သုခကမ္ဘာက ရှီဟောင် - Chapter - 1017 လေဟာနယ်ကောင်းကင်နတ်နွယ်ပင်
အဲဒါက ဘာကြီးလဲ .. ဒီလိပ်နဲ့အမျိုးသမီးက ဘယ်ကနေ ရောက်လာတာလဲ .. ဘာလို့ ဆေးနံ့တွေက ဒီလောက်တောင် မွှေးနေတာလဲ…
ရှီဟောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်နှင့် သူ၏ဒဏ်ရာများပင် အနည်းငယ်သက်သာလာသလိုပင်။
သွေးလရောင်အောက်တွင် အရာအားလုံးမှာ အေးစက်မှုန်မှိုင်းနေသော်လည်း ထိုအမျိုးသမီးနှင့် လိပ်မှာမူ မျက်စိပသာဒဖြစ်လှသည်။
“သေးလိုက်တာ .. ဒါက ဘာလူမျိုးစုလဲ” ဟုန်ဟွမ် အံ့အားတကြီးပြောလိုက်သည်။
ထိုလိပ်မှာ သာမန်အရွယ်အစားဟု ပြော၍ရသည်။ သူသည် လက်တစ်ဝါးအရွယ်အစားခန့်ရှိကာ ဖြူဖွေးတောက်ပနေသည်။ လိပ်ခွံသည်လည်း သဘာဝတာအိုဥပဒေသများမှ ပြုလုပ်ထားသကဲ့သို့ပင်။ သူ၏ကျောပေါ်တွင်ရှိနေသည့် သက်ရှိမှာလည်း လက်တစ်ဝါးအရွယ်အစားခန့်သာရှိပြီး အလွန်တောက်ပနေလေသည်။
ဤအမျိုးသမီးမှာ အလွန်ပင်သေးငယ်လှပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ ငွေရောင်ဆံပင်များမှာ သူမ၏ခေါင်းကို ဖုံးလွှမ်းထားလေသည်။ သူမ၏ခန္ဓာကိုယ်တွင် ကောက်ကြောင်းများရှိနေသောကြောင့် သူမသည် အရွယ်ရောက်ပြီးသားလူတစ်ယောက်မှန်း သိသာလှသည်။ သူမသာ ကြီးလာလျှင် ထူးခြားသည့် အလှပဂေးဖြစ်မည်ပင်။
သီချင်းဆိုနေသည့်အသံမှာ ထိုအမျိုးသမီးမှ ထွက်လာသည့်ပုံပင်။ အသံမှာ နူးညံ့လှကာ သာယာနာပျော်ဖွယ်ကောင်းလှသည်။
“သူတို့နားမှာ ဘာလို့ ဆေးနံ့တွေ မွှေးနေတာလဲ” ရှီဟောင် နူးညံ့စွာ ပြောလိုက်ပြီး သူ၏မျက်လုံးများမှာ တောက်ပနေလေသည်။
ဟုန်ဟွမ် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက်တွင် သူမ၏ လှပသည့်မျက်လုံးများမှာ အဆမတန်ပြူးကျယ်လာကာ “ဒါက .. ဒဏ္ဍာရီလာ နတ်အဖိုးတန်ဆေးပင်များလား…”
သူမသည် အလွန်ပင်စိတ်လှုပ်ရှားနေသောကြောင့် မျက်နှာပင်လျှင် အနီရောင်သန်းနေလေပြီ။ သူမသည် ရှီဟောင်လက်ကို ဆွဲကိုင်လိုက်ကာ “ငါတို့ ချမ်းသာပြီ .. ငါတို့က ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ ကံကောင်းခြင်းကို ရလိုက်တာပဲ”
အရိုးစာအုပ်များထဲတွင် ဤကဲ့သို့ဆင်တူသည့်အရာမျိုးကို မှတ်တမ်းတင်ထားသည်။ နတ်ဆေးပင်အချို့သည် သက်တမ်းရင့်လာလျှင် အသိဉာဏ်ရှိလာပြီး သက်ရှိအသေးလေး ပုံစံမျိုးစုံသို့ ပြောင်းနိုင်ပြီး တောတောင်များတွင် လျှောက်သွားနိုင်သည်။
ဤသည်မှာ မြင့်မြတ်ဆေးပင်များမှ ပြောင်းလဲသွားသည့် ပြိုင်ဘက်ကင်းဆေးပင်ကြီးပင်။
“အဲဒီလောက် စိတ်မလှုပ်ရှားနဲ့ဦး စိတ်လျှော့” တစ်ခုခုမှားနေသည်ဟု ရှီဟောင်ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအသံထဲမှ သွေးဆောင်ဖြားယောင်းမှုအနည်းငယ်ကို သူအာရုံခံ၍ရနေသောကြောင့်ပင်။
ဤသည်မှာ ဆေးပင်ကိုယ်ထင်ပြခြင်းများလား…
အဆင့်နိမ့်နယ်မြေတွင် စိုက်ပျိုးခဲ့သည့် အဆင့်မြင့်နယ်မြေ၏ပထမဆုံးဝိဉာဉ်အပင်အမြစ်ကို သူမြင်ဖူးသည်။ ထိုအပင်သည် တကယ်ပင် လူသားပုံစံရှိနေပြီး အလွန်ပင် ထူးဆန်းလှသည်။ စွန့်ပစ်နယ်မြေမှ ယူလာခဲ့သည်ဟုလည်း ပြောကြသည်။
သို့သော် ဤကဲ့သို့သော အဆင့်ရှိသည့်တစ်စုံတစ်ခုကို သူတို့က လွယ်လွယ်တွေ့နိုင်မည်တဲ့လား..
