သုခကမ္ဘာက ရှီဟောင် - Chapter - 1011 မတူညီသည့်တာအို
ရဲဒင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး နေရာတိုင်းတွင် မီးပွားများလွင့်စင်ထွက်လာကာ လေဟာနယ်ကြီး အက်ကွဲသွားလေသည်။
အားလုံးသည် သူတို့နားကို သင်္ကေတများဖြင့် ကာကွယ်လိုက်ပြီး လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်ကြလေသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူတို့တွေက အဆင့်လွန်ကျွမ်းကျင်သူတွေရော ဟုတ်ရဲ့လား .. သူတို့သည် စွမ်းအားကြီးလွန်းလှသောကြောင့် နတ်ဘုရားများပင် ကြောက်နေရလေပြီ။
အထူးသဖြင့် ဤရဲဒင်းကြီးများပင်။ နှစ်ခုလုံးမှာ သာမန်ပစ္စည်းများမဟုတ်ပဲ လေဟာနယ်ကို ဖွင့်ခွဲနိုင်သည်။
သူတို့တိုက်ခိုက်မှုမှာ ဤမျှပြင်းထန်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
“သတ်…”
ထာဝရနန်းတော်သခင်လေးမှ အော်ဟစ်လိုက်သည်။ သူ၏အမွေးတောင်ထာဝရစစ်ဝတ်စုံမှ ပျံသန်းနေသည့် ထာဝရလူသားကဲ့သို့သော အလင်းတန်းများကို ထုတ်လွှတ်နေလေသည်။ သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာပြီး သူသည်ရဲဒင်းကိုကိုင်ကာ နောက်တစ်ကြိမ် ပြေးလာလေသည်။
“ကြမ်းတမ်းလိုက်တာ .. ဒါက တကယ်ကိုပြိုင်ဘက်ကင်းတဲ့ အရည်အချင်းပဲ” နောက်ပြန်ဆုတ်သွားကြသည့် အဆင့်လွန်ကျွမ်းကျင်သူများအားလုံး တုန်ယင်သွားရသည်။
ရှီဟောင်သည်လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲတွင် လေဟာနယ်ရဲဒင်းကိုကိုင်ကာ အရှေ့ဘက်သို့ ပြေးလာလေသည်။
သူသည် ဘာကိုမှ ချုပ်ထိန်းမထားတော့ပေ။ ရဲဒင်းအသွားမှာ နှင်းကဲ့သို့ဖြူဖွေးနေပြီး ကောင်းကင်ကိုပင် တောက်ပစေနိုင်သည်။ ရှေးခေတ်မှ စွမ်းအားအကြီးဆုံး စစ်နတ်ဘုရားပေါ်လာသကဲ့သို့ပင် သူ၏စွမ်းအားများမှာ ပြိုင်ဘက်ကင်းပင်။
ဝုန်း..
ရဲဒင်းနှစ်ခု နောက်တစ်ကြိမ်တွေ့ဆုံသွားကာ လေဟာနယ်ကြီး အက်ကွဲသွားပြီး နတ်အလင်းတန်းများလည်း ထွက်ပေါ်လာလေသည်။ နေရာတိုင်းတွင် အလင်းပင်လယ်ကြီး ထွက်ပေါ်လာပြီး သူတို့သည် လူသားနဂါးများကဲ့သို့ ဆက်တိုက်ပင် တိုက်ခိုက်နေကြလေသည်။
“ထာဝရနန်းတော်သခင်လေးက ခန္ဓာကိုယ်နှစ်ခုပေါင်းပြီးသွားတာတောင်မှ သူ့ကို မရပ်တန့်နိုင်ဘူးပေါ့” အဆင့်လွန်ကျွမ်းကျင်သူအချို့မှာ ထိတ်လန့်သွားကြရသည်။
ထာဝရနန်းတော်မှသခင်လေးသည် သူ၏မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းပြီးသွားသည်နှင့် သူသည် ရှေးဟောင်းလူထူးဆန်းများကိုပင် ယှဉ်နိုင်လိမ့်မည်ကို တစ်လောကလုံး သိကြသည်။
