလေသည်။
ရောင်စုံ ‘ပူဖောင်းများ’ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။ ထိုပူဖောင်းများကို ဖရိုဖရဲစွမ်းအင်များ ရစ်သိုင်းထားကာ သူတို့ထံမှ ကြောက်စရာကောင်းသည့် အော်ရာများလည်း စိမ့်ထွက်နေလေသည်။
ထို ‘ပူဖောင်း’ တစ်ခုမှာ နယ်မြေတစ်ခုကို ကိုယ်စားပြုခြင်းပင်။
ထိုပူဖောင်းများကြားတွင် ဆက်သွယ်ရမည့်နေရာရှိနေသောကြောင့် ဤသည်မှာ နယ်မြေများ ဆက်သွယ်နိုင်သည်ဟု ဆိုလိုခြင်းပင်။
ထာဝရရှေးဟောင်းမြေမှာ တစ်ခါတစ်ရံတွင် တောက်ပနေပြီး တစ်ခါတစ်ရံတွင် မှေးမှိန်နေတတ်သည်။ နယ်မြေများစွာကိုလည်း ပုံရိပ်ယောင်များ ဝန်းရံထားသောကြောင့် နယ်မြေများကို ခွဲခြားနိုင်ရန် ခက်ခဲလေသည်။
“ကြည့်ရတာ သေးတဲ့ပုံပေါ်ေပမဲ့ နယ်မြေတစ်ခုစီတိုင်းက အဆုံးအစ မရှိလောက်အောင်ကို ကျယ်တယ် .. တစ်ချို့နေရာတွေက နတ်အလင်းတွေ တောက်ပနေပေမယ့် တစ်ချို့နေရာတွေက အန္တရာယ်တွေနဲ့ ပြည့်နေတာ”
တစ်စုံတစ်ယောက် တိုက်ခိုက်နေသည်။ ထိုသူသည် သူ၏လက်ထဲတွင်ရှိနေသည့် ရဲဒင်းဖြင့် အခြားတစ်ယောက်နှင့် အဆက်မပြတ် တိုက်ခိုက်နေလေ၏။ ဤသည်မှာ ထာဝရနန်းတော်၏ သခင်လေးဖြစ်သည်ဟု အချို့သူများမှ မှတ်မိသွားသည်။
“ကြမ်းလိုက်တာ”
ဤတိုက်ပွဲမှ ထွက်လာသည့်အလင်းတန်းများမှာ နတ်မီးတောက်နယ်ပယ်နှင့် အစစ်အမှန်နယ်ပယ်မှသူများ၏ မျက်နှာကို အရောင်အစင်းများ ပျောက်ကွယ်သွားစေလေသည်။
သူ၏ပြိုင်ဘက်မှာ အနီရောင်ဆံပင်ရှိသည့်လူငယ်လေးပင်။ သူသည် ထာဝရနန်းတော်မှ သခင်လေးနှင့် တိုက်ခိုက်နေရင်းဖြင့်ပင် သူ၏နှုတ်ခမ်းထောင့်မှ ရက်စက်သည့်အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။
“နောက်ဆုံးတော့ မင်းကို တွေ့ပြီ … င့ါရဲ့ ကောင်းကင်လောင်ကျွမ်းခြင်းပညာကို အရင်ကဘိုးဘေးတွေ မရောက်ဖူးတဲ့အဆင့်ထိရောက်အောင်ကို ပြုပြင်ထားတယ် … ဒီလောကရဲ့ အသန်မာဆုံးလူကို အရင်သတ်ပြီးတော့မှ အဲဒီရှေးဟောင်းလူထူးဆန်းတွေကို ရှင်းပစ်မယ် … မင်းကနေ စလိုက်ကြတာပေါ့”
အနီရောင်ဆံပင်နှင့်လူငယ်လေးသည် အနက်ရောင်မီးလုံးကြီးကို ပြုလုပ်ထားလေသည်။ သူလှုပ်ရှားလိုက်သည်နှင့် လေဟာနယ်ကြီးမှာ မှုန်ဝါးလာသည်အထိ လှုပ်ခါသွားလေ၏။ ဤသည်မှာ ကောင်းကင်ဘုံကိုးခုကိုပင် လောင်ကျွမ်းသွားစေနိုင်လေသည်။
အပြင်ဘက်တွင်ရှိနေသည့်သူအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။
ဤလူမှာ ထာဝရနန်းတော်မှသခင်လေးကို တကယ်သတ်တော့မည်လား…
ကောင်းကင်လောင်ကျွမ်းခြင်းပညာဟူသည့် စကားလုံးကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးသက်ပြင်းချလိုက်ကြသည်။ ဤသည်မှာ တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းပညာနှင့် ယှဉ်၍ရသည့်ပညာပင်။