ရှီဟောင် သိပ်မယုံကြည်နိုင်ပေ။
သူမျက်လုံးများကို ပြူးကျယ်အောင်လုပ်လိုက်သည်နှင့် သူ၏မျက်ဆံတွင် မထင်ရှားသည့် သင်္ကေတများ ပေါ်လာလေသည်။ ဤသည်မှာ သိုင်းပညာတာအိုကောင်းကင်မျက်လုံး ပွင့်တော့မည့် ပထမဆုံးအဆင့်ပင်။
ထိုအချိန်တွင် သူမြင်ရသည့်အရာများ ပြောင်းလဲသွားသည်။ ထိုလိပ်ဖြူနင့် လှုပ်ရှားနေသည့်အမျိုးသမီးတို့ ပျောက်သွားပြီး ဆေးနံ့ပင်လျှင် အနည်းငယ် ပြယ်သွားလေပြီ။
“အတု မဖြစ်နိုင်ဘူး .. ထာဝရရှေးဟောင်းမြေအပျက်အစီးထဲမှာ မှတ်တမ်းတစ်ချို့ ရခဲ့တဲ့သူတွေကို ငါသိတယ် .. အဲဒီမှတ်တမ်းတွေထဲမှာ လိပ်ဖြူနဲ့ ထူးဆန်းတဲ့အမျိုးသမီးပုံစံ ပြောင်းနိုင်တဲ့ ဆေးပင်တစ်ခုအကြောင်းကို ရေးထားတယ်” ဟုန်ဟွမ် ပြောလိုက်၏။ သူမသည် ပို၍ပင် စိတ်လှုပ်ရှားကာ ပျော်ရွှင်လာလေ၏။
ရှီဟောင်သည် သူမကို ပြန်မပြောတော့ပဲ သူ၏အမူအရာမှာ အနည်းငယ် လေးနက်လာသည်။ ထို့နောက်တွင် သူသည် နှစ်ထပ်မျက်လုံးကို ထုတ်လိုက်ပြီး ထိုအရာကို သေချာလေ့လာကြည့်လိုက်၏။ သေချာပါသည်။ ထိုအမျိုးသမီးနှင့်လိပ်မှာ ပျောက်ကွယ်သွားလေပြီ။
ထို့နောက်တွင် ဤနေရာကို လေ့လာရန်အတွက် သူ ထိုအပျက်အစီး အနားသို့ လျှောက်သွားလိုက်သည်။
“အမ် … ဒီနေရာကို ကာကွယ်ထားတဲ့အစီအရင်ကြီးတွေ ရှိနေတယ် … ဒီနေရာကို နေရာတိုင်းကနေ မမြင်ရဘူး .. ဒီထောင့်သေးသေးလေးကနေပဲ မြင်ရတာ” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။
ရှီဟောင်သည် ရုတ်တရက်ပင် နွေးထွေးသည့်အလင်းတန်းများ ထုတ်လွှတ်နေသည့် အချို့အပင်များအောက်မှ ထွက်လာသည့်ငွေရောင်အလင်းတန်းများကို ဖမ်းဆုတ်ကြည့်လိုက်သည်။ ဤသည်မှာ မွှေးရနံ့များ၏ မူလရင်းမြစ်လည်းဖြစ်သည်။
ရှီဟောင် ထိုအလင်းများကို စိုက်ကြည့်လိုက်သည်နှင့် သူ၏မျက်စံထဲတွင်ရှိနေသည့် မှုန်ဝါးသည့်သင်္ကေတများမှာ သိပ်သည်းလာလေ၏။ သူသည်နှစ်ထပ်မျက်လုံးဖြင့်လည်း ဤနေရာကို လေ့လာနေလေ၏။
“ပုံရိပ်ယောင်တွေ ပြနေတာ ဒီအပင်ပဲ .. လူတွေကို အစီအရင်ချိုးဖျက်အောင် ဆွဲဆောင်နေတာ” ထိုအထဲတွင် ကောင်းသည့်အရာတစ်ခုခုရှိနေသည်ကို သူသိနေသည်။ ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် အဖိုးတန်ဆေးပင်။
သို့သော် ဤဆေးပင်သည် သက်ရှိပုံများကို မဖန်တီးနိုင်ပေ။ ပုံရိပ်ယောင်များသာ ပြုလုပ်ပြနိင်သည်။
“ရှင်ဘာတွေ ပြောနေတာလဲ..” ဟုန်ဟွမ် စိတ်ရှုပ်ထွေးသွားရသည်။
ရှီဟောင်သည် သူမြင်သည့်အရာကို ပြောလိုက်သည့်အချိန်တွင် သူမ ထိတ်လန့်သွားရသည်။ သူမ၏မျက်လုံးများက တကယ်လှည့်စားခံနေရခြင်းလား .. သို့သော် တစ်ခဏကြာပြီးသည့်နောက်တွင် သူမသည် နောက်တစ်ကြိမ်စိတ်လှုပ်ရှားလာကာ “အဲဒါက လေဟာနယ်နတ်နွယ်ပင်ဖြစ်ရမယ်”
ဤသည်မှာ နတ်ဆေးပင်ပင်။ ဤဆေးသည် မည်သည့်ဒဏ်ရာကိုမဆို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း အရိုးစာအုပ်များတွင် ဖော်ပြထားသည်။ သေခါနီးပင်ဖြစ်နေပါစေ ဤဆေးဖြင့် ပြန်ကောင်းအောင် လုပ်နိုင်လေသည်။
တစ်ချိန်တည်းမှာပင် ဤဆေးပင်သည် သူ့အားလာခူးအောင် မြူဆွယ်သည့်ပုံရိပ်များကို ဖန်တီးနေလေ၏။
ဤဆေးပင်သည် နတ်ဘုရားမကျောင်းရှိ အတိဒုက္ခဖြတ်ကျော်ခြင်းနတ်ကြာပန်းနှင့် ယှဉ်၍ရသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားများကိုပင် ရူးသွားစေနိုင်လောက်သည့် အဖိုးတန်ဆေးပင်ပင်။ ဤသည်မှာ ဂိုဏ်းတစ်ခု၏ ကံကြမ္မာကို ခေတ်ပေါင်းများစွာအထိ အဆုံးအဖြတ်ပေးနိုင်သည်။
“ငါတို့ ဒီဆေးပင်ကို သေချာပေါက် ခူးရမယ်” ဟုန်ဟွမ် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ အဆင့်မြင့်နယ်မြေတွင် ဂိုဏ်းပေါင်းများစွာရှိသော်လည်း ဘယ်နှဂိုဏ်းကများ ဤကဲ့သို့ ဆေးပင်ရှိသနည်း….