သို့သော် သူသည်လက်နက်ထုတ်ပြီး တိုက်ခိုက်နေသော်လည်း တစ်ဖက်လူကို အနိုင်မယူနိုင်သေးပေ။
“ဒါက မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး .. ဘာလို့လဲဆိုတော့ တစ်ဖက်လူက ဟွမ်ပဲလေ” တစ်စုံတစ်ယောက်မှ တိုးတိတ်စွာ ပြောလိုက်သည်။
ရှီဟောင်၏ပုံပန်းသွင်ပြင်ပြောင်းသွားသော်လည်း သူ၏လက်ထဲတွင်ရှိနေသည့် ရဲဒင်းမှာ အံ့ဩစရာကောင်းနေဆဲပင်။ ဤသည်မှာ မူလက ထာဝရနန်းတော်၏အဖိုးမဖြတ်နိုင်သည့်ပစ္စည်းပင်။
ထို့ကြောင့်ပင် ထာဝရနန်းတော်မှသခင်လေးသည် ချက်ချင်းပင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်လာခြင်းပင်။ ဤသည်မှာ သူ့ကိုယ်ပွား၏လက်နက်ဖြစ်သော်လည်း ယခုအချိန်တွင် ရန်သူလက်ထဲသို့ ရောက်နေလေပြီ။ ဤသည်မှာ အရှက်ကွဲခြင်းတစ်မျိုးပေ။
“ရန်သူတွေအားလုံးကို ဖိနှိပ်ပစ်မယ် .. မင်းအသက်ကို လက်လွတ်လိုက်တော့” ထာဝရနန်းတော်သခင်လေးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မရေတွက်နိုင်သည့် အမွေးအတောင်များမှာ သူ့အနားတွင် ခုန်ပေါက်နေပြီး ထိုအမွေးတောင်များအားလုံးသည် အလင်းမိုးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ၏မျက်လုံးများတွင် ငွေရောင်သင်္ကေတများ ဖြစ်ပေါ်လာပြီး သူ၏မျက်စိရှေ့တွင်ရှိနေသည့် အရာအားလုံးမှာ နှေးကွေးလာလေသည်။ သူသည် ရှီဟောင်၏အားနည်းချက်ကို ရှာနေခြင်းပင်။ သူသည် ရဲဒင်းကို မြှောက်ကာ ထပ်ကာတလဲလဲ တိုက်ခိုက်နေလေသည်။
ဤလူမှာ သိုင်းပညာတာအိုကောင်းကင်မျက်လုံးကို အသက်သွင်းလိုက်ပြီဖြစ်ကြောင်းကို သူ၏မျက်လုံးတွင် တောက်ပလာသည့် ငွေရောင်သင်္ကေတများကို ကြည့်၍ ပြောနိုင်သည်။ ထိုမျက်လုံးဖြင့် အတုအယောင်အားလုံးကို ဖောက်ထွင်းမြင်နိုင်လေသည်။
ရှီဟောင်သည် ဟွမ်ပုံစံမဟုတ်သော်လည်း တစ်ဖက်လူသည် သူ၏ကိုယ်ပိုင်အော်ရာကို ချက်ချင်းသိသွားသည်သာ။
ထာဝရနန်းတော်သခင်လေးသည် တကယ်ပင် အလွန်စွမ်းအားကြီးသည်ဟု ပြော၍ရသည်။ သို့သော် သူသည် ရှီဟောင်နှင့် တွေ့သွားခြင်းပင်။ ယခုအချိန်တွင် သူ၏အောင်မြင်မှုများမှာ မသေချာတော့ပေ။
လျှပ်စီးအတိဒုက္ခကို ဖြတ်သန်းခဲ့သည့် ရှီဟောင်သည် ယခုအချိန်တွင် မိုးကောင်းကင်အောက် ပြိုင်ဘက်ကင်းသည့်ခွန်အားကို ပိုင်ဆိုင်ထားသည်။ သူဤနေရာတွင် ထုတ်လွှတ်လိုက်သည့်အော်ရာမှာ ခပ်ဝေးဝေးတွင်ရှိနေသည့် စောင့်ကြည့်နေကြသည့် အဆင့်လွန်ကျွမ်းကျင်သူများကိုပင် ကြောက်ရွံ့စွာ တုန်လှုပ်သွားစေနိုင်လေသည်။