ဤသွေးမျိုးဆက်မှာ နှစ်ပေါင်းထောင်ပေါင်းများစွာကြာလျှင်ပင် ပေါ်လာမည်မဟုတ်ပဲ သူတို့ပေါ်လာလျှင်လည်း ထိုသူမှာ အခြားသူများ တုန်လှုပ်သွားရလောက်အောင် ကြောက်စရာကောင်းမည်သာ။
ဖုန်း…
မှော်စွမ်းအင်များ ထွက်ပေါ်လာပြီး ဤလူနှစ်ယောက်၏ နောက်ဆုံးရိုက်ချက်အပြီးတွင် လေဟာနယ်၌ ကြီးမားလှသည့် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာလေသည်။
“စွမ်းအားကြီးလိုက်တာ…”
ထာဝရနန်းတော်သခင်လေးကိုမူ မည်သူမျှ မအံ့ဩသွားကြပေ။ သူ၏ဒုတိယခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသွားသည့်နောက်တွင် သူသည် သေချာပေါက်ပင် အတိတ်နှင့် ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်မည်သာ။ ယခင်ကတည်းက အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်တွင် သူ၏ပြိုင်ဘက်မရှိပေ။
သို့သော်လည်း ဤသည်မှာ ကောင်းကင်လောင်ကျွမ်းခြင်းပညာ၏ မျိုးရိုးဆက်ခံသူပင်။
သူသည် မကြာသေးမီက ဤလောကကြီးတွင် ပေါ်လာခဲ့ပြီး စီရင်စုများစွာမှ စွမ်းအားကြီးသည့် အဆင့်လွန်ကျွမ်းကျင်သူများစွာကို သတ်ပြီးသွားပြီဖြစ်ကြောင်း အမှတ်ရမိသွားကြသည်။ သူ၏သတ်ဖြတ်လိုသည့်စိတ်မှာ ပြင်းထန်လွန်းလှသည်။
ဝုန်း…
အခြားနေရာတစ်ခုတွင် ချန်ကုန်းယန်၊ ကုကျန်းယွင်နှင့် အခြား ရှေးဟောင်းပြိုင်ဘက်ကင်းသူရဲကောင်းများ တိုက်ခိုက်နေကြလေ၏။ သူတို့အကြားမှ လေဟာနယ်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး လေဟာနယ်လည်း ယိုယွင်းလာလေသည်။
သူတို့သည် ရှေးဟောင်းမြေပေါ်၌ တိုက်ခိုက်နေကြခြင်းပင်။
ကျောက်လမ်းများမှ ပြေးထွက်လာသည့် အခြားသူများလည်း ဘေးပတ်လည်ကိုကြည့်ကာ အချိန်တိုင်း တိုက်ခိုက်နေကြလေသည်။ အားလုံးသည် သူတို့ပစ်မှတ်အား ရှာဖွေနေကြလေ၏။
နောက်ဆုံးတွင် သူတို့အားလုံး လျင်မြန်စွာပင် လမ်းခွဲကာ တောက်ပနေသည့် လျှို့ဝှက်နယ်မြေထဲသို့ တရှိန်ထိုး ပြေးဝင်သွားကြလေ၏။
“ထာဝရရှေးဟောင်းမြေပွင့်လာတဲ့အချိန်တိုင်းမှာ ပြောင်းလဲမှုလေးတွေ နည်းနည်းရှိပေမယ့်လည်း တစ်ချို့ရှေးဟောင်းမြေတွေကတော့ မပြောင်းလဲဘူး .. သူတို့က သူတို့ရဲ့ကောင်းကင်ပြိုင်ဘက်ကို ရှာချင်နေကြတာ”
ကောင်းကင်နတ်ဘုရားအချို့သည် သက်ပြင်းချလိုက်ကြလေ၏။ ထိုနေရာတွင် ကြီးကျယ်ခမ်းနားမှုများ သေချာပေါက် စောင့်နေမည်ဖြစ်သော်လည်း ထိုအရာများမှာ သူတို့နှင့် မသက်ဆိုင်တော့ပေ။