“ငါတို့ သေချာပေါက် ထားခဲ့လို့မရဘူးပေါ့ .. ပြီးတော့ သူက အဲဒီလိပ်ဖြူနဲ့နတ်သမီးကိုမြင်ပြီးသွားပြီထင်တယ် .. အဲဒါကြောင့်မို့လို့ အဲဒီပုံစံ လုပ်ပြနိုင်တာ” ရှီဟောင် ပြောလိုက်၏။
“အဲဒါကြောင့်မို့လို့ ဟိုလူတွေ ငါ့ကို လိုက်သတ်နေတာကိုး .. လက်စသပ်တော့ ဒီနေရာမှာ ဒီလိုမျိုး ပြိုင်ဘက်ကင်းတဲ့ဆေးပင် ရှိနေလို့ကိုး” ဟုန်ဟွမ် ဒေါသတကြီး ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်ကို ဂရုစိုက်ရန် သူမသတိပေးလိုက်သည်။ ဤနေရာတွင် ပျက်စီးနေသည့်အစီအရင်အချို့ ရှိနေသေးသည်။ သူမပင်လျှင် မြင့်မြတ်ဆေးပင် ခူးသည့်အချိန်က ဒုက္ခရောက်မလို ဖြစ်သွားခဲ့သေးသည်။
ရှီဟောင် ခေါင်းညိမ့်လိုက်၏။ အပျက်အစီးပုံ၏ အလယ်ဗဟိုသည် အလွန်ပင် အန္တရာယ်များပြီး အစီအရင်ကြီးတစ်ခုဖြင့် ကာကွယ်ထားသည်ကို သူသတိပြုမိသည်သာ။ သာမန်လူများ ထိုထဲသို့ ဝင်နိုင်မည် မဟုတ်ပေ။
သူတို့နှစ်ဦးသည် သတိကြီးကြီးဖြင့်ပင် အပျက်အစီးပုံကြီးထံသို့ လျှောက်သွားလိုက်ကြသည်။ သူတို့ ထိုအနားသို့ ကပ်လိုက်သည်နှင့် မြင်ကွင်းမှာ ချက်ချင်းပြောင်းလဲသွားလေသည်။ ဤနေရာသည် အတော်လေးကြီးမားပြီး စွန့်ပစ်ထားသည့် ခြံဝန်းတစ်ခု ပေါ်လာလေ၏။
အဆောက်အဦးမှာမူ ပျက်စီးနေပြီဖြစ်ပြီး ပျောက်ကွယ်တော့မလိုပင် ဖြစ်နေလေပြီ။
ဤနေရာသည် သူမ မြင့်မြတ်ဆေးပင်ခူးခဲ့သည့်နေရာဖြစ်ကြောင်း ဟုန်ဟွမ် ရှီဟောင်အား ပြောပြလိုက်၏။ ထိုနေရာတွင် မြေချိုင့်လေးပင် ရှိနေသေးသည်။
“ဟမ် .. ဒီနေရာက အပိုင်းတွေ အများကြီး ကွဲနေတယ်..”
သူတို့အရှေ့ဆက်သွားလိုက်သည့်အချိန်တွင် မြင်ကွင်းမှာ နောက်တစ်မျိုး ပြောင်းသွားပြန်လေ၏။ သူတို့သည် ဝိဉာဉ်ဆေးပင်အနည်းငယ်ကို တွေ့လိုက်ရပြီး ဆေးနံ့များလည်း မွှေးပျံ့နေသည်။
“သူတို့ရဲ့မြင့်မြတ်ဆေးပင်တွေက .. ဒီနားက ခူးသွားတာ” ဟုန်ဟွမ်သည် မြေကြီးတွင်းပေါက်နှစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
ထိုအနားတွင် အလောင်း ၁၀ လောင်းကျော်လည်း ရှိနေလေ၏။ ထိုအလောင်းများအားလုံးမှာ မြေအောက်ကလန်မှ လူများပင်။
သူတို့သည် သတိကြီးကြီးဖြင့်ပင် တတိယနယ်မြေထဲသို့ ဝင်ခဲ့လိုက်သည်။ ထိုနေရာတွင် ပျက်စီးနေသည့်နံရံတစ်ခုရှိနေပြီး အဆောက်အဦးများမှာ မပျောက်ကွယ်သေးပေ။ နန်းတော်တစ်ခုပင် ကျန်နေသေးသည်။
သို့သော်လည်း ထိုနန်းတော်ကြီးမှာ အက်ကွဲနေပြီဖြစ်ပြီး အတွင်းဘက်တွင်လည်း ဘာမှမရှိတော့ပဲ ဟာလာဟင်းလင်းကြီးသာ။
“မြင့်မြတ်ဆေးပင်…”
ရှီဟောင်၏မျက်လုံးများ တောက်ပသွားရသည်။ သူသည် ပျက်စီးနေသည့်အစီအရင်ထဲတွင် ပေါက်နေသည့် ဆေးပင်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအပင်မှ ရွှေရောင်အလင်းတန်းများ ထွက်နေလေ၏။
“တကယ်ကို ကံကောင်းနေတာပဲ” ရှီဟောင်သည် အစီအရင်ကို ဖြတ်ကျော်လိုက်ပြီး မြင့်မြတ်ဆေးပင်အဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည့် ထိုရွှေရောင်မြက်ကို ခူးယူလိုက်၏။ သူ့တစ်ကိုယ်လုံးပင်လျှင် ရွှေရောင်ဖြစ်သွားလေပြီ။
ရုတ်တရက်ပင် သင်္ကေတအလင်းတောက်ပလာကာ ကောင်းကင်ထိပင် ရောက်နေသည့် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ ရှီဟောင်သည် လျင်မြန်စွာပင် အပြင်ဘက်သို့ ပြေးသွားလိုက်ပြီး လျှပ်စီးဖြင့်လည်း ကာကွယ်လိုက်သည်။
သို့သော်လည်း သူ၏ပုခုံးမှ သွေးများစီးကျလာပြီး သူ၏ခေါင်းပင် ပြုတ်သွားတော့မလိုပင်။ ဤသည်မှာ အလွန့်အလွန်ပင် အန္တရာယ်များလှသည်။
ဟုန်ဟွမ်၏မျက်နှာမှာ ဖြူဖျော့နေလေပြီ။
ရှီဟောင်သည်လည်း ချွေးစေးများ ထွက်လာလေ၏။ သူသည် ထိုပျက်စီးနေသည့် အစီအရင်ကို ရှောင်နိုင်ပြီဟု ထင်ထားခဲ့သော်လည်း သူဆေးပင်ကို ခူးယူလိုက်သည့်အချိန်တွင် ထိုအစီအရင်ကို ထိမိသွားခြင်းပင်။
“ဒီစွမ်းအားက ကောင်းကင်နတ်ဘုရားတစ်ယောက်ကို သတ်ဖို့ လုံလောက်တယ်” ရှီဟောင်၏အမူအရာမှာ ရုပ်ဆိုးသွားလေ၏။ သူကံကောင်း၍ လွတ်သွားခြင်းပင်။