ဒုန်း…
သူတို့နှစ်ဦး တတိယအကြိမ် တိုက်ခိုက်လိုက်ကြသည်။
သတ်ဖြတ်လိုသည့်စွမ်းအင်များမှာ ရေလှိုင်းကဲ့သို့ ထွက်ပေါ်လာပြီး သင်္ကေတများလည်း သိပ်သည်းလာသည်။
ထိုနေရာတွင်ဘာဖြစ်နေသည်ကို မည်သူမျှမမြင်ရပေ။ သူတို့လူချင်းကွဲသွားသည့်အချိန်မှသာ ထိုနေရာရှိ လေဟာနယ်လောင်ကျွမ်းနေသည်ကို ထိတ်လန့်တကြား တွေ့လိုက်ရသည်။
အပြင်ဘက်တွင်ရှိနေသည့် လူအားလုံးလည်း ဆွံ့အသွားရသည်။ သူတို့သည် ယခုလေးတင်မှ ထာဝရရှေးဟောင်းမြေထဲသို့ ဝင်သွားခြင်းသော်လည်း သူတို့ သူသေကိုယ်သေတိုက်နေကြပြီလား…
“တစ်ခုခုတော့ မှားနေပြီ …ထာဝရနန်းတော်သခင်လေးက ဘာလို့ ထွက်ပြေးသွားတာလဲ .. သူက အခု နတ်မီးတောက်နယ်ပယ်ကို အဆင့်တက်တော့မှာမလား … တစ်ခြားသူတွေ အဆင့်တက်သွားရင် သူတို့တွေက ပြန်လာသတ်ကြတော့မှာ … အဲဒီအချိန်ကျရင် အရမ်းအန္တရာယ်များမှာ”
အားလုံးသည် မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြလေသည်။
သရဖူခြောက်ခုဘုရင် နျင်ချွမ်း၊ ဓားတောင်ကြားသခင်လေး ကုကျန်းယွမ်၊ ချန်ကုန်းယန်နှင့်အခြားသူများသည် သေချာပေါက်ပင်အချိန်ဆွဲနေမည်မဟုတ်ပဲ အဖိုးတန်နတ်မြေများကို ရှာဖွေကာ ပြီးပြည့်စုံသည့် ပြောင်းလဲခြင်းကို ချက်ချင်းလုပ်ကြမည်သာ။
ထာဝရနန်းတော်သခင်လေးလည်း ဤလမ်းကြောင်းမှ သွေဖယ်မသွားသင့်ပေ။
“စွမ်းအားကြီးလိုက်တဲ့ ထာဝရနန်းတော်သခင်လေး တကယ်ကို လောကကြီးကို တုန်လှုပ်စေနိုင်တယ် .. အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်မှာ သူတကယ်ကို နောက်ဆုံးအဆင့်ကို ရောက်နေပြီပဲ”
ဤသည်မှာ ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ ပြောလိုက်ခြင်းပင်။
အခြားသူများလည်း သူ၏စကားကို ထောက်ခံကြလေ၏။
“ဟွမ်လည်း ကြောက်ဖို့ကောင်းတယ် .. သူက အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်ရဲ့ အဆုံးစွန်ကို ရောက်နေပြီ .. သူက ရှေးဟောင်းနယ်မြေထဲကို မဝင်သေးပဲနဲ့ တစ်ခြားလမ်းကြောင်းကို သွားချင်သေးတာလား”
“မင်းဒီမှာနေပြီးတော့ တိုက်ရဲလား .. ငါမင်းကို သတ်ပစ်မယ်” ရှီဟောင် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း တောက်ပလာလေ၏။ ဤစကားလုံးမှာ အားလုံးကို ထိတ်လန့်သွားစေလေသည်။