ဤသည်မှာ ထိုရှေးဟောင်းလူထူးဆန်းများ ပါဝင်ကြသည့် ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ ထို့ကြောင့် သူတို့၏ဦးတည်ချက်ကို သူတို့ကောင်းကောင်းနားလည်သည်။
“သူတို့ အဆင့်တက်တော့မယ် .. သူတို့ ဖီးနှစ်သွေးကန်မှာ ပြန်မမွေးဖွားဘူးလို့ မပြောနိုင်ဘူး”
“ဒါက ဒီရှေးဟောင်းမြေ ပွင့်လာတဲ့နောက်ဆုံးအကြိမ်ပဲ .. တစ်ယောက်ယောက်က နဂါးအစစ်ရဲ့ဥကို ရှာတွေ့လာရင်တောင် မထူးဆန်းတော့ဘူး”
ထိုစွမ်းအားကြီးသည့် ရှေးဟောင်းလူထူးဆန်းများမှာ ထာဝရရှေးဟောင်းမြေထဲသို့ မဝင်ခင်ကတည်းက သူတို့သွားမည့်နေရာကို ဆုံးဖြတ်ထားပြီးသားမှန်း သိသာသည်။ သူတို့သည် ထိုနေရာတွင် နတ်မီးတောက်များကို တောက်လောင်စေမည်ဖြစ်ပြီး သဘာဝကံကောင်းမှုများကို ယူကြမည်ပင်။
ကျောက်လှေကားပေါ်ကတည်းက အဆင့်တက်သွားသည့်သူများရှိသော်လည်း သူတို့သည် ပြိုင်ဘက်ကင်းသည့် ထူးခြားပါရမီရှိသူများမဟုတ်သကဲ့သို့ နှင်းများအောက်တွင် ပုန်းခိုနေခဲ့သည့်သူများလည်း မဟုတ်ပေ။ သူတို့သည် သာမန်အဆင့်လွန်ကျွမ်းကျင်သူများပင်။
ထိုသူများမှာ ထာဝရရှေးဟောင်းမြေသို့ ပထမဆုံးအကြိမ်ဝင်ဖူးခြင်းဖြစ်သောကြောင့် ထိုနေရာများအကြောင်းကို သိမည်မဟုတ်ပေ။ သရဖူခြောက်ခုဘုရင်နျင်ချွမ်း၊ ဓားတောင်ကြား ကုကျန်းယွင်နှင့် အခြားကြောက်စရာကောင်းသည့်သူများသာ ဤနေရာအနည်းငယ်ကို သိကြခြင်းပင်။
အပြင်ဘက်တွင် ဤအကြောင်းအရာများနှင့်ပတ်သက်သည့် သတင်းအချို့ရှိလျှင်ပင် နေရာအတိအကျကို သိကြမည်မဟုတ်ပေ။
ထာဝရနန်းတော်ကဲ့သို့သော ယခင်က ဝင်ဖူးသည့်သူရှိလျှင်တော့ တစ်မျိုးပေ။ သူတို့သည် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် အဖိုးတန်နေရာများကို သိကြမည်သာ။
ထိုအချိန်တွင် ပထမအုပ်စုမှာ သက်ဆိုင်ရာနေရာများသို့ ဝင်ရောက်ပျောက်ကွယ်သွားလေပြီ။
လူတစ်ယောက် နှစ်ယောက်ခန့် ပျောက်သွားသည်နှင့် ကျန်သည့်သူများလည်း လျင်မြန်စွာ ထွက်ခွာသွားလိုက်ကြလေသည်။ တစ်ယောက်ေယာက်သာ ပြီးပြည့်စုံသည့် နတ်မီးတောက်နယ်ပယ်သို့ အရင်ရောက်သွားလျှင် ထိုသူသည် သူတို့အား ပြန်လာသတ်နိုင်သည်။
ယခုအချိန်တွင် အချို့လူများမှာ သူသေကိုယ်သေ တိုက်နေကြသော်လည်း သူတို့သည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြပြီး လျင်မြန်စွာ ထွက်ခွာသွားကြလေ၏။
အနောက်ဘက်တွင်ကျန်နေခဲ့သည့်လူတစ်စုမှာ စိတ်ရှုပ်ထွေးနေကြလေသည်။ သူတို့သည် ထိုပူဖောင်းများရှေ့တွင်ရပ်ကာ တာအိုသံများကို နားထောင်နေကြသည်။ သူတို့မည်သည့်လမ်းကြောင်းကို ဦးတည်သွားရမည်မှန်း သူတို့မသိပေ။