အရှေ့ဆက်သွားလေလေ အန္တရာယ်များလာလေလေပင်။ ထို လေဟာနယ်ကောင်းကင်နတ်နွယ်ကိုခူးချင်လျှင် အခက်ခဲဆုံးဖြစ်မည်ပင်။
“သွားကြစို့ … ငါတို့ဂရုစိုက်ဖို့လိုတယ်”
စတုတ္ထမြောက်နယ်မြေမှာ ပို၍ပင် ထူးဆန်းသည်။ ဤနေရာတွင် အဆောက်အဦးသိပ်မရှိသလို အမှိုက်များပင် မရှိပေ။ နေရာတိုင်းတွင် သဲများဖြင့်ပြည့်နှက်နေပြီး မြက်တစ်ပင်ပင် မရှိပေ။
“အနံ့ရတယ် .. မြင့်မြတ်ဆေးပင်ရဲ့အနံ့”
ရှီဟောင်၏နှာခေါင်းမှာ အနံ့ခံကောင်းလွန်းသောကြောင့် ဤအမွှေးနံ့ကို သူချက်ချင်းပင် ရလိုက်သ်ည။ ပျက်စီးနေသည့် အစီအရင်ဖြင့် တားဆီးထားသောကြောင့်သာမဟုတ်ပါက ဤအမွှေးနံ့မှာ ကောင်းကင်ထိသို့ပင် လွင့်ပျံ့နေမည်ကို သူ သိသည်။
“ကန္တာရငွေပင်”
ကန္တာရငွေပင်များမှ ကန္တာရတွင်သာ ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဤအပင်သည် ဝိဉာစွမ်းအင်များကို စုတ်ယူနိုင်ပြီး ဝိဉာဉ်စွမ်းအင်များပြည့်ဝနေသည့် ကမ္ဘာကြီးကိုပင် လူသူကင်းမဲ့သည့်နေရာဖြစ်သွားအောင် လုပ်နိုင်သောကြောင့်ပင်။
ယခုတစ်ကြိမ်တွင် ရှီဟောင်သည် ကိုယ်ပွားစေလွှတ်ကာ ထိုဆေးပင်ကို ခူးယူလိုက်သည်။ ရလဒ်အနေဖြင့် သူသည် ကပ်ဆိုးကြီးကို နောက်တစ်ကြိမ်ကြုံတွေ့လိုက်ရပြီး တိုက်ခိုက်မှုမှလည်း ကပ်သီးလေး လွတ်သွားရုံသာ။
ဤနေရာကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် သူတို့သည် ငါးနေရာမြောက်သို့ ရောက်လာသည်။ ဤနေရာသည် နောက်ဆုံးအဆင့်ပင်။ ဤနေရာတွင် ကျောက်တိုင်များ၊ ကျောက်စားပွဲများနှင့် ပျက်စီးနေသည့် ကျောက်စိမ်းခြင်းတောင်းများ ရှိနေသည်။
ဤနေရာသည် ဆေးခင်းကြီးပင်။ မြေကြီးမှ ရွှေရောင်အလွှာတစ်လွှာ တောက်ပနေပြီး နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း အဖိုးတန်ဆေးပင်များ ရှင်သန်နိုင်လောက်အောင် မြေဆီလွှာကောင်းနေဆဲပင်။
ဟုန်ဟွမ်သည် သတိလက်လွတ်ပင် ထိုထဲသို့ ဝင်လိုက်ချင်နေ၏။ သို့သော် သူမကို ရှီဟောင်မှ ပြန်ဆွဲထားလိုက်သည်။
“မင်းက အဲဒီအစီအရင်တွေအတွက် သွားစတေးခံမလို့လား..” ရှီဟောင် အလေးအနက်ပြောလိုက်သည်။
ဟုန်ဟွမ်သည် ယခုမှပင် အသိစိတ်ပြန်ဝင်လာလေ၏။ သူမသည် ရှီဟောင်ထံမှ နှစ်ထပ်မျက်လုံးကို လက်ခံလိုက်ကာ ထိုနေရာတစ်ဝိုက်ကို သေချာကြည့်လိုက်၏။ ထိုအချိန်တွင် ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားကာ သူမ ယခုလေးတင် မြင်လိုက်ရသည့် နတ်ဆေးပင်လည်း ပျောက်ကွယ်သွားလေ၏။
“လေဟာနယ်ကောင်းကင်နတ်နွယ်ပင်က ထင်ထားတဲ့အတိုင်းပဲ တော်တော်လေးကို စွမ်းအားကြီးတာပဲ” သူမ ကြောက်လန့်သွားရသည်။ ရှီဟောင်ကြောင့်သာမဟုတ်လျှင် သူမသည် ထိုဆေးပင်အတွက်နှင့် သေသွားလောက်လေပြီ။
ဤသည်မှာ ဒဏ္ဍာရီများတွင် မှတ်တမ်းတင်ထားသည့်အတိုင်းပင်။ ဤရှားပါးသည့်နတ်ဆေးပင်သည် ထူးဆန်းသည့်စွမ်းရည်များရှိပြီး စွမ်းအားကြီးသည့် ကျင့်ကြံသူများကို လှည့်စားနိုင်လေသည်။
သူတို့ဤဆေးခင်းကြီးကို သေချာရှာကြည့်လိုက်သည့်အချိန်တွင် ထောင့်နား၌ပုန်းနေသည့် နွယ်ပင်တစ်ပင်ကို သူတို့တွေ့လိုက်ရသည်။ ဤအပင်သည် လက်မအရွယ်အစား တစ်မီတာခန့်သာရှိသည်။ သို့သော်လည်း ဤနွယ်ပင်မှာ ဖြူဖွေးလှသည်။
ဤသည်မှာ ဒဏ်ရာရနေသည့် ဦးချိုနှင့်နဂါးတစ်ကောင် မြေပြင်ပေါ်တွင် လဲကျနေသကဲ့သို့ပင်။ ဤဦးချိုနှင့်နဂါးတွင် အဖြူရောင်အရွက်အနည်းငယ် ရှိနေရုံသာ။ မွှေးပျံ့သည့်ရနံ့လည်း လွင့်ပျံ့နေလေ၏။
ဤဆေးပင်သည် ဤနေရာတွင် သူ့ဘာသာသူ လာပုန်းနေသောကြောင့် သူ့ထံတွင် စိတ်ဝိဉာဉ်ရှိနေသည်မှာ သိသာလှသည်။
ယခုအချိန်တွင် သူသည် ဤနှစ်ယောက်ကို အရူးလုပ်၍မရမှန်း သိလိုက်ရသောကြောင့် ပုန်းမနေတော့ပဲ သူ၏နွယ်ပင်ပင်စည်ကို ဆန့်ထုတ်လာလေ၏။ ဤအပင်မှ ချက်ချင်းပင် ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအပင်တွင် ဦးချိုနှင့်နဂါးတစ်ကောင် ရစ်ခွေနေလေ၏။
ဤမြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ ဆေးရနံ့များလည်း ပို၍လှိုင်ထွက်လာလေသည်။