သူ၏ကျောဘက်တွင်ရှိနေသည့် အတောင်ပံများမှ ဖရိုဖရဲစွမ်းအင်များထွက်နေလေသည်။ သူ၏အတောင်ပံကို လှုပ်ခါလိုက်သည်နှင့် လေပြင်းများ တိုက်ခတ်လာပြီး ယင်နှင့်ယန်စွမ်းအင်များ ဝေ့ဝဲလာသည်။ ဤသည်မှာ ရှီဟောင်၏ခွန်အားကို ပို၍တိုးစေပြီး သူသည် ထာဝရနန်းတော်သခင်လေးထံသို့ တရှိန်ထိုးပင် ပြေးသွားလေ၏။
ဤရိုက်ချက်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်သည်ကို အားလုံးသိကြသည်။
သို့သော် အားလုံးထိတ်လန့်သွားရသည်မှာ စိတ်ကြီးဝင်ကာ ကောင်းကင်အောက်ရှိ အားလုံးကို အထင်သေးနေသည့် ထာဝရနန်းတော်သခင်လေးသည် ဤတိုက်ခိုက်မှုကို ပြန်လည်တိုက်ခိုက်ခြင်းမပြုပဲ ရှောင်လိုက်လေည်။
“ဘာဖြစ်နေတာလဲ…”
ဘေးပတ်ဝန်းကျင်တွင်ရှိနေသည့် အဆင့်လွန်ကျွမ်းကျင်သူများသာမက စွန့်ပစ်နယ်မြေအပြင်ဘက်တွင်ရှိနေသည့် ကျွမ်းကျင်သူများပင်လျှင် ဆွံ့အသွာရသည်။ သူကြောက်သွားတာလား…
ထို့နောက်တွင် အားလုံး နားလည်သွားရသည်။
နောက်ဘက်တွင် လေဟာနယ်အက်ကွဲသွားပြီး ကြီးမားလှသည့် နဂါးခေါင်းပေါ်လာကာ ရှီဟောင်ကို ဝါးမြိုတော့မည်ပင်။
ထိုအချိန်တွင် ထာဝရနန်းတော်သခင်လေးသည် တစ်ဖက်သို့ လှည့်ကာ ထွက်သွားလေ၏။ သူသည် နယ်ခြားနံရံနောက်တစ်ခုကို ဖြတ်လိုက်ကာ ပူဖောင်းအတွင်းသို့ ပြေးဝင်သွားလေ၏။
ရှီဟောင်၏လှုပ်ရှားမှုများမှာ မြန်ဆန်လှသည်။ သူသည် လေဟာနယ်ရဲဒင်းဖြင့် လေဟာနယ်ကို ဖွင့်လိုက်ကာ ထိုထဲသို့ ပစ်ဝင်လိုက်ပြီး ဤနေရာမှ ပျောက်ကွယ်သွားလေ၏။ ထို့နောက်တွင် ထိုနဂါးပါးစပ်ကြီး ပိတ်သွားလေသည်။
ဤသည်မှာ ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ရောက်နေပြီဖြစ်သည့် ရေနဂါးပင်။
ဝုန်းဟူသည့်အသံနှင့်အတူ ထိုနဂါးသည် လေဟာနယ်ထဲမှ ခုန်ထွက်လာပြီး အနီးအနားတွင်ရှိနေသည့် ကျွမ်းကျင်သူများကို ထိတ်လန့်သွားစေလေသည်။
ထာဝရနန်းတော်သခင်လေး ဘာကြောင့်ပြန်ထွက်လာသည်ကို သူတို့အားလုံး သိသွားကြလေပြီ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားမှ သူ့အားလိုက်နေသောကြောင့် သူသည် ရှီဟောင်သည် ဓားစားခံလုပ်ချင်နေခြင်းပင်။
ရေနဂါးကြီးသည် တောင်တန်းကြီးကဲ့သို့ ထူထဲလှသည်။ သူနောက်တစ်ကြိမ် ပါးစပ်ဟလိုက်သည်နှင့် အဆင့်လွန်ကျွမ်းကျင်သူပေါင်း ရာချီအစားခံလိုက်ရလေသည်။ သူတို့သည် စွမ်းအင်လှိုင်းတစ်ခု၏ စုတ်ယူခြင်းခံရကာ သူတို့ထွက်ပြေးချင်လျှင်ပင် မပြေးနိုင်တော့ပေ။