“တစ်ခုပြီးတစ်ခု စမ်းကြည့်တာပေါ့ .. ငါသေချာပေါက် မြင့်မြတ်တဲ့မြေကို ရှာနိုင်မှာပါ .. ဘာပဲဖြစ်ဖြစ် အချိန်တွေရှိနေတာပဲ” တစ်စုံတစ်ယောက်မှ လှုပ်ရှားလိုက်သည်။
“ထာဝရရှေးဟောင်းမြေ … အကန့်အသတ်မရှိတဲ့နယ်မြေ … အဲဒီရှေးဟောင်းလူထူးဆန်းတွေက ဒီနေရာရဲ့ တစ်ထောင့်တစ်နေရာကို လေ့လာပြီးသွားပြီ .. သူတို့ရဲ့ပစ်မှတ်တွေကို မနာလိုဖြစ်နေစရာအကြောင်းမရှိဘူး .. ငါတို့ကိုယ့်ဘာသာကိုယ် စူးစမ်းလေ့လာလို့ရတယ်”
ပြောရမည်ဆိုလျှင် ထိုသူများဝင်သွားသည့်နေရာအားလုံးကို သူတို့ရှောင်ကြမည်ပင်။ ထိုလူထူးဆန်းများနှင့် သူတို့မတွေ့ချင်ပေ။
အပြာရောင်ကျောက်လှေကားပေါ်တွင် လူများတစ်ယောက်ပြီးတစ်ယောက် ပေါ်လာကာ မတူညီသည့် ‘ပူဖောင်းများ’ ထံသို့ ဝင်ရောက်သွားကြလေသည်။
တစ်ယောက်ယောက်မှ ထိုကျောက်လမ်းကြောင်းမှ ထွက်လာသည်နှင့် လမ်းကြောင်းသုံးထောင်လုံးရှိ ဖိအားများ လျော့နည်းသွားပြီး ကျန်သည့်သူများမှာ တရှိန်ထိုး ပြေးနိုင်လိမ့်မည်။
ရက်အနည်းငယ်အတွင်းမှာပင် အားလုံးထွက်လာကာ ထိုရှေးဟောင်းလောကများထဲသို့ ဝင်နိုင်လိမ့်မည်ပင်။
ယခုအချိန်တွင် စွန့်ပစ်နယ်မြေအတွင်းတွင်ရှိနေသည့်သူများမှာ ထိတ်လန့်နေကြလေသည်။ မထင်မှတ်ထားစွာပင် ရှီဟောင်သည် ပထမနေ့တွင် ပေါ်လာလေသည်။ သူနှင့် ရန်ငြိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အားလုံးမှာ မသက်သာစွာ သက်ပြင်းချလိုက်လေသည်။ ဤလူငယ်မှာ အထင်ကြီးစရာကောင်းလွန်းလှသည်။
သူသည် တစ်ချိန်လုံး အလျားလိုက်သွားနေပြီး နယ်ခြားနံရံများကို ဆက်တိုက်ဖြတ်နေခဲ့ခြင်းပင်။
ပုံမှန်ဆိုလျှင် သူသည် နောက်ဆုံးထွက်လာသည့်သူ ဖြစ်သင့်သည်။
သို့သော်လည်း သူသည် အားလုံးထက် အရင်ပေါ်လာခြင်းပင်။
“ဒါက ထာဝရရှေးဟောင်းနယ်မြေရဲ့ အတွင်းပိုင်းလား” ရှီဟောင်သည် ထိုပူဖောင်းများကို ကြည့်ပြီး ပြောလိုက်သည်။
ရွှီး…
ထူးခြားပါရမီရှိသူတစ်ယောက်သည် အတော်လေးကြီးမားသည့် ‘ပူဖောင်း’ တစ်လုံးအတွင်းသို့ ဝင်ရောက်သွားလေသည်။ ထိုပူဖောင်းလေး ပွင့်သွားသည်နှင့် ထိုကမ္ဘာ၏ တစ်စွန်းတစ်စကို မြင်လိုက်ရသည်။ ဤသည်မှာ သစ်တောများဖြင့် ပြည့်နှက်နေသည့် နေရာကြီးပင်။ ကြီးမားလှသည့် အနက်ရောင်မြို့ကြီးလည်းရှိနေပြီး ထိုနေရာတွင် သက်ရှိများစွာ နေထိုင်နေလေသည်။
“အမ် .. မြို့တွေနဲ့ ထူးဆန်းတဲ့လူမျိုးစုတွေလည်း ရှိနေတာလား” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။
“အူး…” ဟိန်းသံတစ်သံ ထွက်လာသည်။ သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် နဂါးအမဲလိုက်ခွေးသည် ငွေရောင်အလင်းများကို ထုတ်လွှတ်ပြီး မီးတောက်တစ်ခုကဲ့သို့ ‘ပူဖောင်း’ ထဲသို့ ဝင်ရောက်သွားလေသည်။