“သူ ဒီမှာ ပိတ်မိနေတာ တော်တော်ကြာနေပြီ .. ဒီအစီအရင်တွေထဲမှာ တစ်ယောက်ယောက်သေသွားဖို့ သူမျှော်လင့်နေတာ .. အဲဒါမှ သူ ထွက်လို့ရမှာ” ဟုန်ဟွမ် ပြောလိုက်၏။
ရှီဟောင်သည် ဂရုတစိုက်ဖြင့်ပင် စမ်းသပ်ကြည့်လိုက်၏။ ကြောက်စရာကောင်းသည့်အလင်းတန်းတစ်ခု သူတို့အရေပြားပေါ်မှ ဖြတ်ပြေးသွားပြီး ခပ်ဝေးဝေးတွင်ရှိနေသည့် တောင်ထိပ်ကို ပြားသွားအောင် လုပ်လိုက်လေသည်။
ဤသည်မှာ သူတို့နှစ်ဦးကို ကြက်သီးထစေပြီး သူတို့၏အမူအရာများလည်း ပြောင်းလဲသွားသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားများကိုပင် သတ်ပစ်နိုင်ရန် လုံလောက်သည့်စွမ်းအားပင်။
“ငါတို့အခု နောက်ပြန်ဆုတ်ရအောင် .. ငါတို့ဒီဆေးပင်ကို ဘာမှမလုပ်နိုင်ဘူး .. အစီအရင်က စွမ်းအားကြီးလွန်းတယ်” ရှီဟောင် ပြောလိုက်၏။ ဆေးပင်မှာ အဖိုးတန်သော်လည်း ထိုဆေးပင်ကိုသုံးနိုင်ရန်အတွက် သူတို့အသက်ရှင်ရဦးမည်။
“တကယ်နှမြောဖို့ကောင်းတာပဲ” ဟုန်ဟွမ်သည် ထိုဆေးပင်ကိုကြည့်ကာ နှမြောတသသဖြစ်နေလေ၏။ စီရင်စုသုံးထောင်လုံးကို လှုပ်ခါစေနိုင်သည့် နာမည်ကြီးသည့်သူများတွင်ပင်လျှင် ဤကဲ့သို့သော ဆေးပင်မျိုး မရှိပေ။
ဤဆေးပင်သာ အပြင်ဘက်လောကသို့ ရောက်သွားပါက ကြောက်စရာကောင်းသည့်တိုက်ပွဲများ ဖြစ်လာမည်ပင်။
အပြင်ဘက်လောကတွင်…
ဂိုဏ်းသားများသာမက ဂိုဏ်းခေါင်းဆောင်များပင်လျှင် မျက်လုံးများနီရဲနေပြီး အသက်ရှူနှုန်းများ မြန်ဆန်နေကြလေသ်ည။
ဤသည်မှာ ကံကောင်းမှုကြီးဖြစ်သော်လည်း ကံမကောင်းသည်မှာ သူတို့အထဲသို့ မသွားနိုင်ပေ။
“ဒီလိုမျိုး အရှုံးပေးလိုက်တော့မှာလား” သူတို့ထွက်သွားသည့်အချိန်တွင် ဟုန်ဟွမ်မေးလိုက်သည်။
“အစီအရင်ကို ဖျက်ဆီးဖို့အတွက် ကူညီမယ့်သူကို ငါသွားရှာလိုက်ဦးမယ်” ရှီဟောင် ပြောလိုက်၏။ သူသည် ဤလေဟာနယ်ကောင်းကင်နတ်နွယ်ပင်ကို အလွန်လိုအပ်နေသည်။ သူ၏လမ်းကြောင်းကို ဆက်သွားနိုင်မလား မသွားနိုင်တော့ဘူးလားဆိုသည်မှာ ဤဆေးပင်ကို ရမရပေါ်တွင် မူတည်နေသည်။
အဘယ်ကြောင့်ဆိုသော် ကျောက်လမ်းပေါ်၌ မီးတောက် ၁၀၈ ခုကို အသုံးပြုသည့်အချိန်တွင် သူသည် သေမလိုဖြစ်ခဲ့ရသည်။ လမ်းကြောင်းသုံးထောင်လုံးမှ မီးတောက်များကို သူမည်ကဲ့သို့ သည်းခံနိုင်မည်နည်း … သူပြာမှုန့်ဖြစ်သွားနိုင်မည့် အခွင့်အရေးက ပိုများနေသည်။
သူသည် အသက်ကယ်ဆေးအဖြစ် ထူးခြားသည့်နတ်ဆေးပင်ကို လိုအပ်သည်။
“ရှင့်မှာ ကူညီမယ့်သူတွေ ရှိတာလား” ဟုန်ဟွမ် ထိတ်လန့်သွားရသည်။
“အမ် .. မင်းသွားပုန်းနေသင့်တယ် … မင်းကို မမြင်စေနဲ့ .. အခု လှုပ်လှုပ်ရှားရှားဖြစ်နေတာတွေကို မြင်သွားပြီးတော့ ပြေးလာတဲ့လူတွေ ရှိနိုင်တယ်” ရှီဟောင်ပြောလိုက်၏။
ထို့နောက်တွင် သူတို့နှစ်ဦး လမ်းခွဲလိုက်သည်။
ရှီဟောင်သည် ကူညီမည့်သူများကို ရှာဖွေရန်အတွက် လျှပ်စီးအရှိန်ဖြင့် ပျောက်ကွယ်သွားလေသည်။
သူသည် အားလုံးကို ရှောင်ရှားကာ အပြာရောင်ကျောက်လမ်းသို့ ပြန်လာလိုက်သည်။ သူသည် ထောင့်တစ်ခုတွင် ပုန်းကွယ်လိုက်ပြီးနောက် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို နှိုးလိုက်သည်။
ထိုကျောက်တုံးနှင့်အတူ လိပ်ပြာဧကရာဇ်လည်း ရှိနေသည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးနှင့် မူလကျောက်တုံးကို စားသုံးပြီးသည့်နောက်တွင် အိပ်၍သာနေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤအရာများမှာ သူ၏စားသုံးနိုင်စွမ်းကို ကျော်လွန်သွားလေပြီ။
လိပ်ပြာဧကရာဇ်မှာမူ အရေးကြီးကိစ္စမရှိလျှင် အမြဲတမ်း အိပ်နေသည်သာ။
ရှီဟောင်သည် တာအိုကို လေ့လာသည့်အချိန်တွင် သူတို့ကို မထိခိုက်စေနိုင်ရန်အတွက် အတွင်းပိုင်းထဲသို့ ထည့်ထားခဲ့ခြင်းပင်။
ထာဝရရှေးဟောင်းမြေအတွင်းသို့ ဝင်ရန်မှာ သူတို့အတွက် မခက်ခဲပေ။ စွမ်းအားကြီးလွန်းသည့် လက်နက်များမဟုတ်လျှင် အိမ်မွေးတိရစ္ဆာန်၊ သက်ရှိလေးများနှင့် အခြားပစ္စည်းများမှာ ပြဿနာမရှိပေ။