ထိုအချိန်တွင် နားစည်ကွဲလောက်သည့် သတ္တုချင်းတိုက်မိသည့်အသံများ ထွက်ပေါ်လာလေသည်။ ရေနဂါးခန္ဓာကိုယ်တစ်ဝိုက်တွင် သူ့ကို ချည်နှောင်ထားသည့် ချိန်းကြိုးများရှိနေပြီး သူသည် ဝေးဝေးသို့ မသွားနိုင်တော့ပေ။
ထို့ကြောင့် အခြားအဆင့်လွန်ကျွမ်းကျင်သူများမှာ ဤနေရာမှ အသက်လုပြေးနိုင်သွားလေသည်။
ထိုသတ္တုချိန်းကြိုးများ တောက်ပလာကာ သင်္ကေတများလည်း အရာအားလုံးကို ဖုံးလွှမ်းသွားကာ ထိုနဂါးကို ဖိနှိပ်ပြီး နောက်ပြန်ဆွဲနေလေသည်။ နောက်ဆုံးတွင် နဂါးကြီးသည် မကျေမနပ်အော်သံနှင့်အတူ ပူဖောင်းထဲသို့ ပြန်ဆွဲခေါ်သွားခံလိုက်ရလေသည်။
တစ်ခဏအတွင်းမှာပင် အားလုံးသည် ရှေးဟောင်းနေရာတစ်ခုကို တွေ့လိုက်ရသည်။ ဤနေရာတွင် ထူးဆန်းသည့် နဂါးအသိုက်ရှိနေသလိုပင်။
ဤရေနဂါးကို ကျောက်လှိုဏ်ဂူတစ်ခုအတွင်းတွင် ပိတ်ထားလိုက်လေ၏။
“ဒါက အဖိုးတန်မြေပဲ” အဆင့်လွန်ကျွမ်းကျင်သူများအားလုံး ထိတ်လန့်သွားရသည်။ ထာဝရနန်းတော်သခင်လေးသည် ဘာကြောင့် နယ်မြေများတစ်ခုပြီးတစ်ခု ကူးနေသည်ကို သူတို့နားလည်သွားလေပြီ။ သူသည် အဖိုးတန်နယ်မြေအကြောင်းသိထားသောကြောင့် ဤနေရာကို လိုက်ရှာနေခြင်းပင်။
အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းခေါင်းဆောင်များလည်း တုန်လှုပ်သွားရသည်။ ဤနေရာသည် မည်ကဲ့သို့သော နေရာဖြစ်သနည်း… ကောင်းကင်နတ်ဘုရားတစ်ပါးကိုပင် ပိတ်ထားပြီး လှိုဏ်ဂူအစောင့်လုပ်ခိုင်းထားလေသည်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူထိုနယ်မြေထဲသို့ သွားရှာမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနယ်မြေသည် အကန့်အသတ်မရှိအောင် ကျယ်ဝန်းလှသောကြောင့် တည်နေရာအတိအကျမသိလျှင် ထိုနေရာကိုရှာနေရုံဖြင့်ပင် သူအချိန်အများကြီး ကုန်သွားလိမ့်မည်။
ထို့အပြင် ထိုနေရာတွင် ကောင်းကင်နတ်ဘုရားရှိနေသောကြောင့် သူယခုအချိန်တွင် စုံစမ်း၍ရမည်မဟုတ်ပေ။
ထာဝရနန်းတော်မှသခင်လေးသည်လည်း သူပြန်လည်မွေးဖွားရမည့်အခြားနေရာတစ်ခုကို ရှာဖွေရမည်ဟု သူယုံကြည်သည်။ သူနတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူဖြစ်လာလျှင်ပင် သူပြန်တိုက်ခိုက်နိုင်ရန်အတွက် အချိန်အကြာကြီးယူရဦးမည်ပင်။
ဤနေရာသည် တည်ငြိမ်သွားကာ ကျင့်ကြံသူများစွာ ပေါ်လာတစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ သူတို့အားလုံးသည်လည်း မတူညီသည့်နယ်မြေများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။