အားလုံးသည် ထိုပူဖောင်းအထဲတွင်ရှိနေသည့်အရာကို စပ်စုလိုက်ကြသည်။ ထိုကမ္ဘာထဲတွင် သဲကန္တာရတစ်ခုရှိနေပြီး ရေငွေ့များလည်း လေထဲတွင် ရှိနေလေသည်။ ဂိုဏ်းခေါင်းဆောင်များအားလုံး၏ မျက်လုံးများကို နီရဲသွားစေသည့် အသက်ရေပူစမ်းပင် ရှိနေလေသည်။
လူအချို့မှာ ထိတ်လန့်သွားကာ သူ့နောက်လိုက်ဝင်သွားကြလေသည်။
ကျန်သည့်သူများမှာ အပြင်ဘက်တွင်ရှိနေပြီး လေးနက်စွာ တွေးတောနေကြလေသည်။
“သဲကန္တာရထဲမှာဆိုရင် တံလျှပ်တွေကို အများဆုံးတွေ့ရတယ် .. အဲဒီထဲကို ဝင်သွားလို့ ဘာမှရမှာမဟုတ်ဘူး”
ပူဖောင်းလေးများမှာ ကမ္ဘာလေးများနှင့်တူနေပြီး သူတို့ကို ချိတ်ဆက်ထားသောကြောင့် ကမ္ဘာတစ်ခုနှင့်တစ်ခုကို ကူးသန်းသွားလာနိုင်သည်။
ရှီဟောင် တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ အပြာရောင်ကျောက်တုံးလမ်းသုံးထောင်မှာ သူ့အတွက် သာမန်မဟုတ်သည့်အဓိပ္ပာယ်များရှိနေသည်။ သူသည် ဤတာအိုများကို အသုံးပြုကာ ပြီးပြည့်စုံသည့် နတ်မီးတောက်ကို လိုချင်သည်။
ထို့ကြောင့်ပင် သူသည် ထိုပူဖောင်းများထဲသို့ အလောတကြီး မဝင်တော့ပေ။
ရုတ်တရက်ပင် လေဟာနယ်ကြီး အက်ကွဲလာကာ ပူဖောင်းများစွာ လွှဲရမ်းသွားလေ၏။ တစ်စုံတစ်ယောက်သည် ထိုပူဖောင်းထဲမှ ပြေးထွက်လာလေသည်။
“အဲဒါ ဘယ်သူလဲ .. နယ်ခြားနံရံတွေကို ဆက်တိုက်ဖြတ်ပြီးတော့ တစ်ခြားရှေးဟောင်းမြေတွေမှာ ပေါ်ပေါ်လာနေတာ .. အခု ပြန်လာပြီလား”
သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အမွေးများရှိနေသကဲ့သို့ပင် လူတစ်ယောက် ပျံသန်းထွက်လာလေသည်။ သူ၏လက်ထဲတွင် ရဲဒင်းတစ်ချောင်း ကိုင်ထားလေသည်။ အပြင်ဘက်သို့ ထွက်လာရင်း သူထုတ်လွှတ်လိုက်သည့် စွမ်းအင်လှိုင်းများမှာ အဆင့်လွန်ကျွမ်းကျင်သူများကို လွင့်ထွက်သွားစေပြီး သူတို့ကို သွေးအန်သွားစေလေသည်။
ဤသည်မှာ ထာဝရနန်းတော်မှ သခင်လေးပင်။ သူသည် အမွေးတောင်ထာဝရချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏လက်ထဲတွင် အဖိုးတန်ရဲဒင်းကို ကိုင်ထားလေသည်။ သူ ဘာကြောင့်ပြန်လာသည်ကို မသိရပေ။
“အမ်..” သူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှီဟောင်ကို မြင်သွားလေသည်။ သူ၏မျက်လုံးအတွင်းမှ ငွေရောင်သင်္ကေတများဖြစ်ပေါ်လာလေသည်။ သူသည် ချက်ချင်းပင် ရှီဟောင်ထံသို့ ဦးတည်သွားလေ၏။
“မင်းပဲ .. အချိန်ကိုက်ပဲ” ရှီဟောင်သည် ပို၍ပင် ဒဲ့တိုးဆန်ပြီး သူ၏လေဟာနယ်ရဲဒင်းကို ထုတ်လိုက်လေ၏။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ထိုရဲဒင်းကို လွှဲချလိုက်လေသည်။