“ဘာ .. သမိုင်းဝင်အပျက်အစီးတွေထဲမှာ နတ်ဆေးပင်ရှိတယ်ဟုတ်လား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေ ထိတ်လန့်တကြားပြောလိုက်၏။ ထို့နောက်တွင် သူ ဆက်ပြောသည်မှာ “အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ .. ငါက အဲဒီဆေးကို စားလို့ရတာမှ မဟုတ်တာ”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် စကားတစ်ခွန်းမှမပြောပဲ သူ့အား ရိုက်နှက်လိုက်လေ၏။
“အားရိုး .. ငါ့ကို ထပ်မရိုက်နဲ့တော့ .. ငါမင်းအတွက် ဖျက်ဆီးပေးမယ် .. မင်းသာ ငါ့ကို ကျန်နေသေးတဲ့ မူလကျောက်တုံးတွေပေးရင် မင်းအတွက် အစီအရင်ကို ဖျက်ပေးဖို့က ကိစ္စမရှိဘူး” သူစားနိုင်သည်ထက် ပိုစားပြီးပြီဖြစ်သော်လည်း သူသည် လောဘကြီးနေဆဲပင်။
ထို့နောက်တွင် ရှီဟောင်သည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် လိပ်ပြာဧကရာဇ်တို့ကို ထုတ်လိုက်ပြီး ကမ္ဘာငယ်လေးထဲသို့ ဝင်လာခဲ့လိုက်သည်။
“ငါ အဲဒီဆေးပင်ကို ရမှဖြစ်မယ်” ရှီဟောင် ပြောလိုက်၏။
“ငါ့ကိုယုံထားလိုက်ပါ .. သာမန်အစီအရင်တွေက ငါ့အတွက်တော့ အမှိုက်သာသာပဲ .. ကိစ္စမရှိဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပြောလိုက်သည်။
သူပြန်လာသည့်အချိန်တွင် ဟုန်ဟွမ်ကို ထပ်တွေ့လိုက်ရသည်။ ဤနေရာသို့လူအချို့ရောက်လာပြီး ထိုသူများထဲတွင် အစီအရင်ဆရာများလည်း ပါဝင်ကြောင်း ရှီဟောင်အား အလောတကြီး ပြောပြလိုက်သည်။ ထို့နောက်တွင် သူတို့အားလုံး အထဲသို့ တရှိန်ထိုး ပြေးလာလိုက်ကြသည်။
ရှီဟောင် တုန်လှုပ်သွားရ၏။ ထင်ထားသည့်အတိုင်းပင် ထိုအထဲတွင် လူအများကြီးရှိနေလေသည်။
အဓိကအကြောင်းရင်းမှာ သူတို့သည် အစီအရင်ကို လှုပ်နိုးလိုက်သကဲ့သို့ဖြစ်သွားပြီး ရောင်စုံနတ်အလင်းများမှာ ကောင်းကင်ထက်သို့ တက်သွားသောကြောင့်ပင်။
“ကိစ္စမရှိဘူး .. ဒီလိုမျိုး အစီအရင်က လွယ်လွယ်နဲ့ပျက်မှာမဟုတ်ဘူး .. သူတို့ကိုယ်သူတို့ သတ်သေခိုင်းလိုက်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပြောလိုက်၏။
ဟုန်ဟွမ် ဆွံ့အသွားရ၏။ သူသည် စကားပြောနေသည့်ကျောက်တုံးကိုကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဤသည်မှာ ရှီဟောင်ကို ကူညီမည့်သူလား .. ဤသည်မှာ အတော်လေး ကျိုးကြောင်းမဆီလျော်လှပေ။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် တည်ငြိမ်ကာ ယုံကြည်ချက် ရှိနေသည်။
သူတို့သည် ချက်ချင်းပင် ငါးဆင့်မြောက်ကို လာခဲ့လိုက်ကြသည်။
ရလဒ်အနေဖြင့် သူတို့ရောက်သွားသည်နှင့် သွေးညှီနံ့ကို ရလိုက်ကြသည်။ လူပေါင်းများစွာ ဆိုးရွားစွာသေဆုံးနေပြီဖြစ်ပြီး အချို့သူများမှာ မျက်နှာများ ဖြူဖျော့နေလေသည်။
နောက်ဆုံးတွင် သူတို့သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြသည်။ သူတို့ထဲမှတစ်ယောက်သည် ဤနေရာမှ ထွက်ခွာသွားလိုက်လေသည်။ အချို့သူများမှာ အစီအရင်ထဲသို့ ဝင်သွားပြီး အပိုင်းပိုင်းဖြစ်သွားကြလေသည်။
တစ်စုံတစ်ယောက်သည် ပုံရိပ်ယောင်ကို အောင်မြင်စွာ ချိုးဖျက်လိုက်နိုင်သည်မှာ သိသာလှသည်။ ထို့ကြောင့်သာ သူထွက်ပြေးလွတ်မြောက်နိုင်ခြင်းပင်။
“မင်းဖျက်ဆီးနိုင်လား” ရှီဟောင်၏အမူအရာများမှာ လေးနက်နေသည်။
“ငါဒီလိုအစီအရင်မျိုး အရင်က မြင်ဖူးတယ် .. ဒါကနည်းနည်းခက်တယ်ဆိုပေမယ့် ငါကြိုးစားကြည့်လို့ရတယ် .. ဒါပေမဲ့ အဲဒီဆေးပင်က တော်တော်လေး ထူးဆန်းနေတယ် .. လူတွေကို စတေးဖို့အတွက် သွေးဆောင်ဖြားယောင်းနေတာ .. ဒါက အစီအရင်ကို ပိုအားကြီးအောင် လုပ်နိုင်သလို ပျက်စီးသွားအောင်လည်း လုပ်နိုင်တယ် … ဘာဖြစ်သွားမလဲဆိုတာ မသိနိုင်ဘူး”
“အဲဒါဆိုရင် စောစောလေးစမ်းကြည့်တာက ပိုကောင်းတယ်” ရှီဟောင်ပြောလိုက်၏။ မမျှော်လင့်ထားသည့်အဖြစ်အပျက်များ ဖြစ်လာမည်ကို သူမလိုချင်။ သူဤဆေးပင်ကိုရရန် လိုအပ်သည်။
“ကောင်းပြီလေ .. ငါအောင်မြင်သွားရင် ငါ့ကို မူလကျောက်တုံးအားလုံး ပေးရမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပြောလိုက်၏။