ရှီဟောင်သည် သူ၏မူလနေရာတွင်သာရပ်လျက် စဉ်းစားနေလေသည်။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူဖြစ်လာရန်ပင်။ အဘယ်ကြောင့်ဆိုသော် ထူးခြားပါရမီရှိသူများဖြစ်စေ ရှေးဟောင်းလူထူးဆန်းများဖြစ်စေ အားလုံးမှာ နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူဖြစ်အောင် လုပ်ကြမည်သာ။
အချိန်များမှာ နီးကပ်လာပြီဖြစ်သောကြောင့် ထိုထိပ်တန်းအဆင့် ဂျီးနီးယပ်စ်များမှာ အချိန်မဖြုန်းရဲကြပေ။
နောက်ဆုံးတွင် ရှီဟောင်သည် မည်သည့် ‘ပူဖောင်း’ကိုမှ မရွေးချယ်ခဲ့ပေ။ ထိုပူဖောင်းများအတွင်းတွင် ထူးဆန်းသည့်အခွင့်အရေးများ ရှိနေသောကြောင့် သူဘယ်တော့မှ ထိုပူဖောင်းများထဲသို့ သွားမည်မဟုတ်ပေ။
ရှီဟောင်သည် သူ့ကိုယ်သူဖုံးကွယ်လိုက်ကာ အားလုံးကို ရှောင်ရှားလိုက်ပြီး အပြာရောင်ကျောက်လမ်းများထံသို့ ပြန်လာလိုက်သည်။
သူ၏တာအိုမှာ အခြားသူများနှင့်မတူသောကြောင့် သူဤနေရာတွင်နေရန် လိုအပ်သည်။
နတ်မီးတောက်နယ်ပယ်မှာ ကျင့်ကြံဿူများအတွက် နတ်စွမ်းရည်များကို တည်ဆောက်မည့်အခြေခံအုတ်မြစ်ပင်။ ဤအဆင့်သည် အခြားကျင့်ကြံနယ်ပယ်အားလုံးထက် သာလွန်ပြီး နောင်တွင် ဤလူမည်မျှအောင်မြင်နိုင်မည်ကို ဤအဆင့်က သတ်မှတ်ပေးခြင်းပင်။
အခြားသူများ လျှောက်ထားသည့်လမ်းကို ရှီဟောင် မလျှောက်ချင်။ မတူညီသည့်လမ်းကြောင်းကိုသာ လျှောက်ချင်သည်။ ဤသည်မှာ အလွန်ခက်လဲလျှင်ပင်၊ သူ၏အရှေ့မှလူများ မအောင်မြင်ခဲ့လျှင်ပင် သူကြိုးစားရမည်သာ။
“တစ်ချို့လူတွေက လုံးဝမပြောင်းလဲသွားပေမယ့် အောင်မြင်မှုတစ်ချို့တော့ ရခဲ့သေးတယ်”
ရှီဟောင်သည် စာအုပ်များစွာကို ဖတ်ခဲ့ရပြီး ထိုစာအုပ်အားလုံးမှာ ချီသော်လင်းမှ သူ့အား ပေးခဲ့ခြင်းပင်။ ရှေးခေတ်မှ အတောက်ပဆုံးလူတစ်စု၏ အတွေ့အကြုံများနှင့် ဗဟုသုတများမှာ သူ့ကို ဉာဏ်အလင်းများ ပွင့်စေသည်။
“ကမ္ဘာမြေကြီးကို မီးဖိုအဖြစ်သုံးပြီးတော့ တာအိုတစ်သောင်းကို မီးတောက်အနေနဲ့သုံးပြီးတော့ မူလဝိဉာဉ်ကို လောင်ကျွမ်းစေမယ်”
ရှီဟောင်သည် ကျောက်လမ်းပေါ်သို့ ပြန်ရောက်နေလေပြီ။
ထာဝရတာအိုပန်းအဖူးသည် ပွင့်ဖတ်သုံးထောင်လုံး ပွင့်ပြီးသွားပြီဖြစ်၏။ ပွင့်ဖတ်တစ်ခုစီတွင် တာအိုတစ်ခုစီရှိနေပြီး လမ်းကြောင်းတစ်ခုစီကို ရိုက်ခတ်နေလေသည်။