“ရတယ် .. ကိစ္စမရှိဘူး” ရှီဟောင်သည် သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အစီအရင်ကိုစတင်ချိုးဖောက်တော့သည်။ တစ်ခဏခန့်စဉ်းစားပြီးသည့်နောက်တွင် လှုပ်ရှားမှုအချို့ လုပ်လိုက်ပြီး သူတို့ရှေ့မှ အတားအဆီးများကို ချိုးဖျက်သွားလေ၏။
သန်းခေါင်ရောက်သည့်အချိန်တွင်ပင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဖြည်းဖြည်းချင်းသာ ဆက်သွားနေပြီး အစီအရင်ကို ခက်ခက်ခဲခဲဖြင့် ချိုးဖျက်နေလေသည်။ အစပိုင်းတွင် မတော်တဆမှုများလည်း ရှိခဲ့သည်။ သူစားထားခဲ့သည့် မူလကျောက်တုံးကြောင့်သာမဟုတ်လျှင် သူသည် တစ်စစီဖြစ်သွားလောက်လေပြီ။
ရှီဟောင်သည်လည်း သူ့နောက်မှ အကာအကွယ်ဖြင့် လိုက်လာလေ၏။
သူတို့သည် နောက်တစ်နေ့ နေ့လည်အထိ ထိုပုံစံအတိုင်းသာ ဆက်သွားနေလေ၏။ နောက်ဆုံးတွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အသက်ပြင်းပြင်းရှူလိုက်ကာ “ပြီးတော့မယ် .. သင်္ကေတတွေကို ချိုးဖျက်နိုင်သွားပြီ .. မင်းတို့အခု ဝင်လို့ရလောက်ပြီ”
“ကောင်းတယ် ..” ရှီဟောင် အလွန်ပင် ပျော်ရွှင်သွားရ၏။
“အဲဒါဆိုရင် မင်းတို့အားလုံး ထွက်သွားလို့ရပြီ” ထိုအချိန်တွင် သူတို့နောက်မှ အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။
သူတို့အနောက်တွင် ငွေရောင်ဝတ်စုံ ဝတ်ထားသည့်လူငယ်တစ်ယောက် မတ်တပ်ရပ်နေသည်။ သူသည် ရှီဟောင်တို့အား တည်ငြိမ်စွာပင် ကြည့်နေလေ၏။ သူ၏ခန္ဓာကိုယ်တွင် မြင့်မြတ်သည့်အလင်းတန်းများ လှည့်ပတ်နေပြီး သူ့ထံတွင် တောက်ပသည့်မျက်ဝန်းတစ်စုံလည်း ရှိနေသည်။
ရှီဟောင်သည် ထိုသူကို နောက်လှည့်ကြည့်လိုက်ကာ “မင်းက လမ်းတစ်ဝက်မှာ ဖြတ်ခုတ်ချင်နေတာလား .. ငါ့ရဲ့တာအိုအသီးကို ခိုးချင်နေတယ်ပေါ့ .. မင်း အခုထွက်သွားချင်ရင်တောင်မှ ထွက်သွားလို့မရတော့ဘူး”
“သူက ထူးခြားပါရမီရှိတဲ့သူ” ဟုန်ဟွမ် သတိပေးလိုက်၏။ သူမ၏အမူအရာမှာ အနည်းငယ်မသာမယာဖြစ်နေလေသည်။ သူမ ဤလူကို သိသည်။ သူ၏မှော်စွမ်းအားများမှာ လောကကြီးကို တုန်လှုပ်စေနိုင်ပြီး ကောင်းကင်ကို တွန်းလှန်နိုင်သည့်စွမ်းအားများလည်း ပိုင်ဆိုင်ထားသည်။
“ငါ့ကို ဒီလိုမျိုး စကားပြောခဲ့တဲ့သူတွေအကုန်လုံး သေကုန်တာပဲ” ငွေရောင်ဝတ်စုံနှင့်လူငယ်လေး ပြောလိုက်သည်။
သူသည် ထိုမျှအရပ်မရှည်သော်လည်း သူ့အနားတွင် သူရဲကောင်းဆန်သည့်အငွေ့အသက်များ ရှိနေသည်။ သူ၏အမူအရာမှာ တည်ငြိမ်နေပြီး သူ၏အရှေ့တွင်ရှိနေသည့် ပြိုင်ဘက်များကိုပင် အလေးမထားသည့်ပုံပင်။
“သူ့နာမည်က လော့သွမ် .. သူက အနီရောင်စီရင်စုက သူ့မှာ စာကလေး အရိုးဓားရှိတယ် .. အဲဒါက သူ့ရဲ့ ထူးခြားကျွမ်းကျင်သူအရိုးလို့လည်း ပြောကြတယ် .. ဓားအလင်းတန်းထွက်လာတာနဲ့ အဲဒီဓားကို ဘယ်သူမှ မတားနိုင်တော့ဘူး .. သူက အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်မှာကတည်းက နတ်ဘုရားတွေကို သတ်လာတာ” ဟုန်ဟွမ်မှ ရှီဟောင်အား တိတ်တဆိတ် သတိပေးလိုက်သည်။
ဤကဲသို့သောအောင်မြင်မှုများရှိသည့် ထူးခြားပါရမီရှိသူတစ်ယောက်မှာ နတ်ဘုရားဖြစ်လာလေပြီ။ ဤသည်မှာ လက်ရှိ ထာဝရရှေးဟောင်းမြေတွင် အန္တရာယ်အများဆုံးသက်ရှိပင်။
ရှီဟောင်သည် ထိုငွေရောင်ဝတ်စုံနှင့်လူငယ်လေးကို ကြည့်ကာ “မင်းကိုယ်မင်း ဘာထင်နေတာလဲ .. ထူးခြားတဲ့ပါရမီလေးပဲရှိတာကို မင်းက ဒီလိုမျိုး လာပြီးတော့ ဗိုလ်ကျနေတာလား … မိုးကောင်းကင်အောက်မှာ ရှိနေတဲ့လူတိုင်းကို အထင်သေးနိုင်မယ်လို့ မင်းက ထင်နေတာလား”
“မင်းလို လူမျိုးကိုတော့ ငါသေချာပေါက် အထင်သေးလို့ရတယ်” ငွေရောင်ဝတ်စုံဝတ်ထားသည့် လော့သွမ်သည် တည်ငြိမ်စွာပင် ပြောလိုက်လေ၏။
“အရင်စည်းမျဉ်းအတိုင်းပဲ .. သူ့ကိုသတ် .. ရတာကို ငါတို့နှစ်ယောက် တစ်ယောက်တစ်ဝက်စီယူမယ်” အနောက်ဘက်မှ အပြာရောင်ဝတ်စုံဝတ်ထားသည့်လူငယ် ထွက်လာသည်။ သူ၏မျက်လုံးများပင်လျှင် အပြာရောင်ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်အနားတွင် အပြာရောင်အော်ရာလည်း ရှိနေသည်။