ရှီဟောင်သည် တာအိုတစ်သောင်းကို သူ၏မီးတောက်အဖြစ်သုံးကာ သူ၏စိတ်နှင့်ခန္ဓာကို လောင်ကျွမ်းစေပြီး သူ၏အနာဂတ်နှင့် သက်ဆိုင်နေသည့် အခြေခံအုတ်မြစ်ကို တည်ဆောက်လိုခြင်းပင်။ ထို့ကြောင့် ဤသည်မှာ သူ့အတွက်အကောင်းဆုံး ရွေးချယ်မှုပင်။
အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများမှာ အနည်းငယ်ရှုပ်ထွေးသွားကြလေသည်။ သူကဘာလို့ ပြန်လာတာလဲ…
အခြားသူများသည် အဆင့်တက်ရန်အတွက် နတ်အဖိုးတန်မြေများကို အလောတကြီး ရှာနေသည့်အချိန်တွင် သူကဘာလို့ အစနေရာကို ပြန်လာခဲ့တာလဲ .. ဤနေရာတွင် မတူညီသည့်တာအိုများ ရှိနေသော်လည်း တာအိုအားလုံးမှာ နားလည်ရန် ခက်ခဲလေသည်။
ထို့အပြင် လမ်းများစွာ ရှိနေသောကြောင့် သူဘယ်လိုလုပ်အားလုံးကို အချိန်တိုအတွင်း နားလည်နိုင်မည်နည်း…
သူသာ ကျင့်ကြံဆင့်နယ်ပယ်နောက်ကျကျန်ခဲ့ပြီး အခြားသူများသာ သူ့ကို တွေ့သွားပါက သူအသတ်ခံရမည်ပင်။
ရက်ပေါင်းများစွာကြာပြီးသည့်နောက်တွင် အပြာရောင်ကျောက်လမ်းသုံးထောင်တွင် ရှီဟောင်သာ ကျန်ခဲ့လေသည်။ နောက်ဆုံးကျန်သည့် အဆင့်လွန်ကျွမ်းကျင်သူများပင် အောင်မြင်စွာ ထွက်လာနိုင်ပြီး မတူညီသည့် လျှို့ဝှက်နယ်မြေများသို့ ဦးတည်သွားကြလေသည်။
အချိန်များသည် အဆက်မပြတ်စီးဆင်းနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကုန်သွားလေပြီ။ ပူဖောင်းလေးများထဲတွင် နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူဖြစ်သွားသည့် လူအချို့ရှိနေလေပြီ။
သို့သော် စွမ်းအားကြီးသည့်သူများထံမှ မည်သည့်လှုပ်ရှားမှုမှ ရှိမလာသေးပေ။
နှစ်လကြာပြီးသည့်နောက်တွင် ထူးခြားပါရမီရှိသူအချို့ ပေါ်လာလေပြီ။ သူတို့သည် ပြီးပြည့်စုံစွာ အဆင့်တက်သွားပြီး နတ်ဘုရားများ ဖြစ်သွားလေပြီ။
သုံးလကုန်ဆုံးသွားပြီးသည့်နောက်တွင် စွမ်းအားကြီးသည့် ထူးခြားပါရမီရှိသူများ လှုပ်ရှားလာလေပြီ။ ရှေးဟောင်းလူထူးဆန်းများမှာ တိတ်ဆိတ်နေဆဲပင်။
“ဒါက … ဘုရားရေ .. အဖိုးတန်သွေးခဲ .. ဒါက ဘာလို့ဒီလောက်တောင် ကြည်လင်တောက်ပနေတာလဲ .. မဟူရာတွေထက်တောင် ပိုလှသေးတယ်”
စွန့်ပစ်နယ်မြေအပြင်ဘက်တွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ကောင်းကင်နတ်ဘုရားအချို့ပင်လျှင် ထိတ်လန့်သွားကာ ကျောက်တိုင်ထက်မှ မြင်ကွင်းကို စိုက်ကြည့်နေကြလေ၏။ ဤသည်မှာ ရှေးဟောင်းလူထူးဆန်းတစ်ယောက်ပင်။
“ထာဝရသွေး .. ဒါက တကယ်ထာဝရသွေး…” ထို့နောက်တွင် ဂိုဏ်းခေါင်းဆောင်များပင် မတည်ငြိမ်နိုင်ကြတော့ပေ။
သူတို့သည် ထိုလူကို စိုက်ကြည့်နေကြလေ၏။ ထိုလူ၏လက်ထဲတွင် လက်သီးအရွယ်အစား သလင်းကျောက်ရှိနေသည်။ ထိုကျောက်ထဲတွင် ထာဝရအလင်းတန်းများ ပြည့်နေသည့် သွေးကို ပိတ်သိမ်းထားလေသည်။
“သူက ထာဝရသွေးကို မီးတောက်အဖြစ် သုံးပြီးတော့ ထာဝရမျိုးစေ့ကို မျိုးစေ့ချချင်နေတာပဲ .. သူကသူများနဲ့ မတူတဲ့လမ်းကြောင်းကို လျှောက်ချင်နေတာ .. သူကသေချာပေါက် အတိတ်နဲ့ပစ္စုပ္ပန်နှစ်ခုလုံးကို ကိုင်လှုပ်နိုင်လိမ့်မယ်”
ထာဝရသွေးတစ်စက်ကိုပင် ရှာဖွေနိုင်ရန် ခက်ခဲသော်လည်း ဤလူထံတွင် ဤမျှများပြားလှသည် ပမာဏကို ရရှိထားသည်။
ကံမကောင်းစွာဖြင့်ပင် တစ်ခဏကြာပြီးသည့်နောက်တွင် သူတို့ဘာမှ မမြင်ရတော့ပေ။ ထာဝရသွေးများ အပြင်ဘက်သို့ ပျံ့လွင့်လာပြီး အနီရောင်မြူအဖြစ်သို့ ပြောင်းလဲသွားကာ ထိုနေရာကို ရစ်ဆိုင်းသွားလေ၏။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် အခြားကျောက်တိုင်တစ်ခုမှ မြင်ကွင်းတစ်ခုမှာ ကျွမ်းကျင်သူအားလုံးကို တုန်လှုပ်သွားစေပြန်လေသည်။
“အဲဒါ သစ်ပင်လား”
လက်ရှိလောက၏ ဧကရာဇ်ကလန်ပင်လျှင် ထိတ်လန့်သွားကာ ခရမ်းရောင်ရထားလုံးမှ ခရမ်းရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ထိုမြင်ကွင်းကို ကြည့်နေလေသည်။
“ဒါက ဘယ်သူလဲ…”
“သရဖူ ၁၀ ခုဘုရင်..” တစ်စုံတစ်ယောက်မှ ပြန်ဖြေလိုက်သည်။
ထူးဆန်းသည့်နယ်မြေတစ်ခုတွင် လူတစ်ယောက်သည် လက်သီးအရွယ်အစားသစ်ပင်လေးတစ်ပင်ကို သူ၏ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးလိုက်လေ၏။ ထို့နောက်တွင် မှုန်မှိုင်းသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို ရစ်သိုင်းသွားလေသည်။ အပြင်ဘက်တွင်ရှိနေသည့်သူများမှာ သူ့ကို မမြင်ရတော့ပေ။
ထိုသစ်ပင်လေး၏ သမိုင်းကြောင်းကို မည်သူမှ မသိကြပေ။
နောက်ရက်အနည်းငယ်အတွင်းတွင် ပြိုင်ဘက်ကင်းသည့် ရတနာမျိုးစုံ ပေါ်လာလေသည်။ ထိုပစ္စည်းများအားလုံးမှာ ရှေးခေတ်ကတည်းက မြင်တွေ့နိုင်ရန်ပင် ရှားပါးသည့် ပစ္စည်းများပင်။
“ဒီတစ်ခေါက်က နောက်ဆုံးတစ်ခေါက်ပဲ .. ဒါပြီးရင် ဘယ်သူမှ ထာဝရရှေးဟောင်းမြေကို ဝင်လို့မရတော့ဘူး … အဲဒါကြောင့်မို့လို့ ရှေးဟောင်းလူထူးဆန်းတွေက သူတို့ကျင့်ကြံဆင့်တွေကို ဖြတ်ချလိုက်ကြတာကိုး”
အပြင်ဘက်လောကမှာ မတည်ငြိမ်နိုင်တော့ပေ။
အချိန်များမှာ လျင်မြန်စွာပင် ကုန်ဆုံးသွားပြီး တစ်ခဏအတွင်းမှာပင် လေးလကုန်သွားလေပြီ။