သူ၏သွေးနှင့်စွမ်းအင်များမှာ ပင်လယ်ကဲ့သို့ပင်ဖြစ်နေပြီး သူလမ်းလျှောက်လိုက်တိုင်းတွင် လောကကြီးတစ်ခုလုံးပင် ရွေ့လျားသွားပြီး တာအိုအသံများလည်း ထွက်ပေါ်လာသည်။
ဤသည်မှာ သူ၏တာအိုမှာ နက်နဲလှပြီး မှော်စွမ်းအင်လည်း သန့်စင်သောကြောင့်ပင်။ သူ၏စွမ်းရည်မှာ အားကောင်းကြောင်း ပြသနေခြင်းပင်။
ဤကဲ့သို့သော လူမျိုးမှာ သေချာပေါက် ကလန်တစ်ခု၏ထူးချွန်သည့်သူပင်။ နောင်ကျလျင် သူသည်ကလန်ကို အုပ်ချုပ်နိုင်လိမ့်မည်။
“မင်းကရော ဘယ်သူလဲ” ရှီဟောင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“လန်ယိချန်” လူငယ်လေးသည် ရှီဟောင်အား လှောင်ပြောင်သလိုကြည့်ကာ ပြောလိုက်၏။ သူသည် တည်ငြိမ်စွာပင် လမ်းလျှောက်လာပြီး ဆေးပင်ကို ဤအတိုင်းယူသွားတော့မည်ပင်။ သူ၏မျက်နှာထက်ရှိ အပြုံးမှာ ပို၍ပင် တောက်ပလာလေ၏။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင်ရှိနေသည့် အစီအရင်မှာ အလွန်ပင် ကောင်းမွန်လှပြီး ဖျက်ဆီးနိုင်ရန်ခက်ခဲလှသည်။ သို့သော်လည်း တစ်စုံတစ်ယောက်မှ သူ့အား ဖျက်ဆီးပေးသွားလေပြီ။
ယခုကဲ့သို့ အနောက်ဘက်တွင်စောင့်ဆိုင်းနေပြီး အရေးကြီးသည့်အချိန်တွင်ထွက်လာကာ ဤကဲ့သို့ဖြတ်လုရခြင်းမှာ သူ့ကို အတော်လေး ခံစားချက်ကောင်းမွန်စေသည်။
“သူက … တကယ် လန်ယိချန်ပဲ” ဟုန်ဟွမ် ထိတ်လန့်သွားရ၏။ သူမသည် လျင်မြန်စွာပင် ရှီဟောင်အား သူ၏အကြောင်းကို ပြောပြလိုက်သည်။
ဤကလန်သည် အလွန်ထူးခြားသည့်ကလန်ဖြစ်ကာ အပြာရောင်ရွှေတောင်ကြောမှ အစပြုလာခြင်းပင်။ ရွှေမှ ဝိဉာဉ်စွမ်းအင်တစ်မျိုး ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာသည့် ကလန်လေးပင်။ သူတို့ကလန်တွင် ကလန်သား အများကြီးမရှိသော်လည်း ထိုကလန်မှ ထွက်လာသည့်သူများအားလုံးမှာ အလွန်ကြောက်စရာကောင်းသည့်သူများပင်။
ထိုထဲမှ လန်ယိချန်သည် သူတို့ကလန်၏ အထင်ရှားဆုံးသူပင်။ သူသည် သူ၏လမ်းကြောင်းတွင်ရှိနေသည့်သူမှန်သမျှကို ရှင်းပစ်ခဲ့လေသည်။ အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်မှာပင် သူသည် စီရင်စု၏ စွမ်းအားအကြီးဆုံးသူ ဖြစ်နေလေပြီ။
ခပ်ဝေးဝေးတွင် ထပ်ရောက်လာသည့်သူများ ရှိကြသော်လည်း ဤလူများကို မြင်လိုက်သည်နှင့် မတတ်သာပဲ နောက်ပြန်ဆုတ်သွားကြလေ၏။
အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်ဆိုလျှင်ပင် နယ်မြေတစ်ခုကို အုပ်စိုးနိုင်ရန် လုံလောက်လေပြီ။ ယခုကဲ့သို့ ထူးခြားပါရမီရှိသူနှစ်ယောက် လက်တွဲထားသောကြောင့် မည်သူက သူတို့ကို တိုက်ခိုက်နိုင်မည်နည်း..
ဟုန်ဟွမ်၏ အမူအရာလည်း ပြောင်းလဲသွားလေပြီ။ သူမသည် ရှီဟောင်၏ အင်္ကျီအနားစကို ဆွဲကာ သူမလုပ်နိုင်လျှင် မြန်မြန်ထွက်ပြေးသွားသင့်ကြောင်း ပြောနေလေသည်။
“အဲဒီတော့ ဒီနေ့ ငါက အနည်းဆုံး အဆင့် တစ်သောင်းထဲဝင်တဲ့ ကျွမ်းကျင်သူနှစ်ယောက်နဲ့တွေ့နေရတယ်လို့ ဆိုလိုတာလား” ရှီဟောင်ပြောလိုက်၏။ သူသည် အလွန်တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့်ကြောက်ရွံ့မှုမျိုးကိုမှ မတွေ့ရပေ။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လန်ယိချန်၏အပြုံးမှာ ချက်ချင်းအေးခဲသွားရ၏။ သူသည် စီရင်စုတစ်ခု၏ စွမ်းအားအကြီးဆုံး အဆင့်လွန်ကျွမ်းကျင်သူဖြစ်သည်။ စီရင်စုသုံးထောင်သာရှိသော်လည်း သူက အဆင့် တစ်သောင်းထဲတွင်သာ ရှိလေသည်။
“အဆင့်မြင့်နယ်မြေက အကျယ်ကြီးပဲ .. ဂျီးနီးယပ်စ်တွေလည်း အများကြီးရှိတာ .. ကိုယ့်ကိုကိုယ် အရမ်းတွေ အထင်ကြီးမနေနဲ့” ရှီဟောင်ပြောလိုက်၏။
“စိတ်ဝင်စားစရာပဲ .. သေတော့မှာတောင်မှ မင်းက အသိတရား မရသေးဘူး” လန်ယိချန်သည် ပြုံးကာ ပြောလိုက်လေ၏။ ထို့နောက်တွင် သူသည် ငွေရောင်ဝတ်စုံနှင့်လူငယ်ကိုကြည့်ကာ “ဒီတစ်ခေါက်တော့ မင်းအရင်တိုက်လိုက်…”